အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဟဲပေပြည်နယ်မှ ဖန်းမိသားစုသည် နှစ်ပေါင်း နှစ်ထောင် သမိုင်းကြောင်းရှိသော ဂုဏ်သရေရှိ မိသားစုကြီး ဖြစ်ပြီး ဖန်းကျန်ကျစ်သည် ဖန်းမိသားစု၏ တိုက်ရိုက် သွေးဆက် တစ်ဦး ဖြစ်သည်။
ချွေ့ဖူသည် ကွမ်ရှီးပြည်နယ်မှ ထင်ရှားသော မိသားစုမှ ဆင်းသက်လာသော်လည်း ဖန်းကျန်ကျစ်နှင့် ယှဉ်လျှင် သူ၏ မိသားစု နောက်ခံမှာ ဘာမျှ မဟုတ်ပေ။
တုပိုင်၏ ဖခင် တုဟွေးသည် မည်မျှ ပေးဆပ်ခဲ့ရသည် မသိသော်လည်း ဖန်းမိသားစုနှင့် အောင်မြင်စွာ ခေါင်းချင်းဆိုင်နိုင်ခဲ့ပြီး တာ့နင်မင်းဆက်၏ ထိပ်တန်း အင်အားကြီး မိသားစု ဖြစ်လာခဲ့သည်။
တုပိုင်သည် တစ်ချိန်က တာ့နင်မင်းဆက် တစ်ခုလုံးရှိ လူငယ်တိုင်း အားကျရသူ ဖြစ်ခဲ့သည်။ သူသည် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသော ဂုဏ်သရေရှိ ဖန်းမိသားစု၏ သမက်လောင်းဖြစ်ပြီး မြို့တော်၏ အလှဆုံး လေးဦးစာရင်းဝင် ဖန်းချင်းယီ၏ စေ့စပ်သူ ဖြစ်ခဲ့သည်။
သို့သော် ထိုဂုဏ်ရောင်ဂုဏ်ဝါ အားလုံးသည် ယခုအခါ သူ့မိထွေး၏ သားပိုင်ဆိုင်ရာ အရာများ ဖြစ်သွားပြီ ဖြစ်သည်။
တုပိုင် ပြည်နှင်ဒဏ် ပေးခံရခြင်းသည် နှစ်ထောင်ချီ သမိုင်းကြောင်းရှိသော အင်အားကြီး ဖန်းမိသားစုကြောင့် အဓိက ဖြစ်သည်။
တုမိသားစုနှင့် ယှဉ်လျှင် ဖန်းမိသားစုသည် တုပိုင်ကို ဤကမ္ဘာတွင် အရှင်ထားရန် ပို၍ ဆန္ဒမရှိကြပေ။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က ဖန်းချင်းလျန်၏ စေ့စပ်သူ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
“ဒါက... မိန်းမစိုး တုရှန် မလား။” အလွန် ချောမောသော လူငယ်သည် မျက်မှောင်ကြုတ်လိုက်သည်။
ဤခန့်ညားသော လူငယ်သည်လည်း အလွန် ထူးခြားသော နောက်ခံမှ လာသူဖြစ်သည်။ သူသည် ယွမ်ထင် ဖြစ်ပြီး ကျင်းပေနယ်စားမင်းနှင့် လက်ရှိ အင်ပါယာ မြောက်ပိုင်းတပ်မတော်၏ စစ်သေနာပတိချုပ် ယွမ်ထိန်၏ သားဖြစ်သည်။
လီဝေ၏ ဇနီးကို လုယူရန် ကြိုးစားခဲ့သော လူကြီးသားဆိုသူမှာ ယွမ်ထင်၏ ဝမ်းကွဲညီအစ်ကို တစ်ယောက်သာ ဖြစ်သည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အင်ပါယာ၏ တောင်ဘက်မှ ထောက်တိုင်ကြီး ဖြစ်လျှင် ကျင်းပေနယ်စားမင်းသည် အင်ပါယာ၏ မြောက်ဘက်မှ ခံတပ်ကြီး ဖြစ်သည်။
စစ်ရေးအင်အား၊ ဩဇာအာဏာနှင့် ကြွယ်ဝချမ်းသာမှုတို့တွင် ကျင်းပေနယ်စားမင်းသည် ကျန်းနန်နယ်စားမင်း ဆုန်ချွဲထက် သာလွန်သည်။
ထို့ကြောင့် ဖန်းကျန်ကျစ်ရော ယွမ်ထင်ပါ တာ့နင်အင်ပါယာ၏ အထွတ်အထိပ်တွင် ရှိသော အင်အားကြီး အာဏာရှင် မိသားစုများ၏ သားများ ဖြစ်ကြသည်။
“ဟုတ်တယ်။ ဒါက သင်းအကွပ်ခံလိုက်ရတဲ့ တုပိုင်ပဲ။” ဖန်းကျန်ကျစ် ပြောလိုက်သည်။
ယွမ်ထင်သည် နှာခေါင်းကို အုပ်လိုက်ပြီး တုပိုင်ကို ပြောလိုက်သည်။ “ငါတို့နဲ့ ဝေးဝေးနေစမ်းပါ။”
အချို့သော အဆင့်နိမ့် မိန်းမစိုးများသည် ဆီးမထိန်းနိုင်သော ရောဂါ ခံစားရပြီး ကိုယ်နံ့ နံတတ်ကြသည်။
သို့သော် တုပိုင်တွင် ထိုပြဿနာ လုံးဝ မရှိသလို ဆီးကျိတ်ပြဿနာလည်း မရှိပေ။ သို့သော် ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့၏ မျက်လုံးထဲတွင်မူ တုပိုင်သည် နိမိတ်မကောင်းသော သတ္တဝါ တစ်ကောင် ဖြစ်နေသည်။
ထိုအချိန်တွင် ကျောင်းတော်အလယ်ရှိ ခမ်းနားထည်ဝါသော မျှော်စင်ဆောင်၏ ပြတင်းပေါက်တွင် အက်ကွဲကြောင်းလေး တစ်ခု ပေါ်လာပြီး တောက်ပသော မျက်လုံးတစ်စုံက တုပိုင်ကို လှမ်းကြည့်လိုက်သည်။
“အရှင်မင်းသမီး။ ဆရာသခင်ကြီးက တပည့်သစ် တစ်ယောက် လက်ခံလိုက်ပုံ ရပါတယ်။” ချစ်စဖွယ် အစေခံမလေးက ပြောလိုက်သည်။
“အင်း။” မျှော်စင်ဆောင်ထဲမှ အမျိုးသမီးသည် ခေါင်းမမော့ဘဲ စာကို ဆက်ဖတ်နေလိုက်သည်။
သူမ၏ ဘေးတိုက်မျက်နှာထားသည် သဘာဝတရားကြီးက ဖန်ဆင်းထားသည့်အလား အလွန်အမင်း ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။
“စကားမစပ်။ အရှင်မင်းသမီး။ အခုရောက်လာတဲ့ လူသစ်က မိန်းမစိုးအကယ်ဒမီရဲ့ ဝတ်စုံကို ဝတ်ထားပြီးတော့ သူက မိန်းမစိုးလေး ဖြစ်နေသေးတယ်။”
“ခုနက ဆရာသခင်ကြီး ပြောတာက တုပိုင်ဆိုတဲ့ ဒီကောင်လေးက မိန်းမစိုး လီဝမ်ဟွေ့ရဲ့ မွေးစားသားတဲ့။ မင်းသမီး သူ့ကို တွေ့ချင်လား။ သူက ကျွန်မတို့ဘက်သားပဲလေ။”
“မိန်းမစိုးလီရဲ့ မွေးစားသားလား။” အမျိုးသမီးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “မတွေ့တော့ပါဘူး။ ငါ သူ့ကို တွေ့လိုက်ရင် သူ့ကို ဒုက္ခရောက်စေရုံပဲ ရှိမှာ။”
“ဪ။ ဟုတ်သားပဲ။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “ဖန်းကျန်ကျစ်နဲ့ ယွမ်ထင်တို့က နင်ဇောင်ဝူရဲ့ တပည့် လာခံရတာက အရှင်မင်းသမီးကြောင့် သက်သက်ပဲလေ။ ဒီနှစ်ယောက်လုံးက မင်းသမီးကို သူတို့အပိုင်လို့ သတ်မှတ်ထားကြတာ။”
“မင်းသမီးကို လက်ထပ်ဖို့ပဲ စိတ်ကူးနေကြတာ။ အကယ်၍ မင်းသမီးက ဒီမိန်းမစိုးလေးကို သွားတွေ့လိုက်ရင် သူတို့က မနာလိုဝန်တိုပြီး သူ့ကို လက်ညှိုးလေးနဲ့ ဖိချေပြီး သတ်ပစ်ကြမှာ။”
ချစ်စဖွယ် အစေခံမလေး ဆက်ပြောလိုက်သည်။ “ခုနက ဖန်းကျန်ကျစ် ပြောသွားတာ ဒီမိန်းမစိုးလေးရဲ့ နာမည်ရင်းက တုရှန် တဲ့လား။ အခုတော့ တုပိုင်လို့ ခေါ်တယ်ပေါ့။ ဘာလို့ ဒီနာမည်က ရင်းနှီးနေရတာလဲ။”
“တုပိုင်... တုရှန်။” အမျိုးသမီးက ရေရွတ်လိုက်သည်။ “အဲဒါ တုမိသားစုရဲ့ သနားစရာကောင်းတဲ့ သားအကြီးဆုံးလေ။ အသတ်ခံရလုနီးပါး ဖြစ်ခဲ့တဲ့ တစ်ယောက်ပေါ့။”
“သတိရပြီ။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။
“အဲဒါ သင်းအကွပ်ခံလိုက်ရတဲ့ တစ်ယောက်လေ။ မြို့တော်တစ်ခုလုံး အဲဒီသတင်းနဲ့ ခဏလောက် ပွက်လောရိုက်သွားသေးတယ်။”
အပိုင်း ၈၃ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ကြားတာတော့ ဖန်းချင်းယီက သူလည်ပင်းကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တယ်တဲ့။ သင်းကွပ်ခံထားရတဲ့ တုရှန်ကို ဒီလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပေးရမယ်။”
“မဟုတ်ရင် သူ အရှက်ကွဲရလိမ့်မယ် ဆိုပြီးတော့လေ။ ဒါကြောင့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတော့တာ။ အဲဒီနောက်ပိုင်း တုရှန် လုံးဝ ပျောက်ချင်းမလှ ပျောက်သွားတာ။ သူ့ကို အစောကြီးကတည်းက သေသွားပြီလို့ ထင်ထားတာ။”
အမျိုးသမီး ပြောလိုက်သည်။ “သူ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ပြီးတော့ မိန်းမစိုးဂိုဏ်းထဲတောင် ဝင်သွားသေးတယ်။”
ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “သူက သနားစရာ ကောင်းလိုက်တာ။ ဖန်းကျန်ကျစ်က သူ့ကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး။ အနိုင်ကျင့်ရင် ကျင့်၊ မဟုတ်ရင် သတ်တောင် သတ်ပစ်ဦးမှာ။ ကျွန်မ သွားပြီး သူ့ကို အမြန် ထွက်ပြေးဖို့ သွားပြောလိုက်ရမလား။”
အမျိုးသမီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ဖန်းကျန်ကျစ်က သူ့ကို ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ သဘောထားပြီး အနိုင်ကျင့်မှာ မဟုတ်ပါဘူး။”
မှန်ပါ၏။ ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သည် အင်ပါယာ၏ အတောက်ပဆုံး ပုလဲတစ်ဆူ ဖြစ်သည့် မင်းသမီး နင်းရွှဲ့ကို လက်ထပ်ခွင့်ရရန် အလှပဆုံးသော နှလုံးသားကို သိမ်းပိုက်နိုင်ရန်အတွက် ကွမ်ရှီးပြည်နယ်အထိ ခရီးရှည်ကြီး ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
တုပိုင်ကဲ့သို့သော မည်သူမျှ မဟုတ်သည့် လူတစ်ယောက်ကို သူတို့ မည်ကဲ့သို့ အနိုင်ကျင့်ပါမည်နည်း။ ထိုသို့ ပြုလုပ်ခြင်းသည် သူတို့၏ သိက္ခာကို ကျဆင်းစေသည် မဟုတ်လော။
မင်းသမီး ဆက်ပြောလိုက်သည်။ “ဒါ့အပြင် သူက ဒီမှာ ရက်အများကြီး နေရမှာ မဟုတ်ပါဘူး။ ဆရာသခင်ကြီး နင်ဇောင်ဝူက မကြာခင် အကြောင်းပြချက် တစ်ခုခု ရှာပြီး သူ့ကို ပြန်လွှတ်လိုက်မှာပါ။”
“ခမည်းတော်အမိန့်ချလိုက်တာနဲ့ ငါ မြို့တော်ကို ပြန်လို့ရပြီ။ အဲဒီအခါကျရင် ဆရာသခင်ကြီး နင်ဇောင်ဝူလည်း လွတ်လပ်ခွင့် ပြန်ရပြီး ကမ္ဘာအနှံ့ ခရီးထွက်လို့ ရပြီလေ။ သူက ဘာကိစ္စ သူ့ကို ချည်နှောင်ထားမယ့် နောက်ထပ် တပည့်တစ်ယောက်ကို လက်ခံချင်ရမှာလဲ။”
“ဝါးးး။ ဒီမိန်းမစိုးလေးက သနားစရာ ကောင်းလိုက်တာ။ ထပ်ခါထပ်ခါ စွန့်ပစ်ခံနေရတာပဲ။” ချစ်စဖွယ် အစေခံမလေးက ခေါင်းခါရင်း ပြောလိုက်သည်။
မင်းသမီး ပြောလိုက်သည်။ “နင် သူ့ကို သနားနေတာလား။ ဒါဆို ငါ နင့်ကို သူနဲ့ စေ့စပ်ပေးလိုက်ရမလား။”
“မလိုချင်ပါဘူး။” ချစ်စဖွယ် အစေခံမလေး ပြောလိုက်သည်။ “သူက မိန်းမစိုးလေးပဲဟာ။ ကျွန်မ သနားပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ စတေးစရာ မလိုပါဘူး။”
**--**--**--**--**--**--**--**
ခြံဝင်းထဲတွင်။
“ဂိုဏ်းတူညီလေး တုပိုင်။ မင်္ဂလာပါ။” နင်ဇောင်ဝူ၏ အမျိုးသား တပည့် ၃ ဦးအနက် ရိုးရိုးရှင်းရှင်း ပုံစံရှိသော လူငယ်တစ်ဦးသာ တုပိုင်ကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လေသည်။ ထိုလူတွင် နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် တည်ငြိမ်သော မျက်လုံးများ ရှိသည်။
တုပိုင် ပြန်လည် နှုတ်ဆက်လိုက်ပြီး ပြောလိုက်သည်။
“မေးပါရစေ။ ဂိုဏ်းတူအစ်ကိုက...။”
“နင်ချုံးယောင် ပါ။” ရိုးရိုးရှင်းရှင်း လူငယ်က ပြောလိုက်သည်။
ထိုနာမည်ကို ကြားလိုက်ရသောအခါ တုပိုင် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ပြီး ကွေ့မင်းသား၏ အမွေခံသားတော် ဖြစ်သောကြောင့်ပင်။
ကွေ့မင်းသားနှင့် လီဝမ်ဟွေ့တို့သည် ရင်းနှီးကြသဖြင့် ဤအမွေခံသားတော်ကို တုပိုင်၏ မဟာမိတ်ဟု သတ်မှတ်၍ ရပေသည်။
ဆရာသခင်ကြီး နင်ဇောင်ဝူတွင် တပည့် ၄ ဦး ရှိသည်။ ယခု တုပိုင်၏ရှေ့တွင် ၃ ဦးသာ ရှိသော်လည်း သူတို့၏ အဆင့်အတန်းများမှာ တစ်ဦးထက်တစ်ဦး ပို၍ အရေးပါနေကြသည်။ ကျန်တစ်ဦးမှာ မည်သူဖြစ်မည်နည်းဟု စဉ်းစားစရာပင်။
နင်ဇောင်ဝူသည် တုပိုင်အပေါ် ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့၏ သဘောထားကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“မင်း မတွေ့နိုင်တဲ့ နောက်ထပ် တစ်ယောက် ရှိသေးတယ်။ အခွင့်အရေးရရင် နောက်တစ်ခါမှ သူ့အကြောင်း ပြောကြတာပေါ့။ အခု သွားပြီး နေစရာ အိမ်တစ်လုံး ရွေးလိုက်။ ဒါပေမဲ့ အလယ်က မျှော်စင်ဆောင်နားမှာတော့ မနေမိအောင် သတိထား။”
တုပိုင် ဝေ့ဝဲကြည့်လိုက်ရာ ကြာပန်းကျောင်းတော်ထဲတွင် အဆောက်အအုံများစွာ ရှိသော်လည်း အလယ်မှ အဆောက်အအုံသည် အခမ်းနားဆုံး ဖြစ်နေသည်။ ထိုနေရာတွင် မည်သူ နေထိုင်သနည်းဟု သူ တွေးမိလိုက်သည်။
တုပိုင်သည် နေထိုင်ရန်အတွက် အစွန်အဖျားအကျဆုံး အိမ်တစ်လုံးကို ရွေးချယ်လိုက်သည်။ သူ သတိထားမိသည်မှာ နင်ဇောင်ဝူသည် လူမှုဆက်ဆံရေးတွင် သိပ်မကျွမ်းကျင်ဘဲ တပည့်အချင်းချင်းကြား ဆက်ဆံရေးကိုလည်း လုံးဝ ဂရုမစိုက်ပေ။
ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သည် အချင်းချင်း လေးစားမှု ရှိကြသော်လည်း ပြိုင်ဘက်များအဖြစ် သတ်မှတ်ကာ အတူတူ ပူးကပ်နေကြသည်။
ကွေ့မင်းသား၏ အမွေခံ နင်ချုံးယောင်သည် အလွန် နှိမ့်ချစွာ နေတတ်သူ ဖြစ်သည်။ သူသည် ဖန်းကျန်ကျစ်နှင့် ယွမ်ထင်ကို ခေါင်းညိတ်ရုံသာ နှုတ်ဆက်ပြီး သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မရှိသလောက်ပင်။ သို့သော် သူ၏ တော်ဝင် အဆင့်အတန်းကြောင့် ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သည် သူ့ကို လေးစားစွာ ဆက်ဆံကြသည်။
တုပိုင်မှာမူ ဤနေရာတွင် ဘေးဖယ်ခံထားရသော သူတစ်ယောက် ဖြစ်သည်မှာ သေချာပါသည်။ မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။
ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သည် သူ့ကို အမြန်ဆုံး ရှင်းထုတ်ပစ်ချင်နေကြပြီး မိန်းမစိုးတစ်ယောက်နှင့် လေအတူတူ မရှူချင်ကြပေ။ (တုပိုင်လည်း စိတ္တဇဂွေးဖြတ်သမားလေး ရှမ့်လန်လို ဒီနှစ်ကောင်ကိုဖြတ်ပြစ်မာ မြင်ယောင်ပါသေးတယ်။ 🙄)
အလယ်ဗဟိုရှိ မျှော်စင်ဆောင်တွင် နေထိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် တပည့်မှာမူ အရိပ်အယောင်မျှ မပြသလို မည်သူနှင့်မျှလည်း ဆက်ဆံလိုစိတ် မရှိပေ။
သို့သော် ထိုအထဲမှ ထွက်ပေါ်လာသော သာယာနာပျော်ဖွယ် ကောင်းလှသည့် ဇိုင်တာ တီးခတ်သံကို တုပိုင် ကြားလိုက်ရပြီး ထိုဂီတသံသည် တုပိုင်၏ စွမ်းရည်ထက် များစွာ သာလွန်နေသည်။
**--**--**--**--**--**--**--**
ထိုနေ့ ညနေခင်းတွင် ဆရာသခင်ကြီး နင်ဇောင်ဝူသည် တုပိုင်၏ ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ပထမဆုံး ညမှာပင် သိုင်းပညာ စတင် သင်ကြားပေးလေသည်။
“ငါတို့ လျင်မြန်ဖျတ်လတ်မှု သင်တန်းကို စကြမယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ပထမအဆင့်က ဓားကို မြန်မြန် ဆွဲထုတ်တာပဲ။”
“မင်းလက်ထဲက သစ်သားဓားကို နိုင်သလောက် အမြန်ဆုံး ထိုးစမ်း။ ပြီးတော့ ဓားထိပ်ကို တစ်နေရာတည်းမှာပဲ ထိအောင် ကြိုးစား။”
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး သစ်သားဓားကို အမြန်ဆုံးနှုန်းဖြင့် ထိုးလိုက်သည်။
“ဒုတ်... ဒုတ်... ဒုတ်...”
နံရံပေါ်ရှိ စက္ကူဖြူပေါ်တွင် အမည်းစက် ၃ ခု ပေါ်လာသည်။
ဤရလဒ်သည် စိတ်တိုင်းကျစရာ အခြေအနေနှင့် အလှမ်းဝေးကွာနေသေးသည်။ ဆိုလိုသည်မှာ တုပိုင်သည် တစ်စက္ကန့်လျှင် ဓားချက် ၃ ချက်သာ ထိုးနိုင်ပြီး ထို ၃ ချက်မှာလည်း တစ်နေရာတည်းကို မထိဘဲ အလွန် ကစဉ့်ကလျား ဖြစ်နေသည်။
“ငါနဲ့အတူ ဒီဂါထာကို ရွတ်ဆိုစမ်း။ မင်းရဲ့ စိတ်ဝိညာဉ်ကို စုစည်းပြီး ဓားထိပ်ဖျားမှာ အာရုံစိုက်ထား။” နင်ဇောင်ဝူ ပြောလိုက်သည်။
အပိုင်း ၈၄ ပြီး။