အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သူ သင်းကွပ်ခံလိုက်ရသည်။ သူ့အသက် ၃၀ ပင် မပြည့်သေးပေ။ သူ၏ လှပသော ဇနီးသည် သူ၏ စည်းစိမ်အပြည့်နှင့် ဘဝ။ အရာအားလုံးကို ဆုံးရှုံးလိုက်ရ၏။
“အားးးး။” တုယီမင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ “တုပိုင်။ တိရစ္ဆာန်ကောင်။ မင်း အသေဆိုးနဲ့ သေရလိမ့်မယ်။ မင်း အသေဆိုးနဲ့ သေရမယ်။”
တုပိုင်သည် ဓားဖြင့် တုယီမင်၏ ပါးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ “မင်း မြို့တော်ကို ပြန်ရောက်ရင် ငါ့ကို လက်စားချေဖို့ နည်းလမ်းပေါင်းစုံ သုံးမလို့ တွေးနေတာမလား။”
တုယီမင် အမှန်တကယ် ထိုသို့ တွေးနေခဲ့သည်။ တုပိုင်ကို နည်းလမ်းပေါင်းစုံသုံးကာ လက်စားချေပြီး တစ်စစီ ခုတ်ထစ်သတ်ဖြတ်ပစ်ချင်နေမိသည်။
တုပိုင်က ပြောလိုက်သည်။ “သူခေါ်လာတဲ့ စစ်သည်တွေထဲက နှစ်ယောက်ကို ချန်ထားပြီး ကျန်တဲ့လူတွေကို သတ်ပစ်လိုက်။ ခေါင်းတွေကို ဖြတ်ပြီး ထုံးနဲ့ သိပ်ထားလိုက်။”
“ဟုတ်ကဲ့။” လီစန်းက ပြန်ဖြေလိုက်သည်။
“ရွှမ်းးး။ ရွှမ်းးး။ ရွှမ်းးး။”
မိန်းမစိုးစစ်သည်အချို့သည် ဓားများကို မြှောက်ကာ ခုတ်ပိုင်းလိုက်ကြသည်။ ချက်ချင်းပင် တုယီမင် ခေါ်လာသော တုမိသားစုမှ စစ်သည် ၇ ဦးစလုံး ခေါင်းဖြတ်ခံလိုက်ရလေသည်။
“အစ်ကိုမင်။ မြို့တော်ကို ပြန်ရောက်ရင် တုဟွေးကို စကားတစ်ခွန်းလောက် ပါးပေးပါလား။” တုပိုင်က ပြောလိုက်သည်။ “အိုးး။ မဟုတ်ဘူး။ နှစ်ခွန်း…။”
“ပထမတစ်ချက်က ငါ့ရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ဟာ အနာဂတ်မှာ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ စစ်သေနာပတိချုပ် ဖြစ်လာဖို့ အလားအလာ အရှိဆုံးပဲ။”
“တကယ်လို့ သူက ငါ့ကို လက်စားချေချင်တယ်။ ဒါမှမဟုတ် ငါ့နို့ထိန်းအမေ။ နို့ထိန်းအဖေနဲ့ အစ်မဖိန်အာတို့ကို ဒုက္ခပေးချင်တယ်ဆိုရင် ငါက ဆယ်ဆပြန်လုပ်မယ်။ သူက ငါ့ဘေးနားက လူတစ်ယောက်ကို သတ်ရင် ငါက သူ့လူ ၁၀ ယောက်ကို ပြန်သတ်မယ်။ ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။”
“ဒုတိယအချက်က အဖိုးကြီးတုဟွေးကို အသက်ရှည်ရှည် နေခိုင်းထားလိုက်ပါ။ ငါ မြို့တော်ကို ပြန်လာပြီး လက်စားချေမဲ့ရက်ကို စောင့်နေဖို့ ပြောလိုက်။ စိတ်မပူပါနဲ့။ မကြာခင် လာခဲ့မယ်။”
“နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူတို့တွေ မင်းလိုပဲ မြေကြီးပေါ်မှာ ဒူးထောက်ပြီး ငိုကြွေးနေစေရမယ်။ မြင့်မြတ်လှပါတယ်ဆိုတဲ့ တုမိသားစုကို ငါ့ခြေထောက်အောက်မှာ ပြားပြားမှောက်နေစေရမယ်။”
တုဟွေးဆိုသည်မှာ ဤခန္ဓာကိုယ်၏ ဖခင်အရင်းဖြစ်၏။
မူလက တုပိုင်သည် တုမိသားစုကို လက်စားချေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အများဆုံးရှိလှ နောင်တစ်ချိန် မြို့တော်သို့ ပြန်ရောက်သည့်အခါ သူတို့ကို အရှက်ရစေရုံလောက်သာ လုပ်မည်ဟု တွေးထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ တုသခင်မကြီးသည် ရက်စက်လွန်းလှသည်။ နို့ထိန်းအမေကို သတ်ချင်သည်။ တုပိုင်ကို ဖမ်းပြီး မြို့တော်သို့ ပြန်ခေါ်ကာ အရပ်ဘက်အရာရှိများ၏ ဒေါသပြေစေရန် သေလုမြောပါး ဖြစ်အောင် လုပ်ချင်နေသည်။
ကျားဆိုးပင်လျှင် ကိုယ့်သားသမီးကို မစားတတ်ပေ။ တုဟွေး၏ အပြုအမူသည် တိရစ္ဆာန်ထက်ပင် ဆိုးရွားနေသေးသည်။ ထို့ကြောင့် တုပိုင် ရက်စက်သည်ဟု အပြစ်မတင်သင့်ပေ။
“သွားတော့လေ။ ယီမင်။ ပြန်တဲ့လမ်းမှာ ဒီခေါင်းပြတ်တွေနဲ့ မင်းရဲ့ရွှေဂျိုးလေးကို တုဟွေးဆီ အစီရင်ခံဖို့ ယူသွားဦး။” တုပိုင် ရယ်မောလိုက်သည်။ “လမ်းခရီး ဖြောင့်ဖြူးပါစေ။”
အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များသည် ခေါင်းပြတ်များနှင့် တုယီမင်၏ လိင်အင်္ဂါကို ထုံးဖြင့် အလျင်အမြန် စီမံပြီး သေတ္တာထဲ ထည့်လိုက်ကြသည်။
အသက်ရှင်ကျန်ရစ်သော တုမိသားစုမှ စစ်သည်နှစ်ဦးသည် သေတ္တာများကို သယ်ဆောင်ပြီး သတိလစ်လုနီးပါး ဖြစ်နေသော တုယီမင်ကို တွဲကူကာ ထွက်ပြေးသွားကြသည်။
**--**--**--**--**--**--**--**
အခန်းထဲတွင် တုပိုင်သည် မြေကြီးပေါ် လှဲချလိုက်ပြီး ကြမ်းပြင်ကို မျက်နှာသုတ်ပုဝါဖြင့် တစ်လက်မချင်းစီ လိုက်လံ သန့်ရှင်းရေး လုပ်နေသည်။ သူ့နောက်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် တစ်ဒါဇင်ခန့်သည်လည်း လိုက်လံ သန့်ရှင်းရေး လုပ်နေကြသည်။
“သန့်ရှင်းအောင် ဆေးကြောကြ။ သွေးနံ့ နည်းနည်းလေးမှ မကျန်စေနဲ့။” တုပိုင် ပြောလိုက်သည်။ “ဘာပဲလုပ်လုပ် ငါ့နို့ထိန်းအမေ အနံ့မရစေနဲ့။”
အခုနလေးတင်ကမှ သူတို့သည် ကြီးကျယ်ခမ်းနားစွာ လူသတ်နေကြသော်လည်း ယခုအခါတွင်မူ သန့်ရှင်းရေးသမားများကဲ့သို့ ကြမ်းပြင်ကို တိုက်ချွတ်နေကြရသည်။
ရှက်စရာကောင်းလှသည်။ သူတို့သည် ရေဖြင့် ဆေးကြောပြီးနောက် ဆားဖြူးလိုက်သည်။ ပြီးနောက် ရေဖြင့် နှစ်ကြိမ်ထပ်မံ ဆေးကြောလိုက်သည်။ နောက်ဆုံးတွင် တုပိုင်သည် ကြမ်းပြင်ပေါ်သို့ နှာခေါင်းကပ်ကာ အသည်းအသန် အနံ့ခံကြည့်လိုက်သည်။
“သွေးနံ့ ရသေးလား။”
“ဒါပါပဲ သခင်လေး။” အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင် လီစန်း၏ နှာခေါင်းသည် မြေကြီးနှင့် ထိလုနီးပါး ဖြစ်နေပြီး လျှာဖြင့်ပင် လျက်တော့မတတ် ဖြစ်နေသည်။
“တကယ် မရှိတော့ဘူးလား။” တုပိုင် အပြင်းအထန် အနံ့ခံလိုက်သည်။
“တကယ် မကျန်တော့ပါဘူး။” လီစန်း ပြောလိုက်သည်။ “ကျွန်တော့်နှာခေါင်းက အရမ်း အသုံးဝင်ပါတယ်။ ခွေးနှာခေါင်းလိုပါပဲ။”
မိန်းမစိုးဂိုဏ်းမှ သိုင်းပညာရှင် ပီသလှပေသည်။ နှိုင်းယှဉ်ချက်များကို အသုံးပြုသည့်နေရာတွင် ဆရာတစ်ဆူဖြစ်၏။
“ကောင်းပြီ။ ငါ့နို့ထိန်းအမေကို ပြန်ခေါ်လာခဲ့။” တုပိုင် ပြောလိုက်သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် တုကျုံးနှင့် နို့ထိန်းအမေ ပြန်ရောက်လာကြသည်။
“တုယီမင်ကော။” နို့ထိန်းအမေက မေးလိုက်သည်။
တုပိုင် ပြောလိုက်သည်။ “ကျွန်တော် အစ်ကိုမင်နဲ့ စကားခဏလောက် ပြောပြီးတော့ သူပြန်သွားပြီ။ ကိစ္စမရှိပါဘူး။ သူ နို့ထိန်းအမေတို့ကို ဒုက္ခမပေးတော့ပါဘူး။”
နို့ထိန်းအမေသည် ပါးနပ်သူဖြစ်ရာ အခြေအနေအချို့ကို ရိပ်မိသော်လည်း ဘာမှ ထပ်မပြောပေ။ သူမသည် တုပိုင်ကို ကြင်နာစွာ ကြည့်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
“ငါ့သားလေး အရွယ်ရောက်လာပြီပဲ။”
တုပိုင် ပြောလိုက်သည်။ “နို့ထိန်းအမေ။ ကျွန်တော် ပြန်တော့မယ်။ လုပ်စရာ အိမ်စာတွေ အများကြီး ရှိသေးတယ်။”
“အေးပါကွယ်။” နို့ထိန်းအမေ ပြောလိုက်သည်။ “ပြန်ရောက်ရင် သခင်ကြီး လီဝမ်ဟွေ့ကို သေချာ ရိုသေလေးစားနော်။ စကားလည်းနားထောင်နော် သားလေး။”
“ဟုတ်ကဲ့ပါ အမေ။” တုပိုင် ပြန်ဖြေပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ ပြန်လိုက်သည်။ သူ အမိန့်မပေးလိုက်သော်လည်း လီစန်းနှင့် လီစစ်တို့သည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်နှစ်ဦးကို နို့ထိန်းအမေတို့အား တိတ်တဆိတ် စောင့်ရှောက်ရန် ချန်ထားခဲ့ကြသည်။
တုပိုင် ထွက်သွားပြီးနောက် နို့ထိန်းအမေသည် တုကျုံး၏ ပါးကို ရိုက်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“ရှင် ဘာလို့ မိန်းမစိုးအကယ်ဒမီကို သွားခဲ့တာလဲ။ ဘာလို့ ပိုင်အာကို ဒီခေါ်လိုက်ရတာလဲ။ ဒါ သူ့ကို အန္တရာယ်ဖြစ်စေမယ်ဆိုတာ ရှင် မသိဘူးလား။”
မျက်ရည်များ ဝဲလျက် တုကျုံး ပြောလိုက်သည်။ “ကျွန်တော်သာ သခင်လေးကို မခေါ်ရင် သခင်လေးယီမင်က ရှင်မကို ရိုက်သတ်လိမ့်မယ်လေ။”
နို့ထိန်းအမေသည် တုကျုံးကို ကြည့်ကာ တစ်လုံးချင်း လေးနက်စွာ ပြောလိုက်သည်။ “ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်ရင် ကျွန်မတို့ အိမ်ထောင်ရေး ပြတ်စဲပြီပဲ။”
တုကျုံး၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသော်လည်း ပြန်လည်ချေပရန် တစ်ခွန်းမျှ မဟရဲပေ။ သူသည် သတိထားပြီး သူမကို ချော့မော့လိုက်သည်။
“ရှင်မ…။ မင်းမျက်နှာ နာနေသေးလား။ ငါ ဆေးသွားဝယ်ပြီး လိမ်းပေးမယ်နော်…။”
**--**--**--**--**--**--**--**
တုပိုင် မိန်းမစိုးအကယ်ဒမီသို့ ပြန်ရောက်သောအခါ လီဝမ်ဟွေ့သည် စာတစ်စောင်ကို ငေးကြည့်နေပြီး သူ့မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
စိတ်သက်သာရာရသည်လော။ ဒေါသထွက်နေသည်လော မသဲကွဲပေ။
“ဘာဖြစ်လို့လဲ ကျောင်းအုပ်ကြီး။” တုပိုင် မေးလိုက်သည်။ “ခင်ဗျားရဲ့ ရာထူးတိုးကိစ္စ တစ်ခုခု အပြောင်းအလဲ ရှိလို့လား။”
အပိုင်း ၇၅ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“မဟုတ်ဘူး။” လီဝမ်ဟွေ့ ပြောလိုက်သည်။ “ငါတို့ မိန်းမစိုးဂိုဏ်းက လျန်ဟွိုင်းဒေသမှာရှိတဲ့ ဆားချက်လုပ်ကွက် အချို့ကို အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေဆီ လွှဲပေးလိုက်ရတယ်။ နှစ်စဉ် ငွေတုံးပေါင်း သိန်းချီ ဝင်ငွေရနိုင်တဲ့ နေရာတွေလေ။”
“ဘာလို့လဲ။” တုပိုင် မေးလိုက်သည်။
“မင်းသမီးနင်းရွှဲ့ရဲ့ လွတ်လပ်ခွင့်အတွက်ပေါ့။” လီဝမ်ဟွေ့ သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ တန်ပါတယ်။”
မင်းသမီးနင်းရွှဲ့။ ဤနာမည်ကို ကြားလိုက်ရုံဖြင့် တုပိုင်၏ မှတ်ဉာဏ်က အလင်းပွင့်သွားပြီး ခန္ဓာကိုယ်ပင်လျှင် ဆက်ကတည်း တုန်သွားရသည်။
ဤမင်းသမီးသည် ဧကရာဇ် အချစ်ဆုံးသော သမီးတော်။ သိုင်းပညာကျွမ်းကျင်သည့် မင်းသမီး။ သူရဲကောင်းဆန်သော နှလုံးသားဖြင့် အလှပဆုံးသော မင်းသမီး ဖြစ်သည်။
မြို့တော်ရှိ သူ့သတို့သမီးလောင်း ဖန်းချင်းယီပင်လျှင် မင်းသမီးနင်းရွှဲ့၏ အရိပ်အောက်တွင် မှေးမှိန်သွားရသည်။
သူမ၏ အလှအပတင်မကဘဲ ပိုအရေးကြီးသည်မှာ သူမ၏ တရားမျှတမှုနှင့် သူရဲကောင်းဆန်သော စိတ်ဓာတ်ပင် ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်က အရှေ့မွန်ဂိုလီးယားမှ မင်းသားတစ်ပါးသည် မဟာမိတ်ပြုရန် တာ့နင်အင်ပါယာသို့ လာရောက်လည်ပတ်ခဲ့သည်။
တာ့နင်မင်းဆက်က သူ့အကူအညီကို လိုအပ်နေသဖြင့် ထိုမွန်ဂိုမင်းသားသည် အလွန် မောက်မာဝင့်ကြွားခဲ့သည်။
ဧည့်သည်ဖြစ်သော်လည်း သူနှင့် သူ့စစ်သည်များသည် မြို့တော်အတွင်း မုဒိမ်းကျင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့သော လှပသည့် အမျိုးသမီး ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲခဲ့သည်။
အခြားသော အာဏာရှိသူများက မျက်ကွယ်ပြုထားကြပြီး အရှေ့မွန်ဂိုလီးယားမှ ဝါတန်ခန်းနှင့် မဟာမိတ် စာချုပ်ချုပ်ဆိုရန်သာ စိတ်အားထက်သန်နေကြသည်။
မင်းသမီးနင်းရွှဲ့သည် သူတို့ကို သွားရောက်တားဆီးပြီး မွန်ဂိုမင်းသားနှင့် သိုင်းပညာယှဉ်ပြိုင်ရန် လောင်းကြေးထပ်ခဲ့သည်။ အကယ်၍ သူမ နိုင်လျှင် မွန်ဂိုမင်းသားအနေဖြင့် အပြစ်မဲ့ အမျိုးသမီးများကို ပြန်လွှတ်ပေးရမည်။
ဤမွန်ဂိုမင်းသားသည် သိုင်းပညာ အလွန်တော်ပြီး မင်းသမီးနင်းရွှဲ့ကို လိုချင်တပ်မက်နေသဖြင့် ချက်ချင်း သဘောတူလိုက်သည်။
သို့သော် သိုင်းကွက်အနည်းငယ် အကြာမှာပင် ဝါတန်ခန်း၏ မင်းသားသည် ရှုံးနိမ့်သွားခဲ့သည်။ သူသည် ကတိမတည်သည့်အပြင် ဒေါသတကြီးဖြင့် ပြန်ပေးဆွဲထားသော အမျိုးသမီး ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်ပြီး ကျွမ်းကျင်ပညာရှင် တစ်ဒါဇင်ကျော်ကို အမိန့်ပေးကာ နင်းရွှဲ့ကို ဝိုင်းရံဖမ်းဆီးခိုင်းလေသည်။
မင်းသမီးနင်းရွှဲ့ ဒေါသအကြီးအကျယ် ထွက်သွားပြီး ရက်ရက်စက်စက် တုံ့ပြန်လိုက်ရာ မွန်ဂိုမင်းသားနှင့် သိုင်းပညာရှင် တစ်ဒါဇင်ကျော် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် တာ့နင်မင်းဆက်နှင့် အရှေ့မွန်ဂိုလီးယားတို့၏ မဟာမိတ်ပြုမှုသည် တရားဝင် ပျက်ပြားသွားပြီး မင်းသမီးနင်းရွှဲ့သည် ရာဇဝတ်သား ဖြစ်လာခဲ့သည်။
ဧကရာဇ်က သူမကို အချစ်ဆုံးဖြစ်သော်လည်း ကြီးမားသော ဖိအားများကြောင့် မိုင်ထောင်ချီဝေးသော အရပ်သို့ ပြည်နှင်ဒဏ်ပေးပြီး သုံးနှစ်ကြာ အကျဉ်းချထားခဲ့ရသည်။
ထိုအချိန်မှစ၍ မင်းသမီးနင်းရွှဲ့သည် ပြည်သူအားလုံး၏ စံပြသူရဲကောင်း ဖြစ်လာခဲ့သည်။ ယခု လီဝမ်ဟွေ့၏ လေသံကို ကြည့်ရသည်မှာ ဤမင်းသမီး လွတ်လပ်ခွင့် ပြန်ရတော့မည်လော။
“ပေးဆပ်ရတာတွေ အားလုံးက တန်ပါတယ်။ မင်းသမီးနင်းရွှဲ့က အင်ပါယာရဲ့ ဂုဏ်ယူစရာပါ။ သူမ လွတ်လပ်ခွင့် ပြန်ရတာက ပြာပုံထဲက ဖီးနစ်ငှက် ပြန်လည်နိုးထလာတာနဲ့ တူတယ်။” လီဝမ်ဟွေ့ လေးနက်စွာ ပြောလိုက်သည်။
ချက်ချင်းပင် တုပိုင်၏ နှလုံးသားထဲတွင် ဤမင်းသမီးအပေါ် လေးစားအားကျမှုများ ပြည့်နှက်သွားလေသည်။
ထို့နောက် လီဝမ်ဟွေ့က တုမိသားစု ကိစ္စကို မေးမြန်းလိုက်သည်။ “ဘယ်လိုနေလဲ။”
လီဝမ်ဟွေ့ မေးလိုက်သည်။ “တုမိသားစုက လူတွေနဲ့ စကားပြောရတာ အဆင်ပြေရဲ့လား။”
“မဆိုးပါဘူး။” တုပိုင် ပြောလိုက်သည်။ “ကျွန်တော်က သူ့ကို သဘောကောင်းကောင်းနဲ့ မိန်းမစိုးဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်ပြီး သင်းကွပ်ပေးလိုက်တယ်။ ဒါပေမဲ့ သူက ကျေးဇူးတင်ပုံမရဘူး။ အငြိုးအတေးတွေနဲ့ ပြန်သွားလေရဲ့။”
လီဝမ်ဟွေ့က သူ့ခေါင်းကို ဖွဖွလေး ထပ်ပုတ်လိုက်ပြီး ပြောလိုက်သည်။
“သဘောထားသေးသိမ်တဲ့ကလေးပဲ။ ဟားဟား။ ငါတော့ သဘောကျတယ်။”
ထို့နောက် လီဝမ်ဟွေ့က ဆက်ပြောသည်။ “တုဟွေးက ငွေမက်တဲ့လူ မဟုတ်ပေမဲ့ အာဏာကိုတော့ အရမ်းမက်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်က စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီး ဖြစ်ဖို့အတွက် ဂျာချင်လူမျိုးတွေနဲ့ ပူးပေါင်းလိုက်သေးတယ်။”
“ပြီးတော့ မြောက်ပိုင်းတပ်မတော်နဲ့ ပေါင်းပြီး နယ်စပ်မှာ စစ်ဖြစ်တော့မလိုလို အခြေအနေမျိုး ဖန်တီးခဲ့တယ်။ အဲဒီအချိန်မှာ ယူနန်နဲ့ ကွမ်ရှီးက မျိုးနွယ်စုခေါင်းဆောင်တွေ ပုန်ကန်ကြတော့ ကျန်းနန်နယ်စားမင်းက ပုန်ကန်မှုကို နှိမ်နင်းဖို့ အလုပ်ရှုပ်နေရတယ်။”
“နောက်ဆုံးမှာ တုဟွေး ရှေ့ထွက်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ စစ်ပွဲကို တားဆီးနိုင်ခဲ့ပြီး အကျိုးပြုနိုင်ခဲ့လို့ စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီး ဖြစ်လာခဲ့တာ။”
တုပိုင် ပြောလိုက်သည်။ “သူ ဒီလိုလုပ်တာကို အရှင်မင်းကြီးက ခွင့်လွှတ်ပါ့မလား။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “တုဟွေး တစ်ယောက်တည်း လုပ်တာမှ မဟုတ်တာ။ မြောက်ပိုင်းတပ်မတော်ရဲ့ စစ်သူကြီးတွေ ရှန်ရှီးက သူဌေးကြီးတွေ ဘယ်သူက မွန်ဂိုတွေနဲ့ မပူးပေါင်းဘဲ နေလို့လဲ။ ဘယ်သူက ဂျာချင်တွေနဲ့ မပူးပေါင်းဘဲ နေလို့လဲ။ အရှင်မင်းကြီးကို ခြိမ်းခြောက်အကျပ်ကိုင်တာက အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေရဲ့ အခြေခံ ကျွမ်းကျင်မှုပဲ။”
ကမ္ဘာမြေ၏ သမိုင်းတွင် မင်မင်းဆက် ဧကရာဇ်များသည် အရပ်ဘက်အရာရှိများ၏ ဖိနှိပ်မှုကို ခံခဲ့ရသော်လည်း လူသတ်နိုင်စွမ်း ရှိသေးပြီး အထွတ်အထိပ် အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင်မူ သိုင်းပညာ ထွန်းကားလာမှုကြောင့် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်ဗိုလ်ချုပ်ကြီးများ ပူးပေါင်းလိုက်သောအခါ အင်အားက အလွန် ကြီးမားလာသည်။
ဧကရာဇ်အနေဖြင့် လူသတ်ရန် ပိုခက်ခဲလာပြီး ဧကရာဇ်အာဏာသည် ပိုမို ဆိုးရွားစွာ တိုက်စားခံရကာ ထိန်းချုပ်ခံလာရသည်။ သို့မဟုတ်ပါက မိန်းမစိုးများအနေဖြင့် အုပ်စုဖွဲ့၍ ပေါ်ပေါ်ထင်ထင် လှုပ်ရှားစရာ အကြောင်း မရှိပေ။
လီဝမ်ဟွေ့ ပြောလိုက်သည်။ “တုဟွေးက ကောက်ကျစ်ပြီး ရက်စက်တဲ့လူ။ သတိမလွတ်စေနဲ့။”
“ဟုတ်ကဲ့။” လီဝမ်ဟွေ့ ပြောလိုက်သည်။
“ကဲ။ သွားပြင်ဆင်ချေ။ မနက်ဖြန် မနက်စောစော ဆရာသခင်ကြီးဆီ သွားကြမယ်။”
**--**--**--**--**--**--**--**
နောက်တစ်နေ့ မနက်စောစောတွင် လီဝမ်ဟွေ့နှင့် တုပိုင်တို့သည် မိန်းမစိုးအကယ်ဒမီမှ ထွက်ခွာလာပြီး ဒဏ္ဍာရီလာ ဆရာသခင်ကြီးကို ဂါရဝပြုရန် ဝူကျိုးစီရင်စုရှိ ကွေ့မင်းသားအိမ်တော်သို့ သွားရောက်ကြလေသည်။
ထိုဆရာသခင်ကြီးသည် ကွေ့မင်းသားအိမ်တော်တွင် နေထိုင်ရခြင်းမှာ ကွေ့မင်းသားသည်လည်း သူ့တပည့်ဟောင်း ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဤသည်ကိုလည်း တောထွက်ခြင်းဟု သတ်မှတ်နိုင်သည်။
ကွေ့မင်းသားသည် နယ်စားမင်းတစ်ပါး ဖြစ်သည်။
အဆင့်အတန်း အလွန်မြင့်မားသော်လည်း နိုင်ငံရေးတွင် ပါဝင်ခဲပြီး အထူးအခြေအနေ မရှိလျှင် သူ့နယ်မြေမှ ထွက်ခွာလေ့ မရှိပေ။
တုပိုင် မေးလိုက်သည်။ “ကျောင်းအုပ်ကြီး။ ဒီဆရာသခင်ကြီးက ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းကလား။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “သူက တစ်ချိန်တုန်းကတော့ မိန်းမစိုးပါပဲ။ ဒါပေမဲ့ သိုင်းပညာ အဆင့်အတန်း အလွန်မြင့်မားတဲ့အတွက် တာ့နင်မင်းဆက်ရဲ့ သိုင်းပညာ ဆရာသခင်ကြီး ဖြစ်လာခဲ့တယ်။”
“ဒါကြောင့် သူက မိန်းမစိုးဂိုဏ်းဝင်ဆိုတဲ့ အမှတ်အသားကို ဖယ်ရှားပြီး အခုဆိုရင်ကို တစ်ကမ္ဘာလုံးက လေးစားရတဲ့ ဆရာသခင်ကြီးတစ်ပါး ဖြစ်နေပြီ။”
“အရပ်ဘက်အရာရှိအုပ်စု၊ စစ်ဘက်အုပ်စုနဲ့ နန်းတွင်းသူကောင်းမျိုးနွယ်တွေ အားလုံးက သူ့ကို အရမ်း လေးစားကြတယ်။ သူက အရှင်မင်းကြီးရဲ့ ဆရာအဖြစ်လည်း ခဏတာ တာဝန်ထမ်းဆောင်ဖူးတယ်။ ဒါကြောင့် သူ့ကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာ မင်းသိသင့်တယ်။”
တုပိုင် မေးလိုက်သည်။ “အဖေကော သူနဲ့ ပတ်သက်ဖူးလား။”
“သူ ငါ့ကို ဓားသိုင်းတစ်ကွက် သင်ပေးဖူးတယ်။ သုံးရက်လောက် ကြာတာပေါ့။” လီဝမ်ဟွေ့ ပြောလိုက်သည်။ “ဒါပေမဲ့ သူက ငါ့ကို သူ့တပည့်အဖြစ် အသိအမှတ်မပြုပါဘူး။ ငါက သူ့တပည့်ဖြစ်ဖို့ မထိုက်တန်လို့ နေမှာပါ။”
တုပိုင် ပြောလိုက်သည်။ “ဒါဆို အဖေ သူ့ကို ကျွန်တော့်ဆရာလုပ်ပေးဖို့ ပြောနိုင်ပါ့မလား။”
“သူက သိုင်းပညာတင်မကဘူး။ ရှေးဟောင်းစာပေ၊ မြင်းစီးခြင်း၊ အဂ္ဂိရတ်နဲ့ သင်္ချာပညာတွေမှာလည်း ကျွမ်းကျင်တယ်။ အားလုံးကို နှံ့စပ်တဲ့ စစ်မှန်တဲ့ ဆရာသခင်ကြီးပဲ။” လီဝမ်ဟွေ့ ပြောလိုက်သည်။
“ပြီးတော့ မင်းပြောတာ မှန်တယ်။ သူက မင်းကို တပည့်အဖြစ် လက်ခံပါ့မလားဆိုတာ ငါမယုံကြည်ရုံတင် မကဘူး။ ငါ့မှာ သူ့ရှေ့သွားရပ်ဖို့ မျက်နှာတောင် မရှိဘူး။”
“ဒါပေမဲ့ ငါမင်းကိုတော့ အပြည့်အဝ ယုံကြည်တယ်။ မင်းရဲ့ ပါရမီနဲ့ဆိုရင် သူ့ရဲ့စိတ်ကို အနိုင်ယူပြီး မင်းကို တပည့်အဖြစ် လိုလိုလားလား လက်ခံလာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
တုပိုင် မေးလိုက်သည်။ “သူက အဲဒီလောက်တောင် တော်တာလား။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “သူက စစ်မှန်တဲ့ ဆရာသခင်ကြီးပဲ။ သိုင်းပညာပဲဖြစ်ဖြစ် အဂ္ဂိရတ်ပဲဖြစ်ဖြစ် သူ့ဆီမှာ တစ်လလောက် သင်ယူရတာက တခြားဆရာတွေဆီမှာ တစ်နှစ်လောက် သင်ယူရတာထက် ပိုထိရောက်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ သိုင်းပညာ ဒုတိယအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာက သူ ငါ့ကို သုံးရက်လောက် လမ်းညွှန်ပေးခဲ့လို့ပဲ။”
တုပိုင် အံ့သြတကြီး ရေရွတ်လိုက်သည်။ “အံ့သြစရာပဲ။”
လီဝမ်ဟွေ့ ပြောလိုက်သည်။
“သူက ဧကရာဇ်ရဲ့ ဆရာဖြစ်ခဲ့ဖူးရုံတင် မကဘူး။ မင်းသမီးနင်းရွှဲ့ရဲ့ အံ့မခန်း သိုင်းပညာတွေကလည်း ဒီဆရာသခင်ကြီးဆီကနေ သင်ယူခဲ့တာပဲ။”
အပိုင်း ၇၆ ပြီး။