အခန်း (၁၂၆၇-၁၂၆၉)
Vol. 85 Ch. 1267-1269
အခန်း (၁၂၆၇ )
တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက အသက်သွေး အနှစ်သာရကို လွှဲပြောင်းပေးလိုက်သည်ကို မြင်လျှင် ရှိနေသော သူတော်စင်အဆင့် ကျင့်ကြံသူများလည်း တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး နားလည်မှု ရယူလိုက်ကြသည်။
ဤသူတော်စင်အဆင့် ကျင့်ကြံသူများသည် ပင်မခန္ဓာများ မဟုတ်ကြပဲ ကိုယ်ပွားများသာ ဖြစ်ကြသည်။ သူတို့၏ အသက်သွေး အနှစ်သာရသည် ပင်မခန္ဓာတွင်သာ ရှိနေသည်။ ယခုအချိန်တွင် အသက်သွေး အနှစ်သာရကို ပေးခိုင်းလျှင် သူတို့ လိုက်နာနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူတို့၏ ပင်မခန္ဓာများကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အမြန်ဆုံး ထွက်ပြေးခိုင်းရမလားဆိုတာကိုလည်း သူတို့ စဉ်းစားနေကြသည်။ သူတို့သည် သူတော်စင်အဆင့်များ ဖြစ်ကြပြီး သူတစ်ပါး၏ အစေခံ ဖြစ်လိုသူ အလွန်ရှားပါးသည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်တွင်ပင်သိပ်မနေလိုကြပေ။ အစေခံကဲ့သို့ နေရမည်ဆိုပါက အစောကတည်းက စည်းလုံးပြီး သူ့ကို ပုန်ကန်ခဲ့ကြပြီးဖြစ်သည်။
ဧကရာဇ်တစ်ပါးကို မပုန်ကန်နိုင်သော်လည်း သူတို့၏ ပင်မခန္ဓာများ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ခွာသွားပါက ဧကရာဇ်တစ်ပါးပင် သူတို့ကို ဘာမှမလုပ်နိုင်ပေ။ သူတို့၏ ပင်မခန္ဓာများသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိပြီး မကြာမီ ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ခွာကြတော့မည်ဟု သူတို့ ယုံကြည်ကြသည်။
သူတို့၏ ကိုယ်ပွားများသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့်အတူ ဖရိုဖရဲ ကြယ်ပင်လယ်သို့ ရောက်ရှိလာသော်လည်း ချက်ချင်းဆိုသလို ပင်မခန္ဓာများနှင့် အဆက်အသွယ် ပြတ်တောက်သွားပါက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ ရှေ့မှောက်တွင် အာကာသ ပိတ်ဆို့မှု ပြုလုပ်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေကြောင်း ဖော်ပြနေသည်။ သူတို့၏ ကိုယ်ပွားများက သတင်းအချက်အလက် မပေးပို့နိုင်လျှင်ပင် သူတို့၏ ပင်မခန္ဓာများက အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ခန့်မှန်းမိလောက်ပေသည်။
ထိုအချိန်တွင် သူ့နောက်မှ သူတော်စင်များက လျစ်လျူရှုနေသည်ကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း မြင်လိုက်ရပြီး အလွန် စိတ်တိုသွားသည်။ သူကဲ့သသို့ ဧကရာဇ်လောင်းတစ်ပါးပင် အသက်သွေး အနှစ်သာရကို ပေးအပ်ခဲ့သော်လည်း ဤသူတော်စင်များက ထိုသို့လိုက်လုပ်ရန် ဆန္ဒမရှိကြပေ။
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ချက်ချင်းပင်
“သခင်လေးဆီကို ခင်ဗျားတို့ရဲ့ အသက်သွေး အနှစ်သာရတွေ ချက်ချင်း ပေးအပ်လိုက်ကြ။”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ စကားကို ကြားသောအခါ ဝူဖုန်းက တုန်ရီစွာဖြင့်
“မင်းကြီး ...ကျွန်တော်တို့ရဲ့ ပင်မခန္ဓာတွေက တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲမှာပဲ ရှိနေတုန်းပါ။”
ထိုအရာကို ကြားလျှင် ဤပုဂ္ဂိုလ်များသည် သူတော်စင်အဆင့်များသာ ဖြစ်သေးကြောင်း တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ချက်ချင်း သတိရသွားသည်။ သူတို့က ကိုယ်ပွားများနှင့် ပေါင်းစည်းရန် မလိုသေးသဖြင့် အန္တရာယ်ရှိသော နေရာများသို့ သွားရောက်ရာတွင် အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက် ပင်မခန္ဓာများကို အသုံးပြုမည် မဟုတ်ပေ။
သူတစ်ဦးတည်းသာ အစေခံအဖြစ် ပြောင်းလဲသွားသော ဧကရာဇ်လောင်း ဖြစ်နေသည်ဟူသော အတွေးကြောင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း မကျေမနပ် ဖြစ်သွားသည်။ ထို့နောက် လုချန်းအား
“သခင်လေး... ကျွန်တော် တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို သွားပြီး သူတော်စင်အားလုံးရဲ့ အသက်သွေး အနှစ်သာရတွေကို သွားယူပေးပါ့မယ်”
ယခုအချိန်သည် သစ္စာရှိမှုကို ပြသရမည့် အချိန်ဖြစ်သည်။ ထိုသို့ လုပ်မှသာ လုချန်း၏ သတိထားမှုကို လျော့နည်းစေနိုင်မည်ဖြစ်ပြီး နောင်တစ်ချိန် သူ ဧကရာဇ် ဖြစ်လာရန် ကြိုးပမ်းရာ၌ လုချန်း၏ နှောင့်ယှက်မှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ရှိနေသူများ၏ သစ္စာရှိမှုကို လုချန်း အကဲခတ်ကြည့်လိုက်ပြီး သူတို့ ဘာကြံစည်နေမှန်း ချက်ချင်းသိလိုက်သည်။ ထို့နောက် ခပ်အေးအေးပင်
“ကောင်းပြီ... ခင်ဗျားတို့အားလုံး သွားနိုင်ပြီ။ နောက်နောင် ကျုပ် အမိန့်မရှိပဲ ဖရိုဖရဲ ကြယ်ပင်လယ်ထဲကို ဝင်ခွင့်မရှိဘူး။”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက လေးစားစွာဖြင့်
“သခင်လေးရဲ့ အမိန့်ကို ကျွန်တော်တိတိကျကျ လိုက်နာပါ့မယ်”
ထို့နောက် လုချန်းက သူ့ရှေ့မှ ရွှေရောင်သံချပ်ကာဝတ် ဧကရာဇ်ကို
“ကောင်းပြီ... အာကာသ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်တော့”
လုချန်း အမိန့်ပေးလိုက်သည်နှင့် ရွှေရောင်သံချပ်ကာဝတ် ဧကရာဇ်က အာကာသ ပိတ်ဆို့မှုကို ချက်ချင်း ဖယ်ရှားပေးလိုက်သည်။ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်သည့် ခဏ၌ ရှိနေသော ကျင့်ကြံသူများသည် စိတ်အာရုံ ချိတ်ဆက်မှုကို အသုံးပြုကာ သူတို့၏ ပင်မခန္ဓာများကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ချက်ချင်း ထွက်ပြေးရန် တိုက်တွန်းလိုက်ကြသည်။
သူတို့၏ အသက်သွေး အနှစ်သာရသာ သူတစ်ပါးလက်ထဲ ရောက်ရှိသွားပါက သူတို့၏ ဘဝတစ်လျှောက်လုံး ပြန်လည်ရုန်းထနိုင်တော့မည် မဟုတ်ပေ။ မည်သည့်အခြေအနေမျိုးတွင်မဆို သူတို့၏ ပင်မခန္ဓာများကို ထိုလူအား ထိန်းချုပ်ခွင့် မပြုနိုင်ပေ။
ထိုလူများသည် ပင်မခန္ဓာများကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အမြန်ဆုံး ထွက်ပြေးစေရန် စိတ်အာရုံကို အသုံးပြုကြမည်မှန်း လုချန်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း သူ လုံးဝ ဂရုမစိုက်ပေ။
ရွှေရောင်သံချပ်ကာဝတ် ဧကရာဇ်ကို အာကာသ ပိတ်ဆို့မှု ဖယ်ရှားခိုင်းလိုက်သည့် အချိန်၌ပင် လုချန်းက ရွှေရောင်သံချပ်ကာဝတ် ဧကရာဇ်ကို
“သွားကြစို့”
ထိုသို့ပြောပြီးနောက် လုချန်းနှင့် အဖွဲ့သည် ချန်ရန်ကမ္ဘာ၏ တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ရှေ့သို့ ရောက်ရှိသွားပြီး ကောင်းကင်မီးကမ္ဘာသို့ တိုက်ရိုက် ရွှေ့ပြောင်းသွားကြသည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်ရှိရန် လုချန်းအတွက် တစ်မိနစ်ပင် မကြာလိုက်ပေ။ ထိုသူတော်စင်များက စိတ်အာရုံကို အသုံးပြု၍ ပင်မခန္ဓာများထံ သတင်းပို့လျှင်ပင် ဖရိုဖရဲ ကြယ်ပင်လယ်မှ လုချန်း မရောက်လာခင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အင်အားစုအသီးသီးသည် သူတို့ကြယ်နယ်မြေအတွင်းသို့ ပြန်ရောက်လာသောအခါ လုချန်းက သူတို့နောက် လိုက်မလာသည့်အပြင် စောင့်ကြည့်ရန် လူမလွှတ်လိုက်ခြင်းတို့ကြောင့် ထူးဆန်းနေကြသည်။
သူတို့ ပြန်ရောက်သည်နှင့် ထွက်ပြေးသွားကြမှာကို ထိုလူက မကြောက်ဘူးလား။ မည်သူမှ သူတစ်ပါး၏ အစေခံ မဖြစ်လိုကြပေ။ အထူးသဖြင့် သူတော်စင်အဆင့်အထိ ရောက်ပြီးသူများအတွက် ဖြစ်သည်။
သို့မဟုတ် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ရှိနေသရွေ့ သူတို့ ထွက်ပြေးချင်လျှင်ပင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ခွင့်ပြုမည် မဟုတ်ဟု ထိုလူ ခံစားမိနေခြင်းလား။
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် သူတို့နောက်မှ ဟင်းလင်းပြင်ကို အာရုံစိုက်နေချိန်တွင် နဂါးစီးဂိုဏ်းမှ နတ်လှေအများအပြား ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးများ ဖုံးလွှမ်းနေသော အမျိုးသားတစ်ဦး ဟင်းလင်းပြင်ထဲသို့ လွင့်စင်လာသည်။
လူအားလုံး၏ မျက်လုံးများသည် နဂါးစီးဂိုဏ်း၏ နတ်လှေများ ရှိရာနေရာသို့ ကျရောက်သွားသည်။ သေချာကြည့်လိုက်သောအခါ ထိုသွေးအလိမ်းလိမ်းနှင့် လူမှာ နဂါးစီးဂိုဏ်း၏ ဂိုဏ်းချုပ် ဝူဖုန်း ဖြစ်နေသည်။
ဝူဖုန်းက တောင်းပန်လိုက်သည်။
“မင်းကြီး... ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာဧကရာဇ် သင်္ချိုင်း ရှိတယ်ဆိုတဲ့ သတင်းကို ချန်ဟိုင်ဂိုဏ်းက ပေးခဲ့တာပါ။ ဖရိုဖရဲ ကြယ်ပင်လယ်ထဲမှာ ဧကရာဇ်တစ်ပါး ရှိနေတာကို ကျွန်တော်တို့လည်း မသိခဲ့ပါဘူး။”
ဝူဖုန်းကို ထိုကဲ့သို့ သနားစရာအခြေအနေဖြင့် မြင်လိုက်ရသောအခါ ရှိနေသော အင်အားစုကြီးများမှ ကျင့်ကြံသူများ ကျိတ်၍ သဘောကျနေကြသည်။ နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ ယုံကြည်မှုကို အားကိုးပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်း မိုက်ရိုင်းစွာ ပြုမူခဲ့သည်။ အင်အားစု အမြောက်အမြားကို စော်ကားခဲ့ဖူးသည်။
ဒီတစ်ခါတော့ နဂါးစီးဂိုဏ်းက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းအတွက် ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု တူးပေးလိုက်ပြီး ကပ်ဘေးကြီးတစ်ခု ဆိုက်သလို ရလဒ်မျိုးထွက်လာမည်ဟု မည်သူမှ မထင်ထားကြ ပေ။ ယခုကိစ္စပြီးလျှင် နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲ၌ ဆက်နေနိုင်တော့မည် မဟုတ်ပေ။
ယခုအချိန်လောက်ဆိုလျှင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲရှိ နဂါးစီးဂိုဏ်းမှ လူများသည် ဖရိုဖရဲ ကြယ်ပင်လယ်မှ သတင်းစကားကို လက်ခံရရှိပြီး ထွက်ပြေးရန် ပြင်ဆင်နေလောက်ပြီ ဖြစ်သော်လည်း သူတို့၏ ကိုယ်ပွားများ သေဆုံးသွားခြင်းကြောင့် နဂါးစီးဂိုဏ်းမှ အဆင့်မြင့် အဖွဲ့ဝင်အားလုံး၏ အင်အား အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
ထိုအရာကို တွေးမိပြီး အင်အားစုအသီးသီးမှ ကျင့်ကြံသူများ အလွန် စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်တွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဝူဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်နေပြီး ဝူဖုန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေပုံ ပေါ်သည်။
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဝူဖုန်းကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျားရဲ့ ပင်မခန္ဓာက တောင်ဝင်တောင်တန်း ကြယ်နယ်မြေကနေ ထွက်ပြေးဖို့ ပြင်နေလောက်ပြီ မဟုတ်လား။ ကျုပ် ပြောလိုက်မယ်... ခင်ဗျားတို့ ဘယ်ကြယ်နယ်မြေကိုပဲ ထွက်ပြေးပါစေ၊ ဘယ်ကမ္ဘာမှာပဲ ပုန်းနေပါစေ... နဂါးစီးဂိုဏ်းက ခင်ဗျားတို့လို လူယုတ်မာတွေရဲ့ ပင်မခန္ဓာတွေကို ကျုပ် ရှာပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။”
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ စကားကို ကြားသောအခါ ဝူဖုန်း၏ ကျောရိုးတလျှောက် ချက်ချင်း အေးစိမ့်သွားသည်။ သူ၏ ပင်မခန္ဓာက သတင်းရရှိပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ပြေးနေပြီ ဖြစ်သော်လည်း ဧကရာဇ်လောင်းတစ်ပါး၏ အငြိုးအတေးကို ခံရခြင်းက သေးငယ်သော ကိစ္စမဟုတ်ပေ။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသာ တကယ်လိုက်လံ ဖမ်းဆီးပါက သူတို့ လုံးဝ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဝူဖုန်း အသက်ချမ်းသာပေးရန် တောင်းပန်တော့မည့်အချိန်တွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာကို မြင်လျှင် နဂါးစီးဂိုဏ်းဝင်များလည်း အရပ်မျက်နှာ အသီးသီးသို့ အလျင်အမြန် ထွက်ပြေးကြသည်။ သို့သော် ရွှေရောင်အလင်းတန်းများက ထိုနဂါးစီးဂိုဏ်းဝင် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းဆိုသလို သွေးမြူများအဖြစ် ပေါက်ကွဲသွား တော့သည်။
……
ထိုအချိန်၌။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ။
နဂါးစီးဂိုဏ်း။
ဝူဖုန်း၏ ပင်မခန္ဓာနှင့် ကျင့်ကြံသူတစ်စုသည် နေရာရွှေ့ပြောင်းနေစဉ် သွေးအန်လိုက်ကြ၏။ ဝူဖုန်း၏ မျက်နှာသည် ချက်ချင်း သွေးဆုတ်သွားကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးထဲတွင်လည်း ရက်စက်သော အရိပ်တစ်ခု ဖြတ်သန်းသွားသည်။
ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အငြိုးအတေးကို သူ မှတ်ထားလိုက်မယ်......
ဝူဖုန်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ ကစဉ့်ကလျား ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားကို ငြိမ်သက်အောင် လုပ်လိုက်ပြီး နဂါးစီးဂိုဏ်းမှ အခြားသူများကို
“မြန်မြန် သွားကြမယ်”
လုချန်းဘေးရှိ ဧကရာဇ်ကို သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။ ယခု သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ပြေးရန်သာ ဖြစ်သည်။
ထို့ပြင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် ရန်သူဖြစ်သွားခဲ့သော်လည်း ဧကရာဇ်လောင်းသည် ထိုဧကရာဇ်၏ အစေခံ ဖြစ်သွားပြီဖြစ်၍ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ သူ့ စိတ်တိုင်းကျ ထွက်ခွာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း နဂါးစီးဂိုဏ်းကို ချေမှုန်းချင်လျှင်ပင် လွယ်ကူမည် မဟုတ်ပေ။
အခန်း (၁၂၆၈ )
တော်ဝင်တောင်တန်း နယ်မြေကို သိမ်းပိုက်ခြင်း
နဂါးစီးဂိုဏ်းနှင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အင်အားစုအသီးသီးတို့ နယ်မြေမှ ထွက်ပြေးရန် ပြင်ဆင်နေကြစဉ် ကြီးမားလှသော ဖိအားတစ်ခုက ကြယ်နယ်မြေတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။
ထိုဖိအားအောက်တွင် သူတော်စင်များပင် လက်ဖျားတစ်ချက် မလှုပ်နိုင်ကြပေ။
ထို့ပြင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံး၏ အာကာသ ချိပ်ပိတ်ခံလိုက်ရပြီး အားလုံး ထောင်ထဲတွင် ပိတ်လှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြောင်း လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။
သူတော်စင်များ၏ မျက်နှာများ ချက်ချင်း ဆိုသလိုပင် သွေးဆုတ်ဖြူလျော်သွားကြသည်။ ကြယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး အာကာသကို ချိပ်ပိတ်နိုင်သော ဖိအားမျိုးကို ဧကရာဇ်တစ်ပါးသာ ပိုင်ဆိုင်၏။
ဆိုလိုသည်မှာ ဖရိုဖရဲကြယ်ပင်လယ်မှ ဧကရာဇ်တစ်ပါး တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဖရိုဖရဲကြယ်ပင်လယ်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် ကပ်လျက်ရှိသည်ဟု ထင်ရသော်လည်း ယုတ္တိဗေဒအရ ဧကရာဇ်တစ်ပါးပင်လျှင် ခရီးသွားရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ သူတို့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ မည်သို့ ဤမျှမြန်မြန် ရောက်ရှိလာနိုင်သနည်း။
ဆွမ်ဧကရာဇ်၏ ဘေးနားတွင် ဧကရာဇ်တစ်ပါးမက ရှိနေတာလား။
သူတို့ ထွက်ပြေးမည့်အရေးကို တားဆီးရန် ဆွမ်ဧကရာဇ်က တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဧကရာဇ်တစ်ပါးကို အစောကတည်းက နေရာချထားခဲ့တာလား။
ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ သူတော်စင် ကျင့်ကြံသူအားလုံး စိတ်ပျက်အားငယ်သွားကြသည်။
ထိုအချိန်တွင် ရွှေရောင်သံချပ်ကာ ဧကရာဇ်၏ ဩဇာအာဏာပြည့်ဝသောအသံသည် ကြယ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး
“ပြန်လည်ပျက်စီးခြင်းအဆင့် ရှစ်နဲ့အထက် ကျင့်ကြံသူတွေ... ခင်းတို့ရဲ့ အသက်သွေး အနှစ်သာရကို အခုချက်ချင်း ပေးကြ။
မပေးရင် သေစေ။”
ထိုအရာကို ကြားလျှင် နဂါးစီးဂိုဏ်းမှ ကျင့်ကြံသူများ ငိုချင်သွားကြသည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အပြစ်လုပ်မိပြီး ထွက်ပြေးရန် ကြံရွယ်နေချိန်တွင် ဧကရာဇ်တစ်ပါး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဆက်နေပါက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် သူတို့အားလုံးကို သုတ်သင်ရန် နည်းလမ်းရှာမည်မှာ သေချာသည်။
ယခုတော့ ရွေးချယ်စရာ လမ်းတစ်ခုသာ ကျန်ရှိတော့၏။ ရှနိုင်ငံတော်ထံ အပြည့်အဝ ခိုလှုံကာ အင်ပါယာ၏ အစေခံအဖြစ် ခံယူရန် ဖြစ်သည်။ ရှနိုင်ငံတော်၏ အကာအကွယ်အောက်တွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက နဂါးစီးဂိုဏ်းကို တစ်ခုခုလုပ်ချင်လျှင်ပင် ဆွမ်ဧကရာဇ်၏ သဘောထားကို ထည့်သွင်းစဉ်းစားရပေမည်။
ထိုအတွေးနှင့်အတူ ဝူဖုန်းက နဂါးစီးဂိုဏ်းမှ ကျင့်ကြံသူများကို ချက်ချင်း ပြောလိုက်သည်။
“ဧကရာဇ်ရဲ့ အမိန့်ကို နာခံပြီး မင်းတို့ရဲ့ အသက်သွေး အနှစ်သာရတွေကို ပေးအပ်လိုက်ကြ။”
ဝူဖုန်း၏ စကားဆုံးသည်နှင့် နဂါးစီးဂိုဏ်းမှ ပြန်လည်ပျက်စီးခြင်းအဆင့် ရှစ်နှင့်အထက် ကျင့်ကြံသူအားလုံးသည် သူတို့၏ အသက်သွေး အနှစ်သာရများကို စွန့်လွှတ်လိုက်ကြ၏။ နောက်တစ်ခဏတွင် လေထဲ၌ ပျံဝဲနေသော အသက်သွေး အနှစ်သာရများသည် ကောင်းကင်မီးကမ္ဘာ အပြင်ဘက်ရှိ ရွှေရောင်သံချပ်ကာ ဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
ထိုကျင့်ကြံသူများ၏ အသက်သွေး အနှစ်သာရများကို စုဆောင်းပြီးနောက် လုချန်းအား ရိုသေစွာ ပေးအပ်ရင်း ရွှေရောင်သံချပ်ကာ ဧကရာဇ်က
“သခင်လေး... အသက်သွေး အနှစ်သာရ မပေးသေးတဲ့ သူတော်စင် ကျင့်ကြံသူတချို့ ကျန်ပါသေးတယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်ချင်ပါသလဲ။”
လုချန်း ခပ်ဖွဖွရယ်မောလိုက်သည်။ အသက်သွေး အနှစ်သာရ မပေးအပ်သည်ကို ဧကရာဇ် သတိမထားမိလောက်ဟု တွေးကာ ကံကောင်းရန် မျှော်လင့်နေသူ အနည်းငယ် အမြဲရှိစမြဲပင်။ သို့သော် ဧကရာဇ်၏ စိတ်အာရုံသည် ကြယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထား၏။ ထိုသူတော်စင်များ မည်သို့ ပုန်းအောင်းနိုင်မည်နည်း။
ဝူဖုန်းတို့၏ အသက်သွေး အနှစ်သာရ အားလုံးကို လုချန်း သိမ်းဆည်းလိုက်ပြီးနောက်
“သူတို့က အညံ့မခံချင်မှတော့ အကုန် သတ်ပစ်လိုက်”
လုချန်းသည် သူ့အာဏာစက်ကို ချဲ့ထွင်ရန် လိုအပ်သော်လည်း လက်အောက်ငယ်သားများက နာခံလိုခြင်း မရှိပဲ သူက အရှေ့သွားခိုင်းလျှင် အနောက်ရောက်နေပါက လက်အောက်ငယ်သားများစွာ ရှိနေခြင်းသည် အသုံးမဝင်ပေ။ ထို့ပြင် ဒါက သူ၏ပြတ်သားမှုကို ပြသနိုင်မည့် အခွင့်ကောင်းတစ်ခု ဖြစ်သည်။
လုချန်း၏ အမိန့်ကို ကြားလျှင် လုချန်းဘေးနားရှိ ရွှေရောင်သံချပ်ကာ ဧကရာဇ် အနည်းငယ်မှ တုံ့ဆိုင်းမနေခဲ့ပေ။ သူ၏ လက်ကို မြှောက်လိုက်သည်နှင့် ရွှေရောင်သံချပ်ကာ ဧကရာဇ်၏ လက်မှ နိယာမစွမ်းအားများ ပျံ့နှံ့သွားသည်။ နောက်တစ်ခဏတွင် သူတော်စင်များ ပုန်းအောင်းနေသည့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ နေရာများစွာ၏ အထက်၌ ကြီးမားသော ရွှေရောင်လက်ကြီးတစ်ဖက် ပေါ်လာသည်။
ရွှေရောင်လက်ကြီး၏ အငွေ့အသက်ကို ခံစားမိလျှင် ထိုသူတော်စင်များ ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားကြသော်လည်း မလှုပ်ရှားနိုင်ဘဲ ချုပ်နှောင်ခံထားရကြောင်း မကြာမီ သိလိုက်ရသည်။ ထို့နောက် ကြီးမားသော ရွှေရောင်လက်ကြီး သူတို့အပေါ် ကျရောက်လာကာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ချေမှုန်းပစ်လိုက်သည်ကိုသာ လက်မှိုင်ချ၍ ကြည့်နေလိုက်ရတော့သည်။
ဧကရာဇ်တစ်ပါး၏ အောက်တွင် အားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူတော်စင်များသည် ဧကရာဇ်လောင်းတစ်ပါးကို ယှဉ်ပြိုင်နိုင်သော်လည်း စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရပါက တစ်ဖက်သတ် ချေမှုန်းခံရခြင်းမှလွဲ၍ အခြားလမ်း မရှိပေ။
ထိုသူတော်စင်များကို ရှင်းလင်းပြီးနောက် ရွှေရောင်သံချပ်ကာ ဧကရာဇ်က
“သခင်လေး... အဲဒီသူတော်စင်တွေကို ရှင်းလင်းပြီးပါပြီ”
ဟု လုချန်းအား ရိုသေစွာ အစီရင်ခံလိုက်သည်။
လုချန်းက ခေါင်းညိတ်လိုက်ပြီး
“တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲက ပထမတန်းစား အင်အားစုခေါင်းဆောင်တွေ အားလုံး ကောင်းကင်မီးကမ္ဘာမှာ ကျုပ်ကို ချက်ချင်း လာတွေ့ခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ။”
ထို့နောက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံး၏ စိတ်ထဲ၌ ဧကရာဇ်၏ အသံ တစ်ဖန် ပဲ့တင်ထပ်သွားသည်။
“ပထမတန်းစား အင်အားစုခေါင်းဆောင်တွေ အားလုံး... ခင်ဗျားတို့ရဲ့ သခင်ကို ဂါရဝပြုဖို့ ကောင်းကင်မီးကမ္ဘာဆီ အခုချက်ချင်း လာခဲ့ကြ။”
ထိုစိတ်အာရုံ သတင်းစကားကို ကြားလျှင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အဓိက အင်အားစုခေါင်းဆောင်များလည်း တွန့်ဆုတ်မနေရဲကြပဲ ကောင်းကင်မီးကမ္ဘာဆီသို့ ချက်ချင်း ပျံသန်းလာကြသည်။ အထူးသဖြင့် နဂါးစီးဂိုဏ်းမှ ဝူဖုန်း ဖြစ်သည်။
သူတို့သည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ပြစ်မှားထားမိပြီးဖြစ်၏။ ယခု တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်တုံ့ပြန်မှုမှ ရှောင်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဆွမ်ဧကရာဇ်၏ ခြေသလုံးကို ဖက်တွယ်ခြင်းသာဖြစ်သည်။ မဟုတ်ပါက သူတို့၏ သေလမ်းကို မြင်နေရပြီဖြစ်သည်။
မကြာမီတွင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းရှိ ပထမတန်းစား အင်အားစု ခေါင်းဆောင်အားလုံးသည် ကောင်းကင်မီးကမ္ဘာ၏ အာကာသထဲသို့ ရောက်ရှိလာကြပြီး လုချန်းကို မြင်သောအခါ အားလုံး မယုံနိုင် ဖြစ်သွားကြသည်။
သူတို့၏ ကိုယ်ပွားများသည် စိတ်အာရုံမှတစ်ဆင့် လုချန်း၏ ပုံပန်းသဏ္ဌာန်ကို သူတို့၏ ပင်မခန္ဓာများထံ ပေးပို့ထားပြီးဖြစ်၍ ဆွမ်ဧကရာဇ် မည်သို့ပုံစံရှိသည်ကို အားလုံး သိထားကြသည်။
လူများ မယုံနိုင်ဖြစ်ရသည့်အချက်မှာ ဆွမ်ဧကရာဇ်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ဤမျှတိုတောင်းသော အချိန်အတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။ သူ ဤအရာကို မည်သို့ လုပ်ဆောင်ခဲ့သနည်း။
သူတို့ရှေ့ရှိ ဆွမ်ဧကရာဇ်က ကိုယ်ပွားတစ်ခုများ ဖြစ်နေမလား။ သူက တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် အစကတည်းက ရှိနေခဲ့ခြင်းလား။
ယခုအချိန်တွင် ထိုအရာကသာ ဖြစ်နိုင်ခြေ အရှိဆုံး ရှင်းပြချက်တစ်ခု ဖြစ်ပုံရသည်။
သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း ဂိတ်တံခါးအကြောင်း မသိကြသဖြင့် လူများသည် သူတို့ရှေ့မှ လုချန်းကို ပင်မခန္ဓာ သို့မဟုတ် ကိုယ်ပွားအဖြစ်သာ မှတ်ယူနိုင်ကြသည်။
သို့သော်လည်း ယခုအချိန်က ထိုကိစ္စများကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ အုပ်ချုပ်ရေး မိုးလေဝသ ပြောင်းလဲသွားပြီဖြစ်သည်။ ယခုအချိန်မှစ၍ သူတို့အားလုံးသည် ရှနိုင်ငံတော်၏ လက်အောက်ခံများ သို့မဟုတ် ဆွမ်ဧကရာဇ်၏ အစေခံများသာ ဖြစ်ကြသည်။
သူတပါး၏ ကျွန်ဖြစ်လာတော့မည်၊ လွတ်လပ်ခွင့် ဆုံးရှုံးရတော့မည်ဟူသော အတွေးကြောင့် ရှိနေသော အင်အားစု ခေါင်းဆောင်အားလုံး၏ မျက်နှာများ အလွန်အရုပ်ဆိုးနေပြီး ဝမ်းချုပ်နေသည့် ပုံစံမျိုး ပေါက်နေကြသည်။
ရှိနေသော အင်အားစု ခေါင်းဆောင်အားလုံးကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး
“ခင်ဗျားတို့ အနေနှင့် ဒီကိစ္စကို လက်ခံဖို့ ချီတုံချတုံ ဖြစ်နေမှာပဲ”
ဟု ခပ်အေးအေး ပြောလိုက်သည်။
သူ၏ စကားကို ကြားလျှင် လူများ အလျင်အမြန် ဂါရဝပြုလိုက်ကြပြီး
“ကျွန်တော်တို့ တကယ်ကို ယုံကြည်လက်ခံပါတယ်”
လုချန်း စကားဆက်မပြောပေ။ ထိုလူများကို သူ ဝေ့ဝဲကြည့်လိုက်ပြီး စနစ်ကို အသုံးပြုကာ သူတို့၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင် သူတော်စင် ၂၃ ဦးကို သိမ်းသွင်းနိုင်ခဲ့၏။ သို့သော် မည်သူမှ သစ္စာရှိမှုအမှတ် ၄၀ မကျော်ကြပေ။
သို့သော်လည်း သူတို့၏ သစ္စာရှိမှု မြင့်မားသည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ လုချန်း ဂရုမစိုက်ပေ။ သူတို့၏ အသက်သွေး အနှစ်သာရများကို သူ ကိုင်ဆောင်ထားပြီဖြစ်ရာ သူ့ကို သစ္စာခံရန် စိတ်မပါလျှင်ပင် သူ့စကားကို နာခံရပေမည်။ မဟုတ်ပါက အတွေးတစ်ချက်ဖြင့် သူတို့ကို သုတ်သင်ပစ်နိုင်သည်။
စကားအများကြီးပြောရန် ရည်ရွယ်ချက် လုချန်း၌ မရှိပေ။ ဤလူများကို ဆင့်ခေါ်ရသည့် အကြောင်းအရင်းမှာ သူတို့၏ အချက်အလက်များကို စစ်ဆေးရန်သာ ဖြစ်သည်။ ယခု သူတို့၏ အခြေအနေများကို အကြမ်းဖျင်း သိရှိသွားပြီဖြစ်၍ နောက်တစ်ဆင့် အနေနှင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးကို ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် သွတ်သွင်းရန်သာ ဖြစ်သည်။
ထို့နောက် လုချန်းက
“ဒီနေ့ကစပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ရှနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ သွတ်သွင်းလိုက်ပြီ။ ခင်ဗျားတို့အားလုံးဟာ ရှနိုင်ငံတော်ရဲ့ လက်အောက်ခံတွေ ဖြစ်သွားပြီ။”
“ကောင်းပြီ... ဒီနေ့ ခင်ဗျားတို့ ပြန်နိုင်ပြီ။ တစ်လကြာရင် ကျင့်ကြံသူများ အစည်းအဝေး ခေါ်ယူမယ်။ အဲဒီအချိန်ကျမှ အမိန့်ပြန်တမ်းတချို့ ထုတ်ပြန်မယ်။”
ထို့နောက် ချက်ချင်းဆိုသလိုပင် အားလုံးက တညီတညွတ်တည်း ဂါရဝပြုလိုက်ကြပြီး
“ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး”
မကြာမီ အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် ၎င်းတို့၏ သက်ဆိုင်ရာ အင်အားစုများထံ ပြန်သွားကြပြီး ဝူဖုန်းနှင့် နဂါးစီးဂိုဏ်းမှ ကျင့်ကြံသူတစ်စုသာ ကျန်ရစ်ခဲ့သည်။
ဝူဖုန်း ထွက်မသွားသေးသည်ကို မြင်သောအခါ ရွှေရောင်သံချပ်ကာ ဧကရာဇ်က
“ခင်ဗျားတို့ ဘာလို့ မသွားကြသေးတာလဲ”
ဝူဖုန်းနှင့် နဂါးစီးဂိုဏ်းမှ အကြီးအကဲများ ချက်ချင်း ဒူးထောက်လိုက်ကြပြီး
“မင်းကြီး... တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဖရိုဖရဲကြယ်ပင်လယ်ဆီ ခေါ်ဆောင်လာပြီး မင်းကြီးကို အနှောင့်အယှက် ပေးမိခဲ့တာ ကျွန်တော်တို့ပါ။ မင်းကြီးရဲ့ အပြစ်ပေးမှုကို ခံယူပါရစေ။”
………………
အခန်း (၁၂၆၉ )
နတ်ဘဝ ပြောင်းလဲခြင်းအဆင့်မဟုတ်
ဝူဖုန်း၏ စကားကို ကြားသောအခါ နဂါးစီးဂိုဏ်းမှ လူများ အဘယ်ကြောင့် နောက်ကျန်ရစ်ခဲ့သည်ကို လုချန်း ချက်ချင်း နားလည်သွားသည်။
နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးကို ဖရိုဖရဲကြယ်ပင်လယ်သို့ ခေါ်ဆောင်လာခဲ့သော်လည်း ရှနိုင်ငံတော်က တစ်ချက်တည်းနှင့် ချေမှုန်းလိုက်၏။ ထို့ကြောင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ နဂါးစီးဂိုဏ်း၏ ရှေ့ဆက်ရမည့် နေ့ရက်များ ခက်ခဲလာမည်မှာ မလွဲဧကန်ပင်။
ပို၍ အရေးကြီးသည်က နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အပြစ်ပြုမိခဲ့ခြင်း ဖြစ်သည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် ယခုအခါ လုချန်း၏ အစေခံ ဖြစ်နေသော်လည်း နဂါးစီးဂိုဏ်းအား ဒုက္ခပေးရန် နည်းလမ်းများကို သူ ရှာဖွေမှာ သေချာသလောက်ရှိ၏။
ထို့ကြောင့် အားကိုးရာရှာရန်နှင့် သစ္စာရှိကြောင်း ပြသရန် နဂါးစီးဂိုဏ်း ထွက်မသွားသေးခြင်း ဖြစ်သည်။ ဆွမ်ဧကရာဇ်၏ ယုံကြည်မှုကို ရရှိနေသမျှ ကာလပတ်လုံး တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အခြားအင်အားစုများက နဂါးစီးဂိုဏ်းကို သဘောမကျလျှင်ပင် ဒေသတွင်းရှိ ၎င်းတို့၏ အဆင့်အတန်း အလွန် ကျဆင်းသွားမည် မဟုတ်ပေ။
နဂါးစီးဂိုဏ်း၏ ရည်ရွယ်ချက်များကို လုချန်း မြင်သော်လည်း မသင့်လျော်ဟု မထင်မှတ်ပေ။ သူသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ တစ်ခုလုံးကို စုစည်းလိုပြီး ထိုသို့လုပ်ဆောင်ရန်အတွက် အစောပိုင်းအဆင့်များတွင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦး သူ တကယ် လိုအပ်နေသည်။
ကောင်းကင်မီး နိုင်ငံတော်သည် သူ၏ အင်အားစု ဖြစ်သော်လည်း သူ၏ လူရင်းများ ဖြစ်နေသောကြောင့် ကိစ္စရပ်တိုင်းကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များတွင် ဖြစ်သည်။
အပြစ်တင်ခံရမည့် အလုပ်များကို နဂါးစီးဂိုဏ်းက လိုလိုလားလား လုပ်ဆောင်လိုသောကြောင့် ၎င်းတို့ကို ကောင်းစွာ အသုံးချရမည် ဖြစ်သည်။
ရှိနေသော နဂါးစီးဂိုဏ်းဝင်များကို လုချန်းက တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခပ်အေးအေးပင်
“ခင်ဗျားတို့က တော်တော် ဉာဏ်များတာပဲ။ ခင်ဗျားတို့ရဲ့ အငွေ့အသက်တွေကို ကြည့်ရတာ ခင်ဗျားတို့ရဲ့ ကိုယ်ပွားတွေကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သတ်လိုက်ပြီ ထင်တယ်။”
ရှိနေသော နဂါးစီးဂိုဏ်း အကြီးအကဲများ၏ အင်အားသည် သူတော်စင်အဆင့်တစ်သို့ ကျဆင်းသွားခဲ့ရသည်။ အချို့ဆို သူတော်စင် အဆင့်အောက်သို့ပင် ရောက်ရှိနေကြ၏။ ၎င်းတို့၏ ကိုယ်ပွားများ ဖျက်ဆီးခံလိုက်ရကြောင်း ထင်ရှားလှသည်။
သူတို့၏ ကိုယ်ပွားများကို ဖျက်ဆီးခဲ့သူမှာ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။ နဂါးစီးဂိုဏ်းသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဖရိုဖရဲကြယ်ပင်လယ်သို့ ခေါ်ဆောင်သွားပြီး သူတစ်ပါး၏ အစေခံဖြစ်လာအောင် လှည့်စားခဲ့သည်။ ထို့ကြောင့် ဧကရာဇ်လောင်း ဒေါသအလွန်ထွက်ကာ နဂါးစီးဂိုဏ်း တစ်ခုလုံးကို ချေမှုန်းလိုနေပေမည်။
လုချန်း၏ စကားကို ကြားလျှင် ဝူဖုန်းက နဂါးစီးဂိုဏ်း အကြီးအကဲများ အားလုံးကို ဦးဆောင်ကာ ဒူးထောက်လိုက်ပြီး
“နဂါးစီးဂိုဏ်းကို ကယ်တင်ပေးဖို့ မင်းကြီးကို တောင်းပန်ပါတယ်။ နဂါးစီးဂိုဏ်းက ဒီနေ့ကစပြီး မင်းကြီးရဲ့ အမိန့်တွေကို တစ်သွေမတိမ်း လိုက်နာပါ့မယ်။ ဓားတောင်ကို တက်ရမယ် ဆိုရင်တောင်၊ မီးပင်လယ်ထဲကို ဆင်းရမယ် ဆိုရင်တောင် နဂါးစီးဂိုဏ်းက အစွမ်းကုန် ကြိုးစားပါ့မယ်။”
အနည်းငယ် စဉ်းစားပြီးနောက် နဂါးဖီးနစ်သစ်ပင်၏ သစ်ကိုင်းနှင့် ပြုလုပ်ထားသော အမှတ်အသားပြားတစ်ခုကို လုချန်း ထုတ်ယူလိုက်ကာ ဝူဖုန်းရှေ့သို့ ပစ်ပေးလိုက်၏။
“ယူသွားလိုက်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ခင်ဗျားတို့ကို ဒုက္ခပေးလာရင် ဒီအမှတ်အသားပြားကို ပြလိုက်။”
မိမိရှေ့တွင် ပျံဝဲနေသော အမှတ်အသားပြားကို ဝူဖုန်းက မော့ကြည့်လိုက်ပြီး ဝမ်းသာပီတိ ဖြစ်သွားသည်။ ဤအမှတ်အသားပြား ရှိနေသမျှ ကာလပတ်လုံး တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အခြားအင်အားစုများက နဂါးစီးဂိုဏ်းကို မကျေနပ်လျှင်ပင် မဆင်မခြင် ပြုမူရဲမည် မဟုတ်ပေ။
သတိပြန်ဝင်လာသောအခါ လုချန်းပေးလိုက်သည့် အမှတ်အသားပြားကို ဝူဖုန်း ကမန်းကတန်း ယူလိုက်သည်။ နဂါးစီးဂိုဏ်းအတွက် ဤအမှတ်အသားပြားသည် သေဒဏ်ကင်းလွတ်ခွင့် လက်မှတ်ပင် ဖြစ်သည်။
လုချန်းက ဆက်လက်၍
“ကောင်းပြီ။ တခြားကိစ္စ မရှိတော့ရင် ခင်ဗျားတို့ သွားလို့ရပြီ။”
လုချန်း အသံဆုံးသည်နှင့် ဟင်းလင်းပြင်မှ ပျောက်ကွယ်သွားပြီး ကောင်းကင်မီး ကမ္ဘာသို့ ပြန်သွားလိုက်သည်။ လုချန်း ထွက်ခွာသွားသည်ကို မြင်လျှင် နဂါးစီးဂိုဏ်းသားများက အလျင်အမြန်ပင်
“မင်းကြီးကို နှုတ်ဆက်ပါတယ်။”
အမှတ်အသားပြားကို ကိုင်ဆောင်လျက် ဝူဖုန်းလည်း နဂါးစီးဂိုဏ်းသို့ ပျော်ရွှင်စွာ ပြန်သွားတော့သည်။
ထိုအချိန်တွင် အပြန်လမ်းခရီး၌ ရှိနေသေးသော တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် လုချန်းက သူတို့ထက် အရင် စော၍ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို အခြားအင်အားစုများထံမှ တစ်ဆင့်သိလိုက်ရသည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ သူတော်စင်များ၏ အသက်သွေး အနှစ်သာရကို လုချန်းက အရင် ရယူသွားကြောင်း သိလိုက်ရသောအခါ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ မျက်နှာ ချက်ချင်း မဲမှောင်သွားသည်။
သူ့ကို အပြစ်ပြုမိထားကြောင်း နဂါးစီးဂိုဏ်းက သိထားသဖြင့် သူ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ မပြန်ရောက်ခင် လုချန်းထံ သစ္စာခံလိုက်ကြခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လုချန်း၏ မျက်နှာသာပေးမှုကို ရယူပြီး နဂါးစီးဂိုဏ်းကို သူ အရေးယူ၍ မရနိုင်အောင် လုပ်သွားခြင်း ဖြစ်သည်။
ထိုအရာကို တွေးမိသောအခါ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းထံမှ ဖိနှိပ်သော အငွေ့အသက်များကို ရုတ်တရက် ထွက်ပေါ်လာကာ အပြန်ခရီးကို ချက်ချင်း အရှိန်မြှင့်လိုက်သည်။
နဂါးစီးဂိုဏ်း ပြုလုပ်မည့်အရာကို ကြိုတင် မျှော်လင့်ထားသော်လည်း တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းရင်ထဲ ဒေါသကို မထိန်းနိုင် ဖြစ်နေသည်။ ယခု သူ၏ တစ်ခုတည်းသော ဆန္ဒမှာ နဂါးစီးဂိုဏ်း တစ်ခုလုံးကို အမှုန့်ချေပစ်ရန် ဖြစ်သည်။
………
ထျန်းယွမ်ကမ္ဘာ။
လျှို့ဝှက်လဝန်းနန်းတော်။
ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသည် ကောင်းကင်မှ လပြည့်ဝန်းကို ငေးကြည့်ရင်း မျှော်စင်ပေါ်၌ ရပ်နေသည်။
ထိုအချိန်တွင် လေညင်း တစ်ချက် တိုက်ခတ်လာသဖြင့် မျှော်စင်၏ ကန့်လန့်ကာများ လေထဲတွင် ယိမ်းခါသွား၏။
“လုယန်ဟွာက တော်တော်လေး ဒေါသထွက်နေပုံပဲ”
ဟု ယွမ်ချင်းရှု ခပ်အေးအေး ပြောလိုက်သည်။
ယွမ်ချင်းရှု၏ စကားဆုံးသည်နှင့် အမျိုးသားတစ်ဦး၏ အသံ လေထဲတွင် ပဲ့တင်ထပ်သွားသည်။
“နန်းတော်သခင်ယွမ်က တကယ်ပဲ တည်ငြိမ်တာပဲ”
ယွမ်ချင်းရှုက ဆက်လက်၍
“ဘာပဲပြောပြော သူက ရှန်ဝူဧကရာဇ်ရဲ့ သားတစ်ယောက်ပဲလေ။ ပြန်လည်ပျက်စီးခြင်းအဆင့် ရှစ်ဆင့်မြောက်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကိုပဲ လွှတ်လိုက်တာက ကျွန်မကို နည်းနည်း အထင်သေးလွန်းရာ ကျတာပေါ့။”
ယွမ်ချင်းရှု၏ စကားကို ကြားလျှင် ထိုလူက ရယ်မောလိုက်သည်။
“အဆင့်နိမ့်တဲ့ အင်အားစုတစ်ခုကို ချေမှုန်းဖို့က ပြန်လည်ပျက်စီးခြင်းအဆင့် ဆိုရင် လုံလောက်တာထက် ပိုပါသေးတယ်။”
စကားသံ တိတ်ဆိတ်သွားသည်နှင့် လေထဲတွင် ခရမ်းရောင် မီးတောက်တစ်ခု ရုတ်တရက် တောက်လောင်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ဓားစွမ်းအားများအဖြစ် ချက်ချင်း ပြောင်းလဲကာ ယွမ်ချင်းရှုထံသို့ ပျံသန်းသွား၏။
လျှို့ဝှက်လဝန်းနန်းတော်ကို အရင် ချေမှုန်းပြီးမှ ထျန်းချန်ကမ္ဘာသို့ သွားရန် ကွမ်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်တွင် အားအကြီဆုံးမှာ နန်းတော်သခင် ယွမ်ချင်းရှုသာ ရှိပြီး သူမ၏ ကျင့်စဉ်အဆင့်သည် နတ်ဘဝ ပြောင်းလဲခြင်းအဆင့်၌သာ ရှိသဖြင့် ဤတာဝန်က လွယ်ကူလွန်းသည်ဟု သူ ထင်မှတ်ထားသည်။
ခရမ်းရောင် ဓားစွမ်းအားများ ယွမ်ချင်းရှုနှင့် ထိတွေ့ခါနီးတွင် ပြင်းထန်သော စွမ်းအားတစ်ခုမှာ သူမထံမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ယွမ်ချင်းရှုနှင့် အနီးဆုံးတွင် ရှိနေသော ကွမ်းရန်ကတော့ ထိုဖိနှိပ်သော စွမ်းအား၏ဒဏ်ကို အပြင်းထန်ဆုံး ခံစားလိုက်ရသူဖြစ်သည်။
လရောင်အောက်တွင် အမျိုးသားတစ်ဦး၏ ပုံရိပ် ရုတ်တရက် ပေါ်လာပြီး လတ်ဆတ်သော သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ကွမ်းရန် ယွမ်ချင်းရှုကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
ထိုအချိန်တွင် ယွမ်ချင်းရှုက သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အေးစက်သော အငွေ့အသက်တစ်ခုသည် ခရမ်းရောင်မီးတောက်နှင့် လောင်ကျွမ်းနေသော ဓားစွမ်းအားများကို ချက်ချင်း ပျက်ပြယ်သွားစေသည်။
ကွမ်းရန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ရေရွတ်လိုက်သည်။
“ခင်ဗျား... ခင်ဗျားက နတ်ဘဝ ပြောင်းလဲခြင်းအဆင့်မှာ ရှိမနေဘူး.....ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
သူ စုဆောင်းရရှိထားသော ထောက်လှမ်းရေး အစီရင်ခံစာများအရ လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ ယွမ်ချင်းရှု ဖြစ်သည်။ သူမသည်လည်း မကြာသေးမီကမှ အဆင့်တက်ထားခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ယွမ်ချင်းရှု ထုတ်ပြသော စွမ်းအားက သူတော်စင် အဆင့်သို့ ရောက်ရှိနေကြောင်း ထင်ရှားလှသည်။ နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဤမျှ တိုတောင်းသော ကာလအတွင်း သူတော်စင် အဆင့် စွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။
ခဏခန့် ကွမ်းရန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။ ဤတာဝန်ကို ရိုးရှင်းလွယ်ကူမည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူ၏ ပထမဆုံး ပစ်မှတ်က ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
“ဒီလို လုပ်လို့မဖြစ်ဘူး။ ငါ ဒီမှာ သေလို့မဖြစ်ဘူး”
တုံ့ဆိုင်းခြင်းမရှိပဲ ကွမ်းရန်သည် အတားအဆီးဖျက် အင်းလက်ဖွဲ့ကို ချက်ချင်း အသုံးပြုလိုက်သည်။ ယွမ်ချင်းရှုက နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ကွမ်ရန်ကတော့ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ထျန်းယွမ်ကမ္ဘာမှ လွတ်မြောက်လာပြီးနောက် ကွမ်းရန်သည် သူ၏ နတ်လှေပေါ်တွင် အသက်ရှူမဝနိုင် ဖြစ်နေပြီး လုယန်ဟွာ၏ လက်အောက်ငယ်သား အားလုံး အရူးများ ဖြစ်သည်ဟုလည်း စိတ်ထဲ တွေးလိုက်သည်။
သူတော်စင် တစ်ပါးကိုတောင် မကြာသေးမီကမှ အဆင့်တက်ထားသော နတ်ဘဝ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အဖြစ် မှားယွင်းသတ်မှတ်ခဲ့ကြသည်။ ထိုအရူးများက ထောက်လှမ်းရေး သတင်းများကို မည်သို့ စုဆောင်းခဲ့ကြသနည်း။
အတားအဆီးဖျက် အင်းလက်ဖွဲ့သာ မပါလာခဲ့လျှင် သူ ဒီနေ့ သေဆုံးရတော့မည် ဖြစ်သည်။ ဤကိစ္စ ဒီအတိုင်း ပြီးသွား၍ မရပေ။ ကျင်းမင်းသားထံ မဖြစ်မနေ တင်ပြရမည်ဟု သူ တွေးလိုက်သည်။
မကြာမီ ယွမ်ချင်းရှု၏ ကျင့်စဉ်အဆင့် အပါအဝင် သူကြုံတွေ့ခဲ့ရသည်များကို လုယန်ဟွာထံ ကွမ်းရန် အစီရင်ခံလိုက်သည်။ ထို့နောက် ချက်ချင်း ပြန်မသွားသေးပဲ ဤတာဝန် ပျက်ကွက်ခဲ့သောကြောင့် နောက်ထပ် လုပ်ကြံခြင်း တာဝန်တစ်ခုကို ပြီးမြောက်အောင် ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်သည်။
လုချန်းတွင် ယွမ်ချင်းရှုကဲ့သို့ စွမ်းအားမျိုး ရှိသည်ဟု သူ မယုံကြည်ပေ။ လုယန်ဟွာ၏ ယုံကြည်ရသော လူယုံတစ်ဦး ဖြစ်သဖြင့် လုချန်းသည် ယခု မူလအစကမ္ဘာ နယ်ပယ်အဆင့်သို့ပင် မရောက်ရှိသေးသော လူညံ့တစ်ယောက် ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။ ဤအသုံးမကျသူကို ဖြေရှင်းရန်က လက်ဖဝါးလှန်သကဲ့သို့ လွယ်ကူသင့်ပေသည်။
ထိုအချိန်တွင် ယွမ်ချင်းရှုသည် မျှော်စင်ပေါ်၌ ရပ်နေဆဲဖြစ်ပြီး လပြည့်ဝန်းကို အေးစက်သော မျက်နှာထားဖြင့် ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“သူ့မှာ အတားအဆီးဖျက် အင်းလက်ဖွဲ့ ပါလာမယ်လို့ မထင်ထားခဲ့ဘူး။”
စောစောက သူမ တိုက်ခိုက်လိုက်ချိန်တွင် ထိုလုပ်ကြံသူ ထွက်မပြေးနိုင်စေရန် အာကာသကို ချိပ်ပိတ်ထားခဲ့သည်။
သူတော်စင် အဆင့်တစ်ဦး၏ အာကာသ ချိပ်ပိတ်ခြင်းကို တိုက်ရိုက် ဖောက်ထွက်နိုင်သော အတားအဆီးဖျက် အင်းလက်ဖွဲ့သည် အလွန် တန်ဖိုးရှိလှသည်။ တော်ဝင်မျိုးနွယ် အချို့ပင်လျှင် ထိုကဲ့သို့သော အင်းလက်ဖွဲ့မျိုး ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
လုပ်ကြံသူတစ်ဦး အတားအဆီးဖျက် အင်းလက်ဖွဲ့ကို ထုတ်သုံးနိုင်ခြင်းက ယွမ်ချင်းရှု မမျှော်လင့်ထားသော အရာဖြစ်သော်လည်း သူမက ဂရုမစိုက်ပေ။
“ပြေးချင်ရင် ပြေးပါစေတော့”