← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang'e

တုပိုင် နိုင်ပွဲ၏ သော့ချက်ပုဂ္ဂိုလ်မှာ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်း ဖြစ်သည်။ သူဘာကြောင့် မဲမပေးဘဲ နေခဲ့ရသလဲဆိုသည်ကို ရှာဖွေပြီး သူ့ဆုံးဖြတ်ချက် ပြောင်းလဲသွားအောင် လုပ်ဆောင်ရမည်ဖြစ်၏။

တုပိုင်သည် လီဝမ်ဟွေ့ကို ချက်ချင်း သွားရောက်တွေ့ဆုံပြီး ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ လျူဝူဟွမ်းကို သတိထားရမယ်။ သူ့ရပ်တည်ချက် ပြောင်းသွားနိုင်တယ်။"

လီဝမ်ဟွေ့၏ မျက်နှာမှာ မီးခဲပြာကျသကဲ့သို့ ဖြစ်နေပြီး မျက်နှာကြွက်သားများ အနည်းငယ် တုန်နေလျက် ပြောလိုက်သည်။

"နောက်ကျသွားပြီ။ လျူဝူဟွမ်းရဲ့ တရားမဝင် အမွှာကလေးနှစ်ယောက် ပျောက်သွားပြီ။"

အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်ခဲ့သည်။ လီဝမ်ဟွေ့သည် လျူဝူဟွမ်း၏ တရားမဝင် သားသမီးများ အပါအဝင် မိသားစုဝင်များကို ကာကွယ်ရန် လူများကို ချက်ချင်း စေလွှတ်ခဲ့သည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ဤကိစ္စအတွက် အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး လျူဝူဟွမ်း၏ မိသားစုကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြသည်မှာ ထင်ရှားသည်။

အမိန့်တစ်ချက်ပေးလိုက်ရုံဖြင့် လျူဝူဟွမ်း၏ တရားမဝင် သားသမီးများကို ပြန်ပေးဆွဲနိုင်ခဲ့ကြသည်။

"ငါ လျူဝူဟွမ်းရဲ့ တရားမဝင် ကလေးတွေကို ရှာဖို့ စစ်သည် ၁,၀၀၀ ကျော် စေလွှတ်ထားပြီးပြီ။ ပြီးတော့ ဘုရင်ခံလော့ဝမ်ရဲ့ သားအကြီးဆုံးကိုလည်း ငါဖမ်းထားလိုက်ပြီ။" လီဝမ်ဟွေ့က ဆက်ပြောသည်။ "စွဲချက်ကတော့ အစိုးရနဲ့ အရှင်မင်းကြီးကို ဝေဖန်မှုပဲ။"

တုပိုင်က ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒါက အသုံးမဝင်ဘူး မဟုတ်လား။ လော့ဝမ်က သူ့ရပ်တည်ချက်ကို လုံးဝ ပြောင်းမှာမဟုတ်ဘူး။"

"ဟုတ်တယ်။" လီဝမ်ဟွေ့က ပြောလိုက်သည်။ "အရာရှိတစ်ယောက်က ဒီလိုအဆင့်ကို ရောက်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ကျန်တာအကုန် စွန့်လွှတ်နိုင်တဲ့သူတွေချည်းပဲ။ သူက လျူဝူဟွမ်းလို သားသမီးအသက်ကို တန်ဖိုးထားတဲ့သူ မဟုတ်ဘူး။"

တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို နှစ်တိုင်း ဒီပြိုင်ပွဲလာဖို့ ဖိတ်ကြားတယ် မဟုတ်လား။"

"ဟုတ်တယ်..." လီဝမ်ဟွေ့က ပြောလိုက်သည်။ "ဒါပေမဲ့ ကျန်းနန်နယ်စားမင်းက အရမ်းမောက်မာတယ်။ ဒီပြိုင်ပွဲက ကလေးကစားစရာပွဲ ဆိုပြီး ပြောင်ပြောင်တင်းတင်း ငြင်းပယ်လေ့ရှိတယ်။"

တုပိုင်က ပြောလိုက်သည်။

"ငွေသား ၅ သောင်းယူပြီး သူ့ကို သွားတွေ့ပါ။ မနက်ဖြန်ပြိုင်ပွဲကို လာရောက်ပြီး အဓိကဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုရမယ်။"

လီဝမ်ဟွေ့က ပြောလိုက်သည်။

"သူလာခဲ့ရင်တောင် ငါတို့ကို လုံးဝ မျက်နှာလိုက်မှာ မဟုတ်ဘူး။ သူ့ဂုဏ်သိက္ခာက ငွေသား ၅ သောင်းထက် အများကြီး ပိုတန်ဖိုးရှိတယ်။"

တုပိုင်က ပြောလိုက်သည်။

"သူလာဖို့ပဲ လိုတာပါ။ ကျွန်တော်တို့ လိုအပ်တာက သူ့ရဲ့ တရားမျှတမှုပဲ။"

လီဝမ်ဟွေ့က ပြောလိုက်သည်။

"ဒါဆိုရင် မင်းရဲ့ ပန်းချီကားနဲ့ ကျန်းနန်နယ်စားမင်းကို အောင်နိုင်မှ ဖြစ်မယ်။ သူက လေညင်းတွေ၊ ပန်းပွင့်တွေ၊ နှင်းတွေ၊ တောင်တွေ၊ မြစ်တွေပါတဲ့ ပန်းချီကားမျိုးကို မကြိုက်ဘူး။ စစ်ပွဲနဲ့ မြင်းပုံတွေပါတဲ့ ပန်းချီကားတွေကိုတောင် မကြိုက်ဘူး။ အတိုချုပ်ပြောရရင် သူက စာလုံးအလှနဲ့ ပန်းချီကား ဘယ်အရာကိုမှ မကြိုက်ဘူး။ သူအနှစ်သက်ဆုံးအရာက သိုင်းပညာနဲ့ စစ်ရေးဗျူဟာပဲ။"

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"နားလည်ပါပြီ။ ကျန်းနန်နယ်စားမင်းကို အကြွင်းမဲ့ အောင်နိုင်မယ့် ပန်းချီကားတစ်ချပ် ဖန်တီးနိုင်အောင် ကျွန်တော် နည်းလမ်းရှာပါ့မယ်။"

လီဝမ်ဟွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီ။ ငါ လျန်ကျိုးစီရင်စုမှာရှိတဲ့ ကျန်းနန်နယ်စားမင်း အိမ်တော်ကို အခုချက်ချင်း သွားလိုက်မယ်။"

ထိုသို့ပြောပြီးနောက် လီဝမ်ဟွေ့သည် အချိန်လုံးဝမဆွဲဘဲ မိုင်ပေါင်းရာချီ ဝေးကွာသော လျန်ကျိုးစီရင်စုသို့ ချက်ချင်း ထွက်ခွာသွားလေသည်။

သူသည် တုပိုင်ကို မည်သည့်ပန်းချီကားဖြင့် ကျန်းနန်နယ်စားမင်းကို အနိုင်ယူမည်နည်းဟုပင် မမေးမြန်းခဲ့ပေ။ သူ တုပိုင်ကို အပြည့်အဝ ယုံကြည်လေသည်။

**--**--**--**--**--**--**--**

တုပိုင်သည် အခန်းထဲသို့ ပြန်ဝင်လာပြီး မနက်ဖြန် ဖန်တီးမည့် လက်ရာမွန်ဖြင့် တောင်ပိုင်းအင်ပါယာ၏ တိုင်မဏ္ဍိုင်ဖြစ်သော ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို မည်သို့ အနိုင်ယူရမည်နည်းဟု စဉ်းစားခန်းဖွင့်နေလေသည်။

ဖူချွန်းတောင်တန်းတွင် နေထိုင်ခြင်း ပန်းချီကားသည် သေချာပေါက် အသုံးမဝင်ပေ။ ဆုန်ချွဲက လုံးဝ ကြိုက်မည်မဟုတ်ချေ။ မြင်းတစ်ရာ ပန်းချီတွင် မြင်းပုံများ ပါဝင်သော်လည်း သူ ကြိုက်နှစ်သက်ဦးမည် မဟုတ်ချေ။

ဆုန်ချွဲသည် အနုပညာဆန်သော ပန်းချီကားမှန်သမျှကို မနှစ်သက်ပေ။ သူ့စိတ်တိုင်းကျမည့် ပန်းချီကားကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ့၏စိတ်ကို အနိုင်ယူဖို့ဆိုသည်မှာ ဝေလာဝေးဖြစ်သည်။

တုပိုင် ဦးနှောက်ခြောက်အောင် စဉ်းစားနေရင်း ရုတ်တရက် မျက်လုံးများ အရောင်တောက်ပလာလေသည်။

'ဟုတ်ပြီ။ အဲဒါပဲ။'

တိုပိုင်စဥ်းစားမိသည်မှာ တာ့နင်မင်းဆက်နှင့် အရှေ့အာရှတစ်ခုလုံး ပါဝင်သော အသေးစိတ်ကျပြီး တိကျမှန်ကန်သည့် မြေပုံကြီးပင် ဖြစ်သည်။

ခေတ်သစ်ကာလတွင် မြေပုံများသည် အဆန်းမဟုတ်သော်လည်း ရှေးခေတ်ကာလတွင်မူ အမျိုးသားရတနာအဖြစ် သတ်မှတ်ခံရပြီး တိကျပြည့်စုံသော မြေပုံတစ်ခုသည် ဧကရာဇ်မင်းမြတ်ထံ ဆက်သရန် လုံလောက်သော လက်ဆောင်မွန် ဖြစ်သည်။

တုပိုင်သည် ရှေးဟောင်းမြေပုံများကို မြင်ဖူးသော်လည်း ထိုမြေပုံများမှာ အလွန်အကြမ်းဆန်ပြီး အမှားအယွင်းများစွာ ပါဝင်နေသဖြင့် ရယ်ချင်စရာပင် ကောင်းနေတတ်သည်။ ဤသည်မှာ တရုတ်မြေပုံများသာမက အနောက်တိုင်းမြေပုံများလည်း ထိုနည်းလည်းကောင်းပင် အမှားအယွင်း များပြားလှသည်။

ခေတ်သစ် ပထဝီဝင် တိုင်းတာမှုနှင့် ရှာဖွေလေ့လာမှု နည်းပညာများ ပေါ်ပေါက်လာပြီးမှသာ မြေပုံများသည် တိကျမှန်ကန်မှု ရှိလာခြင်းဖြစ်သည်။ အတိကျဆုံး မြေပုံများဆိုလျှင် ဂြိုဟ်တုမြေပုံနည်းပညာ ဖွံ့ဖြိုးလာမှသာ ရရှိနိုင်သည်။

တာ့နင်မင်းဆက်ကို ဥပမာထားကြည့်ရလျှင် ဧကရာဇ်ထိုက်ကျူသည် လူအင်အား သောင်းချီ အသုံးပြုပြီး ၃ နှစ်ကြာအောင် တာ့နင်မင်းဆက်၏ မြေပုံကို ရေးဆွဲစေခဲ့သည်။ သို့သော် တုပိုင်အမြင်တွင် ထိုမြေပုံသည် အလွန်အကြမ်းဆန်ပြီး မတိကျသေးပေ။

အကယ်၍ တုပိုင်သာ တိကျသော မြေပုံတစ်ခုကို ရေးဆွဲနိုင်ပါက ထိုမြေပုံသည် အကြွင်းမဲ့ လက်နက်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ စိတ်ကိုချက်ချင်း အောင်နိုင်ပေလိမ့်မည်။

အိပ်မက်ထဲသို့ ဝင်ရောက်လိုက်သောအခါ တုပိုင်သည် ဝတ်ရုံဖြူဝတ် အဘိုးအိုကို ထပ်မံတွေ့လိုက်ရသည်။

တုပိုင်က ပြောလိုက်သည်။

"ကျွန်တော် တာ့နင်မင်းဆက်ရဲ့ မြေပုံကို လိုချင်ပါတယ်။ အရှေ့မြောက်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ သမုဒ္ဒရာတွေ အကုန်ပါတဲ့ အလွန်တိကျတဲ့ မြေပုံကြီးကို လိုချင်တာပါ။"

ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

"ရပါတယ်။ ဒါပေမဲ့ တစ်ညတည်းနဲ့ အိပ်မက်ထဲမှာ အလွတ်ကျက်ပြီး ကူးယူဖို့ဆိုတာ မင်းအတွက် အရမ်းခက်ခဲလိမ့်မယ်။"

သေချာပေါက် ခက်ခဲမည်ဖြစ်သည်။ ဤမြေပုံသည် အနုပညာဖန်တီးမှု မဟုတ်ဘဲ အကြွင်းမဲ့ တိကျမှန်ကန်မှုကို လိုအပ်သောကြောင့် ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။

"၁၀၀ ရာခိုင်နှုန်း တိကျစရာ မလိုပါဘူး။ ၉၀ ရာခိုင်နှုန်းလောက်ဆိုရင်ပဲ ပရိသတ်ကို တုန်လှုပ်သွားစေဖို့ လုံလောက်ပါပြီ။"

အဘိုးအိုက ပြောလိုက်သည်။

"ဒါက ဧကရာဇ်ဆီ တိုက်ရိုက်ဆက်သလို့ရတဲ့ အမျိုးသားရတနာတစ်ခုပဲ။ မင်းဒါကို မနက်ဖြန် တကယ်ထုတ်ပြမှာလား။ ထုတ်ပြလိုက်တာနဲ့ ဒါက ကျန်းနန်နယ်စားမင်းကနေ ဧကရာဇ်ဆီ ဆက်သတဲ့ လက်ဆောင် ဖြစ်သွားလိမ့်မယ်။"

တုပိုင်က ပြောလိုက်သည်။

"လောလောဆယ် ကျွန်တော့်အတွက်တော့ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုဆိုတာ အရမ်းဝေးကွာလွန်းနေပါသေးတယ်။"

အဘိုးအိုက ပြောလိုက်သည်။

"ဒါဆိုရင်လည်း ပြီးတာပါပဲ။"

ထို့နောက် ဝတ်ရုံဖြူဝတ် အဘိုးအိုသည် စုတ်တံအသေးစားကို ကိုင်လိုက်ပြီး ဧရာမ ရွှမ်စက္ကူကြီးပေါ်တွင် တာ့နင်မင်းဆက်၏ တိကျသော မြေပုံကို စတင်ရေးဆွဲလေတော့သည်။

အပိုင်း (၆၁) ပြီး။

ကုန်းကုန်းဧကရာဇ် အပိုင်း (၆၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုမြေပုံသည် အလွန်ရှုပ်ထွေးပြီး အသေးစိတ်ကျသော လက်ရာတစ်ခု ဖြစ်သော်လည်း အဘိုးအိုသည် အလွန်လျင်မြန်စွာ ရေးဆွဲပြီး ၂ နာရီအတွင်း အပြီးသတ်လိုက်သည်။

ဤမြေပုံသည် လုံးဝ ပြီးပြည့်စုံနေသည်။ လမ်းတိုင်း၊ တောင်တန်းတိုင်းနှင့် စီရင်စုတိုင်းကို ရှင်းလင်းစွာ အမှတ်အသား ပြုထားသည်။

လက်ရှိရှိနေသော တာ့နင်မင်းဆက်၏ မြေပုံများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပြီး စစ်မှန်သော အမျိုးသားရတနာ တစ်ခုပင် ဖြစ်သည်။

ထို့နောက် တုပိုင်သည် ၁၀ ဆ ပိုမိုသာလွန်နေသည့် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးပြုပြီး အသေးစိတ်အချက်အလက်တိုင်းကို မှတ်သားရန် အသည်းအသန် ကြိုးစားလေတော့သည်။

အခြားသူသာဆိုလျှင် ဦးနှောက်စွမ်းရည် ၁၀ ဆ ရှိလျှင်ပင် မှတ်မိရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူသည် ခေတ်သစ်ကမ္ဘာမြေမှ လာသူဖြစ်ပြီး တရုတ်ပြည်မြေပုံသည် သူ့စိတ်ထဲတွင် စွဲထင်နေပြီးသား ဖြစ်သည်။ တာ့နင်မင်းဆက်၏ မြေပုံသည် တရုတ်ပြည်မြေပုံနှင့် ထပ်တူမကျသော်လည်း တူညီမှုများမှာ အလွန်များပြားလှသည်။

အိပ်မက်ထဲတွင် ၁၀ နာရီသည် လက်တွေ့တွင် ၁၀ ရက်ခန့်နှင့် ညီမျှသည်။ တုပိုင်သည် တာ့နင်မင်းဆက် မြေပုံကို ရူးသွပ်သွားတော့မတတ် အလွတ်ကျက်မှတ်နေပြီး စီရင်စုနှင့် ခရိုင်တစ်ခုစီ၊ ပတ်ဝန်းကျင် နိုင်ငံများရှိ မြို့များ၊ စီရင်စုနယ်နိမိတ် ပုံသဏ္ဌာန်များနှင့် တာ့နင်မင်းဆက် နယ်နိမိတ်မျဉ်း၏ အသေးစိတ်အချက်အလက်တိုင်းကို မှတ်မိရန် ကြိုးစားနေလေသည်။

မြေပုံတွင် အချက်အလက်ပေါင်း ထောင်ချီ ပါဝင်နေပြီး သာမန်လူတစ်ယောက်အတွက် မှတ်မိရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် အိပ်မက်ထဲတွင် တုပိုင်၏ ဦးနှောက်စွမ်းရည်သည် သာမန်လူထက် ၁၀ ဆ ပိုမိုကောင်းမွန်နေသည်။ အလွန်ခက်ခဲသော်လည်း ရက်ပေါင်းများစွာ ညပေါင်းများစွာ ကြာပြီးနောက်တွင် တုပိုင်သည် တာ့နင်မင်းဆက် မြေပုံတစ်ခုလုံးကို အလွတ်မှတ်မိသွားလေသည်။

နောက်တစ်ဆင့်အနေဖြင့် ဤမြေပုံကို အိပ်မက်ထဲတွင် ပြန်လည်ရေးဆွဲရမည်။ မူရင်းမြေပုံကို လိပ်သိမ်းလိုက်ပြီးနောက် တုပိုင်သည် စုတ်တံအသေးစားကို ကိုင်ကာ ပြန်လည်ရေးဆွဲလေသည်။ မြေပုံကို ပြန်စဉ်းစားရင်း ဆွဲရသောကြောင့် လုပ်ငန်းစဉ်မှာ အလွန်နှေးကွေးသည်။

ပထမဆုံးမြေပုံ ပြီးစီးသွားသောအခါ ၁၂ နာရီတိတိ ကြာမြင့်သွားသည်။ ဆိုလိုသည်မှာ တုပိုင်အနေဖြင့် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်ပြီး တာ့နင်မင်းဆက် မြေပုံကို ဆွဲမည်ဆိုလျှင် ၁၂ နာရီတိတိ ကြာမြင့်မည်ဖြစ်ပြီး အချိန်အလွန်ကြာလွန်းနေသည်။

ထို့ကြောင့် တုပိုင်သည် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်မံလေ့ကျင့်လေသည်။ တတိယအကြိမ်တွင်မူ ရေးဆွဲချိန်ကို ၅ နာရီအထိ လျှော့ချနိုင်ခဲ့သည်။ အနည်းငယ် ကြာနေသေးသော်လည်း လုံလောက်ပြီဟု ယူဆရသည်။

ထို့အပြင် သူထပ်မံလေ့ကျင့်ချင်လျှင်ပင် အခွင့်အရေး မရှိတော့ပေ။ အချိန်ကုန်သွားပြီဖြစ်ကာ အိပ်မက်အချိန် ပြီးဆုံးသွားပြီး အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်သည်။

မိန်းမစိုးလေးက သူ့ကို ဂရုတစိုက် လာနှိုးပြန်သည်။

“သခင်လေး။ ပြိုင်ပွဲစဖို့ ၁၅ မိနစ်ပဲ လိုပါတော့တယ်။”

တုပိုင် အိပ်ရာမှ အမြန်ထပြီး မျက်နှာသစ်ကာ မနက်စာကို အမြန်ဆုံး စားသောက်လိုက်သည်။ သူ မနက်စာ တစ်ဝက်လောက် စားပြီးချိန်တွင် လီဝမ်ဟွေ့သည် ခရီးပန်းလာသော ပုံစံဖြင့် ဝင်ရောက်လာလေသည်။

မနေ့ညက သူသည် ၁၀ နာရီကြာ ခရီးနှင်ခဲ့ပြီး လီ ၈၀၀ ကျော်ခရီးကို သွားရောက်ခဲ့ရာ လျန်ကျိုးစီရင်စုသို့ အသွားအပြန် ခရီးစဉ်အတွင်း စစ်မြင်းအများအပြား မောပန်း၍ သေဆုံးခဲ့ရသည်။

“ကျန်းနန်နယ်စားမင်းက လာဖို့ သဘောတူလိုက်ပြီ။ ဒါပေမဲ့ သူ့ရဲ့ စစ်ရေးကိစ္စတွေ ပြီးမှ လာမှာ။ အချိန်မီ ရောက်မရောက်ကတော့ ကံတရားပေါ့ကွာ။” လီဝမ်ဟွေ့က ဆက်ပြောသည်။ “ပြီးတော့ သူက ဘယ်သူ့ကိုမှ မျက်နှာလိုက်မှာ မဟုတ်ဘူး။ တကယ်လို့ မင်းရဲ့ ပန်းချီကားကို သူသဘောမကျရင် သူက မဲမပေးဘဲ နေလိုက်မှာ။”

ငွေသား ၅ သောင်းသည် ကျန်းနန်နယ်စားမင်း၏ မဲမပေးဘဲနေခြင်း တစ်ကြိမ်ကိုသာ ဝယ်ယူနိုင်ခဲ့ကာအလွန်ကြီးမားသော တန်ဖိုးပင်ဖြစ်လေ၏။

သို့သော် ဤဧရာမ လောင်းကစားပွဲကြီး စတင်လိုက်ပြီဖြစ်ရာ ၃၀ ရာခိုင်နှုန်းက ကိုယ့်အပေါ်မူတည်ပြီး ၇၀ ရာခိုင်နှုန်းက ကံတရားအပေါ် မူတည်နေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တုပိုင် ရေးဆွဲမည့် တာ့နင်မင်းဆက် မြေပုံသည် အမျိုးသားရတနာတစ်ခုဖြစ်ပြီး ယခင်က အချစ်ရေး ပန်းချီကားများထက် များစွာ သာလွန်ကောင်းမွန်သည်။ ဤပန်းချီကားသည် ကျန်းနန်နယ်စားမင်း၏ စိတ်ကိုသေချာပေါက် အောင်နိုင်ပေလိမ့်မည်။ သူသာ အချိန်မီ ရောက်လာပါက တုပိုင် သေချာပေါက် အနိုင်ရမည်။

တုပိုင်သည် မနက်စာကို အမြန်လက်စသတ်ပြီး မတ်တတ်ရပ်ကာ ခန်းမဆောင်ကြီးဆီသို့ သွားရောက်၍ တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ၏ နောက်ဆုံးနေ့ ယှဉ်ပြိုင်မှုကို ပါဝင်လေတော့သည်။ လီဝမ်ဟွေ့၏ ကံကြမ္မာနှင့် တုပိုင်၏ ကံကြမ္မာကိုပါ အဆုံးအဖြတ်ပေးမည့် လောင်းကစားပွဲကြီးသည် တရားဝင် စတင်သည်မှာ ယနေ့ပင်ဖြစ်လေ၏။

**--**--**--**--**--**--**--**

“ကွမ်ရှီးပြည်နယ် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ကို တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။”

တုပိုင်နှင့် လီဝမ်ဟွေ့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့် ရောက်ရှိလာပြီဖြစ်၏။

တုပိုင်သည် သူ့နေရာသို့ ရောက်ရှိလာပြီး ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။ လျူဝူဟွမ်း၏ မျက်နှာ ဖြူဖျော့နေပြီး အာရုံလွင့်ပါးနေသည်ကို တွေ့လိုက်ရသဖြင့် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရသည်။

ဤအချိန်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် လျူဝူဟွမ်း၏ ပျောက်ဆုံးနေသော အမွှာကလေးနှစ်ယောက်ကို ရှာဖွေကယ်ဆယ်ရန် လူပေါင်းရာချီ စေလွှတ်ထားသော်လည်း အောင်မြင်မှု ရမရ မသေချာသေးပေ။ ဤတရားမဝင် ကလေးများ၏ တည်နေရာသည် တုပိုင်၏ အိပ်မက်ထဲတွင်လည်း ပေါ်မလာခဲ့ပေ။

ထို့ကြောင့် မျှော်လင့်ချက်အားလုံးသည် ကျန်းနန်နယ်စားမင်းအပေါ်တွင်သာ မူတည်နေပြီး သူ အချိန်မီ ရောက်လာရန် ဆုတောင်းရမည်။ သူသာ ရောက်လာပါက တုပိုင်၏ တာ့နင်မင်းဆက် မြေပုံသည် အနိုင်ယူရန် လုံလောက်သည်ဟု ယုံကြည်ထားသည်။

ယနေ့တွင် တုပိုင်သည် ပြိုင်ဘက် ၁၀ ဦးကို နောက်တစ်ကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။ နန်ဟိုင်သိုင်းသင်တန်းကျောင်းနှင့် လီကျန်းအကယ်ဒမီ နှစ်ခုစလုံးသည် ယနေ့ ရိုးရာပန်းချီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၁၀ ဦးစီ စေလွှတ်ထားကြသည်။

တုပိုင်အတွက် ပြိုင်ဘက်အစစ်က တစ်ယောက်တည်းသာ ရှိသည်။ ထိုလူမှာ ချွေ့ဖူပင် ဖြစ်သည်။

ထို့အပြင် ယနေ့တွင် ပရိသတ် အရေအတွက်မှာ ထူးထူးခြားခြား များပြားနေသည်။ ဤဧရာမ လောင်းကြေးအကြောင်းသည် နန်နင်းမြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နာမည်ရှိသော ပုဂ္ဂိုလ်တိုင်းလိုလို လာရောက်ကြကာ ဤအဆုံးသတ် တိုက်ပွဲကို လက်လွတ်မခံချင်ကြပေ။

ထို့အပြင် တစ်ရက်တည်းအတွင်းမှာပင် တုပိုင်၏ ဂုဏ်သတင်းသည် နန်နင်းစီရင်စု တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကွမ်ရှီးပြည်နယ် တစ်ခုလုံးသို့ပါ ဆက်လက်ပျံ့နှံ့နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၃ ရက်တာအတွင်း သူ၏ စွမ်းဆောင်ရည်မှာ အမှန်တကယ် အံ့မခန်းဖြစ်ခဲ့ပြီး အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် လူတိုင်းလိုလို တုပိုင်၏ လက်ရာကို လာရောက်ကြည့်ရှုလိုကြပြီး သူ မည်သို့သော အံ့ဖွယ်စွမ်းဆောင်ရည်မျိုးကို ထပ်မံပြသဦးမည်နည်း။ ဖြေရှင်း၍မရနိုင်ဟု ထင်ရသော ဤအကျပ်အတည်းမှ မည်သို့ ရုန်းထွက်မည်နည်း ဆိုသည်ကို စောင့်ကြည့်ချင်နေကြသည်။

“ဒေါင်။”

ခေါင်းလောင်းသံ မြည်လာသည်နှင့် တပြိုင်နက် လူတိုင်း ပန်းချီ စတင်ဆွဲကြလေတော့သည်။

အပိုင်း ၆၂ ပြီး။

All Chapters