အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “အရှင်မင်းသမီး။ ဆရာသခင်ကြီးက တုပိုင်ကို ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ် လေ့ကျင့်ခိုင်းလိုက်ပါတယ်။”
“အင်း။” နင်းရွှဲ့သည် ဂရုမစိုက်သလို ထူးလိုက်သည်။
“ဟူးးး။ ဆရာသခင်ကြီးက တပည့်တွေကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီ။ သူ တုပိုင်ကို လုံးဝ လှည့်စားလိုက်တာပဲ။ မင်းသမီးလို ထူးကဲတဲ့ ပါရမီရှင်တောင် ကျွမ်းကျင်ဖို့ ၁၉ ရက် ကြာခဲ့တာ။ သာမန်လူတစ်ယောက်အတွက် တစ်လနဲ့ ပြီးရင်တောင် တော်တော်လေးကြီးတဲ့ အောင်မြင်မှုလို့ ပြောလို့ရတယ်။”
“ကျွန်မ ခုနက မေးကြည့်တော့ ဆရာသခင်ကြီးက တုပိုင်ကို ၅ ရက်နဲ့ ပြီးရမယ်လို့ ပြောလိုက်သတဲ့။ ဒါ လူအ တစ်ယောက်ကို အရူးလုပ်လိုက်တာ မဟုတ်ဘူးလား။” ချစ်စဖွယ် အစေခံမလေးက အတင်းအဖျင်း ဆက်ပြောနေသည်။
မှန်လေ၏။ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို ကျွမ်းကျင်ရန်အတွက် အမြင့်ဆုံး စံချိန်တင်ထားသူမှာ မင်းသမီး နင်းရွှဲ့ ဖြစ်ပြီး ၁၉ ရက်သာ ကြာမြင့်ခဲ့သည်။
ဆရာသခင်ကြီး နင်ဇောင်ဝူ တစ်ခါက ပြောဖူးသည်။ သူ သင်ပေးဖူးသမျှ လူများအနက် သိုင်းပညာပါရမီဘက်ပိုင်းတွင် နင်းရွှဲ့ကို မည်သူမျှ မယှဉ်နိုင်ကြောင်း ပြောဖူးသည်။
သူမသည် ရှေ့မှ တက်လာသော ရေနွေးငွေ့များကို ငေးကြည့်ရင်း ကျောက်စိမ်းရောင် နှုတ်ခမ်းအစုံကို ဖွင့်ဟကာ ရေနွေးငွေ့ကို ဖြည်းညှင်းစွာ ရှူရှိုက်လိုက်ပြီးနောက် ညင်သာစွာ ပြန်မှုတ်ထုတ်လိုက်သည်။
အခန်းတစ်ခုလုံး မွှေးပျံ့သွားလေသည်။
“ဘုန်းးး။” မီတာ တစ်ဒါဇင်ခန့် အကွာအဝေးရှိ သစ်သားနံရံတွင် သူမ မှုတ်ထုတ်လိုက်သော လေပူကြောင့် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားလေသည်။
“ဝါးးး။ အရှင်မင်းသမီးက အရမ်း တော်တာပဲ။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “မင်းသမီးက ကျွန်မ မြင်ဖူးသမျှထဲမှာ သိုင်းပညာ အတော်ဆုံး အမျိုးသမီးပဲ။”
“အရှင်မင်းကြီးက ဒီတစ်ခါ မင်းသမီးအတွက် တပ်မတော်တစ်ရပ် တည်ထောင်ပေးဖို့ သေချာပေါက် သဘောတူမှာပါ။ မင်းသမီး ကျွန်မကို ခေါ်ပြီး တောင်ပိုင်း မြောက်ပိုင်း စစ်တိုက်ထွက်ရင် တော်တော်လေး ခန့်ညားနေမှာပဲ။”
“မျှော်လင့်ရတာပဲ။” အမျိုးသမီး ပြောလိုက်သည်။ “ငါက ခမည်းတော်ရဲ့ သမီးတော်တစ်ပါး အနေနဲ့ အသက် ၈ နှစ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့တာ။ အင်ပါယာနဲ့ ခမည်းတော်အတွက် စစ်မြေပြင်မှာ တိုက်ခိုက်ပေးဖို့ပဲ ရည်ရွယ်ခဲ့တာ။”
“ခမည်းတော်နဲ့ ဟို အကျင့်ပျက် အရပ်ဘက် စစ်ဘက် အရာရှိတွေ သဘောတူညီမှု ရပြီး ငါ့ကို စစ်တပ်တစ်တပ် ပေးပါစေလို့ပဲ ဆုတောင်းပါတယ်။ ငါ စစ်မြေပြင်မှာပဲ အသေခံလိုက်ချင်တယ်။ အာဏာကြီးပြီး ဂုဏ်ရှိန်ကြီးတဲ့ မိသားစုတွေကို စည်းရုံးဖို့ ကစားရုပ်တစ်ရုပ် အခွင့်ထူးခံ သားသမီးတွေ ကြွားဝါဖို့ ပန်းအိုးတစ်လုံး အဖြစ်တော့ အသေမခံနိုင်ဘူး။”
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။
“အရှင်မင်းကြီးက ဘယ်တော့ အမိန့်ပြန်တမ်း ထုတ်မှာလဲဟင်။ ကျွန်မ ဒီစွန့်ပစ်ထားတဲ့ နေရာကြီးကို ငြီးငွေ့နေပြီ။ မြို့တော်ကို မြန်မြန် ပြန်ကြရအောင်။”
အမျိုးသမီး ပြောလိုက်သည်။ “ငါက မွန်ဂိုဘုရင်ရဲ့ သားကို သတ်ခဲ့မိတာလေ။ ၃ နှစ် ပြည်နှင်ဒဏ် ပေးခံရတာက အလွန် သက်ညှာတဲ့ ပြစ်ဒဏ်ပါပဲ။”
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “အဲဒီ မွန်ဂိုခါန်ဘုရင်ရဲ့ သားက မြို့တော်မှာ မုဒိမ်းကျင့်၊ လုယက်၊ လူတွေ သတ်ပြီး ယုတ်မာခဲ့တာလေ။”
“ပြီးတော့ အရှင့်သမီးတို့ တိုက်ခိုက်ခဲ့တာက ရှင်းရှင်းလင်းလင်း တရားမျှတတဲ့ တိုက်ပွဲပဲဟာ။ သူတို့ဘက်က လူတွေ အများကြီးနဲ့ မင်းသမီး တစ်ယောက်တည်းကို ဝိုင်းတိုက်တာတောင် မင်းသမီးက နိုင်အောင် တိုက်ပြီး သတ်နိုင်ခဲ့တာ။”
“အဲဒါကို သူတို့ကများ လာပြီး တိုင်ရဲသေးတယ်။ အရှင်မင်းကြီးကလည်း ခက်ပါတယ်။ မင်းသမီးက တရားမျှတမှုကို ယူဆောင်ပေးတာတောင် ပြစ်ဒဏ် ပေးခံရသေးတယ်။”
အမျိုးသမီး ပြောလိုက်သည်။ “ဝါတန်ခန်းက ဂျာချင်လူမျိုးတွေကို တိုက်ခိုက်ဖို့ ငါတို့နဲ့ မဟာမိတ် ဖွဲ့ဖို့ ပြင်ဆင်နေတာ။ ဒါပေမဲ့ သူ့သားက ငါ့လက်ချက်နဲ့ သေသွားတော့ မဟာမိတ်အစီအစဉ် ပျက်သွားတယ်။ ခမည်းတော်က ငါ့ကို အပြစ်ပေးရမှာပေါ့။ ငါ မှားမှန်း သိပါတယ်။ ဒါပေမဲ့ ငါ့စိတ်ကို မထိန်းနိုင်ဘဲ အကုန်လုံးကို သတ်ပစ်လိုက်မိတယ်။”
“အဲဒီ မွန်ဂိုမင်းသားက သေသင့်ပါတယ်။ သူ သတ်သွားတဲ့ မိန်းကလေး တစ်ဒါဇင်လောက်က သနားစရာ ကောင်းလိုက်တာ။ သူက တိရစ္ဆာန်ထက်တောင် ဆိုးတယ်။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “သူက မင်းသမီး လက်ချက်နဲ့ သေရတာ ထိုက်တန်ပါတယ်။ သူ့ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရမှာ။ ကောင်းကင်ဘုံအင်ပါယာရဲ့ မင်းသမီးတစ်ပါးကို ဒီလို လူသူဝေးတဲ့ တောကြီးခေါင်ခေါင်ကို ပြည်နှင်ဒဏ် ပေးရတယ်လို့။ ဒေါသထွက်စရာ ကောင်းလိုက်တာ။”
“တိုင်းပြည် အန္တရာယ်ကြုံနေချိန်မှာ ငါတို့ ဘာလုပ်နိုင်မှာလဲ။” မင်းသမီး နင်းရွှဲ့ ပြောလိုက်သည်။ “ငါတစ်ယောက်တည်းနဲ့ တိုင်းပြည်ကို ထိန်းထားလို့ မရဘူးဆိုတာ ငါ သိပါတယ်။ မိန်းမစိုး လီဝမ်ဟွေ့နဲ့ ကျန်းနန်နယ်စားမင်းလို သစ္စာရှိတဲ့ အရာရှိတွေ ကူညီရင်တောင် အခြေအနေကို ပြောင်းလဲဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ သွေးတွေက ပူနွေးနေဆဲပဲ။ ဘာမှ မလုပ်ဘဲ နေလို့ မဖြစ်ဘူး။”
ချစ်စဖွယ် အစေခံမလေးသည် မင်းသမီး၏ လေးနက်သော စကားများကြောင့် ဝမ်းနည်းသွားပြီး ခေါင်းငိုက်စိုက်ချကာ တိတ်ဆိတ်သွားလေသည်။
မင်းသမီး ပြောလိုက်သည်။ “တစ်ခါတလေကျရင် ငါ စိတ်ကူးယဉ်မိတယ်။ ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ယောက် ကောင်းကင်ဘုံကနေ ဆင်းလာပြီး ငါ့ရဲ့ တာ့နင်မင်းဆက်ကြီး ပြိုလဲတော့မယ့် ဘေးကနေ ကယ်တင်ပေးမလားလို့။”
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “ဒါဆိုရင် မင်းသမီး သူ့ကို လက်ထပ်လိုက်လေ။”
နင်းရွှဲ့ ပြောလိုက်သည်။ “အဲဒါ မဆိုးပါဘူး။”
ထို့နောက် နင်းရွှဲ့ သက်ပြင်းချလိုက်သည်။ “နှမြောစရာကောင်းတာက အဲဒီလို လူမျိုး ရှိလာမှာ မဟုတ်ဘူး။ ငါ့ရဲ့ တာ့နင်မင်းဆက်ကြီး ကျဆုံးခန်း ရောက်နေတာကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး။”
အပိုင်း ၈၇ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်သည် ကျားသစ်အချင်းဆီကို ခန္ဓာကိုယ်တွင် လိမ်းကျံလိုက်ပြီး ဒဏ်ရာဗရပွနှင့် ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ ဆွဲတင်ကာ အလျင်အမြန် အိပ်ပျော်သွားလေသည်။
ထင်ထားသည့်အတိုင်းပင် သူသည် အိပ်မက်ထဲတွင် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို စတင် လေ့ကျင့်လေတော့သည်။
အိပ်မက်ထဲတွင် သူ၏ ဦးနှောက်သည် လက်တွေ့ဘဝထက် ၁၀ ဆ ပိုမို အားကောင်းနေသဖြင့် သွေးကြောတစ်လက်မစီနှင့် အားအင်အနည်းငယ်စီကိုပါ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို လေ့ကျင့်ရာတွင် သူ၏ စွမ်းဆောင်ရည်သည် ၁၀ ဆမက ပိုမို မြင့်မားနေသည်။
ထို့ပြင် အိပ်မက်ထဲတွင် သူ၏ သွေးကြောများ ထိခိုက်ပျက်စီးသွားလျှင်ပင် မူလအတိုင်း အလျင်အမြန် ပြန်လည် ကောင်းမွန်လာနိုင်သည်။
ထို့ကြောင့် လက်တွေ့တွင် ၄ နာရီကြာသည်အထိ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ပထမအကွက်ကို မပြီးမြောက်နိုင်ခဲ့သော်လည်း အိပ်မက်ထဲတွင်မူ တစ်နာရီတည်းဖြင့် အားလုံး သင်ယူပြီးမြောက်ပြီး ကျွမ်းကျင်ပိုင်နိုင်သွားလေသည်။
ဆက်လက်၍ တုပိုင်သည် ဒုတိယအကွက်ကို စတင် သင်ယူလေသည်။ ဤဒုတိယအကွက်သည် ပထမအကွက်ထက် ပိုမို ခက်ခဲပြီး စွမ်းအင်စီးဆင်းမှု တိကျသေချာရန် များစွာ လိုအပ်သည်။ အနည်းငယ်မျှ အမှားအယွင်း ရှိ၍ မရပေ။
ဤအချိန်တွင် တုပိုင် သဘောပေါက်လိုက်သည်မှာ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်သည် အလွန် စွမ်းအားကြီးသော်လည်း သူ လေ့ကျင့်ရန် မသင့်တော်တော့ပေ။
သို့မဟုတ် ဤနည်းစနစ်သည် အသက် ၁၅ နှစ်အထက် လူများ လေ့ကျင့်ရန် မသင့်တော်ဟု ဆိုရပေမည်။ ထို့ပြင် တုပိုင်သည် အသက် ၁၈ နှစ် ရှိနေပြီ ဖြစ်ပြီး သူ၏ သွေးကြောများနှင့် အရိုးများသည် အပြည့်အဝနီးပါး ဖွံ့ဖြိုးပြီး ဖြစ်သည်။
ဤအရွယ်တွင် ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်ကို လေ့ကျင့်ခြင်းသည် နှေးကွေးရုံသာမက အရွတ်များနှင့် သွေးကြောများကိုလည်း အလွယ်တကူ ထိခိုက်ပျက်စီးစေနိုင်သည်။
ဆရာသခင်ကြီး နင်ဇောင်ဝူသည် သူ့ကို မောင်းထုတ်ချင်ရုံ သက်သက်သာ ဖြစ်ပြီး တပည့်အဖြစ် လက်ခံရန် ဆန္ဒမရှိကြောင်း တုပိုင် နားလည်လိုက်သည်။ အမှန်တကယ်တွင် သူသည် မည်သူ့ကိုမျှ တပည့်အဖြစ် လက်ခံချင်ခြင်း မရှိဘဲ မလွှဲသာ၍သာ ဤနေရာတွင် အကျဉ်းချခံထားရခြင်း ဖြစ်သည်။
သို့သော် ဤဆရာသခင်ကြီးသည် မကောင်းသည့် လူမျိုး မဟုတ်ဘဲ အလွန်အမင်း ပျင်းရိပြီး စိတ်ဓာတ်ကျနေသူသာ ဖြစ်ကြောင်း သူ ခံစားမိသည်။
“ငါ့ကို မောင်းထုတ်ချင်တာလား။ အဲဒီလောက် မလွယ်ဘူး။” တုပိုင် အေးစက်စွာ ပြုံးလိုက်သည်။ “ခင်ဗျားက အဲဒီလောက် တော်နေမှတော့ ခင်ဗျားကို မလွှတ်ပေးခင် ခင်ဗျားရဲ့ အကောင်းဆုံး ပညာတွေ အကုန်လုံးကိုယူပြစ်ရမယ်။”
အိပ်မက်ထဲတွင် ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်၏ ဒုတိယအကွက်ကို ပြီးမြောက်ရန် တစ်ရက်တိတိ ကြာမြင့်ခဲ့သည်။
တတိယအကွက်အတွက်မူ ၃ ရက်တိတိ ကြာမြင့်ခဲ့သည်။
ဤနည်းစနစ်သည် ရှေ့ဆက်သွားလေလေ ပိုမို ခက်ခဲလေလေ ဖြစ်သော်လည်း အလွန်အမင်း အံ့သြဖွယ် ကောင်းလှသည်။ နည်းစနစ်သည် လျင်မြန်ဖျတ်လတ်မှုကို တိုးတက်စေရုံသာမက အရွတ်များနှင့် သွေးကြောများ၏ ခွန်အားနှင့် ပျော့ပျောင်းမှုကိုလည်း တိုးတက်စေကြောင်း တုပိုင် ရှင်းလင်းစွာ ခံစားမိသည်။
အကယ်၍ ဤနည်းစနစ်ကို အထွတ်အထိပ်ရောက်အောင် လေ့ကျင့်နိုင်ပါက စွမ်းအားကြီးသော သိုင်းပညာနှင့် အရိုးကျုံ့ပညာတို့ကိုပင် တတ်မြောက်နိုင်ပေလိမ့်မည်။
အတိုချုပ် ပြောရလျှင် ဤကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်သည် ရိုးရှင်းပုံ ပေါက်သော်လည်း တကယ်တမ်းတွင် အလွန် စွမ်းအားကြီးမားလှသည်။
လီဝမ်ဟွေ့ ပြောသည်မှာ မှန်ပါသည်။ ဤဆရာသခင်ကြီး နင်ဇောင်ဝူသည် အလွန် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူ့ထံမှ သင်ယူလို့ရသမျှ အကုန် သင်ယူသင့်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် စွမ်းအားကြီးလှပါသည်ဆိုသော သိုင်းပညာ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ကို သင်ယူရာတွင် ပိုမို စိတ်ပါဝင်စားလာသည်။
သို့သော် နောက်ပိုင်း အကွက်များသည် အလွန် ခက်ခဲပြီး အချက်အလက် ပမာဏ များပြားလွန်းကာ စွမ်းအင်စီးဆင်းမှုကို တိကျစွာ ထိန်းချုပ်ရန် လိုအပ်သည်။
စတုတ္ထအကွက်ကို သင်ယူရန် တုပိုင်သည် အိပ်မက်ထဲ၌ပင် ၅ ရက်တိတိ အချိန်ယူခဲ့ရသည်။ ဤသည်မှာ အိပ်မက်ထဲတွင် ဖြစ်ပါလျက်နှင့်ပင် အံ့သြစရာ ကောင်းလောက်အောင် ကြာမြင့်နေသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်သည် အမှန်တကယ်ပင် အသက်ကြီးနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကသာ ဆိုလျှင် သူ၏ အရွတ်များနှင့် ခန္ဓာကိုယ် ပျော့ပျောင်းမှုသည် များစွာ ပိုကောင်းနေမည် ဖြစ်ပြီး ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်ကို ပြီးမြောက်ရန် အချိန် ပိုမို တိုတောင်းပေလိမ့်မည်။
နောက်ဆုံးတွင် တုပိုင် အိပ်မက်မှ နိုးလာသောအခါ ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်၏ ပဉ္စမမြောက် အကွက်ကိုသာ ပြီးမြောက်ခဲ့သည်။
ဤပဉ္စမမြောက် အကွက်သည် အိပ်မက်ထဲတွင် ၈ ရက် ကြာခဲ့သော်လည်း လက်တွေ့တွင်မူ တစ်ရက်သာ ရှိသေးသည်။ ဤသည်မှာ အလွန် မြန်ဆန်နေပြီ ဖြစ်ပြီး မင်းသမီး နင်းရွှဲ့ တင်ထားသော စံချိန်ကိုပင် လုံးဝ ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။
မင်းသမီး နင်းရွှဲ့သည် ဤအကွက် ၅ ကွက်ကို သင်ယူရန် ၅ ရက် အချိန်ယူခဲ့ရသည်။
**--**--**--**--**--**--**--**
နိုးလာသည်နှင့် တုပိုင်သည် ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်၏ သင်ယူမှု ရလဒ်များကို အတည်ပြုရန် မစောင့်နိုင်တော့ပေ။
မျက်နှာပင် မသစ်ဘဲ သစ်သားဓားကို ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ နံရံပေါ်ရှိ စက္ကူဖြူကို ပြင်းထန်စွာ ထိုးလိုက်သည်။
“ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...”
တစ်စက္ကန့်အတွင်း တုပိုင်သည် ဓားချက် ၇ ချက် ထိုးသွင်းလိုက်နိုင်သည်။
အပိုင်း ၈၈ ပြီး။