← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း ၄၃၆ - သူတော်စင်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ဒူးထောက် အရှုံးပေးစမ်း

“ဗွမ်း...”

အတောင်လေးဖက်ပါ မီးငှက်သည် ရေဝဲအတွင်းသို့ ရောက်ရှိသွားသည်နှင့် နာကျင်စွာ အော်မြည်လိုက်ပြီး တစ်ကိုယ်လုံးရှိ မိစ္ဆာချီစွမ်းအင်များ တိုက်ရိုက် ချေမှုန်းခံလိုက်ရကာ လေထုထဲ၌ သွေးမြူခိုးများအဖြစ် ကြေမွသွားတော့သည်။ နောက်ဆုံးတွင် ထိုသွေးမြူခိုးများပင် ပျောက်ကွယ်သွားပြီး ကမ္ဘာပေါ်တွင် မည်သည့်အခါကမျှ တည်ရှိမနေခဲ့သည့်နှယ် ဖြစ်သွားရ၏။

ဤမြင်ကွင်းကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲ၌ ထိတ်လန့်သွားရသည်။ အလွန်ဝေးကွာသော အကွာအဝေးတွင် ရှိနေသော်လည်း ထိုရေဝဲမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ဖိအားမှာ သူ့အတွက် တားဆီး၍မရနိုင်သော ကောင်းကင်ဘုံ၏ အာဏာစက်ကဲ့သို့ ခံစားနေရ၏။ အကယ်၍ အနားသို့သာ ချဉ်းကပ်မိပါက မျက်စိတစ်မှိတ်အတွင်း မြူမှုန်ဖြစ်သွားမည်မှာ သေချာလှပေသည်။

“ဘယ်သူလဲ... ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်နေတာ... ငါ့ရှေ့ကို ထွက်ခဲ့စမ်း...”

အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်မှာ အေးစက်သွား၏။ အတောင်လေးဖက်ပါ မီးငှက်သည် သာမန် မီးငှက်မျိုး မဟုတ်ဘဲ မီးငှက်ပေါင်း သောင်းချီထဲမှ တစ်ကောင်သာ ပေါ်ထွက်နိုင်ခြင်းဖြစ်ပြီး အရင်းအမြစ်များစွာ အကုန်အကျခံ မွေးမြူထားရခြင်း ဖြစ်ရာ လျှပ်ယွမ်ဂိုဏ်း တစ်ခုလုံးတွင်ပင် အနည်းငယ်မျှသာ ရှိသဖြင့် အလွန်ပင် တန်ဖိုးကြီးမားလှသည်။ ယနေ့တွင်မူ သူ၏ မျက်စိရှေ့၌ပင် ဤကဲ့သို့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဆုံးရှုံးမှုမှာ အရေးမကြီးသော်လည်း အရေးကြီးသည်က သူ၏ သိက္ခာပင်။ ဤအချက်က သူ့ကို သိက္ခာကျစေသည်။

ချက်ချင်းပင် သူသည် မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရေဝဲဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ ရိုးရှင်းပြီး တိုက်ရိုက်ကျသော လက်ဖဝါးချက်ဖြစ်သော်လည်း အရှိန်အဝါမှာမူ သာမန်မဟုတ်ဘဲ ဟိန်းခနဲ မြည်ဟိန်းသံနှင့်အတူ ခန့်ညားလှသော တောင်ကြီးတစ်လုံး ပေါ်ထွက်လာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်များကို အက်ကွဲသွားစေလျက် ဤကမ္ဘာမြေကို အဆုံးသတ်ပစ်တော့မည့်နှယ် ရှိနေသည်။

“လျှပ်ယွမ်ဂိုဏ်းက သူတော်စင်တုန်းယွဲ့ဟာ တကယ်ကို သိက္ခာကြီးမားတာပဲ...”

အေးစက်သော နှာမှုတ်သံတစ်ခုသည် ရေဝဲအတွင်းမှ ထွက်ပေါ်လာ၏။ ရေဝဲအတွင်းမှ ထူးဆန်းသော တုန်ခါမှုများ ချက်ချင်း ထွက်ပေါ်လာပြီး တုန်ခါမှု ရောက်ရှိရာ အရပ်တိုင်းရှိ ဟင်းလင်းပြင်များမှာ တစ်ဆင့်ပြီးတစ်ဆင့် ပြိုပျက်သွားပြီး ထို ခန့်ညားလှသော တောင်ကြီးမှာလည်း တားဆီး၍မရဘဲ လေထုထဲ၌ပင် အပိုင်းပိုင်း ကြေမွသွားရတော့သည်။

“ဝေါ...”

ပြင်းထန်သော စွမ်းအားများသည် လေပြင်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ တိုက်ခတ်သွားပြီး မိုင်ပေါင်းများစွာအတွင်းရှိ တိမ်တိုက်များကို အကုန်အစင် တိုက်ထုတ်ပစ်လိုက်၏။

“ဝွမ်...”

ရေဝဲမှာ အနည်းငယ် တုန်ခါသွားပြီးနောက် အနှိုင်းမဲ့သော အလှပိုင်ရှင် အမျိုးသမီးတစ်ဦးသည် ထိုအထဲမှ လျှောက်လှမ်း ထွက်ပေါ်လာကာ လူတိုင်း၏ အကြည့်အောက်တွင် ပေါ်ထွက်လာခဲ့သည်။ ရောက်လာသူမှာ ရေတံခွန်ကဲ့သို့ စီးကျနေသော နက်မှောင်သည့် ဆံပင်များနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်လုံးများ ရှိပြီး သူမ၏ ကိုယ်မှာ ရေမြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် အလွန်ပင် ဝေဝါးနေကာ မှန်ထဲကပန်း၊ ရေထဲကလကဲ့သို့ မြင်တွေ့နေရသော်လည်း သဲသဲကွဲကွဲ မရှိလှပေ။ သို့သော် သူမထံမှ ထွက်ပေါ်နေသော ကျယ်ပြောနက်နဲလှသည့် အရှိန်အဝါကြောင့် ထိုနေရာရှိ လူအားလုံးမှာ စိတ်ဝိညာဉ်များ တုန်ယင်သွားရကာ အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ချေ။

ထိုသူမှာ မဟာအကြီးအကဲချင်ကွေ့ပင် ဖြစ်သည်။ မဟာအကြီးအကဲချင်ကွေ့ကို မြင်လိုက်ရသောအခါ အကြီးအကဲကျီးတုန်းယွဲ့က အေးစက်စွာ နှာမှုတ်လိုက်၏။

“ယွီကျုံဟွေးတို့၊ မင်ကျုံးတို့လို အဖိုးကြီးတွေ ထွက်မလာဘဲ မိန်းကလေးငယ်တစ်ယောက်ကိုပဲ ငါ့ဆီ လွှတ်လိုက်တယ်ပေါ့... ရွှမ်ယွမ်ဂိုဏ်းမှာ အထက်အောက် ရိုသေမှုဆိုတာ မရှိတော့ဘူးလား...”

မဟာအကြီးအကဲချင်ကွေ့၏ လေသံမှာ တည်ငြိမ်အေးစက်နေပြီး မည်သည့် ရိုသေမှုမျှ ပါဝင်ခြင်း မရှိချေ။

“ဂိုဏ်းချုပ်နဲ့ မင်ကျုံး အကြီးအကဲတို့က ကျင့်ကြံနေကြတာပါ။ နောက်ပြီးတော့ ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဧည့်သည်ကို ကြိုဆိုတဲ့နေရာမှာ တစ်ဖက်လူရဲ့ စွမ်းအားနဲ့ အဆင့်အတန်းအပေါ် မူတည်ပြီးတော့ပဲ စီစဉ်လေ့ရှိတယ်။ တကယ်လို့ ဘယ်သူလာလာ ဂိုဏ်းချုပ်ကိုယ်တိုင် ထွက်ကြိုနေရမယ်ဆိုရင် စျေးပေါရာကြမှာပေါ့...”

“မင်း ဘာပြောလိုက်တယ်...”

အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်များတွင် ဒေါသများ ပြည့်နှက်သွားပြီး မျက်နှာမှာလည်း အေးစက်သွား၏။ ဤစကားများမှာ သူ့ကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်မှာ သေချာလှပေသည်။ သူ့ကို အရည်အချင်း မရှိသူဟု ပြောလိုက်ခြင်း မဟုတ်ပါလော။

မဟာအကြီးအကဲချင်ကွေ့သည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ အရှိန်အဝါမှာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး တည်ငြိမ်မှုများကြား၌ အနှိုင်းမဲ့သော အာဏာစက်များ ပါဝင်နေကာ အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်ကို လျစ်လျူရှုလျက် မေးမြန်းလိုက်သည်။

“ရှင်တို့ နှစ်ယောက် ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို ဘာကိစ္စနဲ့ လာတာလဲ... ကိစ္စမရှိရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ နေကြပါ...”

အကြီးအကဲကျီးတုန်းယွဲ့က ပြင်းထန်စွာ နှာမှုတ်လိုက်၏။

“ရွှမ်ယွမ်ဂိုဏ်းမှာ မင်းတို့လို လူအနည်းငယ်ကိုပဲ အားကိုးနေရတာဆိုတော့ ဘယ်လောက်အထိ ကြာကြာ မောက်မာနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

နှုတ်ဖြင့် လှောင်ပြောင်ပြီးနောက် အကြီးအကဲကျီးတုန်းယွဲ့က စကားလမ်းကြောင်း ပြောင်းလိုက်ပြီး လူအုပ်ကြားရှိ လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“ငါ ဒီတစ်ခါ လာတာက တခြားကိစ္စ မဟုတ်ဘူး... အဲ့ဒီကောင်လေးကို ထွက်လာခိုင်းလိုက်...”

“လော့ချန်လား...”

မဟာအကြီးအကဲချင်ကွေ့ အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် အကြီးအကဲကျီးတုန်းယွဲ့၏ နောက်ကွယ်မှ ဟွာကျင်းယန်ကို သတိပြုမိသွားသောအခါ အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။

ဟွာကျင်းယန်သည် ရှေ့သို့ တက်လှမ်းလာပြီး လော့ချန်ကို အထက်စီးမှ ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်၏။

“လော့ချန်... ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက မင်းကို ရှုံးခဲ့တာဟာ ငါ့ဘဝရဲ့ အကြီးမားဆုံး အရှက်ရမှုပဲ... ဒီနေ့တော့ အဲ့ဒါကို ငါကိုယ်တိုင် ပြန်ပြီး သိမ်းပိုက်ပြမယ်...”

စကားပြောနေစဉ်မှာပင် ဟွာကျင်းယန်သည် ယန်ချင်းရှုံးကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ယန်ချင်းရှုံး ဤနေရာတွင် ရှိနေခြင်းမှာ သာ၍ပင် ကောင်းပေသည်။ သူသည် ယန်ချင်းရှုံး၏ ရှေ့မှောက်၌ပင် လော့ချန်ကို ကိုယ်တိုင် အနိုင်ယူပြချင်နေခြင်း ဖြစ်သည်။ ယန်ချင်းရှုံးအား သူ၏ အောင်မြင်မှုကို သက်သေထူခိုင်းလိုခြင်းပင်။

လော့ချန်သည် အကြီးအကဲကျီးတုန်းယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ဟွာကျင်းယန်ကို အေးစက်စွာ ဆိုလိုက်သည်။

“မင်းက တိုက်ချင်တိုင်း တိုက်ရမှာလား... ငါ ဒီနေ့ စိတ်မကြည်ဘူး... ငါ စိတ်ကြည်တဲ့အထိ စောင့်လိုက်ဦး”

ဟွာကျင်းယန်ကို မြင်လိုက်သည့် ခဏမှာပင် လော့ချန်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိရှိလိုက်ပြီ ဖြစ်သည်။ ယခုအခါ သူသည် သေချာပေါက် အနိုင်ရနိုင်သည့် ယုံကြည်ချက် ရှိနေသည်။ အကယ်၍ ယုံကြည်ချက် မရှိလျှင်ပင် တစ်စုံတစ်ယောက်က သူ့ကို လာရောက် စိန်ခေါ်ပါက ယေဘုယျအားဖြင့် လော့ချန် ငြင်းပယ်လေ့ မရှိပေ။ အားပြိုင်မှုရှိမှသာ ပို၍ လျင်မြန်စွာ တိုးတက်နိုင်မည် မဟုတ်ပါလော။ အချင်းချင်း စိန်ခေါ်ခြင်းမှာလည်း မိမိကိုယ်ကိုယ်အတွက် အကျိုးရှိပေသည်။

ကံမကောင်းသည်မှာ တစ်ဖက်လူက အကြီးအကဲချန်ရွှမ်ကို လက်ထုတ်သုံး၍ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းပင်။ ဤအချက်ကြောင့် လော့ချန်သည် ထိုလူနှစ်ဦးအပေါ် အလွန်ပင် အမြင်မကြည်လင် ဖြစ်သွားရကာ တစ်ဖက်လူ၏ ဆန္ဒအတိုင်း အဘယ်ကြောင့် လိုက်လျောပေးရမည်နည်း။

“မင်း...”

လော့ချန် ငြင်းပယ်လိမ့်မည်ဟု ဟွာကျင်းယန် လုံးဝ မထင်မှတ်ထားခဲ့သဖြင့် မှင်တက်မိသွားရသည်။

“ဝှစ်...”

အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်မှာ လော့ချန်ပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများမှ မြင့်မြတ်လှသော အာဏာစက်များ ထွက်ပေါ်လာကာ အေးစက်စွာ ရယ်မောလိုက်၏။

“ဒီတိုက်ပွဲကတော့ မဖြစ်မနေ တိုက်ရမှာပဲ... မင်းရဲ့ သဘောထားနဲ့ မဆိုင်ဘူး...”

အကယ်၍ ယခင်ကဆိုလျှင် အကြီးအကဲကျီးတုန်းယွဲ့သည် ဤတိုက်ပွဲအပေါ် အလွန်အမင်း အလေးထားမည် မဟုတ်ပေ။ အသုံးမကျသော သိုင်းဝိညာဉ် နိုးကြားထားသည့် အသုံးမကျသူတစ်ဦးကို အနိုင်ယူခြင်းမှာ မည်သည့် အဓိပ္ပာယ်မျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ လော့ချန်သည် ဟွာကျင်းယန်၏ စိတ်ထဲကအရိပ်မည်း ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။

အကယ်၍ ဟွာကျင်းယန်က လော့ချန်ကို ကိုယ်တိုင် အနိုင်မယူနိုင်ခဲ့ပါက သူ၏ စိတ်ဝိညာဉ်ပေါ်တွင် အရိပ်မည်းများ ဖုံးလွှမ်းသွားမည် ဖြစ်သည်။ ကျင့်ကြံမှု နိမ့်ကျနေစဉ်တွင် ကိစ္စမရှိသော်လည်း နောင်တစ်ချိန် အောင်မြင်မှုများ ရရှိလာသည့်အခါ ကျင့်ကြံခြင်းလမ်းစဉ်တွင် ကြီးမားသော အတားအဆီး ဖြစ်လာပေလိမ့်မည်။ ထို့ပြင် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ ရွှမ်ယွမ်ဂိုဏ်းသို့ လာခဲ့ပြီး သူ၏ စီးတော်ယာဉ်ဖြစ်သည့် စီးနင်းသားရဲပင် အသတ်ခံလိုက်ရပါလျက်နှင့် ယခုကဲ့သို့ အရှက်ရစွာ ပြန်သွားမည်ဆိုလျှင် သူတော်စင်တစ်ဦးဖြစ်သော သူ၏ သိက္ခာမှာ ဘယ်မှာ ရှိတော့မည်နည်း။

“ဝွမ်...”

သူတော်စင်အဆင့် သန်မာသူတစ်ဦး၏ အကြည့်အောက်တွင် လော့ချန်သည် ပတ်ဝန်းကျင်ရှိ လေထုမှာပင် သိပ်သည်းလာပြီး တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေသည်ဟု ခံစားလိုက်ရသော်လည်း သူသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ်ရန် အစွမ်းကုန် ကြိုးစားလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“တိုက်တာ၊ မတိုက်တာက ငါ့ကိစ္စပဲ... ငါ့ရဲ့ သဘောထားနဲ့ ဘာဖြစ်လို့ မဆိုင်ရမှာလဲ... ခင်ဗျားတို့ ဒီလောက်တောင် အနိုင်ရချင်နေမှတော့ ခင်ဗျားတို့ပဲ နိုင်တယ်လို့ သတ်မှတ်လိုက်ပါ့မယ်... ဘယ်လိုလဲ...”

လော့ချန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“ဗွမ်း...”

လော့ချန်၏ စကားကို ကြားသောအခါ လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့် အချို့မှာ မနေနိုင်ဘဲ ရယ်မောလိုက်ကြပြီး လော့ချန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကာ အလွန်ပင် လေးစားသွားကြတော့သည်။ သူတော်စင်အဆင့် သန်မာသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သာမန်လူများမှာ စကားပြောရန်ပင် သတ္တိမရှိကြသော်လည်း လော့ချန်ကမူ ဤမျှအထိ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်သည် မဟုတ်ပါလော။

“စကားတတ်တဲ့ ကောင်စုတ်လေး... ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့”

အကြီးအကဲကျီးတုန်းယွဲ့ အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ အကြည့်မှာ စုပုံသွားကာ ကမ္ဘာမြေပေါ်တွင် သိသာထင်ရှားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေတော့သည်။

“ရှူး...”

ပါးလွှာသော ရေအလင်းကန့်လန့်ကာတစ်ခု ကျဆင်းလာပြီး လော့ချန်၏ အထက်ရှိ ဟင်းလင်းပြင်တွင် ဖုံးလွှမ်းသွား၏။ မဟာအကြီးအကဲချင်ကွေ့သည် ရေအလင်းကန့်လန့်ကာအတွင်းမှ ထွက်ပေါ်လာပြီး အကြီးအကဲကျီးတုန်းယွဲ့၏ အရှိန်အဝါ ဖိနှိပ်မှုကို တားဆီးပေးလိုက်ကာ လော့ချန်ကို လှည့်ကြည့်၍ အလွန်အမင်း ချီးကျူးသော အကြည့်ဖြင့် ဆိုလိုက်သည်။

“လော့ချန်... မင်း ပြောတာ အရမ်းကောင်းတယ်... တကယ်ကို ကောင်းတယ်... ငါတို့ ရွှမ်ယွမ်ဂိုဏ်းက တပည့်တွေဟာ ဒီလိုမျိုး သတ္တိရှိရမယ်... ဘယ်သူ့ကိုမှ အလွယ်တကူ အညံ့မခံရဘူး... မင်းက နိုးကြားထားတဲ့ သိုင်းဝိညာဉ် အားနည်းနေသေးပေမဲ့ ဒီအချက်မှာတော့ အတွင်းစည်းထဲက ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ လူတွေထက် အများကြီး သာလွန်တယ်...”

စကားပြောနေစဉ်မှာပင် မဟာအကြီးအကဲချင်ကွေ့သည် အကြီးအကဲကျီးတုန်းယွဲ့ကို လှည့်ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ တည်ငြိမ်နေသော်လည်း လေသံမှာမူ အနှိုင်းမဲ့သော အာဏာစက်များ ပြည့်နှက်နေသည်။

“ဒီနေ့တော့ ငါ ရှိနေသရွေ့ ဘယ်သူက မင်းကို နှိပ်စက်ရဲမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့၏ မျက်နှာမှာ ညိုမည်းသွား၏။ ယနေ့ သူ ထွက်လာကတည်းက အဆင်မပြေမှုများစွာနှင့် ကြုံတွေ့နေရပြီး ရွှမ်ယွမ်ဂိုဏ်းမှ တပည့်လေးတစ်ဦးကပင် သူ့ကို ဆန့်ကျင်ရဲသည်လား။ တကယ်ပင် ကျိုးကြောင်းဆီလျော်မှု မရှိလှပေ။ လော့ချန်ကို လက်တစ်ချက်တည်းနှင့် ရိုက်သတ်ပစ်ချင်သည့် ဆန္ဒများပင် ဖြစ်ပေါ်နေတော့သည်။

သို့သော် ဤတိုက်ပွဲသည် ဟွာကျင်းယန်အတွက် မည်မျှ အရေးကြီးကြောင်း စဉ်းစားမိသဖြင့် အကြီးအကဲကျီးတုန်းယွဲ့သည် သူ၏ ဒေါသကို အတင်းအကျပ် နှိမ်နင်းလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။

“ပုရွက်ဆိတ်တစ်ကောင်ကတော့ ငါ နှိပ်စက်ရလောက်အောင် မထိုက်တန်သေးဘူး... ဒါပေမဲ့ ရွှမ်ယွမ်ဂိုဏ်းရဲ့ တပည့်က တူညီတဲ့ နယ်ပယ်က လူတစ်ယောက်ရဲ့ စိန်ခေါ်မှုကိုတောင် ဒီလောက်အထိ ကြောက်လန့်ပြီး တိုက်ပွဲကို ရှောင်လွှဲနေတယ်ဆိုတာ... အပြင်ကို ပျံ့သွားရင် လူအများရဲ့ လှောင်ပြောင်ခြင်းကို မခံရဘူးလို့ရော ထင်နေလား...”

ဟွာကျင်းယန်လည်း ရှေ့သို့ တက်လာပြီး လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်နေတော့သည်။

“လော့ချန်... ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက မင်းက ဒီလောက်အထိ မောက်မာခဲ့ပြီးတော့ အခုကျတော့ ဘာဖြစ်လို့ ကြောက်နေတာလဲ... တကယ်လို့ မင်းက ရှုံးမှာကို ကြောက်နေတယ်ဆိုရင် ငါ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးမယ်... ဒူးထောက်ပြီး အရှုံးပေးစမ်း... ဒါဆိုရင်တော့ ငါ မင်းကို ခဏလောက် လွှတ်ပေးထားလိုက်မယ်...”

အခန်း ၄၃၆ ပြီးပါပြီ။

အခန်း ၄၃၇ - လျှစ်စီးဓား၊ လောင်းကြေးတစ်ခု ထပ်ကြစို့

“ဒူးထောက်ပြီး အရှုံးပေးစမ်း။ ဒါဆိုရင်တော့ ငါ မင်းကို ခေတ္တလောက် လွှတ်ပေးထားလိုက်မယ်”

ဟွာကျင်းယန်သည် သူ၏အသံကို တမင်မြှင့်တင်လိုက်ရာ ချီစွမ်းအင်များ ပါဝင်နေသော ထိုအသံမှာ ဟိန်းခနဲ မြည်ဟိန်းသွားပြီး မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပျံ့နှံ့သွားတော့သည်။

“ဟားဟားဟား...”

ဟွာကျင်းယန်၏ စကားကို ကြားသောအခါ လော့ချန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး ဟွာကျင်းယန်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါလိုက်၏။

“ငါ့ကို ဒူးထောက်ပြီး အရှုံးပေးခိုင်းရအောင် ဟွာကျင်းယန်... မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ထင်တယ်”

ဟွာကျင်းယန်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး လှောင်ပြောင်လျက် ဆိုလိုက်သည်။

“နှုတ်နဲ့ပဲ မောက်မာနေတာ ဘာအသုံးကျမှာလဲ။ ငါနဲ့ တိုက်မလား။ တိုက်ရဲလား၊ မတိုက်ရဲဘူးလား...”

လော့ချန်၏ အကြည့်မှာ အနည်းငယ် စုပုံသွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ချိုးသွားကာ ပြုံးစိစိ အမူအရာဖြင့် ဆိုလိုက်၏။

“ဒီမယ်... ဟွာကျင်းယန်... အနိုင်အရှုံးပဲ ခွဲရမှာဆိုရင်တော့ အရမ်း ပျင်းဖို့ကောင်းလွန်းတယ်။ တကယ်လို့ မင်းက ငါ့ကို စိတ်လှုပ်ရှားစေမယ့် လောင်းကြေးတစ်ခုခု ထုတ်ပေးနိုင်မယ်ဆိုရင်တော့ ငါ မင်းနဲ့ တိုက်ပေးဖို့ စဉ်းစားပေးနိုင်ပါတယ်...”

သူသည် မူလက ဟွာကျင်းယန်ကို ဂရုစိုက်ရန် စိတ်ကူးမရှိခဲ့ပေ။ တစ်ဖက်လူကို မျက်နှာပျက်အောင် လုပ်ရန်သာ ရည်ရွယ်ခဲ့သည်။ သို့သော် တစ်ဖက်လူက ဇွတ်အတင်း စိန်ခေါ်နေသဖြင့် သူ လက်ထုတ်သုံးရန် အခြေအနေ ဖြစ်လာခဲ့ပြီပင်။ ဤသို့ဆိုလျှင်တော့ သူကလည်း အားနာနေမည် မဟုတ်ဘဲ တစ်ဖက်လူကို တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းရပေတော့မည်။

လော့ချန်၏ စကားကို ကြားသောအခါ လူတိုင်း၏ အကြည့်မှာ လော့ချန်ပေါ်သို့ စုပုံသွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်နေကြသည်။

ယခုအချိန်တွင် ဟွာကျင်းယန်သည် လော့ချန်ကို တိုက်ခိုက်ပြီး လက်စားချေရန်သာ အာရုံစိုက်နေသဖြင့် အများကြီး မစဉ်းစားတော့ဘဲ သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲတွင် ဓားအိမ်နှင့်တကွ ဓားတစ်စင်း ပေါ်လာတော့သည်။ ထိုဓားမှာ လေးပေခန့် ရှည်လျားပြီး ဓားအိမ်မှာ ရွှေဖျော့ရောင် ရှိကာ တိမ်ပင်လယ်နှင့် တောင်တန်းပုံရိပ်များကို ထွင်းထုထားသည်။ ဓားတစ်ကိုယ်လုံးမှ ဝေဝါးသော အလင်းတန်းများ ထွက်ပေါ်နေပြီး တိမ်မြူများကြားမှ လျှပ်စီးအလင်းတန်းများကဲ့သို့ တစ်လက်လက် တောက်ပနေကာ ထိုအထဲတွင် ကြယ်လေးပွင့် ပုံရိပ်များ ဝေဝါးစွာ ပေါ်ထွက်နေသည်။

ဓားမှာ အိမ်အတွင်းမှ မထွက်ရသေးသော်လည်း ထက်မြက်လှသော အရှိန်အဝါများမှာမူ ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။

“လျှစ်စီးဓား။ ကြယ်လေးပွင့် အဆင့်မြင့် ရတနာဓားပဲ။ တန်ဖိုးကတော့ ငွေအသပြာ သိန်းပေါင်း တစ်ထောင့်တစ်ရာကျော် တန်တယ်။ မင်း နိုင်ရင် ဒီဓားက မင်းအပိုင်ပဲ...”

“ရှူး...”

ဟွာကျင်းယန်သည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လျှစ်စီးဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနီးအနားရှိ တောင်ထိပ်၏ ကျောက်နံရံအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်။

ငွေအသပြာ သိန်းပေါင်း တစ်ထောင့်တစ်ရာ။ ဤမျှ ကြီးမားသော ကိန်းဂဏန်းကို ကြားလိုက်ရသည့်အခါ အပြင်စည်းတပည့်များစွာမှာ မှင်တက်မိသွားကြရသည်။ ဤသည်မှာ သူတို့ထဲမှ လူအများစု စိတ်ကူးပင် မယဉ်ဝံ့သော ကြီးမားသည့် ဓနဥစ္စာ ဖြစ်သည် မဟုတ်ပါလော။

“မဆိုးဘူး။ မဆိုးဘူး။ နောက်ထပ် ရှိသေးလား...”

လော့ချန်သည် ကျောက်နံရံပေါ်ရှိ လျှစ်စီးဓားကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ဟွာကျင်းယန်တွင် ကြယ်လေးပွင့် ရတနာဓားတစ်စင်း ရှိကြောင်း သူ သိထားခဲ့သည်။ ထိုစဉ်က သူသည် ယန်ချင်းရှုံးကို လက်ဆောင်ပေးချင်ခဲ့သော်လည်း ယန်ချင်းရှုံးက လက်မခံခဲ့ချေ။ ထိုဓားက ကြယ်လေးပွင့် အဆင့်မြင့် ရတနာဓား ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဓားသမားတစ်ဦးအနေဖြင့် လော့ချန်သည် ဤလျှစ်စီးဓားမှာ ကြယ်လေးပွင့် ရတနာများထဲတွင် အဆင့်မြင့်ဆုံး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ အကန့်သတ်မဲ့ သွေးဓားထက် အဆပေါင်းများစွာ သာလွန်လှပေသည်။ ဤဓားရှိပါက သူ၏ စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားနိုင်မည်မှာ သေချာလှသည်။

လော့ချန်၏ စကားကို ကြားသောအခါ ဟွာကျင်းယန် မျက်မှောင်ကြုတ်သွားပြီးနောက် ကျောက်စိမ်းသေတ္တာတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ ကျောက်စိမ်းသေတ္တာအတွင်း၌ မြွေငယ်တစ်ကောင်နှင့် တူသော နီရဲသည့် သစ်ခွပန်းတစ်ပွင့် ရှိနေသည်။ ထိုသစ်ခွပန်းမှာ ရောင်စဉ်များ တောက်ပနေပြီး ပြင်းထန်သော အငွေ့အသက်များကြား၌ ကြယ်ငါးပွင့် ပုံရိပ်များကို ဝေဝါးစွာ မြင်တွေ့နိုင်၏။

“ဒါဆိုရင် နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ကြယ်ငါးပွင့် ဆေးဖက်ဝင်အပင် မီးလျှံလျှာသစ်ခွကိုပါ ထပ်ပေါင်းပေးမယ်”

“ရှူး...”

ဟွာကျင်းယန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းသေတ္တာမှာ လျှစ်စီးဓား၏ ဓားအိမ်ပေါ်သို့ ငြိမ်သက်စွာ ကျရောက်သွားတော့သည်။

ကြယ်ငါးပွင့် ဆေးပင်။

လူတိုင်းမှာ တိတ်တဆိတ် အံ့အားသင့်သွားကြရသည်။ ဟွာကျင်းယန်သည် ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ပါရမီရှင်တစ်ဦးဖြစ်သလို မဟာအကြီးအကဲ၏ တိုက်ရိုက်တပည့်လည်း ဖြစ်သည်နှင့်အညီ သူ ထုတ်ယူလိုက်သော ပစ္စည်းတိုင်းမှာ အလွန်ပင် တန်ဖိုးကြီးမားလှပေသည်။ ဤ မီးလျှံလျှာသစ်ခွသည် မြေအောက်အနက်ရှိုင်းဆုံးရှိ မီးလျှံအငွေ့အသက်များ စုစည်းရာ အရပ်၌ ပေါက်ရောက်သော ဆေးဖက်ဝင်အပင် ဖြစ်သည်။ ၎င်းသည် သွေးချီနှင့် ခန္ဓာကိုယ်ကို သန်မာစေနိုင်သလို ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကိုလည်း ဖြည့်တင်းပေးနိုင်သဖြင့် အလွန်ပင် ရှားပါးလှသည်။ သာမန် မီးလျှံလျှာသစ်ခွ၏ တန်ဖိုးမှာပင် ငွေအသပြာ သိန်းငါးဆယ်ကျော် ရှိလေသည်။ နှစ်တစ်ထောင်သက်တမ်းရှိသော မီးလျှံလျှာသစ်ခွ၏ တန်ဖိုးမှာမူ သိန်းတစ်ရာထက် မနည်းနိုင်ပေ။

“အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။ နောက်ထပ် ရှိသေးလား...”

လော့ချန်၏ မျက်လုံးများမှာ သာ၍ တောက်ပလာသည်။ ဤမြင်ကွင်းကို ကြည့်ရင်း ရွှမ်ယွမ်ဂိုဏ်းနှင့် လော့ရှာဂိုဏ်းမှ လူတိုင်းမှာ ဆွံ့အသွားကြရတော့သည်။ ဤသည်မှာ ဟွာကျင်းယန်ကို အကုန်အစင် လုယူတော့မည့် ပုံစံပင် မဟုတ်ပါလော။

ဟွာကျင်းယန်မှာ စိတ်မရှည်တော့ဘဲ အော်ဟစ်လိုက်သည်။

“ဒီလောက် လောင်းကြေးဆိုရင် လုံလောက်နေပြီ။ ထပ်တိုးရင် မင်း ပြန်လျော်နိုင်မှာ မဟုတ်ဘူး။ မင်း တိုက်မှာလား၊ မတိုက်ဘူးလား...”

“ငါ ပြန်မလျော်နိုင်မှာကိုတော့ မစိုးရိမ်ပါနဲ့... ကဲ... ဒါဆိုရင်လည်း တိုက်ကြတာပေါ့...”

လော့ချန်သည် ဟွာကျင်းယန်က လောင်းကြေး ထပ်မတိုးတော့သည်ကို မြင်သောအခါ မတတ်သာဘဲ လက်ကို ဖြန့်ပြလိုက်ပြီးနောက် ကြီးမားသော သေတ္တာအချို့ကို ထုတ်ယူလိုက်သည်။ သေတ္တာတစ်လုံးစီအတွင်း၌ ချီစွမ်းအင်ဆေးလုံးများ ပြည့်နှက်နေပြီး စုစုပေါင်း အရေအတွက်မှာ တစ်သောင်းကျော် ရှိလေသည်။ အနီးနားရှိ အပြင်စည်းတပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး မှင်တက်မိနေကြတော့၏။

“ဒီမှာ ချီစွမ်းအင်ဆေးလုံး တစ်သောင်းနှစ်ထောင် ရှိတယ်”

ဂိုဏ်းကို ပြန်ရောက်ရောက်ချင်း ပြဿနာရှာခဲ့စဉ်က လော့ချန်သည် ယွီကျုံဟွေး အပါအဝင် အတွင်းစည်းတပည့် အချို့ဆီမှ ပစ္စည်းများကို သိမ်းယူခဲ့သလို သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူဖြစ်သော ချင်တို့ယွမ် ဆီမှလည်း သိမ်းယူခဲ့သည်။ လော့ချန်၏ ယခု စုစုပေါင်း ဓနဥစ္စာမှာ ငွေအသပြာ သိန်းနှစ်ထောင့်ငါးရာကျော် ရှိပြီး ၎င်းမှာ ချီစွမ်းအင်ဆေးလုံး နှစ်သောင်းငါးထောင်နှင့် ညီမျှသည်။ ချီစွမ်းအင်ဆေးလုံး တစ်သောင်းနှစ်ထောင်မှာ သူ၏ စုစုပေါင်း ဓနဥစ္စာ၏ တစ်ဝက်ပင် မရှိချေ။

လော့ချန် သဘောတူလိုက်သည်ကို မြင်သောအခါ ဟွာကျင်းယန်သည် မြေပြင်ပေါ်ရှိ ချီစွမ်းအင်ဆေးလုံးများကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။

“ဒီ ချီစွမ်းအင်ဆေးလုံး တစ်သောင်းနှစ်ထောင်ကိုတော့ ငါပဲ အသာတကြည် လက်ခံလိုက်မယ်”

လော့ချန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

“ဟုတ်လား။ အဲ့ဒါကတော့ မင်းမှာ အဲ့ဒီ အရည်အချင်း ရှိ၊ မရှိပေါ်မှာပဲ မူတည်လိမ့်မယ်”

“ဟင်း... ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့။ ဒီနေရာက လက်လှုပ်ခြေလှုပ် လုပ်ဖို့ မလွယ်ဘူး။ ငါတို့ ဟိုဘက်ကို သွားရအောင်”

ဟွာကျင်းယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ ကိုယ်ရိပ်မှာ ရှေ့ဘက်ရှိ တောင်တန်းများဆီသို့ ပျံသန်းသွားတော့သည်။ လော့ချန်သည်လည်း အလျင်မလိုဘဲ နောက်မှ ကပ်လိုက်သွားလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မဟာအကြီးအကဲချင်ကွေ့၏ မျက်လုံးများမှာ ဝေ့ဝဲသွားပြီး တစ်ဖက်ရှိ အကြီးအကဲကျီးတုန်းယွဲ့ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“သူတော်စင်တုန်းယွဲ့... ရှင်ဗျားက မိုင်ပေါင်းများစွာ ဝေးတဲ့ အရပ်ကနေ ပင်ပင်ပန်းပန်း လာခဲ့ရတာဆိုတော့ ကျုပ်တို့လည်း လောင်းကြေးတစ်ခုလောက် ထပ်ကြမလား။ ငါကတော့ လော့ချန် နိုင်မယ်လို့ လောင်းမယ်။ ရတနာတစ်ခုကို လောင်းကြေးအဖြစ် ထုတ်ပေးမယ်”

စကားပြောနေစဉ်မှာပင် မဟာအကြီးအကဲချင်ကွေ့သည် သူမ၏ လက်ဖဝါးကို လှန်လိုက်ရာ လက်ကောက်ဝတ်၌ လက်ကောက်တစ်ခု ပေါ်လာသည်။ လက်ကောက်ပေါ်တွင် နက်မှောင်သော ရတနာလုံးလေးတစ်လုံး ရှိပြီး ထိုလုံးလေးမှာ စိမ်းပြာရောင် ရှိကာ ကြယ်တာရာ ပုံရိပ်များစွာ ထိုအထဲ၌ ကိန်းအောင်းနေသည်။ ထိုလက်ကောက် ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံး၌ ထူးဆန်းသော အေးမြသည့် အငွေ့အသက်များ ဖြစ်ပေါ်လာတော့သည်။

“ရေရတနာလုံး... ဒါဟာ ရေဓာတ်အနှစ်သာရတွေ နှစ်ပေါင်း တစ်သောင်းကျော်ကြာမှ ဖြစ်ပေါ်လာတဲ့ ရတနာပဲ။ ရေဓာတ် ကျင့်စဉ်တွေကို ကျင့်ကြံသူတွေအတွက်တော့ ကျင့်ကြံမှု အရှိန်ကို မြှင့်တင်ပေးနိုင်သလို ချီစွမ်းအင်တွေကို သန့်စင်ပေးပြီး တိုက်ခိုက်ရေး စွမ်းအားကိုလည်း တိုးတက်စေနိုင်တယ်။ မင်းက ဒါကို ငါနဲ့ လောင်းမယ်ပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့သည် ထိုလက်ကောက်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် သဘောမတူသေးချေ။

မဟာအကြီးအကဲချင်ကွေ့က ပြုံးလျက် ဆိုလိုက်သည်။

“ဒီလက်ကောက်ရဲ့ တန်ဖိုးက ချီစွမ်းအင်ဆေးလုံး တစ်သိန်းငါးသောင်းလောက်ပဲ ရှိတာပါ။ ဘာလဲ... နာမည်ကျော် သူတော်စင်တုန်းယွဲ့က မလောင်းရဲဘူးလား”

အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်မှာ လော့ချန်နှင့် ဟွာကျင်းယန်တို့အပေါ် အပြန်ပြန်အလှန်လှန် ရောက်ရှိသွားပြီး တွေဝေနေမိသည်။ တစ်ဖက်လူက ဤမျှ တန်ဖိုးကြီးသော ရတနာကို လောင်းကြေး ထုတ်ပေးသည်ဆိုမှတော့ တစ်ခုခုကို အားကိုးထားရှိ၍ ဖြစ်ရမည်။

သို့သော်လည်း လွန်ခဲ့သော နှစ်လအတွင်း ဟွာကျင်းယန်၏ တိုးတက်လာသော စွမ်းအားကို စဉ်းစားမိသောအခါ အကြီးအကဲကျီးတုန်းယွဲ့ စိတ်အေးသွားရပြန်သည်။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ဟွာကျင်းယန်သည် လော့ချန်ကို ရှုံးခဲ့သည်မှာ နှစ်ဦးစလုံး ထုံရွှမ်နယ်ပယ်၌ ရှိနေကြသောကြောင့် ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါတွင်မူ သိုင်းဝိညာဉ် အရည်အသွေး မြင့်မားလေ၊ တိုက်ခိုက်ရေး စွမ်းအား သန်မာလေ ဖြစ်သည်မှာ လူတိုင်း သိထားသော အမှန်တရား ဖြစ်သည်။ ဟွာကျင်းယန်သည် ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားပြီး သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အသုံးမကျသော သိုင်းဝိညာဉ် ရှိသည့် လော့ချန်ကို ရှုံးနိမ့်စရာ အကြောင်း မရှိချေ။ ထို့ပြင် ဟွာကျင်းယန်သည် သိုင်းဝိညာဉ်၏ လျှို့ဝှက်စွမ်းအားကိုလည်း နိုးကြားထားခဲ့ပြီ မဟုတ်ပါလော။ ၎င်းသည် မြေအောက်မီးလျှံများဖြင့် ချီစွမ်းအင်ကို လောင်ကျွမ်းစေကာ တိုက်ခိုက်ရေး စွမ်းအားကို သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်သို့ ချက်ချင်း မြှင့်တင်ပေးနိုင်သည် ဖြစ်သည်။ အခြေအနေ အားလုံးကို နှိုင်းယှဉ်ကြည့်လျှင် လော့ချန်မှာ အနိုင်ရရန် မည်သည့် အခွင့်အရေးမျှ ရှိမနေတော့ချေ။ သေချာပေါက် ရှုံးမည်သာ ဖြစ်သည်။

“ဟားဟား... မင်းက ဒီရတနာကို ငါ့ဆီ အသာတကြည် ပေးချင်နေမှတော့ ငါက ငြင်းပယ်နေစရာ အကြောင်း မရှိဘူးပေါ့”

အကြီးအကဲကျီးတုန်းယွဲ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ကျောက်စိမ်းသေတ္တာတစ်ခု ထွက်ပေါ်လာသည်။

“ဒီအထဲမှာ ခရမ်းရောင်အမြုတေဆေးလုံး နှစ်လုံး ရှိတယ်။ တန်ဖိုးကတော့ မင်းရဲ့ ရေရတနာလုံး ထက် မနည်းဘူး။ မူလက ငါ နယ်ပယ်ကို ကျော်ဖြတ်တဲ့နေရာမှာ သုံးဖို့ သိမ်းထားတာ... ဒီနေ့တော့ မင်းနဲ့ လောင်းလိုက်မယ်”

မဟာအကြီးအကဲချင်ကွေ့၏ မျက်လုံးများမှာ လခြမ်းလေးကဲ့သို့ ကွေးညွတ်သွားပြီး တဟားဟား ရယ်မောလိုက်၏။

“ဒါဆိုရင်တော့ ကတိတည်ရမယ်နော်”

မဟာအကြီးအကဲချင်ကွေ့၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်သောအခါ အကြီးအကဲကျီးတုန်းယွဲ့ မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာမှာ သာ၍ပင် အေးစက်သွားတော့သည်။ သူသည် တစ်ကြိမ်ထက်မက ထပ်မံ စဉ်းစားကြည့်သော်လည်း မည်သည့် အမှားအယွင်းမျှ ရှာမတွေ့ခဲ့ချေ။ မည်သည့် ရှုထောင့်မှ ကြည့်ကြည့် ဟွာကျင်းယန်သည် လော့ချန်ကို အဘက်ဘက်မှ အပြတ်အသတ် သာလွန်နေပြီး ရှုံးနိမ့်ရန် မည်သည့် အခွင့်အလမ်းမျှ ရှိမနေတော့ချေ။

“မင်း... ဘယ်လောက်အထိ ရယ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် အကြီးအကဲကျီးတုန်းယွဲ့သည် ဆက်၍ မပြောတော့ဘဲ ဟွာကျင်းယန်နှင့် လော့ချန်တို့၏ တိုက်ပွဲ ဖြစ်ပွားရာ အရပ်ဆီသို့ ကြည့်လိုက်တော့သည်။

အခန်း ၄၃၇ ပြီးပါပြီ။

အခန်း ၄၃၈ - ဟွာကျင်းယန်နှင့် တစ်ကျော့ပြန် တိုက်ခိုက်ခြင်း

ရောက်ရှိနေကြသော အခြားလူများမှာမူ မှင်တက်မိနေကြပြီ ဖြစ်သည်။

လော့ချန်နှင့် ဟွာကျင်းယန်တို့၏ ငွေအသပြာ သိန်းပေါင်း တစ်ထောင်ကျော်တန်သော လောင်းကြေးကပင် သူတို့ကို ရင်တထိတ်ထိတ် ဖြစ်စေခဲ့ပြီ ဖြစ်၏။ သို့သော် မဟာအကြီးအကဲချင်ကွေ့နှင့် အကြီးအကဲကျီးတုန်းယွဲ့တို့က ဤတိုက်ပွဲအတွက် နောက်ထပ် ထိတ်လန့်ဖွယ်ရာ လောင်းကြေးကြီးတစ်ခုကို ထပ်မံ ထည့်သွင်းလိုက်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။

ချီစွမ်းအင်ဆေးလုံး တစ်သိန်းငါးသောင်း။ ၎င်းမှာ ငွေအသပြာ သိန်းပေါင်း တစ်သောင်းငါးထောင်နှင့် ညီမျှသော ဓနဥစ္စာပင် မဟုတ်ပါလော။

ရောက်ရှိနေကြသော တပည့်များသာမက အပြင်စည်း အကြီးအကဲ အများစုအတွက်ပင် ဤသည်မှာ စိတ်ကူးပင် မယဉ်ဝံ့သော ကြွယ်ဝမှုကြီး ဖြစ်ပေသည်။

“ဟူး...”

လော့ရှာဂိုဏ်း အပြင်စည်း မဟာအကြီးအကဲ အကြီးအကဲပိကျိုးရွှေသည် မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်၏။

“ဆရာ... ဘာဖြစ်လို့လဲဟင်။ လော့ချန် နိုင်မှာမဟုတ်ဘူးလို့ ဆရာ ထင်လို့လား...”

အကြီးအကဲပိကျိုးရွှေ ရုတ်တရက် သက်ပြင်းချလိုက်သည်ကို မြင်သောအခါ ယန်ချင်းရှုံး၏ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားရတော့သည်။

“မဟုတ်ပါဘူး...”

အကြီးအကဲပိကျိုးရွှေသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး အဝေးရှိ လူနှစ်ဦးကို ကြည့်ကာ ဆိုလိုက်၏။

“ဟွာကျင်းယန်ရဲ့ အငွေ့အသက်က တကယ်ကို မရိုးရှင်းဘူး။ နှစ်လမပြည့်ခင်မှာတင် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သလို သူ့ရဲ့ သိုင်းဝိညာဉ် လျှို့ဝှက်စွမ်းအားနဲ့ဆိုရင် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အစောပိုင်း သန်မာသူတွေကိုပါ အနိုင်တိုက်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ဒီလို တိုးတက်မှုတွေက လော့ချန်ရဲ့ သုံးပုံတစ်ပုံ ဓားဆန္ဒနဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှမဟုတ်တော့ဘူး...”

ဤစကားကို ကြားသောအခါ ယန်ချင်းရှုံး အနည်းငယ် စိတ်အေးသွားရသည်။ လော့ချန်၏ သုံးပုံတစ်ပုံ ဓားဆန္ဒ မည်မျှ သန်မာကြောင်း သူမထက် ပိုသိသူ မရှိပေ။

“ဒါဆိုရင် ဆရာလည်း ဒီတိုက်ပွဲမှာ လော့ချန် သေချာပေါက် နိုင်မယ်လို့ ယူဆတာပေါ့...”

‘ဒါပေါ့။ အဲ့ဒါကြောင့် ငါ သက်ပြင်းချနေတာပေါ့’ အကြီးအကဲပိကျိုးရွှေ၏ စိတ်ထဲတွင် မတတ်သာသလို ခံစားနေရသည်။

၎င်းမှာ ချီစွမ်းအင်ဆေးလုံး တစ်သိန်းငါးသောင်းပင် မဟုတ်ပါလော။ ဤမျှ များပြားသော ဓနဥစ္စာကို မြင်လျှင် စတုတ္ထနယ်ပယ်မှ မြေကမ္ဘာအဆင့် သန်မာသူများသာမက ပဉ္စမနယ်ပယ်မှ မိုးကောင်းကင်အဆင့် သန်မာသူများပင် စိတ်လှုပ်ရှားသွားကြမည် ဖြစ်သည်။ သူမကရော ဘယ်လိုလုပ်ပြီး မမက်မောဘဲ နေနိုင်မည်နည်း။ အကယ်၍ သူမသာ အဆင့်အတန်း မနိမ့်ပါက သူမသည်လည်း အကြီးအကဲကျီးတုန်းယွဲ့နှင့် လောင်းကြေး ထပ်ချင်နေမိသည်။ ဤသည်မှာ ဓနဥစ္စာများကို အလကားရမည့် အခွင့်အရေး မဟုတ်ပါလော။

“ဟူး...”

ဤသို့ စဉ်းစားမိသည့်အခါ အကြီးအကဲပိကျိုးရွှေသည် ထပ်မံ၍ သက်ပြင်းကို အကြိမ်ကြိမ် ချနေမိတော့သည်။ ယန်ချင်းရှုံးမှာမူ ဝေဝါးနေဆဲပင်။ ဆရာဖြစ်သူက လော့ချန် နိုင်မည်ဟု ယူဆပါလျက်နှင့် ဘာကြောင့် ခဏခဏ သက်ပြင်းချနေရသည်ကို သူမ နားမလည်နိုင် ဖြစ်နေ၏။

ယန်ချင်းရှုံး၏ စိုးရိမ်ပူပန်မှုများနှင့် မတူဘဲ ရွှမ်ယွမ်ဂိုဏ်းမှ လူတိုင်းမှာမူ အလွန်ပင် တည်ငြိမ်နေကြသည်။ လော့ချန်သည် ဓားဆန္ဒ တစ်ဝက်နှင့်ပင် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်ပိုင်းရှိ ချင်တို့ယွမ်ကို သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါ ဓားဆန္ဒမှာ သုံးပုံတစ်ပုံ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အစစ်အမှန် စွမ်းအားမှာ မည်သည့် အဆင့်အထိ ရှိနေမည်ကို သူတို့ပင် မခန့်မှန်းဝံ့ကြတော့ချေ။

မိုင်အနည်းငယ် အကွာ၌...

ဟွာကျင်းယန်သည် တောင်ကုန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး လော့ချန်ကလည်း နောက်မှ ကပ်လျက် ဆင်းသက်လာ၏။ ဤတောင်ကုန်းမှာ အမြင့် မီတာ ရှစ်ရာ ကိုးရာခန့်သာ ရှိပြီး အကျယ်အဝန်းမှာ မိုင်အနည်းငယ်မျှသာ ရှိသည်။ ရွှမ်ယွမ်ဂိုဏ်းမှ အပြင်စည်းတပည့်များ ဤနေရာတွင် မကြာခဏ လာရောက် ကျင့်ကြံလေ့ ရှိသောကြောင့် မြေပြင်ပေါ်၌ ကျောက်တုံးများမှာ ပေါ်ထွက်နေပြီး နေရာအနှံ့တွင် ဓားရာများနှင့် လက်သီးရာများ ရှိနေကာ မြက်ပင်အချို့နှင့် သစ်ပင်အနည်းငယ်သာ ရှိသည့် ခြောက်သွေ့သော နေရာတစ်ခု ဖြစ်ပေသည်။

ဂိုဏ်းနှစ်ခု၏ အပြင်စည်း ခေါင်းဆောင်ဟောင်း တပည့်နှစ်ဦးသည် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲပြီးနောက် ထိပ်သီးတိုက်ပွဲအဖြစ် ပြန်လည် ဆုံတွေ့ကြပြန်ပြီ။ ဤသတင်းမှာ ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

လူများမှာ အလျင်အမြန်ပင် ရောက်ရှိလာကြသည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် လေထဲတွင် တိုက်ရိုက် ပျံသန်းနေကြပြီး အထက်စီးမှ ကြည့်နေကြ၏။ လေထဲ၌ မပျံသန်းနိုင်သေးသော အပြင်စည်းတပည့်များနှင့် အကြီးအကဲများသည် အနီးနားရှိ တောင်ထိပ်များပေါ်သို့ တက်ကာ မြင်ကွင်းကောင်းသော နေရာများကို အသီးသီး နေရာယူထားကြတော့သည်။

တောင်ကုန်းငယ်လေး၏ ထိပ်တွင် ဟွာကျင်းယန်သည် လက်ကို နောက်ပစ်၍ မတ်မတ်ရပ်နေပြီး ချက်ချင်း လက်ထုတ်သုံးရန် အလျင်မလိုပေ။ သူသည် လူအများ၏ အကြည့်အောက်တွင် လော့ချန်ကို တရားဝင် အနိုင်ယူပြီး ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ယှဉ်ပြိုင်စဉ်က ခံခဲ့ရသည့် အရှက်ကို ဆေးကြောလိုခြင်း ဖြစ်သည်။ ဤအခိုက်အတန့်ကို သက်သေထူမည့်သူ များလေ၊ သာ၍ ကောင်းလေပင်။

ခဏအကြာတွင် လူစုံပြီဟု ခံစားလိုက်ရသည့်အခါမှသာ ဟွာကျင်းယန်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အကြည့်ကို လော့ချန်ပေါ်သို့ ပို့လိုက်၏။ တစ်ကမ္ဘာလုံးကို အထင်သေးသော အရှိန်အဝါများ ထွက်ပေါ်လာပြီးနောက် သူက ဆိုလိုက်သည်။

“လော့ချန်... မင်းရဲ့ စွမ်းအားက မဆိုးပါဘူး။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ငါ့ကို တကယ်ပဲ အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်း ငါ့ကို အနိုင်ယူနိုင်တဲ့ အခွင့်အရေးက ဒီဘဝမှာ အဲ့ဒီတစ်ကြိမ်ပဲ ရှိလိမ့်မယ်။ ဒုတိယအကြိမ်တော့ ရှိမှာ မဟုတ်တော့ဘူး... ဒီနေ့တော့ ငါ့ပိုင်ဆိုင်မှု အားလုံးကို ငါကိုယ်တိုင် ပြန်သိမ်းပိုက်ပြမယ်”

လော့ချန်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ချိုးသွားပြီး ခေါင်းကို ချက်ချင်း ခါယမ်းလိုက်၏။

“ဟွာကျင်းယန်... မင်း ရက်အနည်းငယ်လောက် စောပြီး လာခဲ့မယ်ဆိုရင်တော့ ငါ့ကို အနိုင်ယူဖို့ အခွင့်အရေး အနည်းငယ် ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းတာက အခုတော့ အဲ့ဒီ အခွင့်အရေးကို မင်း လက်လွတ်လိုက်ရပြီကွ...”

ဓားဆန္ဒ တိုးတက်လာခြင်းက ဓားသမားတစ်ဦးအတွက် စွမ်းအားကို အဘက်ဘက်မှ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ သူတစ်ပါး ခန့်မှန်းရုံတင် မကဘဲ လော့ချန် ကိုယ်တိုင်ပင် သုံးပုံတစ်ပုံ ဓားဆန္ဒကို ချိုးဖြတ်ပြီးနောက် သူ၏ အစစ်အမှန်စွမ်းအားမှာ မည်သည့် အဆင့်သို့ ရောက်ရှိသွားသည်ကို မသိနိုင်သေးချေ။ တကယ်တမ်း တိုက်ခိုက်ကြည့်မှသာ သိနိုင်မည် ဖြစ်သည်။

သို့တိုင်အောင် ဟွာကျင်းယန် ကိုယ်တိုင်က သူ့ကို အစွမ်းကုန် တိုက်ခိုက်လာအောင် ဖိအားပေးနိုင်သည့် စွမ်းအား ရှိမရှိအပေါ်တွင်လည်း မူတည်နေသေး၏။

“ဟဲဟဲ... တော်တော်လေး မောက်မာတာပဲ။ ငါ မင်းကို အနိုင်ယူဖို့အတွက် ဘယ်လို အခွင့်အရေးကိုမှ ဆုပ်ကိုင်ထားစရာ မလိုဘူး...”

ဟွာကျင်းယန် ဒေါသ မထွက်ပေ။ သူ့အတွက်တော့ လော့ချန်က သာ၍ မောက်မာလေ၊ သာ၍ ကောင်းလေပင်။ သူသည် လော့ချန်၏ ယုံကြည်မှုများကို အပြတ်အသတ် စွမ်းအားနှင့် တစ်လွှာချင်းစီ ချေမှုန်းပစ်မည် မဟုတ်ပါလော။

“ဘုန်း...”

စကားဆုံးသည်နှင့် ဟွာကျင်းယန်၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တုန်ခါသွားကာ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံချီစွမ်းအင်များ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော နီရဲသည့် လှိုင်းလုံးများအဖြစ် ပျံ့နှံ့သွားတော့သည်။

“ဖြောက်... ဖြောက်... ဖြောက်...”

တောင်ကုန်းငယ်ပေါ်ရှိ ကျောက်တုံးကျောက်ခဲများ လွင့်စင်သွားပြီး မူလကတည်းက မများလှသော မြက်ပင်များနှင့် သစ်ပင်များမှာ အမြစ်မှ ကျွတ်ထွက်ကာ လေထဲ၌ပင် လောင်ကျွမ်းသွားတော့သည်။ အဝေးမှ ကြည့်လျှင် ဟွာကျင်းယန်သည် မီးလျှံလေပွေကြီးတစ်ခုအတွင်း၌ ရပ်နေသည့်နှယ် ရှိပြီး သူ၏ အရှိန်အဝါမှာ ကောင်းကင်သို့တိုင် ထိုးနေတော့သည်။

“တကယ့်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းကထက် အများကြီး သန်မာလာတာပဲ...”

ချန်လင်းယူသည် ဟွာကျင်းယန်ကို ကြည့်ကာ အံ့အားသင့်သော အကြည့်ဖြင့် ရေရွတ်လိုက်၏။

လင်ရှောင်ယွမ်က ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့... သူက ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ပါရမီရှင်ကြီးလေ။ တကယ်လို့ လော့ချန်သာ ပေါ်မလာခဲ့ရင် ဟွာကျင်းယန်ဟာ ကျုပ်တို့ မျိုးဆက်ရဲ့ ထိပ်သီးခေါင်းဆောင် ဖြစ်နေမှာ သေချာတယ်။ တခြား ဖြစ်နိုင်ခြေ မရှိဘူး...”

ချန်လင်းယူ၏ နှုတ်ခမ်းလေးမှာ အနည်းငယ် တွန့်ချိုးသွားပြီး မျက်လုံးများမှာ ဝင်းလက်နေ၏။

“ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ဆိုတော့ ဘာဖြစ်လဲ။ ပါရမီရှင်ကြီးဆိုတော့ရော ဘာဖြစ်လဲ။ လော့ချန်ရဲ့ ခြေဖဝါးအောက်မှာ အနှိမ်ခံရမှာပါပဲ...”

လော့ချန်သည် ဟွာကျင်းယန်၏ အရှိန်အဝါ ရိုက်ခတ်မှုအောက်၌ ရပ်နေပြီး သူ၏ ဝတ်စုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ ဆံပင်နက်များမှာ ပျံလွင့်နေသော်လည်း သူ၏ မျက်လုံးများမှာ တည်ငြိမ်အေးဆေးနေဆဲပင်။ သူက ဟွာကျင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဟွာကျင်းယန်... မင်း ဒီတစ်ခါ ငါ့ကို လာစိန်ခေါ်တာဟာ သေချာပေါက် အပြည့်အဝ ပြင်ဆင်လာတယ်ဆိုတာ ငါ သိတယ်။ မင်းရဲ့ အစစ်အမှန် စွမ်းအားတွေကို ထုတ်သုံးလိုက်ပါ...”

“ငါ့ရဲ့ အစစ်အမှန် စွမ်းအားတွေကို မြင်ချင်ရင် မင်းမှာ အဲ့ဒီ အရည်အချင်း ရှိဖို့ လိုလိမ့်မယ်။ မင်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိလဲဆိုတာသာ အကုန်ထုတ်သုံးလိုက်ပါ... ငါက အဲ့ဒါတွေကို တစ်ခုချင်းစီ ချေမှုန်းပြမယ်... ငါ့ရဲ့ လက်ဝါးတစ်ချက်ကို ခံယူစမ်း...”

ဟွာကျင်းယန်၏ အကြည့်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လော့ချန်၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားကာ လက်ဖဝါးပေါ်၌ မီးလျှံအလင်းတန်းများ တောက်ပနေလျက် ပြင်းထန်သော အပူရှိန်ကြောင့် လေထုမှာပင် သိသိသာသာ တွန့်လိမ်သွားတော့သည်။

“နယ်ပယ်လေးပါး မီးလျှံလက်ဝါး...”

“ဘုန်း...”

လက်ဝါးကို ရိုက်ချလိုက်သည့်အခါ ကျယ်ပြောလှသော မီးလှိုင်းကြီးမှာ ချော်ရည်မြစ် ငါးစင်းပမာ လော့ချန်ထံသို့ ဦးတည်သွားပြီး ပြင်းထန်သော အရှိန်အဝါနှင့် အပူရှိန်မှာ လော့ချန်နှင့်တကွ ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကိုပါ တိုက်ရိုက် လောင်ကျွမ်းပစ်တော့မည့်နှယ် ရှိနေသည်။

“မမှတ်သေးဘူးပဲ...”

လော့ချန် ခေါင်းညိတ်လိုက်ပြီး တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဓားကို ဆွဲမထုတ်သေးဘဲ တိုက်ရိုက်ပင် ချေဖျက် ထိုးနှက်လိုက်သည်။

“ကောင်းကင်အိုး လက်သီး”

“ဘုန်း...”

ကြီးမားသော ရှေးဟောင်းအိုးလုံးကြီးမှာ နေရာအနှံ့ကို တည်ငြိမ်စေလျက် တောင်ကြီးတစ်လုံးပမာ ကျယ်ပြောလှပြီး ကျဆင်းလာသော မီးလှိုင်းကြီးနှင့် တိုက်ရိုက် တိုးမိသွားတော့သည်။

“ဖြောက်...”

စွမ်းအားနှစ်ခု ထိတွေ့မိသည်နှင့် ပြင်းထန်သော ရိုက်ခတ်မှုမှာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး နှစ်ခုကြားရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလျက် တွန့်လိမ်သွားတော့သည်။

တောင်ကုန်းမှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ထိုအက်ကြောင်းမှာ ဘေးနှစ်ဖက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ တောင်ကုန်းငယ် တစ်ခုလုံးမှာပင် နှစ်ခြမ်းကွဲသွားလုနီးပါး ဖြစ်သွားရ၏။

“လက်တစ်ချက်တည်းနဲ့ တောင်ကိုတောင် ခွဲပစ်လိုက်ပြီ”

ထိုနေရာရှိ အပြင်စည်းတပည့်များမှာ မှင်တက်မိသွားကြတော့သည်။

“ဘုန်း...”

ကျယ်ပြောလှသော မီးလှိုင်းကြီးမှာ လက်သီးရှိန်ကြောင့် ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ဟွာကျင်းယန်မှာလည်း သူ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ မီတာ တစ်ထောင်ခန့် အကွာအဝေးသို့ လွင့်စင်သွားရတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကဲကျီးတုန်းယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွား၏။ မဟာအကြီးအကဲချင်ကွေ့ကမူ ပြုံးရွှင်စွာဖြင့် အနီးနားရှိ အကြီးအကဲကျီးတုန်းယွဲ့ကို လှည့်ကြည့်လိုက်သည်။

“သူတော်စင်တုန်းယွဲ့... ကြည့်ရတာ ကျုပ်ရဲ့ ရေရတနာလုံး လက်ကောက်ကိုတော့ ရှင် ရတော့မှာ မဟုတ်ဘူး ထင်တယ်။ ခင်ဗျားရဲ့ ခရမ်းရောင်အမြုတေဆေးလုံး နှစ်လုံးကိုတော့ ကျုပ်ပဲ အလွယ်တကူ သိမ်းလိုက်ပါ့မယ်...”

“ဟင်း... အခု အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ဆိုတာ အရမ်း စောလွန်းသေးတယ်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေရဲ့ အားပြိုင်မှုမှာ သိုင်းဝိညာဉ်ကမှ အဓိကပဲ။ အဲ့ဒီ လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ သိုင်းဝိညာဉ်ကို ထုတ်သုံးလိုက်ရင်တောင် တိုးတက်လာမယ့် စွမ်းအားက ဘာမှ မဟုတ်လောက်ဘူး... ဟွာကျင်းယန်ကတော့ ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားတာ။ သိုင်းဝိညာဉ် ထွက်ပေါ်လာတဲ့အခါမှသာ သူက တကယ့် စွမ်းအားအစစ်အမှန်ကို ပြသနိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် သူက သိုင်းဝိညာဉ် လျှို့ဝှက်စွမ်းအားကိုပါ နိုးကြားထားသေးတာ... အဲ့ဒီ အစွမ်းက တကယ်ကို ထူးခြားလှတယ်... ဒီတိုက်ပွဲမှာ လော့ချန် သေချာပေါက် ရှုံးလိမ့်မယ်။ ခင်ဗျားသာ ရေရတနာလုံး လက်ကောက်ကို အသင့်ပြင်ထားလိုက်ပေတော့...”

အကြီးအကဲကျီးတုန်းယွဲ့သည် ဟွာကျင်းယန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပင်။

“ဪ... ဒါဆိုရင်လည်း ကျုပ်တို့ ဆက်ကြည့်ကြတာပေါ့...”

မဟာအကြီးအကဲချင်ကွေ့၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး သူမ လုံးဝ အလျင်မလိုချေ။

“ဘုန်း...”

လူနှစ်ဦး စကားပြောနေစဉ်မှာပင် တိုက်ပွဲမြေပြင်၌ အပြောင်းအလဲများ ချက်ချင်း ဖြစ်ပေါ်လာတော့သည်။

အခန်း ၄၃၈ ပြီးပါပြီ။

All Chapters