← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang'e 🌕

(Book 9 ကလေး free ချထားပေးပါတယ်ဗျ။ နှစ်သစ်အတွက်ပါ။ ^^)

နင်ဇောင်ဝူ ပြောလိုက်သည်။ "မင်းဆိုလိုတာက ငါက တုပိုင်ကို ၅ နှစ်စာ သင်ရိုးတွေကို ၅ လနဲ့ ပြီးအောင် သင်ပေးရမယ်။ ပြီးတော့ ထိပ်ဆုံးအဆင့် ရောက်အောင် လုပ်ပေးရမယ်ပေါ့။"

လီဝမ်ဟွေ့ ခေါင်းညိတ်လိုက်သည်။

နင်ဇောင်ဝူ မေးလိုက်သည်။ "ဒါဆို လီဝမ်ဟွေ့။ ငါမင်းကိုမေးမယ်။ သိုင်းပညာ သက်သက်အရ ပြောရရင် မိန်းမစိုးအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲမှာ ထိပ်ဆုံး ၅ ယောက်စာရင်းဝင်ဖို့ ဘယ်လိုအဆင့်မျိုး လိုအပ်သလဲ။"

"သိုင်းပညာရှင် အဆင့် ၇ ပါ။" လီဝမ်ဟွေ့ ပြောလိုက်သည်။

"ဟုတ်တယ်။ သိုင်းပညာရှင် အဆင့် ၇။" နင်ဇောင်ဝူ ပြောလိုက်သည်။ "မင်း သိုင်းပညာကို သုညကနေ စသင်ခဲ့တုန်းက သိုင်းပညာရှင် အဆင့် ၇ ဖြစ်လာဖို့ ဘယ်နှနှစ် ကြာခဲ့လဲ။"

"လေးနှစ်ခွဲပါ။" လီဝမ်ဟွေ့ ပြောလိုက်သည်။

နင်ဇောင်ဝူ မေးလိုက်သည်။ "အဲဒီတုန်းက ဘွဲ့ယူစာမေးပွဲမှာ မင်းက အဆင့်ဘယ်လောက် ရခဲ့လဲ။"

"ပထမပါ။" လီဝမ်ဟွေ့ ဖြေလိုက်သည်။

နင်ဇောင်ဝူ ပြောလိုက်သည်။ "မင်းလို ထူးချွန်တဲ့သူတောင် ၄ နှစ်ခွဲ ကြာခဲ့တယ်။ တိုင်းပြည်အနှံ့ ကျော်ကြားတဲ့ ဆရာသခင်ကြီး ဖြစ်တဲ့ ငါကလည်း တော်တော်လေး ထူးချွန်တယ် မဟုတ်လား။ ငါ သုညကနေ သိုင်းပညာရှင် အဆင့် ၇ ဖြစ်ဖို့ ဘယ်လောက်ကြာခဲ့လဲ မင်း သိလား။"

"မသိပါဘူး။" လီဝမ်ဟွေ့ ပြန်ဖြေလိုက်သည်။

"၃ နှစ်။ ၃ နှစ်တိတိ ကြာခဲ့တယ်။" နင်ဇောင်ဝူ ပြောလိုက်သည်။ "ငါက သိုင်းပညာပါရမီရှင် စစ်စစ်ပဲ။ ဒါတောင် ၃ နှစ်တိတိ ကြာခဲ့တယ်။ အခု မင်းက တုပိုင်ကို ၅ လအတွင်းမှာ သုညကနေ အဆင့် ၇ ရောက်အောင် လုပ်ခိုင်းနေတာလား။ မင်း ​အိပ်မက်မက်နေတာလား။ အာရုံတက်ချိန် ရောက်နေပြီ။ ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ။"

နင်ဇောင်ဝူ၏ အမြင်တွင် ဤကိစ္စသည် ပါရမီရှင် ဟုတ်မဟုတ် မေးခွန်းထုတ်စရာ မဟုတ်တော့ဘဲ ဉာဏ်ရည်ဉာဏ်သွေး ရှိမရှိ မေးခွန်းထုတ်ရမည့် ကိစ္စ ဖြစ်နေသည်။

ထို့ပြင် တုပိုင် ပြောခဲ့သလို သူသည် အိပ်မက်ထဲတွင် နတ်ဘုရား လာရောက်သင်ကြားပေးမှုကြောင့် စာပေပုစ္ဆာများကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သိုင်းပညာလေ့ကျင့်ခြင်းမှာမူ တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း တက်လှမ်းရသော အရာဖြစ်သည်။

သူသည် စာပေဘက်တွင် ပါရမီရှင် ဖြစ်နေလျှင်ပင် သိုင်းပညာဘက်တွင် ပါရမီရှင် ဖြစ်ချင်မှ ဖြစ်မည်။ ပါရမီရှင် ဖြစ်လျှင်ပင် သဘာဝတရားကို ဆန့်ကျင်၍ မရနိုင်ပေ။

အခြားသူများ ၄ နှစ် ၅ နှစ်ကြာမှ ပြီးမြောက်နိုင်မည့် သိုင်းပညာခရီးလမ်းကို ၅ လနှင့် ပြီးအောင် လုပ်ရမည်တဲ့လော။ ဤသည်မှာ လုံးဝ ရူးသွပ်မှု သက်သက်သာ ဖြစ်ပြီး အိမ်မက်ထဲ၌ပင် မဖြစ်နိုင်ချေ။

နင်ဇောင်ဝူ ပြောလိုက်သည်။ "လီဝမ်ဟွေ့။ မင်း ဦးနှောက် ပျက်သွားတာလား။ ဘာလို့ ပေါက်ကရတွေ ပြောနေတာလဲ။"

လီဝမ်ဟွေ့သည် အားနာပါးနာ ပြုံးလိုက်သည်။ သူ၏ တောင်းဆိုမှုသည် အဓိပ္ပာယ်မရှိကြောင်း သူ သိပါသည်။

သို့သော် နင်ဇောင်ဝူသည် သူ၏ အကြီးမားဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ လက်ရှိ လီဝမ်ဟွေ့သည် နောက်ပိုင်းခေတ်မှ ထီထိုးသော သူများ၏ အတွေးနှင့် သွား၍ တူညီနေသည်။ တစ်ခါလောက် ပေါက်ခဲ့လျှင် မည်သို့ရှိမည်နည်း။

နင်ဇောင်ဝူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မင်းက တုပိုင်ကို နှစ်အနည်းငယ်အတွင်းမှာ ငါ့လက်အောက်မှာ ထူးချွန်တဲ့ သိုင်းပညာရှင် တစ်ယောက် ဖြစ်စေချင်တယ်ဆိုရင် ဒါက လုံးဝ ဖြစ်နိုင်တယ်။"

"ဒါပေမဲ့ မင်းက သာမန်လူတစ်ယောက် အဆင့်ကနေ ၅ လအတွင်း အဆင့် ၇ သိုင်းပညာရှင်အဖြစ် ပြောင်းလဲပေးဖို့ တောင်းဆိုတာကတော့ ငါ မလုပ်နိုင်ဘူး။ ဒီလောကမှာ ဘယ်သူမှလည်း မလုပ်နိုင်ဘူး။ ကျေးဇူးပြုပြီး ပြန်ပါတော့။"

နင်ဇောင်ဝူ အလွန် ဒေါသထွက်နေမိသည်။ လီဝမ်ဟွေ့သည် သိုင်းပညာကို လုံးဝ စော်ကားလိုက်သည်ဟု သူ ခံစားလိုက်ရသည်။ သိုင်းပညာတွင် ဖြတ်လမ်းမရှိချေ။

လီဝမ်ဟွေ့ ဒေါသ မထွက်ပေ။ သူ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။"

နင်ဇောင်ဝူ ပြောလိုက်သည်။ "ကြိုးစားကြည့်စရာကို မလိုတာ။ ငါတို့အချိန်တွေ ဖြုန်းတီးရာပဲ ကျမယ်။"

လီဝမ်ဟွေ့ ပြောလိုက်သည်။ "ဆရာသခင်ကြီး ကတိပေးပြီးပြီပဲ။ စကား ပြန်ရုပ်သိမ်းတော့မလို့လား။"

ဘွဲ့ယူစာမေးပွဲ ဖြေဆိုရန် ၅ လသာ လိုတော့သဖြင့် လီဝမ်ဟွေ့တွင် လောင်းကြေးထပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

နင်ဇောင်ဝူသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။ "သိုင်းပညာ စာမေးပွဲရဲ့ ပထမဆုံး ဘာသာရပ်က ဘာလဲ။"

"ခွန်အားနဲ့ လျင်မြန်ဖျတ်လတ်မှုပါ။" လီဝမ်ဟွေ့ ပြောလိုက်သည်။ "ခွန်အားက ၁၀ မှတ်နဲ့ လျင်မြန်ဖျတ်လတ်မှုက ၁၀ မှတ်ပါ။"

ဘွဲ့ယူစာမေးပွဲတွင် သိုင်းပညာသည် စုစုပေါင်း အမှတ် ၁၅၀ ဖိုး ပါဝင်သည်။ ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုက အမှတ် ၂၀။ မြှားပစ်က အမှတ် ၃၀ နှင့် သိုင်းကွက် စွမ်းရည်များက အမှတ် ၁၀၀ ဖြစ်သည်။

တုပိုင်သည် ခွန်အားဘာသာရပ်တွင် အမှတ်ပြည့် ရရှိထားပြီး ဖြစ်သည်။ သူ ဆက်လက် သင်ယူရမည့် ဒုတိယ ဘာသာရပ်မှာ လျင်မြန်ဖျတ်လတ်မှုဖြစ်သည်။

နင်ဇောင်ဝူ မေးလိုက်သည်။ "တုပိုင်ရဲ့ သိုင်းပညာအဆင့်က အတိအကျ ဘယ်လိုရှိလဲ။"

လီဝမ်ဟွေ့ ပြောလိုက်သည်။ "ခွန်အား ၅၀၀ ကျင်းအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ လျင်မြန်ဖျတ်လတ်မှုကတော့ သုညပါပဲ။"

မိန်းမစိုးအကယ်ဒမီ၏ သိုင်းပညာ စာမေးပွဲသည် ခွန်အားကို များစွာ မလိုအပ်ပေ။ လက်မောင်းအား ၅၀၀ ကျင်း ကျော်လွန်သူ မည်သူမဆို အမှတ်ပြည့် ရနိုင်သည်။

လျင်မြန်ဖျတ်လတ်မှု စစ်ဆေးခြင်းတွင်မူ တစ်စက္ကန့်အတွင်း ဓားချက် ၁၀ ချက် ထိုးသွင်းရမည် ဖြစ်ပြီး ပစ်မှတ် ၁၀ ခုစလုံးကို တိကျစွာ ထိမှန်ရမည် ဖြစ်သည်။ ထိုပစ်မှတ် ၁၀ ခုမှာ ကောင်းကင်ပေါ်သို့ ကျပန်း ပစ်တင်လိုက်သော ကျောက်စရစ်ခဲလေးများ ဖြစ်သည်။

တစ်စက္ကန့်ဟု သတ်မှတ်ရခြင်းမှာ ထိုကျောက်ခဲများသည် လေထဲသို့ ပစ်တင်လိုက်ပြီးနောက် တစ်စက္ကန့် အကြာတွင် မြေကြီးပေါ်သို့ ပြန်ကျလာမည် ဖြစ်သောကြောင့် ဖြစ်သည်။

အပိုင်း ၈၁ ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ခွန်အားကို လေ့ကျင့်ခြင်းသည် သိုင်းပညာ၏ ပထမ သင်ခန်းစာ ဖြစ်ပြီး လျင်မြန်ဖျတ်လတ်မှုသည် ဒုတိယ သင်ခန်းစာ ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် လျင်မြန်ဖျတ်လတ်မှု သင်တန်းများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အား နှစ်မျိုးစလုံးကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။

ထို့ကြောင့် မိန်းမစိုးအကယ်ဒမီတွင် လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ပြီးမြောက်ရန် စာသင်နှစ်ဝက်ကိုပင် အချိန်ယူရသည်။

ခွန်အား မွေးမြူခြင်းနှင့် နှိုင်းယှဉ်လျှင် လျင်မြန်ဖျတ်လတ်မှုသည် အောင်မြင်ရန် ပိုမို ခက်ခဲသည်။

လျင်မြန်ဖျတ်လတ်မှုနှင့် အတွင်းအားနိုးထခြင်းတို့ကို သိုင်းပညာ သင်ရိုးများတွင် အရေးအကြီးဆုံးနှင့် အခက်အခဲဆုံး သင်ခန်းစာနှစ်ခုအဖြစ် သတ်မှတ်ကြသည်။

မိန်းမစိုးများအတွက်မူ ခွန်အားသည် အရေးအကြီးဆုံး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိန်းမစိုးများတွင် ယန်စွမ်းအင် ကင်းမဲ့နေပြီး သဘာဝအလျောက် သိပ်ပြီး မသန်မာကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လျင်မြန်ဖျတ်လတ်မှုသည် အလွန် အရေးပါပြီး မိန်းမစိုးတစ်ယောက်၏ သိုင်းပညာ အဆင့်အတန်းကို တိုက်ရိုက် ဆုံးဖြတ်ပေးနိုင်သည်။

ထို့ကြောင့် အရွတ်နှင့် ခွန်အားကို ပူးတွဲလေ့ကျင့်ခြင်းသည် ၃ လသာ ကြာသော်လည်း လျင်မြန်ဖျတ်လတ်မှု သင်တန်းသည် စာသင်နှစ် တစ်ဝက်တိတိ ကြာမြင့်သည်။

“တုပိုင်။ ဒီကို လာခဲ့။” နင်ဇောင်ဝူ လှမ်းခေါ်လိုက်သည်။

တုပိုင် သစ်တောအုပ်ထဲမှ ပြေးထွက်လာသည်။

နင်ဇောင်ဝူသည် သစ်ကိုင်းတစ်ချောင်းကို ပေါ့ပါးစွာ ချိုးလိုက်ပြီး လက်ဖြင့် ဖွဖွလေး ပွတ်သပ်လိုက်ရာ ချက်ချင်းပင် သစ်စများ လွင့်စဉ်သွားပြီး သစ်ကိုင်းမှာ သစ်သားဓားတစ်ချောင်း ဖြစ်သွားလေသည်။

ဤအဘိုးကြီး၏ သိုင်းပညာ စွမ်းရည်မှာ အမှန်တကယ်ပင် ထူးကဲလှသည်။

နင်ဇောင်ဝူ ပြောလိုက်သည်။ “မင်းရဲ့ အမြန်နှုန်းနဲ့ အားအကုန်သုံးပြီး လေထဲကို ပျံတက်သွားမယ့် ကျောက်ခဲတွေကို ထိုးရမယ်။ ငါတို့ မင်းရဲ့ လျင်မြန်ဖျတ်လတ်မှုကို စမ်းသပ်ကြမယ်။”

“ဟုတ်ကဲ့ပါ။” တုပိုင် ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် သစ်သားဓားကို ဆုပ်ကိုင်လိုက်ပြီး အသက်အောင့်ကာ အာရုံစူးစိုက်ထားလိုက်သည်။ မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားလိုက်၏။

နင်ဇောင်ဝူသည် ခြေထောက်ကို မြေကြီးပေါ်သို့ ဖွဖွလေး ဆောင့်နင်းလိုက်ရာ ရာပေါင်းများစွာသော ကျောက်စရစ်ခဲများသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး ၃ မီတာ၊ ၄ မီတာခန့် အမြင့်သို့ ရောက်ရှိသွားသည်။

“စမယ်။” နင်ဇောင်ဝူ အမိန့်ပေးလိုက်သည်။

တုပိုင် လျင်မြန်စွာ ဓားကို ဆွဲထုတ်လိုက်သည်။

“ပြီးပြီ။”

တစ်စက္ကန့် ဆိုသည်မှာ မျက်စိတစ်မှိတ်မျှသာ။

တုပိုင်၏ ရလဒ်များ ထွက်ပေါ်လာသည်။ သူသည် တစ်စက္ကန့်အတွင်း ဓားချက် နှစ်ချက် ထိုးသွင်းနိုင်ခဲ့သော်လည်း ကျောက်စရစ်ခဲ တစ်လုံးကိုမျှ ထိအောင် မထိုးနိုင်ခဲ့ပေ။

မှန်ပါသည်။ ဤသည်မှာ လုံးဝကို အစပြုသူ အဆင့်သာ ရှိပြီး သာမန်လူထက်ပင် ပိုမို ညံ့ဖျင်းနေသေးသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ လျင်မြန်ဖျတ်လတ်မှု ပါရမီမှာ အလွန် နိမ့်ပါးသောကြောင့် ဖြစ်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ၏ စူးရှသော မျက်လုံးများရှေ့တွင် တိုပိုင်တစ်​ယောက် သိုင်းပညာပိုင်းဆိုင်ရာ ဉာဏ်ကြီးရှင်တစ်​​ယောက်ကဲ့သို့ ဟန်ဆောင်၍ မရပေ။

နင်ဇောင်ဝူ ပြောလိုက်သည်။ “သာမန်လူတစ်ယောက်က လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ပြီးမြောက်ဖို့အတွက် စိတ်စွမ်းအားနဲ့ သွေးကြောစနစ်အထောက်အပံ့ လိုအပ်ပြီး လေ့လာဖို့ ၆ လ အချိန်ယူရတယ်။”

“မင်းက တုပိုင်ကို ၅ နှစ်စာလောက်ရှိတဲ့ သင်ခန်းစာတွေကို ၅ လနဲ့ ပြီးစေချင်တယ်ဆိုတော့ သူ့ရဲ့ သင်ယူမှုနှုန်းက ဘာသာရပ်တိုင်းမှာ တခြားသူတွေထက် ၁၀ ဆ ပိုမြန်ရမယ်။ ဒါကြောင့် သူ ဒီလျင်မြန်ဖျတ်လတ်မှု သင်တန်းကို ပြီးဖို့ ၁၈ ရက်ပဲ အချိန်ရမယ်။ ဟုတ်တယ်မလား။”

လီဝမ်ဟွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

“ကောင်းပြီလေ။ ငါ သူ့ကို ၁၈ ရက် အချိန်ပေးမယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “တကယ်လို့ ၁၈ ရက် ကြာပြီးတဲ့နောက် သူက လျင်မြန်ဖျတ်လတ်မှု သင်တန်းကို အမှတ်ပြည့်နဲ့ အောင်မြင်ခဲ့ရင် မင်းရဲ့ ဒီနေ့ခင်းကြောင်တောင်အိပ်မက်ကြီး ဖြစ်လာဖို့အတွက် ငါ ဘယ်လိုနည်းနဲ့မဆို ကူညီပြီး သူ့ကို လေ့ကျင့်ပေးမယ်။”

“တကယ်လို့ ၁၈ ရက်နေလို့မှ သူ ကျရှုံးခဲ့ရင်တော့ ငါတို့ အပြန်အလှန် အချိန်မဖြုန်းကြဘဲ သူ့ကို ပြန်လွှတ်လိုက်ရလိမ့်မယ်။”

“ကောင်းပါပြီ။” လီဝမ်ဟွေ့ ပြောလိုက်သည်။ “သဘောတူပါတယ်။ ကျွန်တော် ဝမ်ဟွိုင်းရှိုနဲ့ ကလေးကို အမြန်ဆုံး ကယ်ထုတ်ပေးပါ့မယ်။”

နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါဆိုရင်လည်း မင်း သွားလို့ရပြီ။ ငါ မင်းကို မတားတော့ဘူး။ တုပိုင်။ ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ တခြား ဂိုဏ်းတူအစ်ကိုတွေနဲ့ သွားတွေ့ရအောင်။”

ထိုသို့ ပြောပြီးနောက် နင်ဇောင်ဝူသည် ကြာပန်းကျောင်းတော်ဘက်သို့ လှမ်းလျှောက်သွားပြီး လီဝမ်ဟွေ့ကို ကျောင်းတော်တံခါးဝသို့ ခြေတစ်လှမ်းမျှပင် ကျော်ခွင့်မပေးခဲ့ချေ။

“သွားခွင့်ပြုပါဦး။” လီဝမ်ဟွေ့ ဦးညွှတ်လိုက်သည်။

ထို့နောက် သူသည် တုပိုင်၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်ပြီး ပြောလိုက်သည်။ “မင်း ဘွဲ့ယူစာမေးပွဲ ဖြေတဲ့အခါ မွေးစားအဖေ လာကြိုမယ်။”

တုပိုင် ပြောလိုက်သည်။ “မွေးစားအဖေ။ ဂရုစိုက်ပြီး ပြန်ပါ။”

လီဝမ်ဟွေ့ လှည့်ထွက်သွားသည်။ တုပိုင်သည် အချိန်အတန်ကြာမှ တောင်တံခါးဝသို့ ဝင်ရောက်ပြီး ကြာပန်းကျောင်းတော်ထဲသို့ ဝင်သွားလိုက်သည်။

**--**--**--**--**--**--**--**

“ဒါ တုပိုင်။ သူက ငါ့ဆီမှာ ခဏလောက် ပညာသင်လိမ့်မယ်။ ဒါကြောင့် မင်းတို့ရဲ့ ဂိုဏ်းတူညီလေးလို့ သတ်မှတ်လို့ ရတယ်။” နင်ဇောင်ဝူသည် တုပိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

ဝင်းထဲတွင် လူငယ် ၃ ဦး ဓားသိုင်း လေ့ကျင့်နေကြသည်။

တစ်ဦးမှာ အလွန်အမင်း ချောမောလှပပြီး တစ်ဦးမှာ ကျားကျားလျားလျားနှင့် သူရဲကောင်းဆန်ကာ ကျန်တစ်ဦးမှာမူ အလွန် ရိုးရှင်းသော ရုပ်ရည်ရှိသည်။

“တုပိုင်...။ တုရှန်လား။” အလွန် ချောမောသော လူငယ်သည် ဓားကစားနေရာမှ ရပ်တန့်လိုက်ပြီး တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်း မသေသေးပါလား။”

တစ်ဖက်လူက မြို့တော်တွင် ရှိစဉ်က တုပိုင်၏ နာမည်ကို ခေါ်လိုက်သဖြင့် တုပိုင်သည် သူ၏ မှတ်ဉာဏ်ထဲတွင် ထိုလူကို အလျင်အမြန် ရှာဖွေလိုက်သည်။ ကမ္ဘာကြီးက ကျဉ်းမြောင်းလှသည်။

ဤအလွန်အမင်း ချောမောသော လူငယ်မှာ ဖန်းကျန်ကျစ်ဖြစ်ပြီး တုပိုင်၏ ယောက်ဖဟောင်းဖြစ်သလို သူ၏ လှပသော ယခင်ကစေ့စပ်ထားသူ၏ အစ်ကိုအရင်းလည်း ဖြစ်သည်။

ဤ ဖန်းကျန်ကျစ်ဆိုသူသည် အမှန်တကယ်ပင် ပါရမီရှင် ဖြစ်သည်။ နှစ်ပေါင်း နှစ်ထောင်အတွင်း ဤကမ္ဘာကြီးတွင် မင်းဆက်များ အပြောင်းအလဲ ရှိခဲ့ပြီး မင်းဆက် ၁၃ ဆက် ပြောင်းလဲခဲ့သည်။

သို့သော် ထင်ရှားကျော်ကြားသော မိသားစုကြီး အနည်းငယ်မှာမူ ခိုင်မြဲစွာ ရပ်တည်နေနိုင်ခဲ့ပြီး မင်းဆက်များ ပြောင်းလဲသွားလျှင်ပင် အာဏာ၏ ထိပ်ဆုံးတွင် ဆက်လက် ရှိနေခဲ့သည်။

အပိုင်း ၈၂ ပြီး။

All Chapters