← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang'e 🌕

ယန်ရှီနှင့် အခြားသူများသည် ကြောက်လန့်တကြား တုန်လှုပ်သွားကြပြီး ပတ်ဝန်းကျင်လေထုသည် ရုတ်ခြည်း အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤဝမ်ရင်၏ သိုင်းပညာစွမ်းရည်သည် နိမ့်ကျမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အားကောင်းသည်။

လန်ထင်က ပြောလိုက်သည်။

"တုပိုင်။ ငါတို့က တစ်ဖက်သတ်စကားကို နားမထောင်ဘူး။ ငါမင်းကို မေးမယ်။ ဒီကိစ္စ အမှန်ပဲလား။"

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်။ အမှန်ပါပဲ။"

အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ဝမ်ရင်သည် အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။

"တကယ့်ကို ရိုင်းစိုင်းပြီး မောက်မာတဲ့အပြုအမူပဲ။ မင်းက ဂိုဏ်းအတွက်အကျိုးပြခဲ့ရုံနဲ့ ဒီလောက်တောင် မောက်မာနေပြီလား။ ငါသာ မင်းကို ရာထူးတိုးပေးလိုက်ရင် မင်းက ဒီထက်တောင် ပိုမောက်မာဦးမှာမလား။ ဝမ်ဟွေ့။ ခင်ဗျား တကယ်ကို ကောင်းကောင်း သင်ပေးထားတာပဲ။"

လီဝမ်ဟွေ့သည် နောက်သို့ တစ်လှမ်းဆုတ်ကာ ဝမ်ရင်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ပြီး သူ၏ နောင်တကို ပြသလိုက်သည်။

လန်ထင်က လေသံအေးအေးဖြင့် ပြောလိုက်သည်။ "တုပိုင်။ မင်းဒီလိုလုပ်ရတာ အကြောင်းရင်းတော့ ရှိမှာပါ။"

တုပိုင် ပြောလိုက်သည်။ "ယန်ရှီနဲ့ တခြားလူတွေက အရင်တုန်းက ကျွန်တော့်ကို အနိုင်ကျင့်ခဲ့ဖူးတယ်။ အကြွေးဟောင်းကို ပြန်မဆပ်ရင် သိက္ခာကျစရာ ဖြစ်မှာပေါ့။"

"ဒီလောက် သဘောထားသေးသိမ်တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် တာဝန်ကြီးတွေ ပေးအပ်လို့ရမှာလဲ။"

ကွပ်ကဲရေးမှူး ဝမ်ရင်က အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ဒီလိုလူမျိုးက ငါ့မိန်းမစိုးဂိုဏ်းရဲ့ ပင်မ တိုင်မတစ်တိုင် ဖြစ်လာဖို့ မထိုက်တန်ဘူး။"

လန်ထင်က မေးလိုက်သည်။

"တုပိုင်။ မင်းက ကျောင်းအုပ်ကြီးဆီ တိုင်တန်းပြီး ယန်ရှီရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ချင်တယ် ဆိုတာ အမှန်ပဲလား။"

"အမှန်ပဲ။" တုပိုင် ပြောလိုက်သည်။

လန်ထင် တကယ်ကို ဝမ်းသာသွားသည်။ ဤအသုံးမကျသော တုပိုင်သည် အလွန်ပင် ပူးပေါင်းဆောင်ရွက်တတ်ပေသည်။ ဤကဲ့သို့ ပေါ့ပျက်ပျက် ကလေးတစ်ယောက်သည် ဉာဏ်ကြီးရှင် ဖြစ်နေလျှင်တောင် အသုံးမဝင်သလို အလဟဿသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လန်ထင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"တုပိုင်။ မင်းကို ကလေးတစ်ယောက်မို့လို့ ဒီလိုပြောတယ်ပဲ သဘောထားလိုက်မယ်။ ကွပ်ကဲရေးမှူးဝမ် ရှေ့မှာ ယန်ရှီတို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူလိုက်ပါ။ အငြိုးအတေးတွေကို ဖျောက်ဖျက်လိုက်။ ဒီနေ့ကစပြီး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးပြီး ငါတို့ မိန်းမစိုးဂိုဏ်းအတွက် အလုပ်လုပ်ကြပါ။"

"စိတ်မကောင်းပါဘူး။ မလုပ်နိုင်ဘူး။" တုပိုင် ပြောလိုက်သည်။ "သူကကျတော့ ကျွန်တော့်ကို အနိုင်ကျင့်ခွင့်ရှိပြီး ကျွန်တော်ကကျတော့ လက်တုံ့ပြန်ခွင့် မရှိဘူးလား။ အဲဒါ အဓိပ္ပာယ်မရှိဘူး။"

ထိုစကားကို ကြားသောအခါ လန်ထင် အလွန်ဝမ်းသာသွားပြီး ထန်ယန်၏ မျက်နှာပေါ်တွင်လည်း အထင်သေးသလိုလို ကျေနပ်သလိုလို အပြုံးတစ်ခု ပေါ်လာသည်။

ကွပ်ကဲရေးမှူး ဝမ်ရင် တစ်ယောက်သာ အလွန်အမင်း ဒေါသထွက်နေပြီး အော်ဟစ်လိုက်သည်။

"ရိုင်းစိုင်းလိုက်တဲ့ကောင်။ လာကြစမ်း။ တုပိုင်ကို အပြင်ဆွဲထုတ်ပြီး သေအောင်ရိုက်သတ်ကြ။"

ဒေါသစိတ်ကြောင့် ဝမ်ရင်သည် တုပိုင်ကို အမှန်တကယ်ပင် ရိုက်သတ်ရန် ကြိုးစားလေတော့သည်။

မိန်းမစိုးဂိုဏ်းအတွင်း၌ ရှင်းလင်းပြတ်သားသော အဆင့်အတန်း ခွဲခြားမှု ရှိသည်။ သူကဲ့သို့ ကွပ်ကဲရေးမှူးတစ်ယောက်အနေဖြင့် သာမန်မိန်းမစိုးလေးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သကဲ့သို့ လွယ်ကူလှသည်။

ချက်ချင်းပင် မိန်းမစိုးစစ်သည်အချို့ ဝင်ရောက်လာပြီး တုပိုင်ကို အပြင်သို့ ဆွဲထုတ်ကာ ရိုက်သတ်ရန် ပြင်ကြသည်။

လီဝမ်ဟွေ့၏ မျက်နှာထားမှာမူ လုံးဝ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အရှင် ကွပ်ကဲရေးမှူး။ အချိန်ကနောက်ကျနေပါပြီ။ အရှင်က အသက်ကြီးပြီဆိုတော့ ပြန်နားလိုက်ပါတော့။"

ထိုစကားကို ကြားသောအခါ တစ်ခန်းလုံး တိတ်ဆိတ်သွားကြသည်။ စာကြည့်ခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ အသက်ပြင်းပြင်း မရှူရဲကြပေ။

လန်ထင် ထိတ်လန့်သွားသည်။ ထန်ယန် ထိတ်လန့်သွားသည်။ ယန်ရှီလည်း ထိတ်လန့်သွားသည်။ မိန်းမစိုး ခြောက်ဦးဆိုလျှင် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုနီးပါး ဖြစ်သွားကြသည်။

အထိတ်လန့်ဆုံးလူမှာ ဝမ်ရင်ပင် ဖြစ်သည်။ သူသည် လီဝမ်ဟွေ့ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ လီဝမ်ဟွေ့ ဤစကားမျိုး ပြောထွက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဤစကား၏ အဓိပ္ပာယ်မှာ လမ်းခွဲတော့မည် ဟူသည့် သဘောပင်။ လီဝမ်ဟွေ့သည် ဝမ်ရင်အပေါ် အမြဲတမ်း အလွန် ရိုလေးစားခဲ့သော်လည်း ယခုကဲ့သို့ ရုတ်တရက် သဘောထားပြောင်းလဲသွားမှုက ဝမ်ရင်ကို ဒေါသထွက်စေခဲ့ပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားစေသည်။

သို့သော် လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလုနီးပါး ဖြစ်သွားသော်လည်း အလျင်အမြန်ပင် ပြန်ထိန်းလိုက်ရသည်။

လီဝမ်ဟွေ့က သူ့ကို ကျောခိုင်းရဲသော်လည်း ဝမ်ရင်ကမူ မလုပ်ရဲပေ။ ယခင်က သူ မောက်မာဝင့်ကြွားစွာ နေနိုင်ခဲ့ခြင်းမှာ လီဝမ်ဟွေ့က သူ့ကို လေးစားပြီး စည်းမကျော်ခဲ့သောကြောင့်သာ ဖြစ်သည်။

ထို့အပြင် ကွမ်ရှီးပြည်နယ် အရှေ့ဘက်ကွပ်ကဲရေးမှူး ရာထူးသည် လီဝမ်ဟွေ့အတွက် သီးသန့်ဖယ်ထားသော ရာထူးဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူက လုပ်သက်အတွေ့အကြုံ အနည်းငယ် ထပ်ယူရန်သာ လိုအပ်သည်။

ထို့အပြင် လီဝမ်ဟွေ့သည် ယခု အကယ်ဒမီသုံးခု ပူးပေါင်းပြိုင်ပွဲကြီးတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မိန်းမစိုးဂိုဏ်းအတွက် ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်များကို ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် သူ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းရယူနိုင်မည့် အခွင့်အလမ်းမှာ ပိုမိုများပြားလာပြီ ဖြစ်သည်။

အပေါ်ယံတွင် ဝမ်ရင်သည် ကွမ်ရှီးရှိ မိန်းမစိုးဂိုဏ်း၏ အကြီးဆုံးခေါင်းဆောင် ဖြစ်သော်လည်း လက်တွေ့တွင်မူ လီဝမ်ဟွေ့သာ ဖြစ်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များနှင့် ခေါင်းဆောင်များပင်လျှင် လီဝမ်ဟွေ့၏ ဦးဆောင်မှုကိုသာ နာခံကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရဲရင့်ပြီး ရက်စက်ပြတ်သားသူ ဖြစ်သောကြောင့်ပင်။

အကယ်၍ အခြေအနေများ ဆိုးရွားသွားပါက မျက်နှာပျက်ရမည့်သူမှာ လီဝမ်ဟွေ့ မဟုတ်ဘဲ ဝမ်ရင်သာ ဖြစ်ပေလိမ့်မည်။

ကြောက်စရာအကောင်းဆုံးမှာ ယခုအချိန်တွင် ဝမ်ရင်ကို ကြည့်နေသော လီဝမ်ဟွေ့၏ အကြည့်များမှာ သိမ်းငှက် သို့မဟုတ် မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ သေစေနိုင်သော အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

လီဝမ်ဟွေ့အကြောင်း သိသူတိုင်း နားလည်ထားသည်မှာ ပြဿနာက အထွတ်အထိပ်သို့ ရောက်သွားပါက လီဝမ်ဟွေ့သည် ပြိုင်ဘက်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံးဝ ဖျက်ဆီးပစ်တတ်ပြီး သေချာပေါက် သတ်ဖြတ်ပစ်တတ်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တင့်တယ်လှသော ကွပ်ကဲရေးမှူးနှင့် ကွမ်ရှီးပြည်နယ်၏ ထိပ်တန်း မိန်းမစိုးအရာရှိကြီး ဝမ်ရင်သည် ကြောက်ရွံ့သွားလေသည်။

ဝမ်ရင်သည် အကျင့်ပျက်ခြစားသူ ဖြစ်သည်။ နှစ်များတစ်လျှောက် ငွေတုံးပေါင်း သိန်းချီ အလွဲသုံးစား လုပ်ထားသည်။ လီဝမ်ဟွေ့ကမူ မည်သူ့ထက်မဆို သန့်ရှင်းပြီး မိန်းမစိုးဂိုဏ်း၏ အကြီးမားဆုံး အုပ်စုတစ်ခုက သူ့ကျောထောက်နောက်ခံ ဖြစ်သည်။

အကယ်၍ ဝမ်ရင်သာ ဤလက်ဖက်ရည်ခွက်ဖြင့် တုပိုင်ကို ပစ်ပေါက်လိုက်လျှင် လီဝမ်ဟွေ့သည် သူ့ကို သတ်ရန် နည်းလမ်းရှာပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရင်သည် တုန်ရီနေသော လက်များဖြင့် လက်ဖက်ရည်ခွက်ကို ပြန်ကိုင်ကာ လက်ဖက်ရည်သောက်ချင်ယောင် ဆောင်လိုက်ရသည်။ သူ၏အဖြစ်မာချွဲသလိပ်ကို ထွေးထုတ်မရဘဲ ပြန်မျိုချလိုက်ရသလိုပင်။

ထိုအချိန်တွင် တုပိုင် စိတ်ထဲမှ မဲ့ပြုံးပြုံးလိုက်သည်။

'မင်းမှာ အကြွင်းမဲ့ အင်အားမရှိရင် မရှိတာကို ရှိသလို လိုက်မဟန်ဆောင်နဲ့။'

လီဝမ်ဟွေ့က တုပိုင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"တုပိုင်။ မင်း ယန်ရှီတို့နဲ့ မသင့်မြတ်ချင်ဘူးလား။"

"ဟုတ်ကဲ့။ ကျောင်းအုပ်ကြီး။" တုပိုင် ပြန်ဖြေလိုက်သည်။

လီဝမ်ဟွေ့ ပြောလိုက်သည်။

"ဒါဆို မင်း ဘာလိုချင်တာလဲ။ အဓိပ္ပာယ်မရှိတာတွေကို ငါခွင့်မပြုနိုင်ဘူး။ မင်းက သူ့ကို ခြေထောက်ဆေးခိုင်းချင်တာလား။ သူတို့ကိုယ်သူတို့ ပါးပြန်ရိုက်ခိုင်းချင်တာလား။ ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ။ အဲဒီအစား ငါမင်းကိုပဲ ပါးရိုက်လိုက်မယ်။"

အပိုင်း (၇၁) ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင် ပြောလိုက်သည်။

“ဒီလိုလုပ်ရင်ကော။ ယန်ရှီနဲ့ ကျွန်တော် လူကြီးလူကောင်း ပုံစံမျိုး ယှဉ်ပြိုင်ကြမယ်။ အကယ်၍ ဘွဲ့ယူစာမေးပွဲကျရင် ကျွန်တော်က သူ့ထက် အမှတ်ပိုများခဲ့မယ်ဆိုရင် ယန်ရှီနဲ့ ကျွန်တော့်ကို အနိုင်ကျင့်ခဲ့တဲ့ မိန်းမစိုး ခြောက်ယောက်စလုံး သူတို့အမှတ် ဘယ်လောက်ပဲ ကောင်းကောင်း အောက်ဆုံးအဆင့်ကို ဆင်းပြီး မစင်နဲ့ ဆီး အညစ်အကြေးတွေကို ဆေးကြောရမယ်။”

“တကယ်လို့ ကျွန်တော့်အမှတ်က ယန်ရှီထက် နည်းနေရင်တော့ ကျွန်တော့်အမှတ် ဘယ်လောက်ပဲ များများ ကျွန်တော်က အောက်ဆုံးအဆင့်ဆင်းပြီး အညစ်အကြေး ဆေးကြောပါ့မယ်။”

လီဝမ်ဟွေ့က လန်ထင်ကို ကြည့်ပြီး မေးလိုက်သည်။

“ဘယ်လိုလဲ။”

မျက်နှာဖြူဖျော့နေသော လန်ထင်သည် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကွပ်ကဲရေးမှူးနဲ့ ကျောင်းအုပ်ကြီး သဘောအတိုင်းပါပဲခင်ဗျာ။”

လီဝမ်ဟွေ့က ဝမ်ရင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ကွပ်ကဲရေးမှူးမင်း။ ဘယ်လိုသဘောရပါသလဲ။”

ဝမ်ရင်၏ မျက်နှာမှာ ဒေါသကြောင့် ပေါက်ကွဲလုမတတ် အနည်းငယ် တုန်ယင်နေသော်လည်း အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။

“ဒီလို လူကြီးလူကောင်းဆန်တဲ့ ပြိုင်ပွဲမျိုးက ကောင်းပါတယ်။”

လီဝမ်ဟွေ့ ပြောလိုက်သည်။

“ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ စာချုပ်ချုပ်ပြီး လက်မှတ်ထိုးကြ။”

ထို့နောက် စာရေးအရာရှိ မိန်းမစိုးတစ်ဦးက စာချုပ်ကို အလျင်အမြန် ရေးသားလိုက်သည်။

အကယ်၍ ဘွဲ့ယူစာမေးပွဲတွင် တုပိုင်၏ ရမှတ်သည် ယန်ရှီထက် ကျော်လွန်ပါက ယန်ရှီနှင့် အခြား ခြောက်ဦးသည် အနိမ့်ဆုံးအဆင့် မိန်းမစိုးများအဖြစ် လျှောချခံရပြီး အညစ်အကြေး ဆေးကြောရမည် ဖြစ်သည်။ တုပိုင်၏ ရမှတ် နည်းနေပါကလည်း တုပိုင်သည် အနိမ့်ဆုံးအဆင့်သို့ လျှောချခံရပြီး အညစ်အကြေး ဆေးကြောရမည့် မိန်းမစိုး ဖြစ်လာပေမည်။

တုပိုင်နှင့် အခြားရှစ်ဦးသည် သူတို့၏ အမည်များကို လက်မှတ်ရေးထိုးပြီး လက်ဗွေနှိပ်လိုက်ကြသည်။

လီဝမ်ဟွေ့ ပြောလိုက်သည်။

“ကဲ။ ဒါဆိုရင် ဒီပြဿနာပြီးသွားပြီ။ ဘွဲ့ယူစာမေးပွဲပြီးလို့ ၅ လ ကြာရင် ရလဒ်ကို တွေ့ရမှာပေါ့။”

လက်ရှိ အချိန်တွင် ဝမ်ရင် ဆက်နေရန် မျက်နှာမရှိတော့ပေ။ သူသည် အေးစက်သော မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ပြန်ကြစို့။”

လီဝမ်ဟွေ့နှင့် လန်ထင်တို့သည် ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။

“ကွပ်ကဲရေးမှူးမင်း ပြန်မယ့်လမ်းခရီးကို လေးစားစွာ လိုက်ပါပို့ဆောင်ပေးပါ့မယ်။”

လီဝမ်ဟွေ့သည် ဝမ်ရင်ကို မိန်းမစိုးအကယ်ဒမီ အပြင်ဘက်သို့ လိုက်ပို့စဉ်တွင် ဦးညွှတ်ကာ အမြင့်မားဆုံးသော လေးစားမှုနှင့် ယဉ်ကျေးမှုကို ပြသခဲ့သည်။

**--**--**--**--**--**--**--**

ဝမ်ရင်ကို ပြန်လွှတ်ပြီးနောက် လီဝမ်ဟွေ့သည် စာကြည့်ခန်းသို့ ပြန်လာပြီး ပြောလိုက်သည်။

“ကျန်တဲ့လူတွေ အားလုံး ထွက်သွားကြ။ တုပိုင်။ မင်း ဒီမှာ နေခဲ့။”

ထန်ယန်။ ယန်ရှီနှင့် အခြားသူများ ထွက်ခွာသွားကြပြီး လန်ထင်လည်း ထွက်သွားရာ စာကြည့်ခန်းထဲတွင် လီဝမ်ဟွေ့နှင့် တုပိုင်သာ ကျန်ရစ်ခဲ့သည်။

“မင်းက တကယ်ကို အရှုံးမခံချင်တဲ့ကောင်ပဲ။” လီဝမ်ဟွေ့ ရယ်မောလိုက်သည်။

တုပိုင် ပြောလိုက်သည်။

“ဝေဝါးနေမယ့်အစား တရှိန်ထိုး အရှိန်မြှင့်လိုက်ပြီး လန်ထင်ရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်တာက ကျောင်းအုပ်ကြီးအတွက် သက်သာရာ ရစေမှာပါ။”

“ငါ့ဒေါသကို ဖြေဖျောက်ဖို့ မင်းကို လိုလို့လား။” လီဝမ်ဟွေ့ ရယ်မောလိုက်သည်။ “ဒါပေမဲ့ ဒီလူက လှည့်ကွက်တွေသုံးပြီး လူတွေကို ဓားနဲ့ထိုးတတ်တဲ့ လူစားမျိုး။ မင်းက သူ့တပည့်တစ်ယောက်ကို သတ်ခဲ့ပြီးပြီ။ အခုလည်း သူ အလေးထားဆုံး မွေးစားသားကို ဒုက္ခပေးတော့မယ်ဆိုတော့ သူကို ထိတ်လန့်သွားစေဖို့ လုံလောက်ပါပြီ။”

တုပိုင် ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး။ လန်ထင်က အောက်တန်းကျတဲ့ နည်းလမ်းတွေအများကြီးသုံးပြီး ခင်ဗျားကို အကြိမ်ကြိမ် စိတ်အနှောင့်အယှက် ပေးနေတာ။ ဘာလို့ သူ့ကို သတ်မပစ်လိုက်တာလဲ။”

လီဝမ်ဟွေ့က တုပိုင်၏ ခေါင်းကို ဖွဖွလေး ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

“ကလေး။ မင်းက ငယ်ငယ်လေးနဲ့ ဘယ်ကနေများ ဒီလောက် သတ်ဖြတ်ချင်စိတ်တွေ ရနေတာလဲ။”

တုပိုင် ရယ်မောလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ သူ တကယ်ပြောချင်သည်မှာ ကျောင်းအုပ်ကြီးကမှ ကျွန်တော်ထက်ပိုပြီး သွေးဆာနေတာ မဟုတ်ဘူးလား ဟူ၍ ဖြစ်သည်။

ကွမ်ရှီးသို့ ရောက်ပြီးနောက် လီဝမ်ဟွေ့လက်ချက်ဖြင့် အနည်းဆုံး လူပေါင်း ၈၀၀ မှ ၁၀၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

“မှတ်ထားပါ။ ရှောင်လွှဲလို့ရရင် လူသတ်တာကို ရှောင်ပါ။ ဒါပေမဲ့ သတ်ရမယ်ဆိုရင်တော့ အချိန်နည်းနည်းလေးတောင် မဆွဲနဲ့။” လီဝမ်ဟွေ့က ဆုံးမလိုက်သည်။

“ကဲ။ ပြန်နားတော့။ အဆောင်ကို ပြန်မသွားနဲ့ဦး။ နည်းနည်းလောက် ပြင်ဆင်ထား။ သဘက်ခါကျရင် စာပေရော သိုင်းပညာပါ ကိုယ်တိုင် သင်ကြားပေးမယ့် ဆရာသခင်ကြီးတစ်ပါးနဲ့ တွေ့ဖို့ ငါ မင်းကို ခေါ်သွားမယ်။”

“သူက မင်းကို အရှိန်အဟုန်နဲ့ တိုးတက်လာအောင် ကူညီပေးနိုင်မှာ သေချာတယ်။ ပြီးတော့ ဒီဆရာသခင်ကြီးက အရမ်း မောက်မာပေမဲ့ မင်းရဲ့ ပါရမီက သူ့ကို သဘောကျစေလိမ့်မယ်လို့ ငါယုံကြည်တယ်။”

“ဟုတ်ကဲ့။”

တုပိုင် ဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲတွင် ထိုဆရာသခင်ကြီးနှင့် တွေ့ဆုံရန် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

လီဝမ်ဟွေ့ ထပ်ပြောလိုက်သည်။

“ကံကောင်းရင် မင်းအဲဒီမှာ အခွင့်အရေးကောင်းတွေ ရနိုင်တယ်။ ဆရာသခင်ကြီးတစ်ပါးရဲ့ တပည့်တွေဆိုတာ သာမန်လူတွေ မဟုတ်ကြဘူး။”

**--**--**--**--**--**--**--**

တုပိုင်သည် အဆောင်သို့ ပြန်မသွားဘဲ သူ အနားယူနေကျ အခန်းသို့ ပြန်လာခဲ့သည်။ သူသည် ညဘက်တွင် အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့တွင် လန်းဆန်းစွာ နိုးထလာပြီး စာအုပ်များကို ထုတ်ကာ ပြန်လည်လေ့လာရင်း ဆရာသခင်ကြီးထံမှ ပညာသင်ယူမည့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်နေလိုက်သည်။

မနက်စာစားပြီး နာရီဝက်ကျော်ကြာ စာဖတ်ပြီးနောက် သူ့နို့ထိန်းအဖေ တုကျုံး သူ့ရှေ့သို့ ရောက်လာသည်။

“သခင်လေးကို ဂါရဝပြုပါတယ်။” တုကျုံးသည် လေးနက်သော အမူအရာဖြင့် ဒူးထောက်လိုက်သည်။

တုပိုင် သူ့ကို အလျင်အမြန် ဆွဲထူလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“အဖေ။ အိမ်မှာ ဘာဖြစ်လို့လဲ။ နို့ထိန်းအမေကော နေကောင်းရဲ့လား။”

သူမအတွက် တုပိုင်စိုးရိမ်မိသည်။ ပြီးခဲ့တဲ့တစ်ခေါက် သူမ အဆိပ်ရှိသည့် သတ္တဝါ ကိုက်ခံခဲ့ရဖူးသည် မဟုတ်ပါလော။

“အို။ လီနီယန် နေကောင်းပါတယ်။” တုကျုံးက ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။ “အခုကျွန်တော်လာတာက မြို့တော်က တုမိသားစု ရောက်လာလို့ပါ။ သခင်လေး မသေသေးဘူးဆိုတာ သိသွားပြီး လူချင်းတွေ့ချင်နေကြတယ်။”

တုပိုင်၏ မျက်ခုံး အနည်းငယ် လှုပ်ရှားသွားသည်။

မြို့တော်မှ တုမိသားစုလော။ သူ့ကို စွန့်ပစ်ကာ ပင်လယ်ရပ်ခြားရှိ လူသူကင်းမဲ့သော ကျွန်းပေါ်တွင် အစအနမကျန် ပျောက်ကွယ်သွားအောင် ပြုလုပ်ရန် ကြံစည်ခဲ့သည့် တုမိသားစုသည် အဘယ်ကိစ္စကြောင့် ဤနေရာသို့ ရောက်ရှိလာသနည်း။ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်လော။

ချက်ချင်းပင် သူ့သတို့သမီးလောင်း ဖန်းချင်းယီ၏ ပုံရိပ်သည် တုပိုင်၏ စိတ်ထဲတွင် ပေါ်လာသည်။ သူမသည် နှစ်ထောင်ချီ သက်တမ်းရှိသော အင်အားကြီး ဖန်းမိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး မြို့တော်၏ အလှဆုံးမိန်းမပျိုလေးဦးထဲမှ တစ်ဦး ဖြစ်သည်။

မင်းသမီးနင်းရွှဲ့ ရှိနေခြင်းက အခြားအမျိုးသမီးအားလုံးကို အရောင်မှိန်သွားစေသော်လည်း ဖန်းချင်းယီကတော့ တောက်ပနေဆဲပင်။

တုပိုင် ပြောလိုက်သည်။

“အဖေ အရင်ပြန်နှင့်။ ကျွန်တော် အခုပဲ လိုက်လာခဲ့မယ်။”

**--**--**--**--**--**--**--**

ထို့နောက် တုပိုင်သည် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့ထံ တန်းတန်းမတ်မတ် သွားပြီး ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။

“သွားလေ။” လီဝမ်ဟွေ့ ပြောလိုက်သည်။ “လီစန်း။ လီစစ်။ မင်းတို့နှစ်ယောက် သူနဲ့အတူ လိုက်သွားပေးလိုက်။”

“ဟုတ်ကဲ့။”

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်နှစ်ဦးက ပြန်ဖြေလိုက်သည်။

ဤ လီစန်းနှင့် လီစစ်တို့သည် များသောအားဖြင့် လီဝမ်ဟွေ့နားတွင် ကော်နဲ့ကပ်ထားသလို နေတတ်ကြသော်လည်း ကိုယ်ပျောက်လူသားများကဲ့သို့ တိတ်ဆိတ်နေတတ်ကြသည်။ သူတို့သည် လီဝမ်ဟွေ့၏ သစ္စာအရှိဆုံး ကိုယ်ရံတော်များ ဖြစ်ပေလိမ့်မည်။

**--**--**--**--**--**--**--**

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်နှစ်ဦးဖြစ်သော လီစန်းနှင့် လီစစ်တို့သည် တုပိုင်ကို မြင်းဖြင့် ခြံရံကာ ကွေ့လင်စီရင်စုရှိ သူ့အိမ်သို့ လိုက်ပါပို့ဆောင်ပေးကြသည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ခြံဝင်းထဲတွင် ဒူးထောက်နေသော နို့ထိန်းအဖေ တုကျုံးကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် ကြိမ်ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး မျက်နှာပေါ်တွင်လည်း သွေးများ စွန်းထင်းနေသည်။

တုပိုင်၏ မျက်နှာထား တင်းမာသွားပြီး အိမ်ထဲသို့ အလျင်အမြန် ဝင်သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် နို့ထိန်းအမေသည်လည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရပြီး မျက်နှာပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်နေသည်။

ရုတ်တရက် တုပိုင် ပေါက်ကွဲသွားပြီး သွေးများ ဆူပွက်လာတော့သည်။

“တုပိုင်။ တိရစ္ဆာန်ကောင်။”

ဧည့်ခန်းတွင် ခပ်မတ်မတ် ထိုင်နေသော တုမိသားစုမှ လူက စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်ချကာ စူးရှစွာ အော်ဟစ်လိုက်သည်။

“အခုချက်ချင်း ဒီကိုလာပြီး ဒူးထောက်စမ်း။”

အပိုင်း (၇၂) ပြီး။

All Chapters