လင်းရီ ပညာပေးခံနေရပြီ
Vol. 154 Ch. 2264
“ ရန်ဖြစ်နေကြတယ် ဟုတ်လား …”
လင်းရီ၏ မျက်ခုံးတို့ တင်းကြုတ်သွားခဲ့ပြီး သူ့အမူအရာမှာ အနည်းငယ် မသာမယာ ဖြစ်သွားခဲ့သည်။
ဝမ်တုန်းတုန်း ညွှန်းဆိုနေသည့် အန်တီဝမ်ဆိုသူက ဝမ်လန်ဇီဖြစ်ပြီး ဂေဟာတွင် နှစ်ပေါင်း နှစ်ဆယ်ကျော်မျှ အတူရှိလာသူ တစ်ဦးပင်။ သူမသည်လည်း သူတို့အတွက် မိခင် တစ်ယောက်နှင့် မခြားပေ။ သူမကို မေမေတစ်ဝက်ဟု ခေါ်ဆိုသည်က ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ပေ။
သူသည်လည်း သူမ၏ ဆူပူရိုက်နှက်ခြင်းကို ငယ်စဉ်က ခံခဲ့ရပေမယ့် သူမအပေါ်တွင် ထားရှိသည့် သံယောဇဉ်တို့ကတော့ နက်နက်ရှိုင်းရှိုင်းရှိ၏။
အန်တီဝမ်၏ အကျင့်စရိုက်ကိုလည်း လင်းရီ ကောင်းမွန်စွာ နားလည်ထားသည်။ သူမက သွေးဆူလွယ်သည့် တုန်းပေသူ ဖြစ်၏။ စကားကို ဘွင်းဘွင်းရှင်းရှင်းပဲ ပြောတတ်သည်။
“ ငါ တစ်ချက် သွားကြည့်လိုက်မယ် …”
လင်းရီ ထမင်းစားတူကို အောက်သို့ ချလိုက်၏။ ကျီချင်းရန်လည်း မတ်တပ်ရပ်လိုက်ကာ နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့လည်း အနောက်က လိုက်ပါလာသည်.
လေးယောက်သား ကလေးများ ထမင်းစားသည့် အနီးနား အခန်းထဲသို့ ရောက်လာခဲ့ကြသည်။
လင်းရီ ပြန်လာသည့် အချိန်တိုင်း အခြားသော အန်တီများက အမြဲတစေ ကလေးများနှင့် အတူ ထမင်းစား၏။ သူတို့ စားပြီးသည်နှင့် လင်းရီထံလာပြီး စကားပြောဆိုလေ့ရှိကြသည်။
သူတို့ အခန်းထဲ ဝင်လာသည်နှင့် လင်းရီသည် ဝမ်လန်ဇီက လျိုလေ့၏ လက်မောင်းကို ဆွဲထားပြီး စကားပြောဆိုနေသည်ကို မြင်တွေ့လိုက်ရသည်။
“ ဒီလောက် နောက်ကျနေပြီကို နင်က ဘယ်သွားချင်သေးတာ … နင့်အစ်ကိုနဲ့ မရီးလည်း ဒီပြန်ရောက်နေတာကို နေပြီး သူတို့နဲ့ စကားပြောပါလား ….”
“ အစ်ကိုကြီးတို့က မနက်ဖြန်ပြန်မှာလဲ မဟုတ်တာကို နောက်နေ့မှ ပြောလဲ ရတယ် … ကျုပ် ဒီနေ့ အရေးကြီး ကိစ္စ ရှိတယ်ဗျာ … ကျုပ်ကို မတားနဲ့ …”
လျိုလေ့က အနည်းငယ် စိတ်မရှည် ဖြစ်လာပြီး ဝမ်လန်ဇီ၏ လက်များကို ရုန်းလိုက်၏။
“ မရဘူး … ခဏဆို နောက်ကျတော့မယ် … အပြင်ထွက်မယ့်အစား အိမ်မှာနေပြီး စာတစ်ပုဒ်ရရ ကျက်နေပါလား … နောက်နှစ်ဆို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေရတော့မယ် မဟုတ်ဘူးလား … နင် တက္ကသိုလ် မတက်နိုင်ရင် အနာဂတ်ကျ ဘာလုပ်စားမှာ ….”
“ မတက်ရတော့ရော ဘာဖြစ်တာမှတ်လို့ ….” လျိုလေ့ အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး “ ကျုပ် ကျောင်းက ဘော်ဒါတစ်ယောက်ရဲ့ အဖေဆိုရင် မူလတန်းတောင် ပြီးအောင် မတက်ခဲ့ဖူးဘူး … အခုဆိုရင် သူ့ ကုမ္ပဏီမှာ အလုပ်ခန့်ထားတဲ့လူတွေက တက္ကသိုလ်က ဘွဲ့ရတွေချည်းပဲ … သူတို့ကို မြင်တာနဲ့ ကျုပ် ရှက်လွန်းလို့ ….”
“ ဒီစောက်ကလေးနှယ် ငါ့လာပြီး ပေါက်ကရတွေ ပြောနေတယ် … ဒီနေ့ခေတ်မှာ ဘွဲ့မရရင် ----- “
“ အန်တီဝမ် …”
လင်းရီ အသံပေးလိုက်ပြီး ဝမ်လန်ဇီ အနားသို့ ရောက်လာခဲ့ကာ သူမ ပခုံးကို ပုတ်လိုက်သည်။ “ ဒီ ကိစ္စ ကျွန်တော် ကိုင်တွယ်လိုက်မယ် … အန်တီ စားစရာ ရှိတာ ဆက်စားနှင့် ….”
လင်းရီကို မြင်တော့ ဝမ်လန်ဇီလည်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခါးထောက်လျက် “ ဒီကောင်စုတ်လေးကို နားချလိုက်စမ်းပါအေ … ဒင်းနဲ့ ကြာကြာ စကားပြောရင် ငါ ဒေါသထွက်လွန်းလို့ အသက်ပါ ပါတော့မယ် … နင့်လောက်တောင် မလိမ္မာဘူး ဒီကောင်က ….”
လင်းရီ ရယ်သွမ်းလိုက်၏။ “ သူလည်း အရွယ်ရောက်နေပါပြီ … အဲ့လောက်ထိ စိတ်ပူစရာ မလိုပါဘူး ….”
ထို့နောက် ဝမ်လန်ဇီ ထွက်ခွာသွားခဲ့ပြီး လင်းရီက လျိုလေ့ အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
လင်းရီကို မြင်တော့ လျိုလေ့၏ အမူအရာမှာ မမောက်မာဝံ့တော့ချေ။
မိဘမဲ့ဂေဟာတစ်ခုလုံးတွင် လင်းရီနှင့် ဝူဖေးယွဲ့တို့က အာဏာ လွှမ်းမိုးမှုတစ်ချို့ကို ဆုပ်ကိုင်ထားသောကြောင့် အခြားသော ကလေးများက သူတို့ တစ်ယောက်ယောက်ကို မြင်သည်နှင့် ကြောက်ကြသည်။
“ ညရောက်တော့မှာကို မင်းက အပြင်ထွက်ပြီး ဘာလုပ်ဦးမှာ ….” လျိုလေ့ အရှေ့တွင် ရပ်တန့်ရင်း လင်းရီ မေးလိုက်၏။
“ ကျုပ် သူငယ်ချင်းနဲ့တွေ့မှာ …” လျိုလေ့က ခေါင်းငုံ့၍ ဖြေလိုက်ပြီး လင်းရီကို တည့်တည့် မကြည့်ဝံ့ပေ။ “ ကျုပ်တို့မှာ စီစဉ်ထားတာတွေ ရှိတယ် … ကျုပ် သွားကို သွားဖို့လိုတယ် …”
“ အဲ့ဒီတော့ … မင်း သူငယ်ချင်းတွေနဲ့ တွေ့ပြီးရင် ဘာလဲလုပ်မှာ …” လင်းရီ ဆက်ပြီး ပြောလိုက်ပြီး “ အပြင်ထွက် ၊ ပိုက်ဆံတွေ ဖြုန်း ၊ မိမိုက်သလိုလုပ် ၊ မင်းတို့ရဲ့ ဝင့်ဝါချင်တဲ့ အာသီသလေးတွေ ပြည့်ဝဖို့ တခြားသူတွေ အားကျ မနာလို ဖြစ်အောင်လုပ်မှာမလား ….”
လျိုလေ့မှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။ ဘာကြောင့်ဆိုတော့ လင်းရီက ချက်ကောင်းတည့်တည့်ကို ပြောဆိုသွားခြင်းကြောင့်ပင်။
လင်းရီ ယခုလို ပြောနိုင်နေသည်က ဘာလို့ဆိုတော့ သူသည်လည်း လျိုလေ့ကဲ့သို့ အချိန်ကာလ တစ်ခုကို ကျော်ဖြတ်ခဲ့ရသောကြောင့်ပင်။ မည်သူကရော ထိုသို့သော အချိန်ကာလ အပိုင်းအခြားကို မဖြတ်သန်းဖူးသူ ရှိလိမ့်မည်နည်း။
“ ကျုပ်ဖို့ စိတ်ပူစရာ မလိုပါဘူး … ကျုပ် ကိုယ်လုပ်နေတာ ကိုယ်သိတယ် …”
“ မင်းက ဘာသိလို့ …” လင်းရီ အော်ရယ်မိလုနီးပါး ဖြစ်သွားခဲ့ပြီး “ ရန်ပွဲလေး သုံးလေးကြိမ်လောက် ဖြစ်ပြီးတာနဲ့ လူ့ဘောင်သူ့ဘောင်မှာ ဆရာကြီး လုပ်လို့ရပြီ ထင်နေလား …”
ထိုသို့ ပြောပြီးနောက် လင်းရီ သူ့နောက်ကျောတစ်ဝိုက်သို့ စမ်းရင်း ကာကွယ်ရေး ဓားမြောင်ကို ထုတ်လိုက်သည်။
“ မင်း ဒီဥစ္စာတောင် မြင်ဖူးလို့လား … မင်း သုံးရော သုံးရဲလို့လား ….”
လင်းရီ၏ ဓားမြောင်ကို မြင်တော့ လျိုလေ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့ပေမယ့် ၎င်းနောက် ချက်ချင်း အထင်သေးသည့် အမူအရာ ဖြစ်သွားခဲ့လေသည်။
“ အစ်ကိုရီ … ခင်များဗျာ … ဘာလို့ အဲ့ဟာကြီး သယ်ပြီး လျှောက်သွားနေတာလဲ … ဒါကြီးက ဒိတ်အောက်နေပြီ ….”
“ ဒိတ်အောက်နေပြီ ဟုတ်လား ….”
“ ဒါမျိုးတွေက အရင်သမိုင်းထဲမှာပဲ ရှိတော့တယ် … ခင်များတို့ မျိုးဆက်တွေပဲ သုံးတော့တယ် … ကျုပ်တို့ခေတ်မှာ ဒါတွေက ဘာတန်ဖိုးမှ မရှိဘူး ….”
လျိုလေ့မှာ ထိုသို့ ပြောရင်း ကိုယ့်ကိုယ်ကို အနည်းငယ် အားရပီတိ ဖြစ်နေကာ အထင်သေးနေလျက် ရှိသည်။
လင်းရီကို ကျောက်ခတ်က မဖွံ့ဖြိုးသေးသည့် လူတစ်ဦးနှယ် သူ့ကိုယ်သူ ပြုမူနေသည်။
“ အင်း … ဒါဆိုလည်း ကောင်းပြီလေ … မင်းက ဒီလိုပစ္စည်းတွေကို အထင်သေးတယ်ဆိုတော့ ငါ့ကို အမြင်ကျယ်သွားရအောင် အပြင်ခေါ်သွားရင်ကော …. မင်းတို့ရဲ့ လူ့အဖွဲ့အစည်းကြီးက ဘယ်လိုမျိုးလဲဆိုတာ မြင်ဖို့ အခွင့်အရေးကောင်းပဲလေ …”
“ မရဘူး … အစ်ကိုရီ လိုက်ခဲ့လို့မရဘူး …” လျိုလေ့ ငြင်းဆန်လိုက်ပြီး “ ဒါ ကျုပ်တို့ ကိစ္စ .. လူကြီးတွေ ပါလာရင် ရှက်ဖို့ ကောင်းတယ် ….”
“ ဘာများ ရှက်စရာရှိလို့ … ငါလည်း လောကကြီးထဲ ဘာတွေ ဖြစ်နေလဲဆိုတာ သိရဖို့ အချိန်ကောင်းပဲလေ ….”
“ အဲ့လိုဆိုလည်း အဆင်မပြေဘူး …” လျိုလေ့ ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ်ဗျာ … ကျုပ်က အခု ဂုဏ်သိက္ခာနဲ့ ဖြစ်နေပြီ … ခင်များလို လူကြီးတစ်ယောက်ကို အတူခေါ်မသွားပေးနိုင်ဘူး ….”
“ ဒါဆိုရင် မင်းလည်း မသွားနဲ့ … ပြီးတော့ မင်းလည်း ကျောင်းထွက်ရမယ် …” လင်းရီ ပြောလိုက်ပြီး “ ငါက ရန်မြို့မှာ အမြဲတမ်း မနေနိုင်ဘူးဆိုရင်တောင် အစ်ကိုကြီး ရှိတယ် … သူ မင်းကို စောင့်ရှောက်ပေးလို့ရတယ် …”
ဤစကားကြားတော့ လျိုလေ့မှာ အနည်းငယ် စိုးရိမ်ပူပန်လာသည်။
“ ဘာလို့လဲ … ကျုပ်က အရွယ်ရောက်နေပြီဗျ … ခင်များကြီးတို့က ဘာလို့ ကျုပ် လုပ်သမျှကို လိုက်ပြီး ထိန်းချုပ်ချင်နေရတာလဲ ….”
“ ငါ မင်းကို ထိန်းချုပ်ချင်တယ်လို့လည်း မပြောမိပါဘူး … ငါက ဒီတိုင်း မင်းနဲ့လိုက်ပြီး တစ်ချက် ကြည့်ချင်ရုံပါပဲ ….” လင်းရီ ပြောလိုက်ပြီး “ မင်း ငါ့ကို ဒီနေ့ ခေါ်သွားပေးမယ်ဆိုရင် ဂေဟာက မင်းကို ဆက်ပြီး မချုပ်ချယ်တော့ဘူး … မင်းလုပ်ချင်တာလုပ်တော့ ….”
“ တကယ် ….”
“ နှစ်ကယ်ကွာ ….”
“ ကောင်းပြီလေ … ဒါဆိုလည်း ခင်များကို ခေါ်သွားပြီး လူ့အဖွဲ့အစည်းကြီးက ဘယ်လိုလည်ပတ်နေလဲဆိုတာ သိရအောင် ပြပေးမယ် ….” လျိုလေ့က စိတ်လှုပ်ရှားတကြီးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်တို့ သဘောတူပြီးသားနော် … ကျုပ် အစ်ကို့ကို ခေါ်သွားပေးရင် အခုကစပြီး ခင်များတို့တွေ ကျုပ်ကို ထိန်းချုပ်လို့ မရတော့ဘူးနော်…”
“ ငါက စကားမတည်မယ့်ကောင်နဲ့ တူနေလို့လား …”
“ ဒါဆို အခု သွားကြစို့ …”
လျိုလေ့ စိတ်လှုပ်ရှားသွားခဲ့သည်။ ဂေဟာကို သူ မမုန်းပေ။ ထိုအစား ၎င်းအပေါ် သူ့ခံစားချက်တို့က နက်နက်ရှိုင်းရှိုင်း ရှိသည်။ သူက ပျိုဖော်ဝင်ချိန် ကာလအပိုင်းအခြားကို ရောက်ရှိနေသောကြောင့်သာ ယခုလို ပုန်ကန်ဖီဆန်ချင်စိတ်တို့ ဖြစ်ပွားနေရခြင်း ဖြစ်၏။ ထိုအကြောင်းကို လင်းရီလည်း ကောင်းစွာ နားလည်သည်။
“ အမေ … အိမ်မှာနေလိုက် … ကျွန်တော် သူနဲ့ အပြင် ခဏလောက် လိုက်သွားပြီး ချက်ချင်း ပြန်လာခဲ့မယ် …”
“ အင်း … အပြင်သွားရင်လည်း ဂရုစိုက်ဦးနော်…”
လင်းရီလည်း လိုက်ပါမည်ဆိုသဖြင့် ဝမ်ချွေ့ပင်းလည်း စိုးရိမ်ခြင်း မဖြစ်မိတော့ပေ။
လင်းရီ ခေါင်းညိတ်ပြပြီး ကျီချင်းရန်ကို စကားအနည်းငယ် ပြောပေးပြီးနောက် လျိုလေ့နှင့်အတူ ထွက်ခွာလာခဲ့သည်။
“ နင် သူ့နောက် လိုက်သွားလို့ရတယ် … ဒါပေမယ့် ပြဿနာတော့ မဖန်တီးနဲ့… “ ကျီချင်းရန်က တီးတိုးပြောလာသည်။
“ အင်းပါ …”
“ အဲ့တာဆို သွားတော့ …”
ကျီချင်းရန်က သူမ၏ ဆံပင်ကို ညင်သာစွာ ပင့်သပ်လိုက်သည်။ လင်းရီ ဤမျှ စိတ်ရှည်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
သို့ပေမယ့်လည်း ယနေ့ခေတ် ကလေးများက အနည်းငယ် ထိန်းချုပ်ရ ခက်ခဲသည့်ပုံပင်။ သူတို့တွေက လင်းရီကိုပင် စိန်ခေါ်ဝံ့နေကြသည်။
နှစ်ယောက်သား ဂေဟာထဲက ထွက်လာခဲ့ကြပြီး အနီးနားရှိ ဘက်စ်ကား မှတ်တိုင်သို့သွားကာ ဘက်စ်ကားစောင့်သည်။
အနှီ ရင်းနှီးသယောင်ယောင်နှင့် စိမ်းသက်နေသည့် မြင်ကွင်းက လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးတက်သွားစေခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာစေသည်။
သူ ကျောင်းတက်စဉ်အခါကလည်း နေ့တိုင်းနေ့ ဘက်စ်ကား ရှိလေ့ရှိ၏။ တစ်ခါတစ်ရံ ပိုက်ဆံချွေတာပြီး မုန့်စားဖို့ ခရီးဝေးကြီးကို ခြေကျင်လျှောက်တတ်သည်။
သို့သော် ဤနှစ်များ တစ်လျှောက်တွင် ဘက်စ်ကား စီးဖို့ မဆိုထားနှင့်။ သူ့မှာ ရထားပင် မမြင်ဖူးတာ ကြာပြီ ဖြစ်၏။
“ အစ်ကိုရီ … ခင်များ အကြောင်းမရှိ ဘာတွေ ရယ်နေတာ …”
“ ဘက်စ်ကားစီးတဲ့ ဒိတ်ဒိတ်ကျဲကြီးကို တစ်ခါမှ မမြင်ဖူးလို့ပါကွာ …”
“ ကျုပ် အခုလောလောဆယ် ဘိုင်ပြတ်နေလို့ဗျ ….”
အပြင်လူများ မရှိသဖြင့် လျိုလေ့က အတော်လေး သက်တောင့်သက်သာ ဖြစ်သွားပြီး လင်းရီကို လွတ်လွတ်လပ်လပ် စကားပြောလာသည်။
“ မင်းမှာ ပိုက်ဆံမရှိတာတောင် ဘာတွေ အဲ့လောက်ထိ မာနကြီးနေတာ … မင်း အခုပုံစံက အဟုတ်ကြီးလိုလိုနဲ့ ….”
“ ငွေရေးကြေးရေးက အကြောင်းမဟုတ်ဘူး ….” လျိုလေ့က ဝင့်ကြွားသည့် ဟန်အမူအရာဖြင့် “ ကျုပ်မှာ အစွမ်းအစ လုံလုံလောက်လောက် ရှိနေသရွေ့ ၊ ကျုပ်က လုံလောက်အောင် ကြမ်းနေသရွေ့ ၊ နောင်ကျရင် ကျုပ်နောက်ကို လိုက်မယ့် လူတွေ ရှိလာမှာပဲ … အဲ့ခါကျရင် ငွေမရှိမယ့်အကြောင်း ပူစရာ လိုသေးလို့လား …”
“ အိုကေလေ … မင်းတို့ကောင်တွေမှာ ဘယ်လိုအစွမ်းအစတွေ ရှိလဲ ဒီနေ့ကြည့်ရင်း ငါလည်း တစ်ခါတည်း အမြင်ကျယ်ရတာပေါ့ …”
“ စောင့်သာ ကြည့်နေစမ်းပါ … ကျုပ်တို့ချင်းက ခေတ်တွေ တူတော့တာ မဟုတ်ဘူး …” လျိုလေ့က ထိုင်ခုံတွင် ထိုင်နေရင်း ပြောလိုက်ပြီး “ ခင်များကြီးနဲ့ အစ်ကိုကြီးတို့က အခု ဒိတ်အောက်နေတဲ့ကောင်တွေ ဖြစ်သွားပြီ …”