အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ဘယ်လိုလဲ။ သတ္တိမရှိဘူးလား။ မယုံကြည်ဘူးလား။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါဆို လာလမ်းအတိုင်း ပြန်ကြတော့။ ငါ့ကို လာမနှောင့်ယှက်နဲ့တော့။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “သဘောတူပါတယ်။”
နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒီည ငါ မေးခွန်း ၁၀ ခု ထုတ်လိုက်မယ်။ မနက်ဖြန် မနက်စောစော သူလာဖြေရမယ်။ အမှတ် ၈၀ ကျော်ရင် ငါ့ဆီမှာ နေပြီး ပညာသင်လို့ရမယ်။ မဟုတ်ရင် ချက်ချင်း ထွက်သွား။”
“ဟုတ်ကဲ့ပါ။” လီဝမ်ဟွေ့ ပြန်ဖြေလိုက်သည်။
ကြာပန်းကျောင်းတော် တံခါးများ ပိတ်သွားပြီး လီဝမ်ဟွေ့သည် တောင်ခြေသို့ ပြန်ဆင်းလာခဲ့သည်။
**--**--**--**--**--**--**--**
ထိုနေ့ညတွင် ဆရာသခင်ကြီး နင်ဇောင်ဝူသည် မေးခွန်းထုတ်ရန် ခေါင်းစားနေလေသည်။
သူသည် နောက်ထပ် တပည့်အသစ်များကို လုံးဝ လက်မခံချင်တော့ပေ။ ထို့ကြောင့် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ မေးခွန်းများကို ယခင်ကထက် ၂ ဆ ၃ ဆ ပိုခက်အောင် ထုတ်လိုက်မိသည်။ အမှတ် ၈၀ ရဖို့ မပြောနှင့် အမှတ် ၃၀ ရဖို့ပင် ခက်ခဲလှသည်။
ဤမေးခွန်း ၁၀ ခုသည် ကဗျာ၊ ပထဝီဝင်၊ သိုင်းပညာ၊ အဂ္ဂိရတ်၊ နက္ခတ်ဗေဒင်နှင့် သင်္ချာ စသည့် ဘာသာရပ်များစွာဖြစ်ကြသည်။ အချို့မေးခွန်းများသည် ဘာသာရပ် ၂ ခု ၃ ခု ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဤမေးခွန်းများသည် လူကို ညှဉ်းပန်းနှိပ်စက်ခြင်း သက်သက်သာ ဖြစ်သည်။ လက်ရှိအခြေအနေသည် အသက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းသား တစ်ဦးအား ထိပ်တန်းတက္ကသိုလ်၏ ပါရဂူဘွဲ့ဝင်ခွင့် စာမေးပွဲကို ဖြေခိုင်းသည်နှင့် တူနေသည်။
ဆရာသခင်ကြီး နင်ဇောင်ဝူသည် မည်သူ့ကိုမျှ အောင်မြင်စေလိုသည့် ဆန္ဒမရှိပေ။ သူသည် လီဝမ်ဟွေ့ကို နောက်ဆုတ်သွားစေချင်ပြီး သူပြန်မတွေးချင်သော ချစ်သူဟောင်းကို သွားကယ်စေချင်ရုံသာ ဖြစ်သည်။
နေ့လယ်မှ ညနေထိ ၆ နာရီကြာ ခေါင်းစားပြီးနောက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် နောက်ဆုံးတွင် မေးခွန်း ၁၀ ခုကို ထုတ်ပြီးသွားလေသည်။ ထို့နောက် သူကိုယ်တိုင် ပြန်လည် စစ်ဆေးလိုက်သည်။
အမှတ် ၈၀ ရဖို့ မပြောနှင့်။ အမှတ် ၅၀ ရဖို့ထက် နေက အနောက်အရပ်မှ ထွက်လာသည်ကမှ ပို၍ဖြစ်နိုင်ချေရှိပေလိမ့်မည်။
နင်ဇောင်ဝူသည် သူထုတ်လိုက်သော မေးခွန်း ၁၀ ခုကို ကြည့်ရင်း ကျေနပ်အားရနေလေသည်။ ထို့နောက် သူ့တပည့် ၄ ယောက်ကို နှိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဆရာသခင်ကြီးသည် သူ့တပည့် ၃ ယောက်ကို ခေါ်လိုက်ပြီး ပြောသည်။ “စာမေးပွဲမေးခွန်းအသစ် ထွက်ပြီ။ တစ်နာရီအတွင်း ဖြေပြီး ပြန်အပ်ရမယ်။ မင်းတို့ ဘယ်လောက်ရမလဲ ကြည့်ကြသေးတာပေါ့။”
ဤတပည့် ၃ ဦးသည် ပါရမီရှင် လူငယ်ပေါင်းများစွာထဲမှ ရွေးချယ်ခံထားရသူများ ဖြစ်ပြီး လူတစ်သိန်းတွင် တစ်ယောက် ပေါ်ထွန်းခဲသူများ ဖြစ်ကြသည်။
မှန်သည်။ သူ့တွင် တပည့် ၄ ဦး ရှိသော်လည်း ကျန်တစ်ဦးမှာ အဆင့်အတန်း အထူးမြင့်မားသဖြင့် စာမေးပွဲကို သူဖြေချင်မှ ဖြေခိုင်း၍ ရသည်။
တပည့် ၃ ဦးသည် မေးခွန်းလွှာကို ယူလိုက်သည်နှင့် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။
“ဆရာ။ ဆရာက ကျောင်းသားတွေကို နှိပ်စက်ပြီး ပျော်ရွှင်မှုကို ရှာနေတာလား။ ဒါ လူဖြေဖို့ ထုတ်ထားတဲ့ မေးခွန်းရော ဟုတ်ရဲ့လား။”
“ဆရာ။ အရင်မေးခွန်းတွေတုန်းက မျှော်လင့်ချက်လေး နည်းနည်း ရှိသေးတယ်။ ဒီမေးခွန်းလွှာကတော့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး။”
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပါရမီရှိတယ်လို့ ထင်ထားတာ။ ဘာလို့ ဒီမေးခွန်းတွေကို မြင်တော့ ဘာမှ နားမလည်တဲ့ အရူးတစ်ယောက်လို ဖြစ်သွားရတာလဲ။”
အလွန်အမင်း နာကျင်ခက်ခဲသော ၂ နာရီ ကုန်ဆုံးပြီးနောက် တပည့် ၃ ဦးသည် အဖြေလွှာများ လာအပ်ကြသည်။ ဆရာသခင်ကြီး နင်ဇောင်ဝူသည် အမှတ်ပေးလိုက်သည်။
နောက်ဆုံးရမှတ်များ ထွက်လာသည်။ အမြင့်ဆုံးရမှတ်မှာ ၃၅ မှတ်သာ ရှိပြီး အနိမ့်ဆုံးရမှတ်မှာ ၁၂ မှတ်သာ ရသည်။
နင်ဇောင်ဝူသည် သူ့တပည့် ၃ ဦးအား ၁၅ မိနစ်ခန့်ကြာအောင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်သည်။ အခန်းထဲသို့ ပြန်ရောက်သောအခါ သူသည် ကျေနပ်အားရစွာဖြင့် တစ်ယောက်တည်း ရယ်မောလိုက်သည်။
ဤကဲ့သို့ ဉာဏ်ကြီးရှင် ကျောင်းသားများကို နှိပ်စက်ရခြင်းမှာ ကျေနပ်ဖွယ် ကောင်းလှပေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤစာမေးပွဲ မည်မျှ ခက်ခဲကြောင်း သိသာထင်ရှားနေသည်။
လီဝမ်ဟွေ့ ခေါ်ဆောင်လာသော မွေးစားသားသည်လည်း မိန်းမစိုးဂိုဏ်းဝင် ဖြစ်ပုံရသည်။ နင်ဇောင်ဝူသည် မိန်းမစိုးဂိုဏ်းကို အထင်သေးခြင်း မဟုတ်သော်လည်း မိန်းမစိုးဂိုဏ်းမှ ကလေးများ အားလုံးသည် ဆင်းရဲသော မိသားစုမှ လာကြသူများ ဖြစ်ပြီး အဆင့်မြင့် ပညာရပ်များနှင့် ထိတွေ့ခွင့် မရကြပေ။
ဆင်းရဲမွဲတေမှုသည် တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ အတွေးအခေါ်နှင့် ဉာဏ်ရည်ကို ကန့်သတ်ထားတတ်သည်။
ထို့ကြောင့် သူခေါ်လာသော မိန်းမစိုးလေးသည် ၁၀ မှတ်ကျော်အောင် ဖြေနိုင်လျှင်ပင် တော်တော် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။ အမှတ် ၅၀ ကျော်ဖို့ ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်သက်သက်ထက်မပိုချေ။
ရုတ်တရက် နင်ဇောင်ဝူသည် မနက်ဖြန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။ လီဝမ်ဟွေ့၏ မွေးစားသား မျက်နှာပျက်ပြီး မျှော်လင့်ချက်မဲ့သွားမည့် ပုံစံကို သူ အသည်းအသန် မြင်ချင်နေပြီ ဖြစ်သည်။
သူသည် အသက် ၆၀ ကျော်နေပြီ ဖြစ်သော်လည်း ကလေးစိတ် ရှိနေသေးပြီး ဤအရာကသာ သူ့အတွက် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။
**--**--**--**--**--**--**--**
ကြာပန်းတောင်ခြေရှိ အိမ်တစ်အိမ်တွင် လီဝမ်ဟွေ့နှင့် တုပိုင်တို့သည် ငွေ ၂ တုံးပေး၍ တည်းခိုခွင့် တောင်းလိုက်သည်။ အိမ်ရှင်နှင့် သူ့မိသားစုသည် ပျော်ရွှင်စွာဖြင့် ဖယ်ပေးပြီး ထွက်သွားကြသည်။
တုပိုင်သည် ရိုးရှင်းသော ဟင်းလျာများဖြင့် ညစာ ချက်ပြုတ်လိုက်ပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် လီဝမ်ဟွေ့အတွက် လက်ဖက်ရည် ဖျော်ပေးလိုက်သည်။
“စောစော အိပ်တော့။” လီဝမ်ဟွေ့ ပြောလိုက်သည်။
“မနက်ဖြန် ဆရာသခင်ကြီးရဲ့ ဝင်ခွင့်စာမေးပွဲက အရမ်း ခက်လိမ့်မယ်။ အမှတ် ၈၀ ရဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ မင်းက မေးခွန်း တစ်ပုဒ် နှစ်ပုဒ်လောက်ကို အံ့သြစရာကောင်းအောင် ထူးထူးခြားခြား ဖြေနိုင်ခဲ့ရင် သူ သဘောကျသွားလိမ့်မယ်။ သူ့ရဲ့ ဝင်ခွင့်စာမေးပွဲ မအောင်ရင်လည်း ကိစ္စမရှိပါဘူး။ ငါ တခြားနည်းလမ်း ရှာပါ့မယ်။”
တုပိုင် ခဏမျှ စဉ်းစားပြီး မေးလိုက်သည်။ “ကျောင်းအုပ်ကြီး။ ဒီ နင်ဇောင်ဝူကို ဆရာအဖြစ် တော်ဖို့က တကယ်ရော လိုအပ်လို့လား။”
“ဒါပေါ့။” လီဝမ်ဟွေ့ ပြောလိုက်သည်။ “တခြားအရာတွေကို ထားလိုက်ဦး။ သူ့ရဲ့ ချီကျင့်စဉ်ပညာက ပြိုင်ဘက်ကင်းပဲ။”
“ပြီးတော့ သူ့ရဲ့ အားကောင်းတဲ့ ရွှမ်းချီက မင်းခန္ဓာကိုယ်ထဲက လမ်းကြောင်းတွေကို ရှင်းပေးလိမ့်မယ်။ မင်းရဲ့ ဂျင်းလော်သွေးကြောတွေထဲမှာ ချီ စီးဆင်းဖို့ ကြာမယ့်အချိန်ကို အနည်းဆုံး အဆများစွာ လျှော့ချပေးနိုင်တယ်။”
“ဒါ့အပြင် သူ့ရဲ့ ဝိညာဉ်ရေးရာ ကျင့်စဉ်ပညာကလည်း အလွန်မြင့်မားတယ်။ ဒါက မင်းရဲ့ အဂ္ဂိရတ်ပညာ၊ မြင်းစီးပညာနဲ့ မြားပစ်စွမ်းရည်တွေကို များစွာ တိုးတက်စေပြီး တစ်ဝက်လောက်ကြိုးစားအားထုတ်ရုံနဲ့ နှစ်ဆခရီးရောက်စေလိမ့်မယ်။”
နင်ဇောင်ဝူကဲ့သို့ ဆရာသခင်ကြီး၏ လက်အောက်တွင် တပည့်ခံရခြင်းသည် အမည်ခံသက်သက် မဟုတ်ဘဲ လက်တွေ့အကျိုးကျေးဇူးများ ရှိကြောင်း တုပိုင် နားလည်သွားသည်။
ထို့ကြောင့် တုပိုင်သည် မည်သို့ပင်ဖြစ်စေ ဤဆရာသခင်ကြီးကို အမိအရ ဖမ်းဆုပ်ထားရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်ရာ မနက်ဖြန် ဝင်ခွင့်စာမေးပွဲသည် အထူးပင် အရေးကြီးသွားသည်။
ရိုးရှင်းသော ကုတင်ပေါ်တွင် လှဲရင်း တုပိုင် အိပ်ပျော်သွားလေသည်။ ထင်ထားသည့်အတိုင်းပင် တုပိုင်သည် အိပ်မက်ထဲတွင် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနေရကြောင်း မက်လေသည်။
မေးခွန်း ၁၀ ခုသာ ပါဝင်သော မေးခွန်းလွှာကို လက်ခံရရှိပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် တုပိုင် ကျောချမ်းသွားရသည်။
“သောက်ကျိုးနည်း။ ဒီမေးခွန်းတွေက သောက်ရမ်း ခက်တာပဲ။”
စုစုပေါင်း မေးခွန်း ၁၀ ခု ရှိပြီး နက္ခတ်ဗေဒင်၊ ပထဝီဝင်၊ သင်္ချာ၊ သိုင်းပညာ၊ အဂ္ဂိရတ်နှင့် ကဗျာ စသည့် ခေါင်းစဉ်များကို လွှမ်းခြုံထားသည်။ မေးခွန်း ၃ ခုသည် ဘာသာရပ် ၂ ခု ၃ ခု ပေါင်းစပ်ထားသေးသည်။
ဤအရာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဒေါသထွက်ဖွယ် ကောင်းလောက်အောင်ပင် ခက်ခဲလွန်းလှ၏။ ဤမေးခွန်းသည် လူကို နှိပ်စက်ရန် သက်သက် ထုတ်ထားခြင်းသာ ဖြစ်ရပေမည်။
ယခုအခါ နင်ဇောင်ဝူသည် ဘက်စုံတော်သော ဆရာသခင်ကြီး တစ်ပါးဖြစ်ကြောင်း သို့မဟုတ် သာမန်လူများ လက်လှမ်းမမီနိုင်သော အသိပညာများကို သင်ယူခွင့်ရခဲ့သည့် အလွန် အင်အားကြီးသော နောက်ခံတစ်ခု ရှိကြောင်း တုပိုင် လုံးဝ ယုံကြည်သွားသည်။
တုပိုင်သည် နင်ဇောင်ဝူ ထုတ်မည့် မေးခွန်းများမှာ ပိုင်တန်ဖိုး (Pi) ရှာခြင်း၊ ပိုက်သာဂိုရပ်စ် သီအိုရမ်လောက်သာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ဤမေးခွန်းများသည် ဤကမ္ဘာမှ လူများအတွက် ခက်ခဲသော်လည်း တုပိုင်အတွက်မူ အလွန် လွယ်ကူလေသည်။
သို့သော် မထင်မှတ်ထားဘဲ ပထမဆုံး မေးခွန်းမှာ ကမ္ဘာနှင့် လသည် မည်မျှ ကွာဝေးသနည်း။ တိကျသော တွက်ချက်မှု လုပ်ငန်းစဉ်ကို ဖော်ပြပါ ဖြစ်နေသည်။
ဤမေးခွန်း၏ အဖြေကို ကောလိပ်ကျောင်းသား ၉၉ ရာခိုင်နှုန်းကျော် သိကြပေလိမ့်မည်။ ၃၈၄,၀၀၀ ကီလိုမီတာ ဖြစ်သည်။ သို့မဟုတ် ကီလိုမီတာ ၃ သိန်း ဟု ဖြေလျှင်လည်း မှန်ကန်သော အဖြေ ဖြစ်သည်။
သို့သော် မည်သို့ တွက်ချက်မည်နည်း။ ဤသည်ကို ကောလိပ်ကျောင်းသား ၅၀ ရာခိုင်နှုန်းကျော်အတွက် ဖြေဆိုရန် ခက်ခဲပေလိမ့်မည်။
လျှပ်စစ်သံလိုက်လှိုင်းများ သို့မဟုတ် လေဆာရောင်ခြည် သုံးပြီး တိုင်းတာသည်ဟု ပြော၍ မရပေ။ ဤကမ္ဘာတွင် ထိုအရာများ မရှိသေးချေ။
သို့သော် တုပိုင်သည် ကျန်ရှိသော ၅၀ ရာခိုင်နှုန်းသော လူများထဲတွင် ပါဝင်နေသည်။ သူသည် ကမ္ဘာနှင့် လ အကွာအဝေးကို တွက်ချက်တတ်ပြီး ရှေးခေတ်လူများ နားလည်နိုင်သော နည်းလမ်းများကို အသုံးပြု၍ အဖြေရှာနိုင်လေသည်။
“ဟူးးး။ ငါ တုပိုင်က ကြွားချင်လို့ မဟုတ်ပါဘူး။ အခြေအနေက ပေးနေလို့ ငါ့ပညာတွေ ထုတ်ပြရတော့မှာပဲ။”
“အဟားဟားဟား။”
ကမ္ဘာနှင့် လ အကွာအဝေးကို ရှေးဟောင်းဂရိတို့၏ လကြတ်ခြင်းနှင့် တြိဂံသဘောတရား တွက်ချက်နည်းကို အသုံးပြု၍ တိုင်းတာနိုင်သည်။ သို့သော် ဤတွက်ချက်မှု လုပ်ငန်းစဉ်သည် အတော်လေး ရှုပ်ထွေးလှသည်။
ပထမအဆင့်မှာ ကမ္ဘာနှင့် လ နှစ်ခုစလုံးသည် လုံးဝန်းကြောင်း သက်သေပြရမည် ဖြစ်သည်။ ဤအချက်မှာ မခက်ခဲလှပေ။
ဒုတိယအဆင့်မှာ မြေပြင်နှင့် ထောင့်မတ်ကျသော ရေတွင်းနှစ်တွင်းကို ရှာဖွေရမည်။ ထိုရေတွင်းနှစ်ခုသည် တစ်ဖြောင့်တည်း တည်ရှိပြီး မိုင်နှစ်ထောင် ကွာဝေးရမည်။
ထို့နောက် အချိန်တစ်ခုတည်းတွင် ရေတွင်းနှစ်ခုထဲသို့ နေရောင်ခြည် ဝင်ရောက်သည့် ထောင့်ကွာခြားချက်ကို လေ့လာရမည်။
အဘယ်ကြောင့်ဆိုသော် နေရာဒေသ မတူညီပါက ရေတွင်းထဲသို့ နေရောင်ခြည် ဝင်ရောက်သည့် ထောင့်သည်လည်း မတူညီသောကြောင့် ဖြစ်သည်။
ဤထောင့်ကွာခြားချက်ကို အသုံးပြု၍ နေရာနှစ်ခုကြား အကွာအဝေးသည် မိုင်နှစ်ထောင် ရှိသည်ဟု ယူဆကာ ပိုင်တန်ဖိုး (Pi) ကို အသုံးပြုပြီး ကမ္ဘာမြေကြီး၏လုံးပတ်နှင့် အချင်းကို တွက်ချက်နိုင်သည်။
တတိယအဆင့်မှာ လကြတ်ခြင်း စတင်ချိန်မှ လကို အရိပ်အပြည့်အဝ ဖုံးလွှမ်းသွားသည့် အချိန်အထိ မှတ်တမ်းတင်ရမည်။
ထို့နောက် လကို အရိပ်အပြည့်အဝ ဖုံးလွှမ်းသွားချိန်မှ လပြည့်ဝန်းပုံစံ ပြန်လည် ပေါ်လာသည့် အချိန်အထိ ထပ်မံ မှတ်တမ်းတင်ရမည်။ ဤအချိန်ကွာခြားချက် နှစ်ခုကို အသုံးပြု၍ လ၏ အချင်းသည် ကမ္ဘာ့အချင်း၏ ၃ ပုံ ၁ ပုံနှင့် ၅ ပုံ ၁ ပုံခန့် ရှိကြောင်း တွက်ချက်နိုင်သည်။
နောက်ဆုံးအဆင့်အနေဖြင့် ကြေးပြားတစ်ပြားကို ရှာဖွေကာ လကို ချိန်ရွယ်ရမည်။ ကြေးပြားက လကို အပြည့်အဝ ဖုံးကွယ်သွားသည်အထိ စောင့်ဆိုင်းရမည်။ ထို့နောက် မိမိ၏ မျက်လုံးနှင့် ကြေးပြားကြား အကွာအဝေးကို တိုင်းတာရမည်။
ဤအကွာအဝေးသည် ကြေးပြားအချင်း၏ ၁၁၀ ဆ ရှိရပေမည်။ ထို့နောက် လ၏အချင်းကို ၁၁၀ နှင့် မြှောက်လိုက်ပါက ကမ္ဘာနှင့် လ အကွာအဝေးသည် မိုင်ပေါင်း ၇ သိန်းခန့် ရှိကြောင်း တွေ့ရှိရပေလိမ့်မည်။
သေချာသည်မှာ တွက်ချက်ရရှိသော ရလဒ်သည် လုံးဝတိကျနေမည် မဟုတ်သော်လည်း နင်ဇောင်ဝူကို ယုံကြည်စေရန် လုံလောက်ပေသည်။
အဓိကအချက်မှာ ဤနည်းလမ်းသည် သင်္ချာဖော်မြူလာ အသစ်အဆန်းများ မလိုအပ်ဘဲ ပိုင်တန်ဖိုး (Pi) သာ လိုအပ်ခြင်း ဖြစ်သည်။ ဤကမ္ဘာတွင် ပိုင်တန်ဖိုးကို တွက်ချက်ပြီးသား ဖြစ်သည်။
ရှေးဟောင်းဂရိ လူမျိုးများသည် ကမ္ဘာနှင့် လ အကွာအဝေးကို ခန့်မှန်းတွက်ချက်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့ရသည်။
သို့သော် တုပိုင်သည် သူတို့၏ ဆယ်စုနှစ်ပေါင်းများစွာသော ဉာဏ်ပညာကို ယူသုံးလိုက်ပြီး မိနစ်ပိုင်းအတွင်း ပုစ္ဆာဖြေရှင်းနိုင်သော အံ့မခန်း ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် ပြောင်းလဲလိုက်လေသည်။
**--**--**--**--**--**--**--**
ဒုတိယမေးခွန်းသည်လည်း အလွန် ခက်ခဲနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဤကမ္ဘာမှ လူများအတွက်ဆိုလျှင် ရူးသွပ်သွားစေနိုင်လောက်သည်။
ဤပုစ္ဆာကို ကိန်းရှင်သုံးလုံးပါ နှစ်ထပ်ကိန်းညီမျှခြင်းကို အသုံးပြုမှသာ ဖြေရှင်းနိုင်သည်။ ဤသည်မှာ တမင်အကျင့်ယုတ်ထားခြင်းပင်ဖြစ်လေ၏။
ဤကမ္ဘာ၏ သင်္ချာပညာ တိုးတက်မှုသည် ရှေးခေတ်တရုတ်ပြည်ထက် သိပ်မပိုသလို အနည်းငယ်ပင် နောက်ကျနေသေးသည်။
သာမန် ပညာတတ်များ အနေဖြင့် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားကို သိလျှင်ပင် တော်တော် ဟုတ်နေပြီ ဖြစ်သည်။ သို့သော် ဤနင်ဇောင်ဝူက ကိန်းရှင်သုံးလုံးပါ နှစ်ထပ်ကိန်းညီမျှခြင်း ပုစ္ဆာကို ပေးထားလေသည်။ ထိုမျက်နှာနုနုဖြင့် အဘိုးကြီးက လူတွေကို မျက်ရည်ကျအောင် နှိပ်စက်ချင်နေခြင်းကို ဝါသနာပါပုံရသည်။
သို့သော် ယခင်က ထိပ်တန်းကျောင်းသား ဖြစ်ခဲ့ဖူးပြီး နာမည်ကြီး တက္ကသိုလ်မှ မဟာဘွဲ့ ရရှိခဲ့သော တုပိုင်အတွက်မူ ဤပုစ္ဆာသည် အလွန် လွယ်ကူလွန်းလှပြီး အားစိုက်ထုတ်စရာပင် မလိုပေ။
တတိယမေးခွန်းမှာ သမိုင်းမေးခွန်း ဖြစ်ပြီး အလွန် နက်နဲခက်ခဲသည်။ သမိုင်းမှတ်တမ်းကြီးပါ ဖုန်းနှင့် စန်း ယဇ်ပူဇော်ခြင်း မှတ်တမ်းတွင် ဤသို့ ဖော်ပြထားသည်။
ပထမဧကရာဇ်သည် ဖုန်းနှင့် စန်း ယဇ်ပူဇော်ပွဲ ပြုလုပ်ပြီး ၁၂ နှစ်အကြာတွင် ချင်မင်းဆက် ပျက်သုဉ်းခဲ့သည်။
စာပေပညာရှင်များသည် ချင်မင်းဆက်၏ စာအုပ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် စာရေးဆရာများကို သတ်ဖြတ်ခြင်းအပေါ် နာကြည်းကြပြီး ပြည်သူများသည် ဥပဒေများအပေါ် နာကြည်းကြသဖြင့် တိုင်းပြည်တစ်ခုလုံး ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။
သို့ဖြစ်လျှင် ကောင်းကင်နှင့် မြေကြီးကို ဧကရာဇ်မင်းများက ယဇ်ပူဇော်သည့် ဓလေ့သည် မည်သူ့ထံမှ စတင်ခဲ့သနည်း။ မည်သည့်အထောက်အထား ရှိသနည်း။
ဤမေးခွန်းသည်လည်း အလွန် ဒေါသထွက်စရာ ကောင်းလှပြီး လူအများစုကို အကြပ်ရိုက်သွားစေနိုင်သော မေးခွန်းမျိုး ဖြစ်သည်။
သို့သော် တိုက်ဆိုင်စွာပင် တုပိုင်သည် ဤမေးခွန်း၏ အဖြေကိုလည်း သိနေပြန်သည်။ အဖြေမှာ ကျိုးနယ်စားမင်း ကျီးတန်ဖြစ်သည်။ အထောက်အထားမှာ ကျိုးကုန်းနှင့် ဝါးစာများတွင် ရှိသည်။
ထိုမှတ်တမ်းတွင် ဝူဘုရင်၏ ကျန်းမာရေး ရုတ်တရက် ဆိုးရွားလာသဖြင့် သူ၏ညီတော် ကျီးတန်ကို ကိုယ်စားလှယ်အဖြစ် ကောင်းကင်နှင့် မြေကြီးအား ယဇ်ပူဇော်စေခဲ့သည်ဟု ပါရှိသည်။
ထိုအချိန်မှစ၍ ကောင်းကင်ကို ယဇ်ပူဇော်ခွင့် အာဏာသည် ဧကရာဇ် သို့မဟုတ် အိမ်ရှေ့စံများသာ ရရှိသည့် အထူးအခွင့်အရေး ဖြစ်လာခဲ့သည်။
အပိုင်း ၇၉ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်သည် အလွန်ခက်ခဲသော ပုစ္ဆာကြီး ၃ ပုဒ်ကို သူကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် ဤနေရာတွင် ရပ်သွားလေတော့၏။ သူသည် ကျန်ရှိသော မေးခွန်း ၇ ခုကို လုံးဝ မဖြေနိုင်တော့ပေ။
အထူးသဖြင့် နောက်ဆုံး မေးခွန်း ၃ ခုသည် ရွှမ်းချီ၊ နက္ခတ်တာရာ၊ သိုင်းပညာနှင့် အဂ္ဂိရတ်ပညာ စသည့် အဓိက ဘာသာရပ်ကြီး ၄ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တုပိုင်အတွက်မူ ထိုမေးခွန်းများသည် နတ်ဘုရားစာအုပ်များကဲ့သို့ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ဆိုလိုသည်မှာ တုပိုင်၏ ကိုယ်ပိုင်အရည်အချင်းအရ သူသည် အမှတ် ၃၀ သာ ရနိုင်မည် ဖြစ်သည်။ ဤရမှတ်သည် အလွန် ထူးချွန်နေပြီ ဖြစ်သော်လည်း နင်ဇောင်ဝူ သတ်မှတ်ထားသော အမှတ် ၈၀ နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ထို့ကြောင့် သူ စာမေးပွဲကျမည်။ နင်ဇောင်ဝူ၏ တပည့် မဖြစ်နိုင်တော့ဘဲ ချက်ချင်း မောင်းထုတ်ခံရပေလိမ့်မည်။
ရှေးခေတ်ကလူ ဖြစ်သော နင်ဇောင်ဝူသည် ဤကဲ့သို့သော မေးခွန်း ၁၀ ခုကို ထုတ်နိုင်သည်မှာ အံ့သြစရာပင်။ သူသည် ထိပ်တန်းကျောင်းသား တစ်ယောက်သာမက ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ သူ့အသိပညာသည် ဤကမ္ဘာထက် များစွာ ရှေ့ရောက်နေသည်။
ထိုအချိန်တွင် အိပ်မက်ထဲမှ ဝတ်ရုံဖြူနှင့် အဖိုးအို ပြန်လည် ပေါ်လာပြီး သူ့မျက်နှာထားမှာ ယခင်ကထက် ပိုမို လေးနက်နေသည်။
“နင်ဇောင်ဝူက အရမ်း အရေးပါတဲ့လူပဲ။ မင်း သူ့ဆီကနေ ဒီကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်။ ပြီးတော့ ဒီလျှို့ဝှက်ချက်က မင်း ဒီကမ္ဘာကို ရောက်လာရတဲ့ အမြင့်ဆုံးတာဝန်နဲ့ သက်ဆိုင်နေတယ်။”
တုပိုင် ချက်ချင်း အံ့သြမှင်သက်သွားသည်။
သူသည် နင်ဇောင်ဝူကို အသုံးချပြီး အဂ္ဂိရတ်၊ သိုင်းပညာ၊ မြင်းစီးခြင်းနှင့် အခြားအရည်အချင်းများကို အချိန်တိုအတွင်း တိုးတက်အောင် လုပ်ကာ ဘွဲ့ယူစာမေးပွဲတွင် ပထမရရန်သာ ရည်ရွယ်ပြီး တပည့်ခံရန် လာခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာခြင်း၏ အဆုံးစွန်သော တာဝန်နှင့် ပတ်သက်၍မူ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ ဂရုမစိုက်ပေ။
“ဒါပေါ့လေ။ ဒီကိစ္စက အခုချိန်မှာ မင်းအတွက် အရမ်း ဝေးကွာလွန်းနေပါသေးတယ်။” ဝတ်ရုံဖြူနှင့် အဖိုးအို ပြောလိုက်သည်။ “ဒါကြောင့် မင်းအနေနဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို တမင်တကာ တူးဖော်နေစရာ မလိုပါဘူး။ မင်းက သူ့ရဲ့ အထူးချွန်ဆုံး တပည့် ဖြစ်လာဖို့ပဲ လိုတာပါ။”
တုပိုင် ပြောလိုက်သည်။ “နင်ဇောင်ဝူက ကျွန်တော့်ကို တပည့်အဖြစ် လက်မခံချင်ဘူး။ ဒါကြောင့် သူက အရမ်းခက်တဲ့ မေးခွန်း ၁၀ ခု ပေးထားတာ။ ကျွန်တော် အကောင်းဆုံး ကြိုးစားရင်တောင် ၃ ပုဒ်ပဲ မှန်အောင် ဖြေနိုင်တယ်။ သူ ကျွန်တော့်ကို သေချာပေါက် မောင်းထုတ်လိမ့်မယ်။”
ထို့နောက် တုပိုင်သည် မေးခွန်း ၁၀ ခုကို ဝတ်ရုံဖြူနှင့် အဖိုးအိုရှေ့ ချပြလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား ကျန်တဲ့ ၇ ပုဒ်ကို ကူဖြေပေးနိုင်မလား။”
“မရဘူး။” အိပ်မက်ထဲမှ အဖိုးအို ပြောလိုက်သည်။ “မင်း ကိုယ့်အားကိုယ်ကိုးရမယ်။”
ထို့နောက် သူ ဆက်ပြောသည်။ “ဒါပေမဲ့ ငါ မင်းကို ဖတ်စရာ စာအုပ်တချို့ ပေးနိုင်တယ်။ ဒီမေးခွန်းတွေရဲ့ အဖြေအားလုံး အဲဒီစာအုပ်တွေထဲမှာ ရှိတယ်။”
“ကောင်းပြီလေ။” တုပိုင် ပြောလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ ကြောင်အသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ပေါ်လာသော စာအုပ်ပုံကြီးသည် တစ်မီတာကျော် မြင့်မားသောကြောင့်ပင်။
‘သောက်ကျိုးနည်း။’
သာမန်လူတစ်ယောက်အတွက် ဤစာအုပ်များကို စေ့စေ့စပ်စပ် ဖတ်ရှုရန် အနည်းဆုံး နှစ်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ တုပိုင်သည် အိပ်မက်ကမ္ဘာ၏ အထောက်အပံ့ရှိလျှင်ပင် အများဆုံး ၁၀ ပုံ ၁ ပုံခန့်သာ ဖတ်နိုင်မည် ဖြစ်သည်။
“ပထမအချက်က မင်းဟာ ရူးသွပ်သောလောင်းကြေးမစ်ရှင် ကို ပြီးမြောက်ခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် စိတ်စွမ်းအင် ၁၀ မှတ် ရရှိခဲ့တယ်။ ဒါကြောင့် မင်းရဲ့ စိတ်စွမ်းရည်က ပိုသန်မာလာပြီး အိပ်မက်အချိန်နဲ့ လက်တွေ့အချိန် အချိုးအစားက ပိုကွာခြားသွားမယ်။ ဆိုလိုတာက မင်း အိပ်မက်ထဲမှာ ပိုကြာကြာ နေနိုင်လိမ့်မယ်။”
ဝတ်ရုံဖြူနှင့် အဖိုးအို ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလိုဆိုရင်တောင် မင်းအနေနဲ့ ဒီစာအုပ်တွေ အကုန်လုံးကို တစ်ညတည်းနဲ့ ဖတ်ပြီး ပိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ မင်းက ရွေးချယ်ပြီး ဖတ်ရမယ်။ ဘယ်လောက် နားလည်သဘောပေါက်မလဲ ဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ်ပဲ မူတည်တယ်။”
ပြောပြီးသည်နှင့် ဝတ်ရုံဖြူ အဖိုးအို ပျောက်ကွယ်သွားလေသည်။ ထို့နောက် တုပိုင်သည် အလွန်ခက်ခဲပင်ပန်းသော လေ့လာသင်ယူမှု ကာလတစ်ခုကို ဖြတ်သန်းရလေတော့သည်။
ဤစာအုပ် ဒါဇင်ပေါင်းများစွာကို အကုန်ဖတ်၍ မရနိုင်ပေ။ ရွေးချယ်ဖတ်ရှုရမည်။ တစ်ခုကို ကြည့်ပြီး ကျန်တစ်ခုကို ချိတ်ဆက်တွေးခေါ်ရမည်။ ပိုအရေးကြီးသည်မှာ ဝေဖန်ပိုင်းခြား တွေးခေါ်ရမည် ဖြစ်သည်။
သူသည် ခက်ခဲစွာ စတင်ဖတ်ရှုလိုက်သည်။ စာလုံးရေ ထောင်ဂဏန်းခန့် ဖတ်ပြီးတိုင်း အချိန်ကြာမြင့်စွာ တွေးတောဆင်ခြင်နေရသည်။
စိတ်စွမ်းအင် တိုးတက်လာမှုကြောင့် လက်တွေ့ကမ္ဘာမှ ၁၀ နာရီသည် အိပ်မက်ထဲတွင် လဝက်ခန့်နှင့် ညီမျှနေသည်။ သို့သော် ဤအချိန်သည် မလုံလောက်သေးပေ။
အိပ်မက်ထဲတွင် တုပိုင်သည် စတုတ္ထမြောက် မေးခွန်း၏ အဖြေကို ဤစာအုပ်များထဲမှ ရှာတွေ့ရန် ၅ ရက်ကြာ အချိန်ယူလိုက်ရသည်။ ပဉ္စမမြောက် မေးခွန်း၏ အဖြေကို ရှာတွေ့ရန် နောက်ထပ် ၄ ရက်ကြာ အချိန်ယူလိုက်ရသည်။
ဆဋ္ဌမမြောက် မေးခွန်း၏ အဖြေကို ရှာတွေ့ရန် ၃ ရက်ကြာ အချိန်ယူလိုက်ရပြန်သည်။ သတ္တမမြောက် မေးခွန်းအတွက် နောက်ထပ် ၃ ရက် ထပ်ကြာသွားသည်။
အိပ်မက်ကမ္ဘာ ပြီးဆုံးတော့မည် ဖြစ်ပြီး တုပိုင်သည် မေးခွန်း ၇ ခုသာ ဖြေဆိုနိုင်သေးသည်။ သူ မကြာမီ အိပ်မက်မှ နိုးထရတော့မည်။ အပြင်ဘက်တွင် ကြက်ဖပင် တွန်နေပြီ ဖြစ်သည်။
နင်ဇောင်ဝူ သတ်မှတ်ထားသည်မှာ အမှတ် ၈၀ ဖြစ်သည်။ သို့သော် တုပိုင်သည် အမှတ် ၇၀ သာ ရရှိနိုင်သဖြင့် စာမေးပွဲ ကျရှုံးဦးမည် ဖြစ်သည်။
ကောင်းကင်ဘုံ၏ လမ်းညွှန်မှုကြောင့်လား မသိပေ။ တုပိုင်သည် ဤစာအုပ်များ၏ နောက်ဆုံးစာမျက်နှာသို့ အမြန်ဆုံး လှန်ကြည့်လိုက်သည်။
ထို့နောက် သူ တွေ့လိုက်ရသည်မှာ... မေးခွန်း ၁၀ ခုစလုံး၏ အဖြေမှန်များကို ထိုစာမျက်နှာတွင် သေသပ်စွာ ရေးသားထားခြင်းပင်။
တကယ်ကို ပြောရမလား မပြောရမလား မသေချာတဲ့ စကားတစ်ခွန်း ရှိနေတယ်။ ‘မင်းမေဂျီးတော်။’
ဤဝတ်ရုံဖြူနှင့် အဖိုးအိုသည် အလွန် ကောက်ကျစ်လှပေသည်။ တုပိုင်ကို ဦးနှောက်ခြောက်ပြီး ဆံပင်ဖြူသွားသည့်အထိ လဝက်လုံးလုံး မနားတမ်း စာလေ့လာစေခဲ့သည်။
ကိုယ့်အားကိုယ်ကိုးရမည်ဟု ပြောပြီးမှ အဖြေမှန်များကို နောက်ဆုံးစာမျက်နှာတွင် ထည့်သွင်းပေးထားခဲ့သည်။ တုပိုင်သည် ဝတ်ရုံဖြူအဖိုးအို၏ ယုတ်မာသော ရယ်သံကိုပင် ကြားနေရသလို ခံစားနေရသည်။
စဉ်းစားရန် အချိန်မရှိတော့သဖြင့် တုပိုင်သည် မေးခွန်း ၁၀ ခု၏ အဖြေမှန်များကို အလွတ်ရသည်အထိ ၁၀ ခေါက်တိတိ အမြန် ကူးရေးပြီး ကျက်မှတ်လိုက်လေသည်။
ထိုစဉ်မှာပင် ကြက်တွန်သံက သူ့နားထဲသို့ ဝင်ရောက်လာပြီး တုပိုင် နိုးလာခဲ့သည်။
နေမင်းကြီးသည် ကောင်းကင်အလယ်သို့ ရောက်နေပြီ ဖြစ်သည်။ လီဝမ်ဟွေ့က ပြောလိုက်သည်။ “မနက်စာ ပြင်ထားတယ်။ ဒါပေမဲ့ စားဖို့ အချိန်မရှိတော့ဘူး။ နာရီဝက်နေရင် ငါတို့ နောက်ကျတော့မယ်။”
တုပိုင် အမြန်ထလိုက်ပြီး မျက်နှာသစ်ကာ ပေါက်စီအချို့ကို ကောက်ဆွဲ၍ ကြာပန်းကျောင်းတော်ဆီသို့ ပြေးထွက်သွားလေသည်။
**--**--**--**--**--**--**--**
မိနစ် ၂၀ ကြာပြီးနောက် တုပိုင်သည် ဆရာသခင်ကြီး နင်ဇောင်ဝူနှင့် တွေ့ဆုံခဲ့သည်။ သူသည် တုပိုင်ကို တောင်တံခါးထဲသို့ပင် ဝင်ခွင့်မပေးဘဲ ကြာပန်းကျောင်းတော် အပြင်ဘက်ရှိ ကျောက်စားပွဲပေါ်၌သာ တပည့်ခံ စာမေးပွဲကို ဖြေဆိုစေသည်။
“မေးခွန်း ၁၀ ခု။ တစ်ပုဒ်ကို ၁၀ မှတ်။ စုစုပေါင်း အမှတ် ၁၀၀။” နင်ဇောင်ဝူ ပြောလိုက်သည်။ “မင်း အမှတ် ၈၀ ကျော်ရင် ငါ့တပည့်အဖြစ် နေခဲ့လို့ရမယ်။ မဟုတ်ရင် ချက်ချင်း ထွက်သွား။ စာမေးပွဲချိန်က တစ်နာရီပဲ။ စမယ်။”
ထို့နောက် နင်ဇောင်ဝူသည် သဲနာရီတစ်ခုကို ထုတ်ပြီး ကျောက်စားပွဲပေါ်တွင် မှောက်လိုက်ကာ အချိန်စတင် မှတ်လိုက်သည်။
နင်ဇောင်ဝူသည် စကားတစ်ခွန်းမှ ထပ်မပြောချင်တော့သလို တုပိုင်ကို တစ်ချက်လေးမှပင် လှည့်မကြည့်ပေ။
မည်သို့ပင်ဖြစ်စေ တုပိုင်သည် ဤစာမေးပွဲကို သေချာပေါက် အောင်မြင်မည် မဟုတ်ချေ။ လုပ်ထုံးလုပ်နည်းများ ပြီးသည်နှင့် သူ့ကို မောင်းထုတ်လိုက်ရုံသာ။
ဤမြင်ကွင်းသည် ရင်းနှီးနေသယောင် ရှိ၏။ ဆရာသခင်ကြီး တစ်ယောက် ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ပိုင်ချွမ်းနှင့် တူနေရသနည်း။ ကွာခြားသည်မှာ သူ၏ သိုင်းပညာနှင့် အသိပညာသည် ပိုင်ချွမ်းထက် အဆပေါင်းတစ်ထောင်ခန့် သာလွန်နေခြင်းပင် ဖြစ်သည်။
လီဝမ်ဟွေ့ အနားကပ်လာပြီး မေးခွန်းများကို ကြည့်လိုက်သောအခါ သူ့မျက်နှာ ချက်ချင်း မဲမှောင်သွားလေသည်။
နင်ဇောင်ဝူသည် မည်သို့သော သဘောထားနည်း။ သူသည် တုပိုင်အား တပည့်အဖြစ် လက်ခံရန် လုံးဝ ဆန္ဒမရှိခြင်းလော။ ဤသည်မှာ တိုက်ရိုက် ငြင်းပယ်လိုက်ခြင်းနှင့် မည်သို့ ကွာခြားပါသနည်း။
ဤမေးခွန်း ၁၀ ခုသည် လုံးဝ ဖြေဆိုနိုင်စရာ အကြောင်းမရှိပေ။ နင်ဇောင်ဝူသည် ထူးဆန်းသော အခွင့်အရေး တစ်စုံတစ်ရာ ရရှိခဲ့၍သာလျှင် ဘက်စုံကျွမ်းကျင်သည့် ဆရာသခင်ကြီး ဖြစ်လာသည်ဆိုသည်ကို လူတိုင်း သိရှိကြ၏။
သူ ထုတ်ပြန်လိုက်သော ဤမေးခွန်း ၁၀ ခုကို ဤလောကတွင် အဖြေမှန် ၈ ခု ရရှိအောင် ဖြေဆိုနိုင်မည့်သူ မည်မျှ ရှိနိုင်မည်နည်း။ ပြောရလျှင် နင်ဇောင်ဝူကိုယ်တိုင်ကလွဲလျှင် အခြားဖြေနိုင်သူမရှိနိုင်ချေ။
လီဝမ်ဟွေ့ မျှော်လင့်ချက် ကုန်ဆုံးသွားသည်။ တုပိုင်သည် ဉာဏ်ကြီးရှင် တစ်ယောက် မှန်သော်လည်း ဉာဏ်ကြီးရှင်များပင် သင်ယူလေ့လာသည့် လုပ်ငန်းစဉ် လိုအပ်သည်။ ဤမေးခွန်းများသည် ဉာဏ်ကြီးရှင် တစ်ယောက်၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်။
ထို့ကြောင့် လီဝမ်ဟွေ့သည် နင်ဇောင်ဝူအား တုပိုင်ကို လက်ခံလာအောင် ဖိအားပေးနိုင်မည့် အခြားနည်းလမ်းများကို စတင်စဉ်းစားနေပြီ ဖြစ်သည်။
နင်ဇောင်ဝူသည်တော့ မျက်လုံးမှိတ်လျက် ထိုင်နေပြီး တစ်နာရီ ပြည့်သွားသည်နှင့် အားလုံးကို မောင်းထုတ်ရန် စောင့်ဆိုင်းနေသည်။
**--**--**--**--**--**--**--**
သို့သော် ယခုအချိန်တွင် တုပိုင်သည် မယုံနိုင်လောက်အောင် ခက်ခဲသော မေးခွန်းလွှာကို ကိုင်ထားရင်း အကြပ်ရိုက်နေလေသည်။ သူ အမှတ် ၈၀ ယူရမည်လော။ အမှတ် ၁၀၀ ယူရမည်လော။ သို့မဟုတ် အလယ်အလတ်လမ်းစဉ် ဖြစ်သော အမှတ် ၉၀ ယူရမည်လော။
စက္ကန့် ၃၀ ခန့် အကြာတွင် တုပိုင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ မိန်းမစိုး ဖြစ်လာကတည်းက အလယ်အလတ် လမ်းစဉ်ဆိုသည်နှင့် လုံးဝ စိမ်းကားသွားခဲ့ပြီ ဖြစ်သည်။
မိန်းမစိုးဆယ်ပါးသည် အလယ်အလတ် လမ်းစဉ်ကို လိုက်နာခဲ့ပါသလော။ သူတို့သည် ဧကရာဇ်ကို ကြိုးကိုင်နိုင်ခဲ့ကြပေသည်။ ကိုးထောင်နှစ် ဝေကျုံးရှန်သည် အလယ်အလတ် လမ်းစဉ်ကို လိုက်နာခဲ့ပါသလော။
သူသည် အရပ်ဘက်အရာရှိများကို သူ့ရှေ့မှောက်တွင် ဒူးထောက်ကာ အဖေခေါ်သည်အထိ ရိုက်နှက်နိုင်ခဲ့ပေသည်။
ထို့ပြင် မိမိကဲ့သို့ မိန်းမစိုးလေးတစ်ယောက်အနေဖြင့် အလယ်အလတ် လမ်းစဉ်ကို လိုက်နာကာ နှိမ့်ချနေရန် မည်သည့်အခွင့်အရေး ရှိပါသနည်း။ မိမိတွင် မည်သည့် ပညာရေးအောင်မြင်မှုများ ရှိနေ၍နည်း။
ပြည်နယ်စာမေးပွဲကို အောင်မြင်ဖူးသလော။ သို့တည်းမဟုတ် နန်းတွင်းစာမေးပွဲကို အောင်မြင်ဖူးပါသလော။ ဤသည်မှာ ဆင်းရဲသားတစ်ဦးက ကြွားဝါစရာ ငွေကြေးမရှိသဖြင့် မကြွားဝါဘဲ နေခြင်းနှင့် အတူတူပင် ဖြစ်ချေသည်။ ရယ်စရာ ကောင်းလွန်းလှပေသည်။
ထို့ကြောင့် တုပိုင်သည် အဖြေများကို စတင်ရေးသားလိုက်ရာ သူ့လက်ရေးများသည် ချောမွေ့သွက်လက်စွာ စီးဆင်းသွားလေသည်။
ယုံနိုင်စရာမရှိလောက်အောင် ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ပြီး တစ်ပုဒ်ကို သူ ဖြေရှင်းလိုက်သည်။ အဖြေတစ်ခုစီသည် စံသတ်မှတ်ထားသော အဖြေထက်ပင် ပိုမို ပြည့်စုံကောင်းမွန်နေသေးသည်။
သတ်မှတ်ထားသော စာမေးပွဲချိန်မှာ တစ်နာရီ ဖြစ်သော်လည်း တုပိုင်သည် နာရီဝက် မပြည့်ခင်မှာပင် ဖြေဆိုပြီးသွားသည်။ ဤတစ်ကြိမ်တွင် သူသည် အဖြေများကို ပြန်စစ်ဆေးရန်ပင် မလိုပေ။ သူသည် စုတ်တံကို ချလိုက်ပြီး ပြောလိုက်သည်။
“ဆရာသခင်ကြီး။ ကျွန်တော် ဖြေပြီးပါပြီ။”
တုပိုင်တစ်ယောက် အဖြေကိုပင် ပြန်မစစ်တော့ချေ။ အဖြေမှန်များကို ကြည့်ပြီး ကူးရေးထားသောကြောင့် ကျိန်းသေပေါက် အမှတ်ပြည့်ရမည်ကို ဗေဒင်သွားမေးနေစရာမလိုပေ။
တုပိုင်၏ စကားသံသည် မျက်လုံးမှိတ် အနားယူနေသော ဆရာသခင်ကြီး နင်ဇောင်ဝူကို ရုတ်တရက် လန့်နိုးသွားစေသလို တွေးငိုင်နေသော လီဝမ်ဟွေ့ကိုလည်း လန့်သွားစေသည်။
ဆရာသခင်ကြီး နင်ဇောင်ဝူသည် သဲနာရီကို တစ်ချက်ကြည့်လိုက်ရာ အချိန် ၄ ပုံ ၁ ပုံခန့်သာ ကုန်ဆုံးသေးကြောင်း တွေ့လိုက်ရသည်။
ဤအချက်မှာ အံ့သြစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤပုစ္ဆာများသည် လူအများစုအတွက် နားမလည်နိုင်သော အရာများ ဖြစ်နေသောကြောင့်ပင်။
တစ်နာရီ မပြောနှင့် ၁၀ ရက် အချိန်ပေးလျှင်လည်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စောစောစီးစီး လက်လျှော့လိုက်ခြင်းက အချိန်ကုန် သက်သာစေသည်။
သို့သော် နင်ဇောင်ဝူသည် ပိုင်ချွမ်းကဲ့သို့ အပေါ်ယံဆန်သူ မဟုတ်ချေ။ သူသည် တုပိုင်၏ အဖြေလွှာကို လေးလေးနက်နက် ယူလိုက်ပြီး သင့်လျော်သော မှတ်ချက်အချို့ ပေးကာ နှစ်သိမ့်၍ ပြန်လွှတ်လိုက်ရန် ရည်ရွယ်ထားသည်။
သို့သော် ပထမဆုံးအကြိမ် ကြည့်လိုက်သည်နှင့် သူ အနည်းငယ် အံ့သြမှင်သက်သွားရသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ လက်ရေးလက်သားသည် အလွန် လှပသေသပ်နေသောကြောင့်ပင်။ တုပိုင်သည် တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတွင် အလကား ဝင်ပြိုင်ခဲ့ခြင်း မဟုတ်ပေ။
သူသည် အိပ်မက်ထဲတွင် လက်ရေးလှအနုပညာကို ကောင်းစွာ လေ့ကျင့်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သူအနှစ်သက်ဆုံး မီဖူစတိုင်ကို အသုံးပြု၍ ဖြေဆိုထားရာ မျက်စိပသာဒ ဖြစ်စရာ ကောင်းလှပေသည်။
“လက်ရေးက အတော်ကောင်းတာပဲ။” ဆရာသခင်ကြီး နင်ဇောင်ဝူ ချီးကျူးလိုက်သည်။ သို့သော် တုပိုင်၏ လက်ရေး မည်မျှပင် ကောင်းမွန်ပါစေ ဆရာသခင်ကြီး နင်ဇောင်ဝူသည် အထင်ကြီးမှုအတွက် အမှတ်ပေးမည် မဟုတ်ချေ။
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် တုပိုင်၏ လက်ရေးကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ တုပိုင်သည် ပထမဆုံး မေးခွန်းကို မှန်ကန်စွာ ဖြေဆိုထားသည်ကို တွေ့လိုက်ရသောကြောင့် အကြီးအကျယ် အံ့သြသွားလေသည်။
လနှင့် ကမ္ဘာ မည်မျှ ကွာဝေးသနည်း။ နင်ဇောင်ဝူသည် ဤမေးခွန်းကို အလွယ်ဆုံး မဟုတ်ဘဲ အခက်ခဲဆုံးနှင့် လူစိတ်ဝင်စားမှု အများဆုံး ဖြစ်သောကြောင့် ပထမဆုံး မေးခွန်းအဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။
မေးခွန်း၏ သဘောသဘာဝအရ ဤမေးခွန်းသည် အံ့သြစရာ အကောင်းဆုံးလည်း ဖြစ်သည်။
အမှန်တကယ်တွင် ဤအသိပညာသည် တာ့နင်မင်းဆက်တွင် ရှိသော အသိပညာ လုံးဝ မဟုတ်ပေ။ နင်ဇောင်ဝူသည် ကြွားဝါလို၍သာ ဤမေးခွန်းကို ထည့်သွင်းထားခြင်း ဖြစ်ပြီး မည်သူမျှ ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ထားပေ။
ထို့ပြင် သူ မသေဆုံးမီ သေတမ်းစာထဲတွင် ဤပုစ္ဆာ၏ အဖြေကို ထည့်သွင်းရေးသားခဲ့ပြီး မျိုးဆက်သစ်များကို ပညာပေးနိုင်မည့် အမွေအနှစ် တစ်ခုအဖြစ် ထားရှိရန် ရည်ရွယ်ထားသည်။
မထင်မှတ်ထားဘဲ တုပိုင်သည် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရုံသာမက အဖြေမှန်ကို ပေးနိုင်ခဲ့ပြီး တွက်ချက်မှု လုပ်ငန်းစဉ် တစ်ခုလုံးကိုပါ အလွန် အသေးစိတ် ရှင်းပြထားသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် တုပိုင်၏ အဖြေသည် နင်ဇောင်ဝူ၏ အဖြေထက်ပင် ပိုမို ရှင်းလင်းပြီး တိကျနေသေးသည်။
ဤကောင်လေးသည် မိန်းမစိုးဂိုဏ်းမှ သာမန်မိန်းမစိုးတစ်ယောက်သာ ဖြစ်သည်။ သူ့အနေဖြင့် ဤမျှ နက်နဲသော နက္ခတ်ဗေဒင်နှင့် သင်္ချာပညာရပ်များကို လေ့လာရန် အချိန်ရှိမည် မဟုတ်ပေ။
ဒုတိယမေးခွန်းကို ကြည့်လိုက်သောအခါ တိကျမှန်ကန်နေဆဲ ဖြစ်ပြီး နင်ဇောင်ဝူ၏ အဖြေထက်ပင် ပိုမို တိကျနေသေးသည်။
ထို့ပြင် တုပိုင်သည် လုံးဝ မရင်းနှီးသော ပိုမို အဆင့်မြင့်သော နည်းလမ်းကို အသုံးပြု၍ တွက်ချက်ထားရာ နင်ဇောင်ဝူကိုပင် အထင်ကြီးစေပြီး ဉာဏ်အလင်း ပွင့်သွားစေသည်။
တတိယမြောက် သမိုင်းမေးခွန်းကိုလည်း တုပိုင် မှန်ကန်စွာ ဖြေဆိုထားပြန်သည်။ သို့သော် သူ့တပည့် ၃ ဦးစလုံး ဤမေးခွန်းကို ဖြေဆိုနိုင်ခဲ့ကြသဖြင့် သိပ်တော့ မထူးဆန်းလှပေ။
စတုတ္ထမြောက် မေးခွန်းတွင် တုပိုင်သည် နောက်ထပ် တစ်ကြိမ် ပြီးပြည့်စုံစွာ မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့ပြန်သည်။
ဤရလဒ်သည် သူ့တပည့် ၄ ဦးစလုံး၏ စွမ်းဆောင်ရည်ထက် သာလွန်သွားပြီ ဖြစ်သည်။ နင်ဇောင်ဝူ၏ အသက်ရှူသံများ ပြင်းထန်လာပြီး သူ့စိတ်နှလုံးသည် လှုပ်ရှားယောက်ယက်ခတ်နေပြီ ဖြစ်သည်။
ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ...။
ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဆက်တိုက် ဖတ်ရှုနေရင်း နောက်ဆုံးတွင် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခေါင်းများပင် ထုံကျဉ်သွားရသည်။ ဤသည်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခြင်း၏ ရလဒ်ပင်။
နောက်ဆုံးတွင် သူသည် တုပိုင်၏ အဖြေ ၁၀ ခုစလုံးကို ဖတ်ပြီးသွားလေ၏။
‘မယုံနိုင်စရာပဲ။ ပြီးပြည့်စုံတဲ့ အမှတ် ၁၀၀ ပါလား။’
ဆရာသခင်ကြီး နင်ဇောင်ဝူသည် ပါးစပ်များ ခြောက်သွေ့လာပြီး အနည်းငယ်ပင် တွေဝေမိန်းမောသွားကာ သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကိုပင် သံသယ ဝင်လာမိသည်။
သူမေးခွန်းများကို လွယ်ကူစွာ ထုတ်ပေးလိုက်မိသလော။ မဟုတ်ပေ။ ဤမေးခွန်းများသည် သူ အကောင်းဆုံး ထုတ်ပေးနိုင်ခဲ့သော မေးခွန်းများပင် ဖြစ်သည်။
သို့မဟုတ် နင်ဇောင်ဝူ ဆိုသူ မိမိသည် လူများ ထင်မှတ်သလောက် မတော်မတတ် ဖြစ်နေသလော။ ဤမေးခွန်း ၁၀ ခုသည် နင်ဇောင်ဝူ၏ တစ်သက်တာ ဗဟုသုတနှင့် အောင်မြင်မှု အားလုံးနီးပါးကို ကိုယ်စားပြုနေသည်။
သာမန် မိန်းမစိုးလေး တစ်ယောက်သည် မည်ကဲ့သို့ပြု၍ အားလုံးကို မှန်ကန်အောင် ဖြေဆိုနိုင်ရပါသနည်း။ ဤလောကကြီးတွင် တရားမျှတမှု ဆိုသည်မှာ ရှိပါသေးသလော။ နေမင်းကြီး အနောက်ဘက်မှ ထွက်လာချိန်ရောက်ပြီဖြစ်၏။
သူသည် တုပိုင်၏ မျက်နှာကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
အင်ပါယာ တစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော လူငယ်များသည် သူ့တပည့် ဖြစ်ချင်ကြသည်။ သူသည် ထိုပါရမီရှင် လူငယ်များကို အကြိမ်တိုင်း စာမေးပွဲ စစ်ဆေးခဲ့ပြီး အမှတ် ၆၀ ကျော်သူများကိုသာ တပည့်အဖြစ် လက်ခံခဲ့သည်။
ယခုအချိန်အထိ လူ ၃ ဦးသာ အမှတ် ၆၀ ကျော်အောင် ဖြေဆိုနိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ သူ မဖြစ်မနေ လက်ခံခဲ့ရသော တပည့် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် တုပိုင်ကို မေးမြန်းသော မေးခွန်း ၁၀ ခုသည် ယခင် စာမေးပွဲမေးခွန်းများထက် များစွာ ပိုမို ခက်ခဲသည်။
တုပိုင် အမှတ်ပြည့် ရရှိခြင်းက အချက်တစ်ချက်ကိုသာ သက်သေပြနေသည်။ လီဝမ်ဟွေ့ လိမ်ပြောခြင်း မဟုတ်ပေ။ ဤမိန်းမစိုးလေးသည် ရာစုနှစ်တစ်ခုတွင် တစ်ယောက် ပေါ်ထွန်းခဲသော ဉာဏ်ကြီးရှင် ဖြစ်သည်။
သို့သော် သူ နားမလည်နိုင်သေးပေ။ တုပိုင်သည် ငယ်ရွယ်လွန်းလှသည်။ ဉာဏ်ကြီးရှင် ဖြစ်လျှင်ပင် မေးခွန်း ၁၀ ခုစလုံးကို မှန်ကန်အောင် မဖြေနိုင်ပေ။
ဤမေးခွန်းများသည် ဘာသာရပ် နယ်ပယ်ပေါင်းစုံ ပါဝင်နေပြီး အချို့မေးခွန်းများသည် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုမှ လာသည်နှင့် တူနေသည်။
“ဘယ်လိုလဲ။” လီဝမ်ဟွေ့ မေးလိုက်သည်။
နင်ဇောင်ဝူ ပြောလိုက်သည်။ “အင်း.......။ မင်းရဲ့ မွေးစားသားက အမှတ်ပြည့် ရတယ်။”
လီဝမ်ဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး တုပိုင်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ သူ ထိုမေးခွန်း ၁၀ ခုကို မြင်တွေ့ခဲ့ပြီးသားဖြစ်သည်။ ဖြေရှင်းရန် လုံးဝ မဖြစ်နိုင်သော မေးခွန်းများ ဖြစ်သည်။
မည်သည့် ပါရမီရှင်မဆို ၃ ပုဒ် ဖြေနိုင်လျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။ သို့သော် တုပိုင်က အားလုံး မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့သည်တဲ့လော။
သို့သော် လီဝမ်ဟွေ့သည် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး မေးလိုက်သည်။ “ဒါဆို မေးပါရစေ ဆရာသခင်ကြီး။ ကျွန်တော့် မွေးစားသားက ဆရာသခင်ကြီးရဲ့ တပည့် ဖြစ်ခွင့် ရှိပါသလား။”
နင်ဇောင်ဝူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကတိက ကတိပဲလေ။ ရတာပေါ့။”
လီဝမ်ဟွေ့သည် ထိုအခါမှ သက်ပြင်းချလိုက်နိုင်တော့သည်။
သို့သော် နင်ဇောင်ဝူမှာမူ အလွန်အမင်း နာကျင်သော မျက်နှာထားဖြင့် ညည်းတွားလိုက်သည်။ “ငါ့ရဲ့ လွတ်လပ်မှုတွေ။ ရသေ့တစ်ပါးလို အေးချမ်းတဲ့ ငါ့ဘဝတွေ။”
သူ အမှန်တကယ် နာကျင်နေရခြင်း ဖြစ်သည်။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ဤလောကကြီးနှင့် ချည်နှောင်ခံထားရပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာရန် အိပ်မက်မက်ခဲ့သည်။ လွတ်လပ်ခွင့် ရတော့မည့် အချိန်ကျမှ ပါရမီရှင် တပည့်တစ်ယောက်နှင့် ထပ်မံ ချည်နှောင်ခံလိုက်ရပြန်သည်။
ထို့နောက် နင်ဇောင်ဝူ မေးလိုက်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ။”
သောက်ကျိုးနည်း။ လီဝမ်ဟွေ့က သူ့နာမည်ကို အကြိမ်ကြိမ် ပြောခဲ့သော်လည်း ဤဆရာသခင်ကြီးက တစ်ခါမှ မှတ်ထားသည့် ပုံမရချေ။
“တုပိုင်ပါ။” တုပိုင် ပြန်ဖြေလိုက်သည်။
နင်ဇောင်ဝူ ပြောလိုက်သည်။ “တုပိုင်။ မင်းက မကြာခင် ငါ့တပည့် ဖြစ်လာတော့မယ်။ ငါ မင်းကို မေးချင်တာက ဒီမေးခွန်း ၁၀ ခုကို မင်း ဘယ်လိုလုပ်ပြီး မှန်အောင် ဖြေနိုင်တာလဲ။ ဒီကမ္ဘာကြီးကို ငါ နားလည်ထားသလောက်ဆိုရင် ဒါက လုံးဝ ဖြစ်နိုင်စရာ မရှိဘူး။”
အကယ်၍ သူသာ ဤမေးခွန်း၏ အဖြေကို မရလျှင် အမှန်တကယ် ရူးသွပ်သွားပြီး ဘဝ၏ အဓိပ္ပာယ်ကို စတင် မေးခွန်းထုတ်လာပေလိမ့်မည်။
တုပိုင် ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ ကိုယ်ပိုင်အသိပညာအရဆိုရင် အများဆုံး တစ်ဝက်လောက်ပဲ ဖြေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မနေ့ညက အိပ်မက်ထဲမှာ နတ်ဘုရားတစ်ပါး ပေါ်လာပြီး ဒီခက်ခဲတဲ့ မေးခွန်းတွေ အားလုံးကို သင်ပေးသွားပါတယ်။”
နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။
အိမ်မက်ထဲမှ နတ်ဘုရာက သင်ကြားပေးသည်ဆိုသောကြောင့် နင်ဇောင်ဝူသက်ပျင်းချလိုက်မိသည်။ နေမင်းကြီးအနောက်ဘက်မှ ထွက်လာစရာမလိုတော့ချေ။ အရှေ့ဘက်မှ ထွက်လာလို့ရပြီဖြစ်သည်။
ထို့ပြင် အိပ်မက်ထဲတွင် နတ်ဘုရား ပေါ်လာခြင်းသည် ဟန်မင်းဆက်၏ ပထမဆုံးနှင့် အကျော်ကြားဆုံး ဝန်ကြီးချုပ် ကျန်းလျန်ကဲ့သို့ပင် ဤကမ္ဘာတွင် အလွန် မွန်မြတ်ပြီး လူကြိုက်များသော ယုံကြည်မှုတစ်ခု ဖြစ်သည်။
နင်ဇောင်ဝူ၏ မျက်လုံးများတွင် တုပိုင်အပေါ် ကြင်နာမှုများ ပိုမို တိုးပွားလာပြီး ပြောလိုက်သည်။ “တုပိုင်။ မင်း ကိုယ့်အရည်အချင်းနဲ့ တစ်ဝက်လောက် ဖြေနိုင်တယ်ဆိုတာကပဲ အလွန် ထူးချွန်နေပါပြီ။ မင်းက ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်နေပါပြီ။ ပြီးတော့ မင်းက အံ့သြစရာကောင်းလောက်အောင် အမှတ် ၁၀၀ တောင် ရခဲ့တယ်။ ဒါက ငါ့အဖြေထက်တောင် ပိုပြီး တိကျကောင်းမွန်နေသေးတယ်။ ဒါကြောင့် မင်းကို ငါ့တပည့်အဖြစ် လက်ခံပါမယ်။”
တုပိုင် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ကျောင်းသား တုပိုင်။ ဆရာသခင်ကြီးကို ဂါရဝပြုပါတယ်။”
နင်ဇောင်ဝူ ပြောလိုက်သည်။ “မင်း တောအုပ်ထဲမှာ လမ်းသွားလျှောက်ဦး။ ငါ မင်းရဲ့ မွေးစားအဖေနဲ့ ပြောစရာ ရှိတယ်။”
တုပိုင် ချက်ချင်း ဆုတ်ခွာသွားပြီး မီတာရာချီ ဝေးကွာသော နေရာသို့ ထွက်သွားလိုက်သည်။
**--**--**--**--**--**--**--**
“ငါ သူ့ကို တပည့်အဖြစ် လက်ခံဖို့ သဘောတူပြီးပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။” နင်ဇောင်ဝူ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး။” လီဝမ်ဟွေ့ ပြောလိုက်သည်။
“ငါ သူ့ကို သင်ပေးဖို့ မင်း ဘယ်လိုရည်မှန်းချက်မျိုး ထားရှိလဲ။” နင်ဇောင်ဝူ မေးလိုက်သည်။ “မင်းတို့ မိန်းမစိုးဂိုဏ်းက လက်တွေ့ကျတဲ့ လူတွေလေ။ ပြောပါဦး။ တုပိုင်ကို ဒီလွှတ်လိုက်တာ ဘာရည်ရွယ်ချက် ရှိလဲ။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “ကျွန်တော့် မွေးစားသားက လွန်ခဲ့တဲ့ တစ်လလောက်အထိ ဘဝကို ရေစုန်မျောပြီး နေခဲ့တာပါ။ သေမင်းနဲ့ ရင်ဆိုင်ရပြီးမှ ရုတ်တရက် အမှားကို သိမြင်ပြီး ဘဝသစ် စတင်ခဲ့တာပါ။”
နင်ဇောင်ဝူ ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ရှားပါးသော်လည်း သူ မြင်ဖူးသည်။ သို့သော် သူ စိတ်မရှည်တော့သဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “လိုရင်းကိုပဲ တိုက်ရိုက်ပြောစမ်းပါ။ မင်းရဲ့ ရည်မှန်းချက်က ဘာလဲ။ ငါ့ဆီမှာ ဘယ်နှနှစ်လောက် သင်စေချင်တာလဲ။ ဘယ်အဆင့်ထိ ရောက်စေချင်တာလဲ။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “သူက နောက် ၅ လနေရင် မိန်းမစိုးအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲ ဖြေရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သူ့ကို ထိပ်ဆုံး ၁၀ ယောက် ဒါမှမဟုတ် ထိပ်ဆုံး ၅ ယောက်ထဲ ဝင်စေချင်တာပါ။”
အမှန်တကယ်တွင် တုပိုင်သည် ပထမရလိုသော်လည်း လီဝမ်ဟွေ့ မသိပေ။ သူ့အမြင်တွင် ယန်ရှီကို နိုင်လျှင်ပင် လုံလောက်ပြီဟု ထင်မှတ်ထားသည်။
နင်ဇောင်ဝူ မေးလိုက်သည်။ “ဒါဆို အခု သူ့ရဲ့ အဆင့်က ဘယ်လိုရှိလဲ။”
လီဝမ်ဟွေ့ ပြောလိုက်သည်။ “သူက မြင်းထိုင်၊ သိုင်းပညာနဲ့ အဂ္ဂိရတ်ပညာတွေရဲ့ အခြေခံ သဘောတရားတွေကိုပဲ ကျွမ်းကျင်ပါသေးတယ်။ ပြီးခဲ့တဲ့ စာမေးပွဲကြီးမှာ သူက တစ်တန်းလုံးမှာ နောက်ဆုံး ရခဲ့တယ်။ ဒါကြောင့် သူက အစကနေ ပြန်သင်ရမယ့် သဘောပါပဲ။ ကျွန်တော်က သူ့ကို ၅ လအတွင်း နောက်ဆုံးအဆင့်ကနေ ထိပ်ဆုံး ၅ ယောက်စာရင်းဝင် ဖြစ်လာစေချင်တာပါ။”
“ဘယ်လို...။” နင်ဇောင်ဝူ မယုံနိုင်စွာ အာမေဋိတ် ပြုလိုက်သည်။ “မင်း ဘာပြောလိုက်တာလဲ။”
စိတ်ပျက်လက်ပျက် ဖြစ်သွားသဖြင့် ဆရာသခင်ကြီးသည် ရိုင်းစိုင်းသော စကားလုံးများနှင့် ဒေသိယစကားကို သုံးနှုန်းလိုက်ရသည်။ ဆရာသခင်ကြီးသည် ဟဲနန်ပြည်နယ်သား ဖြစ်သည်။
အကယ်၍ အင်္ဂလိပ်စာသာ ရှိခဲ့လျှင် ယခုအချိန်တွင် နင်ဇောင်ဝူ၏ စိတ်အခြေအနေကို ဤသို့ ဖော်ပြရပေလိမ့်မည်။ ‘Are you kidding me?’ (မင်း ငါ့ကို နောက်နေတာလား)။
ခေတ်သစ်ကမ္ဘာမြေ စကားဖြင့် ဆိုရလျှင်မူ ငါ့မှာ ပြောစရာ သောက်စကားတစ်ခွန်း ရှိတယ်။ ဒါပေမဲ့ ပြောသင့် မပြောသင့် ငါ မသိဘူး။ ဟူ၍ ဖော်ပြရပေမည်။
အပိုင်း ၈၀ ပြီး။