← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၆၅)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဤဒိုင်လူကြီး လေးဦးသည် လုံးဝ သဘောထားကွဲလွဲနေကြပြီး သူတို့၏ ငြင်းခုံမှုများသည် ထပြီးထိုးကြိတ်ကြတော့ မလိုဖြစ်နေသည်။

ထို့နောက် မျက်လုံးအားလုံးသည် နောက်ဆုံးအဆုံးအဖြတ်ပေးမည့်သူ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းထံသို့ ရောက်ရှိသွားကြသည်။ မနေ့က တရားမျှတမှုကို စွဲကိုင်ပြီး တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို ကယ်တင်ခဲ့သူမှာ သူပင် ဖြစ်သည်။ ယနေ့တွင် သူ ဆက်လက်ရပ်တည်နေသရွေ့ တုပိုင် သေချာပေါက် အနိုင်ရမည်။

ထို့အပြင် ရှိနေသူအများစုက ရလဒ်ကို သဘောတူကြလိမ့်မည်။ တုပိုင်၏ အောင်ပွဲက ထိုက်တန်သည်။

သို့သော် လျူဝူဟွမ်းသည် မတ်တတ်ရပ်လိုက်ပြီး တုပိုင်ကို လေးလေးနက်နက် ဦးညွှတ်ကာ ဝမ်းနည်းစွာ ပြောလိုက်သည်။

“လူတစ်ယောက်က ဒီလောက်ထိ အရှက်မဲ့နိုင်လိမ့်မယ်လို့ ငါတကယ် စဉ်းစားမကြည့်ဖူးဘူး။ ဇနီးမယားနဲ့ သားသမီးတွေကို ဒုက္ခပေးတာအတွက် မင်း အပြစ်ပေးခံရလိမ့်မယ်။”

ထို့နောက် ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး အလွန်နာကျင်စွာဖြင့် ပြောလိုက်သည်။

“ငါ မဲမပေးတော့ဘူး။”

ဤစကားကို ကြားလိုက်သောအခါ ပရိသတ်တစ်အုပ်လုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

လျူဝူဟွမ်း မဲမပေးခြင်းသည် တုပိုင် ရှုံးနိမ့်သွားခြင်းပင်။ ထို့အပြင် လျူဝူဟွမ်း၏ စကားလုံးများ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းနေသည်။ တရားမျှတမှုကို ဆက်လက်မစွဲကိုင်နိုင်အောင် သူ့သားသမီးများနှင့် မိသားစုကို အသုံးချပြီး ခြိမ်းခြောက်ခံထားရခြင်း ဖြစ်သည်။

ဤသည်မှာ အလွန်အရှက်မဲ့လွန်းလှသည်။

မိန်းမစိုးဂိုဏ်းနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးတို့သည် အရှက်မဲ့ခြင်းနှင့် အမှောင်တရား၏ ပြယုဂ်ဟု အမြဲ သတ်မှတ်ခံထားရသည် မဟုတ်ပါလော။

အရပ်ဘက်အရာရှိအုပ်စုသည် ကြီးမြတ်ပြီး တရားမျှတသည်ဟု အမြဲ ယူဆခံထားရသည် မဟုတ်ပါလော။

စစ်ဘက်အရာရှိအုပ်စုသည် ဖြောင့်မတ်တည်ကြည်မှုနှင့် ကြီးမြတ်မှုကို ကိုယ်စားပြုသော အင်ပါယာ၏ မဟာတံတိုင်းကြီးဟု အမြဲ သတ်မှတ်ခံထားရသည် မဟုတ်ပါလော။

ကွေ့တုန်းယန်နှင့် လော့ဝမ်တို့၏ အမှန်တရားကို ဖုံးကွယ်ခြင်းနှင့် သမင်ကို မြင်းဟု ပြောဆိုခြင်းတို့ကပင် လုံလောက်အောင် တုန်လှုပ်စရာ ကောင်းနေပြီဖြစ်သော်လည်း ယခုအခါ ဤလူများသည် လျူဝူဟွမ်း၏ မိသားစုကို ပြန်ပေးဆွဲသည်အထိ လွန်ကဲလာကြပြီ ဖြစ်သည်။

ဤသည်မှာ အရှက်မဲ့ရုံသာမက ရှိနေသည့် သူအားလုံး၏ ယုံကြည်မှုအား အလွဲသုံးစား လုပ်နေခြင်းဖြစ်လေ၏။

ကျူးဝူယာ၏ သမီး ကျူးယွီရွှမ်သည် ခန်းမထဲရှိ လူများ အားလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

သူမသည် မိန်းမစိုးဂိုဏ်းကို အမြဲ မုန်းတီးရွံရှာခဲ့ပြီး သူမ၏ ဖခင်နှင့် အရပ်ဘက်အရာရှိများသည် စစ်မှန်သော ဖြောင့်မတ်တည်ကြည်သူများ ဂုဏ်သရေရှိသူများဟု ယုံကြည်ခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သော အရာများသည် သူမ၏ ယုံကြည်ချက်များကို စတင်လှုပ်ခတ်လာစေခဲ့သည်။

သူမသည် အထူးတလည် ဉာဏ်မကောင်းသော်လည်း တုံးအသူတော့ မဟုတ်ပေ။ ချွေ့ဖူက တုရှောင်ချန်၏ ပန်းချီကားများကို ခိုးချခဲ့သည်မှာ အမှန်ဖြစ်ကြောင်း သူမ ခံစားမိသည်။

ကွေ့တုန်းယန်နှင့် လော့ဝမ်တို့က အမှန်တရားကို ဖုံးကွယ်ခဲ့သည်မှာလည်း အမှန်ဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက် အရာရှိများက လျူဝူဟွမ်း၏ မိသားစုကို အသုံးပြုပြီး အကျပ်ကိုင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။

ဤအရာက ကျူးယွီရွှမ်ကို ရွံရှာစေသည်။ အထူးသဖြင့် သူမသည် ချွေ့ဖူကို တစ်ဖက်သတ် စွဲလမ်းခဲ့ဖူးသည်ကို ပြန်တွေးမိသောအခါ ပို၍ပင် ပျို့အန်ချင်စိတ် ဖြစ်လာစေသည်။

တုပိုင်ဆိုသော ပါရမီရှင်သည် အနိုင်ရတော့မည်ဖြစ်သော်လည်း ယခုအခါ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများ၏ အမှန်တရားကို ဖုံးကွယ်ခြင်းနှင့် သမင်ကို မြင်းဟု ပြောဆိုခြင်းတို့ကြောင့် ရှုံးနိမ့်တော့မည် ဖြစ်ရာ ကျူးယွီရွှမ်ကို ပို၍ပင် စိတ်မကောင်း ဖြစ်စေသည်။

‘လောကကြီးက ဒီလို မဖြစ်သင့်ဘူး။’

သူမသည် အလွန်ဝမ်းနည်းပြီး နာကြည်းနေမိကာ မတ်တတ်ရပ်ပြီး တုပိုင်အတွက် တရားမျှတမှု တောင်းဆိုပေးချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

အခန်းထဲရှိ လူတိုင်း မျက်နှာဖြူဖျော့ပြီး ရှက်ရွံ့နေကြမိသည်။

တုပိုင်သည် အံ့ဖွယ်အရာများကို ထပ်ခါတလဲလဲ ဖန်တီးခဲ့ပြီး ပြိုင်ဘက် ၁၀ ဦးကို တစ်ယောက်တည်း အနိုင်ယူကာ ကြီးမားသော အောင်ပွဲများကို ရယူခဲ့သဖြင့် သူတို့သည် တုပိုင်နှင့် ထပ်တူခံစားမိပြီး သူရဲကောင်းတစ်ဦးအဖြစ် ခံစားခဲ့ကြရသည်။

ယခုအခါ ရန်သူ၏ အရှက်မဲ့မှုနှင့် အမှောင်တရားကြောင့် တုပိုင် ရှုံးနိမ့်တော့မည်ဖြစ်ရာ သူတို့ အလွန် မကျေမနပ် ဖြစ်နေကြသည်။

သို့သော် ဤဘေးမှ ကြည့်ရှုသူများနှင့် အရပ်ဘက် စစ်ဘက် အရာရှိများသည် အချင်းချင်း ဆက်နွယ်မှုများ ရှိနေကြသဖြင့် မိန်းမစိုးဂိုဏ်းဘက်မှ ရပ်တည်ပေးရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့သည် နာကြည်းမှုကို မြိုသိပ်ကာ ရလဒ်ကို လက်ခံပြီး လောကကြီး၏ အမှောင်တရားကို ကြည့်နေရုံသာ ရှိတော့သည်။ သူတို့ တုပိုင်ကို ပေးနိုင်သည်မှာ စာနာမှု သက်သက်သာ ရှိသည်။

အော်ယန်ထန် မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ သခင်ကြီး လီဝမ်ဟွေ့… ကျောင်းမြေ ၄,၀၀၀ မူ အတွက် ပိုင်ဆိုင်ခွင့် စာချုပ်တွေကို အမြန်ဆုံး ပို့ပေးပါဦး။”

ကျူးဝူယာလည်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“နှစ်တွေအကြာကြီး မိန်းမစိုးဂိုဏ်းအကယ်ဒမီနဲ့ ဆက်ဆံခဲ့ရသမျှထဲမှာ အစ်ကိုဝမ်ဟွေ့နဲ့ ဆက်ဆံရတာ အပျော်ရွှင်ဆုံးပဲ။”

“အနာဂတ်မှာတော့ အဲဒီအခွင့်အရေး ရတော့မယ် မထင်ဘူး။ ဒီနေ့ အချိန်တစ်ခုခု ရှာပြီး ဆုံကြ၊ သောက်ကြ၊ စကားပြောကြရင် မကောင်းဘူးလား။”

“နောက်ရက်နည်းနည်းနေရင် အစ်ကိုဝမ်ဟွေ့လည်း အချုပ်ထဲရောက်ပြီး မြို့တော်ကို ပြန်ပို့ခံရတော့မှာလို့ ငါထင်တယ်။ မင်းတို့ မိန်းမစိုးဂိုဏ်းက အဲဒီလောက် ရက်စက်တာလေ။”

ထိုသို့ပြောပြီးနောက် လီကျန်းအကယ်ဒမီနှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးများသည် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ ပြီးဆုံးပြီဟု ကြေညာကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။

လီဝမ်ဟွေ့သည် ပြုံးလျက် ဆက်ထိုင်နေပြီး ပြောလိုက်သည်။

“ဘာတွေ အလောကြီးနေကြတာလဲ။”

ထို့နောက် သူ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

“သခင်ကြီး ကျန်းနန်။ ပွဲကြည့်လို့ ဝလောက်ပြီ မဟုတ်လား။ ကိုယ်ထင်မပြသေးဘူးလား။”

ရုတ်တရက် ခန်းမဆောင်တံခါး ပွင့်သွားပြီး အရပ်ရှည်ရှည် မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခု ဝင်ရောက်လာလေသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မျက်လုံးအားလုံးသည် သူ့အပေါ်သို့ ရောက်ရှိသွားကြသည်။

သူသည် တောင်ပိုင်းအင်ပါယာ၏ တိုင်မဏ္ဍိုင်ဖြစ်သူ တာ့နင်မင်းဆက်၏ ထိပ်တန်းကျွမ်းကျင်ပညာရှင် ကျန်းနန်နယ်စားမင်းဆုန်ချွဲ ဖြစ်သည်။

ကွမ်ရှီး၊ ယူနန်၊ ဟိုင်နန်နှင့် ကွမ်တုံဒေသများ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း တည်ငြိမ်အေးချမ်းနေခြင်းသည် ကျန်းနန်နယ်စားမင်း၏ ကျေးဇူးကြောင့် ဖြစ်သည်။

ဟိုင်နန်ရှိ ယီလူမျိုးများ၏ ပုန်ကန်မှုများ၊ ယူနန်ရှိ မျိုးနွယ်စုခေါင်းဆောင်များ၏ ပုန်ကန်မှုများ၊ တောင်တရုတ်ပင်လယ်ကို တိုက်ခိုက်သော ပင်လယ်ဓားပြများနှင့် ကွမ်ရှီးရှိ မျိုးနွယ်စုခေါင်းဆောင်များ အားလုံးကို ကျန်းနန်နယ်စားမင်းက နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

ကျန်းနန်နယ်စားမင်း၏ လက်အောက်ရှိ တပ်ဖွဲ့ဝင်အင်အားမှာ အတိုးအလျော့ရှိပြီး သူ့အမိန့်ကို တကယ်နာခံသော လက်ရွေးစင်စစ်သည် ၄-၅ သောင်းခန့် ရှိသည်။

သို့သော် သူသည် တောင်ပိုင်းပြည်နယ်များရှိ တပ်ဖွဲ့ဝင် ၂ သိန်းကျော်ကိုလည်း ထိန်းချုပ်ထားသည်။ ဤသိန်းချီသော တပ်ဖွဲ့ဝင်များ၏ စစ်လစာကို ကျန်းနန်နယ်စားမင်းက နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေထောက်ပံ့နေရခြင်း ဖြစ်သည်။

ကျန်းနန်နယ်စားမင်းသာ မရှိလျှင် တောင်ပိုင်းရှိ သိန်းချီသော တပ်ဖွဲ့ဝင်များသည် ဖရိုဖရဲ ဖြစ်သွားလိမ့်မည်ဟု ဆိုနိုင်သည်။

ဧကရာဇ်သည် ကျန်းနန်နယ်စားမင်းကို မြောက်ပိုင်းတာတာများနှင့် ဂျာချင်လူမျိုးများကို တိုက်ခိုက်ရန် မြောက်ပိုင်းသို့ ပြောင်းရွှေ့ခိုင်းချင်သော်လည်း အကြိမ်တိုင်းတွင် စစ်ဘက်အရာရှိအုပ်စုက ကန့်ကွက်ပြီး ပြန်လည်ပို့ဆောင်ခဲ့သည်။

ပထမအချက်မှာ တောင်ပိုင်းသည် ဤစစ်သူကြီးမရှိလျှင် မဖြစ်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ မြောက်ပိုင်းစစ်တပ်သည် သွေးနှောဇာစ်မြစ်ရှိသော ကျန်းနန်နယ်စားမင်းကို မြောက်ပိုင်းစစ်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်သည်ကို မလိုလားသောကြောင့် ဖြစ်သည်။

တောင်ပိုင်းတွင် အရပ်ဘက်အရာရှိအုပ်စု၊ စစ်ဘက်အရာရှိအုပ်စုနှင့် မိန်းမစိုးဂိုဏ်းတို့ကို လုံးဝ ဂရုမစိုက်ဘဲ နေနိုင်သူ တစ်ဦးတည်းသာ ရှိသည်။ ထိုသူကတော့ ကျန်းနန်နယ်စားမင်းပင် ဖြစ်သည်။

သူ၏ ခံ့ညားထည်ဝါသော ပုံရိပ် ဝင်ရောက်လာသောအခါ အခန်းထဲရှိ လူတိုင်း မတ်တတ်ရပ်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ကျူးဝူယာ ဦးဆောင်သော စစ်ဘက်အရာရှိများသည် သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြသည်။

“ဂါရဝပြုပါတယ် စစ်သေနာပတိချုပ်။”

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ စစ်ဘက်အရာရှိ အားလုံးသည် တစ်ချိန်က ကျန်းနန်နယ်စားမင်း၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဆုန်ချွဲသည် ကျူးဝူယာကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုကာ ခန်းမအလယ်သို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

သူသည် ချွေ့ဖူ၏ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားကို ကောက်ယူလိုက်ပြီး တစ်ချက်ကြည့်ကာ အမှိုက်သဖွယ် လုံးချေပြီး လွှင့်ပစ်လိုက်သည်။ “ဒါ ဘာအမှိုက်လဲ။ ၅၀ မှတ်။”

ထို့နောက် သူသည် တုပိုင်ရေးဆွဲထားသော တာ့နင်မင်းဆက် မြေပုံ ကို ကောက်ယူလိုက်ပြီး မိနစ်အတော်ကြာအောင် ကြည့်ရှုနေလေသည်။

ဤသည်မှာ ကျန်းနန်နယ်စားမင်းအနေဖြင့် တာ့နင်မင်းဆက်၏ ပြည့်စုံသော နယ်မြေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သလို အရှေ့မြောက်အာရှ၏ ကျယ်ပြောလှသော မြေများနှင့် မြစ်များကိုလည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူ၏ ချောမောသော မျက်နှာနှင့် ခံ့ညားသော ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ့နှလုံးသားထဲတွင် ပြင်းပြသော ရည်မှန်းချက်များ တိုးဝှေ့ဝင်ရောက်လာလေသည်။

အပိုင်း (၆၅) ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် ဤမြေပုံကို လုံးဝ စိတ်ဝင်စားသွားလေသည်။ သူသာ အိမ်မှာရှိလျှင် တစ်နေ့လုံး ထိုင်ကြည့်နေမိမည်ဖြစ်သည်။

ဤသည်မှာ သူ ကာကွယ်စောင့်ရှောက်နေသော တာ့နင်အင်ပါယာကြီး သူ စောင့်ရှောက်နေသော ကျယ်ပြောလှသည့် မြေကြီးပင်ဖြစ်လေ၏။

ယခင်က မြေပုံများနှင့် နှိုင်းယှဉ်လျှင် ထိုမြေပုံအားလုံးသည် အမှိုက်သရိုက်များသာ ဖြစ်လေသည်။ ရှုပ်ပွပြီး ချီးပါလို့ဖင်သုတ်ရန်ပင် မထိုက်တန်ပေ။

ဤမြေပုံသည် တန်ဖိုးမဖြတ်နိုင်သော အရာဖြစ်ပြီး အနည်းဆုံး စစ်သည်အင်အား သောင်းနှင့်ချီသော တပ်ဖွဲ့နှင့် ညီမျှလေသည်။

အချိန်အတော်ကြာပြီးနောက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောလိုက်သည်။

“ဒီမြေပုံက ငါ့အပိုင်ဖြစ်သွားပြီ။ ငါ ဒါကို အရှင်မင်းကြီးဆီ အမြန်ဆုံး ဆက်သလိုက်မယ်။ မင်း နောက်ထပ် ဒီလိုမြေပုံမျိုး ထပ်မဆွဲရဘူး။”

တုပိုင်က ပြောလိုက်သည်။

“ကျွန်တော်မျိုး ဘယ်လိုဆွဲရလဲဆိုတာ မေ့သွားပါပြီ။ ထပ်မဆွဲတတ်တော့ပါဘူး။”

ဆုန်ချွဲသည် တုပိုင်၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“ကောက်ကျစ်တဲ့ ကောင်လေး။ မင်းက ငါ့နီးနီးထက်မြက်သားပဲ။ ငါ့ရဲ့ ကွမ်ရင်လေးကို အနိုင်ကျင့်တဲ့ကောင်က မင်းပဲမလား။ ငါ့ရဲ့ ကွမ်ရင်လေး ဒီလိုအနိုင်ကျင့်ခံရတာ ပထမဆုံးအကြိမ်ပဲ။ ငါမင်းကို ရိုက်သတ်မှာ မကြောက်ဘူးလား။”

ကျန်းနန်နယ်စားမင်းသည် အလွန်သန်မာလှသဖြင့် တုပိုင်၏ ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဉ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားလေသည်။

တုပိုင်သည် အရပ် ၁.၇၆ မီတာခန့် ရှိသော်လည်း ဆုန်ချွဲထက် ခေါင်းတစ်ဝက်ခန့် ပုနေသေးသည်။ ဤကျန်းနန်နယ်စားမင်းသည် အရပ် ၁.၉ မီတာကျော် ရှိပြီး ထိုနေရာတွင် ရပ်နေသည်မှာ ဓားအိမ်ထဲမှ ဆွဲထုတ်ထားသော ထက်မြက်သည့် ဓားတစ်စင်းကဲ့သို့ပင် ဖြစ်ပြီး အလွန်အားကောင်းသော အရှိန်အဝါတို့အား ထုတ်ဖော်ထားလေ၏။

သူ့အနား ကပ်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ လူများကို အသက်ရှူကျပ်သွားစေနိုင်သော အရှိန်အဝါမျိုး ရှိလေသည်။

“ဒါပေမဲ့ မင်းဆွဲထားတဲ့ မြေပုံက တန်ဖိုးမဖြတ်နိုင်ဘူး။” ကျန်းနန်နယ်စားမင်းက ဆက်ပြောသည်။ “ငါ ဒီကို မလာချင်ပေမဲ့ ဒီမြေပုံကြောင့် လာရကျိုးနပ်သွားတယ်။ မင်းဆွဲထားတဲ့ မြေပုံက စစ်သည်အင်အား သောင်းချီနဲ့ ညီမျှတယ်။ မင်း တကယ်မိုက်တယ်ကွာ။”

ထို့နောက် ကျန်းနန်နယ်စားမင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“မိန်းမစိုးအကယ်ဒမီက တုပိုင်ရဲ့ ပန်းချီကား။ ၁၀၀ မှတ်။”

အော်ယန်ထန်။ ကျူးဝူယာနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားကြပြီး ဝမ်းနည်းပူဆွေးသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် မြေပုံကို လိပ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူသည် မျက်လုံးများကို မြှောက်ကာ အခန်းထဲရှိ လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် အတည်ပဲ။ ဘယ်သူ ထောက်ခံမလဲ။ ဘယ်သူ ကန့်ကွက်မလဲ။”

ထိုအခိုက်အတန့်တွင် ကျန်းနန်နယ်စားမင်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကြီးမားမှုကို ထုတ်လွှတ်လိုက်လေသည်။

**--**--**--**--**--**--**--**

“ထောက်ခံပါတယ်။”

ကျန်းရန်မင်နှင့် လျူဝူဟွမ်းတို့ ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

အော်ယန်ထန်နှင့် ကျူးဝူယာတို့သည် ကြီးမားသော အမုန်းတရားနှင့် ခါးသီးမှုများကို ခံစားနေရသော်လည်း ကန့်ကွက်စကား တစ်ခွန်းမျှ မပြောရဲကြပေ။

အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲတိုင်း၏ စစ်မှန်သော အဓိကဒိုင်လူကြီးမှာ အကယ်ဒမီသုံးခုက ပူးတွဲဖိတ်ကြားထားသော ကျန်းနန်နယ်စားမင်း ဖြစ်သောကြောင့် ဖြစ်သည်။

ဆုန်ချွဲသည် ဤပြိုင်ပွဲကို ကလေးကစားစရာဟု သတ်မှတ်ကာ တစ်ခါမျှ မတက်ရောက်ခဲ့ဖူးပေ။ ယခု သူရောက်ရှိလာပြီဖြစ်ရာ မည်သူ ငြင်းဆန်ရဲပါမည်နည်း။

ထို့နောက် ကျန်းနန်နယ်စားမင်းသည် လျူဝူဟွမ်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“သူ့ရဲ့ တရားမဝင် အမွှာကလေးနှစ်ယောက်ကို ဘယ်သူပြန်ပေးဆွဲသွားတာလဲ။ အခုချက်ချင်း ပြန်ပို့ပေးလိုက်။ ပါဝင်ပတ်သက်တဲ့သူ အကုန်လုံးကို သတ်ပစ်လိုက်။ နားလည်လား။”

“ဟုတ်ကဲ့။”

အောက်ဘက်မှ လူတစ်ဦးက တိုးတိုးတိတ်တိတ် ပြန်ဖြေလိုက်သည်။ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် ရှေ့သို့တိုးလာပြီး ဒူးထောက်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီးကျန်းနန်။”

ကျန်းနန်နယ်စားမင်းသည် သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“အသုံးမကျတဲ့ကောင်။ မင်းက ဒီလောက်ထိ အနိုင်ကျင့်ခံနေရတာ ငါတို့ မင်းမျိုးမင်းနွယ် အုပ်စုကို အရှက်ခွဲတာပဲ။”

ထို့နောက် သူသည် ကျန်းရန်မင်ကို ပြောလိုက်သည်။

“သခင်ကြီးရန်မင်။ နောက်မှ အရက်လာသောက်ဦးမယ်။”

“ကျွန်တော့်အတွက် ဂုဏ်ယူစရာ ပါပဲ။”

ကျန်းရန်မင်က ပြန်ပြောလိုက်သည်။

ကျန်းနန်နယ်စားမင်းသည် တန်းတန်းမတ်မတ် ထွက်ခွာသွားပြီး လမ်းတစ်ဝက်အရောက်တွင် ဒူးထောက်နေသော စစ်ဗိုလ်ချုပ် ကျူးဝူယာနှင့် အခြားသူများကို ပြောလိုက်သည်။

“ဖယ်ကြ။ လမ်းမပိတ်နဲ့။”

ထိုလူများသည် ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။

ကျန်းနန်နယ်စားမင်း၏ မြင့်မားသော ကိုယ်ခန္ဓာသည် တံခါးဝနောက်သို့ ပျောက်ကွယ်သွားပြီး စစ်မြင်းပေါ်သို့ ခုန်တက်ကာ တစ်ခဏမျှပင် မဆိုင်းငံ့ဘဲ ထွက်ခွာသွားလေသည်။

သူ ပေါ်လာပြီး ပြန်ထွက်သွားသည်မှာ ၁၀ မိနစ်ပင် မကြာလိုက်သော်လည်း ရှိနေသူအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့ပြီး ကျယ်လောင်စွာ အသက်ရှူဖို့ပင် မရဲအောင် ဖိစီးထားနိုင်ခဲ့သည်။ သူသည် ပြိုင်ပွဲရလဒ်ကို တိုက်ရိုက် ပြောင်းပြန်လှန်ပစ်လိုက်သည်။

သူရဲကောင်းဆိုသည်မှာ ဤထက် ပိုမိုကြီးမြတ်နိုင်ပါဦးမည်လော။

ကျူးဝူယာနှင့် အခြားသူများသည် မတ်တတ်ရပ်လိုက်ကြပြီး အော်ယန်ထန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြရာ သူတို့၏ မျက်နှာထားများမှာ အလွန်အရုပ်ဆိုးနေလေသည်။

သူတို့ နိုင်နေပြီဖြစ်သော်လည်း ယခုအခါ သူတို့၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့ရသည်။

ကျောင်းမြေ ၆,၀၀၀ မူ။ ငွေ ၁ သိန်းနှင့် လျှို့ဝှက်သံသတ္တုတွင်း တစ်ခုကို ဆုံးရှုံးလိုက်ရရုံသာမက ပို၍ အရေးကြီးသည်မှာ လီဝမ်ဟွေ့သည် ကြီးမားသော အောင်ပွဲကို ရရှိသွားပြီး ဂုဏ်သတင်းကျော်စောမှုများ ရရှိသွားခြင်း ဖြစ်သည်။

ဤအရာက အနာဂတ်တွင် သူ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူမည့် ကိစ္စကို ပို၍ တားဆီးမရနိုင်အောင် ဖြစ်သွားစေသည်။ မည်မျှ ကြီးမားသော ဆုံးရှုံးမှုနည်း။ မည်မျှ ရင်နာစရာကောင်းသော နာကျင်မှုနည်း။

ထို့နောက် လော့ဝမ်၊ ကွေ့တုန်းယန်၊ အော်ယန်ထန်နှင့် ကျူးဝူယာ တို့ ပုဂ္ဂိုလ်ကြီး ၄ ဦးသည် စကားမပြောကြဘဲ မျက်လုံးချင်းသာ ဆက်သွယ်လိုက်ကြသည်။

သူတို့၏ ပြောဆိုဆွေးနွေးမှု အကြောင်းအရာမှာ ကြောက်မက်ဖွယ်ကောင်းပြီး အလွန်အန္တရာယ်များလှသည်။

‘ငါတို့ ကျန်းနန်နယ်စားမင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ကြမလား။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို ပြန်လှန်တိုက်ခိုက်ကြမလား။’

အမှန်တကယ်ပင် ကျန်းနန်နယ်စားမင်း ရောက်လာစဉ်က သူတို့သည် အလွန်ရိုသေလေးစားမှုကို ပြသခဲ့ကြပြီး ကျူးဝူယာဆိုလျှင် မြေကြီးပေါ် ဒူးထောက်ခဲ့သည်အထိ ဖြစ်သည်။

သို့သော် သူထွက်ခွာသွားပြီးနောက် သူတို့၏ မျက်လုံးများတွင် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များပင် ပြည့်နှက်နေလေသည်။

ဤမြေပေါ်တွင် သူတို့ မည်သူ့ကိုမျှ မကြောက်ပေ။ ကျန်းနန်နယ်စားမင်းကိုပင် မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် အရပ်ဘက်နှင့် စစ်ဘက် အရာရှိအုပ်စုများ ပူးပေါင်းလိုက်ပါက သူတို့သည် အကြီးဆုံး အကျိုးစီးပွားအုပ်စု ဖြစ်လာပြီး စည်းစိမ်ချမ်းသာနှင့် စစ်ရေးအာဏာ အများစုကို ထိန်းချုပ်ထားနိုင်သောကြောင့် ဖြစ်သည်။

အပိုင်း (၆၆) ပြီး။

All Chapters