အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဤတိုးတက်မှုသည် အံ့သြစရာ ကောင်းလှသည်။ မနေ့က တုပိုင်သည် တစ်စက္ကန့်လျှင် ဓား ၃ ချက်သာ ထိုးနိုင်ခဲ့သည်။
အိပ်မက်ထဲတွင် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို တစ်ညတာ လေ့ကျင့်ပြီးနောက် အကွက် ၅ ကွက်သာ သင်ယူရသေးသော်လည်း သူ၏ လျင်မြန်ဖျတ်လတ်မှုမှာ များစွာ တိုးတက်လာခဲ့သည်။
အမြန်နှုန်းသည် တစ်စက္ကန့်လျှင် ၃ ချက်မှ ၇ ချက်ထိ တိုးလာပြီး နှစ်ဆကျော် တိုးတက်လာခြင်း ဖြစ်သည်။ နင်ဇောင်ဝူ သတ်မှတ်ထားသော လိုအပ်ချက် ပြည့်မီရန် ၃ ချက်သာ လိုတော့သည်။
ဤ ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်သည် အမှန်တကယ်ပင် အံ့ဖွယ် ကောင်းလှသည်။ ထိုမျှမက တုပိုင်သည် သူ၏ ခြေလှမ်းများ ပိုမို ပေါ့ပါးလာပြီး ခြေဖဝါး၊ ခြေသလုံးနှင့် ပေါင်များအားလုံး အထူး ကျုံ့နိုင်ဆန့်နိုင်သော စွမ်းအားများပြည့်ဝနေသည်ကို ခံစားလိုက်ရသည်။
နင်ဇောင်ဝူက ၅ ရက်အတွင်း ပြီးမြောက်ရန် သတ်မှတ်ထားပြီး ယခု တစ်ရက်သာ ကုန်ဆုံးသေးသဖြင့် ၄ ရက်တိတိ ကျန်သေးသည်။
သို့သော် တုပိုင်သည် အများဆုံး ၂ ရက်အတွင်း ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်ကို အပြည့်အဝ တတ်မြောက်နိုင်မည် ဖြစ်သည်။
ဤသည်မှာ နင်ဇောင်ဝူ သတ်မှတ်ထားသော ၅ ရက်ထက် ၂ ရက် စောနေသည်။ ဤသို့ဖြင့် သူသည် မင်းသမီး နင်းရွှဲ့၏ ၁၉ ရက် စံချိန်ကို ၃ ရက်တည်းဖြင့် လုံးဝ ချိုးဖျက်နိုင်ပေလိမ့်မည်။
သို့သော် တုပိုင်သည် ထိုထက်မက လိုချင်နေသည်။ သူသည် နင်ဇောင်ဝူကို တစ်ခါမှ မကြုံဖူးလောက်အောင် တုန်လှုပ်သွားစေချင်သည်။
လျင်မြန်ဖျတ်လတ်မှု စာမေးပွဲတွင် အမြန်နှုန်းတစ်ခုတည်းနှင့် မလုံလောက်ပေ။ တိကျမှုသည်လည်း အလွန် အရေးပါသည်။
အမှတ်ပြည့် ရရှိရန်အတွက် တစ်စက္ကန့်အတွင်း ဓားချက် ၁၀ ချက် ထိုးသွင်းနိုင်ရမည် ဖြစ်ပြီး ထို ၁၀ ချက်စလုံးသည် တစ်နေရာတည်းကို ထိမှန်ရမည် ဖြစ်သည်။
ထို့ကြောင့် တုပိုင်သည် အခြေခံအကျဆုံး နည်းလမ်းများကို အသုံးပြု၍ သူ၏ ဓားချက်များ တိကျမှုကို လေ့ကျင့်ရန် စီစဉ်လေသည်။
သူသည် အထူးပြုလုပ်ထားသော ကျပ်ထုတ်နေသည့် သားရေဝတ်စုံကို ဝတ်ဆင်လိုက်ပြီး လက်မောင်း၊ ခြေထောက်နှင့် ခါးတို့တွင် သံပြားများ ထည့်သွင်းလိုက်သည်။
စုစုပေါင်း အလေးချိန် ၉၀ ကျင်းခန့် ရှိပြီး တစ်ကိုယ်လုံးကို ဝန်ပိစေသည်။ ထို့နောက် သစ်သားဓားကို ကိုင်ဆောင်၍ အရိုးရှင်းဆုံး ဖြစ်သော ရှင်းယီ ဓားသိုင်းကို လေ့ကျင့်လေသည်။ ရည်ရွယ်ချက်မှာ လှုပ်ရှားမှုတိုင်းတွင် အတိကျဆုံး ဖြစ်စေရန် ဖြစ်သည်။
ရှင်းယီ ဓားသိုင်းဟု ခေါ်ဝေါ်သော်လည်း ဤသိုင်းသည် ဓားသိုင်းနှင့် မတူဘဲ ဓားဖြင့် ကစားရသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်မျိုးနှင့် ပိုတူသည်။
ဤဓားသိုင်းသည် ၃ နှစ်သား ကလေးငယ်မှသည် အသက် ၈၀ အရွယ် လယ်သမားအထိ လူတိုင်း တတ်မြောက်ထားသော အလွန်လွယ်ကူသည့် ကျန်းမာရေး လေ့ကျင့်ခန်း တစ်ခု ဖြစ်သည်။
တုပိုင် အခြား ဓားသိုင်းများကို မလေ့ကျင့်ချင်၍ မဟုတ်ပေ။ သူ တကယ် မတတ်၍ ဖြစ်သည်။ သူသည် ဤ အခြေခံအကျဆုံး တစ်ခုကိုသာ တတ်မြောက်ထားသည်။
ကျင်း ၉၀ အလေးချိန်က ပိထားသောကြောင့် ရှင်းယီ ဓားသိုင်းတစ်ကျော့ ပြီးမြောက်ရန် ၁၀ မိနစ်တိတိ အချိန်ယူရလေသည်။
ထိုအချိန်တွင် ဘုန်းကြီးတစ်ပါး အစားအသောက် လာပို့ပြီး တုပိုင်ကို တစ်ချက် ကြည့်ကာ စားပွဲပေါ်တွင် အစားအသောက်များ ချထားပေးလိုက်သည်။
“စားပြီးရင် ပန်းကန်တွေကို ဆေးကြောပြီး တံခါးအပြင်ဘက်က ကျောက်စားပွဲပေါ်မှာ တင်ထားလိုက်ပါ။”
ဘုန်းကြီးက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။” တုပိုင် ပြန်ဖြေလိုက်သည်။
ကြာပန်းကျောင်းတော်တွင် တုပိုင် တစ်ယောက်တည်းသာ ကျောင်းတော်မှ ထောက်ပံ့သော အစားအစာကို စားရခြင်း ဖြစ်သည်။
ဆရာသခင်ကြီး နင်ဇောင်ဝူတွင် ချက်ပြုတ်ကျွေးမွေးမည့် အဘိုးအို အစေခံ ရှိပြီး အခြား တပည့် ၄ ဦးမှာမူ အလွန် ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ ဤကဲ့သို့ လူသူဝေးသော တောကြီးခေါင်ခေါင်တွင်ပင် သူတို့ကို ပြုစုစောင့်ရှောက်မည့် အစေခံများ ရှိပြီး ဇိမ်ကျကျ နေထိုင်ကြလေသည်။
နံနက်စာ စားပြီးနောက် တုပိုင်သည် ပန်းကန်များကို ဆေးကြောပြီး ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် အထဲသို့ ပြန်မဝင်ဘဲ နေရောင်အောက်တွင် ရှင်းယီ ဓားသိုင်းကို ဆက်လက် လေ့ကျင့်လေသည်။
ရှင်းယီ ဓားသိုင်းသည် မူလကပင် သာမန်ကာလျှံကာ ဖြစ်သော်လည်း ၉၀ ကျင်းအလေးချိန်ကို ထမ်းပိုးထားရသဖြင့် တုပိုင်၏ လေ့ကျင့်မှုသည် ပို၍ နှေးကွေးလေးလံလာပြီး ကြည့်ရဆိုးလာသည်။ အမှန်တကယ်ပင် အစွမ်းကုန် တုံးအ ညံ့ဖျင်းနေသည်ဟု ထင်ရသည်။
“သူ့ရဲ့ သိုင်းပညာ ပါရမီက အရမ်း ညံ့လွန်းတယ်။” နင်ဇောင်ဝူသည် တုပိုင်ကို မောင်းထုတ်ရန် ဆုံးဖြတ်ထားသော်လည်း တုပိုင်၏ ဆိုးရွားလှသော ဓားသိုင်းကို မြင်လိုက်ရသောအခါ ဒေါသထွက်မိသည်။
သူက ပြောလိုက်သည်။ “ဒီလို ပါရမီမျိုးနဲ့ ငါ့ရဲ့ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို သင်ချင်သေးတယ် ဟုတ်လား။ သူ တစ်နှစ်နေရင်တောင် သင်လို့ ပြီးမှာ မဟုတ်ဘူး။ ငါသာ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် ငါ့ဂုဏ်သတင်းတော့ ပျက်စီးသွားမှာပဲ။”
ဘေးနားရှိ အဘိုးအို အစေခံကလည်း အံ့သြတကြီးဖြင့် တောက်ခေါက်လိုက်သည်။ “ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဆိုးရွားနိုင်ရတာလဲ။”
ဆရာသခင်ကြီး နင်ဇောင်ဝူ ပြောလိုက်သည်။ “ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားလိုက်။ နောက် ၄ ရက်နေရင် အဲကလေး ကွေ့လင်ကို ချက်ချင်း ပြန်ပို့ဖို့ လူစီစဉ်လိုက်။”
“ဟုတ်ကဲ့ပါ။” အဘိုးအို အစေခံ ပြန်ဖြေလိုက်သည်။
တုပိုင်သည် ရှင်းယီ ဓားသိုင်းကို နှေးကွေးစွာ ဆက်လက် လေ့ကျင့်နေပြီး ကျင် ၉၀ အလေးချိန်ကို ထမ်းပိုးလျက် လှုပ်ရှားမှုတိုင်းတွင် တိကျသေချာစေရန် ကြိုးစားနေသည်။ သူသည် လျင်မြန်ဖျတ်လတ်မှုကိုသာမက တိကျမှုကိုပါ လေ့ကျင့်ရန် လိုအပ်သည်။
မလှမ်းမကမ်းရှိ ခမ်းနားထည်ဝါသော မျှော်စင်ဆောင် ပြတင်းပေါက်နောက်ကွယ်တွင် ချစ်စဖွယ် အစေခံမလေးသည် ပါးစပ်ကို အုပ်လျက် ဤမြင်ကွင်းကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
“အရှင်မင်းသမီး။ သူက ဘယ်လိုလုပ်ပြီး...။ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ညံ့ဖျင်းရတာလဲဟင်။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “သူ့အခြေအနေက ဒီလို ဖြစ်နေတာကို မိန်းမစိုးလီက ဘာလို့ ဆရာကြီး နင်ဇောင်ဝူကို တပည့်လက်ခံဖို့ တောင်းဆိုခဲ့ရတာလဲ။”
“သူက အသက် ၁၈ နှစ်တောင် ရှိနေပြီ။ ဒါပေမဲ့ ၃ နှစ်သား ကလေးလိုမျိုး ဓားကစားနေတုန်းပဲ။ သူ နတ်ဘုရားဆီမှာ တပည့်ခံရင်တောင် တိုးတတ်လာမာ မဟုတ်ဘူး။”
မင်းသမီးသည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါဆို သူ ဒီမှာ ရက်နည်းနည်းထက် ပိုနေရမှာ မဟုတ်ဘူးပေါ့။ သူက သာမန် မိန်းမစိုးတစ်ယောက် ဖြစ်နေတာ ဘာမှ မမှားပါဘူး။ လူတိုင်းက သိုင်းပညာ ပါရမီရှင် ဖြစ်နေတာမှ မဟုတ်တာ။”
အပိုင်း ၈၉ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ကြာပန်းကျောင်းတော်သို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့တွင် တုပိုင်သည် မျက်စိနောက်စရာ ကောင်းလှသော ရှင်းယီဓားသိုင်းကို ခြံဝင်းထဲတွင် လေ့ကျင့်နေသည်။ ဓားသိုင်းတစ်ကျော့ကို ၁၀ မိနစ် ကြာအောင် ကစားပြီး ထပ်ခါထပ်ခါ လေ့ကျင့်နေသည်။
နံနက်ပိုင်းတွင် ၄ နာရီတိတိ လေ့ကျင့်သည်။ မွန်းလွဲပိုင်းတွင် ၆ နာရီနှင့် ညပိုင်းတွင် ၃ နာရီ လေ့ကျင့်သည်။
တစ်နေ့တာလုံးတွင် သူသည် ၃ နှစ်သား ကလေးငယ်ပင် လုပ်နိုင်သော ဤကိုယ်လက်လှုပ်ရှား ဓားသိုင်းကွက်ကို ၁၃ နာရီတိတိ လေ့ကျင့်ခဲ့သည်။
နောက်ဆုံးတွင် သန့်ရှင်းရေးလုပ်သော ဘုန်းကြီးပင် ဆက်လက် မကြည့်ရက်တော့ပေ။ ခေါင်းငိုက်စိုက်ချကာ တုပိုင်၏ ခြံဝင်းကို အလျင်အမြန် လှည်းကျင်းပြီး ထွက်ပြေးသွားလေသည်။
ရှင်းလင်းရိုးရှင်းသော ရှင်းယီဓားသိုင်းဖြစ်ပါလျက် တုပိုင်သည် ထိုက်ကျိသိုင်းကွက်များထက်ပင် အဆပေါင်းများစွာ နှေးကွေးစွာ ကစားနေခြင်း ဖြစ်သည်။
အကျိုးနည်းလှသည်။
သို့သော် သူသည် ဓားချက်များ၏ တိကျမှုကို လေ့ကျင့်နေခြင်း ဖြစ်ပြီး ကျင်း ၉၀ အလေးချိန်ကို ထမ်းပိုးထားရသဖြင့် သူ၏ နှေးကွေးသော အရှိန်သည် လုံးဝ ပုံမှန်သာ ဖြစ်သည်။
ည ၁၀ နာရီခန့်တွင် တုပိုင်သည် ခန္ဓာကိုယ်မှ ကျင်း ၉၀ အလေးချိန်များကို ဖယ်ရှားလိုက်ပြီး ရေချိုးသန့်စင်ကာ တစ်ကိုယ်လုံး ကျားသစ်အချင်းဆီ လိမ်းကျံလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ အလျင်အမြန် တက်၍ အိပ်စက်လိုက်သည်။
မကြာမီ သူသည် အိပ်မက်ကမ္ဘာသို့ ထပ်မံ ရောက်ရှိသွားပြီး ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်၏ ဆဋ္ဌမမြောက် အကွက်ကို စတင် သင်ယူလေသည်။
နေ့ဘက်တွင် ရှင်းယီဓားသိုင်းကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သောကြောင့် ယနေ့ အိပ်မက်ထဲတွင် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို သင်ယူရာ၌ များစွာ တိုးတက်မှု ရှိခဲ့သည်။
အိပ်မက်အချိန် ၅ ရက်အတွင်း ဆဋ္ဌမမြောက်အကွက်ကို သင်ယူ ပြီးမြောက်ခဲ့သည်။ သတ္တမမြောက်အကွက်ကို အိပ်မက်အချိန် ၆ ရက်ဖြင့် သင်ယူ ပြီးမြောက်ခဲ့သည်။
အဋ္ဌမမြောက်အကွက်အတွက် အိပ်မက်အချိန် ၇ ရက် အသုံးပြုခဲ့ရသည်။ နောက်တစ်နေ့ မိုးလင်းသောအခါ အိပ်မက်ပြီးဆုံးသွားပြီး တုပိုင် ပြန်နိုးလာသည်။
တုပိုင်သည် သင်ယူမှု ရလဒ်များကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။ သစ်သားဓားကို ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ အမြင့်ဆုံး အရှိန်ဖြင့် ထိုးသွင်းလိုက်သည်။
“ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...”
တစ်စက္ကန့်အတွင်း တုပိုင်သည် ဓားချက် ၁၀ ချက်တိတိ ထိုးသွင်းနိုင်ခဲ့သည်။ မနေ့က တစ်စက္ကန့်လျှင် ၇ ချက်သာ ရခဲ့သော်လည်း ယနေ့တွင် ၁၀ ချက်အထိ တိုးတက်လာပြီး နင်ဇောင်ဝူ၏ သတ်မှတ်ချက်ကို ပြည့်မီသွားပြီ ဖြစ်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤဓားချက် ၁၀ ချက်သည် စက္ကူပေါ်တွင် အစက် ၃ စက်သာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ ဓားချက် တိကျမှုသည်လည်း များစွာ တိုးတက်လာခြင်း ဖြစ်သည်။
**--**--**--**--**--**--**--**
ကြာပန်းကျောင်းတော်သို့ ရောက်ရှိပြီး တတိယမြောက်နေ့တွင်လည်း တုပိုင်သည် ကြည့်ရဆိုးသော ရှင်းယီဓားသိုင်းကို ဆက်လက် လေ့ကျင့်နေဆဲ ဖြစ်ပြီး ယခုအခါ ဝန်ပိုးအလေးချိန်ကို ၁၃၀ ကျင်းအထိ တိုးမြှင့်ထားကာ တစ်နေ့လုံး လေ့ကျင့်လေသည်။
ထိုညတွင် တုပိုင်သည် အိပ်မက်ထဲ၌ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို ဆက်လက် လေ့ကျင့်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် နဝမမြောက်အကွက်ကို ၈ ရက်ကြာ သင်ယူခဲ့ပြီး ဒသမမြောက်အကွက်ကို ၉ ရက်ကြာ သင်ယူခဲ့သည်။
နောက်ဆုံးတွင်တော့ တုပိုင်သည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်၏ အကွက် ၁၀ ကွက်စလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားပြီ ဖြစ်သည်။
ယခင်က ဤနည်းစနစ်ကို အချိန်အတိုတောင်းဆုံးဖြင့် ပြီးမြောက်ခဲ့သည့် စံချိန်ကို မင်းသမီး နင်းရွှဲ့က ပိုင်ဆိုင်ထားပြီး ၁၉ ရက် ကြာမြင့်ခဲ့သည်။
သို့သော် အိပ်မက်စနစ်၏ အကူအညီဖြင့် တုပိုင်သည် ၃ ရက်သာ ကြာမြင့်ခဲ့သည်။ မင်းသမီး နင်းရွှဲ့၏ စံချိန်ထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
နိုးလာသည်နှင့် တုပိုင်သည် လွန်ခဲ့သော နေ့နှင့်ညက လေ့ကျင့်မှု ရလဒ်များကို အတည်ပြုရန် မစောင့်နိုင်တော့ပေ။
နေ့ဘက်တွင် ကျင်း ၁၃၀ အလေးချိန်ဖြင့် ရှင်းယီဓားသိုင်းကို ၁၂ နာရီ လေ့ကျင့်ခဲ့ပြီး ညဘက်တွင် အိပ်မက်ထဲ၌ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို ၁၀ နာရီ လေ့ကျင့်ခဲ့သည်။
သူသည် နံရံပေါ်တွင် စက္ကူဖြူအသစ် တစ်ရွက် ကပ်လိုက်ပြီး သစ်သားဓားကို ကိုင်ဆောင်ကာ လျင်မြန်စွာ ထိုးသွင်းလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
တစ်စက္ကန့်အတွင်း တုပိုင်သည် ဓားချက် ၁၃ ချက် ထိုးသွင်းနိုင်ခဲ့ပြီး နင်ဇောင်ဝူ သတ်မှတ်ထားသော ၁၀ ချက်ထက် ၃ ချက် ပိုနေသည်။
ထို့ပြင် ထိုးချက် ၁၃ ချက်သည် စက္ကူဖြူပေါ်တွင် အစက် ၂ စက်သာ ချန်ထားခဲ့သည်။ ဆိုလိုသည်မှာ တိကျမှု သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။
တုပိုင် ထပ်ခါထပ်ခါ ကြိုးစားကြည့်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ ဆယ်ကြိမ် သူသည် တစ်စက္ကန့်လျှင် ဓား ၁၃ ချက် ထိုးသွင်းနိုင်သော်လည်း အကြိမ်တိုင်းတွင် စက္ကူဖြူပေါ်၌ အစက် ၂ စက် ကျန်ရစ်နေသည်။ ဆရာသခင်ကြီး နင်ဇောင်ဝူ၏ သတ်မှတ်ချက်မှာ အစက် ၁ စက်သာ ရှိရမည် ဖြစ်သည်။
မှန်ပါသည်။ တုပိုင်သည် ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ်ကို ပြီးမြောက်ရုံသာမက လျင်မြန်ဖျတ်လတ်မှု သင်တန်း တစ်ခုလုံးကိုပါ ပြီးမြောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လျင်မြန်ဖျတ်လတ်မှု သင်တန်း၏ အမှတ်ပြည့် ရမှတ်မှာ တစ်စက္ကန့်အတွင်း ဓားချက် ၁၀ ချက် ထိုးသွင်းနိုင်ရမည် ဖြစ်ပြီး အားလုံးသည် တစ်နေရာတည်းကို တိကျစွာ ထိမှန်ရမည် ဖြစ်သည်။
ကျောင်းသားများအနေဖြင့် လျင်မြန်ဖျတ်လတ်မှု သင်တန်း တစ်ခုလုံးကို ပြီးမြောက်ရန် ပုံမှန်အားဖြင့် နှစ်ဝက် နီးပါး ကြာမြင့်သော်လည်း နင်ဇောင်ဝူသည် တုပိုင်ကို ၁၈ ရက်သာ အချိန်ပေးခဲ့သည်။
တုပိုင်သည်လည်း ဤလုပ်ငန်းစဉ်ကို ၃ ရက်အတွင်း ပြီးမြောက်အောင် လုပ်ရန်ကြိုးစားနေခြင်းဖြစ်သည်။
တုပိုင် အကြိမ် ၂၀၊ ၃၀ ခန့် ကြိုးစားကြည့်သော်လည်း ရလဒ်များမှာ ကောင်းမလာသည့်အပြင် ပိုဆိုးလာသည်။
ထို့ကြောင့် သူသည် အိပ်ရာပေါ်သို့ ပြန်တက်လိုက်ပြီး အိပ်ပျော်စေရန် စိတ်ကို စုစည်းကာ တိကျမှုကို လေ့ကျင့်ရန် အိပ်မက်ထဲသို့ ဝင်ရောက်သွားလေသည်။
အိပ်မက်ထဲတွင် တုပိုင်သည် ၁၅၀ ကျင်းအလေးချိန်ကို ထမ်းပိုးထားပြီး ဓားကို အကြိမ်ကြိမ် ဆွဲထုတ်ကာ သတ်မှတ်အမှတ် တစ်နေရာကို ထိုးစိုက်လေသည်။
ဓားချက် ၁၀ ချက်၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀။ အိပ်မက်ထဲတွင် သူသည် ရူးသွပ်မတတ် မနားမနေ လေ့ကျင့်ခဲ့သည်။
အိပ်မက်ထဲမှ ၈ နာရီသည် လက်တွေ့တွင် လဝက်ခန့်နှင့် ညီမျှသည်။ ဓားချက် တစ်ချက် ထိုးတိုင်းတွင် တုပိုင်သည် စိတ်စွမ်းအားကို စုစည်းပြီး ပစ်မှတ်ကို ချိန်ရွယ်ထားသည်။
သူ ပြန်နိုးလာသောအခါ မိုးချုပ်နေပြီ ဖြစ်ပြီး စားပွဲပေါ်မှ အစားအစာများလည်း အေးစက်နေပြီ ဖြစ်သည်။ တုပိုင် ထလိုက်ပြီး အစာစားရန်ပင် အချိန်မယူဘဲ အိပ်မက်ထဲမှ လေ့ကျင့်မှု ရလဒ်များကို ချက်ချင်း စစ်ဆေးလိုက်သည်။
သူသည် နံရံပေါ်တွင် စက္ကူဖြူအသစ် နောက်တစ်ရွက် ကပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ သစ်သားဓားကို ထိုးသွင်းလိုက်၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
သူသည် တစ်စက္ကန့်အတွင်း ဓားချက် ၁၄ ချက် ထိုးသွင်းနိုင်ခဲ့ပြီး စက္ကူဖြူပေါ်တွင် အစက် ၁ စက်တည်းသာ ကျန်ရစ်ခဲ့လေသည်။
ဆိုလိုသည်မှာ တုပိုင်၏ ဓားချက်တိုင်းသည် ပစ်မှတ်ကို အနည်းငယ်မျှ လွဲချော်ခြင်း မရှိဘဲ တိကျစွာ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ နေ့ဘက်ကနှင့် နှိုင်းယှဉ်လျှင် တစ်စက္ကန့်လျှင် ဓားချက် တစ်ချက် ပိုများလာသည်။
ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ တုပိုင်သည် လျင်မြန်ဖျတ်လတ်မှု သင်တန်း တစ်ခုလုံးကို ပြီးမြောက်သွားပြီ ဖြစ်ပြီး ယခုချက်ချင်း စာမေးပွဲ ဖြေဆိုလျှင်ပင် အမှတ်ပြည့် ရရှိနိုင်ပြီ ဖြစ်သည်။
လျင်မြန်ဖျတ်လတ်မှုသည် မိန်းမစိုးများအတွက် အရေးပါသော အရည်အချင်း တစ်ခု ဖြစ်သည်။ မိန်းမစိုးအကယ်ဒမီသည် လျင်မြန်ဖျတ်လတ်မှု သင်တန်းအတွက် စာသင်နှစ် တစ်ဝက်တိတိ သတ်မှတ်ထားသော်လည်း နင်ဇောင်ဝူသည် တုပိုင်ကို ၁၈ ရက်သာ ပေးခဲ့သည်။
ထို့ပြင် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ကို သင်ယူရန် ၅ ရက်သာ အချိန်ပေးခဲ့သည်။
သူ့အမြင်တွင် ဤအချိန်ကာလအတွင်း ဤရည်မှန်းချက်များကို အောင်မြင်ရန်မှာ လုံးဝ နေ့ခင်းကြောင်တောင်ကြီးအိပ်မက် မက်သလို ဖြစ်နေသည်။
တုပိုင်သည် ၃ ရက်ခွဲ အတွင်းမှာပင် လျင်မြန်ဖျတ်လတ်မှု သင်တန်း တစ်ခုလုံးကို ပြီးမြောက်ခဲ့ပြီး အမှတ်ပြည့် လိုအပ်ချက်ထက်ပင် များစွာ ကျော်လွန်သွားခဲ့သည်။
ဤအောင်မြင်မှုကို စကားလုံး တစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်။ လူမဆန်ခြင်း။ ဤရလဒ်ကို သိရှိသွားပါက နင်ဇောင်ဝူ မည်မျှ တုန်လှုပ်သွားမည်ကို စဉ်းစားကြည့်၍ပင် မရနိုင်ပေ။
တုပိုင်သည် သေချာပေါက် နှိမ့်ချနေတတ်သူ မဟုတ်ပေ။ သူသည် ဆရာသခင်ကြီး နင်ဇောင်ဝူကို နောက်ထပ် တစ်ကြိမ် တုန်လှုပ်သွားစေရန် ချက်ချင်း ထွက်သွားလေသည်။
**--**--**--**--**--**--**--**
ယခုအခါ နင်ဇောင်ဝူ၏ ခြံဝင်းထဲတွင် နောက်ထပ် လူတစ်ယောက် ရောက်ရှိနေသည်။ အင်ပါယာ၏ ရတနာလေးဖြစ်သည့် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံး မင်းသမီး ဖြစ်သည်။
နင်းရွှဲ့သည် အလွန်အမင်း လှပပြီး ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားသည်။
“ဆရာကြီး နင်။ ကျွန်မတို့ မြို့တော်ကနေ လျှို့ဝှက်စာတစ်စောင် ရပါတယ်။ ခမည်းတော်က ကျွန်မကို မြို့တော် ပြန်လာဖို့ ဆင့်ခေါ်လိုက်ပါပြီ။ ကျွန်မရဲ့ ပြည်နှင်ဒဏ် ကုန်ဆုံးသွားပါပြီ။” နင်းရွှဲ့ ပြောလိုက်သည်။ “အမိန့်တော် ပြန်တမ်း လာပို့မယ့် မိန်းမစိုးက နောက် ၂ ရက်နေရင် ရောက်လာပါလိမ့်မယ်။”
နင်ဇောင်ဝူ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းသမီး။ နောက်ဆုံးတော့ မင်းသမီး လွတ်လပ်ခွင့် ရသွားပြီပဲ။ အရှင့်မင်းသမီးက ပြာပုံထဲက ရုန်းထွက်လာတဲ့ ဖီးနစ်ငှက်လိုဖြစ်လာပါတော့မယ်။”
မင်းသမီး နင်းရွှဲ့ ပြောလိုက်သည်။ “ကျွန်မလည်း ဆရာကြီးနင် ကို ဂုဏ်ပြုချင်ပါတယ်။ ဆရာကြီးလည်း လွတ်လပ်ခွင့် ပြန်ရပြီလေ။ နောက်ဆုံးတော့ စိတ်လွတ်ကိုယ်လွတ် ဘဝကို ဖြတ်သန်းနိုင်ပါပြီ။”
“လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆရာကြီးရဲ့ လမ်းညွှန်မှုတွေကြောင့် ကျွန်မရဲ့ သိုင်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပါ။ အဲဒီအတွက် အရမ်း ကျေးဇူးတင်ပါတယ်။”
မင်းသမီး နင်းရွှဲ့ မြို့တော်သို့ ပြန်သွားပြီးနောက် ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့လည်း ပြန်ကြပေလိမ့်မည်။ သူတို့ ဤလူသူဝေးသော နေရာတွင် လာနေကြခြင်းမှာ နင်ဇောင်ဝူကြောင့် မဟုတ်ဘဲ ဤအမြင့်မြတ်ဆုံးသော အဆင့်အတန်းရှိသည့် ပြိုင်ဘက်ကင်း အလှပဂေးကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် နောက် ၂ ရက် အကြာတွင် ဆရာသခင်ကြီးသည် လွတ်လပ်ခွင့် ပြန်ရတော့မည် ဖြစ်သည်။
နင်ဇောင်ဝူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မှန်တာပေါ့... မှန်တာပေါ့။ အရှင်မင်းသမီးရဲ့ သိုင်းပညာ ပါရမီက ကျွန်တော့်သက်တမ်းတစ်လျှောက် ဘယ်သူနဲ့မှ မတူအောင် ထူးခြားပါတယ်။”
“တခြားဟာတွေ မပြောနဲ့ဦး။ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကိုပဲ ကြည့်။ တခြား အထူးချွန်ဆုံး လူတွေတောင် သင်ယူဖို့ ၂၈ ရက် လိုအပ်ပေမဲ့ အရှင်မင်းသမီးက ၁၉ ရက်နဲ့ သင်ယူနိုင်ခဲ့တာလေ။”
မင်းသမီး နင်းရွှဲ့ ပြောလိုက်သည်။ “ကြားတာတော့ မိန်းမစိုး လီဝမ်ဟွေ့ရဲ့ မွေးစားသားလည်း ကျောင်းတော်မှာ ဆရာကြီးဆီ ပညာသင်နေတယ်ဆို။”
နင်ဇောင်ဝူ ပြောလိုက်သည်။ “ဟုတ်တယ်။ သူက အခု ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို သင်နေတာ။ တကယ့်ကို သနားစရာ မြင်ကွင်းပါပဲ။ မင်းသမီးလည်း လွန်ခဲ့တဲ့ ၂ ရက်က မြင်မှာပါ။ သူက ရှင်းယီဓားသိုင်းတောင် လေ့ကျင့်နေရတုန်းလေ။ သူက လီဝမ်ဟွေ့ကို စိတ်ပျက်စေရတော့မယ် ထင်တယ်။”
မင်းသမီး နင်းရွှဲ့ ပြောလိုက်သည်။ “ဒါဆို ဆရာကြီးက သူ့ကို ၂ ရက်နေရင် ပြန်လွှတ်လိုက်တော့မှာပေါ့။”
ထိုအချိန်မှာပင် အပြင်ဘက်မှ တုပိုင်၏ အသံ ထွက်ပေါ်လာသည်။ “ကျွန်တော် ဆရာသခင်ကြီးကို တွေ့ခွင့် တောင်းပါတယ်။”
အပိုင်း ၉၀ ပြီး။