အိမ်က ပြဿနာတွေ
Vol. 154 Ch. 2261
“ အဲ့တာ ရှောင်လေ့မဟုတ်လား ….”
ကလေး ရိုက်ခံနေရတာကို မြင်တော့ ကျီချင်းရန်မှာ အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားခဲ့သည်။
မိဘမဲ့ဂေဟာရှိ ကလေးများ၏ နာမည်တိုင်းကို သူမ မမှတ်မိသော်လည်းပဲ အသက်ကြီးသည့် ကလေးများ၏ နာမည်ကိုတော့ သူမ မှတ်မိ၏။
ဝူဖေးယွဲ့ ရိုက်နေသည့် ကလေး၏ နာမည်က လျိုလေ့ပင်။
အသက် ၂ နှစ် အရွယ်ကတည်းက မိဘမဲ့ ဂေဟာသို့ ရောက်ရှိလာခဲ့ပြီး ယခုဆိုလျှင် အထက်တန်း ဒုတိယနှစ်သို့ တက်နေရပြီ ဖြစ်၏။
“ စကားနားမထောင်လို့ ကိုကြီးက အပြစ်ပေးနေတာ နေမှာပါ …” နင်ယွဲ့ ပြောလိုက်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို သိရှိနေသည့်ဟန်ပင်။
“ သွားပြီး တစ်ချက် ကြည့်ကြစို့ ….”
“ အစ်ကိုကြီး ….”
လင်းရီ၏ အသံကို ကြားတော့ ဝူဖေးယွဲ့က လှမ်းကြည့်လာခဲ့ပြီး ဒေါသထွက်နေသည့် သူ့အမူအရာက တစ်ဝက်ခန့်မျှ လျော့ပါးသွားခဲ့သည်။
“ မင်းတို့ ပြန်လာကြပြီပဲ ….”
“ ခယ်မလေးလည်း လိုက်လာတာလား….”
ကျီချင်းရန်ကို မြင်တော့ လျိုလေ့က အားကိုးရာကို ရှာတွေ့သွားသကဲ့သို့ သူမ အနောက်သို့ ပြေးဝင်ပုန်း၏။
လင်းရီ လျိုလေ့ကို တစ်ချက် ကြည့်လိုက်သည်။
“ ဘာဖြစ်တာ အစ်ကိုကြီး … ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာ ….”
“ မေမေ၀မ် ဒီနေ့ မိဘဆရာ အစည်းအဝေး သွားခဲ့ရတယ်လေ … နောက်ဆုံးကျတော့ ဆရာမက အမေ့ကို အနောက်မှာ ကျန်နေရစ်ခိုင်းတယ် ….”
ဤအကြောင်း ပြောမိသည်နှင့် ဝူဖေးယွဲ့က တစ်ဖန် ထောင်းခနဲ ဒေါသထွက်လာပြန်သည်။
“ စာသင်ခန်းထဲမှာ စာကို အာရုံစိုက်ပြီး မသင်တာကတောင် အတော်ဆိုးလှပြီ … ဒါကို စောက်ကလေးက အတန်းတွေလစ်ပြီး သူများတွေနဲ့ ရန်ဖြစ်တယ်လေ … ကျောင်းက ကလေးတွေကိုလည်း အနိုင်က ကျင့်လိုက်သေးတယ် ….”
လင်းရီ လျိုလေ့ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်၏။ “ ပြဿနာက ဒီလောက် လေးနက်နေတာကို ဆရာမက ဘာလို့ အစောကြီး မဆက်သွယ်ခဲ့တာ ….”
“ ဆရာမကလည်း ငါတို့ ဂေဟာရဲ့ အခြေအနေကို နားလည်တယ် …ငါတို့ကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးတယ် … သူက ပြဿနာကို ရေးကြီးခွင်ကျယ် လုပ်မနေဘဲ သူ့ဘာသူ ဖြေရှင်းလိုက်ချင်တာ … ဒါပေမယ့် အခုတော့ တဖြည်းဖြည်းချင်း ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းလာနေပြီဆိုတော့ မိဘဆရာ အစည်းအဝေးကို အသုံးချပြီး အခွင့်အရေး ရတာနဲ့ မေမေဝမ်ကို အားလုံး ပြောပြလိုက်တာပဲ ….”
“ ကျုပ်ကို လာမပြောနဲ့ …”
လျိုလေ့က ကျီချင်းရန်၏ နောက်တွင် ပုန်းနေရင်း ကိုယ့်ကိုယ်ကို ခုခံ ပြောဆိုလိုက်သည်။
“ ခင်များကြီးနဲ့ အစ်ကိုရီတို့ ကျောင်းတက်တုန်းကလည်း နေ့တိုင်းနေ့ ရန်ဖြစ်ခဲ့တာကိုများ … ခင်များကြီး ကျုပ်ကို ဒီလိုတွေ ဆုံးမဖို့ အရည်အချင်း မမီဘူး ….”
“ ငိုးမ စောက်ကလေးက ငါ့ပြန်ခံပြောနေတယ် … ငါ သေအောင်ရိုက်သတ်လိုက်ရ ….”
“ အစ်ကိုကြီး … စိတ်ကို အေးအေးထားဦး ….”
ကျီချင်းရန်က အကြံပေးလိုက်သည်။ “ ဒီလို ကိစ္စမျိုးက ဒေါသထွက်နေရုံနဲ့ ဖြေရှင်းပြီးသွားမယ့် ကိစ္စ မဟုတ်ဘူးလေ …”
သူမ ထိုသို့ ပြောလိုက်ပေမယ့် ကျီချင်းရန်လည်း ဤပြဿနာက လေးလေးနက်နက် ကိုင်တွယ်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ခံစားနေရ၏။
ဂေဟာရှိ ကလေးများက အနာဂတ်တွင် သူတို့ဘက်က တစ်စုံတစ်ရာ ပြန်ပေးလာဖို့ကို မမျှော်လင့်သော်ငြားလည်း အပြင်လောကတွင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ဖို့ လုံလောက်သည့် အစွမ်းအစတော့ ရှိသင့်၏။
အကယ်၍ ယခုအတိုင်း ဆက်သွားနေမည်ဆိုပါက သူတို့၏ အနာဂတ်သည်လည်း ပျက်စီးသွားလိမ့်မည်။
ကျီချင်းရန်က စကားပြောလာသဖြင့် ဝူဖေးယွဲ့လည်း သူ့ ဒေါသကို တစ်ထစ်လျှော့လိုက်ရသည်။
လင်းရီလည်း ပြောစရာ စကား ကင်းမဲ့နေမိ၏။ ယခု အခြေအနေကို သူလည်း မည်သို့ ကိုင်တွယ်ရမှန်း မသိ ဖြစ်နေသည်။ ကလေးကို ဘာလုပ်ပါ၊ ညာလုပ်ပါဟု ပြောဖို့ကလည်း သူကိုယ်တိုင်က ကျောင်းသားဘဝတွင် ကျောင်းသားကောင်း တစ်ဦးမဟုတ်ခဲ့ပေ။
သူနှင့် အစ်ကိုကြီးက လျိုလေ့အရွယ်တွင် နေ့တိုင်းနီးပါး ရန်ဖြစ်ပြီး ဂေဟာသို့ ပြန်လာလေ့ ရှိ၏။
ယခုကျတော့မှ စည်းကမ်းလိုက်နာသည့် အကြောင်းအရာများ ပြောဆိုနေလျှင် ကြောင်သူတော် ဖြစ်ရာ ကျသွားလိမ့်မည်။
“ ဒီကိစ္စကိုတော့ လောလောဆယ် ထားလိုက်ဦး …. ဘာပဲဆိုဆို မနက်ဖြန်က နှစ်သစ်ကူးနေ့လေ … အားလပ်ရက်ပြီးမှပဲ ဖြေရှင်းကြတာပေါ့ ….” ချွီရွှမ့်ဟော်က အကြံပေးလိုက်ပြီး ကိစ္စများကို ချောချောမွေ့မွေ့ ဖြစ်စေရန် လမ်းကျောင်းပေးလိုက်၏။
“ ဒီခုတော့ ထားလိုက်တော့ … အဖေနဲ့ အမေက မင်းတို့နှစ်ယောက်ကို အထဲမှာ စောင့်နေတယ် ….”
လူတိုင်း ပြန်ရောက်လာပြီ ဖြစ်သဖြင့် ဝူဖေးယွဲ့လည်း လျိုလေ့ကို သင်ခန်းစာပေးရမည့် ကိစ္စ နောက်ဆုတ်ထားရတော့မည် ဖြစ်ကြောင်း နားလည်လိုက်သည်။
တစ်ယောက်ပြီး တစ်ယောက် ၊ အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။ လင်းရီ ပြန်ရောက်လာတာကို မြင်တော့ ဂေဟာရှိ ကလေးများက ဝမ်းပန်းတသာနှင့် ပြေးလာဆီးကြိုကြ၏။
သို့သော် အများစုကတော့ ကျီချင်းရန်အနားတွင် ဝန်းရံနေသည်။ ဘာကြောင့်ဆိုတော့ ကျီချင်းရန်က လာလည်စဉ်အခါတိုင်း သူတို့ဖို့ လက်ဆောင်များ တစ်ခုမဟုတ်တစ်ခု ၊ ယူလာပေးတတ်သောကြောင့်ပင်။
“ ဟော … ချွေးမလေးနဲ့ ရီလေးတောင် ရောက်လာပြီကိုး …..”
အပြင်ဘက်ရှိ ဆူဆူညံညံ အသံများကို ကြားတော့ ဝမ်ချွေ့ပင်းက မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်၍ ကိုယ့်သမီး အရင်း တစ်ယောက်ကို ပြန်တွေ့သည့်နှယ် နွေးနွေးထွေးထွေး ကြိုဆိုနေတော့သည်။
ဝမ်ချွေ့ပင်းကို မြင်တော့ ကျီချင်းရန်လည်း နွေးထွေးစွာ ပြုံးပြလိုက်၏။ သူမမျက်နှာတွင်လည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ သမီး အခု တလော အလုပ်တွေ အရမ်းများနေလား … အမေတော့ သမီးတို့ကို အရမ်း သတိရတာပဲ ……”
“ သမီးလည်း မေမေဝမ်တို့ကို သတိရတယ် …” ကျီချင်းရန် ပြောဆို၍ ဝမ်ချွေ့ပင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
“ အန်ကယ်ကျောက်ရော … အမေ သူ့ကို တစ်ခုခုခိုင်းဖို့ အပြင်လွှတ်လိုက်ပြန်ပြီလား ….”
ကျီချင်းရန်မှာ ဂေဟာရှိ အခြေအနေနှင့် အင်မတန် ရင်းနှီးနေပြီး ဖြစ်သည်။
သူမ လာလည်သည့် အချိန်တိုင်း ကျောက်ချွမ်းဖူက ဘယ်တော့မှ ရှိမနေဘဲ ဝမ်ချွေ့ပင်း၏ စေခိုင်းမှုဖြင့် အမြဲတမ်း အပြင်သို့ ရောက်နေတတ်သည်။
“ ပြောမနေစမ်းပါနဲ့ဟယ် …” ဝမ်ချွေ့ပင်းက စိတ်အလိုမကျ ဖြစ်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ငါတို့ အခု နေရာက ကွန်ဒိုတိုက်ခန်းမလား … ငါတို့အနောက်မှာ လူနေတဲ့ တိုက်ခန်းတွေ ရှိတယ် … မျက်နှာချင်းဆိုင်က သတ္တုအကာတွေက ဆုတ်ပြဲနေပြီ … အဲ့ဘက်ခြမ်းကလူတွေက နေ့တိုင်းနေ့ ငါတို့ နေရာကနေ ဝင်ပြီး သူတို့ဘက်ကို ကူးနေကြတာ … ဒီမှာက ကလေးတွေ အများကြီးနဲ့ … မလုံခြုံဘူး … ဒါကြောင့်မို့ နင့် အန်ကယ်ကျောက်ကို အိမ်ခြံမြေ စီမံခန့်ခွဲရေး ဌာနစီ စကားပြောဖို့ လွှတ်လိုက်တယ် …”
“ ထွေထူး ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး အမေရယ် … စကားပြောလိုက်ရင် ပြီးနေတဲ့ ကိစ္စပဲ မဟုတ်လား ….”
“ သမီးတို့ အုပ်စု လက်အောက်မှာ ရှိတဲ့ အိမ်ခြံမြေ စီမံခန့်ခွဲရေး ကုမ္ပဏီတွေဆိုလည်း ဒီလို ကိစ္စမျိုးတွေ ကိုင်တွယ်ပေးနေကြ … ပြန်ပြင်လိုက်ရင် အဆင်ပြေသွားပြီ …..”
“ ဒါပေမယ့် ဒီကုမ္ပဏီကတော့ ပိုက်ဆံကျတော့ ယူပြီး အလုပ်ကျတော့ မလုပ်ပေးချင်ဘူး …” ဝမ်ချွေ့ပင်းက ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြီး “ တစ်နေ့တုန်းက နင့်ဦးလေးကျောက် ထိပ်က အလွှာကို သွားကြည့်တော့ ခေါင်ကလည်း မိုးသီးမှန်ထားတဲ့ အပေါက်ရာတွေနဲ့ … ငါတို့ ပြောပေါင်းလည်း များလှပြီ … တစ်လတောင် ကျော်နေပြီကို အခုထိ လာလည်း မလုပ်ပေးသေးဘူး … လူကို ရူးအောင် လာလုပ်နေတာပဲ ….”
“ ကြီးကြီးမားမား ပြဿနာလည်း မဟုတ်တာကို ဒေါသထွက်ဖို့ မလိုပါဘူး အမေရာ ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ သား တစ်ချက် သွားကြည့်လိုက်မယ် ..”
“ ယောက်ဖ … ငါလည်း လိုက်မယ် ….” ချွီရွှမ့်ဟော် ပြောလိုက်သည်။
“ သွားစို့ ….”
“ သား …. ခဏလေး …” ဝမ်ချွေ့ပင်းက ဟန့်တားလိုက်ပြီး “ ဝူကျောင်းယိုဆိုတဲ့ လူတစ်ယောက် အစောပိုင်းတုန်းက သားပြန်ရောက်လာပြီလားလို့ လာမေးသေးတယ် … အဲ့တုန်းကတော့ ထွေထူး မစဉ်းစားမိလိုက်ဘူး … ဒီတိုင်းပဲ ပြောလိုက်တယ် … လူဆိုးတော့ မဟုတ်ကောင်းပါရဲ့ ….”
“ အာ …. မဟုတ်ပါဘူး …”
လင်းရီ ကူကယ်ရာမဲ့သွားခဲ့ရ၏။ တစ်ချိန်တည်းတွင် အနည်းငယ်လည်း ရယ်ချင်မိသွားခဲ့၏။ သူ့အမေက တစ်နေ့လုံး ဂေဟာကို စောင့်ရှောက်နေရသဖြင့် ရန်မြို့တွင် မည်သူက အာဏာကို လက်ထဲ ဆုပ်ကိုင်ထားလဲဆိုတာကိုပင် ကွင်းဆက် ပြတ်တောက်နေသည်။
“ အဲ့တာဆိုရင်တော့ ကောင်းတာပေါ့ … သူပြောသွားတာတော့ နောက်ကျရင် လာခဲ့ဦးမယ်တဲ့ … နင်နဲ့ တွေ့ချင်လို့နေမယ် ….”
“ ရတယ် .. တကယ်လို့ အဲ့လူ ရောက်လာခဲ့ရင် သူ့ကို ဒီမှာ စောင့်ခိုင်းထားလိုက် ….”
“ အင်း အင်း …. နင်တို့နှစ်ယောက် သွားမယ်ဆို အတော်ပဲပေါ့ … နင်တို့အဖေဘက်က နည်းနည်းလေး ကူပေးလိုက် ….. တကယ်တည်း … လူကို နိုင်အကျင့်တာ သိပ်တရားလွန်လွန်းတယ် …”
ချွီရွှမ့်ဟော်၏ စိတ်အတွင်းတွင်တော့ သတိပေးအချက်ပြသံတို့ မြည်ဟည်းသွားခဲ့သည်။
ယောက်ဖက တစ်ခုခုတော့ တစ်ခုခုပဲ … ပွဲတော် ကျင်းပဖို့ ဒီခဏရောက်လာတာကို ရန်မြို့ရဲ့ ထိပ်သီးပိုင်း တစ်ယောက်က လူကိုယ်တိုင် ဒီရောက်လာနေတယ် ….
ဘယ်လောက်တောင် ဂုဏ်ယူဖို့ ကောင်းထားလဲ …
နှစ်ယောက်မှာ ဂေဟာထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ ကျီချင်းရန်ကတော့ ဝမ်ချွေ့ပင်းနှင့် စကားပြောရင်း အနောက်တွင် ကျန်နေရစ်ခဲ့လေသည်။
အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံး၏ ဒုတိယလွှာတွင်။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက နှုတ်ခမ်းတွင် စီးကရက် တစ်လိပ်ကို ကိုက်လျက် စားပွဲပေါ်ရှိ စာရွက်စာတမ်း တစ်ချို့ကို ကြည့်ရှုနေခဲ့သည်။
သူ့နာမည်က လီချင်းရှီ ဖြစ်ပြီး ဤရုံး၏ မန်နေဂျာ ဖြစ်၏။
ဟွာရှ၏ ရိုးရာ အစဉ်အလာအရ နှစ်တစ်နှစ်၏ နှစ်ကုန်ဆုံးသည့်နေ့တွင် လူတို့က နှစ်ချုပ်စာရင်း ပြုလုပ်လေ့ရှိကြသည်။
သူတို့ ကုမ္ပဏီက သေးမွှားသော်ငြားလည်း ထိုသို့သော နည်းစနစ်ကို လိုက်နာကျင့်သုံးသည့် ကုမ္ပဏီပင်။
ယနေ့က သူတို့ စာရင်းချုပ်သည့် နောက်ဆုံးနေ့ဖြစ်၏။ သို့သော် ယခုနှစ်တွင် ယွမ် သောင်းဂဏန်းခန့် လိုအပ်နေပြီး ဝင်ငွေ၊ ထွက်ငွေ စာရင်းကလည်း ကိုက်ညီခြင်း ရှိမနေပေ။ ဤပြဿနာကို မဖြေရှင်းနိုင်သေးသည်က လီချင်ရှီးကို ဒေါသထွက်အောင် တွန်းပို့နေတော့သည်။
“ သေစမ်းကွာ …”
လီချင်ရှီး ကျိန်ဆဲလိုက်၏။ စာရင်းမကိုက်သည့်အတွက် လူက ဒေါသထွက်နေမိသည့် ကြားထဲ အောက်ဘက်ရှိ ဆူညံသံတို့က မီးစာ လောင်းထည့်ပေးသည့်နှယ်ပင်။
ထိုအချိန်မှာပဲ လုံခြုံရေး ယူနီဖောင်းကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က အပေါ်ထပ်သို့ အလျင်စလို ပြေးတက်လာခဲ့၏။
“ ဂျာကြီး … အောက်ထပ်ကဘိုးတော်က တကယ့် အာရုံပဲ … ခေါင်းကလည်း မာသလား မမေးနဲ့ … အဲ့တာကို မပြင်ပေးရင် ဒီနေ့ မပြန်ဘူး ပြောနေတယ် … ဘယ်လိုလုပ်လိုက်ရမလဲ ….”
“ ချီးပဲကွာ …..”
လီချင်းရှီ ထပ်မံ ကျိန်ဆဲလိုက်၏။ သူ့ အကောင့်ထဲတွင် ယွမ်သုံးသောင်း လိုအပ်နေပြီး ယခုတော့ အခြား ငွေကုန်ပေါက်တစ်ခုက ထွက်လာနေပြန်သည်။ သူ ထိုငွေကို မည်သည့်နေရာက သွားရှာရ၍ ပြင်ပေးရမည်နည်း။
“ ဂျာကြီး … ကျုပ်တို့တော့ အဲ့ဘိုးတော်ကို ပြောမနိုင်တော့ဘူး … ခင်များ ကိုယ်တိုင် တစ်ချက်လိုက်ကြည့်ပါလား …”
“ ငါ သွားတွေ့မယ် …”
လီချင်းရှီက သူ့စီးကရက်တိုကို ချေမွပြီး စိတ်မရှည်သည့် အမူအရာဖြင့် မတ်တပ်ထ၍ လုံခြုံရေး အစောင့်နှင့်သူ အောက်ထပ်သို့ ရောက်လာသည်။
ထိုအချိန်၌ ကျောက်ချွမ်ဖူက အောက်ထပ်တွင် ဝန်ထမ်းတစ်ဦးနှင့် ပြင်းပြင်းထန်ထန် အငြင်းပွားနေလျက် ရှိသည်။
“ မင်းတို့ ငါ့ကို မောင်းထုတ်ဖို့ မကြိုးစားနဲ့ …” ခေါင်းမာသည့် ကျောက်ချွမ်ဖူက ထွက်သွားဖို့ကို ငြင်းဆန်နေသည်။