← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထို့နောက် သူသည် တုပိုင်ကို စိတ်စွမ်းအားဆိုင်ရာ ဂါထာမန္တန်တစ်ခု သင်ပေးလိုက်သည်။

၃ ကြိမ် ရွတ်ဆိုပြီးနောက် တုပိုင်သည် သူ၏ အမြင်အာရုံနှင့် အာရုံစူးစိုက်မှု အားလုံးကို ဓားထိပ်ဖျားတွင် စုစည်းထားလိုက်သည်။

“ထပ်ထိုးစမ်း။” နင်ဇောင်ဝူ ပြောလိုက်သည်။ “အမြန်နှုန်းက မြန်ရမယ်။ ပြီးတော့ ဓားချက်တိုင်းက ပစ်မှတ်ကို တိတိကျကျ ထိမှန်ရမယ်။”

တုပိုင်သည် စက္ကူဖြူပေါ်ရှိ အမှတ်တစ်နေရာကို ချိန်ရွယ်ရန် စိတ်စွမ်းအားကို စုစည်းလိုက်ပြီး လက်ထဲမှ သစ်သားဓားကို လျင်မြန်စွာ ထိုးသွင်းလိုက်သည်။

“ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...”

တစ်စက္ကန့်လျှင် ဓားချက် ၃ ချက်သာ ရှိသေးသော်လည်း ဓားရာအမည်းစက် ၂ ခုသာ ကျန်ခဲ့သည်။ ဆိုလိုသည်မှာ တုပိုင်သည် တစ်နေရာတည်းကို နှစ်ကြိမ် ထိမှန်အောင် ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤဆရာသခင်ကြီးသည် အမှန်တကယ်ပင် ထူးခြားလှသည်။ စိတ်စွမ်းအား ဂါထာတစ်ပုဒ်တည်းဖြင့် တုပိုင် တိုးတက်လာခဲ့သည်။

“မင်းရဲ့ အဆင့်တွေက ဆိုးရွားလွန်းတယ်။ ပြီးတော့ စိတ်စွမ်းအားကလည်း အရမ်း နိမ့်တယ်။” နင်ဇောင်ဝူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ဒီလို စိတ်စွမ်းအား ပါရမီမျိုးနဲ့တော့ တကယ်ကို မျှော်လင့်ချက် မရှိဘူး။ ဒါ့အပြင် မင်းရဲ့ သဘာဝ လျင်မြန်ဖျတ်လတ်မှုကလည်း အလွန် ညံ့ဖျင်းတယ်။ သာမန်လူတစ်ယောက်တောင် အသက်တစ်ခါရှူချိန်မှာ ဓား ၆ ချက် ထိုးနိုင်တယ်။”

“မိန်းမစိုးတစ်ယောက်အတွက် လျင်မြန်ဖျတ်လတ်မှုနဲ့ စိတ်စွမ်းအားက အသက်ကယ်ဆေးလို ပါရမီတွေ ဖြစ်နေတာတောင် မင်းက နှစ်ခုစလုံးမှာ အလွန် ညံ့ဖျင်းနေတယ်။ ငါ အကြံပေးချင်တာက မင်း ပြန်လိုက်တော့။ အချိန်မဖြုန်းပါနဲ့။”

တုပိုင်၏ လျင်မြန်ဖျတ်လတ်မှု အရည်အချင်းသည် အမှတ်ဖြင့်တွက်လျှင် ၅ မှတ်သာ ရှိပြီး အမှန်တကယ်ပင် ညံ့ဖျင်းလှသည်။ အဆင့်တစ်ဆင့် မြှင့်တင်ပြီးသည့်တိုင်အောင် သူ၏ စိတ်စွမ်းအားသည် ၄၀ သာ ရှိပြီး သာမန်ကာလျှံကာသာ ဖြစ်သည်။ ထို့ကြောင့် နင်ဇောင်ဝူ ပြောသည်မှာ မှန်ပါသည်။

တုပိုင်၏ သိုင်းပညာ ပါရမီသည် အမှန်တကယ် မကောင်းပေ။ သာမန်မကောင်းခြင်းမဟုတ်ပဲ စုတ်ပြတ်သပ်နေလေ၏။

နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒီလိုလုပ်မယ်။ လျင်မြန်ဖျတ်လတ်မှုကို တိုးတက်စေဖို့ အထူးစီမံထားတဲ့ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်စာအုပ် တစ်အုပ် ငါ မင်းကို ပေးမယ်။ မင်း အရင် လေ့ကျင့်ကြည့်လိုက်။ နားမလည်တာ ရှိရင် ငါ့ကို လာမေးလို့ ရတယ်။”

“ငါ နောက် ၅ ရက်နေရင် မင်းကို စစ်ဆေးမယ်။ စာမေးပွဲအောင်ဖို့အတွက် အသက်တစ်ခါရှူချိန်အတွင်း မင်း ဓားချက် ၁၀ ချက် ထိုးနိုင်ရမယ်။ ဒါမှ ငါတို့ နောက်တစ်ဆင့်ကို ဆက်သွားလို့ ရမယ်။ မဟုတ်ရင်တော့ ငါ မင်းကို ပြန်လွှတ်လိုက်ရလိမ့်မယ်။”

ဤဆရာသခင်ကြီးသည် တုပိုင်ကို မောင်းထုတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားပုံ ရသည်။

“ဟုတ်ကဲ့ပါ။” တုပိုင် ပြောလိုက်သည်။ “ဒီ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို လေ့ကျင့်ပြီးရင် ကျွန်တော့်ရဲ့ လျင်မြန်ဖျတ်လတ်မှုက ဆရာ လိုချင်တဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားမှာလား။”

နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒီနည်းစနစ်မှာ သိုင်းကွက် ၁၀ ကွက်ပဲ ပါတယ်။ မင်းသာ အကုန်လုံး လေ့ကျင့်နိုင်ရင် မင်းရဲ့ လျင်မြန်ဖျတ်လတ်မှုက စံချိန်မီသွားလိမ့်မယ်။ စံချိန်ထက်တောင် အများကြီး ကျော်လွန်သွားနိုင်တယ်။”

တုပိုင် အံ့အားသင့်သွားသည်။ သိုင်းကွက် ၁၀ ကွက်တည်းဖြင့် လျင်မြန်ဖျတ်လတ်မှုကို ဤမျှ မြှင့်တင်ပေးနိုင်သော နည်းစနစ်သည် မည်သို့သော နည်းစနစ်မျိုး ဖြစ်သနည်း။

နင်ဇောင်ဝူသည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ပြန်သွားလေသည်။

တုပိုင်သည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ စာရေးသူမှာ နင်ဇောင်ဝူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤဆရာသခင်ကြီးသည် အမှန်တကယ်ပင် ထူးချွန်လှသည်။

အနည်းငယ် လေ့လာကြည့်ပြီးနောက် တုပိုင် သိရှိလိုက်သည်မှာ ဤလေ့ကျင့်ခန်းများသည် ယောဂကျင့်စဉ်၏ ပြင်းထန်ပြီး မြန်ဆန်သော ပုံစံတစ်မျိုးဟု ယူဆနိုင်သည်။

ဤကျင့်စဥ်သည် သွေးကြောများကို အစွမ်းကုန် ဆွဲဆန့်ပေးရုံသာမက ကြွက်သားများနှင့် အရိုးများ၏ ပြန်ကန်အားကိုလည်း လေ့ကျင့်ပေးသည်။

အတိုချုပ် ပြောရလျှင် တုပိုင်၏ အလွန် အကန့်အသတ်ရှိသော နားလည်မှုအရ ဤနည်းစနစ်သည် လျင်မြန်ဖျတ်လတ်မှုကို လေ့ကျင့်ရန် အလွန် သင့်လျော်သည်။

နည်းစနစ် သို့မဟုတ် လက်စွဲစာအုပ်က ပို၍ အခြေခံကျလေလေ ပို၍ ထူးခြားလေလေ ဖြစ်သည်။ ထို့ကြောင့် ဤဆရာသခင်ကြီး၏ ရိုင်းစိုင်းသော အပြုအမူကြောင့် အထင်မလွဲသင့်ချေ။ သူသည် အမှန်တကယ်ပင် အလွန် စွမ်းအားကြီးသူ ဖြစ်သည်။

အကြိမ်ကြိမ် သေချာ ဖတ်ရှုပြီးနောက် တုပိုင်သည် နည်းစနစ်အတိုင်း စတင် လေ့ကျင့်လေတော့သည်။

ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်တစ်ခုလုံးတွင် သိုင်းကွက် ၁၀ ကွက်သာ ပါဝင်သည်။ သို့သော် တုပိုင် ပထမဆုံးအကွက်ကို စတင်လိုက်သောအခါ ဤစွမ်းရည်များသည် ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း လက်တွေ့တွင် တကယ်ကို အလွန့် အလွန် အလွန် ခက်ခဲကြောင်း တွေ့ရှိလိုက်ရသည်။

ပထမသိုင်းကွက်သည် အရွတ်များနှင့် စက်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကို အစွမ်းကုန် ညှစ်ထုတ်ထားခြင်း ဖြစ်သည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် ချက်ချင်း ပြိုလဲသွားလိမ့်မည်။ အတင်းအဓမ္မ လေ့ကျင့်ပါက အရွတ်များနှင့် စက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားလိမ့်မည်။

တုပိုင် ထပ်ခါထပ်ခါ ကြိုးစားကြည့်သည်။ အကြိမ်ကြိမ် အခါခါ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေပြီး ခန္ဓာကိုယ်ရှိ အရွတ်များနှင့် သွေးကြောများ အားလုံး ပြတ်တောက်သွားမတတ် ခံစားနေရသည်။ သူ ဆက်လက်၍ မလေ့ကျင့်နိုင်တော့ပေ။

ပထမဆုံး သင်ယူမှု နေ့ရက်သည် အခြေခံအားဖြင့် ကျရှုံးသွားခဲ့သည်။ သူသည် တစ်ကွက်ကိုပင် ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ပေ။

**--**--**--**--**--**--**--**

၃ နာရီ ကြာပြီးနောက် ညဉ့်နက်နေပြီ ဖြစ်သည်။

အဘိုးအို အစေခံတစ်ဦး ဝင်လာပြီး ပျက်စီးသွားသော အရွတ်များနှင့် သွေးကြောများကို ကုသရန် အကောင်းဆုံး ကျားသစ်အချင်းဆီ ပါဝင်သော ကြွေပုလင်းတစ်လုံးကို လာပေးသည်။

အဘိုးအို အစေခံသည် ဆေးပုလင်းကို စားပွဲပေါ် တင်လိုက်ပြီး တုပိုင်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

ဆရာသခင်ကြီး၏ အခန်းတွင် နင်ဇောင်ဝူ ရှိနေ၏။

“ဘယ်လိုလဲ။” အဘိုးအို အစေခံ ဝင်လာသည်ကို အာရုံခံမိသဖြင့် ဆရာသခင်ကြီး နင်ဇောင်ဝူ မေးလိုက်သည်။

အဘိုးအို အစေခံ ပြောလိုက်သည်။ “သူ ပထမဆုံးအကွက်ကိုတောင် မပြီးသေးဘူး။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့။”

“ဟူးးး။” နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။ စိတ်ပျက်မိသည်လား သို့မဟုတ် စိတ်အေးသွားသည်လား သူ မသေချာပေ။

အပိုင်း ၈၅ ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကံကောင်းသည်မှာ နောက်ထပ် ၅ ရက်နေလျှင် တုပိုင် စာမေးပွဲ ကျရှုံးပြီး ထွက်သွားရတော့မည်။ သူသည် နောက်ထပ် တပည့်တစ်ယောက်ကို သင်ပေးစရာ မလိုတော့သလို လွတ်လပ်ခွင့်နှင့်လည်း တစ်လှမ်း ပိုနီးစပ်သွားပြီ ဖြစ်သည်။

စိတ်ပျက်မိခြင်းမှာမူ တုပိုင်သည် အဆုံးသတ်တွင် သိုင်းပညာ ပါရမီရှင် မဟုတ်ကြောင်းနှင့် မိန်းမစိုးဂိုဏ်းက သူ့အပေါ် မျှော်လင့်ချက် ထားခဲ့လျှင် ကြီးစွာသော စိတ်ပျက်မှုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ပင်။

“ဒါ အကောင်းဆုံး မဟုတ်ဘူးလား။” အဘိုးအို အစေခံ ပြောလိုက်သည်။ “အဲဒီ မိန်းမစိုးလေးကို ပြန်လွှတ်ပြီးရင် ဆရာကြီး လွတ်လပ်ခွင့်နဲ့ နည်းနည်း ပိုနီးစပ်သွားပြီလေ။ မင်းသမီး မြို့တော်ကို ပြန်သွားတာနဲ့ ယွမ်ထင်နဲ့ ဖန်းကျန်ကျစ်လည်း ထွက်သွားကြမှာပဲ။”

“တပည့် ၄ ယောက်လုံး ထွက်သွားရင် ဆရာကြီး အေးအေးဆေးဆေး နေလို့ရပြီ။ မြောက်ဘက် မွန်ဂိုလီးယား။ အနောက်ဘက် ဒေသတွေ။ ဂျပန်နဲ့ ဂျာဗားကျွန်းတွေကို သွားချင်တယ်ဆို။ အဲကြ သွားလို့ရပြီလေ။”

“ဟုတ်တယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “နောက် ၅ ရက်နေရင် ငါတို့ သူ့ကို ပြန်လွှတ်လိုက်မယ်။ အရာအားလုံးကို လက်လွှတ်ရမယ့် အချိန်ရောက်ပြီ။”

ရိုးရိုးသားသား ပြောရလျှင် ဆရာသခင်ကြီးသည် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

ထို့နောက် နင်ဇောင်ဝူ ပြောလိုက်သည်။ “သူက ကြွက်သားနှင့် အရွတ် ပြောင်းလဲခြင်း နည်းစနစ် ၁၀ ကွက်စလုံးကို ၅ ရက်အတွင်း တကယ်ပဲ ကျွမ်းကျင်အောင် လုပ်နိုင်မယ်လို့ မင်း ထင်လား။”

“မဖြစ်နိုင်ပါဘူး။” အဘိုးအို အစေခံ ပြောလိုက်သည်။

“ဆရာကြီးရဲ့ နည်းစနစ်က ရိုးရှင်းပြီး ရှင်းလင်းပေမဲ့ သွေးကြောတွေကို ဟန်ချက်ညီစေမယ့် နည်းလမ်းတွေ ချီလည်ပတ်မှုတွေတောင် ပါဝင်နေတာ။”

“ပိုရိုးရှင်းလေ ပိုခက်ခဲလေပဲ။ ဆရာကြီးရဲ့ အထူးချွန်ဆုံး တပည့်တောင် ဒီနည်းစနစ်ကို ကျွမ်းကျင်ဖို့ ၁၉ ရက်တိတိ အချိန်ယူခဲ့ရတာ။ အဲဒီတုန်းက သူက ၁၄ နှစ်ပဲ ရှိသေးပြီး ခန္ဓာကိုယ် ပျော့ပျောင်းမှုကလည်း အများကြီး ပိုကောင်းနေသေးတယ်။”

“ဒီ တုပိုင်က ၁၈ နှစ်တောင် ရှိနေပြီ။ သူ့ရဲ့ သွေးကြောတွေနဲ့ အရိုးတွေက ပုံသေ ဖြစ်နေပြီ။ သူက ဒီနည်းစနစ်ကို လေ့ကျင့်ဖို့ အကောင်းဆုံး အချိန်ကို ကျော်လွန်သွားပြီ။”

မှန်ပါသည်။ ထူးကဲသော ပါရမီရှိသည့် မင်းသမီး နင်းရွှဲ့ပင်လျှင် ဤနည်းစနစ်ကို ကျွမ်းကျင်ရန် ၁၉ ရက် အချိန်ယူခဲ့ရသည်။

တုပိုင်အတွက် ၅ ရက်အတွင်း ကျွမ်ကျင်ရန်က အမှန်တကယ် မဖြစ်နိုင်ပေ။ သို့သော် ထိုအချိန်တွင် တုပိုင်သည် အိပ်မက်ကမ္ဘာထဲသို့ ထပ်မံ ရောက်ရှိသွားပြန်လေသည်။

**--**--**--**--**--**--**--**

နင်ဇောင်ဝူ ပြောလိုက်သည်။ “အခု လီဝမ်ဟွေ့က ဝမ်ဟွိုင်းရှိုကို ကယ်တင်ဖို့ မြို့တော်ကို အမြန်သွားနေရတဲ့အချိန်မှာ ငါက သူ့မွေးစားသားကို ဒီလို လှည့်စားလိုက်တာ မလွန်လွန်းဘူးလား။”

အဘိုးအို အစေခံ ပြောလိုက်သည်။ “ဆရာကြီးက လီဝမ်ဟွေ့ကို ကျေးဇူးအများကြီး ပြုခဲ့ဖူးပါတယ်။ သူ ကျေးဇူးဆပ်သင့်ပါတယ်။ ဒါ့အပြင် ဆရာကြီးမှာ တစ်ချိန်က ပြင်းပြတဲ့ စိတ်ဓာတ်တွေ ရှိခဲ့ဖူးပေမဲ့ လက်တွေ့ဘဝက ဆရာကြီးကို ထပ်ခါထပ်ခါ စိတ်ပျက်စေခဲ့တယ်လေ။”

“ဟုတ်တယ်။ ငါ့သွေးတွေ အေးစက်သွားပြီ။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ငါ ဒီအရာတွေ အားလုံးကို လက်လွှတ်ပြီး ဝေးနိုင်သမျှ ဝေးဝေးကိုပဲ သွားချင်တော့တယ်။”

ထို့နောက် နင်ဇောင်ဝူသည် အရက်အိုးကို ကောက်ကိုင်လိုက်ပြီး တစ်ငုံမော့ကာ နာကျင်ကြေကွဲစွာဖြင့် ပြောလိုက်သည်။ “ငါတို့ရဲ့ တာ့နင်မင်းဆက်ကြီးက ကုမရတဲ့ ရောဂါဆိုးကြီး စွဲကပ်နေပြီ။ အလွန်ဆုံး ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ခံတော့မယ်။ မကြာခင် မင်းဆက်ပျက်သုဉ်းတော့မယ်။”

**--**--**--**--**--**--**--**

ကြာပန်းကျောင်းတော်၏ အလယ်ဗဟို မျှော်စင်ဆောင်တွင် ပြိုင်ဘက်ကင်း အလှတရား ပိုင်ဆိုင်ထားပြီး ထူးခြားသော ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ရေချိုးကန်ထဲတွင် ထိုင်နေလေသည်။

အမျိုးသမီးတစ်ယောက် မည်မျှ လှပနိုင်သနည်း ဆိုသည်မှာ အံ့သြစရာ ကောင်းလှသည်။ သူမကို မြင်လိုက်ရသောအခါ မြင်သူများသည် သူတို့မျက်လုံးများကိုပင် သူတို့သံသယ ဝင်လာနိုင်သည်။ သို့သော် လှည့်ထွက်သွားပြီးနောက် သူမ၏ မျက်နှာကို ပြန်လည် ပုံဖော်၍ပင် မရနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာ အလှတရားသည် လူသားများ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

သူမကား အင်ပါယာ၏ ပုလဲရတနာဟု တင်စားခေါ်ဝေါ်ခြင်း ခံရသော မင်းသမီး နင်းရွှဲ့ ဖြစ်သည်။

လတ်ဆတ်သော ပန်းပွင့်ဖတ်များသည် ရေချိုးကန်ထဲတွင် မျောပါနေပြီး ရေနွေးငွေ့များ တလူလူ တက်နေကာ မွှေးကြိုင်သော ရနံ့များ သင်းပျံ့နေသည်။ ဤရေချိုးကန်ထဲတွင်ပင် ဆေးဖက်ဝင် အပင် အမျိုးအစား တစ်ဒါဇင်ကျော် ပါဝင်နေသည်။

အပိုင်း ၈၆ ပြီး။

All Chapters