← Chapters

ငါတို့ရဲ့ လုပ်နည်းကိုင်နည်းတွေက မတူဘူး

Vol. 154 Ch. 2265

ငါတို့ရဲ့ လုပ်နည်းကိုင်နည်းတွေက မတူဘူး

Vol. 154 Ch. 2265

“ ဟုတ်ပြီ .. ဒီနေ့တော့ မင်းသွားတဲ့နောက် ငါ လိုက်မယ် ….”

မကြာမီ ဘက်စ်ကား ရောက်လာခဲ့ပြီး နှစ်ယောက်သား ကိုယ်စီ ဒင်္ဂါးများ ထည့်၍ ကားပေါ် တက်လိုက်ကြသည်။

ဘက်စ်ကားမှတ်တိုင် ခုနစ်ခု၊ ရှစ်ခုမျှ ဖြတ်သန်းပြီးနောက် သူတို့တွေ ကားပေါ်က ဆင်းလိုက်ကြ၏။

ရှေ့ကို တစ်ရာမီတာခန့်မျှ လမ်းလျှောက်ပြီးနောက် အိုဟောင်းသည့် လူနေရပ်ကွက် တစ်ခုအတွင်းသို့ ရောက်လာသည်။

ရန်မြို့က ပထမအဆင့် မြို့တော်ဖြစ်သော်ငြားလည်း အိုဟောင်းသည့် ရပ်ကွက်တစ်ချို့နှင့် အဆောက်အဦးဟောင်းတို့က ရှိနေသေးဆဲပင်။

သူ့ရှေ့ရှိ အုတ်နီခဲများသည့် ဆောက်လုပ်ထားသည့်အိမ်က အနည်းဆုံး သက်တမ်း သုံးဆယ်ကျော်ခန့် ရှိရမည်ဟု မှန်းဆကြည့်လိုက်။

“ သွားစို့ … နေရာ ရောက်ပြီ ….”

လျိုလေ့၏ ဦးဆောင်မှုနောက် လိုက်လာရင်း နှစ်ယောက်မှာ ဒုတိယထပ်ရှိ အခန်းတစ်ခုသို့ ရောက်လာခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် မီးခိုးငွေ့များက စုပြုံထွက်လာခဲ့သည်။

ကြည့်ရသည်မှာ အတွင်းတွင် လူတစ်အုပ်စုက အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံနေကြဟန်ရ၏။

လင်းရီ ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်တော့ လူ ခုနစ်ယောက် ၊ ရှစ်ယောက်မျှ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့ထဲ လေးယောက်က စီးကရက်များ သောက်နေကြပြီး ထိုအနက် နှစ်ယောက်က တက်တူးများလည်း ထိုးထားကြသည်။

“ သခင်လေးလေ့ … မင်း ရောက်လာပြီပေါ့ … ဟမ် … မင်းနဲ့ပါလာတဲ့ဘဲရီးက ဘယ်သူတုန်း …”

“ ငါ့အစ်ကို …” လျိုလေ့ ပြောလိုက်ပြီး “ အရင်က ငါတို့ မိသားစုက လျှပ်စစ် ဓာတ်အားပေး စက်ရုံနားမှာ နေတာလေ … ငါ့အစ်ကိုက အဲ့နားတစ်ဝိုက်မှာ ကျင်လည်ခဲ့တာပေါ့ ….”

“ လျှပ်စစ် ဓာတ်အားပေးစက်ရုံ အဲဘက်ခြမ်းနား ငါ သိတယ် …. အဲ့မှာ စုန့်ဖေးလို့ ခေါ်တဲ့ အစ်ကိုကြီး တစ်ယောက် ရှိတယ် … လမ်းက လူတိုင်းတော့ သူ့ကို အစ်ကို တဖေးလို့ ခေါ်ကြတာပဲ ….”

လင်းရီ ထိုစကား ပြောလာသူကို လှမ်းရှိုးလိုက်သည်။ ပုံပန်း သွင်ပြင်အရ လျိုလေ့နှင့် သူ့သူငယ်ချင်းများထက် နှစ်အနည်းငယ် ကြီးပုံရပြီး ဤလူအုပ်စု၏ ခေါင်းဆောင် ဖြစ်သည့်ပုံပင်။

လင်းရီ ခန့်မှန်းသည့်အတိုင်းပဲ သူ့ နာမည်က လီကျန်းဖြစ်ကာ ဤအုပ်စုငယ်လေး၏ ခေါင်းဆောင် ဖြစ်၏။

သို့ပေမယ့် အင်မတန် လုပ်ရည်ကိုင်ရည် ရှိနေသည်တော့မဟုတ်။ သူ့ နောက်လိုက်ငယ်သားများက လျိုလေ့ကဲ့သို့ အထက်တန်း ကျောင်းသားများသာ ဖြစ်သည်။ သူတို့ကို လင်းရီ အထင်ကြီးမိဖို့က ဝေးစွပင်။

လက် အညစ်ပတ်ခံပြီး ရိုက်နှက်ဖို့တောင် စိတ်ကူးမိမှာ မဟုတ်ပေ။

“ ငါ့အစ်ကိုကတော့ အဲ့လောက်ကြီး မဟုတ်ပါဘူး …” လျိုလေ့က လက်ဝှေ့ယမ်း၍ ပြောလိုက်ပြီး “ သူက ဒီတိုင်း လျှောက်လုပ်နေတာ … ငါ့လောက်တောင် မတော်ဘူး … မဟုတ်ရင် ဒီနေ့ ငါနဲ့ လိုက်လာခဲ့မှာတောင် မဟုတ်ဘူး ….”

“ အဆင်ပြေပါတယ် … ဘယ်သူပဲ လိုက်လာလိုက်လာ ၊ ငါတို့နဲ့တွေ့ရင် ငါတို့လူပဲလေ … ခဏလေးပဲစောင့် … ခဏနေကျရင် ငါတို့ ဒိတ်ဒိတ်ကျဲကြီးတစ်ယောက်နဲ့ သွားတွေ့ကြမယ် … မင်းတို့ကောင်တွေ အကုန်လုံး မျက်စိပွင့်နားပွင့် ဖြစ်ဖို့ ပြင်ထားလိုက်တော့ ….”

“ ကျန်းကြီး … မင်း ငါတို့ကို ဒီနေ့ တွေ့ဖို့ ဘာကြောင့် ခေါ်လိုက်လဲ မပြောရသေးဘူးနော်…” လျိုလေ့က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

အခြားသူများလည်း သူတို့မျက်ဝန်းထဲတွင် မျှော်လင့်စောင့်စားမှု ကိုယ်စီဖြင့် ကြည့်လာခဲ့ကြ၏။

“ တကယ်က .... စစ်မှန်တဲ့ ဒိတ်ဒိတ်ကျဲကြီး တစ်ယောက်နဲ့ တွေ့ဖို့ပဲ …” လီကျန်းက ဂုဏ်ဆာနေသည့် လေသံဖြင့် ပြောလိုက်သည်။

“ သူက အစ်ကိုကြီး တဖေးထက် ပိုပြီး အံ့ဩဖို့ကောင်းတာလား ….”

“ ယှဉ်ရက်စရာကို မရှိတာ …” လီကျန်းက ပြောလိုက်ပြီး “ အဲ့လူ ရှေ့မှောက်ရောက်ရင် အစ်ကိုကြီး တဖေးဆိုတာလည်း ဘာကောင်မှ မဟုတ်တော့ဘူး …”

“ လခွမ်း အဲ့လောက်ကြမ်းလားဟ …”

အာမေဋိတ်သံကိုယ်စီ ထွက်လာခဲ့ကြသည်။

သူတို့မျက်လုံးထဲတွင် အစ်ကိုကြီး တဖေးကဲ့သို့သော တစ်စုံတစ်ယောက်ကပင် အတော်လေး ဖြုံချင်စရာ ဖြစ်နေလေပြီ။

သို့သော် လီကျန်းက သူတို့ သွားတွေ့မည့်လူသည် အစ်ကိုကြီး တဖေးပင် ဘာကောင်မျှ မဟုတ်တော့သည့် လူဖြစ်နေသဖြင့် ထိုလူက မည်မျှအထိ အင်အားကြီးမားနေလိမ့်မည်နည်း။

“ ကျန်းကြီး … မင်းငါတို့ကို သိချင်အောင် မဆွနဲ့တော့ … ဒီနေ့ အပြင်ထွက်ရဖို့ အိမ်နဲ့တောင် စကားများလာခဲ့ရတာနော်…. ဘယ်သူနဲ့ တွေ့ရမှာလဲပဲ ပြောစမ်းပါကွာ ….”

လီကျန်းက လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးဖြင့် “ ဒီနေ့ … ငါ မင်းတို့ကို ကျောက်ကွမ်းလီနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ် …”

“ ကျောက်ကွမ်းလီ …”

“ ဖက်ခ် … လခွမ်း … တကယ် ….”

ကျောက်ကွမ်းလီ၏ နာမည်ကို ကြားတော့ ရှိနေကြသည့် လူများအားလုံး ကျိန်ဆဲမိလိုက်ကြပြီး စိတ်လှုပ်ရှားလာခဲ့ကြသည်။

“ ကျန်းကြီး … ကျောက်ကွမ်းလီဆိုတာ ရန်မြို့ရဲ ဘော့စ်ကို ပြောနေတာလား …”

“ မှန်တယ် … သူပဲ …” လီကျန်းက ဆန်းကြယ်သည့် လေထုများ သိုင်းရံရင်း “ မင်းတို့ကို ငါပြောပြမယ် … ကျောက်ကွမ်းလီဆိုတာ တကယ့် ဒိတ်ဒိတ်ကျဲ အကောင်ထွားထွားကြီးကွ … အစိုးရပိုင်းထဲမှာတောင် သူ့ချိတ်တွေက အများကြီးရှိတယ် … အဲ့လောက်တောင် အံ့ဩဖို့ကောင်းတဲ့လူ …”

“ ပြီးတော့ ငါ ကြားမိတာ သူ့လက်ထဲမှာ အသက်ပျောက်ခဲ့တဲ့ လူအရေအတွက်က မနည်းဘူး …”

“ တကယ် ….” ဆံပင်ခပ်ရှည်ရှည်နှင့် ကျောင်းသားတစ်ယောက်က မေးလိုက်သည်။

“ ဒါပေါ့ …. အမှန်ပဲ …” လီကျန်းပြောလိုက်ပြီး “ မင်းတို့တွေ ကျောက်ကွမ်းလီ ဘယ်လို နာမည်ကြီးလာလဲ သိကြလား … အရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်တုန်းက ဓားတစ်ယောက်ကိုင်ပြီး လူ နှစ်ဆယ်ကျော်ကို ဖြုတ်ခဲ့တာနော်… အဲ့တုန်းကတည်းက စပြီး ကျောက်ကွမ်းလီဆိုတာ ရန်မြို့မှာ သွားရှုပ်လို့မရတဲ့လူ ဖြစ်လာတာပဲ ….”

ဤလူများ ကျောက်ကွမ်းလီ အကြောင်း ပြောဆိုနေစဉ်တွင် လင်းရီမှာ ထိုနာမည်နှင့် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။

သူ့ မှတ်ဉာဏ်ထဲတွင် ရန်မြို့၏ ခေါင်းဆောင်က ဝူထျန်းဖူဟု အမည်တွင်သည့် အဘိုးကြီး တစ်ယောက် ဖြစ်ပုံပင်။ ထို့ပြင် သူ့ မွေးစားသားက ကျောက်ကွမ်းလီ ဖြစ်၏။

လင်းရီ မေးစေ့ကို ပွတ်သပ်ရင်း အတွေးနက်နေမိသည်။ သူ မှတ်မိသာ မှန်မည်ဆိုပါက ထိုငနဲသည် အတာ်လေး သူရဲဘောကြောင်လှ၏။ သို့ပေမယ့် ဤသို့သော ဂုဏ်သတင်းမျိုး ရှိနေသည်က အနည်းငယ် မယုံကြည်နိုင်စရာပင်။

“ နေစမ်းပါဦး ကျန်းကြီး … ငါ သိသလောက်ဆို ရန်မြို့ရဲ့ တကယ့်အကောင်က ဝူထျန်းဖူ မဟုတ်လား … သူနဲ့ ကျောက်ကွမ်းလီဆို ဘယ်သူက ပိုကြမ်းလဲ …” လျိုလေ့ မေးလိုက်သည်။

“ မင်းကတော့ တကယ့် ချက်ကောင်းကိုမှ မေးလာခဲ့တာပဲ …” လီကျန်းပြောလိုက်ပြီး “ တကယ်တော့ … ဝူထျန်းဖူနဲ့ ကျောက်ကွမ်းလီတို့က ဆွေမျိုးတွေ … ဘာလို့ဆို ကျောက်ကွမ်းလီဆိုတာ သူ့မွေးစားသားလေ … ဒီတော့ ဘယ်သူက ပိုကြမ်းလဲ မဲခွဲနေဖို့ မလိုဘူး ….”

“ ဒါပေမယ့် ငါတော့ ဝူထျန်းဖူက ပိုကြမ်းတယ်လို့ ထင်တယ် … ကျောက်ကွမ်းလီကိုတောင် မွေးစားသား လုပ်နိုင်တဲ့အထိ ဆိုတော့လေ …” လျိုလေ့ ပြောလိုက်၏။

“ သူတို့နှစ်ယောက်က ခေတ်ချင်း မတူဘူး… ကျောက်ကွမ်းလီ မြင့်တက်လာတာက ဝူထျန်းဖူရဲ့ အကူအညီကြောင့် … ဒီတော့ မင်း အဲ့လို စဉ်းစားမိတာလည်း မမှားပါဘူး …” လီကျန်း ပြောလိုက်ပြီး “ ဒါပေမယ့် ဝူထျန်းဖူက အခု အိုနေပြီ … ရန်မြို့ တစ်ခုလုံးကို ကျောက်ကွမ်းလီကပဲ ကြီးစိုးထားတာ … အခုအချိန်မှာ ကျောက်ကွမ်းလီကမှ တကယ့်အကောင် … တကယ့်ဘော့စ် … ပြီးတော့ ဒီနေ့ည ငါတို့ သွားတွေ့မှာလည်း သူ့ကိုပဲ ….”

“ ဒါဆိုလည်း အခု သွားကြစို့ .. ငါ မစောင့်နိုင်တော့ဘူး ….” လျိုလေ့ ပြောလိုက်သည်။ “ အဲ့လို ပုဂ္ဂိုလ်ကြီးတွေဆိုတာ နေ့တိုင်းနေ့တွေ့နိုင်တဲ့လူတွေမှ မဟုတ်တာ ….”

သူတို့စိတ်ထဲတွင် .. ပုံမှန်ဆိုပါက ကျောက်ကွမ်းလီကဲ့သို့သော လူစားမျိုးကို သူတို့တွေ တစ်သက်လုံး ကြိုးစားလျှင်ပင် မတွေ့နိုင်သည့်လူ ဖြစ်သည်။

သို့သော် ယခု … အခွင့်အရေး ရလာပြီ ဖြစ်သဖြင့် တန်ဖိုးထားရပေမည်။

လီကျန်း သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး လက်ထဲရှိ စီးကရက်ကို ဖိနပ်ဖြင့် ဖိချေလိုက်၏။ ထို့နောက် လက်ဝှေ့ယမ်းပြလိုက်သည်။

“ လစ်စို့ … ငါတို့ စောစီး သွားမှ … မဟုတ်ရင် မတွေ့ဖြစ်လိုက်ဘဲ နေဦးမယ် ….”

“ မြန်မြန် … ဒီအခွင့်အရေးကြီးကိုသာ လက်လွှတ်လိုက်ရလို့ကတော့ ငါတော့ သေတဲ့အထိ နောင်တရနေတော့မှာပဲ …”

အုပ်စုက တံခါးဝသို့ အလျင်အမြန်သို့ ပြေးထွက်သွားကြပြီး လင်းရီလည်း နောက်က လိုက်ပါလာခဲ့သည်။ အတော်လေးလည်း ရယ်ချင်နေမိ၏။

“ အစ်ကိုရီ … ဘယ်လိုနေလဲ …” လျိုလေ့က ဘဝင်ခိုက်သည့် အမူအရာဖြင့် “ ခင်များကြီး ငယ်တုန်းက ဒီလို အခွင့်အရေးမျိုးတွေ မရှိခဲ့ဘူးမလား … ရှိခဲ့လို့လား …”

“ အင်း … တကယ်လည်း မရှိခဲ့ဘူး …” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။

“ အဲ့တာပဲလေ … အချိန်တွေ မတူ၊ ခေတ်တွေ ပြောင်းသွားပြီ .. ပြီးတော့ ခင်များနဲ့ အစ်ကိုကြီးက ဒိတ်အောက်နေပြီ …” လျိုလေ့ ပြောလိုက်ပြီး “ အရင်တုန်းက ခင်များကြီးတို့ သိတာဆိုလို့ နေ့တိုင်းနေ့ တိုက်ခိုက်ဖို့ပဲ … ဘာနည်းဗျူဟာမှလည်း မရှိ၊ အခု ကျုပ်တို့ကို ကြည့်လိုက် … ကျုပ်တို့ချင်းက လမ်းချင်းမတူဘူး … မြင်လား …”

လင်းရီ “ …. “

ပြောစရာ ကင်းမဲ့သွားခဲ့ရ၏။

“ ဘယ်လို လမ်းချင်း မတူတာ …”

“ ခင်များတို့တုန်းက တိုက်ခိုက်ပြီးရင်း တိုက်ခိုက်နေတာ ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်ခိုက်တယ်ဆိုတာက လက်ပါးစေတွေရဲ့ အလုပ် … အခု ကျုပ်တို့ကို ကြည့်လိုက်… ကျုပ်တို့က ဘော့စ် တစ်ယောက် ဖြစ်မယ့် လမ်းကြောင်းကို လျှောက်လှမ်းနေကြတာ … ကျုပ်တို့ရဲ့ အနာဂတ်ချင်းလည်း တူမှာ မဟုတ်ဘူး … ခင်များကြီးတို့ ပြောပြောနေတဲ့ vision ဆိုတာ ဒါပဲလေ …”

ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း လင်းရီ ပြောလိုက်သည်။ “ အဲ့တာကြောင့်လည်း အမြင်ကျယ်ရအောင် မင်းနဲ့ ဒီနေ့ လိုက်ခဲ့တာပဲ မဟုတ်လား …”

“ မြန်မြန် မြန်မြန် … အခွင့်အရေး လွတ်သွားဦးမယ် …”

အုပ်စုမှာ အိမ်က ထွက်လာခဲ့ပြီးနောက် ဘက်စ်ကား မှတ်တိုင်သို့ ထွက်လာခဲ့ကြသည်။

လင်းရီ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့ရ၏။ ဘော့စ်တစ်ယောက် ဖြစ်လာမယ့် လမ်းကို လျှောက်လှမ်းနေကြတဲ့လူတွေလည်း ဘက်စ်ကားစီးရတဲ့ ဒုက္ခက မလွတ်မြောက်နိုင်ပါလားနော်။

ဘော့စ် ဖြစ်ရတာ ဘာမှလည်း မဟုတ်သလိုပါပဲ။

ဘက်စ်ကားမှတ်တိုင် ခုနစ်ခု၊ ရှစ်ခုခန့် ကျော်ဖြတ်ပြီးနောက် အုပ်စုက ဝမ်တကျားဟွာ ဟိုတယ်နားတွင် ဆင်းလိုက်ကြသည်။ ထို့နောက် မနီးမဝေးရှိ ပန်းခင်းအုတ်ခုံလေးနားတွင် ထိုင်ချလိုက်ကြ၏။

“ ငါတို့ ကျောက်ကွမ်းလီနဲ့ တွေ့ကြမှာ မဟုတ်ဘူးလား … ဘာလို့ ဒီမှာ ထိုင်နေကြတာ …” လင်းရီ နားဝေတိမ်တောင် ဖြစ်စွာ မေးခွန်းထုတ်လိုက်သည်။

“ ဒီကနေ ကြည့်မှာပဲလေ …” လီကျန်းပြောလိုက်ပြီး “ ငါကြားတာ သူတို့ ဟိုတယ်ထဲမှာ ထမင်းစားနေကြတယ်ဆိုပဲ … အပြင်ထွက်လာရင် သူတို့နဲ့ တွေ့လို့ရပြီ …”

လင်းရီ “ …… “

အနာဂတ်ရဲ့ ဘော့စ်အလောင်းအလျာလေးတွေက ဘယ်လို နှိမ့်နှိမ့်ချချ နေရမလဲ တကယ်သိကြတာပဲ …

စာစဉ် (၁၅၄) ပြီး၏။

All Chapters