အခန်း (၁၂၇၀-၁၂၇၂)
Vol. 85 Ch. 1270-1272
အခန်း (၁၂၇၀)
အသုံးမကျတဲ့လူကိုတောင် မသတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်
ရှန်ယွဲ့နိုင်ငံတော်။
လုယန်ဟွာ၏ ပိုင်နက်နယ်မြေ။
လုယန်ဟွာ ကျင့်ကြံခန်းထဲတွင် ကျင့်ကြံနေစဉ် တံခါးအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းသား... ကွမ်းရန်ဆီက သတင်းရောက်ပါပြီ”
ထိုအရာကို ကြားလျှင် လုယန်ဟွာ မျက်လုံးဖွင့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“သူက တာဝန်ကို ဒီလောက်မြန်မြန် ပြီးသွားတာလား။”
ပေးအပ်လိုက်သော လုပ်ကြံခြင်းတာဝန်ကို ကွမ်းရန် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း လုယန်ဟွာ ယုံကြည်သည်။ သို့သော် ထျန်းချန်ကမ္ဘာသို့ သွားရောက်သည့် ခရီးစဉ်သည်ပင် အချိန်အတော်ကြာမည်ဖြစ်သဖြင့် ဤမျှမြန်မြန် မပြီးဆုံးသင့်ကြောင်း သူ တွေးတောနေမိသည်။
ကျင့်ကြံခန်း တံခါးဝရှိလူက ပြန်လည် တုံ့ပြန်လိုက်သည်။
“ကွမ်းရန်က လျှို့ဝှက်လဝန်းနန်းတော်ကို အရင်ချေမှုန်းပြီးမှ ထျန်းချန်ကမ္ဘာကို သွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ကို တိုက်ခိုက်လိုက်တဲ့အချိန်ကျမှာ နန်းတော်သခင်က နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူမဟုတ်ပဲ သူတော်စင်အဆင့် ဖြစ်နေတာကို သိလိုက်ရပါတယ်။”
လက်အောက်ငယ်သား၏ အစီရင်ခံမှုကို ကြားလိုက်ရသဖြင့် လုယန်ဟွာ၏ အမူအရာ ချက်ချင်း လေးနက်သွားသည်။
သူတော်စင်အဆင့် ဟုတ်လား။
သူသည် ရှန်ယွဲ့နိုင်ငံတော်သို့ ပြန်ရောက်လာပြီဖြစ်ကာ သူတော်စင်အဆင့် အစောင့်အရှောက်တစ်ဦးလည်း အနားတွင် ရှိနေသဖြင့် မည်သည့် သူတော်စင်အဆင့်ကိုမှ မကြောက်ရွံ့သော်လည်း အလယ်အလတ် ကမ္ဘာတစ်ခုမှ အဖွဲ့အစည်းတစ်ခုက သူတော်စင်အဆင့်တစ်ဦးကို မည်သို့ မွေးထုတ်ပေးနိုင်သည်ကိုတော့ နားမလည်နိုင်ဖြစ်နေသည်။
ခဏအကြာတွင် လုယန်ဟွာက အေးစက်စွာဖြင့်
“လျှို့ဝှက်လဝန်းနန်းတော်က ကျုပ်ကို အကြိမ်ကြိမ် အာခံရဲတာ အံ့သြစရာ မရှိတော့ဘူး။ အဲ့ဒီမိန်းမက သူတော်စင်အဆင့် ဖြစ်နေတာကိုး။”
ယွမ်ချင်းရှု သူ၏စကားများကို အလေးမထားခဲ့ပုံကို လုယန်ဟွာ တွေးတောမိလိုက်သည်။ သူတော်စင်အဆင့် အင်အားရှိသူတစ်ဦး အနေနှင့် သူ့ကို အရေးပါသူအဖြစ် မမြင်ခြင်းက ပုံမှန်ဖြစ်သည်။ သို့သော် သူ အမှန်တကယ် မည်သူဖြစ်ကြောင်းကို သူမ မသိသောကြောင့်သာ သူ့ကို အာခံရဲခြင်း ဖြစ်လောက်သည်။
ထိုသို့ တွေးတောပြီးနောက် လုယန်ဟွာက
“လျှို့ဝှက်လဝန်းနန်းတော်အတွက် စိတ်ပူမနေနဲ့တော့။ ထျန်းချန်ကမ္ဘာကို တန်းသွားပြီး တာဝန်ကို အရင်ပြီးအောင်လုပ်ဖို့ ကွမ်းရန်ကို ပြောလိုက်ပါ။”
သူတော်စင်အဆင့်ရှိသော အဖွဲ့အစည်းတစ်ခုကို ဖြိုခွင်းခြင်းက အနည်းငယ် ပြဿနာရှိသော်လည်း ရှန်ဝူဧကရာဇ်၏ သားတော်အတွက်တော့ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ချေ။
ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ကျင့်ကြံသူတစ်ဦးက အသုံးမကျတဲ့လူတစ်ယောက်ကို သေချာပေါက် သတ်နိုင်လိမ့်မည်ဟု လုယန်ဟွာ တွေးတောလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်၍တော့ သူတစ်မျိုး စဉ်းစားလာ၏။ ယွမ်ချင်းရှုကို သူ့ဘက်ပါအောင် သိမ်းသွင်းနိုင်လျှင် ကြီးမားသော အထောက်အကူ ဖြစ်လာမည် မဟုတ်ပါလား။ လျှို့ဝှက်လဝန်းနန်းတော်ကို ချက်ချင်း ဖျက်ဆီးပစ်ရန် မလိုအပ်သေးပေ။
လုယန်ဟွာ၏ ဘေးတွင် သူတော်စင်အဆင့် အစောင့်အရှောက်တစ်ဦး ရှိနေသော်လည်း မည်သည့်မင်းသားကမှ မိမိပတ်ဝန်းကျင်တွင် အင်အားကြီး သူတော်စင်အဆင့်များ ပိုရှိနေခြင်းကို ငြင်းပယ်မည် မဟုတ်ချေ။
မကြာသေးမီက လုယန်ဟွာ အကျပ်အတည်းတစ်ခု ခံစားနေရသည်။ မင်းသား အမြောက်အမြားသည် ရှန်ဝူဧကရာဇ်၏ စမ်းသပ်မှုများကို ပြီးမြောက်ပြီး ရှန်ယွဲ့နိုင်ငံတော်သို့ ပြန်လာခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် ထီးနန်းဆက်ခံရေး တိုက်ပွဲ ပိုမိုပြင်းထန်လာတော့မည် ဖြစ်သည်။
ထို့ပြင် ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်ခံရသူသည် ဧကရာဇ်၏ အသက်သွေးတစ်စက်ကို ရရှိမည်ဖြစ်ကြောင်း ရှန်ဝူဧကရာဇ်က မကြာသေးမီက ကြေညာခဲ့သည်။ ဧကရာဇ်၏ အသက်သွေးကို ရရှိခြင်းက ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို ကျော်လွှားစေပြီး ဧကရာဇ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိစေနိုင်သည်။
ဤအရာက ရှန်ဝူဧကရာဇ်၏ သားတော်များအားလုံးအတွက် ကြီးမားသော မက်လုံးတစ်ခုဖြစ်၏။ ရှန်ယွဲ့နိုင်ငံတော်၏ အုပ်စိုးသူဖြစ်လာပြီး ဧကရာဇ်အဆင့်သို့ တစ်လှမ်းတည်းဖြင့် တက်လှမ်းနိုင်မည့် ဤအခွင့်အရေးကို မည်သူမှ လက်လွတ်ခံမည် မဟုတ်ချေ။
ယခု အစွမ်းထက်သော ပုဂ္ဂိုလ်များကို လုယန်ဟွာ စုဆောင်းလိုနေသည်။ အင်အားကြီး မဟာမိတ်များလေလေ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှု ရှိနိုင်လေလေဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သူ့ထံ အညံ့ခံလာပါ့မလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍မူ သူ လုံးဝ မစိုးရိမ်ပေ။ အကယ်၍ နန်းတော်သခင် အညံ့မခံပါက အစောင့်အရှောက်များနှင့်အတူ ထိုနေရာသို့ ကိုယ်တိုင်သွားရောက်ရန် သူ ဝန်လေးမည် မဟုတ်ချေ။
…….
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် နဂါးစီးဂိုဏ်းသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ခမ်းနားသော ခန်းမကြီးထဲတွင် အစည်းအဝေး ပြုလုပ်နေကြသော နဂါးစီးဂိုဏ်းမှ အကြီးအကဲများသည်လည်း ထိုဖိအားကို ခံစားလိုက်ရပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
နောက်တစ်ခဏတွင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ အသံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ဝူဖုန်း... အခု ထွက်ခဲ့စမ်း။ မထွက်လာရင် ဒီနေ့ မင်းတို့ နဂါးစီးဂိုဏ်းကို ငါ အပြတ်ရှင်းပစ်မယ်။”
ထိုစကားကို ကြားလိုက်ရသဖြင့် ဝူဖုန်း၏ မျက်နှာ ဖြူဖျော့သွားပြီး မထိန်းနိုင်စွာဖြင့် တစ်ကိုယ်လုံး တုန်ရီသွား၏။
သို့သော် သူတို့ ရှနိုင်ငံတော်ကို သစ္စာခံထားပြီးဖြစ်ကြောင်း သတိရလိုက်သဖြင့် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။ သူ့တွင် ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။ လုချန်းက သူတို့ကို အမှတ်အသားပြားတစ်ခု ပေးထားခဲ့သည်။ ဤအမှတ်အသားပြား ရှိနေလျှင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သူတို့ကို တစ်ခုခုလုပ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။
ထိုအတွေးနှင့်အတူ ဝူဖုန်းသည် ဖိအားကို အံတုကာ ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး နောက်တစ်ခဏတွင် ခန်းမကြီး၏ တံခါးဝ၌ ပေါ်လာသည်။
ဝူဖုန်း ထွက်လာသည်ကို မြင်လိုက်ရသဖြင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဝူဖုန်းကို တိုက်ခိုက်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။ ဝူဖုန်းကို သတ်ပြီး နဂါးစီးဂိုဏ်းတစ်ခုလုံးကို မချေမှုန်းရပါက သူ၏ နက်ရှိုင်းသော အမုန်းတရားများ ပြေပျောက်နိုင်မည် မဟုတ်ချေ။
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း လှုပ်ရှားတော့မည့်အချိန်တွင် ဝူဖုန်းက လုချန်းပေးထားသော အမှတ်အသားပြားကို ထုတ်ယူ၍ တွန့်ဆုတ်မနေပဲ ကျယ်လောင်စွာ ပြောလိုက်သည်။
“တောင်ဝင်တောင်တန်း သခင်... ကျုပ်တို့က ကောင်းကင်ဧကရာဇ်ကို သစ္စာခံထားပြီးပြီဆိုတော့ ကျုပ်တို့ကြားက အာဃာတတွေကို ဘေးဖယ်ထားလို့ မရဘူးလား။”
ဝူဖုန်းက မိမိကို ထိုကဲ့သို့သော ပုံစံဖြင့် ပြောဆိုလာသည်ကို မြင်လိုက်ရသဖြင့် တောင်ဝင်တောင်တန်းဧကရာဇ်လောင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ဝူဖုန်း... မင်းက ကောင်းကင်ဧကရာဇ်ရဲ့ အရှိန်အဝါကို ခိုလှုံနေရုံနဲ့ မင်းတို့အားလုံးကို ငါမသတ်ရဲဘူးလို့ မင်း မထင်နဲ့။”
စကားပြောနေစဉ်အတွင်း ဝူဖုန်းထံမှ သွေးနီရောင် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် နဂါးစီးဂိုဏ်း၏ အထက်၌ ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်လာသည်။
လက်ဖဝါးကြီး ကောင်းကင်မှ ကျဆင်းလာတော့မည့်အချိန်တွင် ဝူဖုန်းက အမှတ်အသားပြားကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ချက်ချင်း လှုံ့ဆော်လိုက်ပြီး လေထဲသို့ ပစ်တင်လိုက်သည်။
“ဒါက ကောင်းကင်ဧကရာဇ် ပေးသနားထားတဲ့ အမှတ်အသားပြားပဲ။ ဒီအမှတ်အသားပြားကို မြင်ရတာက ကောင်းကင်ဧကရာဇ် ကိုယ်တိုင်ကို မြင်ရတာနဲ့ အတူတူပဲ။ တောင်ဝင်တောင်တန်း သခင်ကသာ စည်းလွတ်ဝါးလွတ် ဆက်ပြုမူနေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေက ခင်ဗျားခေါင်းပေါ် ရောက်လာလိမ့်မယ်။”
လေထဲတွင် ပျံဝဲနေသော အမှတ်အသားပြားကို မြင်လိုက်ရသဖြင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ မျက်နှာပို၍ ရုပ်ဆိုးသွားပြီး နဂါးစီးဂိုဏ်းမှ ဤခွေးကောင်များသည် လုချန်းကို အမှန်တကယ် မှီခိုနေကြောင်း သဘောပေါက်လိုက်သည်။
ဒီကိစ္စက ဒီလိုနဲ့ပဲ ပြီးသွားရတော့မှာလား။
တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး လက်ဝါးကို မရပ်တန့်ပဲ ရိုက်ချလိုက်သည်။ နဂါးစီးဂိုဏ်းမှ ဤလူများကို မသတ်လျှင်ပင် ၎င်းတို့ကို တန်ကြေးတစ်ခု ပေးဆပ်စေချင်သည်။
ထိုအခိုက်အတန့်တွင် အမှတ်အသားပြားဆီမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“တောင်ဝင်တောင်တန်း သခင်... ခင်ဗျား တော်တော်လေး ဒေါသထွက်နေပုံရတယ်။ ကျုပ်ကို မကျေနပ်တာလား။”
လုချန်း၏ အသံကို ကြားလိုက်ရသဖြင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ မျက်နှာပေါ်တွင် ချွေးသီးများ ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် တွေဝေမှု အနည်းငယ်မှ မရှိပဲ သူ၏ ဖိအားကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ရာ ကောင်းကင်ရှိ သွေးနီရောင် လက်ဝါးကြီးလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထို့နောက် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက အမှတ်အသားပြားကို ရိုသေစွာဖြင့်
“မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော်က ခေါင်းဆောင်ဝူနဲ့ စနောက်နေရုံပါ။ တကယ် လှုပ်ရှားဖို့ ရည်ရွယ်ချက် မရှိပါဘူး။”
လုချန်းလည်း သူတို့ကို ဆက်လက် အာရုံမစိုက်တော့ပဲ စိတ်ထဲရယ်လိုက်မိလိုက်သည်။
နောက်တစ်ခဏတွင် အမှတ်အသားပြားသည် ဝူဖုန်းလက်ထဲသို့ ပြန်ရောက်လာသည်။ လုချန်း ပျောက်ကွယ်သွားပုံရသည်ကို မြင်လိုက်ရသဖြင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဝူဖုန်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး
“ခေါင်းဆောင်ဝူ... မင်း နှစ်တစ်သောင်းအတွင်း ဧကရာဇ်ဖြစ်လာရင် ပိုကောင်းလိမ့်မယ်။”
စကားဆုံးသည်နှင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ထွက်ခွာသွားသည်။ နဂါးစီးဂိုဏ်းမှ အဖွဲ့ဝင်များလည်း ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။
………
နောက်ဆက်တွဲ နှစ်နှစ်အတွင်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ကျင့်ကြံသူ အစည်းအဝေးများစွာ ကျင်းပခဲ့၏။ တစ်စိတ်တစ်ပိုင်းမှာ စည်းမျဉ်းများ ချမှတ်ရန်ဖြစ်ကာ တစ်စိတ်တစ်ပိုင်းမှာ ထိုကြယ်နယ်မြေကို ဖရိုဖရဲကြယ်ပင်လယ်နှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းရန်ဖြစ်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ပိုမိုအဆင်ပြေစွာ ထိန်းချုပ်နိုင်ရန်အတွက် ကောင်းကင်မီးကမ္ဘာတွင် ဧကရာဇ်မြို့တော်တစ်ခု တည်ထောင်ခဲ့သည်။ ထျန်းချန်ကမ္ဘာမှ သူ မခွာချင်သော်လည်း ထိုနေရာက သွားလာရတာ အနည်းငယ် ဝေးလွန်းနေသည်။
ဤနှစ်နှစ်အတွင်း လုချန်းသည် သက်ရှိကမ္ဘာများမှ များပြားလှသော ကံစွမ်းအားများကို စုပ်ယူခဲ့ပြီး သူ၏ ဇနီးများ ရင်သွေးကမ္ဘာ တည်ဆောက်နိုင်စေရန် အသုံးပြုခဲ့သည်။
နှစ်နှစ်အတွင်းတွင် သူ၏ ဇနီးသည်များအားလုံး ရင်သွေးကမ္ဘာများ တည်ဆောက်နိုင်ခဲ့ကြပြီး လုချန်းအတွက်လည်း ရတနာအမျိုးမျိုးကို ရရှိခဲ့ကာ သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း သူတော်စင်အဆင့်ခုနစ်သို့ ရောက်ရှိခဲ့သည်။
ကြယ်နယ်မြေတစ်ခုကို ထိန်းချုပ်လိုက်ရုံဖြင့် သူ၏ ဇနီးများအားလုံး ရင်သွေးကမ္ဘာများ တည်ဆောက်နိုင်လိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် နယ်မြေ ထပ်မံနယ်မြေချဲ့ထွင်လိုသော ဆန္ဒများလည်း ရုတ်တရက် လျော့နည်းသွားခဲ့သည်။
ယခု သူ၏ ဇနီးများအားလုံး ရင်သွေးကမ္ဘာများ တည်ဆောက်ပြီးဖြစ်သလို သူ၏ အင်အားမှာလည်း တည်ငြိမ်စွာ မြင့်တက်လာနေသဖြင့် နယ်မြေထပ်မံချဲ့ထွင်ရန် မလိုအပ်တော့ချေ။ ဆက်လက်ချဲ့ထွင်နေပါက အခြားအင်ပါယာများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။
……………
အခန်း (၁၂၇၁ )
ရင်သွေးကမ္ဘာအတွင်းမှ ပြောင်းလဲမှုများ
အင်ပါယာတိုင်းလိုလိုကို ဧကရာဇ်တစ်ပါး အုပ်ချုပ်လေ့ရှိသည်။ စကြဝဠာတစ်ခုလုံးတွင် အားအနည်းဆုံး ဖြစ်သည့် အင်ပါယာ၌ပင် ဧကရာဇ် အမြောက်အမြား ရှိတတ်သည်။
လောလောဆယ်တွင် လုချန်း၏ အင်ပါယာ၌ ဧကရာဇ် တစ်ပါးမှ မရှိပေ။ ဧကရာဇ်လောင်း တစ်ပါးသာ ရှိနေသည်။ အပြင်ဘက်သို့ ဆက်လက် နယ်မြေချဲ့ထွင်ပြီး အင်ပါယာ အစစ်များကို အပြစ်ပြုမိနိုင်ပြီး ထိုအချိန်၌ ဧကရာဇ်လောင်း တစ်ပါးနှင့် ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား အနည်းငယ်ကို အားကိုး၍ ယှဉ်ပြိုင်၍ မရနိုင်မည်မှန်း လုချန်း ကောင်းကောင်း နားလည်ထား၏။
လွန်ခဲ့သော နှစ်နှစ်အတွင်း ပတ်ဝန်းကျင် ကြယ်နယ်မြေများကို စုံစမ်းရန် လူအမြောက်အမြားကို စေလွှတ်ခဲ့သည်။ ၎င်းတို့၏ လက်ရှိ တည်နေရာ အခြေအနေကိုလည်း အခြေခံအားဖြင့် သိထားပြီး ဖြစ်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အပါအဝင် ရှအင်ပါယာ တစ်ခုလုံးသည် အရိုင်း ကြယ်နယ်မြေ အတွင်း၌ တည်ရှိပေသည်။ အနီးဆုံးဖြစ်သော ချီယွဲ့ အင်ပါယာသည် သုံးနှစ်ခန့် သွားရသည့် ခရီးအကွာအဝေးတွင် ရှိနေသည်။
ကျင့်ကြံသူများအတွက် သုံးနှစ်ဟူသည်က အချိန်အနည်းငယ်မျှသာ ဖြစ်သော်လည်း ရှနိုင်ငံ၏ တည်နေရာသည် လွန်စွာ အစွန်အဖျားကျလှသည်။ ထို့ကြောင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ လာရောက်လည်ပတ်လိုသည့် ကျင့်ကြံသူ နည်းပါးလှပေသည်။
ဤအချက်ကြောင့် ရှနိုင်ငံနှင့် ပြင်ပ ကြယ်နယ်မြေများကြား ဆက်သွယ်မှုက အလွန် နည်းပါးခဲ့သည်။ ရံဖန်ရံခါတွင် ကျင့်ကြံသူအချို့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ဝင်ရောက်လာကြသော်လည်း ထိုနေရာရှိ အခြေအနေကို မြင်တွေ့ပြီးနောက် အကြာကြီး မနေပဲ လျင်မြန်စွာ ထွက်ခွာသွားလေ့ရှိကြသည်။
ရှနိုင်ငံ၏ တည်နေရာသည် အလွန်အစွန်အဖျားကျလှသော်လည်း ထိုအရာက လုချန်းအတွက် တကယ် ကောင်းမွန်သော အချက်တစ်ခု ဖြစ်သည်။ ဤနေရာကို မည်သူမှ လာရောက်နှောင့်ယှက်ခြင်း မရှိသဖြင့် ရှနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အချိန်များစွာ ရရှိစေသည်။
ထိုသို့ဖြင့် ရှနိုင်ငံသည် ကျင့်စဉ်နှင့် နည်းပညာ ပေါင်းစပ်ထားသော ခေတ်ကာလသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့၏။ နိုင်ငံသားများ၏ ဘဝများလည်း ပိုကောင်းမွန်လာကာ ရှမင်းဆက်အပေါ် သစ္စာစောင့်သိမှုလည်း ပိုမိုခိုင်မာလာခဲ့ပေသည်။
……..
ထျန်းချန်ကမ္ဘာ။
ရန်နန်းတော်။
စာကြည့်ခန်းတစ်ခု အတွင်း။
မုယုံရွှီသည် စာရေးစားပွဲပေါ်သို့ ကိုင်းညွတ်လျက် တုန်ရီနေသော ညာလက်ဖြင့် စုတ်တံကိုကိုင်ကာ စာလုံးရေး လေ့ကျင့်နေသည်။ သို့သော် ရေးထားသော စာလုံးအားလုံးမှာ စာရေးစတင်လေ့ကျင့်သူ တစ်ဦးရေးထားသကဲ့သို့ တွန့်လိမ်စောင်းရွဲ့နေသည်။
မုယုံရွှီကဲ့သို့ ပါရမီရှင် အမျိုးသမီးတစ်ဦးထံမှ လက်ရေးမျိုး ထွက်နေခြင်းက လုချန်းကြောင့်မှလွဲ၍ အခြားအကြောင်း မရှိနိုင်ပေ။ ထိုအချိန်တွင် သူမ၏ နောက်ကျောမှနေ၍ လုချန်း ဖိကပ်ထားပြီး လက်တစ်ဖက်နှင့် သူမ၏ခါးကို ဖက်ထားသည်။ သူ၏ အခြားလက်တစ်ဖက်ကတော့ မုယုံရွှီအား စာရေးနည်း သင်ကြားပေးနေသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ထိုကဲ့သို့ လုချန်း မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း သူ မရိုးအီသေးပေ။ စားပွဲပေါ်ရှိ တွန့်လိမ်နေသော စာလုံးများကို ကြည့်ကာ သူက ရယ်မောပြီး
“ရွှီ... မင်းရဲ့ ပါရမီက တကယ်ညံ့တာပဲ။ ကိုယ် မင်းကို သင်ပေးနေတာ နှစ်အတော်ကြာပြီ မင်းလက်ရေးက ဒီလောက်ဆိုးနေတုန်းပဲ။”
“မင်း တကယ်ရော ကြိုးစားရဲ့လား။ ဒီလိုဆက်ဖြစ်နေရင် ကိုယ် မင်းကို ဆက်သင်မပေးတော့ဘူးနော်။”
လုချန်း၏ စကားကို ကြားလျှင် မုယုံရွှီက ခေါင်းကို အနည်းငယ် လှည့်ကာ ဝမ်းနည်း သောအကြည့်နှင့် သူ့ကို ကြည့်လိုက်သည်။
မုယုံရွှီက အားမပါသော အသံနှင့်
“မင်းကြီး ရှင် အဲ့ဒါကိုဘယ်တော့မှ မရိုးအီ သွားဘူးနော်။”
လုချန်း ဇာတ်လမ်းဆင် ကစားတာ နှစ်သက်ကြောင်း မုယုံရွှီ သိထားသော်လည်း နှစ်များစွာ ကြာသည့်တိုင် သူက ဒီအတိုင်း ကစားချင်တုန်းဖြစ်သည်။ ယခုရက်ပိုင်းများတွင် စာကြည့်ခန်း၌ တိုင်းရေးပြည်ရာ ကိစ္စများကိုပင် မလုပ်ဖြစ်တော့ပေ။ လုချန်း လာရောက်သည့် အခါတိုင်း သူမကို စာကြည့်ခန်းသို့ ဆွဲခေါ်သွားလေ့ရှိသည်။
သူမကို စာရေးသင်ပေးခြင်း သို့မဟုတ် ပန်းချီဆွဲခိုင်းခြင်း သို့မဟုတ် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အပျိုစင်အမှတ်အသား ပြုလုပ်ခြင်း စသည့်အရာအားလုံးကို သူမအနေနှင့် နားလည်လက်ခံနိုင်သည်။ သို့သော် လုချန်း စာကြည့်ခန်းကို အဘယ်ကြောင့် ဤမျှ စွဲလမ်းနေသည်ကိုတော့ သူမ နားမလည်နိုင် ဖြစ်နေသေးသည်။
ယခု စာကြည့်ခန်းသည် သူမ၏ အိပ်ဆောင်လို ဖြစ်နေပြီဖြစ်သည်။ ကံကောင်းသည်က သူမ၏ စာကြည့်ခန်း ဘေးတွင် အနားယူခန်းတစ်ခု ရှိနေခြင်းပင်။
ထိုအချိန်တွင် မုယုံရွှီ၏ ဖြူဝင်းသော ပါးပြင်များ နီရဲနေပြီး ခန္ဓာကိုယ် တစ်ခုလုံး ပျော့ပျောင်းကာ အရိုးမရှိသကဲ့သို့ ဖြစ်နေသည်။ သို့သော် လုချန်းနှင့် ရင်းနှီးသော ကိုယ်ဟန်အနေအထားကိုတော့ ဆက်လက် ထိန်းသိမ်းထားသည်။
ပါရမီရှင် အမျိုးသမီး၏ ဆွဲဆောင်မှုရှိသော အမူအရာက လုချန်း၏ စိတ်ကို ပို၍လှုပ်ရှားလာစေသည်။ သူက သူမ၏ ခန္ဓာကိုယ်နှင့် ဆက်လက်ပူးကပ်ရင်း
“ဆက်ပြီး လေ့ကျင့်လေ။ ဒီနေ့ စာလုံး ငါးရာ ပြည့်အောင် မရေးနိုင်ရင် အတန်းဆင်းဖို့ မစဉ်းစားနဲ့။”
စကားဆုံးသည်နှင့် မုယုံရွှီကို လုချန်း ဒုက္ခပေးတော့သည်။
မတတ်သာသည့် အဆုံးတွင် မုယုံရွှီလည်း ပြန်လှည့်လိုက်ပြီး စုတ်တံကို ဘေးဖယ်ကာ စာရေးစားပွဲပေါ်တွင် လှဲချလိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ လုချန်း၏ စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
“ချန်းလေး... ဒေါ်လေးရဲ့ ရင်သွေးကမ္ဘာထဲမှာ အပြောင်းအလဲတချို့ ဖြစ်နေတယ်။”
ချူးယုချင်၏ အသံကို ကြားလျှင် ဇဝေဇဝါနှင့် လုချန်းက
“ဘာဖြစ်လို့လဲ”
ချူးယုချင်က
“မင်း ကြည့်လိုက်ရင် သိလိမ့်မယ်”
ထို့နောက် သူ၏ စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်၍ ချူးယုချင်၏ ရင်သွေးကမ္ဘာ အတွင်းသို့ လုချန်း ပို့လွှတ်လိုက်သည်။ လုချန်း၏ လှုပ်ရှားမှုများ နှေးကွေးသွားကြောင်း ခံစားမိသဖြင့် သူ အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်နေကြောင်း မုယုံရွှီ သိလိုက်သည်။ သူမလည်း အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ပြီး လုချန်း ပြန်လည် အာရုံစိုက်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း စားပွဲပေါ်၌ ငြိမ်သက်စွာ လှဲနေလိုက်သည်။
ထိုအချိန်၌ လုချန်း၏ စိတ်အာရုံ တစ်စိတ်တစ်ပိုင်းသည် ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ ရောက်ရှိသွား၏။ ဝင်ရောက်လိုက်သည်နှင့် ရင်သွေးကမ္ဘာ အတွင်းမှ အပြောင်းအလဲများကို လုချန်း သတိပြုမိလိုက်သည်။
ထိုရင်သွေးကမ္ဘာကို ဖန်တီးသူများထဲမှ တစ်ဦးဖြစ်သည့်အားလျော်စွာ ၎င်း၏ နိယာမများကို လုချန်း ကောင်းစွာ သိထားသည်။ ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည့် ခဏတွင် ၎င်းသည် အပြင် စကြဝဠာ၏ အချိန်နှင့် ထပ်တူကျသွားကြောင်း လုချန်း သဘောပေါက်လိုက်သည်။
ဆိုလိုသည်မှာ ဤစကြဝဠာရှိ တစ်ရက်သည် ရင်သွေးကမ္ဘာ၌လည်း တစ်ရက်ပင် ဖြစ်သည်။
အစောပိုင်းတွင် ရင်သွေးကမ္ဘာကို စတင်ဖန်တီးချိန်က ဤစကြဝဠာရှိ တစ်ခဏသည် ရင်သွေးကမ္ဘာ၌ နှစ်ပေါင်းများစွာ ကုန်ဆုံးလေ့ရှိသည်။ ရင်သွေးကမ္ဘာ ရင့်ကျက်လာသည်နှင့်အမျှ ရင်သွေးကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှုသည် စကြဝဠာ၏ အချိန်စီးဆင်းမှုနှင့် တဖြည်းဖြည်း တူလာခဲ့သည်။
သို့သော် တစ်နေ့တွင် ရင်သွေးကမ္ဘာနှင့် စကြဝဠာ၏ အချိန်စီးဆင်းမှု လုံးဝ ထပ်တူကျသွားလိမ့်မည်ဟု လုချန်း မမျှော်လင့်ခဲ့ပေ။ ကွာခြားချက် အနည်းငယ် အမြဲရှိနေလိမ့်မည်ဟုသာ သူ ထင်မှတ်ထားခဲ့သည်။
ဘေးနားရှိ ချူးယုချင်၏ စိတ်အာရုံကို လုချန်း လှည့်ကြည့်လိုက်သည်။
“ဒေါ်လေးချူး။ ဒေါ်လေး နေမကောင်းဖြစ်တာမျိုး ရှိလား။”
“မရှိပါဘူး”
ဟု ချူးယုချင်က တုံ့ပြန်သည်။
အောက်ဘက်ရှိ ရင်သွေးကမ္ဘာကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး
“ဒါဆို ကောင်းတာပေါ့။ အချိန်စီးဆင်းမှု ထပ်တူကျသွားရုံပါ။ တခြား ထိခိုက်မှု မရှိပါဘူး။”
ချူးယုချင်က ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဒီရက်ပိုင်း သူတို့ ပူဇော်ပသနေတဲ့အချိန်မှာ လူသားဧကရာဇ်ရော နတ်ဆိုးဧကရာဇ်ရောက ဒေါ်လေးကို ကမ္ဘာ့လမ်းကြောင်း ဖွင့်ပေးဖို့ ဆုတောင်းကြတယ်။ သူတို့ကို ရင်သွေးကမ္ဘာထဲကနေ ထွက်ခွာခွင့်ပေးဖို့ပေါ့။”
ထိုအရာကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်နှာလည်း ရုတ်တရက် လေးနက်သွားသည်။
လုချန်းက
“သူတို့က ရင်သွေးကမ္ဘာကနေ ထွက်သွားဖို့ ဘာလို့ တွေးမိကြတာလဲ။”
ချူးယုချင်က
“မင်း သူတို့ရဲ့ အဆင့်တွေကို ကြည့်လိုက်ရင် သိပါလိမ့်မယ်။”
ထိုစကားကို ကြားလျှင် ရင်သွေးကမ္ဘာရှိ မျိုးနွယ်စု အသီးသီးကို သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးပြီးနောက် သူ အလွန် အံ့အားသင့်သွားသည်။
လူသားမျိုးနွယ် ဖြစ်စေ၊ နတ်ဆိုးမျိုးနွယ် ဖြစ်စေ၊ အခြားမျိုးနွယ်များ ဖြစ်စေ မျိုးနွယ်စုတော်တော်များများ၌ ယင်ယန်အဆင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေပြီး အချို့မှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ဝင်ရောက်ခါနီး ဖြစ်နေသည်။
ရင်သွေးကမ္ဘာရှိ ကျင့်ကြံသူများ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်သည် ဤစကြဝဠာရှိ ကျင့်ကြံသူများကို များစွာ ကျော်လွန်နေသည်။
ဘာတွေ ဖြစ်ပျက်နေမှန်း လုချန်း ချက်ချင်း နားလည်သွားသည်။ ပထမ တစ်ချက်က ရင်သွေးကမ္ဘာ၏ နိယာမများ အလွန် သန့်စင်လာသောကြောင့် ဖြစ်သည်။ ဒုတိယ အချက်က ရင်သွေးကမ္ဘာ ဆက်လက် ကြီးထွားလာသည်နှင့်အမျှ ရင်သွေးကမ္ဘာအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအား သိပ်သည်းဆသည် ဤစကြဝဠာရှိ အသက်ကမ္ဘာအချို့ကို များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အဆင့်မြင့် ကမ္ဘာများပင်လျှင် ချူးယုချင်၏ ရင်သွေးကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအား သိပ်သည်းဆကို မယှဉ်နိုင်ပေ။ အရေးအကြီးဆုံး အချက်မှာ အစောပိုင်းက ရင်သွေးကမ္ဘာရှိ အချိန်စီးဆင်းမှုသည် စကြဝဠာနှင့် မတူခြင်းဖြစ်သည်။ ထို့ကြောင့် ရင်သွေးကမ္ဘာထဲရှိ ယင်ယန်အဆင့် ကျင့်ကြံသူများသည် သူတို့ကမ္ဘာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။
ထို့ကြောင့် ထိုသူများ အဘယ်ကြောင့် ရင်သွေးကမ္ဘာမှ ထွက်ခွာလိုကြသည်ကိုလည်း လုချန်း နားလည်လိုက်သည်။
ရင်သွေးကမ္ဘာတွင် အကျိုးကျေးဇူး အမျိုးမျိုး ရှိသော်လည်း အကြီးမားဆုံး ပြဿနာမှာ သူတို့ မည်မျှပင် ကျင့်ကြံအားထုတ်စေကာမူ ပိုမြင့်သော အဆင့်သို့ မတက်နိုင်တော့ခြင်း ဖြစ်သည်။ အမြင့်ဆုံး အနေနှင့် ယင်ယန်အဆင့်သို့သာ ရောက်နိုင်သည်။
ထိုသို့ဖြစ်ခြင်းက အဓိကအားဖြင့် ရင်သွေးကမ္ဘာ၏ ကြီးထွားနှုန်းသည် ကျင့်ကြံသူများ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်ကို လိုက်မမီနိုင်လောက်အောင် နှေးကွေးလွန်းသောကြောင့် ဖြစ်သည်။
ဤစကြဝဠာရှိ သက်ရှိကမ္ဘာများသည်လည်း ကျင့်ကြံသူများ၏ အဆင့်များကို ဖိနှိပ်ထားလေ့ရှိသည်။ ကျင့်ကြံသူများ ပိုမြင့်သော အဆင့်များသို့ ရောက်လာပါက သက်ရှိကမ္ဘာများကို ခြိမ်းခြောက်နိုင်သဖြင့် ကောင်းကင်ဘုံ လမ်းစဉ် နိယာမများက ထိုကျင့်ကြံသူများကို ပိုမြင့်သော အဆင့်များသို့ ဝင်ရောက်ခွင့် မပြုပေ။
သို့သော် ကျင့်ကြံသူ အမြောက်အမြားသည် ထိုကန့်သတ်ချက်များကို ချိုးဖောက်ကာ ကောင်းကင်ဘုံ လမ်းစဉ်က ကန့်သတ်ထားသော အဆင့်များသို့ တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော် လုချန်း ဖန်တီးထားသော ရင်သွေးကမ္ဘာမှာတော့ မတူပေ။ ရင်သွေးကမ္ဘာတွင် မူလအစ စွမ်းအား ရှိနေပြီး ထိုစွမ်းအားက ကျင့်ကြံသူများကို လုံးဝ ဖိနှိပ်ထားသည်။ သူတို့ မည်မျှပင် ရုန်းကန်စေကာမူ ပိုမြင့်သော အဆင့်သို့ မချိုးဖောက်နိုင်ပေ။
၎င်းတို့၏ ကျင့်စဉ်အဆင့်အပေါ် ချမှတ်ထားသော ကန့်သတ်ချက်ကို ရင်သွေးကမ္ဘာရှိ မျိုးနွယ်စုများ ရှာဖွေတွေ့ရှိပြီးနောက် ပူဇော်ပသချိန်တွင် ၎င်းတို့ကို အပြင်သို့ ထွက်ခွာခွင့်ပြုရန် မယ်တော်နှင့် ဖခင်နတ်ဘုရားတို့ထံ တောင်းဆိုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
………….
အခန်း (၁၂၇၂)
ကမ္ဘာ့ထွက်ပေါက် တည်ဆောက်ခြင်း
ထိုအချိန်တွင် ရင်သွေးကမ္ဘာထဲရှိ ကျင့်ကြံသူများကို လုချန်း တိတ်ဆိတ်စွာ ကြည့်ရှုနေရင်း နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ထားလိုက်မိသည်။
ရင်သွေးကမ္ဘာထဲမှ သက်ရှိများကို စကြာဝဠာထဲသို့ ထွက်ခွင့်ပေးသင့် မပေးသင့် လုချန်း မဆုံးဖြတ်နိုင် ဖြစ်နေ၏။ အကယ်၍ ဤလူများ ရင်သွေးကမ္ဘာမှ ထွက်ခွာသွားပါက ပင်မခန္ဓာကို မည်သို့သော အန္တရာယ်မျိုး ပေးလာနိုင်မည်ကို သူ မသိချေ။
ဤကျင့်ကြံသူများ ရင်သွေးကမ္ဘာမှ အဘယ်ကြောင့် ထွက်ခွာချင်ကြသည်ကိုလည်း လုချန်း နားလည်သည်။ ၎င်းတို့၏ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အချို့ကျင့်ကြံသူများသည် ထာဝရအသက်ရှင်ခြင်းကို ရှာဖွေကာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းလိုကြသည်။
ဤရင်သွေးကမ္ဘာထဲမှ သက်ရှိများကို သူတို့၏ သားသမီးများဟုလည်း ယူဆနိုင်သည်။ အကယ်၍ ၎င်းတို့ကို ရင်သွေးကမ္ဘာထဲတွင် ထာဝရပိတ်လှောင်ထားမည်ဆိုပါက အတ္တကြီးလွန်းရာ ကျပေလိမ့်မည်။
ခဏခန့် လုချန်းက ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေသည်။
ခဏခန့် တိတ်ဆိတ်နေပြီးနောက် လုချန်း စိတ်ထဲမှ မေးလိုက်သည်။
“စနစ်... ရင်သွေးကမ္ဘာထဲက သက်ရှိတွေ ထွက်သွားမယ်ဆိုရင် ပင်မခန္ဓာကို ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်စေနိုင်မလား။”
စနစ်က
“မဖြစ်စေပါ။ သူတို့က သခင်နဲ့ ဇနီး ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုကနေ မွေးဖွားလာခြင်း ဖြစ်ပါတယ်။ သူတို့ထံ၌ သခင်နဲ့ ပင်မခန္ဓာရဲ့ အသက်ဝိညာဉ် အမှတ်အသားတွေ ပါရှိပြီး ဖြစ်ပါတယ်။ ပင်မခန္ဓာနဲ့ သခင့်ကို သစ္စာဖောက်မယ်ဆိုရင် သခင့်အနေနှင့် သူတို့ကို ချေမှုန်းဖို့ စိတ်ကူးတစ်ချက်ပဲ လိုပါတယ်။”
လုချန်းက ဆက်မေးလိုက်သည်။
“သူတို့ ဧကရာဇ်အဆင့်အထိ ရောက်နိုင်သွားရင်ရော။”
ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် ရုပ်ခန္ဓာက ဧကရာဇ်တစ်ပါးကို ကန့်သတ်ထားနိုင်ခြင်း မရှိတော့ပေ။ ဧကရာဇ်တစ်ပါးသည် ထိန်းချုပ်မှု ပုံစံများစွာမှ လွတ်မြောက်နိုင်ပြီး ထိုသူ၏ အသက်သွေး အနှစ်သာရကို ပိုင်ဆိုင်ထားလျှင်ပင် ဧကရာဇ် ဖြစ်ပြီးပါက မထိန်းချုပ်နိုင်တော့ချေ။
ရင်သွေးကမ္ဘာမှ လူများ စကြာဝဠာထဲသို့ ရောက်ရှိလာပြီး တစ်နေ့တွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပါက အထိန်းအကွပ်မဲ့ ဖြစ်လာပြီး ဖခင်ဖြစ်သော သူ့ကိုပင် ပြန်လည်ဆန့်ကျင်လာမည်ကို လုချန်း စိုးရိမ်နေသည်။
လုချန်း၏ စိုးရိမ်မှုများကို စနစ်က နားလည်သဖြင့် ဆက်လက်ဖြေကြားလိုက်သည်။
“သူတို့ခန္ဓာကိုယ်ပေါ်က အသက်ဝိညာဉ် အမှတ်အသားတွေက မူလစွမ်းအားကနေ ဖွဲ့စည်းထားတာပါ။ သူတို့ ဧကရာဇ်အဆင့်အထိ ရောက်ရှိသွားရင်တောင် အသက်ဝိညာဉ် အမှတ်အသားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရဦးမှာပါ။”
လုချန်းက ခဏခန့် တွေးတောလိုက်သည်။ ထိုသို့ဆိုလျှင် ရင်သွေးကမ္ဘာမှ သက်ရှိများ သူ့ကို သစ္စာဖောက်မှာ စိုးရိမ်စရာ မလိုတော့ပေ။
အတွေးထဲနစ်မြောနေသော လုချန်းကို မြင်လိုက်ရသဖြင့် ချူးယုချင် ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး
“သူတို့က ထာဝရအသက်ရှင်ခြင်းကို ရှာဖွေနေကြရုံပါ။ အဲ့ဒါက မမှားပါဘူး။”
တကယ်တော့ ဤလူများသည် ရင်သွေးကမ္ဘာတွင် မွေးဖွားလာသော သက်ရှိများဖြစ်သည်။ မိခင်နတ်ဘုရားမ ဖြစ်သော ချူးယုချင်သည် သူတို့ပေါ် မိခင်မေတ္တာ အနည်းငယ် ရှိနေသည်။ အထူးသဖြင့် မွေးရာပါ ကျင့်ကြံခြင်း ပါရမီပါသော သူများ ရင်သွေးကမ္ဘာထဲတွင် ပိတ်လှောင်ခံရပြီး သေဆုံးသွားသည်ကို သူမ မမြင်လိုပေ။
သို့သော် ဤသက်ရှိများကို လွှတ်ပေးရန် သူမတစ်ဦးတည်း ဆုံးဖြတ်၍မရပေ။
လုချန်းသည် ဖခင်နတ်ဘုရားဖြစ်ပြီး ဖန်တီးသူများထဲမှ တစ်ဦးဖြစ်သည်။ လုချန်း၏ သဘောတူညီချက်ဖြင့်သာ ရင်သွေးကမ္ဘာမှ သက်ရှိများကို ချူးယုချင် လွတ်လပ်ခွင့် ပေးနိုင်မည်ဖြစ်သည်။
လုချန်း စကားမပြောပဲ ကြာမြင့်စွာ ငြိမ်သက်နေသည်ကို မြင်လိုက်ရသဖြင့် ဤသက်ရှိများကို ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခွင့် မပေးလိုဟု ချူးယုချင် ထင်မှတ်လိုက်သည်။
ချူးယုချင်က ဆက်လက်နားချရန် ပြင်ဆင်နေချိန်မှာပင် လုချန်းက
“ဒီနေ့ကစပြီး နောက်ထပ် ကောင်းကင်ဘုံ လမ်းစဉ်နိယာမတစ်ခုကို ကျွန်တော်တို့ ထပ်ပေါင်းထည့်မယ်။ ကောင်းကင်ဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တဲ့ ဘယ်သူမဆို ရင်သွေးကမ္ဘာကနေ ပြင်ပကမ္ဘာကို တက်လှမ်းနိုင်လိမ့်မယ်။”
လုချန်း သဘောတူလိုက်သည်ကို မြင်လိုက်ရသဖြင့် ချူးယုချင် ချက်ချင်း သက်ပြင်းချလိုက်သည်။
လုချန်းက ဆက်လက်၍
“ပြင်ပ ကမ္ဘာဆီတက်လှမ်းဖို့ ဝင်ပေါက်ကို ထျန်းချန်ကမ္ဘာမှာ သတ်မှတ်လိုက်ပါ။ သူတို့ တက်လာပြီးရင် ထျန်းချန်ကမ္ဘာမှာနေပြီး စကြာဝဠာရဲ့ အခြေအနေကို အရင်ဆုံး လေ့လာနိုင်တာပေါ့။”
ရင်သွေးကမ္ဘာမှ တက်လှမ်းလာသော ကျင့်ကြံသူများအတွက် ထျန်းချန်ကမ္ဘာကို အထက်ကမ္ဘာတစ်ခုအဖြစ် ဖန်တီးရန် လုချန်းက စီစဉ်ထားသည်။ ပြင်ပကမ္ဘာသို့ တက်လှမ်းလာနိုင်သူများမှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်များ ဖြစ်ကြသည်။ အနာဂတ်တွင် ရင်သွေးကမ္ဘာမှ ကျင့်ကြံသူအများအပြား တက်ရောက်လာပါက ထျန်းချန်ကမ္ဘာ၏ အလုံးစုံအင်အားလည်း များစွာ တိုးတက်လာပေလိမ့်မည်။
ချူးယုချင်က
“ကောင်းပါပြီ”
စကားဆုံးသည်နှင့် ချူးယုချင်သည် သူမ၏စွမ်းအားများကို စုစည်းလိုက်ပြီး ရင်သွေးကမ္ဘာတွင် ကောင်းကင်ဘုံ လမ်းစဉ်နိယာမအသစ်တစ်ခုကို ထည့်သွင်းလိုက်သည်။ ယင်ယန်အဆင့် ကိုးဆင့်မြောက်သို့ ရောက်ရှိသော မည်သည့်ကျင့်ကြံသူမဆို ကောင်းကင်ဘေးဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက အဆင့်မြင့်ကမ္ဘာသို့ တက်လှမ်းနိုင်ကာ ရင်သွေးကမ္ဘာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
ဤကောင်းကင်ဘုံ လမ်းစဉ်နိယာမကို ချူးယုချင် ဖြည့်စွက်ပြီးသည်နှင့် ရင်သွေးကမ္ဘာ၏ ကောင်းကင်ထက်တွင် တိမ်မည်းများ ချက်ချင်းဖုံးလွှမ်းသွားပြီး နောက်တစ်ခဏတွင် ခရမ်းရောင် မိုးကြိုးများ တိမ်တိုက်များအတွင်း ဆူပွက်လာသည်။
ရင်သွေးကမ္ဘာအတွင်း တံခါးပိတ် ကျင့်ကြံနေကြသော ယင်ယန်အဆင့် ကျင့်ကြံသူများ သူတို့၏ မျက်လုံးများကို အသီးသီး ဖွင့်လိုက်ကြသည်။ ၎င်းတို့၏ မျက်နှာများတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ယခုလေးတင် ကောင်းကင်ဘုံလမ်းစဉ်ထံမှ သတင်းအချက်အလက်တစ်ခုကို သူတို့အားလုံး တစ်ပြိုင်နက်တည်း ရရှိလိုက်ကြသည်။ ကောင်းကင်ဘေးဒဏ်ကို ကျော်ဖြတ်နိုင်ပါက အဆင့်မြင့်ကမ္ဘာသို့ တက်လှမ်းနိုင်မည်ဟူသော အခွင့်အရေးဖြစ်သည်။
အထက်ကမ္ဘာ မည်သို့ရှိကြောင်း သူတို့ မသိကြသော်လည်း ဤရင်သွေးကမ္ဘာမှ ထွက်ခွာသွားသည်နှင့် ပို၍မြင့်မားသော အဆင့်များသို့ ချိုးဖျက်ဝင်ရောက်နိုင်ပြီး သက်တမ်းကန့်သတ်ချက်များကို ချိုးဖျက်ကာ ပိုမိုရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သူတို့ သိကြသည်။
တံခါးပိတ် မကျင့်ကြံနေသော ယင်ယန်အဆင့် ကျင့်ကြံသူအချို့ကတော့ သူတို့၏ မျိုးနွယ်စုဝင်များကို လျင်မြန်စွာ စုစည်းလိုက်ပြီး သတင်းဖြန့်လိုက်ကြသည်။
မကြာမီတွင် ရင်သွေးကမ္ဘာအတွင်းရှိ ကျင့်ကြံသူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အထက်ကောင်းကင်ကို ဂါရဝပြုလိုက်ကြသည်။ ကမ္ဘာ၏ ကန့်သတ်ချက်များကို ဖယ်ရှားပေးလိုက်သူများသည် သူတို့၏ ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမ ဖြစ်ကြောင်း သူတို့ နားလည်ကြသည်။
ရင်သွေးကမ္ဘာမှ ကျင့်ကြံသူများ ကောင်းကင်ကို ဂါရဝပြုနေစဉ် မူလစွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို လုချန်း ချက်ချင်း ခံစားလိုက်ရပြီး ထိုအချိန်တွင် ချူးယုချင်၏ ရင်သွေးကမ္ဘာသည်လည်း ကံတရားစွမ်းအားမျာ ပိုရရှိလာသည်။
ဤမျှ များပြားသော မူလစွမ်းအားကို လုချန်း ပထမဆုံးအကြိမ် ရရှိဖူးခြင်းဖြစ်၏။ ဤမူလစွမ်းအားကို ရရှိရုံဖြင့် လုချန်းလည်း ကျင့်စဉ်အဆင့်အချို့သို့ အလိုအလျောက် မြင့်တက်သွားခဲ့သည်။
အဆင့်တက်သွားသည်ကို သိလိုက်ရသဖြင့် လုချန်းလည်း သူ၏ စိတ်အာရုံကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
ထိုစဉ် စားပွဲပေါ်တွင် မှောက်နေသော မုယုံရွှီသည်လည်း လုချန်း၏ခန္ဓာကိုယ်ထဲမှ ရူးသွပ်စွာ တိုးပွားလာသော အရှိန်အဟုန်ကို ခံစားလိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်ပဲ အနည်းငယ် တုန်လှုပ်သွားသည်။
ဒီလူက နောက်တစ်ကြိမ် ထပ်ပြီး အဆင့်တက်သွားပြန်ပြီဆိုတော့ အခု ပိုပြီး ကြမ်းတမ်းလာတော့မှာလား။
ဆူပွက်နေသော စိတ်ဝိညာဉ်စွမ်းအားကို ငြိမ်သက်စေပြီး ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် မုယုံရွှီ၏ ကျောပြင်ကို လုချန်း တစ်ချက်ငုံ့ကြည့်လိုက်၏။ ထို့နောက် နောက်တစ်ခဏတွင် သူမနှင့်အတူ လှုပ်ရှားမှုကို ရုတ်တရက် အရှိန်မြှင့်လိုက်သည်။
မုယုံရွှီလည်း သည်းခံရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
လုချန်း မုယုံရွှီ၏ စာကြည့်ခန်းတွင် အကြာကြီး မနေခဲ့ပေ။ အပြည့်အဝ စိတ်ဖြေလျော့ပြီးနောက် ချူးယုချင်၏ သင်းပျံ့သောရနံ့ရှိသည့် အခန်းသို့ သွားရောက်ခဲ့သည်။
လုချန်း ချူးယုချင်၏ အခန်းသို့ ရောက်ရှိချိန်တွင် ချူးယုချင်သည် ကုတင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေဆဲဖြစ်ပြီး မျက်လုံးများမှိတ်ကာ ရင်သွေးကမ္ဘာရှိ ကျင့်ကြံသူများ၏ ကောင်းကင်ဘေးဒဏ် ကျော်ဖြတ်နေသည့်အခြေအနေများကို ခံစားနေသည်။
လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိလျှင် ချူးယုချင်က မျက်လုံးဖွင့်လိုက်၏။
လုချန်း စကားစလိုက်သည်။
“ဒေါ်လေးချူး... ရင်သွေးကမ္ဘာက ကျင့်ကြံသူတွေအတွက် ထွက်ပေါက်အဖြစ် ပင်လယ်ပြင်ပေါ်မှာ ကျွန်းတစ်ကျွန်း ဖန်တီးဖို့ ကျွန်တော် စဉ်းစားနေတယ်။”
ထိုကျင့်ကြံသူများသည် ရင်သွေးကမ္ဘာမှ ဖြစ်ကြပြီး ပင်မစကြာဝဠာအကြောင်း နားမလည်ကြပေ။ လမ်းညွှန်မှုမရှိပဲ ထျန်းချန်ကမ္ဘာ၏ နေရာအနှံ့အပြားတွင် ပေါ်လာပါက ကစဉ့်ကလျား ဖြစ်သွားစေနိုင်သည်။
ချူးယုချင်က
“အင်း... ကောင်းပါပြီ။ အခုပဲ သွားလုပ်လိုက်ပါ။ တစ်ယောက်ယောက်တော့ ဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်တော့မယ့်ပုံပဲ။”
ချူးယုချင်၏ စကားဆုံးသည်နှင့် လုချန်း လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် သူတို့နှစ်ဦး ပင်လယ်ပြင်ထက်၌ ပေါ်လာသည်။
အဆုံးအစမဲ့ ပင်လယ်ပြင်ကို ကြည့်ရင်း ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်နှင့် လုချန်း တိုက်ရိုက်ဆက်သွယ်ကာ ပင်လယ်ပြင်ပေါ်တွင် ကျွန်းတစ်ကျွန်း ဖန်တီးပေးရန် တောင်းဆိုလိုက်သည်။
ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်သည် လုံးဝ တုံ့ဆိုင်းခြင်းမရှိပဲ ပင်လယ်ပြင်၏ မြေမျက်နှာသွင်ပြင်ကို ချက်ချင်း ပြုပြင်ပြောင်းလဲလိုက်သည်။ မြေလွှာများ လျင်မြန်စွာ မြင့်တက်လာပြီးနောက် ကြီးမားသော ကျွန်းတစ်ကျွန်း ပင်လယ်ပြင်ထဲတွင် ပေါ်လာသည်။
ကျွန်းတစ်ကျွန်းဟု ဆိုခြင်းထက် တိုက်သစ်တစ်ခုဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ ဤကျွန်း၏ အရွယ်အစားသည် ဤကမ္ဘာတွင် လုချန်း ဝင်စားခဲ့သော ရှနိုင်ငံတော်၏ အရွယ်အစားနီးပါး ရှိသည်။
ကျွန်းပေါ်လာစတွင် ကျောက်တုံးများနှင့် သဲများသာ ရှိသော်လည်း ကောင်းကင်ဘုံလမ်းစဉ်က စွမ်းအားကို ဆက်လက်အသုံးပြုလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ကျွန်းတစ်ခုလုံး စိမ်းလန်းသော အပင်များနှင့် ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်။
ထို့နောက် ကောင်းကင်ဘုံလမ်းစဉ်က ဤကမ္ဘာ၏ အခြားနေရာများမှ တိရစ္ဆာန်များနှင့် စိတ်ဝိညာဉ်သားရဲအချို့ကို ကျွန်းပေါ်သို့ ပြောင်းရွှေ့ပေးလိုက်သည်။
အောက်ဘက်ရှိ စိမ်းလန်းစည်ပင်နေသော ကျွန်းကို ငုံ့ကြည့်ရင်း လုချန်းက
“ဒီနေ့ကစပြီး ဒီနေရာက ရင်သွေးကမ္ဘာ ကျင့်ကြံသူတွေအတွက် အထက်ကမ္ဘာတက်ရောက်ရာ ထွက်ပေါက် ဖြစ်လာလိမ့်မယ်။ ဒေါ်လေးချူး... ဒီကျွန်းပေါ်မှာ ထွက်ပေါက်ကို မြန်မြန် သတ်မှတ်ပေးလိုက်ပါ။”
“ကောင်းပါပြီ”
ချူးယုချင်သည် သူမ၏ မျက်လုံးများကိုမှိတ်ကာ ကျွန်းပေါ်တွင် နေရာကူးပြောင်းခြင်းလမ်းကြောင်း ထွက်ပေါက်တစ်ခုကို တိုက်ရိုက် တည်ဆောက်လိုက်သည်။
ယနေ့မှစ၍ အဆင့်တက်လာသော သူမ၏ ရင်သွေးကမ္ဘာမှ ကျင့်ကြံသူများကို ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်က ဤကျွန်းပေါ်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။