အမှား အကြီးကြီး လုပ်မိပြီ
Vol. 154 Ch. 2262
“ ဒီမှာ အဘိုးကြီး … ကျုပ်တို့က ခင်များကို အရူးလုပ်နေတာမဟုတ်ဘူး … ရှင်းပြနေတာ …” လီချင်းရှီက ဆင်းလာ၍ ပြောလိုက်သည်။
“ အရင်တစ်လတုန်းကလည်း မင်း ငါ့တို့ကို ပြင်ပေးမယ် ပြောတယ် … ဒါပေမယ့် စကားသာ ပြောတာ လူက ရောက်မလာဘူး … အပေါက်က အခုဆို တဖြည်းဖြည်းနဲ့ ပိုကြီးလာနေတာ ကြာရင် မြို၀င်ပေါက်ဂိတ်လိုတောင် ဖြစ်တော့မယ် … တကယ်လို့ ဂေဟာက ကလေးတွေ တစ်ခုခု ဖြစ်လို့ကတော့ မင်းတို့ကောင်တွေ တာဝန်ယူပေးနိုင်လို့လား …”
“ နှစ်သစ်ကူးရက်ကြီးမှာ ကျုပ် စကား မများချင်ဘူး … အားလပ်ရက်ပြီးသွားရင် ကျုပ်တို့တွေ အလုပ်ပြန်စပြီ … အဲ့ခါကျ ခင်များကို ချက်ချင်း ပြင်ပေးမယ် …”
သူ့တွင် အခြားသော ကိစ္စများ ဆောင်ရွက်ဖို့ ရှိသေးသဖြင့် လီချင်းရှီသည် ဤကိစ္စကို ဇာမချဲ့လိုခဲ့ပေ။
ကျောက်ချွမ်ဖူကို အလျင်အမြန် နှင်လွှတ်ပြီး သူလုပ်ဖို့ရှိသည့် ကိစ္စ ပြုလုပ်ချင်သည်။
“ ငါ့ကို ဒီလိုပြောပြီး အရူးလုပ်လို့ ရတော့မယ် မထင်လိုက်နဲ့ …” ကျောက်ချွမ်ဖူ၏ စိတ်ခံစားချက်တို့ ပေါက်ကွဲနေပြီး ကျယ်လာင်သည့် အသံဖြင့် “ ငါမင်းတို့ကောင်တွေကို အရင် တစ်လကလည်း လာပြောပြတယ် … သုံးလေးရက်နေရင် လာပြင်ပေးပါ့မယ်နဲ့ လဝက်နေလည်း လာမပြင်ပေးဘူး … အခုလည်း ဒီစကားမျိုး ပြောပြန်ပြီ … နှစ်သစ်ကူးပြီးရင် လာပြင်ပေးမယ်နဲ့ အပြောနဲ့ အလုပ် မညီတဲ့ မင်းတို့စကားကို ငါက ဘယ်လိုစိတ်နဲ့ ယုံစားရမှာလဲကွ ….”
ကျောက်ချွမ်ဖူဘက်က ဇွဲမလျှော့လာတာကို မြင်တော့ လီချင်းရှီမှာ အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့သည်။
“ ကျုပ်တို့ ရုံးက ခင်များ တစ်ယောက်တည်း အတွက် ဖွင့်ပေးထားတာ မဟုတ်ဘူး … ဒီနေရာတစ်ဝိုက်မှာ ပိုင်ရှင်တွေ အများကြီး ရှိတယ် … ခင်များရဲ့ ကိစ္စ သေးသေးမွှားမွှားလေးကို ကျုပ်တို့က ဘယ်လိုလုပ်ပြီး အရေးစိုက်ပေးနိုင်မှာလဲ ….”
လီချင်းရှီက လက်ဝှေ့ယမ်းလိုက်ပြီး “ ပြန်သွားပြီး စောင့်နေ … နှစ်သစ်ကူးပြီးမှပဲ စကားဆက်ပြောကြမယ် ….”
“ မရဘူး … မင်းတို့ ပြောလို့လည်း ငါ ဒီအချိန်ထိ စောင့်လာခဲ့ပေးပြီးပြီ … မင်း ဒီနေ့တော့ ငါ့ကို ဖြေရှင်းချက် ပေးရမယ် …”
ကျောက်ချွမ်ဖူက ဇွဲလျှော့လိုဟန် မပြဘဲ “ မင်းတို့ကောင်တွေက ပိုက်ဆံကောက်ရမယ့် အချိန်ကြတော့ တက်တက်ကြွကြွနဲ့ အချိန်လေးက မှန်လို့ … ငါတို့ကို မောင်းမထုတ်ရုံတမယ်ပဲ …. ဒါပေမယ့် မင်းတို့ဆီက လိုလို့ တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုတဲ့ အချိန်ကျတော့ ရုတ်တရက်ကြီး အချိန်မရှိတော့ဘူး … ငါတောင်းဆိုနေတာ ငါတို့ လုပ်ပိုင်ခွင့်ထဲကပဲကွ … မင်းတို့ ဒါ လူကို အနိုင်ကျင့်နေတာပဲ မဟုတ်လား …”
ကျောက်ချွမ်ဖူက ခြံဝန်းပြင်ရမည့် ကိစ္စကို အတော်လေး စိတ်ပူနေခဲ့သည်။ ဘာကြောင့်ဆိုတော့ ဂေဟာထဲတွင် ငယ်ရွယ်သေးသည့် ကလေးအများအပြား ရှိပြီး မကောင်းသည့် လူတစ်ချို့၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထို အပေါက်ထဲကနေ တိုးဝင်ပြီ ကလေးကို ဖမ်းဆီး ခေါ်ဆောင်သွားမည်ဆိုပါက နောက်ဆက်တွဲ ကိစ္စရပ်တို့မှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ကိုပင်။
“ အဲ့တော့လည်း ကျုပ်က ခင်များတို့ကို အနိုင်ကျင့်တယ် … ခင်များ ဘာတတ်နိုင်လဲ ….”
လီချင်းရှီမှာ စိတ်ရှည်နိုင်စွမ်း ကင်းမဲ့သွားပြီး ကျောက်ချွမ်ဖူနှင့် စကားဆက်မပြောလိုတော့ပေ။
“ သူ့ကို မောင်းထုတ်လိုက်တော့ … လူကမှ ဒေါသထွက်နေပါတယ်ဆို ဘိုးတော်က အာရုံလာစားနေတယ် ….”
အစောပိုင်းကတည်းက ရောက်ရှိနေသည့် လုံခြုံရေး အစောင့်များက ရှေ့သို့ တက်လာပြီး ကျောက်ချွမ်ဖူ၏ အင်္ကျီကို ဆွဲ၍ အေးအေးဆေးဆေး ပြောသည်။
“ ကိုယ့်လူ … ထွက်သွားလိုက်တော့ … မင်း ပြဿနာကို ဖြေရှင်းချင်သေးတယ်ဆိုရင် အခု ထွက်သွားလိုက် … အခြေအနေတွေ ဆိုးရွားလာရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး …”
ကျောက်ချွမ်ဖူ ဒေါသတကြီးဖြင့် လီချင်းရှီကို လက်ညှိုးထိုးပြီး “ ဟေ့ကောင် … ငါ မင်းကို တစ်ခါတည်း ပြောလိုက်မယ် … မင်း ပြဿနာကို ဒီနေ့ မဖြေရှင်းပေးလို့ကတော့ ငါ့သားတွေ ခေါ်လာပြီး မင်းနဲ့ စာရင်းလာရှင်းမယ် …”
“ ခင်များရဲ့သား …၊ ဟုတ်လား ….”
လီချင်းရှီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထိုအချိန်မှာပဲ ကောင်တာရှိ ဝန်ထမ်းတစ်ဦးက လီချင်းရှီ အနားသို့ ရောက်လာခဲ့ပြီး တီးတိုးပြောလိုက်သည်.
“ သူ့သားက ထရပ်ကား မောင်းတဲ့ကောင်လေ … ကျုပ် အရင်က တစ်ခါ မြင်ဖူးတယ် … ဘာမှဟုတ်တဲ့ကောင် မဟုတ်ပါဘူး …”
လီချင်းရှီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်ပြီး လုံခြုံရေး အစောင့်ကို ပြောလိုက်သည်။
“ ဘိုးတော်က တကယ်ဂေါက်နေတာပဲ … သူ့သားကို ဘာကောင်များ ထင်နေလို့ … သူ့သားကို စကားထဲ ထည့်ပြောတာနဲ့ပဲ ငါက ကြောက်သွားမယ်လို့ ထင်နေလား မသိဘူး …”
“ ဒါဆိုလည်း နောက်နှစ်ကျရင် ထိန်းသိမ်းခလည်း ငါ မပေးဘူး …”
“ ယီးပဲ … ဘိုးတော် … ခင်များ မပေးဘဲ နေကြည့်လိုက်လေ …” လီချင်းရှီ ပြောလိုက်ပြီး “ ကျုပ်ပြောလိုက်မယ် … ခင်များတို့ အဲ့လိုလုပ်တာက ဥပဒေနဲ့ မညီဘူး … ကျုပ်လည်း ခင်များလိုကောင်တွေနဲ့ စောက်လုပ်ရှုပ်ခံပြီး စကားတွေ ပြောမနေဘူး … မပေးဘူးဆို တရားရုံး ဆင့်ခေါ်စာသာ စောင့်နေလိုက် … မောင်းထုတ်လိုက်ကွာ … မြင်နေရရင် အကုသိုလ်များတယ် …”
လီချင်းရှီ၏ အမိန့်စကားကို ကြားတော့ လုံခြုံရေး အစောင့်များလည်း မနှောင့်နှေးဝံ့ကြတော့ပေ။
“ ထွက်သွားလိုက်တော့ … ငါတို့ အားရင် ပြင်ပေးမယ် … ဒီလာပြီး ပြဿနာ မရှာနဲ့ … လက်မောင်းနဲ့ ပေါင်က အားချင်းယှဉ်လို့ နိုင်မယ် ထင်လား … “ အစောင့်က ကောင်းကောင်းမွန်မွန်ပြောပြီး ကျောက်ချွမ်းဖူကို နားချသည်။ “ ပြီးတော့ မင်းရဲ့သားက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းကိုယ်မင်း အသိဆုံးပဲ … ငါတို့ မန်နေဂျာက သူ့ကို ရှိန်နေမှာ မဟုတ်ဘူး … ဒီတော့ ကိုယ့်အရှက်ကိုယ် မခွဲချင်နဲ့ ….”
ချလပ် …
ထိုအချိန်မှာပဲ လင်းရီနှင့် ချွီရွှမ့်ဟော်တို့ အပြင်ဘက်မှ အထဲသို့ ဝင်လာကြပြီး လုံခြုံရေး အစောင့်များနှင့် ကျောက်ချွမ်းဖူတို့ တွန်းလား၊ ဆွဲလား လုပ်နေတာကို မြင်တော့ သူတို့တွေ မျက်နှာအမူအရာ မည်းမှောင်သွားကြသည်။
“ အဖေ … ဘာတွေ ဖြစ်နေတာလဲ …”
ကျောက်ချွမ်ဖူကို မြင်တော့ လင်းရီ လှမ်းမေးလိုက်သည်။
လီချင်းရှီက သူ့အား သေချာ အကဲခတ်ကြည့်လာသည်။
ထရပ်ကား ဒရိုင်ဘာ၏ ရုပ်ရည်သွင်ပြင်က ဤမျှ ချောမောပြေပြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“ ငါ ဒီလာပြီး သူတို့ကို ခြံဝန်း ပြင်ပေးဖို့ ပြောတာ ဒါပေမယ့် သူတို့က မပြင်ပေးရုံတင်မကဘူး … ငါ့ကိုပါ မောင်းထုတ်ချင်နေတယ်လေ …”
လင်းရီ မျက်ခုံးပင့်ပြီး လီချင်းရှီကို တစ်ချက် ကြည့်လိုက်သည်။ “ ဒီမှာ မန်နေဂျာ ဘယ်သူလဲ ….”
“ ငါပဲ … ဘာဖြစ်ချင်တာလဲ မင်းက ….”
“ ခင်များတို့က နှစ်တိုင်းနှစ် ပိုက်ဆံကျတော့ ပုံမှန်လေး သဲ့ယူနေပြီး ဒါလေး တစ်ခု ပြင်ခိုင်းတာကို အဲ့လောက်ထိ အခက်တွေ့နေရတယ်ပေါ့ …”
လီချင်းရှီမှာ စစချင်းတုန်းကတော့ လင်းရီကို လေးလေးနက်နက် သဘောမထားပေ။ သို့သော် ရုတ်ချည်းဆိုသလို လင်းရီ၏ မျက်ဝန်းတို့နှင့် ဆုံမိတော့ အနည်းငယ် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရရင်း အများအပြား ယဉ်ကျေးလာသည်။
“ ငါ ပြောထားပြီးပြီ … နှစ်သစ်ကူးပြီးရင် ငါတို့ ပြင်ပေးမှာ … မပြင်ပေးဘူး မပြောဘူး … ဒါပေမယ့် မင်းအဖေကိုက စကားတွေ လာများနေတာ … ငါ ပြောတာ မင်း နားလည်တယ်မလား …”
“ သူ ခင်များတို့ဆီ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကလည်း လာပြောဖူးတာ မှတ်မိပါသေးတယ် … မှန်တယ်နော်… ဒီလောက်ကြာပြီကို ခင်များတို့ဘက်က အလုပ်မလုပ်လာဘူး … အဲ့တာကို ခင်များက ကျုပ်ကို ဘယ်လိုမျိုး နားလည်စေချင်နေတာ …”
“ ဒါက … အဲ့တာတော့ ငါတို့လည်း မတတ်နိုင်ဘူး …” လီချင်းရှီ ပြောလိုက်ပြီး “ ဒီဧရိယာထဲမှာ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်တယ် … နေ့တိုင်းနေ့ ပြဿနာတွေက သောင်းခြောက်ထောင်နဲ့ မင်းတို့ အလှည့်ရောက်တဲ့အထိ စောင့်ရမှာပဲ ….”
“ စောင့်ဖို့က ပြဿနာ မရှိပါဘူး … ဒါပေမယ့် ဂေဟာက ကလေး တစ်ခုခုဖြစ်သွားလို့ ပြဿနာရှိလာရင် ခင်များ ခေါင်းခံနိုင်လား ….”
“ ဟေ့ကောင် … မင်းက ဂေဟာကို လာခုတုံးလုပ်နေတာပဲ … တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် အဲ့တာ ငါ့စောက်လုပ်မဟုတ်ဘူး … မင်းတို့ ညံ့လို့ဖြစ်တာ … “
“ မင်း ဘာစကားပြောတာတုန်းကွ ….”
“ ရပြီ … တော်ပြီ …” လင်းရီ ချီရွှမ့်ဟော်ကို ဖြတ်ပြောလိုက်ပြီး “ ဒီလိုလူတွေနဲ့ အကျိုးသင့် အကြောင်းသင့် စကားပြောလို့ ရမှာ မဟုတ်ဘူး … ပြန်သွားကြစို့ … ဒီကိစ္စ ငါကိုင်တွယ်လိုက်မယ် …”
“ အိုကေ …”
“ ဟက် ….”
လီချင်းရှီက အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ပြီး သူ့မျက်ဝန်းထဲ အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဝန်ထမ်းများလည်း ထပ်တူညီစွာ ခံစားနေရပြီး လင်းရီကို လုံးဝ အထင်သေးသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။
‘ ငနဲက ဟန်လုပ်နေတာ သိသာချက် … ထရပ်ကား ဒရိုင်ဘာမှာ ဘာ အရည်အချင်း ရှိမှာမို့လို့ … သူ့ကိုယ်သူ ဆရာကြီးများ ထင်နေလား မသိဘူး …’
“ ပြန်ကြစို့ … အမေပြောတာ ညစာက အသင့်ဖြစ်ပြီတဲ့ … ကျွန်တော်တို့ ပြန်လာမှာကို စောင့်နေတယ် …”
“ အေး … သွားစို့ …” ကျောက်ချွမ်ဖူ ပြောလိုက်ပြီး “ အခု မင်း ပြန်ရောက်လာပြီဆိုတော့ ဒီကိစ္စ မြန်မြန် ဖြေရှင်းပေးစမ်းပါကွာ …”
“ မပူနဲ့အဖေ … ကျွန်တော် ကျိန်းသေပေါက် ဖြေရှင်းပေးမယ် … ဘာမှမပူနဲ့ …”
“ အင်း … ငါ စိတ်ချမယ် …”
လင်းရီ၏ အာမခံပေးမှုဖြင့် ကျောက်ချွမ်ဖူ၏ ဒေါသများ ငြိမ်ဝပ်သွားပြီး ထမင်းစားရန်အတွက် လင်းရီတို့နှင့်အတူ ပြန်လိုက်လာသည်။
“ ဒါရိုက်တာလင်းရယ် … ငါမင်းကို မျှော်လိုက်ရတာ ….”
သူတို့တွေ ထွက်သွားတော့မည့် အချိန်မှာပဲ အပြင်ဘက်မှနေ၍ တံခါးတွန်းပွင့်လာခဲ့ပြီး ဝူကျောင်းယိုက ရုံးခန်းထဲ ဝင်လာသည်။ သူ့အနောက်မှ တစ်စုံတစ်ယောက်လည်း ပါလာပြီး ကြည့်ရသည်မှာတော့ ကားဒရိုင်ဘာ ဖြစ်ဟန်ရ၏။
ဝူကျောင်းယိုကို မြင်တော့ ချွီရွှမ့်ဟော်မှာ စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။
ထိုသို့သော လွှမ်းမိုးနိုင်စွမ်း ရှိသည့် ပုဂ္ဂိုလ်ကြီးက သူတို့တွေ မြင်ချင်တိုင်းမြင်၊ တွေ့ချင်တိုင်းတွေ့နိုင်သူ တစ်ဦး မဟုတ်ပေ။
အခြားတစ်ဖက်ရှိ အိမ်ခြံမြေစီမံခန့်ခွဲရေး အဖွဲ့သားတို့ကတော့ တုံ့ပြန်မှု များများစားစား မပြကြပေ။ ဘာကြောင့်ဆိုတော့ သူတို့လည်း ဝမ်ချွေ့ပင်းကဲ့သို့ ကိုယ့်အကြောင်းကိုယ်သာ ဂရုစိုက်ရင်း အထက်ရှိ အာဏာချိန်ခွင်လျှာ ပြောင်းလဲမှုတို့ကို ဂရုမစိုက်အားသောကြောင့်ပင်။
သူတို့နှင့် ဝူကျောင်းယိုတို့ကြားရှိ လူမှုရေး အဆင့်အတန်း ကွာဟမှုကလည်း ကြီးမားလှပြီး သူတို့ တစ်သက်လုံး ကြိုးစားလျှင်ပင် ဝူကျောင်းယိုကဲ့သို့ လူစားမျိုးနှင့် စကားပြောခွင့် ရမှာမဟုတ်ပေ။
“ အတွင်းရေးမှူးဝူ … ခင်များက ဘာလို့ ဒီရောက်လာတာလဲ … အားနာစရာကြီးဗျာ …”
“ ငါလည်း အားနေတာနဲ့ လာခဲ့လိုက်တာ .. ဒါပေမယ့် မင်းနဲ့ စကားပြောပြီး ချက်ချင်းပြန်မှာ … ဒါရိုက်တာလင်း ထမင်းစားမယ့် ကိစ္စကို မနှောင့်နှေးစေရပါဘူး …”
“ ခင်များက ယဉ်ကျေးလွန်းနေပါပြီ…” လင်းရီ ပြုံးလျက် ပြောဆိုလိုက်ပြီး “ ခင်များလိုအပ်တာ ရှိလို့လား …”
“ နှစ်သစ်ကူးနေ့ပြီးတာနဲ့ ….”
“ ဟေ့ ဟေ့ ဟေ့ … မင်းတို့ကောင်တွေ ဒီမှာ ဘာလာလုပ်နေကြတာတုန်းကွ ….” လီချင်းရှီက စိတ်မရှည်စွာ ပြောဆိုလိုက်ပြီး “ ဒါ ငါတို့ ရုံးခန်း … မင်းတို့ စကားပြောလို့ရတဲ့ နေရာမဟုတ်ဘူး … အခုချက်ချင်း ထွက်သွားကြ …”
ချွီရွှမ့်ဟော်မှာ ကြက်သီးဖြန်းသွားခဲ့၏။
ဝူကျောင်းယိုရှေ့မှာ ဒီလိုလေသံမျိုး စကားသွားပြောနေတယ် … ဒီလူက သေပန်းပွင့်ချင်နေတာပဲ …