အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထန်ယန်၏ အနှိုင်းမဲ့ ချောမောခန့်ညားသော မျက်နှာကို ကြည့်ရင်း တုပိုင် စိတ်ထဲမှ တွေးလိုက်သည်။ ‘ငါ့လမ်းကို ဘယ်သူပဲ လာပိတ်ပိတ် အကုန်လုံး ပြာကျသွားစေရမယ်’
သုံးရက်ကြာပြီးနောက် လီဝမ်ဟွေ့နှင့်အဖွဲ့သည် ကွေ့လင်သို့ ပြန်ရောက်လာကြသည်။
တုပိုင် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီသို့ ဝင်ရောက်လာသောအခါ တစ်ခါမှမကြုံဖူးလောက်အောင် ကြီးကျယ်ခမ်းနားသည့် ကြိုဆိုမှုကို ရရှိခဲ့သည်။
ယခင်က ထန်ယန် ခံစားခဲ့ရဖူးသော ဆက်ဆံရေးမျိုးကို ယခုအခါ သူ ခံစားလိုက်ရသည်။ မောင်းသံ၊ ဗုံသံများ တညံညံ၊ ဗျောက်အိုးများ ပေါက်ကွဲသံများနှင့် ရောင်စုံအလံများ တလူလူ လွင့်ပျံနေကာ လူပင်လယ်ကြီးကဲ့သို့ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက သူ့ကို ကြိုဆိုနေကြသည်။
လွန်ခဲ့သောတစ်ခေါက်က တုပိုင်သည် လူအုပ်ထဲမှ သာမန်ဖြတ်သန်းသွားလာသူတစ်ယောက်သာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူသည် ဇာတ်လိုက်ကျော် ဖြစ်လာ၏။
မရေမတွက်နိုင်သော လူအများက တုပိုင်ကို အားကျစိတ်များဖြင့် ကြည့်ရှုနေကြသည်။ ဂန္ထဝင်တွင်မည့် အသုံးမကျသော အမှိုက်ကောင်ကြီးသည် ကောင်းကင်ထက်သို့ ပျံတက်တော့မည့်ဟန် ရှိနေသည်။
တုပိုင်က ထန်ယန်၏နေရာကို အစားထိုးကာ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတွင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ပျက်စီးမည့်ဘေးမှ ကယ်တင်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ သူတို့မပြောနှင့် လီဝမ်ဟွေ့ပင်လျှင် ဤကိစ္စများအား ယောင်လို့အိမ်မက်ထဲ ထည့်မမက်ဖူးချေ။
ဂန္ထဝင်တွင်မည့် အသုံးမကျသော အမှိုက်ကောင်ကြီးသည် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီတို့တွင် ဤမျှ မြင့်မားသော စွမ်းရည်များ ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သို့သော် မည်သို့ပင်ဆိုစေကာမူ လူတိုင်း သိထားသည့်အချက်မှာ တုပိုင်သည် ထင်ပေါ်ကျော်ကြားလာတော့မည် ဟူ၍ဖြစ်သည်။
မည်သို့ပင်ဆိုစေ တုပိုင်သည် သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သည်။
ဤခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်ရင်း လီဝမ်ဟွေ့၏ မျက်နှာထားမှာ အလွန်အမင်း တည်တင်းခက်ထန်နေသော်လည်း သူ တားဆီး၍ မရနိုင်ခဲ့ပေ။
သူသည် တုပိုင်ကို လူအများက ဤကဲ့သို့ အလွန်အကျွံ ဖားယားနေကြသည်ကို မလိုလားပေ။ ဤကဲ့သို့သော အခမ်းအနားများသည် အပေါ်ယံဆန်လွန်းသည်။
သူသည် ထန်ယန်ကို ပြင်ပလူတစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် ထန်ယန်အတွက်သာ ဂုဏ်ပြုရန် ဤကဲ့သို့ ခမ်းနားသော အခမ်းအနားကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
တုပိုင်သည် သူ၏ မွေးစားသားဖြစ်ပြီး အချိန်အများစုတွင် လီဝမ်ဟွေ့သည် သူ့ကို ကာကွယ်ပေးလိုပြီး အခြားသူများ မလိုလားအပ်သော အာရုံစိုက်မှုများ မလုပ်စေလိုပေ။
ဒုတိယကျောင်းအုပ်ကြီး လန်ထင်သည် လီဝမ်ဟွေ့ရှေ့တွင် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ကျောင်းအုပ်ကြီး။ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီက ဒီလောက် ဂုဏ်ယူစရာကောင်းတဲ့ အောင်ပွဲမျိုး တစ်ခါမှ မရဖူးပါဘူး။ ဒါတွေအားလုံးက ကျောင်းအုပ်ကြီးရဲ့ ဉာဏ်ပညာကြီးမားမှုကြောင့်ပါပဲ”
လီဝမ်ဟွေ့ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရပါတယ်။ မင်းလည်း အိမ်မှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာပဲ”
လန်ထင်က တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
“တုပိုင်က မြို့တော်က နာမည်ကြီးမိသားစုရဲ့ သွေးသားရင်းပီသစွာ သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။ ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီ အပါအဝင် အနုပညာရပ်အားလုံးမှာ ကျွမ်းကျင်တယ်။”
“ကျွန်တော့်အမြင်အရတော့ ဘွဲ့ယူစာမေးပွဲကို စောင့်နေစရာ မလိုတော့ဘူး ထင်ပါတယ်။ တုပိုင်က ကျွန်တော်တို့အတွက် ဒီလောက်ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့တာဆိုတော့ သူ့အတွက် ရာထူးနေရာတစ်ခု ချက်ချင်း စီစဉ်ပေးသင့်တယ်။”
“ကြီးမားတဲ့ အကျိုးပြုသူတွေက ဆုလာဘ် ရကိုရရမယ်။ ဆားသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သတ္တုတွင်းဗျူရို၊ အထည်အလိပ်ဗျူရို၊ ရေကြောင်းကုန်သွယ်ရေးဗျူရို စတဲ့ ကြိုက်နှစ်သက်ရာ ရာထူးကို ရွေးချယ်နိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်းက အလွန်အမင်း အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤအဖွဲ့အစည်းများသည် အာဏာရှိပြီး ချမ်းသာကြွယ်ဝကာ ငွေများ ပုံနေသော နေရာများ ဖြစ်သည်။
လီဝမ်ဟွေ့က ပြန်မဖြေဘဲ တုပိုင်ကိုသာ စိုက်ကြည့်နေပြီး သူ့ဘာသာ ဖြေရှင်းစေလိုက်သည်။
တုပိုင်သည် ဤမြေခွေးအိုကြီးနှင့် ရှုပ်ယှက်ခတ်မနေချင်သဖြင့် လူငယ်ပီပီ စိတ်လိုက်မာန်ပါ ဖြစ်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“ကျွန်တော် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ချင်တယ်။”
လန်ထင် အံ့သြသွားသည်။ တုပိုင်က ဤမျှ ရဲတင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တုပိုင်အနေဖြင့် အနည်းဆုံးတော့ နှိမ့်ချသော စကားအနည်းငယ် ပြောလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
လန်ထင်က ပြောလိုက်သည်။
“အရှေ့ဘက်ကွပ်ကဲရေးရုံးက သိုင်းပညာ လိုအပ်ချက် အလွန်မြင့်မားပြီး စည်းကမ်းတွေလည်း အရမ်းတင်းကြပ်တယ်။ တုပိုင်… မင်းက မိသားစုနောက်ခံ ကောင်းမွန်ပြီး ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီမှာ ကျွမ်းကျင်ပေမဲ့ သိုင်းပညာပိုင်းမှာတော့ အစပြုသူအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် စာရေးစာချီ အလုပ်နဲ့ ပိုပြီး သင့်တော်ပါတယ်”
လန်ထင်သည် တုပိုင်၏ မိသားစုပညာအကြောင်းကို ထပ်ခါတလဲလဲ ထည့်ပြောနေခြင်းမှာ တုပိုင်၏ အံ့ဖွယ်ဂုဏ်ရောင်ကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားခြင်းဖြစ်သည်။
မိန်းမစိုးအကယ်ဒမီ ကိုယ်စားပြုအနေဖြင့် ယခုရရှိခဲ့သော အောင်ပွဲသည် ဂုဏ်ကြီးမားသော မိသားစုနောက်ခံကြောင့်သာ ဖြစ်ပြီး တိုတောင်းလှသော ကာလအတွင်း ထူးခြားစွာ စွမ်းဆောင်နိုင်မှုကြောင့် မဟုတ်ကြောင်း ပုံဖော်လိုခြင်း ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ သူ့ကို အရပ်ဘက်ရာထူးတွင်သာ မြဲမြံစွာ ထားရှိလိုခြင်း ဖြစ်သည်။
“ဒါပေမဲ့ အထူးကိစ္စတွေကိုတော့ အထူးနည်းလမ်းနဲ့ပဲ ဆက်ဆံရမှာပေါ့” လန်ထင် ပြုံးကာ ပြောလိုက်သည်။
“စည်းကမ်းနဲ့ မညီပေမဲ့ တုပိုင်က အခုလို ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ထားတာဆိုတော့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ စာရေးစာချီ ရာထူးတစ်ခု စီစဉ်ပေးလို့ ရနိုင်ကောင်းပါရဲ့။ အရာအားလုံးကို ကျောင်းအုပ်ကြီးကပဲ ဆုံးဖြတ်ပါလိမ့်မယ်”
မိန်းမစိုးအဖွဲ့ဝင်များအားလုံး တုပိုင်ကို ပို၍ပြင်းထန်သော မနာလိုဝန်တိုစိတ်များဖြင့် ကြည့်လိုက်ကြသည်။
တုပိုင်သည် စာရေးစာချီရာထူး ဆိုလျှင်ပင် အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ကြိုတင် ထောက်ခံချက် ရရှိခဲ့ခြင်းက လူများကို ရင်နာလောက်သည်အထိ မနာလို ဖြစ်စေရန် လုံလောက်နေပြီ ဖြစ်သည်။
လီဝမ်ဟွေ့ မေးလိုက်သည်။
“တုပိုင်။ မင်း ဘယ်လိုထင်လဲ”
တုပိုင် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ချင်တယ်။ ဒါပေမဲ့ အထူးခေါ်ယူတာမျိုးကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘွဲ့ယူစာမေးပွဲ ရလဒ်အပေါ်မှာပဲ မူတည်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ပါမယ်။ ဘယ်လို အထူးအခွင့်အရေးမှ မလိုအပ်ပါဘူး”
“ကောင်းပြီ” လန်ထင် ပြောလိုက်သည်။ “တုပိုင်က တကယ့်ကို ဖြောင့်မတ်ပြီး ကျောင်းသားအားလုံးရဲ့ စံပြပါပဲ။ မင်းရဲ့ ဘွဲ့ယူစာမေးပွဲကို ကျွန်တော်တို့ စောင့်မျှော်နေသလို မင်းအနေနဲ့ ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”
လူတိုင်းရှေ့တွင် ဒုတိယကျောင်းအုပ်ကြီး လန်ထင်သည် တုပိုင်ကို ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်။ လီဝမ်ဟွေ့၏ စစ်ရေးဗျူဟာကို အသုံးပြုပြီး သူ့ကို ပြန်တိုက်ခိုက်လိုက်ခြင်းပင်။
သူ့ရည်ရွယ်ချက် တစ်ခုတည်းမှာ လူငယ်ပီပီ စိတ်လိုက်မာန်ပါ ဖြစ်နေသော တုပိုင်ကို ဘွဲ့ယူစာမေးပွဲ ဖြေပါမည်ဟု ပြောထွက်လာစေရန် ဖြစ်သည်။
တုပိုင်၏ အခြေခံ မည်မျှအားနည်းသည်ကိုလည်း သူ အသေအချာ သိထားသည်။ တုပိုင်သည် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘွဲ့ယူစာမေးပွဲ ဖြေဆိုရန် ၅ လသာ လိုတော့သည့်အတွက် ဉာဏ်ကြီးရှင်များပင် တစ်ညတည်းနှင့် အောင်မြင်မှု မရနိုင်ပေ။
အထူးသဖြင့် နှစ်ကာလများစွာ စုဆောင်းလေ့ကျင့်ရန် လိုအပ်သော သိုင်းပညာနှင့် အဂ္ဂိရတ်ပညာတို့တွင် ဉာဏ်ကြီးရှင်များပင်လျင် ကောင်းမွန်သော ရလဒ်တစ်ခုရရန် နှစ်နှစ်၊ သုံးနှစ်ခန့် လေ့ကျင့်ရန် လိုအပ်ပေသည်။
တုပိုင်အတွက် အချိန် ၅ လကျော်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် တုပိုင်သည် ရှက်စရာကောင်းသော အမှတ်စာရင်းကို ရရှိရန် ကံပါလာပြီး ဖြစ်သည်။ ထိုအချိန်ကျလျှင် ရှက်စရာကောင်းသော ရလဒ်က တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတွင် သူရရှိခဲ့သော ဂုဏ်ရောင်များကို ချေဖျက်ရန် လုံလောက်သွားမည်ဖြစ်ပြီး လူအုပ်ထဲက သာမန် လူတစ်ယောက်သာ ပြန်ဖြစ်သွားပေလိမ့်မည်။
လန်ထင်သည် လီဝမ်ဟွေ့ကို အသေအလဲ ရန်စလိုစိတ် မရှိသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ ထန်ယန်ကလည်း ပါဝင်ပတ်သက်နေပြီ ဖြစ်သောကြောင့် လန်ထင်အနေဖြင့် သူ့ကို ထောက်ခံရမည်သာ။
သို့မဟုတ်ပါက လီဝမ်ဟွေ့၏ ကြီးမားလှသော အောင်ပွဲကြောင့် ကွမ်ရှီးမိန်းမစိုးဂိုဏ်းအတွင်း လန်ထင်၏ အသံ ဘယ်မှာ ထွက်နိုင်တော့မည်နည်း။
လီဝမ်ဟွေ့ မျက်လုံးများကို မော့ကြည့်လိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျောင်းအုပ်ကြီး၏ ညွှန်ကြားချက်ကို စောင့်မျှော်နေကြသည်။
“ပထမအချက်။ ထန်ယန်က ငါတို့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ပြောင်းရွှေ့လာလိမ့်မယ်”
ထိုသတင်းကြောင့် ဝမ်းသာမှုနှင့် ပူပန်မှု ရောထွေးနေသော ခံစားချက်များဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဝမ်းသာရခြင်းမှာ အနာဂတ် မိန်းမစိုးဂိုဏ်းခေါင်းဆောင်နှင့် ပိုမိုနီးကပ်ခွင့် ရမည့် အလားအလာကြောင့်ဖြစ်ပြီး သူ့ကို ဖားယားရန် အချိန်နှင့် အခွင့်အရေးများစွာ ရရှိစေနိုင်သော အခွင့်ထူးတစ်ခု ဖြစ်သည်။
“တုပိုင်က ငါ့ရဲ့ မိန်းမစိုးအကယ်ဒမီအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့ပေမဲ့ ငါကတော့ လုံးဝ ဘက်လိုက်မှာ မဟုတ်ဘူး။ ၅ လကြာရင် ကျင်းပမဲ့ ဘွဲ့ယူစာမေးပွဲကို သူ ဖြေဆိုရမှာဖြစ်ပြီး ရလာတဲ့ ရမှတ်အတိုင်းပဲ အလုပ်တာဝန် ချထားပေးမယ်”
ဤစကားများသည် ပရိသတ်အားလုံးထံမှ အမြင့်မားဆုံးသော လေးစားမှုကို ရရှိစေခဲ့သည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီတွင် လီဝမ်ဟွေ့၏ စကားသည် ဥပဒေဖြစ်ပြီး တစ်ခွန်းဟလိုက်သည်နှင့် ပြောင်းလဲ၍ မရနိုင်ပေ။
“အားလုံး လူစုခွဲနိုင်ပြီ။” လီဝမ်ဟွေ့၏ အမိန့်ဖြင့် ကြိုဆိုပွဲအခမ်းအနား ပြီးဆုံးသွားခဲ့သည်။
**--**--**--**--**--**--**--**
တုပိုင် အဆောင်သို့ ပြန်ရောက်ပြီး တံခါးတွန်းဖွင့်ရန် ပြင်လိုက်စဉ် တံခါးပွင့်လာပြီး အနောက်တွင် ရပ်နေသော ယန်ရှီကို တွေ့လိုက်ရသည်။
“တုပိုင် ပြန်ရောက်ပြီလား။ ကြည့်စမ်းပါဦး… တကယ့်ကို ပိန်သွားတာပဲ။ ဒီရက်ပိုင်းတွေမှာ ငါတို့အကယ်ဒမီနဲ့ မိန်းမစိုးဂိုဏ်း ဂုဏ်တက်ဖို့အတွက် ညီလေး မနားမနေ ကြိုးစားခဲ့ရမှာပဲ”
ယန်ရှီက ပြုံးကာ ခါးကို အနည်းငယ် ကိုင်းလျက် ပြောလိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
မည်မျှပင် စိတ်အားထက်သန်လိုက်ပါသနည်း။ ယန်ရှီသည် လူတိုင်းအတွက် လုံးဝ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ တုပိုင်ကို အနိုင်ကျင့်ခဲ့၊ လှောင်ပြောင်ခဲ့ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သူမှာ သူ မဟုတ်သည့်အတိုင်းပင်။
ဆောင်းတွင်း၌ တုပိုင်၏ အိပ်ရာပေါ် ရေလောင်းချခဲ့သူ၊ နွေရာသီ၌ တုပိုင်၏ စောင်ထဲသို့ မစင်ထည့်ခဲ့သူမှာ သူ မဟုတ်သည့်အတိုင်းပင်။ အမှန်စင်စစ်တွင်မူ သူသည် အမိန့်ပေးသူသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်သူမှာ ထျန်ဖုန်း အမည်ရှိ နောက်လိုက်တစ်ယောက် ဖြစ်သည်။
လွန်ခဲ့သောတစ်ခေါက်က တုပိုင် အသက်စွန့်ပြီး လီဝမ်ဟွေ့ကို မြှားဒဏ်ရာမှ ကာကွယ်ပေးခဲ့စဉ်က ယန်ရှီသည် အခွင့်ကောင်းယူကာ မိတ်ဖွဲ့ရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် လီဝမ်ဟွေ့က တုပိုင်ကို သိပ်အရေးမလုပ်သည်ကို မြင်သောအခါ သူ၏ ပုံစံဟောင်းအတိုင်း ပြန်နေကာ တုပိုင်ကို ဆက်လက် မုန်းတီးဖိနှိပ်ခဲ့သည်။
အကယ်၍သာ တုပိုင်သည် တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတွင် တောက်ပစွာ မအောင်မြင်ခဲ့ပါက ယန်ရှီသည် လှုပ်ရှားစပြုနေပြီ ဖြစ်ကာ တုပိုင်၏ အရိုးတစ်ချောင်းလောက်ကိုပင် ရိုက်ချိုးပြီးလောက်ပြီ ဖြစ်သည်။
ယခုအခါ ယန်ရှီသည် စိတ်ကူးယဉ်မှုအားလုံးကို စွန့်လွှတ်လိုက်ပြီး တုပိုင်နှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အကောင်းဆုံးမှာ ဘွဲ့ယူစာမေးပွဲ ဖြေဆိုချိန်အထိ တုပိုင်ကို ဆက်လက် မြှောက်ပင့်ပေးထားပြီး ထိုအချိန်ကျမှ တုပိုင်၏ အနာဂတ် ပျက်စီးသွားပေလိမ့်မည်။ ထို့နောက် လီဝမ်ဟွေ့ ရာထူးတိုးသွားပြီးနောက် ယန်ရှီသည် တုပိုင်ကို ခြေဖဝါးအောက် ပြန်လည် နင်းချေနိုင်မည် ဖြစ်သည်။
အမှန်စင်စစ် ယန်ရှီ၏ စိတ်အားထက်သန်မှုတွင် သီးသန့်ဆန်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။ အကြောင်းမှာ တုပိုင်သည် စွန့်ပစ်ခံထားရသော ဂုဏ်သရေရှိ မိသားစုမှ သွေးသားတစ်ယောက် ဖြစ်သဖြင့် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီတို့တွင် ထူးချွန်သည်မှာ ပုံမှန်သာဖြစ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
သို့သော် ဘွဲ့ယူစာမေးပွဲတွင် ထိုအရာတွေကို စစ်ဆေးမည် မဟုတ်ပေ။ တုပိုင်၏ အခြားရမှတ်များမှာ အလွန်ဆိုးရွားပြီး အထူးသဖြင့် အရေးအကြီးဆုံးဖြစ်သော သိုင်းပညာနှင့် အဂ္ဂိရတ်ပညာတို့တွင် ညံ့ဖျင်းသဖြင့် ဘွဲ့ယူစာမေးပွဲတွင် အတန်းထဲ၌ အောက်ဆုံးအဆင့် ရောက်ရန် သေချာသလောက် ရှိနေသည်။
ထို့ကြောင့် အလုပ်ကောင်းတစ်ခု ရရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ယန်ရှီအနေဖြင့် သူ့ကို သိပ်ပြီး ဖော်ရွေနေစရာ မလိုပေ။
ထို့အပြင် သူ့မွေးစားအဖေ လန်ထင်က တုပိုင်ကို ထောင်ချောက်ဆင်ထားပြီးဖြစ်သလို လီဝမ်ဟွေ့ကလည်း ဘက်လိုက်မည် မဟုတ်ကြောင်း ကတိပေးထားသည်။
ထို့ကြောင့် ဘွဲ့ယူစာမေးပွဲပြီးနောက် တုပိုင်သည် အနာဂတ်မရှိတော့ဘဲ မိန်းမစိုးအဆင့်အတန်း၏ အနိမ့်ဆုံးအလွှာသို့ ရောက်ရှိသွားပေလိမ့်မည်။
တုပိုင်သည် ယန်ရှီကို တစ်ချက်ကြည့်လိုက်သော်လည်း လျစ်လျူရှုလိုက်သည်။ ထိုအစား ယန်ရှီ၏ နောက်လိုက် ထျန်ဖုန်းကို ကြည့်လိုက်သည်။
ထျန်ဖုန်းသည် ယခင်က တုပိုင်ကို အနိုင်ကျင့်ရာတွင် အတက်ကြွဆုံးဖြစ်ပြီး တုပိုင်ကို ရိုက်နှက်တိုင်းလည်း အကြမ်းတမ်းဆုံး ဖြစ်သည်။ တစ်ခါကဆိုလျှင် တုပိုင်ကို သွေးအန်သည်အထိ ရိုက်နှက်ခဲ့ဖူးသည်။
“ထျန်ဖုန်း… မင်း အရင်တုန်းက ငါ့ကို တော်တော် အနိုင်ကျင့်ခဲ့တယ် မဟုတ်လား” တုပိုင် အေးစက်စွာ ပြောလိုက်ပြီးနောက် ကုလားထိုင်တစ်လုံးကို ရှာကာ ထိုင်ရန် ပြင်လိုက်သည်။
ဘေးနားရှိ မိန်းမစိုးကျောင်းသားတစ်ဦးက ချက်ချင်းပင် ကုလားထိုင်တစ်လုံး ယူလာပေးကာ သူ့လက်မောင်းအင်္ကျီစဖြင့် ပုံကြီးချဲ့ သုတ်သင်ပေးရင်း ပြောလိုက်သည်။
“စီနီယာအစ်ကိုတု… ထိုင်ပါခင်ဗျာ”
အရှက်မဲ့လွန်းလှသည်။ ဤအကောင်သည် တုပိုင်ထက် တစ်နှစ်ကြီးသော်လည်း တုပိုင်ကို စီနီယာအစ်ကို ဟု ခေါ်ဝေါ်နေသည်။
ထျန်ဖုန်းသည် မိန်းမစိုးတစ်ယောက်နှင့် မတူဘဲ ကြမ်းတမ်းသော ပုံစံရှိကာ မျက်နှာတစ်ခုလုံး ကျောက်ပေါက်မာများ ပြည့်နေသည်။ တုပိုင်၏ စကားကို ကြားသောအခါ သူက ယန်ရှီကို ချက်ချင်း ကြည့်လိုက်သည်။
“ငါ့ကို ဘာကြည့်နေတာလဲ။ ညီလေးတုပိုင်က မင်းကို မေးနေတယ်လေ” ယန်ရှီ အေးစက်စွာ ပြောလိုက်သည်။
ထျန်ဖုန်းက ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုတု… ကျွန်တော် အရင်တုန်းက မျက်ကန်းဖြစ်ခဲ့မိပါတယ်။ ခွင့်လွှတ်ပေးပါ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”
“မင်းပါးစပ်ကို မင်း အချက်တစ်ရာ ရိုက်လိုက်… ပြီးမှ ခွင့်လွှတ်တဲ့အကြောင်း ဆက်ပြောကြတာပေါ့” တုပိုင် အေးစက်စွာ ပြောလိုက်သည်။
ထျန်ဖုန်း မျက်နှာပျက်သွားပြီး ယန်ရှီကို ထပ်ကြည့်လိုက်ကာ တစ်ဖက်လူက သူ့ကို ထောက်ခံပေးလိမ့်မည်ဟု မျှော်လင့်နေသည်။
“လုပ်လိုက်လေ” ယန်ရှီ အေးစက်စွာထပ် ပြောလိုက်သည်။
ထို့ကြောင့် ယခင်က တုပိုင်ကို အနိုင်ကျင့်ဆုံးဖြစ်ခဲ့သော ထျန်ဖုန်းသည် သူ့မျက်နှာသူ ပြန်ရိုက်ရတော့သည်။
“ဖြန်း… ဖြန်း… ဖြန်း… ဖြန်း…”
“ပျော့လွန်းတယ်။ အားထည့်ရိုက်” တုပိုင် အေးစက်စွာ ပြောလိုက်သည်။
ထို့ကြောင့် သူ အားကို တိုးလိုက်ရာ မကြာမီမှာပင် သူ့မျက်နှာတစ်ခုလုံး ရိုက်ချက်များကြောင့် ရဲရဲနီကာ ဖူးရောင်လာခဲ့သည်။
မိန်းမစိုးအများအပြားက ဘေးတွင် ရပ်ကြည့်နေကြပြီး ခေါင်းငုံ့ကာ သူတို့ခြေထောက်ကိုသာ ကြည့်နေကြသည်။
“ပြီးတော့ မင်းတို့ကောင်တွေ… တစ်ယောက်ကို ပါးရိုက်ချက် အချက် ၃၀ စီ… တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုက်ကြ” တုပိုင် ပြောလိုက်သည်။
ထို့ကြောင့် ယန်ရှီမှလွဲ၍ ကျန်ရှိသော မိန်းမစိုးသင်တန်းသားငါးဦးသည်လည်း တစ်ယောက်ကိုတစ်ယောက် စတင် ရိုက်နှက်ကြတော့သည်။ လေးယောက်က အပြန်အလှန် ရိုက်ကြပြီး ကျန်တစ်ယောက်က သူ့ကိုယ်သူ ပြန်ရိုက်နေရသည်။
ယန်ရှီ၏ မျက်နှာထား ချက်ချင်း အရုပ်ဆိုးသွားသည်။
‘ခွေးကို ရိုက်ရင်တောင် ပိုင်ရှင်ကို ကြည့်ရသေးတယ်။ တုပိုင်… မင်း ဘာသဘောလဲ။ မင်း ငါ့ကို မလေးစားတာလား’
တုပိုင်သည် ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ကာ ပြဇာတ်ကြည့်နေသကဲ့သို့ ကြည့်ရှုနေသည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် အားလုံး ရိုက်နှက်၍ ပြီးသွားကြသည်။ အထူးသဖြင့် ထျန်ဖုန်း၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖြစ်နေလေပြီ။
ယန်ရှီက အတင်းဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
“တုပိုင်… မင်း ကျေနပ်ပြီလား”
တုပိုင်က မဲ့ပြုံးပြုံးကာ ပြောသည်။ “ယန်ရှီ… မင်းက အရင်တုန်းက ငါ့ကို အနိုင်ကျင့်ဆုံး ကောင်ပဲ။ အခု ငါက အဲဒီထဲက အနည်းငယ်လောက်ပဲ ကလဲ့စား ပြန်ချေရသေးတာကို မင်းက ငါ့ကို ကျေနပ်ပြီလားလို့ တကယ်လာမေးနေတာလား”
ယန်ရှီက ပြုံးမြဲပြုံးလျက် မေးလိုက်သည်။
“ဒါဆို ညီလေးတုပိုင်က ဒေါသပြေဖို့ ဘာများ လုပ်ချင်ပါသေးသလဲ”
တုပိုင် ပြောလိုက်သည်။
“ငါ လမ်းတော်တော်လျှောက်ခဲ့ရတော့ ခြေထောက်တွေ ညောင်းနေတယ်။ ငါ့ခြေထောက်ကို ဆေးပေးပြီး ခြေဖဝါး နှိပ်ပေးမဲ့လူ ရှိလား”
ထိုစကားကို ကြားသောအခါ ယန်ရှီက ချက်ချင်း ပြောလိုက်သည်။
“ကြားတယ်မလား။ အစ်ကိုတုပိုင်ရဲ့ ခြေထောက်ကို ဆေးပြီး ခြေဖဝါး နှိပ်ပေးလိုက်ကြစမ်း”
တုပိုင်က ယန်ရှီကို ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို ကိုယ်တိုင် ခြေထောက်ဆေးပြီး ခြေဖဝါး နှိပ်ပေးစေချင်တာ”
အရင်တုန်းက တုပိုင်သည် ပိုင်ချွမ်းကို သတ်ဖြတ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီး လန်ထင်မှာ ခါးသီးသော ဆေးခါးကြီးကို မြိုချခဲ့ရသည်။
ယနေ့တွင် လန်ထင်က ချက်ချင်း လက်တုံ့ပြန်လိုက်ပြီး ကောက်ကျစ်သော နည်းဗျူဟာကို သုံးကာ တုပိုင်ကို ရက်ရက်စက်စက် ချောင်ပိတ်ရိုက်ခဲ့သည်။
တုပိုင်သည် သူ့ထောင်ချောက်ကို ဂရုမစိုက်သော်လည်း အလိမ်ခံလိုက်ရသည့်အတွက် မပျော်မရွှင်ဖြစ်ကာ လက်တုံ့ပြန်ချင်နေသည်။
ယခင်က ပိုင်ချွမ်းကိုသတ်ခဲ့သည်။ ယခုအခါတွင်တော့ ထိုအတွင်းစိန်ပုတ်နေသည့်ကောင်၏ လက်ကိုချိုးပြစ်ပြီး အနာဂါတ်မဲ့အောင် ပြုလုပ်ရမည်။
အပိုင်း ၆၉ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထိုစကားကို ကြားသောအခါ ယန်ရှီ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။
‘တုပိုင်… မင်းက ငါ့ကို နည်းနည်းလောက် အလျှော့ပေးလိုက်တာနဲ့ အခွင့်အရေး ယူချင်နေတာလား။ မင်း အတော်ကို ကံစမ်းနေတာပဲ’
‘ငါ ယန်ရှီက ဘယ်သူလဲ။ ငါက မိန်းမစိုးအကယ်ဒမီတစ်ခုလုံးမှာ ထိပ်တန်း အထက်တန်းလွှာ ၁၀ ယောက်ထဲက တစ်ယောက်ပဲ။ ငါ ဘွဲ့ရပြီးလို့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို မဝင်ရရင်တောင် တော်ဝင်မြင်းဇောင်းကိုတော့ ရောက်နိုင်သေးတယ်။ အဲဒါကို မင်းက ငါ့ကို မင်းခြေထောက် ဆေးခိုင်းချင်နေတာလား။ တုပိုင်… မင်းက ကံကောင်းသွားတဲ့ကောင်ပါ။ တစ်လ၊ နှစ်လလောက်ပဲ ကျော်ကြားနိုင်မှာ။ ဘွဲ့ယူစာမေးပွဲပြီးလို့ အလုပ်တာဝန်တွေ ချပေးပြီးရင် မင်းက ကြက်တစ်ကောင်လောက်တောင် အဖြစ်မရှိတဲ့ အတောင်ပံမပါတဲ့ငှက် ဖြစ်သွားမှာ’
ယန်ရှီသည် တုပိုင်ကို အဘယ်ကြောင့် မိတ်ဖွဲ့လိုခဲ့သနည်း။ တုပိုင်က လီဝမ်ဟွေ့ထံတွင် သူ့အကြောင်း အပုပ်ချပြောဆိုပြီး သူ့အနာဂတ်ကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါလော။ ယန်ရှီသည် တုပိုင်၏ အနာဂတ်အပေါ် ယုံကြည်ချက် လုံးဝ မရှိပေ။
ထို့ကြောင့် ယန်ရှီ၏ မျက်နှာထား ချက်ချင်း အေးစက်သွားပြီး ပြောလိုက်သည်။
“တုပိုင်… ရပ်သင့်တဲ့အချိန်မာ ရပ်ပါ။ အလွန်အကျွံ မလုပ်ပါနဲ့”
တုပိုင်က ပြန်မေးလိုက်သည်။
“ဒါဆို မင်း ငါ့ခြေထောက်ကို မဆေးပေးချင်ဘူးပေါ့”
ယန်ရှီ ပြန်ဖြေလိုက်သည်။
“ဆောရီးပဲ… ငါ မလုပ်နိုင်ဘူး”
တုပိုင် ထပ်ပြောလိုက်သည်။
“ဒါဆို မင်းက ငါနဲ့ ပြန်မသင့်မြတ်ချင်ဘဲ ငါ့ရန်သူအဖြစ် ဆက်နေချင်တယ်ပေါ့လေ”
ယန်ရှီ ပြန်မေးလိုက်သည်။
“မင်း ဘာကို ဆိုလိုတာလဲ”
တုပိုင် ပြောလိုက်သည်။
“မင်းက လဆန်းတစ်ရက်နေ့လောက် လုပ်ရဲရင် ငါက လပြည့်နေ့လောက်ကြီးအထိ လုပ်ရဲတယ်။ အရင်တုန်းက မင်း ငါ့အပေါ် ဘာတွေ လုပ်ခဲ့သလဲဆိုတာ မေ့သွားပြီလား”
အမှန်စင်စစ် တုပိုင်သည် အငြိုးအတေး ကြီးသူဖြစ်ပြီး သူ့ပစ်မှတ်က ယန်ရှီတစ်ယောက်တည်း မဟုတ်ဘဲ ဒုတိယကျောင်းအုပ်ကြီး လန်ထင်လည်း ပါဝင်သည်။ ယန်ရှီ အကြောက်ဆုံးအရာမှာ တုပိုင်က သူ့အကြောင်း လီဝမ်ဟွေ့ကို တိုင်တောပြီး သူ့အနာဂတ်ကို ဖျက်ဆီးပစ်မည်ကိုပင် ဖြစ်သည်။
ယန်ရှီ၏ မျက်နှာ ချက်ချင်း အရုပ်ဆိုးသွားပြီး ဤအရှက်တကွဲ ဖြစ်ရပ်ကို မြိုသိပ်ပြီး တုပိုင်၏ ခြေထောက်ကို ဆေးပေးရမည်လော။ သို့မဟုတ် မဆေးပေးရလေမလား ဝေခွဲမရ ဖြစ်နေသည်။
ခဏမျှ ဗျာများပြီးနောက် သူ စွန့်စားရဲခြင်း မရှိတော့ပေ။ တုပိုင်က ယခု အရှိန်တက်နေချိန်ဖြစ်ပြီး အကယ်၍သာ လီဝမ်ဟွေ့ကို သွားတိုင်လိုက်လျှင် ယန်ရှီ၏ အနာဂတ်ကို ထိခိုက်စေနိုင်သဖြင့် မတန်ပေ။
‘တုပိုင်… မင်း လူယုတ်မာကောင်… မင်း စောင့်နေလိုက်’
ယန်ရှီက သွားကို အံကြိတ်ကာ တုပိုင်၏ ခြေထောက်ဆေးရန် ရေသွားခပ်လိုက်သည်။
အစ်ကိုကြီးယန်ရှီ ရေသွားခပ်သည်ကို တွေ့သောအခါ အခြား မိန်းမစိုး ခြောက်ယောက်သည် ရေပုံးများကို အလုအယက် ယူကာ သူ့အစား ရေသွားခပ်ပေးရန် ပြင်ကြသည်။
“ငါ မင်းတို့ကို ခိုင်းလို့လား။ ယန်ရှီ သူ့ဘာသာ လုပ်ပါစေ”
တုပိုင် ပြောလိုက်သည်။
သည်းခံခြင်းသည် မိန်းမစိုးဂိုဏ်းအတွင်း အသုံးမဝင်ပေ။ ထိုသည်က သင့်ကို အားနည်းပြီး အနိုင်ကျင့်ရလွယ်သူအဖြစ်သာ ပုံဖော်ပေးလိမ့်မည်။ မိန်းမစိုးဂိုဏ်းဝင် အများစုသည် အကြမ်းကိုသာ ကြောက်ပြီး အနုကို မကြောက်တတ်ကြပေ။
ယန်ရှီ တုပိုင်၏ ခြေထောက်ကို ဆေးပေးရန် ပြင်လိုက်ချိန်မှာပင် တံခါးပွင့်လာပြီး အလွန်အမင်း ချောမောခန့်ညားသော လူငယ်လေးတစ်ဦး ဝင်လာသည်။ သူကား ထန်ယန်ပင် ဖြစ်သည်။
သူ ပေါ်လာတိုင်း မိန်းမစိုးဂိုဏ်းဝင် တစ်ယောက်နှင့် မတူဘဲ မြင့်မြတ်သော သခင်လေးတစ်ယောက်နှင့် ပိုတူနေတတ်သည်။
ထန်ယန် ဝင်လာသောအခါ ယန်ရှီက တုပိုင်၏ ခြေထောက်ကို ဆေးပေးရန် ရေပုံးသယ်လာသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် အခြား မိန်းမစိုးသင်တန်းသား ခြောက်ဦးမှာလည်း မျက်နှာများ ရဲရဲနီကာ ဖူးရောင်လျက် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်ကို တွေ့လိုက်ရသည်။
ထန်ယန် ချက်ချင်းပင် စကားလုံးတစ်လုံးကို တွေးမိလိုက်သည်။
‘ရည်မှန်းချက် အောင်မြင်သွားတဲ့ လူတန်းစားနိမ့်တစ်ယောက်’
“တုပိုင်… ငါက မင်းနဲ့ စာရေးအလှအကြောင်း ဆွေးနွေးမလို့ လာတာ… ဒါပေမဲ့ ဒီလိုမြင်ကွင်းမျိုး မြင်ရမယ်လို့ မထင်ထားခဲ့ဘူး”
ထန်ယန် အေးစက်စွာ ပြောလိုက်သည်။
“ငါတို့အားလုံးက မိန်းမစိုးဂိုဏ်းဝင် အချင်းချင်းတွေပဲလေ… မိဘက မွေးတဲ့ သားသမီးချင်း အတူတူ ဘယ်လိုလုပ် တခြားသူတွေကို ဒီလိုဆက်ဆံရက်ရတာလဲ။ မင်းက ကျောင်းအုပ်ကြီးရဲ့ သွန်သင်ဆုံးမမှုတွေကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။ မိန်းမစိုးကျောင်းသားတွေအတွက် စံပြတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး။ ဒီလိုအပြုအမူမျိုးက ငါ့ကို အရမ်း ရွံရှာစေတယ်”
တုပိုင် မျက်လုံးများ မှေးစင်းကာ ထန်ယန်ကို ကြည့်လိုက်သည်။ အတော်လေး တရားမျှတပြီး ဒေါသထွက်နေပုံ ရသည်။ အရပ်ဘက် အရာရှိအုပ်စုမှ ပြောင်းလာသည်မှာ အံ့သြစရာ မဟုတ်ပေ။
‘ထန်ယန်… မင်းက မိန်းမစိုးဂိုဏ်းရဲ့ အကျိုးစီးပွားအကြောင်း တဖွဖွ ပြောနေပြီးတော့ အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာလဲ။ လီဝမ်ဟွေ့နဲ့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို သေလမ်းပို့ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား။ အဲဒါက အကြီးမားဆုံးသော အရှက်မဲ့မှုနဲ့ သစ္စာဖောက်မှု မဟုတ်ဘူးလား’
‘ဒါ့အပြင် မင်းလို မောက်မာတဲ့အမူအရာနဲ့ ငါနဲ့ စာရေးအလှအကြောင်း လာဆွေးနွေးမယ် ဆိုတာ ဖြစ်နိုင်လို့လား။ မင်းက ငါ ဘဝင်မြင့်ပြီး မိုက်မဲတဲ့အလုပ် လုပ်နေတာကို လက်ပူးလက်ကြပ် ဖမ်းချင်လို့။ အခွင့်ကောင်းယူပြီး ငါ့ကို ဖိနှိပ်ချင်လို့ တမင်သက်သက် လာတာ မဟုတ်ဘူးလား’
‘မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့များ… ငါ့ကို ရယ်ရလွန်းလို့ သေသွားအောင် လုပ်ပြီး ငါ့ရဲ့ အိပ်မက်စနစ်ကို အမွေဆက်ခံချင်နေတာလား။ ပြီးတော့ မင်း ထန်ယန်က လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ချင်တာ မဟုတ်လား’
ထန်ယန်က မျက်နှာများ ရဲရဲနီကာ ဖူးရောင်နေသော မိန်းမစိုး ခြောက်ယောက်ကို သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ မိန်းမစိုး ခြောက်ယောက်သည် အလွန်အမင်း ဖိနှိပ်ခံထားရသဖြင့် ထွက်ပေါက်မရှိတော့သည့်အလား ချက်ချင်း ငိုကြွေးကြတော့သည်။
ထို့နောက် ထန်ယန်က ယန်ရှီကို ပြောလိုက်သည်။
“တုပိုင်က ရိုင်းစိုင်းလိုက်တာ။ မင်းက သူ့ရဲ့ အာဏာရှင်ဆန်မှုကို ဒူးထောက် အရှုံးပေးတော့မှာလား။ မင်းမှာ ကျောရိုးဆိုတာ မရှိတော့ဘူးလား”
ယန်ရှီက သစ်သားရေပုံးကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ထန်ယန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော်သာ သူ့ကို မနာခံရင် တုပိုင်က ကျောင်းအုပ်ကြီးရှေ့မှာ ကျွန်တော့်အကြောင်း ကုန်းချောပြီး ကျွန်တော့်အနာဂတ်ကို ဖျက်ဆီးပါလိမ့်မယ်။ ကျေးဇူးပြုပြီး စီနီယာထန်… ကျွန်တော့်အတွက် တရားမျှတမှုကို ရှာပေးပါ”
ထိုသို့ပြောပြီးနောက် ယန်ရှီက ချက်ချင်းပင် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။
ယခုအခါ ဤရွှေပေါင်လုံးကြီး ထန်ယန်သည် သူ့ရှေ့သို့ ရောက်လာပြီဖြစ်ရာ အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။ ထယန်ကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် သူ့ကို ဖားယားရန်အတွက် ယန်ရှီ၌ မည်သည့်ဖိအားမျှ မရှိပေ။
ထန်ယန်က တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
“တော်လောက်ပြီ။ ညှာတာပေးလို့ရတဲ့အချိန် ညှာတာပေးလိုက်ပါ။ ဘဝင်မြင့်ပြီး ကျောင်းအုပ်ကြီးလီဝမ်ဟွေ့ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေနဲ့”
တုပိုင် စိတ်ထဲမှ မဲ့ပြုံးပြုံးလိုက်သည်။
‘ပြဇာတ် ကတော့ စပြီ။’
သူ မတ်တတ်ရပ်လိုက်ပြီး ထန်ယန်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“ငါ့ကိစ္စ မင်းနဲ့ မဆိုင်ဘူး… ငတုံးကောင်ရဲ့”
ထိုစကားကို ကြားသောအခါ ထန်ယန်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး သူ့နားသူပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
သူသည် စစ်မှန်သော ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်သည်။ ယခင်က အရည်အချင်းရှိသူများ ပေါများသော အရပ်ဘက်အရာရှိအုပ်စု၌ပင် မည်သူမျှ သူ့ကို ထိုကဲ့သို့ မပြောရဲခဲ့ပေ။
မိန်းမစိုးဂိုဏ်းဘက်သို့ ကူးပြောင်းလာပြီးနောက် လူတိုင်းက သူ့ကို ဘုရားသခင်တစ်ပါးကဲ့သို့ ဆက်ဆံကြသည်။ ကွမ်တုံမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဝမ်ဟုန်ရှန်းပင်လျှင် သူ့ကို ယဉ်ကျေးစွာ မြှောက်ပင့်ကာ ပြောဆိုဆက်ဆံခဲ့သည်။
ယခုအချိန်တွင် တုပိုင်က အံ့သြစရာကောင်းလောက်အောင် ရိုင်းစိုင်းနေသည်။
ရုတ်ခြည်းပင် ထန်ယန်၏ ချောမောသော မျက်နှာပေါ်တွင် သွေးရောင်လွှမ်းသွားပြီး မျက်လုံးများထဲတွင် လူသတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ သူသည် တုပိုင်ကို လက်ဝါးဖြင့် ရိုက်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။
သို့သော် သူ လျင်မြန်စွာ တည်ငြိမ်သွားသည်။ တုပိုင်၏ ဘဝင်မြင့်မှုသည် သူ့ထောင်ချောက်ထဲသို့ တည့်တည့်ဝင်လာခြင်း မဟုတ်ပါလော။ ဤကဲ့သို့သော ပေါ့ပျက်ပျက်လူတစ်ယောက်သည် ထန်ယန်၏ ပြိုင်ဘက်ဖြစ်ရန် မည်သို့ ထိုက်တန်ပါမည်နည်း။
‘ဘုရားသခင်က ဖျက်ဆီးချင်တဲ့သူကို အရင်ဆုံး ရူးသွပ်အောင် လုပ်တယ်’
ထန်ယန် အေးစက်စွာ ပြောလိုက်သည်။
“ကျောင်းသားတို့… မင်းတို့အတွက် တရားမျှတမှု ရအောင် ငါ ကျောင်းအုပ်ကြီးဆီ ခေါ်သွားပေးမယ်”
ထိုစကားကို ကြားသောအခါ ယန်ရှီနှင့် အခြားသူများမှာ ဝမ်းသာအားရဖြစ်ကာ ထန်ယန်ကို ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် သခင်လေးထန်”
အရှက်မဲ့လှသည်။ သခင်လေးထန် ဟုပင် ခေါ်နေကြလေသည်။
ယန်ရှီနှင့် အခြားသူများ အလွန် ဝမ်းသာနေကြသည်။ သူတို့မျက်လုံးထဲတွင် ထန်ယန်သည် တုပိုင်ထက် အဆများစွာ ပိုအရေးပါသည်။
သူက ရှေ့တန်းမှ ပါဝင်နေသဖြင့် လီဝမ်ဟွေ့သည် တုပိုင်ကို ကာကွယ်ပေးမည် မဟုတ်သည့်အပြင် ပြင်းပြင်းထန်ထန်ပင် အပြစ်ပေးကောင်း ပေးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထန်ယန်သည် မိန်းမစိုးဂိုဏ်း၏ အနာဂတ်ခေါင်းဆောင် ဖြစ်သောကြောင့်ပင်။
ယန်ရှီ ပြောလိုက်သည်။
“သွားကြစို့… တုပိုင်။ မင်း မောက်မာရတဲ့နေ့တွေ ကုန်ဆုံးသွားပြီ။ ကျောင်းအုပ်ကြီးဆီ လိုက်ခဲ့ပြီး တရားမျှတမှု တောင်းဆိုကြရအောင်”
“သွားမယ်… သွားမယ်…”
အခြား မိန်းမစိုးသင်တန်းသား ခြောက်ဦးသည်လည်း ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော ပုံစံများ ဖြစ်သွားကြပြီး လီဝမ်ဟွေ့နှင့် တွေ့ရန် တုပိုင်ကို ဆွဲခေါ်မည့်ဟန် ပြင်လိုက်ကြသည်။ အစောက နှိမ့်ချပြီး ကြောက်ရွံ့နေသော ပုံစံနှင့် လုံးဝ ကွာခြားသွားသည်။
တုပိုင် မတ်တတ်ရပ်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ”
၁၅ မိနစ် ကြာပြီးနောက် လူတစ်စုသည် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့ရှေ့သို့ ရောက်လာကြသည်။
သို့သော် လီဝမ်ဟွေ့၏ စာကြည့်ခန်းထဲတွင် သူနှင့် လန်ထင်အပြင် ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဆံပင်ဖြူ မိန်းမစိုးကြီးတစ်ဦးလည်း ရှိနေသည်။ ထိုသူသည် မျက်လုံးကျဉ်းကျဉ်း၊ အသားအရေက ဖြူဖွေးပြီး နှုတ်ခမ်းများမှာ ဓားသွားကဲ့သို့ ပါးလွှာကာ ထက်ရှနေသည်။
တုပိုင် ထိုလူ၏ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းလိုက်သည်။ ကွမ်ရှီးပြည်နယ်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ဝမ်ရင်ပင်ဖြစ်၏။ ကွမ်ရှီးပြည်နယ်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ရာထူးမှာ ယာယီ လစ်လပ်နေသဖြင့် ဝမ်ရင်သည် ကွမ်ရှီးရှိ မိန်းမစိုးဂိုဏ်း၏ ရာထူးအကြီးဆုံး အရာရှိ ဖြစ်လာသည်။
တုပိုင်နှင့် လီဝမ်ဟွေ့သည် ဤလူအကြောင်း ယခင်က ပြောဖူးကြသည်။ သူသည် စံပြ မိန်းမစိုးဗျူရိုကရက်အိုကြီး တစ်ဦးဖြစ်ပြီး လူတစ်ယောက်ကို သေလမ်းပို့ကာ အပြစ်ပုံချတတ်သည့် လူစားမျိုး ဖြစ်သည်။
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ အာဏာနှင့် ရင်ဆိုင်ရသောအခါ သူသည် လီဝမ်ဟွေ့၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး အရပ်ဘက်နှင့် စစ်ဘက် ဗျူရိုကရက်များ၏ အာဏာကို ရန်စရန် သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ရန် ဝန်လေးသူ ဖြစ်သည်။
လီဝမ်ဟွေ့ ပြောလိုက်သည်။
“တုပိုင်။ လာပြီး ကွပ်ကဲရေးမှူးမင်းကို ဂါရဝပြုလိုက်ပါဦး’”
တုပိုင် လီဝမ်ဟွေ့ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်။ ကွပ်ကဲရေးမှူးမင်းကို ဂါရဝပြုပါတယ်”
ထိုစကားကို ကြားသောအခါ ဝမ်ရင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်က လီဝမ်ဟွေ့ကို သူ့ရှေ့ထားပြီး ဦးစွာ ဂါရဝပြုလိုက်သောကြောင့် ဖြစ်သည်။ တကယ်တော့ တုပိုင်က တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်သည်။
ဝမ်ရင်သည် အလွန် ကောက်ကျစ်စဉ်းလဲသူဖြစ်ရာ ကလေးတစ်ယောက်သာသာရှိသော တုပိုင်ကို လူသိရှင်ကြား အခက်တွေ့အောင် မလုပ်နိုင်ပေ။ သူ့မျက်နှာပေါ်ရှိ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ချက်ချင်းပင် အပြုံးတစ်ခု ဆင်မြန်းကာ ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ ကွမ်ရှီးမိန်းမစိုးဂိုဏ်းကို အခြေအနေ ဆိုးဝါးမှုကနေ ကယ်တင်ပေးခဲ့တဲ့ တုပိုင်ဆိုတာလား။ တကယ့်ကို ရုပ်ရည်ချောမောပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်လေးပဲ”
တုပိုင် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကုန်းကုန်းဝမ်”
ကွပ်ကဲရေးမှူး ဝမ်ရင်က သဘောကောင်းဟန်ဆောင်ကာ စိတ်ရှည်လက်ရှည် ပြောလိုက်သည်။
“ကောင်းတယ်။ ငါတို့ ကွမ်ရှီးမိန်းမစိုးဂိုဏ်းမှာ တကယ်ကို အရည်အချင်းရှိတဲ့ လူတွေနဲ့ ပြည့်နေတာပဲ။ မင်းအနေနဲ့ မင်းရဲ့ ကျောင်းအုပ်ကြီးဆီကနေ များများ သင်ယူပြီး ကျောင်းသားအားလုံးအတွက် စံပြအဖြစ် နေထိုင်သင့်တယ်”
“ဟုတ်ကဲ့ပါ… အရှင် ကွပ်ကဲရေးမှူး”
တုပိုင် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ထန်ယန် ရှေ့တက်လာပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“ထန်ယန်က ကွပ်ကဲရေးမှူးမင်းကို ဂါရဝပြုပါတယ်”
အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ဝမ်ရင်သည် ချက်ချင်း မတ်တတ်ရပ်ကာ ရှေ့တက်လာပြီး ထန်ယန်ကို ဆွဲထူလိုက်သည်။ တစ်ဖက်လူက လုံးဝ ဒူးမထောက်ရသေးခင်မှာပင် ဆွဲထူလိုက်ခြင်း ဖြစ်သည်။
“မင်းက ထန်ယန်ကိုး။ တကယ့်ကို ကောင်းကင်ဘုံက ရွေးချယ်ထားသူတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိတာပဲ”
ဝမ်ရင်က သူ့ကို အကြီးအကျယ် ချီးကျူးလိုက်သည်။
“ဒီလိုအရည်အချင်းမျိုးကပဲ ငါတို့ မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်မှာ။ ကောင်းတယ်… ကောင်းတယ်။ ထန်ယန်နဲ့ တွေ့ရတာ ငါ့ခရီးစဉ်အတွက် တန်ဖိုးရှိသွားပြီ။ အန်နမ်နိုင်ငံကနေ အလျင်စလို ပြန်လာရတာ တကယ်ကို တန်ပါတယ်”
ထိုစကားကို ကြားသောအခါ ယန်ရှီနှင့် အခြားသူများ ချက်ချင်း ဝမ်းသာသွားကြသည်။
တုပိုင်နှင့် လီဝမ်ဟွေ့တို့မှာမူ ခံစားချက်ကင်းမဲ့နေသည်။ ဤအရာရှိသည် အကယ်ဒမီကြီးသုံးခု ပူးပေါင်းပြိုင်ပွဲတွင် မိန်းမစိုးအကယ်ဒမီ၏ အောင်ပွဲကို ဂုဏ်ပြုရန် လာခြင်းဖြစ်သည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ထန်ယန်ကို ထောက်ခံအားပေးရန် ရောက်လာခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်ထားပြီး ဖြစ်သည်။
ထန်ယန်၏ နောက်ခံက တကယ့်ကို တောင့်တင်းခိုင်မာလှသည်။ လန်ထင်နှင့် ဝမ်ရင် နှစ်ဦးစလုံးက သူ့ဘက်က ရပ်တည်ပေးရန် အသင့်ရှိနေကြသည်။
ထို့နောက် ဝမ်ရင်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယန်ရှီနှင့် အခြားသူများကို တွေ့လိုက်ရသည်။ အထူးသဖြင့် ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေသော မျက်နှာများနှင့် မိန်းမစိုး ခြောက်ဦးကို သတိထားမိလိုက်သည်။
“မင်းတို့တွေ ဘာဖြစ်ထားတာလဲ”
ဝမ်ရင် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ယန်ရှီနှင့် အခြား မိန်းမစိုးသင်တန်းသား ခုနစ်ဦးသည် ချက်ချင်း ဦးခေါင်းနှင့် ကြမ်းပြင် ထိအောင် ဦးညွှတ်ကာ ပြောလိုက်ကြသည်။
“တုပိုင်က အာဏာအလွဲသုံးစားလုပ်ပြီး ကျွန်တော်တို့ကို အနိုင်ကျင့်နေပါတယ်။ ကျေးဇူးပြုပြီး အရှင် ကွပ်ကဲရေးမှူး… ကျွန်တော်တို့အတွက် တရားမျှတမှု ပေးပါ”
ကွပ်ကဲရေးမှူး ဝမ်ရင်က မေးလိုက်သည်။
“အိုး… ဘာတွေ ဖြစ်နေတာလဲ”
ထို့ကြောင့် ယန်ရှီနှင့် အဖွဲ့သည် တုပိုင်က သူတို့ကို မည်သို့ အနိုင်ကျင့်ခဲ့ကြောင်း ပါးရိုက်ခိုင်းခဲ့ကြောင်းနှင့် ယန်ရှီကို ခြေထောက်ဆေးခိုင်းခဲ့ကြောင်း အစရှိသည်တို့ကို ပုံကြီးချဲ့ကာ အသေးစိတ် ပြောပြလိုက်ကြသည်။
သူတို့ ပြောပြီးသွားသောအခါ မိန်းမစိုး ခြောက်ဦးသည် ကြီးမားသော မတရားမှုကို ခံစားခဲ့ရသည့်အလား ငိုကြွေးကြတော့သည်။ သူတို့သည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေကြရာ ငိုလွန်းအားကြီး၍ သတိမေ့တော့မည့်ဟန်ပင် ရှိနေသည်။
ဝမ်ရင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး တုပိုင်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒုတိယကျောင်းအုပ်ကြီး လန်ထင်က ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ တုပိုင်က ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာတာ။ သူက ဘယ်လိုလုပ် ဒီလောက် မောက်မာပြီး အပေါ်ယံဆန်တဲ့လူ ဖြစ်နိုင်မှာလဲ”
ယန်ရှီက ဦးခေါင်းနှင့် ကြမ်းပြင် ထိအောင် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ပြောသမျှ အမှန်တွေချည်းပါပဲ။ အကယ်၍သာ စီနီယာအစ်ကို ထန်ယန် ဝင်မပါခဲ့ရင် ဒီကျောင်းသား ခြောက်ယောက်ဟာ တုပိုင်ရဲ့ အရှက်ခွဲမှုနဲ့ နှိပ်စက်မှုကို ခံရတော့မှာပါ”
အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ဝမ်ရင်က ထန်ယန်ကို မေးလိုက်သည်။
“ဒါ အမှန်ပဲလား”
ထန်ယန် ဖြေလိုက်သည်။
“အမှန်ပါပဲ… ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ”
‘တိရစ္ဆာန်ကောင်… မင်းက တော်တော် ရဲတင်းပါလား’
ကွပ်ကဲရေးမှူး ဝမ်ရင်က တုပိုင်ကို စိုက်ကြည့်ရင်း ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး စားပွဲခုံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ စာကြည့်ခန်းတစ်ခုလုံးရှိ မီးရောင်များ မှေးမှိန်သွားတော့သည်။
အပိုင်း (၇၀) ပြီး။