အခန်း (၁၂၇၃-၁၂၇၅)
Vol. 85 Ch. 1273-1275
အခန်း (၁၂၇၃)
ပထမဆုံး အသုတ် တက်ရောက်သူများ
ချူးယုချင်သည် ရင်သွေးကမ္ဘာမှ တက်ရောက်ရာထွက်ပေါက်ကို တည်ဆောက်ပြီးနောက် လုချန်းဘက်လှည့်ကာ မေးလိုက်သည်။
“ချန်းလေး... ဒီကျွန်းကို နာမည်မပေးတော့ဘူးလား။”
လုချန်း ခဏခန့် တွေးတောလိုက်ပြီး ပြုံးကာ
“ဒီနေ့ကစပြီး ဒီကျွန်းကို ထွပ်ရပ်ကျွန်း လို့ ခေါ်ကြတာပေါ့။”
ချူးယုချင်က လုချန်းကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး နာမည်ပေးတာ ပေါ့ပေါ့ဆဆ နိုင်လွန်းသည်ဟု တွေးလိုက်မိသည်။ သို့သော် ဤကျွန်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တက်ရောက်လာသော ကျင့်ကြံသူများကို ကြိုဆိုရန်ဖြစ်သဖြင့် တိုက်ရိုက်နာမည်ပေးလိုက်ခြင်းက သင့်လျော်သည်ဟု ခံစားလိုက်ရသည်။
ထိုအတွေးနှင့် ချူးယုချင်က လက်ကိုမြှောက်လိုက်ပြီး မြေကြီးထဲမှ မီတာဆယ်ဂဏန်းခန့်မြင့်သော ကျောက်တုံးကြီးတစ်ခုကို ဆွဲထုတ်လိုက်ကာ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ “ထွပ်ရပ်ကျွန်း” ဟူသော စာလုံးများကို ထွင်းထုလိုက်သည်။
ထိုအရာအားလုံး ပြီးဆုံးသွားသောအခါ ရင်သွေးကမ္ဘာမှ လူနှစ်ဦး ကောင်းကင်ကပ်ဘေးဒဏ်ကို ကျော်ဖြတ်ပြီးဖြစ်ကြောင်း ချူးယုချင် အာရုံခံလိုက်မိသဖြင့် လုချန်းကို ပြောလိုက်သည်။
“ချန်းလေး... လူနှစ်ယောက် ကောင်းကင်ကပ်ဘေးဒဏ်ကို ကျော်ဖြတ်သွားပြီ။ သူတို့ကို ထွပ်ရပ်ကျွန်း ဆီ အခုပဲ လမ်းပြပေးလိုက်ရမလား။”
လုချန်းက
“ရပါတယ်။ သူတို့ကို ထွပ်ရပ်ကျွန်းမှာ ခဏလောက် နေခိုင်းလိုက်ပါ။ နောက်ရက်နည်းနည်းကြာရင် ပြည်မကြီးထဲက မြို့တွေဆီ ခေါ်သွားဖို့ တစ်ယောက်ယောက်ကို စီစဉ်လိုက်မယ်။”
လုချန်း သဘောတူသည်ကို မြင်လျှင် ဘေးဒဏ်ကို အောင်မြင်ကျော်ဖြတ်ခဲ့သော ကျင့်ကြံသူနှစ်ဦးအား ထွက်ပေါက်ဆီသို့ လမ်းပြပေးရန် ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံလမ်းစဉ်ကို ချူးယုချင် ချက်ချင်း အမိန့်ပေးလိုက်သည်။
ထွက်ပေါက်မှ အပြာရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီးသည်နှင့် ထွပ်ရပ်ကျွန်း ပေါ်တွင် လူရိပ်နှစ်ခု ပေါ်လာသည်။
ထိုနှစ်ဦး ထွပ်ရပ်ကျွန်းသို့ ရောက်ရှိလာသည်နှင့် သူတို့၏ မူလ အိုမင်းရင့်ရော်နေသော မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပျောက်ကွယ်သွားပြီး အသက် ၃၀၊ ၄၀ အရွယ် လူများ၏ ပုံစံသို့ ပြောင်းလဲသွားသည်။
ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားလိုက်ရသဖြင့် ထိုနှစ်ဦး အလွန်စိတ်လှုပ်ရှားသွားကြသည်။ ကျန်းယုဇီက စူးစမ်းလိုစိတ်ဖြင့် ဘေးဘီဝဲယာကို ကြည့်ရှုရင်း ရေရွတ်လိုက်သည်။
“ဒါက အထက်ဘုံလား။ စိတ်ဝိညာဉ်စွမ်းအင်တွေက သိပ်သည်းလိုက်တာ။”
ကျန်းယုဇီ ၏ ဘေးတွင်ရပ်နေသော ကျိနန် က မှတ်ချက်ချလိုက်သည်။
“ဂိုဏ်းချုပ်ကျန်းက ပထမဆုံး တက်ရောက်လာသူ ဖြစ်လာလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။”
ကျန်းယုဇီက ကျိနန် ဘက်သို့ လှည့်ကြည့်ကာ ပြုံး၍
“ဘယ်သူ အရင်တက်လာတယ်၊ နောက်မှတက်လာတယ် ဆိုတာက အရေးမကြီးပါဘူး။ သခင်ကြီး အနေနဲ့ အဲဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။”
ကျိနန် က
“ဘာသခင်ကြီးလဲ။ ကျုပ်တို့က အောက်ဘုံကနေ ထွက်လာခဲ့ပြီးပြီပဲ။ ဒီနေ့ကစပြီး ဂိုဏ်းချုပ်ကျန်းက ကျုပ်ကို မိတ်ဆွေလို့ပဲ ခေါ်ပါ။”
ကျန်းယုဇီက ပွင့်ပွင့်လင်းလင်းပင်
“ကောင်းပါပြီ။ ဒါဆိုရင် မိတ်ဆွေကျိ ကလည်း ကျုပ်ကို ဂိုဏ်းချုပ်ကျန်းလို့ ခေါ်စရာ မလိုတော့ပါဘူး။ အောက်ဘုံကနေ ထွက်လာပြီးပြီဆိုတော့ ကျုပ်က ကောင်းကင်တံခါးဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်တော့ပါဘူး။”
ထိုသို့ပြောပြီးနောက် ကျန်းယုဇီ ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာကြည့်ရှုရင်း မှတ်ချက်ချလိုက်သည်။
“ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီအထက်ဘုံက တော်တော်လေး လူသူကင်းမဲ့ပုံရတယ်။ စိတ်ဝိညာဉ်စွမ်းအင် ပိုသိပ်သည်းတာကလွဲရင် အောက်ဘုံနဲ့ သိပ်မကွာခြားဘူး မဟုတ်လား။”
ကျိနန်က
“မှန်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာက နိယာမတွေရဲ့ ကန့်သတ်ခြင်း မခံရတော့ဘူးလေ။ ဒီအထက်ဘုံမှာ ကျုပ်တို့က ပိုမြင့်တဲ့အဆင့်တွေဆီ တက်ရောက်နိုင်ပြီ။”
ဤအချိန်တွင် သူတို့နှစ်ဦးသည် အနီးအနား ကောင်းကင်ယံရှိ လုချန်းနှင့် ချူးယုချင်ကို သတိမထားမိကြပေ။
ထို့နောက် ထိုနှစ်ဦးသည် ထွပ်ရပ်ကျွန်း အခြေအနေကို လေ့လာရန် သူတို့၏ နတ်အာရုံ ကို ထုတ်လွှတ်လိုက်ရာ နောက်တစ်ခဏတွင် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ကြသည်။
ထိုနှစ်ဦး ချက်ချင်း မော့ကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် လုချန်းနှင့် ချူးယုချင်ကို မှတ်မိသွားကြသည်။ တကယ်တော့ ဖခင်နတ်ဘုရား နှင့် မိခင်နတ်ဘုရားမ၏ ရုပ်တုများသည် ရင်သွေးကမ္ဘာအနှံ့တွင် ရှိနေခဲ့သဖြင့် သူတို့ကို မှတ်မိရန် မခဲယဉ်းလှပေ။
ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျိနန် နှင့် ကျန်းယုဇီ တို့လည်း လုံးဝ တွန့်ဆုတ်မနေပဲ မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်ကြသည်။
“ဖခင်နတ်ဘုရား နဲ့ မိခင်နတ်ဘုရားမ ကို ဂါရဝပြုပါတယ်။”
တက်ရောက်လာပြီးပြီးချင်း ဖခင်နတ်ဘုရား နှင့် မိခင်နတ်ဘုရားမကို တွေ့ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ထိုစဉ် ရင်သွေးကမ္ဘာ၌ ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမတို့သည် ကမ္ဘာသားတို့၏ အပြစ်များကို မှတ်တမ်းတင်ထားကြောင်း သတိရလိုက်ပြီး မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွားကြသည်။
ချူးယုချင်က ညင်သာစွာဖြင့်
“ထကြပါ”
ချူးယုချင်၏ စကားကို ကြားသော်လည်း ကျိနန် နှင့် ကျန်းယုဇီ တို့သည် ချက်ချင်း မထရဲကြပေ။ မိခင်နတ်ဘုရားမက ပြောလိုက်သော်လည်း ဖခင်နတ်ဘုရားက ဘာမှမပြောသေးချေ။ ဤအချိန်တွင် မတ်တပ်ရပ်လိုက်ခြင်းက ဖခင်နတ်ဘုရား၏ အာဏာကို စိန်ခေါ်ရာ ရောက်ပေမည်။
ထိုနှစ်ဦး မထလာသေးသည်ကို မြင်လိုက်ရသဖြင့် လုချန်းကလည်း ဝင်ပြောလိုက်သည်။
“ထကြပါ။ ခင်ဗျားတို့က ထာဝရ ဒူးထောက်နေဖို့ ရည်ရွယ်ထားတာလား။”
လုချန်းထံမှ ထွက်ပေါ်လာသော ဖိအားကို ရင်ဆိုင်ရသဖြင့် ထိုနှစ်ဦး ပို၍ကြောက်ရွံ့လာသော်လည်း အားတင်းကာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဖခင်နတ်ဘုရား။ ကျေးဇူးတင်ပါတယ် မိခင်နတ်ဘုရားမ။”
ချူးယုချင်က ဆက်ပြောလိုက်သည်။
“ကပ်ဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး မသေမျိုး လမ်းစဉ်ကို တရားဝင် တက်လှမ်းတက်နိုင်ခဲ့တာ ဂုဏ်ပြုပါတယ်။”
ဤအချိန်တွင် ကျိနန်နှင့် ကျန်းယုဇီတို့ မတွေးပဲ မနေနိုင်ကြပေ။
‘ဖခင်နတ်ဘုရား နှင့် မိခင်နတ်ဘုရားမ ဒီနေရာမှာ ပေါ်လာတယ်ဆိုတော့ သူတို့ကို ခိုင်းစရာကိစ္စ တစ်ခုခု ရှိနေလို့များလား။’
ကျိနန် မေးမြန်းရန် ပြင်ဆင်လိုက်ချိန်မှာပင် လုချန်းက
“ထွပ်ရပ်ကျွန်း မှာ ခင်ဗျားတို့ရဲ့ ကျင့်စဉ်အဆင့်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ကြဦး။ နောက်ရက်နည်းနည်းကြာရင် ခင်ဗျားတို့ကို ပြည်မကြီးထဲက မြို့တွေဆီ ခေါ်သွားပြီး ဒီကမ္ဘာအကြောင်း အရာအားလုံး ရှင်းပြဖို့ လူလွှတ်လိုက်မယ်။”
ကျိနန်နှင့် ကျန်းယုဇီတို့ ပြိုင်တူ ပြောလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဖခင်နတ်ဘုရား”
လုချန်းက ဆက်လက်၍
“ကောင်းပြီ။ ဒါပါပဲ။ နောက်ပိုင်း ဒီနေရာကို တက်ရောက်လာတဲ့ တခြားကျင့်ကြံသူတွေ ရှိလာရင် လျှောက်မသွားပဲ ကျင့်စဉ်အဆင့်ကို အရင်ဆုံး တည်ငြိမ်အောင်လုပ်ဖို့ သူတို့ကို ပြောပြလိုက်ပါ။”
“ဟုတ်ကဲ့ပါ ဖခင်နတ်ဘုရား”
လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လုချန်းနှင့် ချူးယုချင်တို့ ရန်မြို့ နန်းတော်သို့ ပြန်သွားခဲ့သည်။
ချူးယုချင်၏ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ လုချန်း တစ်စုံတစ်ခုကို စဉ်းစားမိပြီး
“ဒေါ်လေးချူး... ရင်သွေးကမ္ဘာတွေကနေ တက်ရောက်လာတဲ့ ကျင့်ကြံသူများကို လမ်းပြဖို့ သီးသန့် အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ ကျွန်တော် စီစဉ်နေတယ်။ လောလောဆယ် ဒီအဖွဲ့အစည်းကို ဒေါ်လေး တာဝန်ယူထားရင် ဘယ်လိုလဲ။”
လုချန်း၏ ဇနီးသည်များစွာသည် ရင်သွေးကမ္ဘာများကို အသီးသီး မွေးဖွားထားကြပြီး ထိုရင်သွေးကမ္ဘာများတွင် ကျင့်ကြံသူများစွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ မကြာမီ ထျန်းချန်ကမ္ဘာသို့ တက်ရောက်လာမည့် ကျင့်ကြံသူများ ပိုများလာပေလိမ့်မည်။
တက်ရောက်သူများ များပြားလာသည်နှင့်အမျှ တစ်စုတစ်စည်းတည်း စီမံခန့်ခွဲမည့် အဖွဲ့အစည်းမရှိပါက ပြဿနာများ သေချာပေါက် ပေါ်လာမည်ဖြစ်ပြီး ဤတက်ရောက်သူများကြောင့် ထျန်းချန်ကမ္ဘာ ဖရိုဖရဲဖြစ်သွားသည်ကို လုချန်း လုံးဝ မမြင်ချင်ပေ။
ချူးယုချင် ခဏခန့် တွေးတောလိုက်ပြီး
“ စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတစ်ခုက ရှိသင့်ပါတယ်။ ဒါကို ဒေါ်လေး ယာယီ စီမံခန့်ခွဲပေးနိုင်ပါတယ်။ ဒါပေမဲ့ တက်ရောက်လာသူ အရေအတွက် များလာရင်တော့ ရှနန်းတွင်းကို စီမံခန့်ခွဲမှု လွှဲပေးလိုက်တာ အကောင်းဆုံးပါပဲ။”
အနာဂတ်တွင် အခြားရင်သွေးကမ္ဘာများမှ ကျင့်ကြံသူများ မုချ တက်ရောက်လာမည်ဖြစ်ပြီး မတက်ရောက်မီ သက်ဆိုင်ရာ ရင်သွေးကမ္ဘာများမှ မူလဇာစ်မြစ် ကွဲပြားခြားနားမှုကြောင့် မတူညီသော အုပ်စုများ ကွဲသွားနိုင်ကြောင်း ချူးယုချင် တွေးမိလိုက်သည်။ အကယ်၍ သူမပဲ ဆက်လက်စီမံခန့်ခွဲနေပါက အခြားဇနီးသည်များ၏ ရင်သွေးကမ္ဘာမှ တက်ရောက်လာသော ကျင့်ကြံသူများကြားတွင် မကျေနပ်မှုများ ရှိလာနိုင်သဖြင့် သူမအနေနှင့် ရေရှည်စီမံခန့်ခွဲရန် မသင့်လျော်ပေ။
သို့သော် တက်ရောက်သူများ စီမံခန့်ခွဲရေးအဖွဲ့သည် စတင်တည်ထောင်စ အဆင့်သာ ရှိသေးသောကြောင့် လုချန်းကို ယာယီ ကူညီပေးလျှင်တော့ ပြဿနာမရှိနိုင်ပေ။ အထူးသဖြင့် လက်ရှိ တက်ရောက်လာသူများမှာ သူမ၏ ကိုယ်ပိုင် ရင်သွေးကမ္ဘာမှ ဖြစ်နေသောကြောင့်ဖြစ်သည်။
လုချန်းက
“အဆင်ပြေပါတယ်။ တက်ရောက်သူများ စီမံခန့်ခွဲရေးအဖွဲ့ကို အခုပဲ တည်ထောင်ဖို့ လူလွှတ်လိုက်မယ်။”
စကားဆုံးသည်နှင့် လုချန်းက ယင်းကျန်းယဲ့ထံသို့ သူ၏ ဆန္ဒကို အသိပေးလိုက်သည်။
……
တစ်ချိန်တည်းမှာပင်။
ထွပ်ရပ်ကျွန်း ပေါ်မှ လုချန်းနှင့် ချူးယုချင် ထွက်ခွာသွားပြီးနောက် ကျန်းယုဇီနှင့် ကျိနန်တို့သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။
ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမတို့ မည်မျှ ကြီးကျယ်ခမ်းနားကြောင်း ကြားဖူးထားကြပြီး အလွန် မာန်မာနကြီးလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် တကယ်တွေ့ဆုံလိုက်ရသည့်အခါ ဖခင်နတ်ဘုရား နှင့် မိခင်နတ်ဘုရားမ တို့သည် သူတို့ ထင်ထားသလောက် တင်းမာခက်ထန်ခြင်း မရှိကြောင်း သဘောပေါက်လိုက်ကြသည်။
ကျန်းယုဇီက ကျိနန် ကို ကြည့်ပြီး
“ မိတ်ဆွေကျိ... ဖခင်နတ်ဘုရား နဲ့ မိခင်နတ်ဘုရားမအပေါ် ကျုပ်တို့ တော်တော်လေး အထင်လွဲခဲ့ပုံရတယ်။”
ကျိနန်က
“သမိုင်းစာအုပ်တွေထဲမှာပဲ သူတို့အကြောင်း ကြားဖူးပြီး ဘယ်တုန်းကမှ မတွေ့ဖူးခဲ့တာကိုး။ အထင်လွဲတာအချို့ ရှိတာ ပုံမှန်ပါပဲ။”
ထိုသို့ပြောရင်း ကျိနန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
“ဖခင်နတ်ဘုရားက ကျုပ်တို့ကို လာခေါ်ဖို့ လူဘယ်တော့လွှတ်မလဲ မသိဘူး။”
ကျန်းယုဇီကတော့ ပတ်ဝန်းကျင်ကို လေ့လာရန် သူ၏ နတ်အာရုံ ကို အသုံးပြုလိုက်သည်။ ကျယ်ပြောလှသော ပင်လယ်ပြင်အလယ်တွင် သူတို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသဖြင့် သူ၏ စိုးရိမ်မှုကို ထုတ်ပြောလိုက်သည်။
“ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမက ကျုပ်တို့ကို ဒီမှာ အချိန်အကန့်အသတ်မရှိ ထားဖို့ မစီစဉ်ထားလောက်ပါဘူးနော်။”
ကျိနန် က အလျင်အမြန် သတိပေးလိုက်သည်။
“မိတ်ဆွေကျန်း... စကားပြော ဆင်ခြင်ပါ”
ကျန်းယုဇီလည်း သူ့စကား မည်သို့အဓိပ္ပာယ် ရောက်သွားနိုင်သည်ကို သတိပြုမိသွားပြီး ချွေးစေးများ ပြန်လာသည်။ ဖခင်နတ်ဘုရား နှင့် မိခင်နတ်ဘုရားမ၏ ရည်ရွယ်ချက်များကို ကွယ်ရာတွင် ခန့်မှန်းပြောဆိုမိသဖြင့် သူတို့ကို ဒေါသထွက်စေပါက ပြဿနာတက်နိုင်သည်။ ခုနက ဆက်ဆံမှုအရ ထိုနတ်ဘုရားစုံတွဲသည် သိပ်မခက်ထန်ကြောင်း ပြသခဲ့သော်လည်း သူတို့သည် ၎င်းတို့သည် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော အရှင်သခင်များ ဖြစ်နေဆဲဖြစ်သည်။
ကျန်းယုဇီလည်း ခန့်မှန်းတွေးတောမှုများကို ချက်ချင်း ရပ်တန့်လိုက်ပြီး လမ်းပြရောက်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
…………….
အခန်း (၁၂၇၄)
လူကြိုက်များသော တက်ရောက်လာသူများ
ကျန်းယုဇီနှင့် ကျိနန်တို့က သူတို့၏ စိတ်ကို တည်ငြိမ်အောင်ထားပြီး ကျင့်ကြံမှုအဆင့်ကို ထိန်းညှိလိုက်ကြသည်။ အပြင်ဘက် ထွက်ပေါက်မှ အပြာရောင်အလင်းတန်းများ တစ်ဖန် ထွက်ပေါ်လာပြီး တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို အာရုံခံမိသဖြင့် မကြာမီတွင် နှစ်ဦးစလုံး မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။ ရောက်ရှိလာသူကို မြင်သောအခါ ကျန်းယုဇီနှင့် ကျိနန်တို့၏ မျက်နှာများ အနည်းငယ် ညိုမှောင်သွားသည်။
ရောက်ရှိလာသူမှာ လူသားတစ်ဦး မဟုတ်ပဲ နတ်ဆိုးမျိုးနွယ်စု၏ ဝါစဉ်ကြီး ဘိုးဘေး ဟူရှင်ယဲ့ ဖြစ်သည်။ ကျိနန်နှင့် ကျန်းယုဇီတို့ကို မြင်လျှင် ဟူရှင်ယဲ့၏ မျက်နှာလည်း ညိုမှောင်သွားပြီး
“ခင်ဗျားတို့လို့ ဝါငယ်တဲ့လူတွေက ကျုပ်ထက်ဦးအောင် တက်နိုင်မယ်လို့ မထင်ထားဘူး။”
ထိုအချိန်တွင် ကျန်းယုဇီ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“နတ်ဆိုးမျိုးနွယ်စုက သူတို့ကိုယ်သူတို့ ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမရဲ့ စောင့်ရှောက်မှုကို ခံရတဲ့သူတွေ။ တရားဝင် မျိုးဆက်တွေလို့ အမြဲ အမွှမ်းတင်နေကြတာပဲ။ အဲ့ဒါဆို ဘာလို့ ခင်ဗျားက အရင်ဆုံး တက်မလာတာလဲ။”
ဟူရှင်ယဲ့က နှာခေါင်းရှုံ့လိုက်ပြီး
“ဘယ်သူ အရင်တက်လာတယ် နောက်မှတက်လာတယ်ဆိုတာ ဘာကွာခြားလို့လဲ။ ခင်ဗျားတို့က ကျုပ်ထက်အရင်တက်လာပေမဲ့ ဒီမှာ စောင့်နေရတုန်းပဲ မဟုတ်လား”
ဟု ပြန်ချေပလိုက်သည်။
ကျန်းယုဇီက
“အဲဒီလိုတော့ မဟုတ်နိုင်ဘူး”
ကျန်းယုဇီက ရယ်မောရင်း
“အဲဒါတော့ မဟုတ်သေးဘူးဗျ။ ခင်ဗျား မသိလိုက်ရဘူး။ ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမက ခုနလေးတင် ဒီမှာ ရှိနေခဲ့တာ။ ခင်ဗျားသာ စောစောတက်လာရင် တွေ့ခွင်ရလောက်တယ်။ နှမြောစရာပဲ၊ သိပ်နှမြောစရာ ကောင်းတာတယ်ဗျာ။”
ထိုစကားကို ကြားလျှင် ဟူရှင်ယဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“မဖြစ်နိုင်တာ... ဖခင်နတ်ဘုရားနဲ့ မိခင်နတ်ဘုရားမက ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာနိုင်မှာလဲ”
ဟူရှင်ယဲ့၏ စိတ်ထဲတွင် နတ်ဘုရားများသည် မြင့်မြတ်သော ပုဂ္ဂိုလ်များဖြစ်ကြပြီး သာမန်ကိစ္စလေးများအတွက် လူကိုယ်တိုင် လာရောက်ကိုယ်ထင်ပြလေ့ မရှိဟု ယူဆထားသည်။ ဟူရှင်ယဲ့၏ မျက်နှာပေါ်မှ မယုံကြည်နိုင်မှုကို မြင်သောအခါ ကျန်းယုဇီမှာ အလွန် ကျေနပ်သွားသည်။ လူသားမျိုးနွယ်စုသည် အမှားများကြောင့် အပြစ်ပေးခံရပြီး နိမ့်ကျသွားခဲ့ရသဖြင့် အောက်ကမ္ဘာရှိ သူတို့၏ အဆင့်အတန်းလည်း တဖြည်းဖြည်း နိမ့်ကျလာကာ နတ်ဆိုးမျိုးနွယ်စုကသာ အောက်ကမ္ဘာတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။
နတ်ဆိုးမျိုးနွယ်စုက သူတို့ကိုယ်သူတို့ ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမ၏ အချစ်ဆုံးသူများ၊ ကောင်းကင်ဘုံလမ်းစဉ်၏ အချစ်တော် ရင်သွေးများဟု အမြဲ ကြွေးကြော်နေခဲ့ကြသည်။ ယခု သူတို့၏ အလေးစားရဆုံး ဘိုးဘေး အထက်ကမ္ဘာသို့ တက်ရောက်လာသော်လည်း ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမကို မမြင်လိုက်ရသဖြင့် ကျန်းယုဇီ ဘယ်လိုလုပ် မပျော်ပဲ နေနိုင်မည်နည်း။
ကျန်းယုဇီက လှိုက်လှိုက်လှဲလှဲ ရယ်မောပြီးနောက် ထပ်ပြောရန်ပြင်လိုက်စဉ် ကျိနန်က ဘေးမှ ဝင်ပြောလိုက်သည်။
“နောက်မှ တက်လာမယ့် ကျင့်ကြံသူတွေက ထွပ်ရပ်ကျွန်းမှာ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် အရင်လုပ်ဖို့ ဖခင်နတ်ဘုရားက ညွှန်ကြားသွားတယ်။ ရက်အနည်းငယ် ကြာရင် ကျွန်တော်တို့ကို ကုန်းတွင်းပိုင်း မြို့တွေဆီ ခေါ်သွားဖို့ လူတစ်ယောက် လာလိမ့်မယ်။”
ကျိနန်၏ စကားကို ကြားပြီးနောက်တွင် ဟူရှင်ယဲ့၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်း ဖြစ်သွားသည်။ လူသားမျိုးနွယ်စုအား ပျက်စီးစေချင်စိတ် မရှိပါက ကျိနန်အနေနှင့် နတ်ဘုရားများ၏ အမိန့်ကို လုပ်ကြံပြောဆိုရဲမည် မဟုတ်ချေ။ ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမတို့က အမှန်တကယ်ပဲ လွန်ခဲ့သော ခဏက ဤနေရာ၌ ရှိနေခဲ့တာလား။
ခြေတစ်လှမ်း နောက်ကျသွားခြင်းကို တွေးမိပြီး ဟူရှင်ယဲ့လည်း စောစောစီးစီး မတက်ခဲ့မိခြင်းကို နောင်တရသွားသည်။ အပေါ်တက်ရန် အခွင့်အရေးရှိကြောင်း ကြားသိရချိန်တွင် သူ ချက်ချင်း တက်မလာခဲ့ပေ။ နတ်ဆိုးမျိုးနွယ်များနှင့် ကိစ္စအချို့ကို အရင် ဖြေရှင်းနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အထက်တက်သွားပြီးလျှင် ပြန်လာနိုင်ခြေ မရှိတော့သောကြောင့် ဖြစ်သည်။ ထိုသို့ ကြန့်ကြာမိခြင်းကြောင့်ပင် ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမကို တွေ့ဆုံခွင့်နှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။
ဟူရှင်ယဲ့မှာ စိတ်ပျက်နေသော်လည်း အလုပ်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ ကျင့်ကြံမှုအဆင့် တည်ငြိမ်စေရန် စတင်ကျင့်ကြံလိုက်သည်။ သူသည် အပေါ်သို့ တက်လာပြီးပြီဖြစ်သဖြင့် ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမတို့မှာလည်း ဤကမ္ဘာတွင် ရှိနေမည်ဖြစ်ရာ အနာဂတ်တွင် တွေ့ဆုံရန် အခွင့်အရေးရှိမည်ဟု တွေးတောကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်လိုက်သည်။
ဟူရှင်ယဲ့၏ စိတ်ညစ်နေသော မျက်နှာကို မြင်လျှင် ကျိနန်နှင့် ကျန်းယုဇီတို့ နှစ်ဦးစလုံး ကျေနပ်သွားကြသည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ရင်သွေးကမ္ဘာများမှ ကျင့်ကြံသူ အမြောက်အမြား ထွပ်ရပ်ကျွန်းသို့ တက်ရောက်လာကြသည်။
တက်ရောက်လာသူတို့သည် သူတို့၏ ကျင့်စဉ်အဆင့်များကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ထျန်းချန်ကမ္ဘာအပေါ် ပိုမို စူးစမ်းလိုစိတ် ပြင်းပြလာကြသည်။ အခြားနေရာများကို သွားရောက် စူးစမ်းချင်ကြသော်လည်း ကျိနန်နှင့် ကျန်းယုဇီတို့၏ စကားကို ပြန်လည် သတိရကာ မထွက်ခွာရဲကြချေ။ အချို့မှာ အားလပ်နေသဖြင့် ထွပ်ရပ်ကျွန်းပေါ်တွင် အိမ်များ စတင် ဆောက်လုပ်ကြသည်။ လူများ ပို၍ရောက်ရှိလာသည်နှင့်အမျှ ကျွန်းပေါ်တွင် မြို့ငယ်လေးတစ်မြို့ စတင် ဖြစ်တည်လာ တော့သည်။
..….
တစ်လအကြာ။
တစ်မနက်၌။
မိုးလင်းစပြုချိန်၌ ကျင့်ကြံသူတစ်ဦး အော်ဟစ်လိုက်သည်။
“ကောင်းကင်ကို ကြည့်လိုက်ကြဦး။ အဲဒါ ဘာလဲ။”
ချူးယုချင်၏ ကမ္ဘာငယ်သည် ကျင့်စဉ်ခေတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးပျံလှေကဲ့သို့သော စိတ်ဝိညာဉ် လက်နက်များ မရှိသေးသဖြင့် ထိုနေရာရှိ ကျင့်ကြံသူများအတွက် မိုးပျံလှေကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ မကြာမီမှာပင် မိုးပျံလှေ ထွပ်ရပ်ကျွန်း အထက်သို့ ရောက်ရှိလာသည်။
ဖခင်နတ်ဘုရားက သူတို့ကို ကုန်းတွင်းပိုင်း မြို့များသို့ ခေါ်သွားရန် စေလွှတ်လိုက်သောသူများ ဟုတ် မဟုတ်ကို စူးစမ်းရန် ကျင့်ကြံသူများ စုရုံးလိုက်ကြသည်။
မိုးပျံလှေ ထွပ်ရပ်ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်နှင့်အမျှ ကျွန်းပေါ်မှ ထွက်ခွာပြီး ကျယ်ပြန့်သော ကမ္ဘာကြီးကို မြင်တွေ့ရတော့မည်ဖြစ်သဖြင့် လူတိုင်း စိတ်လှုပ်ရှားလာကြသည်။ မိုးပျံလှေ ဆင်းသက်ပြီးနောက် ယင်ကျန်းယဲ့ အောက်သို့ ဆင်းလာကာ ထိုနေရာရှိ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
သူ၏ သခင် တကယ့်ကို ထူးချွန်လှသည်ဟု သူ၏ စိတ်ထဲမှ ကျိတ်ချီးကျူးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာငယ်မှ တက်ရောက်လာသော ကျင့်ကြံသူများ အားလုံးမှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ် အဆင့်သို့ ရောက်ရှိနေကြသောကြောင့် ဖြစ်သည်။
လုချန်းက ယင်ကျန်းယဲ့ကို တက်ရောက်လာသူများအကြောင်း အနည်းငယ်သာ ပြောပြထားသဖြင့် ထိုကျင့်ကြံသူများမှာ လုချန်း၏ ကိုယ်တွင်းကမ္ဘာမှ တက်ရောက်လာခြင်းဖြစ်သည်ဟု သူ ယခုထိ ထင်မှတ်နေဆဲ ဖြစ်သည်။ ထိုနေရာရှိ ကျင့်ကြံသူများကို ကြည့်ပြီးနောက် ယင်ကျန်းယဲ့က
“ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်အရ ကျွန်တော်က ခင်ဗျားတို့ကို ရှနိုင်ငံတော်ရဲ့ ကုန်းတွင်းပိုင်း မြို့တွေဆီ ခေါ်သွားပေးမှာပါ။”
“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ကောင်းကင်ဧကရာဇ်က ခင်ဗျားတို့ ထျန်းချန်ကမ္ဘာတစ်ခုလုံးကို ပိုပြီး နားလည်နိုင်အောင် လက်ဆောင်လေးတစ်ခု ပြင်ဆင်ပေးထားပါတယ်။”
ထိုသို့ပြောရင်း ယင်ကျန်းယဲ့က သူ၏ အာကာသလက်စွပ်ထဲမှ ရွှေရောင်အလင်းများ ထွက်ပေါ်နေသော စာအုပ်ငယ်များကို ထုတ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားကို သုံးကာ တက်ရောက်လာသူ လူတိုင်း၏ ရှေ့သို့ စာအုပ်ငယ်များကို ပို့ပေးလိုက်သည်။
မိမိတို့ရှေ့ရှိ စာအုပ်များကို မြင်သောအခါ လူတိုင်း စူးစမ်းလိုစိတ်များ ဖြစ်လာကြသည်။ ဖခင်နတ်ဘုရားက သူတို့ကို ဘာကြောင့် စာအုပ်တွေ ပေးရသနည်း။
ကျင့်စဉ်တစ်ခုခု ဖြစ်နိုင်သလား။
၎င်းသည် အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်နိုင်သည်ဟု တွေးကာ ကျန်းယုဇီသည် သူ၏ရှေ့တွင် လွင့်မျောနေသော စာအုပ်ကို ချက်ချင်း ကောက်ယူလိုက်ပြီး ဖွင့်လိုက်သည်။ သူ စာအုပ်ကို ဖွင့်လိုက်သည်နှင့် စာအုပ်သည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ နဖူးထဲသို့ ဝင်ရောက်သွားသည်။
နောက်တစ်ခဏတွင် ထျန်းချန်ကမ္ဘာနှင့် ပတ်သက်သော အချက်အလက်များ ကျန်းယုဇီ၏ စိတ်ထဲတွင် ပေါ်လာသည်။ ထျန်းချန်ကမ္ဘာ မည်သို့သော ကမ္ဘာဖြစ်ကြောင်းနှင့် သူတို့၏ ဖခင်နတ်ဘုရားနှင့် မိခင်နတ်ဘုရားမတို့ မည်သူများဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားသည်။ ကျန်းယုဇီ စာအုပ်ကို ဖွင့်လိုက်သည်ကို မြင်သောအခါ အခြားကျင့်ကြံသူများကလည်း လိုက်လုပ်ကြပြီး စာအုပ်များကို စတင် ဖတ်ရှုကြသည်။ မကြာမီတွင် တက်ရောက်လာသူ အားလုံး ထျန်းချန်ကမ္ဘာအကြောင်းကို ယေဘုယျအားဖြင့် နားလည်သွားကြသည်။
စာအုပ်မှ အသိပညာများကို လက်ခံပြီးနောက် ကျင့်ကြံသူများ တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ပြီး
“မင်းကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် ယင်ကျန်းယဲ့က
“ကဲ... ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ”
ယင်ကျန်းယဲ့က တက်ရောက်လာသူများ စီမံခန့်ခွဲရေး အသင်းမှ လူအချို့ကို ထိုနေရာတွင် ချန်ထားခဲ့ပြီး တက်ရောက်လာသူများကိုမူ ရှနိုင်ငံတော်၏ ဆိပ်ကမ်းမြို့တစ်ခုသို့ ခေါ်ဆောင်သွားသည်။ မိုးပျံလှေ ဆိပ်ကမ်းမြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ကျန်းယုဇီတို့လည်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားကြသည်။ ကမ်းရိုးတန်းတွင် ကြီးမားသော သင်္ဘောကြီးများ တန်းစီနေပြီး မြို့ထဲတွင်လည်း မြင့်မားသော အဆောက်အဦးများနှင့် ရထားများ အဆက်မပြတ် သွားလာနေသော ကျယ်ပြန့်သော လမ်းမကြီးများဖြင့် ပြည့်နှက်နေသည်။
လုချန်း ပေးလိုက်သော စာအုပ်မှတစ်ဆင့် သူတို့ မြင်တွေ့နေရသည့် အရာများအကြောင်း နားလည်ထားကြသော်လည်း ၎င်းတို့ကို ကိုယ်တိုင်မြင်တွေ့ရခြင်းက အလွန် ထူးဆန်းပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
မကြာမီတွင် မိုးပျံလှေသည် ကြီးမားသော အဆောက်အဦးတစ်ခု၏ ဘေး၌ ဆင်းသက်လိုက်သည်။ ယင်ကျန်းယဲ့က မိုးပျံလှေပေါ်မှ ကျင့်ကြံသူများကို သူတို့၏ ကိုယ်ရေးအချက်အလက်များ မှတ်ပုံတင်ရန် ခေါ်သွားမည်ပြုစဉ် အမျိုးမျိုးသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ လူပေါင်းများစွာက သူတို့အနားသို့ တိုးဝှေ့ ရောက်ရှိလာကြသည်။
“ချန်ရှီး သတ္တုတွင်းကို ဝင်ချင်တဲ့သူရှိလား။ တစ်လကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ တခြား အကျိုးခံစားခွင့်တွေ အများကြီး ရမယ်နော်။”
“ကျွန်မတို့ရဲ့ လဝန်းသစ်ဂိုဏ်းမှာ အကြီးအကဲလာလုပ်ပါ။ နှစ်တိုင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ ခွဲတမ်း ရပါတယ်ရှင့်။”
“ချင်းရွှေကျောင်းမှာ ဆရာလာလုပ်ချင်တဲ့သူ ရှိလား။ ကျွန်တော်တို့ဆီက ဆရာတွေက အစိုးရကျောင်းမှာ ပညာဆက်သင်ဖို့ အခွင့်အရေး ရပါလိမ့်မယ်။”
“ကျွန်တော်တို့ဆီ လာခဲ့ပါ... ကျွန်တော်တို့ဆီ လာပါ...”
……..
ခဏအတွင်းမှာပင် မိုးပျံလှေအောက်ရှိ ဧရိယာတစ်ခုလုံး ဆူညံသွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ယင်ကျန်းယဲ့ စကားပင် မပြောနိုင်တော့ချေ။
ထိုလူများသည် တကယ့်ကို စိတ်အားထက်သန်လွန်းနေကြသည်။ တက်ရောက်လာသူများ မည်သည့် အင်အားစုကိုမဆို ဝင်ရောက်နိုင်သည်ဟု ကောင်းကင်ဧကရာဇ်က မှာထားသော်လည်း အနည်းဆုံးတော့ သူတို့၏ ကိုယ်ရေးအချက်အလက်များကို အရင် မှတ်ပုံတင်ခွင့် ပေးသင့်သည်။
လူအုပ်ကြီးကို လူစုခွဲရန် မတတ်နိုင်တော့သဖြင့် ယင်ကျန်းယဲ့က
“လမ်းဖယ်ပေးကြပါ။ တက်ရောက်လာသူတွေက ထျန်းချန်ကမ္ဘာမှာ မနေထိုင်ခင် အရင်ဆုံး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ရမယ်လို့ ကောင်းကင်ဧကရာဇ်က မိန့်ကြားထားတယ်”
ဟု ဟိန်းဟောက်လိုက်သည်။
ယင်ကျန်းယဲ့၏ စကားကို ကြားသောအခါ လူအုပ်ကြီး နောက်ဆုံးတွင် ငြိမ်သက်သွားကာ တုန့်ဆိုင်းစွာဖြင့် လမ်းဖယ်ပေးလိုက်ကြ၏။ လူအုပ်ကြီးလည်း ထိုလူအုပ်စုကို တက်ရောက်လာသူများ စီမံခန့်ခွဲရေး အသင်း အဆောက်အဦးထဲသို့ ယင်ကျန်းယဲ့ ခေါ်ဆောင်သွားသည်ကိုသာ ကြည့်နေကြရတော့သည်။
…………..
အခန်း (၁၂၇၅ )
ကွမ်းရန် ရောက်ရှိလာခြင်း
ရှနိုင်ငံတော်။
ရန်မြို့နန်းတော်။
နန်းတွင်း စာကြည့်ခန်း။
လုချန်းသည် ယခု သူတော်စင်အဆင့် ဖြစ်နေပြီဖြစ်သဖြင့် အထူးကိုယ်ရံတော်များ၏ အစီရင်ခံစာများ မလိုအပ်ပဲ ထျန်းချန်ကမ္ဘာတွင်း ဖြစ်ပျက်သမျှ ကိစ္စရပ်အားလုံးကို အာရုံခံ သိနိုင်လာသည်။
တက်ရောက်လာသူများ စီမံခန့်ခွဲရေး အသင်းတွင် မှတ်ပုံတင်ပြီးသည်နှင့် အဓိက အင်အားစု အသီးသီးက ချက်ချင်းဆိုသလို ခေါ်ယူသွားကြသည်ကို မြင်သောအခါ လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာလေသည်။
နန်းတွင်း စာကြည့်ခန်းထဲတွင် နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးသည်။ ချူးယုချင်သည် တက်ရောက်လာသူများ လိုက်နာရမည့် စည်းမျဉ်းအချို့ကို မှတ်စုစာအုပ် တစ်အုပ်ထဲတွင် ရေးဆွဲရင်း လုချန်း၏ ဘေးနား၌ ထိုင်နေသည်။
ချူးယုချင် မှတ်စုစာအုပ်ထဲတွင် ရေးနေသည့် အကြောင်းအရာများကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်းက
“တက်ရောက်လာတဲ့ ကျင့်ကြံသူတွေက ဒီကမ္ဘာနဲ့ အသားကျဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ သူတို့ ကိုယ်ရေးအချက်အလက်တွေ စာရင်းသွင်းပြီးတာနဲ့ အင်အားစု အသီးသီးက ခေါ်ယူသွားကြတယ်ဆိုတော့ မဆိုးပါဘူး။”
အလုပ်များနေရင်းနှင့် ချူးယုချင်က တုံ့ပြန်လိုက်သည်။
“တက်ရောက်လာသူ အားလုံးက ဥပဒေနိယာမ အလုံးစုံ နယ်ပယ် ကျင့်ကြံသူတွေလေ။ ဘယ်အင်အားစုမဆို သူတို့ကို ခေါ်ချင်ကြမှာပဲ။ ဒါကြောင့် သူတို့အတွက် ဒီကမ္ဘာနဲ့ ပေါင်းစပ်ဖို့က မခက်ခဲပါဘူး။”
“ဒေါ်လေး ပိုစိုးရိမ်တာက တက်ရောက်လာသူ အရေအတွက် တိုးများလာတာရင် တက်ရောက်လာသူတွေ လွှမ်းမိုးထားတဲ့ အုပ်စုတစ်ခု ပေါ်ပေါက်လာနိုင်ပြီး ရှနိုင်ငံကို ဒုက္ခပေးနိုင်တယ် ဆိုတာပဲ။”
ထျန်းချန်ကမ္ဘာတွင် စိတ်ဝိညာဉ် စွမ်းအား များ ပြန်လည်ရှင်သန်လာပြီးနောက် ကျင့်ကြံသူများ၏ ကျင့်စဉ်အဆင့်များ သိသိသာသာ တိုးတက်လာခဲ့သော်လည်း ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ရောက်နေသည့် ကျင့်ကြံသူ အရေအတွက်က များလှခြင်း မရှိသေးပေ။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ် ကျင့်ကြံသူ အမြောက်အမြား ရှိသော်လည်း ထိုနေရာမှ ကျင့်ကြံသူ အများစုသည် ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်ရန် လိုအပ်ချက် မပြည့်မီကြပေ။ ထျန်းချန်ကမ္ဘာကို သူ၏ အခြေစိုက်စခန်း အဖြစ် သတ်မှတ်ထားသဖြင့် ဝင်ရောက်ခွင့် လိုအပ်ချက်များကို လုချန်းက တင်းကျပ်စွာ သတ်မှတ်ထားသဖြင့် ထျန်းချန်ကမ္ဘာရှိ ကျင့်ကြံသူများ၏ အလုံးစုံအင်အားက အတော်လေး အားနည်းနေသေးသည်။
တက်ရောက်လာသူ အရေအတွက် တိုးပွားလာသည်နှင့်အမျှ ၎င်းတို့သည် ထျန်းချန်ကမ္ဘာရှိ လုပ်ငန်းအမျိုးမျိုးကို မလွဲမသွေ ထိန်းချုပ်လာကြမည် ဖြစ်သည်။ တစ်ဖက်တွင် တက်ရောက်လာသူများ အုပ်စုဖွဲ့လာမည်ကို ချူးယုချင် စိုးရိမ်နေပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ အရေအတွက် တိုးပွားလာသည်နှင့်အမျှ ထျန်းချန်ကမ္ဘာ၏ မူလ ကျင့်ကြံသူများနှင့် တက်ရောက်လာသူများကြား ပဋိပက္ခ ဖြစ်ပေါ်လာမည်ကိုလည်း သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက တုံ့ပြန်လိုက်သည်။
“မပူပါနဲ့။ ကျွန်တော်က ထျန်းချန်ကမ္ဘာရဲ့ စည်းကမ်းတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးသွားမှာပါ။ အနာဂတ်မှာ တောင်ဝင်တောင်တန်း ကြယ်နယ်မြေက ကျင့်ကြံသူတွေလည်း ထျန်းချန်ကမ္ဘာကို ဝင်ရောက်နိုင်လာမှာပါ။”
“နောက်ပြီး ဒီတက်ရောက်လာသူတွေ အားလုံးက ဒေါ်လေးရဲ့ ရင်သွေးကမ္ဘာတွေက လာကြတာလေ။ ရင်သွေးကမ္ဘာက ကျင့်ကြံသူတွေမှာ အသက်အမှတ်အသားတွေ ပါလာကြတယ်။ သူတို့ရဲ့ သေခြင်းရှင်ခြင်းကို ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာပဲ။ တက်ရောက်လာသူ ပိုများလေ ကျွန်တော်တို့အတွက် ပိုကောင်းလေပဲ။”
သိချင်စိတ်ဖြင့် ချူးယုချင်က မေးလိုက်သည်။
“အသက်အမှတ်အသား ဟုတ်လား”
လုချန်းက တိုက်ရိုက်ပင်
“မျက်လုံးမှိတ်ပြီး ဒေါ်လေးရဲ့ စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်ပါ။”
လုချန်း၏ ညွှန်ကြားချက်အတိုင်း ချူးယုချင်မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သောအခါ ကမ်းရိုးတန်း မြို့ကြီးများတွင် ပြန့်ကျဲနေသော အစိမ်းရောင် အစက်အပြောက် ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသည်။
ဤအစိမ်းရောင် အစက်အပြောက်များနှင့် သူမအကြား ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိနေပုံရပြီး သူမ၏ အတွေးတစ်ချက်ဖြင့် ၎င်းတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သကဲ့သို့ ခံစားနေရသည်။
ချူးယုချင် အနည်းငယ် အံ့သြသွား၏။
ဒါက အသက်အမှတ်အသားလား။
လုချန်းက ဆက်လက်၍
“သူတို့ အားလုံးက ရင်သွေးကမ္ဘာတွေမှာ မွေးဖွားလာကြတာ။ အဲဒီကမ္ဘာတွေကို ကျွန်တော်တို့ ဖန်တီးခဲ့တာဆိုတော့ သူတို့မှာ အသက်အမှတ်အသားတွေ ရှိရုံတင်မကဘူး ကျွန်တော်တို့ ဖန်တီးတဲ့ ကံတရားတွေပါ ပါလာကြတယ်။ ဒါကြောင့် သူတို့ ဒုက္ခပေးမှာကို ဒေါ်လေး သိပ်ပူစရာမလိုပါဘူး။”
တက်ရောက်လာသူများ ဒုက္ခပေးလာမှာကို ချူးယုချင် အဘယ်ကြောင့် ဤမျှ စိုးရိမ်နေရကြောင်း လုချန်း သိသည်။ သူမ၏ ရင်သွေးကမ္ဘာတွင် ကောင်းကင်နတ်ဆိုး တစ်ကောင် ပေါ်ထွက်လာဖူးသောကြောင့် ဖြစ်၏။
လုချန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ချူးယုချင် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ တက်ရောက်လာသူများ၏ အသက်ကို သူတို့ ထိန်းချုပ်နိုင်ပါက ၎င်းတို့ ပြဿနာ ရှာမှာကို အလွန် စိုးရိမ်နေစရာ မလိုတော့ပေ။
ထိုအချိန်တွင် လုချန်းက ခေါင်းကို လှည့်၍ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချူးယုချင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားက ဝတ်စုံနှင့် ကွက်တိ ဖြစ်နေပြီး ဆံပင်တစ်ဝက်ကို ခေါင်းပေါ်တွင် ထုံးဖွဲ့ထားရာ ရင့်ကျက်ပြီး သိက္ခာရှိသော ဆွဲဆောင်မှုမျိုး ပေါ်လွင်နေသည်။
လုချန်းစိတ် လှုပ်ရှားလာသည်။ ထို့ကြောင့် သူ၏ ဆန္ဒများကို ဆက်လက် မထိန်းချုပ်တော့ပဲ စိတ်ထဲရှိသည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်းက လက်လှမ်းလိုက်ပြီး ချူးယုချင်၏ ပခုံးပေါ်သို့ လက်တင်ကာ ပြုံးလျက်
“ချစ်ဇနီး ပင်ပန်းနေပြီ။ နည်းနည်းလောက် အနားယူလိုက်ပါလား”
ချူးယုချင်က ခေါင်းကိုလှည့်ပြီး လုချန်းကို ဖျော့တော့သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ကာ
“သိပ်မကြာစေနဲ့နော်။ တက်ရောက်လာသူ စီမံခန့်ခွဲရေး စည်းမျဉ်းတွေကို ရေးဆွဲရဦးမယ်။”
ချူးယုချင် သဘောတူသည်ကို မြင်သောအခါ လုချန်း လုံးဝ တုံ့ဆိုင်းမနေတော့ပဲ မတ်တတ်ရပ်လိုက်ပြီး နန်းတွင်း စာကြည့်ခန်းရှိ စားပွဲပေါ်တွင် ချူးယုချင်ကို လှဲစေလိုက်သည်။
……..
ရက်များ ကုန်လွန်လာသည်နှင့်အမျှ မုကျိရွှမ်း၏ ရင်သွေးကမ္ဘာမှ ကျင့်ကြံသူ အချို့လည်း တက်ရောက်လာကြပြီး ထျန်းချန်ကမ္ဘာတွင် တက်ရောက်လာသူ အရေအတွက် လျင်မြန်စွာ တိုးပွားလာသည်။
လုချန်းသည် ထျန်းချန်ကမ္ဘာ၏ ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အင်အားစု အမြောက်အမြားလည်း ထျန်းချန်ကမ္ဘာသို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြသည်။
ထျန်းချန်ကမ္ဘာသည် အရိုင်း ကြယ်နယ်မြေတွင် တည်ရှိပြီး ဝေးလံခေါင်သိီလှ သော်လည်း လုချန်း၏ ပြုပြင်ပြောင်းလဲမှုကြောင့် စိတ်ဝိညာဉ် စွမ်းအား သိပ်သည်းဆသည် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာ အချို့ထက်ပင် များစွာ သာလွန်နေသည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများပင်လျှင် ထျန်းချန်ကမ္ဘာကို မယှဉ်နိုင်ပေ။
ထို့ပြင် ထျန်းချန်ကမ္ဘာသည် ကြီးထွားဆဲ ကမ္ဘာတစ်ခုဖြစ်ပြီး ဟင်းလင်းပြင်မှ ကမ္ဘာ့အပိုင်းအစများကို စုပ်ယူကာ မိမိကိုယ်ကို အားဖြည့်နေသဖြင့် စိတ်ဝိညာဉ် စွမ်းအား သိပ်သည်းဆမှာ အဆက်မပြတ် တိုးတက်နေသည်။
ထျန်းချန်ကမ္ဘာ၏ ကြီးထွားပုံသည် သန့်ရှင်းသော နဂါးနက် နယ်မြေကဲ့သို့ သီးခြားနယ်မြေတစ်ခုလို မဟုတ်ပဲ စိတ်ဝိညာဉ် စွမ်းအား သိပ်သည်းဆ မြင့်မားသော အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများထက် များစွာ အဆင့်မြင့်သော မြင့်မြတ်သော နယ်မြေတစ်ခုကဲ့သို့ ဖြစ်လာနိုင်မလား ဆိုတာကို မည်သူမှ သေချာ မပြောနိုင်ပေ။
ထိုကဲ့သို့ မြင့်မြတ်သော နယ်မြေများသည် အများအားဖြင့် အစွမ်းထက်သော ဧကရာဇ်များ ဖန်တီးထားသော ကမ္ဘာများ ဖြစ်ကြ၏။ ဧကရာဇ်တိုင်းတွင်လည်း ထိုကဲ့သို့ မြင့်မြတ် နယ်မြေများကို ဖန်တီးနိုင်စွမ်း မရှိကြပေ။ ဧကရာဇ်များသည်လည်း သူတို့၏ အဆင့်အလိုက် ကွဲပြားကြပြီး ထိပ်တန်း အဆင့်ရှိသူများသာလျှင် မြင့်မြတ်သော နယ်မြေများကို ဖန်တီးနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ကြသည်။
………
မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ဟူသော အချိန် ကုန်လွန်သွားခဲ့လေသည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အစွန်အဖျားတွင်။
နတ်လှေတစ်စင်းသည် ဖရိုဖရဲကြယ်ပင်လယ်ဘက်သို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းနေစဉ် နဂါးတပ်မတော် အလံလွှင့်ထူထားသော နတ်လှေတစ်စင်းသည် ဖရိုဖရဲကြယ်ပင်လယ်သို့ ဦးတည်နေသော နတ်လှေ၏ လမ်းကြောင်းကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။
မိမိရှေ့တွင် အခြားနတ်လှေတစ်စင်း ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကွမ်းရန်၏ မျက်နှာ ချက်ချင်း မဲမှောင်သွားသည်။ ဤခရီးစဉ် တစ်လျှောက်လုံးတွင် သူ့ကို တားရဲသူ တစ်ဦးမှ မကြုံဖူးသေးပေ။
ကွမ်းရန်သည် နတ်လှေကို ချက်ချင်း ရပ်တန့်လိုက်ပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ်၏ ဖိနှိပ်နိုင်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
“ငါ့လမ်းကို ပိတ်ရဲတယ်ဆိုတော့ မင်းတို့ ဘယ်လို သေချင်လဲဆိုတာ စဉ်းစားပြီးပြီလား။”
ကွမ်းရန်၏ စကားဆုံးသည်နှင့် နဂါးတပ်မတော်၏ ကင်းလှည့် နတ်လှေမှလည်း အလားတူ ပြင်းထန်သော ဖိနှိပ်စွမ်းအား တစ်ခု ထွက်ပေါ်လာသည်။
ကွမ်းရန် အနည်းငယ် ထိတ်လန့်သွားသည်။ ဤနေရာသည် ဝေးလံခေါင်ဖျားသော ကြယ်နယ်မြေ ဖြစ်နေပြီ မဟုတ်လား။ ဤနေရာတွင်လည်း ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ကျင့်ကြံသူ တစ်ဦး ရှိနေနိုင်သလား။
နောက်တစ်ခဏတွင် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တစ်ဦး ဟင်းလင်းပြင်ထဲသို့ ပျံသန်းလာပြီး ကွမ်းရန်ကို စိုက်ကြည့်ကာ
“ခင်ဗျားက ဘယ်သူလဲ။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေထဲကို ဘာလို့ ဝင်ချင်တာလဲ။ ခင်ဗျား ဘယ်ကို သွားဖို့ စီစဉ်ထားတာလဲ။”
ထိုလူ၏ ဝတ်စားဆင်ယင်မှုကို သတိထားမိလိုက်သဖြင့် ကွမ်းရန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူသည် သာမန် ကျင့်ကြံသူ မဟုတ်ကြောင်း ထင်ရှားသည်။ သူ၏ ချပ်ဝပ်တန်ဆာကို ကြည့်ခြင်းအားဖြင့် အင်ပါယာ တစ်ခုခုမှ ဗိုလ်ချုပ်တစ်ဦး ဖြစ်ပုံရ၏။
သို့သော်......
ဒီနေရာက အရိုင်း ကြယ်နယ်မြေ ဖြစ်ရမှာ မဟုတ်လား။
ဤနေရာတွင် အင်ပါယာ တစ်ခု မည်သို့ ရှိနေနိုင်မည်နည်း။
ပြန်မဖြေပဲ ကွမ်းရန်က မေးခွန်းပြန်ထုတ်လိုက်သည်။
“ခင်ဗျားကရော ဘယ်သူလဲ။ ဘာလို့ ကျုပ်လမ်းကို ပိတ်နေတာလဲ။”
ထန်ကျိပင်က
“ခင်ဗျားက ရှနိုင်ငံ အုပ်ချုပ်တဲ့ ကြယ်နယ်မြေထဲကို ရောက်နေတာ။ ကျွန်တော်တို့မှာ ခင်ဗျားကို စစ်ဆေးမေးမြန်းပိုင်ခွင့် ရှိတယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အချက်အလက်နဲ့ လာရတဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ပြောပြပါ။ မဟုတ်ရင် ကျွန်တော်တို့ အင်အားသုံးရလိမ့်မယ်။”
ထန်ကျိပင်၏ စကားကို ကြားသောအခါ ကွမ်ရန်၏ မျက်နှာပို၍ အရုပ်ဆိုးသွားသည်။ စိတ်ထဲတွင်လည်း အလွန်ဒေါသထွက်မိသည်။
မိုးနတ်မင်းက စွန့်ပစ်ထားသော ဤအရိုင်း ကြယ်နယ်မြေတွင် အင်ပါယာ တစ်ခု တကယ် ရှိနေနိုင်လား။
အင်ပါယာ ဆိုတဲ့ စကားလုံးနဲ့ မတန်လိုက်တာ။
ဒီနေရာမှာ သူတော်စင် တစ်ပါးတောင် ရှိမှာ မဟုတ်ပါဘူး။
လမ်းပိတ်ခံရခြင်းအပေါ် လွန်စွာ မကျေနပ်သော်လည်း သူ၏ တာဝန် အရေးကြီးပုံကို တွေးမိသဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကွမ်းရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
သူ တာဝန်တစ်ခု ပျက်ကွက်ခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ နောက်ထပ် လုပ်ကြံသတ်ဖြတ်ခြင်း တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါက သူ့ကို စောင့်ကြိုနေတာ ကံကြမ္မာက ဖယ်ရှားခံရခြင်းသာ ဖြစ်ပေလိမ့်မည်။