အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ရာထူးနှင့် ဂုဏ်သတင်းအရ ကျန်းနန်နယ်စားမင်းသည် သံသယဖြစ်စရာမလိုဘဲ သူတို့ထက် သာလွန်သည်။ သို့သော် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သူတို့၏ အကျိုးစီးပွားအုပ်စုများနှင့် နှိုင်းယှဉ်လျှင် ကျန်းနန်နယ်စားမင်းသည် ဆင်းရဲမွဲတေနေသည့် သူတောင်းစားတစ်ဦးသာ ဖြစ်သည်။
အကယ်၍ ကျန်းနန်နယ်စားမင်းသာ ကိုယ်ကျိုးရှာလိုလျှင် သေချာပေါက် အလွန်ချမ်းသာကြွယ်ဝပေလိမ့်မည်။ သို့သော် သူ မလုပ်နိုင်ပေ။ ထို့အပြင် သူသည် သိန်းနှင့်ချီသော တပ်ဖွဲ့ဝင်များအတွက် ရန်ပုံငွေများကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေနေရသည်။
ထို့ကြောင့် သူသည် အမှန်တကယ် ဆင်းရဲပြီး ပင်လယ်ဓားပြဂိုဏ်းခေါင်းဆောင်များကို မွေးစားသားအဖြစ် လက်ခံကာ မှောင်ခိုလုပ်ငန်းများမှတဆင့် ငွေရှာခိုင်းနေရခြင်း ဖြစ်သည်။
ထို့ကြောင့် လော့ဝမ်၊ ကွေ့တုန်းယန်၊ ကျူးဝူယာနှင့် အော်ယန်ထန် ပုဂ္ဂိုလ်ကြီး ၄ ဦး စိတ်ဝမ်းကွဲပြားမှုမရှိဘဲ တစ်စိတ်တစ်ဝမ်းတည်း ရှိနေသရွေ့ သူတို့သည် ကျန်းနန်နယ်စားမင်းကို ပြန်လှန်တိုက်ခိုက်နိုင်ပြီး သူ့ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
သို့သော် လုပ်ရကျိုးနပ်ပါ့မည်လော။ လုပ်လို့ကော ဖြစ်ပါ့မည်လော။ အဖြေမှာ မဖြစ်နိုင်ပေ။ ကျန်းနန်နယ်စားမင်း၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင်သာ အရပ်ဘက်နှင့် စစ်ဘက် အကျိုးစီးပွားအုပ်စုများသည် အင်ပါယာ၏ စည်းစိမ်ချမ်းသာများကို အသည်းအသန် ခေါင်းပုံဖြတ်နိုင်ကြပြီး ပြည်သူလူထု၏ ချွေးနည်းစာဖြင့် ကိုယ်ကျိုးရှာကာ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေများကို စိတ်အေးချမ်းသာ ခံစားနိုင်ကြခြင်း ဖြစ်သည်။
ကျန်းနန်နယ်စားမင်းသာ မရှိလျှင် ကွမ်ရှီး၊ ဟိုင်နန်နှင့် ယူနန်ပြည်နယ်များသည် ချက်ချင်း ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး စစ်တပ်များ ပုန်ကန်ခြင်း၊ မျိုးနွယ်စုခေါင်းဆောင်များ ပုန်ကန်ခြင်းတို့ ဖြစ်ပေါ်လာမည်။
စစ်ပွဲ စတင်သည်နှင့် တပြိုင်နက် အရပ်ဘက်နှင့် စစ်ဘက် အကျိုးစီးပွားအုပ်စုများ၏ မြေယာများ၊ ဆိုင်ခန်းများနှင့် စည်းစိမ်ချမ်းသာများသည် ပြာပုံအတိ ဖြစ်သွားပေလိမ့်မည်။
သိုင်းပညာစွမ်းအား မြင့်တက်လာမှုကြောင့် ဤကမ္ဘာရှိ မျိုးနွယ်စုခေါင်းဆောင်များ၏ အင်အားသည် ပိုမိုကြောက်မက်ဖွယ် ကောင်းလာသည်။ လူအနည်းငယ်မျှဖြင့်ပင် စီရင်စုတစ်ခုကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး လူသတ်ပွဲများ ကျင်းပနိုင်လေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ထောင်နှင့်ချီသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များနှင့် တော်ဝင်မြင်းစီးအစောင့်တပ်ဖွဲ့ဝင်များသည် နန်ဟိုင်သိုင်းသင်တန်းကျောင်း အတွင်းသို့ ဝင်ရောက်လာကြပြီး အခြေအနေမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေလေသည်။
ကျူးဝူယာ ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ဘာလို့ မိန်းမစိုးဂိုဏ်းရဲ့ တပ်တွေကို ငါ့နန်ဟိုင်သိုင်းသင်တန်းကျောင်းထဲ ဝင်ခွင့်ပေးလိုက်ရတာလဲ။”
စစ်ဘက်အရာရှိတစ်ဦး ဝင်လာပြီး ဒူးထောက်လျက် ပြောလိုက်သည်။
“ခုနက ကျန်းနန်နယ်စားမင်း နန်ဟိုင်သိုင်းသင်တန်းကျောင်းထဲ ဝင်လာတုန်းက သူ့နောက်မှာ ကိုယ်ရံတော် ရာချီ ပါလာပါတယ်။ မိန်းမစိုးဂိုဏ်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အဲဒီအခွင့်အရေးကို ယူပြီး အတင်းဝင်ရောက်လာကြတာပါ။ ကျွန်တော်တို့ မတားနိုင်လိုက်ပါဘူး။”
အော်ယန်ထန်က မေးလိုက်သည်။ “လီဝမ်ဟွေ့။ ခင်ဗျား ဘာသဘောလဲ။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “တစ်ယောက်ယောက်က စည်းကမ်းမလိုက်နာရင် မိန်းမစိုးဂိုဏ်းက စည်းကမ်းကို ပိုလို့တောင် မလိုက်နာဘူး။”
ကျူးဝူယာက လှောင်ပြောင်လိုက်သည်။
“မင်းက ငါ့နန်ဟိုင်သိုင်းသင်တန်းကျောင်းထဲမှာ အင်အားသုံးရဲတယ်ပေါ့။ အဲဒါက ပုန်ကန်မှုနဲ့ အတူတူပဲ။”
“တုပိုင် နိုင်သွားပြီ။ အဲဒါကို ပြောင်းလဲလို့မရဘူး။” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒါပေမဲ့ ဘယ်သူမဆို အမှန်တရားကို ဖုံးကွယ်ပြီး ကျန်းနန်နယ်စားမင်းရဲ့ အမိန့်ကို ငြင်းပယ်ဖို့ ကြိုးစားရင်တော့ ငါပြောနိုင်တာ တစ်ခုပဲရှိတယ်။ ငါက သေမှာတောင် မကြောက်တာ လူသတ်ရမှာကို ဘာလို့ ကြောက်နေရမှာလဲ။ အဆိုးဆုံးတော့ ပြီးရင် ကိုယ့်လည်ပင်းကိုယ် ပြန်လှီးလိုက်ရုံပေါ့။”
လီဝမ်ဟွေ့၏ စိတ်ဓာတ်ကို မည်သူမျှ သံသယမဝင်ရဲကြပေ။ သူ ပြောလျှင် ပြောသည့်အတိုင်း အမြဲလုပ်တတ်သည်။ ထို့ကြောင့်ပင် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများက သူ့ကို ရာထူးမှ ဖယ်ရှားရန် အသည်းအသန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ကွေ့တုန်းယန်၊ လော့ဝမ်၊ အော်ယန်ထန်၊ ကျူးဝူယာနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ နောက်ဆုံးတွင် ကွေ့တုန်းယန် ခေါင်းညိတ်လိုက်သည်။
လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်နှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျူးဝူယာတို့သည် ချက်ချင်း ပြုံးလိုက်ကြပြီး ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် သခင်ကြီး လီဝမ်ဟွေ့။” ဖုန်မှုန့်များ ငြိမ်သက်သွားပြီ ဖြစ်သည်။
ကျန်းရန်မင်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“စတုတ္ထအကြိမ်မြောက် ကွမ်ရှီးပြည်နယ် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲကြီး တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ အနိုင်ရရှိသူမှာ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။”
ချက်ချင်းပင် ပရိသတ်တစ်ရပ်လုံး မတ်တတ်ရပ်လိုက်ကြသည်။ လက်ခုပ်သံများ မိုးချုန်းသကဲ့သို့ ထွက်ပေါ်လာလေသည်။
မိန်းမစိုးဂိုဏ်းဝင်များသာမက အခြားသော ပွဲကြည့်ပရိသတ် အများစုလည်း မတ်တတ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုကြလေသည်။
ပထမနေ့ကတည်းက တုပိုင်သည် အံ့ဖွယ်ဖြစ်ရပ်များကို ဆက်တိုက် ဖန်တီးခဲ့ပြီး ပြိုင်ဘက် ၁၀ ဦးကို တစ်ယောက်တည်း ရင်ဆိုင်ကာ ကြီးမားသော အောင်ပွဲများကို ရယူခဲ့သည်။
ဤမျှ ဒရမ်မာဆန်ပြီး လှိုင်းလေထန်သော ခရီးလမ်းဖြစ်သော်လည်း အဆုံးတွင် တရားမျှတမှုက အနိုင်ရရှိခဲ့ပြီး တုပိုင်သည် သူနှင့်ထိုက်တန်သော အောင်ပွဲနှင့် ဂုဏ်အသရေကို ရရှိခဲ့လေသည်။
ယခုအချိန်တွင် တုပိုင်သည် ပရိသတ်အားလုံး၏ နှလုံးသားထဲတွင် တောက်ပသော ကြယ်ပွင့်တစ်ပွင့် ကြီးမြတ်သော သူရဲကောင်းတစ်ဦး ဖြစ်လာလေသည်။
မိန်းမစိုးဂိုဏ်းဝင် ပရိသတ်များမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး မျက်ရည်များ ဝဲကာ စကားပင် မပြောနိုင်ကြတော့ပေ။
လီဝမ်ဟွေ့သည် အရက်မူးနေသကဲ့သို့ ခံစားနေရပြီး ခေါင်းများ မူးဝေကာ လေပေါ်တွင် လွင့်မျောနေသလို ဖြစ်နေသည်။ ဆယ်စုနှစ်များစွာအတွင်း ဤနေ့သည် သူ အပျော်ရွှင်ဆုံးနှင့် စိတ်အလှုပ်ရှားဆုံးနေ့ ဖြစ်သည်။
တုပိုင်ကို ကြည့်ရင်း လီဝမ်ဟွေ့သည် နောက်ထပ် ၁၀ နှစ်အကြာတွင် ဖြစ်လာမည့် မိန်းမစိုးဂိုဏ်း၏ အင်အားကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသည်။
နောက်ထပ် အနှစ် ၂၀ အကြာတွင် အင်ပါယာကြီး ပြန်လည်နိုးထလာပြီး ယခင်က ဘုန်းအသရေများကို ပြန်လည်ရရှိမည့် အခြေအနေကို မြင်တွေ့နေရသကဲ့သို့ပင်။
လီဝမ်ဟွေ့သည် တုပိုင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် စကားလုံးတစ်လုံးချင်းစီကို လေးနက်စွာ ပြောလိုက်သည်။
“ကလေး… ဒီနေ့ကစပြီး ငါ့မှာ တာဝန်တစ်ခုတည်းပဲ ရှိတော့တယ်။ မင်း အမြင့်ဆုံးကို ပျံသန်းနိုင်ဖို့အတွက် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အခြေအနေအားလုံးကို ဖန်တီးပေးဖို့ပဲ။”
“ငါလုပ်သမျှ အရာအားလုံးမှာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်။ မင်းကို မိန်းမစိုးပါတီရဲ့ နံပါတ်တစ် ခေါင်းဆောင် ဖြစ်လာဖို့ လမ်းခင်းပေးမယ့် ရည်ရွယ်ချက်ပဲ။ ကျန်တဲ့အရာအားလုံးက ဒီရည်ရွယ်ချက်အတွက် လမ်းဖယ်ပေးရမယ်။”
“ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ငါဘယ်သူနဲ့မဆို ရန်သူဖြစ်ဖို့ ဝန်မလေးဘူး။ ခေါင်းတွေပြတ်ပြီး အလောင်းတွေ တောင်လိုပုံသွားတဲ့အထိ သတ်ဖြတ်ရမယ်ဆိုရင်တောင် ငါလုပ်မယ်။”
“ဟုတ်ကဲ့။”
တုပိုင် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
လီဝမ်ဟွေ့က ပြောလိုက်သည်။
“ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ ကောင်းကင်ဘုံက ငါတို့ကို ၁၀ နှစ် အချိန်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့အခါ မင်းအနေနဲ့ မိန်းမစိုးပါတီကို စုစည်းပြီး တစ်တိုင်းပြည်လုံးကို လွှမ်းမိုးနိုင်တဲ့ တာ့နင်အင်ပါယာကြီးကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။”
အပိုင်း ၆၇ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
လီဝမ်ဟွေ့၏ စကားကို ကြားလိုက်ရသောအခါ တုပိုင်သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
မိန်းမစိုးဂိုဏ်းကို ပေါင်းစည်းခြင်း၊ အင်ပါယာတစ်ခွင်ကို လွှမ်းမိုးခြင်းနှင့် အကြွင်းမဲ့ အာဏာကို အသုံးပြုခြင်း ထိုအရာများက အလွန်ကျေနပ်စရာ ကောင်းပေလိမ့်မည်။
အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကို ကြောက်ရွံ့တုန်လှုပ်စေပြီး လောကရှိ သိုင်းဂိုဏ်းအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ခြင်းသည် သူအလိုချင်ဆုံးအရာ ဖြစ်သည်။ တွေးကြည့်လိုက်ရုံနှင့်ပင် အလွန်ကျေနပ်စရာ ကောင်းလှ၏။
အထူးသဖြင့် သူ့ယန်ချီ ၁၀၀ ပြည့်ပြီး ပုံမှန်ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာချိန်တွင် သူလိုချင်သော မည်သည့်အလှပဂေးနှင့်မဆို အိပ်စက်နိုင်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ဘဝမျိုး နေထိုင်နိုင်ပေလိမ့်မည်။
‘တာ့နင်မင်းဆက်ကို ပြန်လည်ဦးမော့လာအောင် လုပ်ရမယ်တဲ့လား။ ဝန်ထုတ်ဝန်ပိုးက နည်းနည်းလေး မများလွန်းဘူးလား’
သို့သော် လီဝမ်ဟွေ့၏ ပြင်းပြပြီး ပြတ်သားသော အကြည့်ကို မြင်လိုက်ရသောအခါ တုပိုင်သည် ထူးဆန်းသော တာဝန်သိစိတ်ကို ခံစားလိုက်ရသည်။
“လာပါ… အတူတူ သောက်ကြတာပေါ့။”
**--**--**--**--**--**--**--**
နန်ဟိုင်ဒိုဂျိုရှိ လီဝမ်ဟွေ့ ယာယီတည်းခိုနေသော ခြံဝင်းအတွင်း၌ ဖြစ်သည်။
“သူတို့ကို ခေါ်လာခဲ့။”
လီဝမ်ဟွေ့က အမိန့်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် စာပေသမားမိန်းမစိုး ၄ ဦးကို ခေါ်ဆောင်လာကြသည်။
ဤလူများသည် အရေးကြီးသော အချိန်တွင် လီဝမ်ဟွေ့ကို ရာထူးမှ ဆင်းပေးရန် ဖိအားပေးခဲ့ကြပြီး ထန်ယန်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် အခွင့်အရေး ယူခဲ့ကြသူများ ဖြစ်သည်။ ထိုလုပ်ရပ်များသည် အရှက်မဲ့သော သစ္စာဖောက်မှုနှင့် အခွင့်အရေးသမား ဆန်မှုပင် ဖြစ်သည်။
“သား… ဒီသစ္စာဖောက် ၄ ကောင်ကို ဘယ်လိုလုပ်သင့်လဲ။” လီဝမ်ဟွေ့က ပြောလိုက်သည်။ “သူတို့ သေတာ ရှင်တာက မင်းသဘောပဲ။”
ချက်ချင်းပင် စာပေသမားမိန်းမစိုး ၄ ဦးသည် ဒူးထောက်ချလိုက်ပြီး အသည်းအသန် ဦးခိုက်ကာ ငိုကြွေး တောင်းပန်ကြလေသည်။
“ဆရာကြီး… အသက်ချမ်းသာပေးပါခင်ဗျာ။ ဆရာကြီး… အသက်ချမ်းသာပေးပါ။”
ထိုအထဲမှ ဉာဏ်များသော တစ်ယောက်သည် ဒူးတရွတ်တိုက် တွားသွားကာ တုပိုင်၏ ခြေထောက်ကို ဖက်ပြီး ပြောလိုက်သည်။
“စီနီယာအစ်ကိုတု… အသက်ချမ်းသာပေးပါ။ ကျွန်တော်တို့ တစ်သက်လုံး ကျွဲလို၊ မြင်းလို၊ ဝက်လို၊ ခွေးလို အလုပ်အကျွေး ပြုပါ့မယ်။”
ဤ စာပေသမားမိန်းမစိုး ၄ ဦးသည် အခွင့်အရေးသမားများ ဖြစ်ကြသော်လည်း စာပေသမားတို့၏ တင်းမာသော စိတ်ဓာတ်အချို့ ကျန်ရှိနေသေးသည်။
သို့သော် လွန်ခဲ့သော ၄ ရက်အတွင်း တုပိုင်၏ စွမ်းဆောင်ရည်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသဖြင့် သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားသော မာန်မာနများကို လုံးဝ ရိုက်ချိုးပစ်လိုက်ကာ သူရဲဘောကြောင်ပြီး မျက်နှာလိုမျက်နှာရလုပ်တတ်သော အာဏာမက်သည့် မိန်းမစိုးဂိုဏ်းသားများအဖြစ် ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
ထို့ကြောင့် သူတို့သည် အသက်ရှင်လိုရုံသာမက ကြီးပွားချမ်းသာ လိုသဖြင့် တုပိုင်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြခြင်း ဖြစ်သည်။
တုပိုင်သည် ထို ၄ ယောက်ကို ကြည့်ရင်း အမှန်တကယ် အကျပ်ရိုက်နေလေသည်။ ဤ ၄ ယောက်ကို ကျွန်အဖြစ် လက်ခံရမည်လော။ ရွံရှာစရာ ကောင်းလွန်းလှသည်။
ထို့အပြင် ဤ ၄ ယောက်သည် အသုံးမကျသော စာအုပ်များကိုသာ ဖတ်ရှုထားကြပြီး ဂီတ၊ စစ်တုရင်၊ လက်ရေးနှင့် ပန်းချီကိုသာ တတ်ကျွမ်းကြသည်။ သူတို့က လုံးဝ အသုံးမကျပေ။
‘သူတို့ကို သတ်လိုက်ရမလား။ သေလောက်တဲ့ အပြစ်တော့ မဟုတ်သလိုပဲ။’
‘ဒါပေမဲ့ သူတို့ကို အရှင်ထားလိုက်ရင်လည်း စိတ်မချရဘူး။ သူတို့က နောက်ကွယ်ကနေ ငါ့ကို ကျိန်စာတိုက်နေမလားဆိုတာ ဘယ်သူသိမှာလဲ။’
“သတ်လိုက်ရမလား…”
တုပိုင်က မေးခွန်းထုတ်သလို ပြောလိုက်သည်။
တုပိုင်၏ စကားကို ကြားလိုက်သည်နှင့် အရှေ့ဘက်စစ်တန်းလျားမှ စစ်သည် ၄ ဦးသည် ထို စာပေသမားမိန်းမစိုး ၄ ဦးကို မြေပြင်ပေါ်သို့ ဖိချလိုက်ပြီး ဓားဖြင့် ပိုင်းချလိုက်ကြလေသည်။
“ရွှပ်…”
ခေါင်း ၄ လုံး ပြတ်ကျသွားပြီး မြန်ဆန်လွန်းလှသဖြင့် အော်ဟစ်ချိန်ပင် မရလိုက်ကြပေ။
“ကောင်းတယ်။” လီဝမ်ဟွေ့က ပြောလိုက်၏။ “မိန်းမစိုးဂိုဏ်းကို သစ္စာဖောက်တဲ့သူတွေအတွက် လမ်းတစ်ခုပဲ ရှိတယ်။ အဲ့ဒါက သေလမ်းပဲ။”
ထို့နောက် လီဝမ်ဟွေ့က ပြောလိုက်သည်။
“လာ… လာ… အဖေနဲ့အတူ အရက်နည်းနည်းလောက် သောက်ရအောင်။ ဒီညတော့ စိတ်တိုင်းကျ ပျော်ပါးပြီး အောင်ပွဲခံကြတာပေါ့။ မနက်ဖြန်ကျမှ ခရီးလမ်းသစ်ကို စတင်ပြီး ရုန်းကန်ကြတာပေါ့ကွာ။”
ထိုညတွင် တုပိုင်သည် လုံးဝ မူးသွားပြီး လီဝမ်ဟွေ့ကမူ တစ်ဝက်လောက်သာ မူးလေသည်။ တုပိုင်သည် အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏။
စိတ်အာရုံ၏ အနက်ရှိုင်းဆုံးနေရာ၌ ထူးဆန်းသော အလင်းတန်းနှင့် အရိပ်များ ပေါ်လာသည်။
“အရူးအမူး လောင်းကစားမစ်ရှင် အောင်မြင်သွားပါပြီ။”
“စနစ်ရှင် တုပိုင်၏ မိန်းမစိုးဂိုဏ်း ကောင်းမှုအမှတ် ၅ မှတ် တိုးလာပါသည်။ ၁၀ မှတ် ပြည့်ပါက ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရမည်။”
“လီဝမ်ဟွေ့၏ မိန်းမစိုးဂိုဏ်း ကောင်းမှုအမှတ် ၂၀ မှတ် တိုးလာပြီး ၇၀ မှတ်သို့ ရောက်ရှိကာ ရာထူးတိုးတော့မည် ဖြစ်သည်။”
“စနစ်ရှင်တုပိုင်၏ စိတ်စွမ်းအား ၁၀ မှတ် အမြဲတမ်း တိုးလာပြီး ၄၀ သို့ ရောက်ရှိသွားပါသည်။”
နောက်တစ်နေ့ တုပိုင် နိုးလာသောအခါ အကြောင်းပြချက်မရှိဘဲ ပိုမို လန်းဆန်းတက်ကြွနေသည်ဟု ခံစားလိုက်ရသည်။
ထို့အပြင် ပတ်ဝန်းကျင်လေထုနှင့် လှုပ်ရှားမှုများကို အာရုံခံနိုင်စွမ်း သိသိသာသာ တိုးတက်လာပြီး သူ၏ တွေးခေါ်နိုင်စွမ်းသည်လည်း သိသိသာသာ မြန်ဆန်လာသည်။
ဤသည်မှာ စိတ်စွမ်းအား၏ အံ့ဖွယ်အမှုပင် ဖြစ်ကောင်းဖြစ်ပေမည်။ သေချာသည်မှာ စိတ်စွမ်းအား၏ သိမ်မွေ့နက်နဲမှုသည် ဤမျှသာ မကပေ။ သိုင်းပညာကို အမှန်တကယ် စတင်လေ့ကျင့်သောအခါမှသာ စိတ်စွမ်းအား၏ ကြောက်မက်ဖွယ် စွမ်းအားကို တွေ့မြင်ရမည်ဖြစ်သည်။
**--**--**--**--**--**--**--**
လီဝမ်ဟွေ့သည် ငွေ ၁ သိန်း၊ မြေဧက ၆၀၀၀ ပိုင်ဆိုင်ခွင့် စာချုပ်နှင့် လျှို့ဝှက်သံသတ္တုတွင်း ပိုင်ဆိုင်ခွင့် စာချုပ်များကို သယ်ဆောင်လျက် သူ၏ လူများနှင့်အတူ ကွေ့လင်စီရင်စုသို့ ပြန်လာခဲ့သည်။ ကျန်းနန်မြို့စားမင်းကို ပေးလိုက်ရသော ငွေ ၅ သောင်းကို နုတ်လိုက်လျှင်ပင် မိန်းမစိုးအကယ်ဒမီသည် ဤတစ်ခေါက်တွင် ငွေ ၃ သိန်းကျော် အမြတ်ရရှိခဲ့လေသည်။
ဤသည်မှာ ကြီးမားသော ချမ်းသာကြွယ်ဝမှုပင် ဖြစ်သည်။ မိန်းမစိုးအကယ်ဒမီ၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရန်ပုံငွေ စုစုပေါင်းသည်ပင် ဤပမာဏကို မမီပေ။
လီဝမ်ဟွေ့သည် ဤကြီးမားသော ချမ်းသာကြွယ်ဝမှုကို အသုံးပြုပြီး မိန်းမစိုးဂိုဏ်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို မည်သို့ တိုးချဲ့ရမည်ကို ရည်မှန်းချက်ကြီးကြီးဖြင့် စီစဉ်နေပြီ ဖြစ်သည်။
မိန်းမစိုးအကယ်ဒမီမှ စစ်သည်အရေအတွက်ကို တိုးချဲ့ရန် လိုအပ်သလို အရှေ့ဘက်စစ်တန်းလျား စစ်သည်အရေအတွက်ကိုလည်း တိုးချဲ့ရမည်။ အထူးသဖြင့် ဒေသခံစော်ဘွားများ၏ နယ်မြေများအပါအဝင် အောက်ခြေ ခရိုင်များရှိ အရှေ့ဘက်စစ်တန်းလျား၏ ဩဇာအာဏာကို ချဲ့ထွင်ရမည်ဖြစ်သည်။
ဤစော်ဘွားများ ပုန်ကန်ပြီး တာ့နင်မင်းဆက်၏ အုပ်ချုပ်မှုအောက်မှ ထပ်မံ ခွဲထွက်မသွားစေရန် လုံလောက်သော ရှင်းလင်းမှုများ ပြုလုပ်ရန် လိုအပ်သည်။
သေချာသည်မှာ လီဝမ်ဟွေ့၏ အနာဂတ် အလားအလာနှင့် ယှဉ်လျှင် ဤ ငွေ ၃ သိန်း ရရှိမှုသည် ဘာမှမဟုတ်ပေ။
လူတိုင်းက သူ့ကို ကျရှုံးမည်ဟု စောင့်ကြည့်နေကြပြီး ကွမ်ရှီးမိန်းမစိုးအကယ်ဒမီတွင် သူ ရှုံးနိမ့်တော့မည်ဟု မျှော်လင့်နေခဲ့ကြသည်။ သို့သော် သူ အနိုင်ရခဲ့သည်။ မိန်းမစိုးဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားလောက်အောင် ပြောင်မြောက်သော အောင်ပွဲကို ရယူနိုင်ခဲ့သည်။
သူ၏ ဂုဏ်သတင်းကျော်ကြားမှုသည် ပြိုင်ဘက်များဖြစ်သော ကျန်းရော့ကျူးကဲ့သို့ လူများကို ကျော်တက်သွားမည်မှာ သေချာပြီး အရှေ့ဘက်စစ်တန်းလျားကို ထိန်းချုပ်နိုင်ရန် ခြေတစ်လှမ်း ပိုနီးစပ်သွားပြီ ဖြစ်သည်။
ထိုအရာအားလုံးသည် တုပိုင်ကြောင့်ပင်။
လီဝမ်ဟွေ့ကိုယ်တိုင် အပါအဝင် လူတိုင်းက ဤတစ်ကြိမ်တွင် လီဝမ်ဟွေ့ ရှုံးနိမ့်တော့မည်ဟု ထင်ခဲ့ကြသည်။ အခြေအနေကို တစ်ကိုယ်တော် ပြောင်းလဲပစ်လိုက်ပြီး ပြောင်မြောက်သော အောင်ပွဲကို ရယူပေးကာ လီဝမ်ဟွေ့ကို သေမင်းလက်တွင်းမှ ပြန်လည်ဆွဲတင်ပေးခဲ့သူမှာ တုပိုင်ပင် ဖြစ်သည်။
သေချာသည်မှာ လီဝမ်ဟွေ့၏ ကာကွယ်မှုသာ မပါလျှင် တုပိုင်သည် ဉာဏ်ကြီးရှင် ဖြစ်နေပါစေဦး ဟိုးအရင်ကတည်းက ၈ ပိုင်းလောက် အပိုင်းပိုင်း ခံလိုက်ရပြီး ဖြစ်ပေလိမ့်မည်။
“ဆရာကြီး။ ဒီတစ်ခါ မြို့တော်ကနေ ဘယ်လိုဆုလာဘ်တွေ ချပေးမယ်လို့ ထင်လဲ။”
တုပိုင်က မေးလိုက်သည်။
လီဝမ်ဟွေ့က ပြောလိုက်၏။
“ငါ့ကို ကွမ်ရှီး အရှေ့ဘက်စစ်တန်းလျားရဲ့ တပ်မှူးချုပ် ရာထူး တိုးပေးလောက်တယ်။”
ကွမ်ရှီးပြည်နယ် အရှေ့ဘက်စစ်တန်းလျား၏ အမြင့်ဆုံးအရာရှိမှာ ကျန်းဖူစစ်သူကြီးဖြစ်ပြီး သူ့အောက်တွင် ဝမ်ဟု နှစ်ဦး ရှိရာ တစ်ဦးမှာ လီဝမ်ဟွေ့ ဖြစ်သည်။
ရာထူးအဆင့်အတန်းအရ ကျန်းဖူစစ်သူကြီးသည် ဗိုလ်ချုပ်ကြီးအဆင့်နှင့် ညီမျှပြီး ဒုတိယပြည်နယ်အဆင့် အရာရှိနှင့် တူညီရာ ရိုးရာတရုတ်သမိုင်းထဲမှ ရာထူးစနစ်ထက် အနည်းငယ် မြင့်မားလေသည်။
ကွမ်ရှီး အရှေ့ဘက်စစ်တန်းလျား၏ တပ်မှူးချုပ်အမည်မှာ ဝမ်ရင် ဖြစ်သည်။ သူသည် ကောက်ကျစ်ပြီး ဝေခွဲရခက်သော အရှေ့ဘက်စစ်တန်းလျားမှ လူအိုကြီးတစ်ဦး ဖြစ်သည်။
အချိန်အများစုတွင် သူသည် နောက်ကွယ်၌သာ ပုန်းနေတတ်ပြီး အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ကျဉ်လေ့ရှိသည်။
မိန်းမစိုးဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော အလွန်အရေးကြီးသည့် အကယ်ဒမီ ၃ ခု၏ ပြိုင်ပွဲကြီးကိုပင် ဤ ကွမ်ရှီး အရှေ့ဘက်စစ်တန်းလျား အကြီးအကဲ လာရောက်ခြင်း မရှိခဲ့ပေ။
သေချာသည်မှာ သူ၌ အပေါ်ယံ အကြောင်းပြချက် ကောင်းကောင်း ရှိနေသည်။ လွန်ခဲ့သော လအနည်းငယ်က အန်နမ်ဘုရင်အား ပုန်ကန်မှုကို နှိမ်နင်းရာတွင် ကူညီပေးမည့် ကိစ္စကို ဆွေးနွေးရန် အန်နမ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
“တပ်မှူးချုပ် ဟုတ်လား။” တုပိုင်က ပြောလိုက်သည်။ “ရာထူးတစ်ဆင့်ပဲ တက်တာပေါ့။”
လီဝမ်ဟွေ့က ရယ်မောကာ ပြောလိုက်၏။
“ကလေးရယ်… အိမ်ထောင်စုတစ်သောင်းမှူးဝမ်ဟုကနေ တပ်မှူးချုပ် ဖြစ်လာဖို့ဆိုတာ အရေးကြီးတဲ့ အဆင့်ပဲကွ။ ငါက ဒီအတားအဆီးကို ကျော်ဖြတ်ဖို့ ၃ နှစ်ကျော်ပဲ အချိန်ယူခဲ့ရတာဆိုတော့ ဒီရလာဒ်ကို အရမ်းကျေနပ်နေပါပြီ။”
တုပိုင်က ပြောလိုက်သည်။
“ဒီ တပ်မှူးချုပ်ဝမ်နဲ့ ဆရာကြီးနဲ့ သိပ်မတည့်ဘူးလို့ ကြားတယ်။”
တခြားလူသာဆိုလျှင် လီဝမ်ဟွေ့ ဆူပူကြိမ်းမောင်းလိုက်ပြီ ဖြစ်သည်။ ဒါ မင်းမေးရမယ့် ကိစ္စလား ဟု ပြောပေလိမ့်မည်။ သို့သော် မေးလိုက်သူမှာ တုပိုင် ဖြစ်နေသဖြင့် လီဝမ်ဟွေ့ အလေးအနက် စဉ်းစားလိုက်ပြီးမှ အတိကျဆုံး စကားလုံးများဖြင့် ပြန်ဖြေလိုက်သည်။
“မိန်းမစိုးဝမ်က ရှေးရိုးစွဲသမားကွ။ သူက တွေးတော့ အများကြီး တွေးပေမယ့် လုပ်တာက နည်းတယ်။ ကွမ်ရှီးမှာ ငါတို့ မိန်းမစိုးဂိုဏ်းက အားနည်းတော့ သူက အရပ်ဘက် စစ်ဘက် အရာရှိတွေနဲ့ ထိပ်တိုက်တွေ့တာ ရှားတယ်။ ငါ့ကိုပဲ ရှေ့ထွက် တိုက်ခိုင်းတာ။”
“သဘောပေါက်ပါပြီ။” တုပိုင်က ပြောလိုက်၏။ “အဲ့ဒါက လူကို သေလမ်းပို့ပြီး သူကတော့ အကောင်းဘက်ကနေ နာမည်ကောင်း ယူတဲ့ ခေါင်းဆောင်မျိုးပေါ့။”
“စကားနာထိုးတတ်တဲ့ ကလေး… ဒါပေမဲ့ သဘောတရားကတော့ အတူတူပါပဲ။” လီဝမ်ဟွေ့က ပြုံးလျက် ပြောလိုက်သည်။ “တပ်မှူးချုပ်ဝမ်က အရာရှိလုပ်တာ အရမ်းတော်တယ်။ ဒါပေမဲ့ သူ့ကို အတုမခိုးနဲ့။”
တုပိုင်နှင့် လီဝမ်ဟွေ့ စကားပြောနေစဉ် အရှေ့ဘက်စစ်တန်းလျားမှ စစ်သည်တစ်ဦး ဝင်လာပြီး ပြောလိုက်သည်။
“သခင်ကြီး… ထန်ယန် တွေ့ခွင့်တောင်းနေပါတယ်။”
လီဝမ်ဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူသည် ထိုလူကို လုံးဝ ရွံရှာနေပြီ ဖြစ်သည်။ ကိုယ်ကျိုးစီးပွားအတွက် မိန်းမစိုးဂိုဏ်း၏ အကျိုးစီးပွားကို လျစ်လျူရှုခဲ့သည်။
လီဝမ်ဟွေ့၏ အနာဂတ်ကို ဖျက်ဆီးရုံသာမက အဓိကအချက်မှာ ကွမ်ရှီးမိန်းမစိုးဂိုဏ်းကို အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ခြေအောက်တွင် အနင်းခံရအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တုပိုင်သာ အချိန်မီ ဝင်မပါခဲ့လျှင် ကွမ်ရှီးမိန်းမစိုးဂိုဏ်း၏ အခြေအနေမှာ လုံးဝ ပြိုလဲသွားမည် ဖြစ်သည်။
“တုပိုင်။ မင်းကို စမ်းသပ်ကြည့်မယ်။ ဒီတစ်ခါ ထန်ယန် လာတွေ့တာ ဘာရည်ရွယ်ချက် ရှိတယ်လို့ ထင်လဲ။” လီဝမ်ဟွေ့က မေးလိုက်သည်။
တုပိုင်က ပြောလိုက်၏။
“သူက ကျွန်တော့်ကို တားဆီးဖို့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ပြောင်းလာချင်နေတာ။”
“တော်တယ်။” လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်းက အကယ်ဒမီ ၃ ခု ပြိုင်ပွဲကြီးမှာ အနိုင်ရပြီးနောက် မင်းရဲ့ အရှိန်အဟုန်က အရမ်းပြင်းထန်လာသလို ထန်ယန်ရဲ့ နေရာကိုပါ လုယူလိုက်သလို ဖြစ်သွားတာကိုး။”
“ဒါကြောင့် သူတို့က မင်းကို သေချာပေါက် တားဆီးပြီး ဖိနှိပ်ကြလိမ့်မယ်။ အဲ့ဒါကြောင့် ချွေ့မျိုးနွယ်က ထန်ယန်ကို ကိုယ်တိုင် လှုပ်ရှားခိုင်းဖို့ ဝန်မလေးတော့တာ။”
ခဏအကြာတွင် ထန်ယန်သည် လီဝမ်ဟွေ့ရှေ့သို့ ရောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး… ထန်ယန်က ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ပြောင်းရွှေ့ပြီး ဆရာကြီးရဲ့ လက်အောက်မှာ ကျောင်းသားအဖြစ် နေချင်ပါတယ်။ ခွင့်ပြုပေးပါခင်ဗျာ။”
ထန်ယန်က ထိုစကားကို ပြောလိုက်ချိန်တွင် ခေါင်းက မြေကြီးသို့ ငုံ့ထားသော်လည်း မျက်လုံးများကမူ တုပိုင်ဆီသို့ စိုက်ကြည့်နေလေသည်။
တုပိုင် ဒေါသထွက်သွား၏။
ဘွဲ့ယူစာမေးပွဲတွင် ပထမရရန်အတွက် မူလကတည်းက ခက်ခဲနေပြီးသား ဖြစ်သည်။ ယခု အလွန်တော်သော ထန်ယန် ရောက်လာခြင်းက ပထမရရန် အခက်အခဲကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်လိုက်သလို ဖြစ်သွားသည်။
အဓိက ပြဿနာမှာ တုပိုင် ပထမ မရလျှင် စနစ်က သူ့ကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ ထိပ်သီးများနှင့် ယှဉ်လျှင် ထန်ယန်က ပို၍ ကြောက်စရာ ကောင်းသည်။
သေချာသည်မှာ တုပိုင်သည် အကယ်ဒမီ ၃ ခု ပြိုင်ပွဲကြီးတွင် အနိုင်ရခဲ့သဖြင့် ဘွဲ့ယူစာမေးပွဲ ရမှတ်တွင် အမှတ် ၅၀ ပေါင်းထည့်ပေးမည် ဖြစ်သည်။
သို့သော် သူက အမှတ် ၅၀ အသာစီးရထားပြီးမှ ပထမရလျှင် အနိုင်ရသည်ဟု ဆိုလျှင်ပင် မိန်းမစိုးဂိုဏ်း ခေါင်းဆောင်များ၏ မျက်လုံးထဲတွင် တုပိုင် ရှုံးနိမ့်သည်ဟု သတ်မှတ်ခံရနိုင်ပြီး သူ၏ အောင်ပွဲမှာ ဂုဏ်ယူစရာ မဟုတ်တော့ပေ။
ထို့ကြောင့် တုပိုင်၏ အရှိန်အဟုန်ကို ဖိနှိပ်ပြီး တိုးတက်မည့်လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် တစ်ဖက်လူများက တကယ်ကို မည်သည့်နည်းလမ်းမဆို သုံးနေကြခြင်း ဖြစ်သည်။
လီဝမ်ဟွေ့သည် ထန်ယန်ကို ပြန်မဖြေဘဲ တုပိုင်ကို ကြည့်ကာ မေးလိုက်သည်။
“မင်း ဘယ်လိုသဘောရလဲ။ ငါ လက်ခံသင့်လား။”
သူက ရွေးချယ်ခွင့်ကို တုပိုင်အား ပေးလိုက်ခြင်း ဖြစ်သည်။
‘လက်မခံနဲ့။ သူ့ကို ကွမ်တုန်းကို ချက်ချင်း ပြန်လွှတ်လိုက်။ ငါ အဆင့်တက်ပြီးမှ သူ့ဘောတွေကိုညစ်ချေပစ်မယ်’
ဤသည် တုပိုင်၏ အတွင်းစိတ် ဖြစ်သော်လည်း သူက စိတ်ထဲတွင်သာ တွေးနိုင်ပြီး အပြင်ထုတ်ပြော၍ မဖြစ်ချေ။
အကယ်၍ တုပိုင်သည် ထန်ယန်၏ စိန်ခေါ်မှုကို လက်မခံရဲလျှင် မိန်းမစိုးဂိုဏ်းအတွင်း၌ သူ ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ရိုးရိုး ရှုံးနိမ့်ခြင်းထက်ပင် ပို၍ အရှက်ရစရာ ကောင်းသည်။ ထန်ယန်ကိုပင် ရင်မဆိုင်ရဲလျှင် အနာဂတ်တွင် သူ့ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
ဒေါသထွက်လွန်းသဖြင့် တုပိုင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ။ ကြိုဆိုတာပေါ့။”
လီဝမ်ဟွေ့ အမှန်တကယ် ကျေနပ်သွားပြီး ပြောလိုက်သည်။
“ကောင်းတယ်။ မင်းမှာ ရဲရင့်တဲ့စိတ်ဓာတ်ကောင်း ရှိတယ်။ တကယ့် ငါ့သားပဲ။ ကဲ။ ထန်ယန်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကနေ မင်းကိုကြိုဆိုပါတယ်။”
လီဝမ်ဟွေ့ ဂရုစိုက်သည်မှာ တုပိုင်က ထန်ယန်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရဲခြင်း ရှိမရှိ ဆိုသည့်အချက်သာ ဖြစ်သည်။
ဘွဲ့ယူစာမေးပွဲတွင် တုပိုင်က ထန်ယန်ကို ရှုံးနိမ့်သွားမည်ကို သူ ဂရုမစိုက်ပေ။ ရှုံးခဲ့လျှင်ပင် ထိုသည်က အဆုံးအဖြတ် တိုက်ပွဲ မဟုတ်သေးသဖြင့် မြို့တစ်မြို့ နေရာတစ်နေရာ၏ အရှုံးအမြတ်ကို ဂရုစိုက်နေစရာ မလိုပေ။ တိုက်ပွဲရှုံးလျှင်ကိစ္စမရှိချေ။ စစ်ပွဲကိုအောင်နိုင်လျှင် လုံလောက်ပြီဖြစ်၏။
ထိုသို့ဖြင့် တုပိုင်၏ ဘွဲ့ယူစာမေးပွဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတားအဆီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအရာမှာ ပါရမီရှင် ထန်ယန်ပင် ဖြစ်တော့သည်။
အပိုင်း (၆၈) ပြီး။