အခန်း (၁၂၆၁-၁၂၆၃)
Vol. 85 Ch. 1261-1263
အခန်း (၁၂၆၁ )
လုချန်း၏ စိုးရိမ်ပူပန်မှုများ
ဝူဖုန်း၏ စကားများကို ကြားလိုက်ရသောအခါ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ ခေါင်းထဲ အတွေးတစ်ခု ဖြတ်သန်းသွား၏။
ကောင်းကင်မီးမျိုးနွယ်စု၏ အပြုအမူသည် သူတို့မျိုးနွယ်စု အပြင်ဘက်ရှိ သူတော်စင်များကို ဒေါသထွက်စေခဲ့ပြီး ကောင်းကင်မီး တော်ဝင်မိသားစု၏ လက်အောက်ခံအဖြစ် ကောင်းကင်မီးမျိုးနွယ်စုဝင် မဟုတ်သော မည်သည့်သူတော်စင်ကမှ အမှုထမ်းလိုစိတ် မရှိတော့သည့်ပုံ ပေါ်နေသည်။ ဤအချက်က ကောင်းကင်မီးမျိုးနွယ်စု၏ အာဏာကို အားနည်းသွားစေပြီး အကျပ်အတည်းကို ခံစားလာရသဖြင့် သူ့ကို သစ္စာခံရန် တက်ကြွစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်ရမည်ဟု သူ တွေးတောမိလိုက်သည်။
သေရေးရှင်ရေး အခြေအနေသို့ ရောက်မှသာ သစ္စာခံရန် ရွေးချယ်ခြင်းက တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သို့သော်လည်း သူသိပ်ဂရုမစိုက်ပေ။ သူ့အတွက် ကောင်းကင်မီးမျိုးနွယ်စုသည် ထူးထူးခြားခြား အရေးပါလှသည်တော့ မဟုတ်ချေ။ သူ အလိုချင်ဆုံးအရာက မုချင်းလန်သာ ဖြစ်သည်။
ကောင်းကင်မီးမျိုးနွယ်စုကို ဓားစာခံအဖြစ် ဖမ်းဆီးထားလိုက်လျှင် မုချင်းလန်အနေနှင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ကို လက်ထပ်ရပေမည်။ ကောင်းကင်မီး တော်ဝင်မိသားစု၏ လေးစားခံရသော အကြီးအကဲဖြစ်သည့် မုချင်းလန်သည် ကောင်းကင်မီးမျိုးနွယ်စု တစ်ခုလုံးကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးလိမ့်မည်ဟု သူ မယုံကြည်ပေ။
ကောင်းကင်မီးမျိုးနွယ်စု ကိုးကွယ်နေသော ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်၍တော့ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း စိတ်ထဲ တစ်ခါမှ အလေးအနက် မထားဖူးချေ။
ဘယ်လို ကောင်းကင်ဧကရာဇ်မျိုးလဲ။ ကောင်းကင်မီးမျိုးနွယ်စု တော်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်ရှိလာကတည်းက သူလည်း ထိုနေရာတွင် ရှိနေခဲ့သော်လည်း သူတို့ ကိုးကွယ်သော ကောင်းကင်ဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ထိုပုဂ္ဂိုလ်သည် တကယ်မတည်ရှိသော ပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်။ တကယ်မရှိသော ပုဂ္ဂိုလ်တစ်ဦးက သူ့ကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။
တကယ်တော့ ဤအရာများက လက်ရှိအချိန်တွင် အဓိကပြဿနာများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဧကရာဇ်ဂူ အတွင်းမှ ရတနာများကို အမြန်ဆုံး ရှာဖွေရန်သာ ဖြစ်သည်။
ထိုအတွေးနှင့်အတူ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဝူဖုန်းအား
“တော်ဝင်တောင်တန်း ကြယ်နယ်မြေထဲက အင်အားစုတွေ အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်။”
ဧကရာဇ်လောင်းသည် ဧကရာဇ်ဂူသင်္ချိုင်းအတွင်းမှ ရတနာများကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုသော်လည်း တော်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံး၏ အုပ်စိုးသူအနေနှင့် အခြားလက် အောက်ခံအင်အားစုများအတွက် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မချန်ထားပေးပါက နောက်ဆုံးတွင် မကျေနပ်မှုများ ဖြစ်စေရန် လှုံ့ဆော်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ဧကရာဇ်လောင်းဟူသော သူ့အဆင့်အတန်းဖြင့် အရပ်ရပ်မှ အင်အားစုများကို စုစည်းပြီး ဧကရာဇ်ဂူကို အတူတကွ ရှာဖွေကြလျှင်ပင် ဂူအတွင်းမှ ရရှိသော ရတနာများကို သူ့လက်သို့ မလွဲမသွေ အပ်နှံရမည်ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ကြယ်နယ်မြေတစ်ခုလုံးကို ဖုံးကွယ်ထားနိုင်လောက်အောင် ခိုင်မာသော ချိပ်ပိတ်စည်း တစ်ခုကို တည်ဆောက်နိုင်သူသည် အနည်းဆုံး ဧကရာဇ် အဆင့်ရှိသူ ဖြစ်ရမည်။ အကယ်၍ ဧကရာဇ်တစ်ပါးက အခြားဧကရာဇ်တစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ မြှုပ်နှံခဲ့သည်ဆိုလျှင် ဂူသင်္ချိုင်းအတွင်း၌ ကန့်သတ်ချက်များနှင့် ထောင်ချောက်များစွာ ရှိနေရမည်။
ဧကရာဇ်လောင်းတစ်ပါးကို မဆိုထားနှင့်၊ ဧကရာဇ်အစစ်တစ်ပါးလျှင် အခြားဧကရာဇ်တစ်ပါး ချန်ထားခဲ့သော ကန့်သတ်ချက်များနှင့် ထောင်ချောက်များကို သတိထားရပေမည်။ အကယ်၍ ကွယ်လွန်သွားသော ဧကရာဇ်သည် နည်းဗျူဟာပုံစံ ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ပါက ဂူသင်္ချိုင်းသည် ပို၍ပင် အန္တရာယ်များပေလိမ့်မည်။
အရပ်ရပ်မှ အင်အားစုများကို ဆင့်ခေါ်ခြင်းဖြင့် သူက ထိုအင်အားစုများကို ရှေ့ကသွားစေနိုင်ပြီး ကန့်သတ်ချက်များနှင့် နည်းဗျူဟာပုံစံ အများစုကို ဖျက်ဆီးပြီးမှသာ သူ ဝင်ရောက်ရှာဖွေနိုင်သည်။ ဤနည်းလမ်းက စွန့်စားရမည့် အခြေအနေများကို သိသိသာသာ လျှော့ချပေးနိုင်ပေလိမ့်မည်။
ဝူဖုန်းက
“သဘောပေါက်ပါပြီ။ တော်ဝင်တောင်တန်း ကြယ်နယ်မြေထဲက အင်အားစု ခေါင်းဆောင်တွေ အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်ပါ့မယ်။”
အသံဆုံးသွားသည်နှင့် ဝူဖုန်းလှည့်ထွက်ပြီး ခန်းမကြီးမှ ထွက်ခွာသွားကာ အင်အားစုအသီးသီးမှ ခေါင်းဆောင်များကို နဂါးစီးဂိုဏ်းသို့ လာရောက်ကြရန် အကြောင်းကြားခိုင်းလိုက်သည်။
မကြာမီတွင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ပေါ်ထွက်လာသည့်သတင်းက တော်ဝင်တောင်တန်း ကြယ်နယ်မြေ တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားပြီး မုကျန့်ချင်း အပါအဝင်အဓိက အင်အားစု ခေါင်းဆောင်များ အားလုံး နဂါးစီးဂိုဏ်းသို့ အလျင်အမြန် သွားရောက်ကြသည်။
မည်သို့ပင်ဆိုစေ ကောင်းကင်မီး နိုင်ငံတော်သည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဟန်ပြသစ္စာခံထားပြီး ဖြစ်၏။ အကယ်၍ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ဆင့်ခေါ်တာကို မလာလျှင် ဖြေရှင်းချက်ပေးရန် ခက်ခဲပေလိမ့်မည်။
နဂါးစီးဂိုဏ်းသို့ ဦးတည်သွားနေစဉ် မုကျန့်ချင်းက ထိုသတင်းကို လုချန်းထံသို့ ပေးပို့လိုက်သည်။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ပေါ်ထွက်လာကြောင်း သိလိုက်ရသဖြင့် လုချန်း အလွန်ဝမ်းမြောက်သွားခဲ့သည်။ ဤနည်းအားဖြင့်ဆိုလျှင် သူသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ ပုန်းခိုရာနေရာကို ကိုယ်တိုင် လိုက်ရှာစရာ လိုတော့မည် မဟုတ်ပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်ရာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းတွင် ကိုယ်ပွားတစ်ခု ရှိကောင်းရှိနိုင်သည်ဟု တွေးမိပြန်သည်။ အကယ်၍ ကိုယ်ပွားတစ်ခု ရှိနေခဲ့ပါက တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို သတ်လိုက်လျှင်ပင် တကယ် သေဆုံးသွားမည် မဟုတ်ချေ။ အကယ်၍ ထိုလူ၏ ကိုယ်ပွားသာ ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ပိုအားကြီးသော အင်အားစုများနှင့်အတူ တော်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ပြန်လာကောင်း ပြန်လာနိုင်သည်။
ထိုသို့တွေးလိုက်မိသဖြင့် လုချန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
ဤအရာက တကယ်ကို ပြဿနာရှိသော ကိစ္စတစ်ခု ဖြစ်သည်။
ကုတင်ပေါ်တွင်ထိုင်လျက် ပိုင်ချင်းချင်း ယူဆောင်လာသည့် ထောက်လှမ်းရေး အစီရင်ခံစာကို ကြည့်ပြီး မျက်ခုံးတွန့်နေသော လုချန်းကို မြင်လိုက်ရသဖြင့် မုချင်းလန်က ဇဝေဇဝါဖြင့်
“မင်းကြီး... နဂါးစီးဂိုဏ်းက တစ်ခုခု လုပ်ရှားလာလို့လား။”
လုချန်း သတိပြန်ဝင်လာပြီး စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို အသုံးပြု၍ လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ပြာကျသွားအောင် လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် မုချင်းလန်ဘက်သို့ ခေါင်းလှည့်ကြည့်ကာ
“တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာပြီး တော်ဝင်တောင်တန်း ကြယ်နယ်မြေရဲ့ အင်အားစုတွေ အားလုံးကို ဆင့်ခေါ်လိုက်ပြီ။”
ထိုအရာကို ကြားသောအခါ မုချင်းလန် အံ့သြမသွားခဲ့ပေ။ ဧကရာဇ်ဖြစ်လာဖို့က တော်ဝင်တောင်တန်း ဧကရာဇ်လောင်းအတွက် အလွန်အရေးကြီးသော်လည်း ဧကရာဇ်ဂူက သူ့အတွက် ပို၍ပင် အရေးကြီးပေသည်။ ထို့ပြင် ဧကရာဇ်ဂူ အတွင်းမှ ပစ္စည်းများက တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ပိုမိုလျင်မြန်စွာ အဆင့်တက်ရောက်အောင် ကူညီပေးနိုင်လိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် စိတ်မဝင်စားပဲ နေရန် မဖြစ်နိုင်ပေ။
သို့သော်လည်း မုချင်းလန် နားမလည်နိုင် ဖြစ်နေ၏။ ထိုသတင်းအရ ပြဿနာအားလုံးကို တစ်ကြိမ်တည်းနှင့် ဖြေရှင်းရန် ကောင်းကင်ဧကရာဇ် တွေးတောနေသင့်သည်။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာခြင်းက ကောင်းကင်ဧကရာဇ်အတွက် သတင်းကောင်း ဖြစ်သင့်သည်။
ဒါဆို ကောင်းကင်ဧကရာဇ်က အဘယ်ကြောင့် စိုးရိမ်ပူပန်နေရသနည်း။
မုချင်းလန်က
“မင်းကြီး... အခု တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာပြီဆိုတော့ မင်းကြီးအနေနဲ့ ပြဿနာအားလုံးကို တစ်ကြိမ်တည်း ဖြေရှင်းနိုင်ပြီး တော်ဝင်တောင်တန်းနယ်မြေကို ရှနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက် ရောက်အောင် လုပ်နိုင်တော့မယ်လေ။ ဘာလို့ မင်းကြီးက မပျော်မရွှင် ဖြစ်နေရတာလဲ။”
လုချန်းက ချက်ချင်း တုံ့ပြန်မဖြေပဲ မုချင်းလန်အပေါ်သို့ ထပ်မံ မှီချလိုက်ပြီး သူမ၏ နဖူးပေါ်ရှိ ဆံနွယ်များကို ညင်သာစွာ ကစားလိုက်သည်။ ထို့နောက် သူမ၏ အေးစက်ပြီး ကျက်သရေရှိသော မျက်နှာကို ငေးကြည့်ရင်း
“အဲ့ဒီအချိန်ကျရင် သူ့ကိုယ်ပွား ထွက်ပြေးလွတ်မြောက်သွားပြီး ပြဿနာတွေ ပိုဖြစ်လာမှာကို ကိုယ် စိုးရိမ်နေတာ။”
လုချန်း၏ စကားကို ကြားလိုက်ရသဖြင့် မုချင်းလန်လည်း လုချန်း၏ အတွေးကို ချက်ချင်း နားလည်သွားပြီး
“မင်းကြီး... ကျင့်ကြံသူတစ်ယောက်က ဧကရာဇ်မဖြစ်ခင် ကိုယ်ပွားတွေ အားလုံးကို ပေါင်းစည်းရပါတယ်။ အဲ့ဒီလို မဟုတ်ရင် အခက်အခဲတွေ အများကြီး ပိုတိုးလာပါလိမ့်မယ်။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဧကရာဇ်ဖြစ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအချိန်မှာ သူက သူ့ကိုယ်ပွားတွေ အားလုံးကို ပေါင်းစည်းပြီးနေလောက်ပါပြီ။”
ကိုယ်ပွားများသည်လည်း သီးခြားလွတ်လပ်စွာ ဧကရာဇ်ဖြစ်လာနိုင်သော်လည်း ထိုအဆင့်သို့ လူတိုင်း ရောက်နိုင်မည် မဟုတ်ချေ။ ပင်မခန္ဓာနှင့် ကိုယ်ပွားနှစ်မျိုးလုံး ဧကရာဇ်ဖြစ်လာအောင် လုပ်နိုင်သော ကျင့်ကြံသူများကို စကြဝဠာတစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရနိုင်ပေသည်။
ကျင့်ကြံသူအားလုံးနီးပါးသည် ဧကရာဇ်ဖြစ်ရန် မကြိုးစားမီ သူတို့၏ ကိုယ်ပွားများကို ပေါင်းစည်းထားလေ့ရှိကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကိုယ်ပွားများမှ ရရှိသော ထိုးထွင်းသိမြင်မှုများက ပင်မခန္ဓာ၏ အသိစိတ်နှင့် ပေါင်းစပ်သွားပြီး ဧကရာဇ်ဖြစ်လာနိုင်ခြေကို ပို၍မြင့်တက်စေသည်။
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် ဧကရာဇ်ဖြစ်ရန် နည်းလမ်းတစ်ခု ရရှိပြီးနောက် ဧကရာဇ်ဖြစ်ရန် နောက်ဆုံးအဆင့်အတွက် ပြင်ဆင်ရန် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ ကိုယ်ပွားနှင့် မပေါင်းစည်းရသေးတာမဖြစ်နိုင်ပေ။
မုချင်းလန်၏ စကားကြောင့် လုချန်း ခဏခန့် မှင်တက်သွားခဲ့သည်။ ဧကရာဇ်ဖြစ်ရန် မကြိုးစားမီ ကိုယ်ပွားများကို ပေါင်းစည်းရန် လိုအပ်ကြောင်း သူ လုံးဝမသိခဲ့ချေ။
ရှန်ဝူဧကရာဇ်၏ သားဖြစ်ခဲ့စဉ်က သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များ ရှိနေသော်လည်း ဤအကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့နောက် လုချန်းက
“မင်းက ဒီအကြောင်းကို ဘယ်လိုသိတာလဲ”
လုချန်းက သူ့ကိုယ်သူ သံသယဝင်နေသည်ကို မြင်လိုက်ရသဖြင့် မုချင်းလန် အံ့သြမသွားခဲ့ပေ။ ကောင်းကင်ဧကရာဇ်၏ အတိတ်ဘဝ မှတ်ဉာဏ်များ အပြည့်အဝ ပြန်လည်မရရှိသေးသည့်အတွက် ဤကိစ္စကို မသိနားမလည်ခြင်းဟု သူမမြင်သည်။ ထို့ကြောင့် အံ့သြစရာ မဟုတ်ဟု သူမ ယူဆထားသည်။
“ကောင်းကင်မီးမျိုးနွယ်စုမှာ ဧကရာဇ်ဖြစ်ဖို့ မကြိုးစားခင် ပြင်ဆင်စရာ ကိစ္စရပ်အချို့ကို မှတ်တမ်းတင်ထားတဲ့ သမိုင်းမှတ်တမ်းတချို့ ရှိပါတယ်။”
လုချန်းက
“သဘောပေါက်ပြီ”
“ဒီအကြောင်း တော်လောက်ပြီ... အခု ကျင့်ကြံဖို့ပဲ အာရုံစိုက်ရအောင်”
သူ့စကားဆုံးသည်နှင့် လုချန်းက စတင်လှုပ်ရှားလိုက်ရာ မုချင်းလန်လည်း ကျင့်ကြံခြင်း အခြေအနေထဲသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားတော့သည်။
မုချင်းလန်နှင့် ရင်းနှီးသော အခိုက်အတန့်များ ပြီးဆုံးသွားပြီးနောက် ထျန်းဟုန်ဧကရီ၏ အခန်းထဲသို့ လုချန်း ရုတ်တရက် ရောက်ရှိသွားသည်။
ထျန်းဟုန်ဧကရီသည် ယခုအခိုက်အတန့်တွင် လေးလေးနက်နက် ကျင့်ကြံနေပြီး လုချန်း သူမအခန်းထဲသို့ ရောက်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ လုချန်း၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထျန်းဟုန်ဧကရီ သူမ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။
ထျန်းဟုန်ဧကရီ၏ အေးစက်သော မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များလည်း ရှိနေ၏။
လုချန်းက သူမ၏ အဆောင်သို့ အဘယ်ကြောင့် ရောက်လာရသနည်း။
ဒီ လူက သူမကို တစ်ခုခုလုပ်ဖို့ ကြံစည်နေတာများလား။
ထိုအတွေးနှင့်အတူ ထျန်းဟုန်ဧကရီ၏ မျက်နှာအမူအရာ ပို၍အေးစက်လာသည်။
အကယ်၍ ဒီလူသာ တကယ် ဆန္ဒရှိနေလျှင် သူမ ငြင်းဆန်နိုင်မည် မဟုတ်ဟုလည်း စိုးရိမ်မိသည်။ သူမ၏ ခန္ဓာကိုယ်တွင် လုချန်းနှင့် ဆက်နွယ်နေသော လက်ထပ်ခြင်း ကြိုးနီမျှင်များ ရစ်ပတ်နေသည်ကိုလည်း မကြာသေးမီက သူမ တွေ့ထားသည်။
တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ထျန်းဟုန်ဧကရီက အေးစက်စက် မေးလိုက်သည်။
“မင်းကြီးက ကျွန်မဆီကနေ ဘာလိုချင်လို့လဲ”
……………..
အခန်း( ၁၂၆၂ )
တခြားကိစ္စ ရှိပါလား
ထျန်းဟုန်ဧကရီသည် အေးစက်စက်အမူအရာကို ထိန်းသိမ်းထားသော်လည်း လုချန်းက ဂရုမစိုက်ပဲ စနစ်ကို အသုံးပြုကာ ထျန်းဟုန်ဧကရီ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
[အမည် : ထျန်းဟုန်ဧကရီ]
[အချက်အလက် :ဧကရီ ဝင်စားသူ၊ လက်ရှိတွင် သူတော်စင်အဆင့်တစ်၌ ရှိသည်။ ပြင်ပနယ်မြေတွင် ကျဆုံးပြီးနောက် သူမ၏ ဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ်သည့် အရာတစ်ခုက နတ်လှေအတွင်း ချိပ်ပိတ်ခဲ့ကာ နတ်လှေ၏ ဝိညာဉ်ဖြစ်လာခဲ့သည်။ သခင် ပုံဖော်ပေးခဲ့သည့် ရုပ်ခန္ဓာက သူမကို အောင်မြင်စွာ ပြန်လည်ရှင်သန်စေခဲ့သည်။ ကံကြွေးကို ပြန်လည်ပေးဆပ်ရန်အတွက် သခင်၏ ဘေးနားတွင် ဆက်လက်နေထိုင်ရန် စီစဉ်ထားသည်။ သူမ၏ ခန္ဓာကိုယ်ကို နဂါးဖီးနစ်သစ်ပင်၏ အကိုင်းအခက်များကို အသုံးပြု၍ ဖန်တီးထားသောကြောင့် သူမ၏ ခန္ဓာကိုယ်သည် သခင်နှင့် နီးကပ်စွာနေရန် အမြဲတမ်း တောင့်တနေပြီး ထိုအရာက သူမကို စိတ်ပူပန်စေသည်။]
[ရမှတ် : ၁၀၀]
[နှစ်သက်မှု : ၈၀]
ထျန်းဟုန်ဧကရီ၏ ကျင့်စဉ်အဆင့် သူတော်စင်အဆင့်သို့ အမှန်တကယ် ပြန်လည်ရောက်ရှိနေသည်ကို လုချန်း တွေ့လိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားမိသည်။
ထျန်းဟုန်ဧကရီသည် အနေအထိုင်မပျက်ပဲ တိတ်တဆိတ် ကျင့်ကြံနေသော်လည်း သူတော်စင်အဆင့်သို့ လျင်မြန်စွာ ပြန်ရောက်နေပြီဖြစ်သည်။ သူမ၏ ကျင့်စဉ်တိုးတက်မှုနှုန်းက သူ့ထက်များစွာ ကျော်လွန်နေပုံရသည်။
စနစ်ရှိသည့် သူ့ထက်တောင်မှ စနစ်မရှိသူတစ်ယောက်က ဤမျှမြန်ဆန်သောနှုန်းဖြင့် တိုးတက်နေသည်ကို တွေ့ရသောအခါ သူမ တစ်ခုခု လှည့်စားနေသလားဟုပင် လုချန်း သံသယဝင်မိသည်။
သို့သော်လည်း သူမသည် ယခင်ဘဝက ဧကရီဖြစ်ခဲ့ပြီး ဧကရီ၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသောကြောင့် ဤအရာက သဘာဝတော့ကျနေ၏။
ထို့နောက် ထျန်းဟုန်ဧကရီ၏ နှစ်သက်မှုအမှတ်ကို လုချန်း ကြည့်လိုက်သည်။
ထျန်းဟုန်ဧကရီ၏ နှစ်သက်မှုအမှတ် ၈၀ သို့ ရောက်ရှိနေသည်ကို တွေ့သောအခါ လုချန်း ခပ်ဖွဖွပြုံးလိုက်သည်။
ထျန်းဟုန်ဧကရီကို ပြန်လည်ရှင်သန်စေခဲ့စဉ်က သူမ၏ နှစ်သက်မှုအမှတ် ၃၀ သာ ရှိခဲ့ကြောင်း သူ မှတ်မိသည်။ ထျန်းဟုန်ဧကရီအတွက် သူ ဘာမှမလုပ်ပေးပဲ နှစ်သက်မှုအမှတ် ၈၀ အထိ အလိုအလျောက် တိုးလာခြင်းက အတော်လေး ကောင်း၏။
လုချန်းက
“ဧကရာဇ်အဆင့် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းကို မေးစရာ မေးခွန်းတချို့ ရှိတယ်”
ဟု တဲ့တိုးပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန်ဧကရီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ဧကရာဇ်အဆင့်ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မေးခွန်း....
ဧကရာဇ်ကိစ္စများနှင့် ပတ်သက်၍ လုချန်းက အဘယ်ကြောင့် သူမကို လာမေးရသနည်း။
သူ တစ်စုံတစ်ခုကို ရိပ်မိသွားခြင်းများ ဖြစ်နိုင်မလား။
လုချန်းသည် ယခုအခါ သူတော်စင်အဆင့်သုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအဆင့်ရှိ အခြားသူများအတွက် ဧကရာဇ်ဖြစ်ရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်နိုင်သော်လည်း လုချန်းအတွက်မူ မမှန်ကန်ကြောင်း သူမ လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းအရ နှစ်အနည်းငယ်အတွင်း ဧကရာဇ်အဖြစ်သို့ ရောက်ရှိနိုင်သည်။
ဧကရာဇ်အဖြစ် ခံယူရမည့် အချိန်ကို သူ နီးကပ်လာနေပြီဆိုတာက မယုံနိုင်စရာပင်။ သူမ ပထမဆုံး နိုးထလာချိန်က လုချန်းကို မိန်းမကိစ္စ၌သာ စိတ်ဝင်စားပြီး ဧကရာဇ်ဖြစ်ရန် ကံမပါသူ၊ မျှော်လင့်ချက်မဲ့နေသူဟုသာ အမြဲ ထင်မှတ်ခဲ့သည်။
မမျှော်လင့်ပဲ နှစ်အနည်းငယ်အတွင်း သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဧကရာဇ်လမ်းစဉ်ဆီသို့ ဦးတည်နေပြီ ဖြစ်သည်။ ဘဝလမ်းစဉ်ဟု ခေါ်သော လမ်းစဉ်မှတစ်ဆင့် ဧကရာဇ်အဖြစ်သို့ ရောက်ရှိရန် သူ တကယ်ပဲ စဉ်းစားထားတာများလား။
ဇနီးမယားများရှေ့တွင် လုချန်း ကြွားလုံးထုတ်လေ့ရှိသည့် ဘဝလမ်းစဉ်အကြောင်း တွေးမိသောအခါ ထျန်းဟုန်ဧကရီ အနည်းငယ် နေရခက်သွားသည်။ နေ့တိုင်း ပျော်ပါးနေရုံဖြင့် ဧကရာဇ်ဖြစ်လာနိုင်မည်ဆိုပါက လုချန်း အမှန်တကယ် ဧကရာဇ် ဖြစ်လာခဲ့လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ကျင့်စဉ်လမ်းစဉ်နှလုံးသားများ ကွဲအက်သွားနိုင်သည်။
ထိုအချိန်တွင် လုချန်းက
“ဖေးဟုန်နတ်လှေရဲ့ ဝိညာဉ်အနေနဲ့ မင်းက ခေတ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ရမှာမို့ အများကြီး သိထားမှာ သေချာတယ်။”
ထျန်းဟုန်ဧကရီက
“မင်းကြီးမှာ ဘာမေးခွန်းများ ရှိလို့ပါလဲ”
လုချန်းက
“ဧကရာဇ်မဖြစ်ခင်မှာ ကိုယ်ပွားတွေအားလုံးကို ပေါင်းစည်းရမယ်လို့ ကိုယ် ကြားဖူးတယ်။”
ထျန်းဟုန်ဧကရီ ချက်ချင်း မဖြေပေ။ တည်ငြိမ်နေသော မျက်နှာထားဖြင့် နောက်ပြောင်နေပုံမရသည့် လုချန်းကို သူမ ကြည့်လိုက်သည်။
ယုတ္တိဗေဒအရ ဧကရာဇ်တစ်ပါး ဝင်စားသူအနေနှင့် လုချန်းတွင် ယခင်အတွေ့အကြုံများ ရှိပြီးဖြစ်သင့်သည်။ ဧကရာဇ်အဖြစ် မခံယူမီ ကိုယ်ပွားများအားလုံး ပေါင်းစည်းရမှာကို သူ သိထားသင့်သည်။
သို့သော် သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်မရရှိသေးသောကြောင့် ဧကရာဇ်အဖြစ် မခံယူမီ ဘာလုပ်ရမှန်း မသိခြင်းဖြစ်နိုင်ကြောင်း ထျန်းဟုန်ဧကရီ လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ထို့နောက် ထျန်းဟုန်ဧကရီက
“အကယ်၍ တစ်စုံတစ်ယောက်က အလွန်မြင့်မားတဲ့ ပါရမီနဲ့ အထူးခန္ဓာကို ပိုင်ဆိုင်ထားမယ်ဆိုရင် ပင်မခန္ဓာနဲ့ ကိုယ်ပွားတွေက သီးခြားစီ ဧကရာဇ်အဖြစ် ရောက်ရှိနိုင်ပါတယ်။”
“ဒါပေမဲ့ ပင်မခန္ဓာနဲ့ ကိုယ်ပွားတွေကို သီးခြားစီ ဧကရာဇ်ဖြစ်စေနိုင်တဲ့ ကျင့်ကြံသူမျိုးက စကြဝဠာတစ်ခုမှာ ငါးယောက်ထက် ပိုမရှိနိုင်ပါဘူး။ ကျင့်ကြံသူအများစုအတွက်တော့ ဧကရာဇ်အဆင့် မတက်ရောက်ခင်မှာ ကိုယ်ပွားတွေရဲ့ ကျင့်စဉ်အသိဥာဏ်တွေ အားလုံးကို ပေါင်းစည်းရမှာဖြစ်ပါတယ်။ ဒါမှသာ အခွင့်အလမ်း အနည်းငယ် ရှိနိုင်မှာပါ။”
ထိုသို့ ပြောပြီးနောက် ထျန်းဟုန်ဧကရီက လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်နှင့်ဆိုလျှင် ပင်မခန္ဓာနှင့် ကိုယ်ပွားများကို ခွဲခြားကာ ဧကရာဇ်အဖြစ် တက်လှမ်းနိုင်လောက်သည်ဟု တွေးလိုက်သည်။
တကယ်တော့ ထိုသို့လုပ်ရန် မလိုအပ်ပေ။ ဧကရာဇ်ဖြစ်လာပြီးနောက် ကိုယ်ပွားအများအပြား ဖန်တီးလျှင်လည်း အတူတူပင်ဖြစ်သည်။
ထို့ပြင် ဧကရာဇ်ဖြစ်လာပြီးနောက် ရုပ်ခန္ဓာသည် အရေးမကြီးတော့ပေ။ ဧကရာဇ်၏ စိတ်ဝိညာဉ် ကျန်ရှိနေသမျှ ကာလပတ်လုံး ဧကရာဇ်သည် ထာဝရ တည်ရှိနေလိမ့်မည်။
ထျန်းဟုန်ဧကရီက
“မတူညီတဲ့ ဧကရာဇ်လမ်းစဉ်တွေကို ဖြတ်သန်းဖို့အတွက် ပင်မခန္ဓာနဲ့ ကိုယ်ပွားတွေကို ခွဲခြားပြီး အဆင့်တက်ဖို့ မင်းကြီးရည်ရွယ်ထားပါသလား။”
စူးစမ်းလိုစိတ်ကြောင့် သူမ၏ စိတ်ထဲမှ သံသယများကို ထျန်းဟုန်ဧကရီ ထုတ်ဖော်မေးမြန်းလိုက်သည်။
လုချန်းက
“အဲ့ဒီလို မဟုတ်ပါဘူး။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက သူ့ကိုယ်ပွားနဲ့ ခွဲထားပြီး ထွက်ပြေးလွတ်မြောက်သွားမှာ စိုးလို့ပါ။ အဲ့ဒါဆိုရင် ရှနိုင်ငံတော်အတွက် ပြဿနာတွေ ပိုသယ်လာမှာလေ။”
လုချန်း၏ အဖြေကို ကြားသောအခါ မတူညီသော ဧကရာဇ်လမ်းစဉ်များကို လျှောက်လှမ်းရန် ခန္ဓာကိုယ်ကို ခွဲခြားမည့်သူမျိုး ဤခေတ်တွင် မည်သို့ ရှိနိုင်မည်နည်းဟု ထျန်းဟုန်ဧကရီ တွေးလိုက်မိသည်။
လွန်ခဲ့သော နှစ်သန်းထောင်ကျော် ပြိုင်ဆိုင်မှု ပြင်းထန်သော ခေတ်ကာလများတွင်ဆိုလျှင် ပုဂ္ဂိုလ်ထူးအချို့ ထိုသို့ ပြုလုပ်ကောင်း ပြုလုပ်ကြပေမည်။ သို့သော် ယခုအခါ ကြီးမားသော ကပ်ဘေစ နီးကပ်လာပြီဖြစ်ရာ လူတိုင်းသည် ဘေးအန္တရာယ်ကို ရှောင်ရှားရန် ဧကရာဇ်အဖြစ် အမြန်ဆုံးရောက်ရှိရန်သာ တွေးတောနေကြပြီး မည်သူမှ ထိုကဲ့သို့ စွန့်စားကြမည် မဟုတ်ပေ။
ထျန်းဟုန်ဧကရီ အတွေးထဲနစ်မြောနေစဉ် လုချန်းက ရုတ်တရက် ရယ်မောကာ
“ဒီနေ့ ဟုန်ဟုန်က နည်းနည်း ထူးခြားနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ။ အရင်လို စကားနည်းမနေပါလား။”
လုချန်း၏ စနောက်သလိုစကားကို ကြားလိုက်ရသောအခါ ထျန်းဟုန်ဧကရီ အသိပြန်ဝင်လာပြီး နောက်တစ်ခဏတွင် သူမ၏ မျက်နှာထား ပို၍ အေးစက်သွားကာ ဖိနှိပ်သော အငွေ့အသက်အချို့လည်း ထွက်ပေါ်လာပုံရ၏။
“မင်းကြီးမှာ တခြားကိစ္စ ရှိပါသေးလား”
ဟု အေးစက်စွာ မေးလိုက်သည်။
ထျန်းဟုန်ဧကရီ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့သော်လည်း လုချန်းက ဂရုမစိုက်ပဲ
“ဟုန်ဟုန်။ မင်းရဲ့ ကျင့်စဉ်တိုးတက်နှုန်းက နည်းနည်း မြန်လွန်းမနေဘူးလား။ မင်းက သူတော်စင်အဆင့်ကိုတောင် ရောက်ပြီးသွားပြီပဲ။”
သူမ၏ ကျင့်စဉ်အခြေအနေကို လုချန်း မြင်သွားသည်ကို တွေ့လိုက်ရသောအခါ ထျန်းဟုန်ဧကရီ မှင်တက်သွားပြန်၏။ သူမသည် သူမ၏ ကျင့်စဉ်အခြေအနေကို ဖုံးကွယ်ရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို ကျင့်ကြံထားခဲ့သည်။ လုချန်းက သူတော်စင် အဆင့်၌သာရှိသေး၏။ သူတော်စင် မဆိုထားနှင့် ဧကရာဇ်တစ်ပါးပင် သူမ၏ ကျင့်စဉ်အခြေအနေကို မမြင်နိုင်သင့်ပေ။
ဤလူက သူမ၏ ကျင့်စဉ်အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် မည်သို့ မြင်နိုင်ရသနည်း။
ဤအရာက သတင်းကောင်း မဟုတ်ပေ။ သူမ ဧကရီဝင်စားသူ ဖြစ်ကြောင်း ဤလူ သိသွားပါက ဘာဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။
ဤလူယုတ်မာနှင့် အကြာကြီး အတူနေခဲ့ဖူးသဖြင့် လုချန်း ဘာကြိုက်တန်မှန်းသူမ ကောင်းကောင်းသိသည်။ ဤလူသည် ဧကရီများကဲ့သို့သော မြင့်မြတ်ပုံရသည့် အမျိုးသမီးများကို နှိပ်စက်ရတာ နှစ်သက်သည်။
သူမ၏ အဆင့်အတန်းက လုချန်း၏ စိတ်ရိုင်းများကို နှိုးဆွပေးနိုင်သည်။
ထိုအချိန်တွင် ထျန်းဟုန်ဧကရီ ပြန်မငြင်းနိုင်တော့ပေ။ စကားများများပြောလေ မိမိကိုယ်ကို ထုတ်ဖော်ပြသမိရန် ပိုလွယ်ကူလေလေဖြစ်ကြောင်း သူမ သဘောပေါက်ထားသောကြောင့်
“မင်းကြီးမှာ တခြားကိစ္စ မရှိတော့ရင် ကျေးဇူးပြုပြီး ကိုယ့်ကိစ္စကိုယ် သွားလုပ်ပါ။”
လုချန်းလည်း ဆက်မမေးတော့ပဲ ခပ်ဖွဖွပြုံးကာ ထျန်းဟုန်ဧကရီ၏ အဆောင်မှ အလင်းအရိပ်ကိုသုံး၍ ထွက်ခွာသွားတော့သည်။
လုချန်း ထွက်ခွာသွားသည်ကို မြင်သောအခါ ထျန်းဟုန်ဧကရီ၏ မျက်နှာပေါ်မှ တွန့်နေသော မျက်ခုံးများ ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။
လုချန်း အခန်းထဲသို့ ဝင်လာသည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ် မငြိမ်မသက် ဖြစ်လာပြီး အတော်လေး နေရခက်စေသည့် ခံစားမှုတစ်ခုကို ခံစားနေရသည်။ သူမ၏ ခန္ဓာကိုယ်က လုချန်းအပေါ် အဘယ်ကြောင့် ထိုကဲ့သို့ တုံ့ပြန်မှုရှိနေကြောင်းကိုလည်း သူမ ခန့်မှန်းမိပြီးဖြစ်သည်။
လုချန်းသည် သူ၏ ဇနီးများကို ထိန်းချုပ်ရန် နဂါးဖီးနစ်သစ်ပင်မှ လက်ဖက်ခြောက်များကို အသုံးပြုခဲ့၏။ ယခု သူမ၏ ခန္ဓာကိုယ်ကလည်း နဂါးဖီးနစ်သစ်ပင်၏ အကိုင်းအခက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ သူမခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော အခြေအနေများအားလုံးသည် နဂါးဖီးနစ်သစ်ပင်ကြောင့် ဖြစ်ရကြောင်း ထင်ရှားသည်။
သူမ နားမလည်နိုင်သည့်အချက်မှာ နဂါးဖီးနစ်သစ်ပင်၏ စွမ်းအားက အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေရသနည်း ဆိုသည့် အချက်ပင်။ သူမသည် ဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး ယုတ္တိဗေဒအရဆိုလျှင် ဤစိတ်ဆန္ဒများကို ဖိနှိပ်ထားနိုင်သင့်သည်။
သို့သော် သူမ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မငြိမ်မသက်ဖြစ်သည့် ခံစားချက်ကို မဖျောက်ဖျက်နိုင်ခဲ့ပေ။
ဤခံစားမှုသည် ယခု သူမ၏ ကျင့်စဉ်ကိုပါ ထိခိုက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဤမငြိမ်မသက်ဖြစ်မှုကို ဖယ်ရှားရန် နည်းလမ်းမရှာနိုင်ပါက သူမ၏ ဧကရာဇ်ကျင့်စဉ်အဆင့်ကို ပြန်လည်ရယူနိုင်တော့မည် မဟုတ်ပေ။
…………….
အခန်း( ၁၂၆၃ )
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ရောက်ရှိလာခြင်း
နဂါးစီးဂိုဏ်း။
အစည်းအဝေးခန်းမ။
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေ၏။ ထိပ်ဆုံးခုံတွင် ထိုင်နေသည့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း စကားမပြောမီ ခန်းမထဲရှိ အခြားမည်သူမှ စကားတစ်ခွန်းမှ မဟရဲကြပေ။
အချိန်အတော်ကြာပြီးနောက် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကပင် တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းကို ရှာတွေ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့အားလုံး ကြားပြီးကြလောက်ပြီလို့ ယူဆတယ်... ဧကရာဇ်ဂူကို ရှာဖွေဖို့ ဖရိုဖရဲကြယ်ပင်လယ်ဆီ ခင်ဗျားတို့ကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး ခေါ်သွားမယ်။”
ထိုအရာကို ကြားလျှင် ရှိနေသူများက ချက်ချင်း ရေရွတ်လိုက်ကြသည်။
“ ကျေးဇူးတင်ပါတယ် မင်းကြီး”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ရှိနေသူအားလုံးကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိ ဝူဖုန်းကို
“ဝူဖုန်း... ခင်ဗျားရထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကို ပြောပြလိုက်ပါ။”
ဝူဖုန်းက ရိုသေစွာပင်
“ဟုတ်ကဲ့”
ထို့နောက် ဝူဖုန်းက စတင်တင်ပြလိုက်သည်။
“တောင်ဝင်တောင်တန်း ကြယ်နယ်မြေအနီးက ကြယ်မြေပုံထဲကနေ ဖျက်ပစ်ခံထားရတဲ့ ကြယ်နယ်မြေတစ်ခုကို ကျွန်တော်တို့လူတွေ ရှာတွေ့ခဲ့ပါတယ်။ အပြင်ဘက်က ကြည့်ရင် အမှောင်နယ်မြေတစ်ခုလို ဖြစ်နေလို့ ဘယ်သူမှ ခြေမချဖူးကြပါဘူး။”
ဝူဖုန်း ဆက်ပြောရန် ပြင်နေစဉ် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဖြတ်ပြောလိုက်၏။
“အပြင်ဘက်ကနေ ကြည့်ရင် အမှောင်နယ်မြေတစ်ခုလို ဖြစ်နေတယ်ဆိုရင် ဖရိုဖရဲကြယ်ပင်လယ်ကို ခင်ဗျားတို့ ဘယ်လိုလုပ် ရှာတွေ့တာလဲ။”
အမှောင်နယ်မြေကို မြင်လိုက်ရလျှင် လူတိုင်း ကြောက်ရွံ့ကြပြီး ဝင်မသွားရဲကြပေ။ မဝင်ရောက်ပဲနှင့် အမှောင်နယ်မြေအတွင်း ဖုံးကွယ်ထားသော ဖရိုဖရဲကြယ်ပင်လယ်ကို မည်သို့ ရှာတွေ့နိုင်မည်နည်း။
ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ဝူဖုန်းက အေးဆေးစွာ တုံ့ပြန် လိုက်၏။
“မင်းကြီး... ဖရိုဖရဲကြယ်ပင်လယ်ထဲကနေ ကျင့်ကြံသူတစ်ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဖရိုဖရဲကြယ်ပင်လယ်နဲ့ ပတ်သက်တဲ့ ကနဦး သတင်းအချက်အလက်တွေက အဲဒီကျင့်ကြံသူဆီက ရခဲ့တာပါ။”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက မေးခွန်းထပ်ထုတ်လိုက်၏။
“အဲဒီကျင့်ကြံသူ အခု ဘယ်မှာလဲ”
ဝူဖုန်းက
“ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေဖို့ ဖရိုဖရဲကြယ်ပင်လယ်ထဲကို တပည့်တွေ စေလွှတ်တုန်းက အဲဒီကျင့်ကြံသူကိုပါ ခေါ်သွားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ သူတော်စင်အဆင့် စွမ်းအားရှင်တစ်ယောက် ရှိနေတာကို မမျှော်လင့်မိခဲ့လို့ ထောက်လှမ်းဖို့ စေလွှတ်လိုက်တဲ့ တပည့်တွေအားလုံး အသတ်ခံလိုက်ရပါတယ်။ အဲဒီကျင့်ကြံသူလည်း ပါသွားပါတယ်။”
ဖရိုဖရဲကြယ်ပင်လယ်ကို ရှာဖွေတွေ့ရှိသည့် စွမ်းဆောင်မှု အားလုံးကို ဝူဖုန်းက ယူလိုက်၏။ သူ့အမြင်တွင် ချန်ဟိုင်ဂိုဏ်းသည် အလွယ်တကူ ချေမှုန်းနိုင်သော အင်အားစုငယ်လေးတစ်ခုသာ ဖြစ်သည်။ ယခုလောက်ဆိုလျှင် ပျက်စီးသွားလောက်ပြီလည်း ဖြစ်၏။ ယခုအချိန်မှစ၍ နဂါးစီးဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင် အနည်းငယ်မှလွဲ၍ ဧကရာဇ်ဂူသင်္ချိုင်းကို ပထမဆုံး ရှာတွေ့ခဲ့သူမှာ ချန်ဟိုင်ဂိုဏ်းဖြစ်ကြောင်း မည်သူမှ သိတော့မည် မဟုတ်ပေ။
ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိသော အင်အားစုအတွက် ကြီးမားသော ချီးမြှောက်မှုကို ရရှိမည် ဖြစ်သည်။ အချိန်တန်လျှင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ရတနာများ သို့မဟုတ် အမွေအနှစ်များကို အခြားသူများထက် ပို၍ ရယူခွင့်ပြုလိမ့်မည်။ သို့မဟုတ် တစ်စုံတစ်ခု ဆုချီးမြှင့်မည်မှာ ဧကန်မုချပင်။
ကျင့်ကြံသူ အသတ်ခံလိုက်ရကြောင်း ကြားသိရသောအခါ ဧကရာဇ်ဂူသင်္ချိုင်းကို ပထမဆုံး ရှာဖွေတွေ့ရှိသူက နဂါးစီးဂိုဏ်း မှ မဟုတ်လောက်ကြောင်း အခြားသူများ နားလည်သွားကြ၏။ သို့သော်လည်း ဤအသေးစိတ်အချက်များကို သူတို့ ဂရုမစိုက်ကြပေ။
ထိုလူ သေဆုံးသွားပြီဖြစ်ပြီ ငြင်းချက်ထုတ်ရန်လည်း သက်သေမရှိတော့သဖြင့် ပြောနေလည်း အလကားပင်။ ယခု ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် အရေးကြီးဆုံး အလုပ်မှာ ဖရိုဖရဲကြယ်ပင်လယ်သို့ သွားရောက်ပြီး ဧကရာဇ်ဂူသင်္ချိုင်းကို ဖွင့်ရန်ဖြစ်သည်။
ထိုအချိန်တွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက
“ဖရိုဖရဲကြယ်ပင်လယ်ထဲက ကျင့်ကြံသူက သူတော်စင်အဆင့် ဘယ်လောက်မှာ ရှိတာလဲ။”
စကြဝဠာထဲမှ မဟာအင်အားကြီး တစ်ဖွဲ့က ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိသွားမှာကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း စိုးရိမ်နေမိ၏။ တစ်ဖက်လူက မဟာအင်အားကြီး တစ်ဖွဲ့မှ ဖြစ်နေလျှင် သူသည် ဧကရာဇ်လောင်း ဖြစ်နေသော်လည်း ဧကရာဇ်ဂူသင်္ချိုင်းအတွက် သူတို့နှင့် ယှဉ်ပြိုင်မည် မဟုတ်ပေ။
ရတနာများက လောဘကို ဖြစ်ပေါ်စေတတ်သော်လည်း ၎င်းတို့ကို ပိုင်ဆိုင်နိုင်ရန် အသက်ရှင်နေဖို့ လိုအပ်ပေသည်။
ဝူဖုန်းက တုံ့ပြန် လိုက်၏။
“ကျွန်တော်တို့ မသိပါဘူး။ ဖရိုဖရဲကြယ်ပင်လယ်ကို ထောက်လှမ်းဖို့ စေလွှတ်လိုက်တဲ့ လူတွေက သူတော်စင်အဆင့်နှစ်တွေ ဖြစ်ကြပြီး ကိုယ်ပွားက သတင်းမပို့နိုင်ခင်မှာပဲ ပင်မခန္ဓာဝိညာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ခဏခန့် စဉ်းစားလိုက်၏။ အာကာသကို ပိတ်ဆို့နိုင်ပြီး သူတော်စင်အဆင့်နှစ်၏ စိတ်အာရုံကိုပါ ချိပ်ပိတ်နိုင်သည်ဆိုလျှင် ထိုလူ၏ ကျင့်စဉ်အဆင့် သည် အနည်းဆုံး သူတော်စင်အဆင့်ငါးနှင့် အထက်တွင် ရှိရပေမည်။
တစ်ဖက်လူက သူတော်စင်အဆင့်ငါး ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ဧကရာဇ်လောင်း ဖြစ်သည့် သူ့ရှေ့တွင် ပြဿနာများစွာ လုပ်နိုင်မည် မဟုတ်ပေ။
သူတော်စင်အဆင့်ငါး မဆိုထားနှင့် တစ်ဖက်လူက ဧကရာဇ်လောင်း ဖြစ်နေလျှင်ပင် သူ့တွင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သို့သော် ပြဿနာမှာ တစ်ဖက်လူ၏ နောက်ကွယ်တွင် ပံ့ပိုးပေးထားသည့် မဟာအင်အားကြီးတစ်စု ရှိမရှိ ဆိုတာပင်။
တစ်ဖက်လူ၏ နောက်ကွယ်တွင် ဧကရာဇ်အဆင့် ရှိနေပါက ပြိုင်ဘက်ကို သတ်ဖြတ်နိုင်လျှင်ပင် သူ ပေါ့ပေါ့ဆဆ လှုပ်ရှားရဲမည် မဟုတ်ပေ။
ခဏမျှ စဉ်းစားပြီးနောက် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက
“အခု ဖရိုဖရဲကြယ်ပင်လယ်အကြောင်း အကြမ်းဖျင်း နားလည်သွားပြီဆိုတော့ နောက်သုံးရက်နေရင် စတင်ထွက်ခွာကြမယ်။”
ဧကရာဇ်ဂူသင်္ချိုင်းသည် မည်သူ့အတွက်မဆို ကြီးမားသော ဆွဲဆောင်မှုရှိပြီး အချိန်ကြာလာလေ မဟာအင်အားကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လေလေ ဖြစ်၏။
ထို့ပြင် ဖရိုဖရဲကြယ်ပင်လယ်၏ တားမြစ်ချက်များ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ဧကရာဇ်အဆင့်များ ရှာဖွေတွေ့ရှိသွားနိုင်သည်။ ဧကရာဇ်အချို့ ဖရိုဖရဲကြယ်ပင်လယ်ကို မတွေ့ရှိမီ အချိန်ရှိတုန်း ဧကရာဇ်ဂူသင်္ချိုင်းမှ ရတနာများနှင့် အမွေအနှစ်များကို ရယူရမည်ဖြစ်သည်။
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ စကားကို ကြားလျှင် ရှိနေသူအားလုံး စိတ်လှုပ်ရှားသွားကြ၏။ သူတို့သည် နောက်ဆုံးတွင် ဖရိုဖရဲကြယ်ပင်လယ်သို့ ထွက်ခွာရတော့မည် ဖြစ်သည်။
ဧကရာဇ်ဂူသင်္ချိုင်းအတွင်းရှိ ရတနာများနှင့် အမွေအနှစ်များအကြောင်းကို တွေးလိုက်မိရုံဖြင့် သူတို့၏ စိတ်နှလုံးများထဲတွင် ဖော်ပြမပြနိုင်လောက်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သုံးရက်ကြာပြီးနောက် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ အဓိက အင်အားစုများကို ဦးဆောင်ကာ ဖရိုဖရဲကြယ်ပင်လယ်သို့ ထွက်ခွာခဲ့ကြ၏။ ဤကာလအတွင်း ချန်ဟိုင်ဂိုဏ်း ပျက်စီးသွားခြင်းကို လူများ သတိမထားမိကြပေ။ အားလုံး၏ အာရုံသည် ဧကရာဇ်ဂူ အပေါ်တွင်သာ ရောက်နေကြသည်။ အခြားဂိုဏ်း၏ ကိစ္စရပ်များကို မည်သူက ဂရုစိုက်မည်နည်း။
ထို့ပြင် ဂိုဏ်းတစ်ခု လျော့နည်းသွားခြင်းသည် ပြိုင်ဘက်တစ်ယောက် လျော့နည်းသွားခြင်း ဖြစ်၏။ အဓိက အင်အားစုအားလုံးသည် ဖရိုဖရဲကြယ်ပင်လယ်သို့ သွားရောက်မည့် အင်အားစု အရေအတွက် နည်းခြင်းကို ပိုလိုလားကြသည်။
……..
တစ်ချိန်တည်းမှာပင်။
ချန်ရန်ကမ္ဘာ။
ကျင်းလန်နန်းဆောင်။
နန်းကုန်းယွဲ့ဟွာ၏ ဖီးနစ်ကုလားထိုင်ပေါ်တွင် လုချန်း မှီထိုင်နေ၏။ နန်းကုန်းယွဲ့ဟွာကတော့ သူရင်ခွင်ထဲ မှီလျက်ရှိနေသည်။
ဧကရီကို ညှိ့ဓာတ်ပြင်းသောမျက်လုံးများဖြင့် လုချန်း ကြည့်လိုက်ပြီး ပြုံးလျက်
“မင်းက တစ်နေ့ထက်တစ်နေ့ ပိုပြီး အထိန်းအကွပ်မဲ့လာတာပဲ။”
လုချန်း ဝင်လာကတည်းက ဘာမှမလုပ်ရသေးပေ။ အားလုံးက နန်းကုန်းယွဲ့ဟွာ၏ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်သည်။
နန်းကုန်းယွဲ့ဟွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာမှမပြောပေ။ ယခင်က အရှက်ရစရာဟု ခံစားခဲ့ရသော အရာများသည် လုချန်းနှင့် အချိန်များပို ကုန်ဆုံးပြီးနောက် သူမကို စိတ်အနှောင့်အယှက် မပေးတော့ပေ။
သူမအတွက် လုချန်းနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် ကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်၍ ဖုံးကွယ်ထားစရာ မလိုပေ။ ထို့ပြင် ဤကျင့်ကြံနည်းလမ်းသည် တစ်ကိုယ်တည်း ကျင့်ကြံခြင်းထက် ပိုမြန်၏။ ရံဖန်ရံခါ ထိုသို့ ပြုလုပ်ပေးခြင်းသည် သူမ၏ ကျင့်စဉ်အဆင့် တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်သည်။
ထိုအချိန်တွင် ပိုင်ချင်းချင်း နန်းဆောင်ထဲသို့ ရောက်လာပြီး
“မင်းကြီး... တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက တောင်ဝင်တောင်တန်း ကြယ်နယ်မြေရဲ့ အင်အားစုတွေနဲ့အတူ ထွက်ခွာလာပါပြီ။”
ထိုအရာကို ကြားလျှင် လုချန်းက ပေါ့ပေါ့ပါးပါးပင်
“နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ။ သူတို့သာ မလာရင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေဆီ ကိုယ်ကိုယ်တိုင်သွားလည်ဖို့ စဉ်းစားနေတာ။”
ပိုင်ချင်းချင်းပြောသော သတင်းကို ကြားပြီးနောက် နန်းကုန်းယွဲ့ဟွာ သူမ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ လုချန်းက
“ဘာလို့ ရပ်လိုက်တာလဲ”
နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ သူမ စကားမပြောနိုင်ခင် လုချန်းက ဆက်ပြောလိုက်၏။
“သူတို့ ထွက်လာရင်တောင် ချန်ရန်ကမ္ဘာရဲ့ အပြင်ဘက်ကို ရောက်ဖို့ အချိန်တစ်ခု ကြာဦးမှာပါ။”
“ကျွန်မ... နားလည်ပါပြီ”
ထို့နောက် နန်းကုန်းယွဲ့ဟွာက သူမ၏ အလုပ်ကို ဆက်လုပ်နေချိန်တွင် လုချန်းက ပိုင်ချင်းချင်းကို
“ဖရိုဖရဲကြယ်ပင်လယ်ရဲ့ အစပ်ကို စောင့်ကြည့်ဖို့ ကင်းလှည့်တဲ့လူတွေကို ပြောထားလိုက်။ တောင်ဝင်တောင်တန်း နယ်မြေက နတ်လှေတွေကို တွေ့တာနဲ့ ကိုယ့်ကို ချက်ချင်း အသိပေး။”
ပိုင်ချင်းချင်းက
“ဟုတ်ကဲ့ပါ မင်းကြီး”
ပိုင်ချင်းချင်း နန်းဆောင်မှ ထွက်ခွာသွားပြီးနောက် နန်းကုန်းယွဲ့ဟွာ၏ ကျင့်စဉ်အတွက် လုချန်း ဆက်လက်ကူညီပေးလိုက်သည်။
ရက်များ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် တောင်ဝင်တောင်တန်း နယ်မြေမှ အင်အားစုများ ချန်ရန်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။
သက်ရှိကမ္ဘာတစ်ခုကို မြင်လိုက်ရသောအခါ တောင်ဝင်တောင်တန်း နယ်မြေရှိ အဓိက အင်အားစုများမှ ကျင့်ကြံသူများ စိတ်လှုပ်ရှားသွားကြသည်။