← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း ၄၃၉ - ဓားဆန္ဒ၏ အစွမ်း

"ဘုန်း..."

ဟွာကျင်းယန်သည် လေထုကို ခြေဖြင့်နင်းကာ ပေါက်ကွဲစေလျက် နောက်သို့လွင့်စင်နေသော သူ၏ကိုယ်ကို ထိန်းလိုက်ပြီး ပွက်ပွက်ဆူနေသော သွေးများကို ပြန်လည်မျိုချလိုက်၏။ လော့ချန်၏ လက်သီးတစ်ချက်ဖြင့် နောက်သို့ဆုတ်သွားရသော်လည်း သူ၏မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင် များများစားစား မရှိပေ။ ဤလက်ဝါးရိုက်ချက်မှာ သူ၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် ထိပ်သီး လျူရီဖုန်းကို အနိုင်ယူနိုင်ခဲ့သူ ဖြစ်ရာ ဤမျှလောက် စွမ်းအားမျိုးတောင် မရှိလျှင် သူ့အတွက် အလွန်ပင် စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။

သူသည် လော့ချန်ကို ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ တဖြည်းဖြည်း ထက်မြက်လာတော့သည်။ နောက်တစ်ခဏတွင်မူ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"ဘုန်း..."

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းသွား၏။ လေထုမှာ ရေလှိုင်းများပမာ တုန်ခါသွားပြီးနောက် ရောက်ရှိနေကြသော လူတိုင်းမှာ ပြင်းထန်လှသော အပူလှိုင်းကြီး တစ်ခုခု ရိုက်ခတ်လာသလို ခံစားလိုက်ရသည်။

ဟွာကျင်းယန်၏ နက်မှောင်သော ဆံပင်များမှာ ရူးသွပ်စွာ လွင့်ပျံနေပြီး သူ၏ပတ်ဝန်းကျင်၌ အပူလှိုင်းများ ဝေ့ဝဲနေ၏။ သူ၏နောက်ကွယ်တွင်မူ အိမ်တစ်လုံးပမာ ကြီးမားပြီး တစ်ကိုယ်လုံး၌ မီးလျှံများ တောက်လောင်နေသည့် ရွှေဖားကြီးတစ်ကောင် ရှိနေသည်။ မီးလျှံရွှေဖား၏ ခန္ဓာကိုယ်အတွင်း၌ ကြယ် ၁၀ ပွင့်မှာ တောက်ပနေပြီး ပြင်းထန်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင် လေထုမှာပင် တုန်ခါနေတော့သည်။

“ဒါဟာ ဟွာကျင်းယန်ရဲ့ ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ပဲ။ တကယ့်ကို ပြင်းထန်တဲ့ အရှိန်အဝါပါလား...”

မီးလျှံရွှေဖားကို မြင်လိုက်ရသောအခါ အပြင်စည်းတပည့်များစွာမှာ မျက်လုံးများ တောက်ပသွားကြပြီး အံ့အားသင့်မှု၊ ထိတ်လန့်မှုများနှင့်အတူ မနာလိုမှုများလည်း ဖြစ်ပေါ်နေကြတော့သည်။ အရင်ကတည်းက မြင်ဖူးထားသည့် ချန်လင်းယူတို့ မှာပင် တည်ငြိမ်စွာ မနေနိုင်ကြတော့ချေ။

ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်။ ကောင်းကင်ဘုံက ပေးသနားထားသော ပါရမီပင် ဖြစ်သည်။ ဤသို့သော သိုင်းဝိညာဉ်ကို နိုးကြားထားသူသည် မင်းသား သို့မဟုတ် သူတော်စင် ဖြစ်လာနိုင်သည့် အလားအလာရှိပြီး လူသန်းပေါင်းများစွာတွင် တစ်ယောက်သာ ရှိတတ်သည်။ မည်သည့်နေရာ၌မဆို ပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး အနာဂတ်တွင်လည်း အနှိုင်းမဲ့ အောင်မြင်မှုများ ရရှိကာ လူအများ၏ အားကျခြင်းကို ခံရမည့်သူ ဖြစ်သည်။

"ဝှစ်..."

သိုင်းဝိညာဉ်ကို ထုတ်သုံးလိုက်သည်နှင့် ဟွာကျင်းယန်၏ ချီစွမ်းအင်များမှာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလာပြီး အရှိန်အဝါမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာကာ ပျက်စီးနေသော တောင်ကုန်း၏ အထက်ကောင်းကင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူ၏ ကိုယ်ဟန်မှာ တောင်ကြီးတစ်လုံးထက်ပင် ပို၍ ခန့်ညားနေသည့်နှယ် ရှိနေပြီး လော့ချန်ကို အထက်စီးမှ ကြည့်ကာ ဆိုလိုက်၏။

“လော့ချန်... ကြည့်ရတာ ဒီကာလအတွင်းမှာ မင်းရဲ့ တိုးတက်မှုကလည်း မနည်းဘူးပဲ။ ဒါပေမဲ့ ကံမကောင်းတာက မင်း ဘယ်လောက်ပဲ တိုးတက်နေပါစေ ဒီနေ့တော့ မင်း သေချာပေါက် ရှုံးလိမ့်မယ်...”

“ဟုတ်လား...”

လော့ချန်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ချိုးသွားပြီး လက်မဖြင့် တစ်ချက်တွန်းလိုက်ရာ အကန့်သတ်မဲ့သွေးဓားမှာ ချက်ချင်းပင် အိမ်အတွင်းမှ ထွက်ပေါ်လာ၏။ သူ၏ အရှိန်အဝါမှာလည်း ဓားကဲ့သို့ ထက်မြက်လာပြီး ကောင်းကင်ယံရှိ ဟွာကျင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ အစစ်အမှန် စွမ်းအားတွေနဲ့ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးမယ့် သိုင်းဝိညာဉ် လျှို့ဝှက်စွမ်းအားတွေကိုပါ အကုန်ထုတ်သုံးလိုက်ပါ... ငါက မင်းကို အပြတ်အသတ် အနိုင်ယူပြမယ်...”

“မင်း တော်တော်လေး မောက်မာနေတာပဲ...”

ဟွာကျင်းယန်၏ မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားပြီး ကိုယ်ကို တစ်ချက် တုန်ခါလိုက်ရာ မီးလျှံကဲ့သို့ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ သူ၏ ညာဘက် လက်ဝါးမှာ ပူပြင်းနေသော သံချောင်းကြီးပမာ လော့ချန်ထံသို့ လေထဲမှတစ်ဆင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ ကြီးမားသော အစစ်အမှန် စွမ်းအားတစ်ခု ထွက်ပေါ်လာတော့သည်။

“မီးလျှံဟင်းလင်းပြင်ခွဲ...”

"ဘုန်း..."

"ဘုန်း..."

"ဘုန်း..."

လက်တစ်ချက် ဖမ်းဆုပ်လိုက်သည်နှင့် တစ်ကမ္ဘာလုံး၌ မီးလျှံအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လော့ချန်ကို ဗဟိုပြု၍ ကြီးမားသော မီးလျှံလုံးကြီးတစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာလည်း ပြင်းထန်စွာ တုန်ခါနေသဖြင့် အချိန်မရွေး ပေါက်ကွဲသွားတော့မည့်နှယ် ရှိနေသည်။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက လော့ချန်သည် ဟွာကျင်းယန်၏ ဤအစွမ်းကို ကြုံဖူးခဲ့သည်။ ထိုစဉ်က သူသည် အားနည်းချက်ကို ရှာဖွေပြီး ပေါက်ကွဲမှု နယ်ပယ်အတွင်းမှ ရှောင်ထွက်ခဲ့ရသည်။ သို့သော် ယနေ့တွင်မူ သူ ရှောင်တိမ်းနေရန် မလိုအပ်တော့ချေ။

“ကွဲစမ်း...”

လော့ချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး လက်ထဲရှိ အကန့်သတ်မဲ့သွေးဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရာ တိမ်ယံတည်နေရာ ဓားသိုင်းကွက် ထွက်ပေါ်လာသည်။

"ရှူး..."

ထက်မြက်လှသော ဓားစွမ်းအင်များ ပျံ့လွင့်သွားပြီး မီးလျှံလုံးကြီးမှာ မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်း ကြေမွှသွားကာ လေလျှော့လိုက်သော ဘောလုံးတစ်လုံးပမာ အရှိန်အဝါများ ပျက်စီးသွားပြီး ဗွမ်းခနဲအသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

“မင်းလည်း ငါ့ရဲ့ ဓားတစ်ချက်ကို ခံယူစမ်း...”

ဟွာကျင်းယန်၏ အစွမ်းကို ဓားတစ်ချက်တည်းနှင့် ဖြိုခွဲပြီးနောက် လော့ချန်၏ လက်ထဲရှိ အကန့်သတ်မဲ့သွေးဓားမှ တုန်ခါသံများ ထွက်ပေါ်လာပြီး သုံးပုံတစ်ပုံ ဓားဆန္ဒမှာ ဓားကိုယ်ထည်အတိုင်း ပျံ့နှံ့သွားကာ ဟင်းလင်းပြင်ကို ထင်ရှားသော အက်ကြောင်းတစ်ခုအဖြစ် ခွဲပစ်လိုက်၏။

လူနှင့်ဓား တစ်သားတည်း။ ဓားဆန္ဒမှာ ဓားကဲ့သို့ပင်။

"ဂျိမ်း..."

မိုးကြိုးသံတစ်ချက်နှင့်အတူ လူတိုင်း၏ မျက်စိရှေ့၌ တောက်ပသော လျှပ်စီးတန်းတစ်ခုသည် ဟွာကျင်းယန်ထံသို့ ချက်ချင်းပင် ပျံသန်းသွားတော့သည်။ အလွန်လျင်မြန်သော အရှိန်ကြောင့် နောက်ကွယ်၌ နက်မှောင်သော လေဟာနယ် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့၏။

“ဓားဆန္ဒ... အနည်းဆုံးတော့ သုံးပုံတစ်ပုံ ဓားဆန္ဒ အဆင့်အထိ ရောက်နေပြီ...”

ယခုတင်က တည်ငြိမ်နေသော အကြီးအကဲကျီးတုန်းယွဲ့သည် အသက်ကို ပြင်းပြင်းရှူလိုက်ရကာ စိတ်ထဲမှ ဒေါသထွက်သွားရတော့သည်။ လော့ချန်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာကြောင်းသာ သူ ကြားဖူးထားသဖြင့် ဟွာကျင်းယန်ကို နီးနီးကပ်ကပ် တိုက်ခိုက်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန် သူ အထူးမှာကြားထားခဲ့သည်။ လော့ချန်က ဓားဆန္ဒကို နားလည်ထားသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။ အသုံးမကျသော သိုင်းဝိညာဉ် နိုးကြားထားသည့် အသုံးမကျသူတစ်ဦးက ဤမျှငယ်ရွယ်သည့် အသက်အရွယ်နှင့် ဓားဆန္ဒကို မည်သို့ နားလည်နိုင်မည်နည်း။

“ဒီလိုကိုး...”

မဟာအကြီးအကဲချင်ကွေ့တို့၏ လုံးဝ အံ့အားမသင့်သော အမူအရာကို မြင်လိုက်ရသည့်အခါ အကြီးအကဲကျီးတုန်းယွဲ့၏ စိတ်ထဲတွင် သောင်းကျန်းချင်သည့် ဆန္ဒများ ဖြစ်ပေါ်လာပြီး လော့ချန်ကို စိုက်ကြည့်နေမိသည်။ ဟွာကျင်းယန်အနေဖြင့် အခြေအနေကို ပြန်လည် ထိန်းချုပ်ပြီး လော့ချန်ကို အနိုင်ယူနိုင်ရန်သာ သူ မျှော်လင့်နေတော့သည်။ မဟုတ်လျှင် ယနေ့ သူသည် သိက္ခာကျရုံတင်မကဘဲ ခရမ်းရောင်အမြုတေဆေးလုံး နှစ်လုံးကိုပါ ဆုံးရှုံးရပေတော့မည်။

“ဘာ...”

ဟွာကျင်းယန်လည်း အလားတူပင် ထိတ်လန့်သွားရသည်။ လွင့်စင်လာသော ဓားစွမ်းအင်တွင် ပါဝင်သည့် ထက်မြက်မှုမှာ သူ၏ တစ်ကိုယ်လုံးကို ထုံကျင်သွားစေပြီး မွေးညင်းများပင် ထောင်ထသွားရ၏။ သူ၏ စိတ်ထဲတွင် မသိစိတ်ဖြင့် ထွက်ပြေးချင်သည့် ဆန္ဒများ ဖြစ်ပေါ်လာသော်လည်း သူ၏ မာန်မာနကမူ သူ့ကို နောက်ဆုတ်ရန် ခွင့်မပြုချေ။

အသုံးမကျသော သိုင်းဝိညာဉ်ရှိသည့် အသုံးမကျသူတစ်ဦးက သူ့ကို နောက်ဆုတ်အောင် လုပ်နိုင်သည့် အရည်အချင်း ရှိသည်လား။ ဟွာကျင်းယန်၏ မျက်လုံးများမှာ တည်ငြိမ်သွားပြီး တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ မီးလျှံလေပွေကြီးတစ်ခုအတွင်း၌ ရပ်နေသည့်နှယ် ရှိနေပြီး နောက်ထပ် အစစ်အမှန် စွမ်းအားတစ်ခုကို ထုတ်သုံးလိုက်ပြန်သည်။

“နယ်ပယ်လေးပါး မီးလျှံ - ထာဝရလက်သီး...”

"ဘုန်း..."

ကျယ်ပြောလှသော မီးလျှံလက်သီးရှိန်မှာ ကောင်းကင်မှ ကျဆင်းလာသော မီးလျှံဥက္ကာခဲကြီးတစ်ခုပမာ မိုးကြိုးဓားအလင်းနှင့် ပြင်းထန်စွာ တိုးမိသွားတော့သည်။

"ဖြောက်..."

လေထုမှာ သိသာထင်ရှားသော လှိုင်းလုံးများအဖြစ် ပေါက်ကွဲသွား၏။ လူတိုင်း၏ ထိတ်လန့်ဖွယ် အကြည့်အောက်တွင် ခဏအတွင်းမှာပင် တောင်ကုန်းငယ်လေး၏ အစိတ်အပိုင်းအချို့မှာ ပျောက်ကွယ်သွားပြီး မြက်ပင်များရော ကျောက်တုံးများပါ အရာအားလုံးမှာ မြူမှုန်ဖြစ်သွားရတော့သည်။

"ဗြီး..."

အဝတ်အစားများ ဆုတ်ဖြဲခံလိုက်ရသည့်နှယ် အသံတစ်ခု ထွက်ပေါ်လာ၏။ သုံးပုံတစ်ပုံ ဓားဆန္ဒ ပါဝင်နေသော ထက်မြက်လှသည့် ဓားစွမ်းအင်ရှေ့တွင် ဟွာကျင်းယန်၏ ပြင်းထန်လှသော လက်သီးရှိန်မှာ ခဏမျှသာ ခံနိုင်ပြီး ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရသည်။ ကြွင်းကျန်နေသော ဓားစွမ်းအင်မှာ ဟင်းလင်းပြင်ကို ခွဲပစ်လိုက်ပြီး ဟွာကျင်းယန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသဖြင့် သူ့ကို တိုက်ရိုက်ပင် လွင့်စင်သွားစေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှမ်ယွမ်ဂိုဏ်းမှ တပည့်များမှာ သွေးများ ဆူပွက်လာကြတော့သည်။ အထူးသဖြင့် ပါရမီ သာမန်သာရှိသော အပြင်စည်းတပည့်များနှင့် အလုပ်သမားတပည့်များပင် ဖြစ်သည်။ ရွှမ်ယွမ်ဂိုဏ်းမှာ ယခုနှစ်ပိုင်းအတွင်း အားနည်းနေသဖြင့် သူတို့သည် အပြင်လောက၌ လျှပ်ယွမ်ဂိုဏ်းတပည့်များနှင့် တွေ့ဆုံသည့်အခါတိုင်း နှိမ့်ချစွာ နေခဲ့ကြရသည်။ ယခုအခါ လော့ချန်က လျှပ်ယွမ်ဂိုဏ်း၏ ပါရမီရှင်ကြီးကို အပြတ်အသတ် ဖိနှိပ်ထားသည်ကို ကိုယ်တိုင် မြင်လိုက်ရသည့်အခါ တစ်ဦးချင်းစီ၏ မျက်လုံးများမှာ တောက်ပလာကြတော့သည်။

"ဝေါ့..."

ဟွာကျင်းယန်သည် သူ၏ကိုယ်ကို ထိန်းလိုက်သော်လည်း သွေးတစ်လုတ် ထွေးထုတ်လိုက်ရ၏။ သူသည် လော့ချန်ကို ကြည့်ကာ မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“သုံးပုံတစ်ပုံ ဓားဆန္ဒ။ မင်း ဘယ်လိုလုပ်ပြီး သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်နိုင်ရတာလဲ...”

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက လော့ချန်၏ ဓားလမ်းစဉ် နယ်ပယ်မှာ လူနှင့်ဓား တစ်သားတည်း ဖြစ်မှု အဆင့်မြင့် အဆင့်မှာပဲ ရှိနေသေးသည်ကို သူ သေချာ မှတ်မိနေသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် သုံးပုံတစ်ပုံ ဓားဆန္ဒသို့ တက်လှမ်းသွားသည်လား။ အမှန်တရားမှာ မျက်စိရှေ့၌ ရှိနေသော်လည်း ဟွာကျင်းယန်မှာ မယုံကြည်နိုင် ဖြစ်နေဆဲပင်။

အကြီးအကဲပိကျိုးရွှေကမူ ခါးသီးစွာ ပြုံးနေမိသည်။ ယခုအချိန်တွင် ဟွာကျင်းယန် ခံစားနေရသည်များကို သူမ အပြည့်အဝ နားလည်ပေးနိုင်ပေသည်။

"ဝွမ်..."

လော့ချန်သည် အကန့်သတ်မဲ့သွေးဓားကို တစ်ချက် ခါယမ်းလိုက်ပြီး ဟွာကျင်းယန်ကို တည်ငြိမ်စွာ ကြည့်ကာ အမိန့်ပေးလိုက်၏။

“အရှုံးပေးလိုက်တော့။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းကတောင် မင်း ငါ့ကို မယှဉ်နိုင်ခဲ့ဘူး... အခုဆိုရင် ပိုပြီးတော့တောင် မယှဉ်နိုင်တော့ဘူး...”

ဟွာကျင်းယန်၏ မျက်နှာမှာ တွန့်လိမ်သွားပြီး ရက်စက်စွာ ရယ်မောလိုက်၏။

“ဟားဟားဟား... အရှုံးပေးရမယ် ဟုတ်လား။ မင်း သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်ထားရင်ရော ဘာဖြစ်လဲ။ ဒီဓားတစ်ချက်နဲ့ မင်း ငါ့ကို အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ရှုံးမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်...”

ဤတိုက်ပွဲ၏ အနိုင်အရှုံးမှာ သူ့အတွက် မည်မျှ အရေးကြီးကြောင်း ဟွာကျင်းယန် အလွန်ပင် သိရှိထားသည်။ လော့ချန်ဆိုသည့် ဤအတားအဆီးကို ကျော်ဖြတ်နိုင်မှသာ သူ၏ အနာဂတ်မှာ ပွင့်လင်းလာမည် ဖြစ်သည်။ သူ ရှုံး၍ မဖြစ်ပေ။ ရှုံးမှာလည်း မဟုတ်ပေ။ အရှုံးပေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

“ရွှေဖား - မီးလောင်ကိုယ်ဟန်”

ဟွာကျင်းယန်၏ အော်ဟစ်သံနှင့်အတူ သူ၏ အစစ်အမှန်ဆုံး လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ထုတ်သုံးလိုက်ပြီ ဖြစ်သည်။ မီးလျှံရွှေဖား၏ မျက်လုံးများတွင် အလင်းတန်းများ တောက်ပလာပြီး ပါးစပ်အတွင်းမှ ပြင်းထန်လှသော နီရဲသည့် မီးလျှံများ မှုတ်ထုတ်လိုက်ရာ ဟွာကျင်းယန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များကို တိုက်ရိုက် လောင်ကျွမ်းစေတော့သည်။

"ဘုန်း..."

မီးလျှံများ ပျံ့လွင့်သွားပြီး ဟွာကျင်းယန်၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်လှသော မီးလျှံများမှာ ကောင်းကင်သို့ ထိုးတက်သွား၏။ တစ်ကိုယ်လုံးမှာ မီးလျှံစစ်နတ်ဘုရားတစ်ပါးနှယ် ရှိနေပြီး သူ၏ ကိုယ်ရိပ်မှာ ကောင်းကင်သို့ ပျံတက်သွားကာ လော့ချန်ထံသို့ တိုက်ရိုက် ဦးတည်လျက် လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ငါ့ရှေ့မှာ ရှုံးနိမ့်သွားစမ်း။ နယ်ပယ်လေးပါး မီးလျှံ - ထာဝရလက်သီး...”

"ဘုန်း..."

အထပ်ထပ်သော မီးလျှံလက်ဝါးရှိန်များသည် လော့ချန်ထံသို့ ဦးတည်သွားပြီး ဟင်းလင်းပြင်ကို ချေမှုန်းဖျက်ဆီးပစ်တော့မည့်နှယ် ရှိနေသည်။

“မင်းကိုယ်တိုင် အသာတကြည် အရှုံးမပေးဘူးဆိုမှတော့ မင်းကို လဲကျသွားအောင်ပဲ လုပ်ပေးရတော့မှာပေါ့...”

လော့ချန် ခေါင်းညိတ်လိုက်၏။ အကြီးအကဲကျီးတုန်းယွဲ့ ဆိုသည့် သူတော်စင်အဆင့် သန်မာသူတစ်ဦး ဤနေရာတွင် ရှိနေသဖြင့် သူ သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ယခုတင်က သူသည် စွမ်းအား၏ သုံးပုံတစ်ပုံခန့်ကို ချန်ထားခဲ့ပြီး တစ်ဖက်လူအနေဖြင့် အခြေအနေကို သိရှိပြီး နောက်ဆုတ်သွားရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက ဇွတ်အတင်း ဆက်လုပ်နေမှတော့ သူလည်း အားနာနေမည် မဟုတ်တော့ချေ။

“နတ်ဆိုးမုန်တိုင်း...”

လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေပြီး ဓားဆန္ဒကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ ဝေဝါးသော ဓားပုံရိပ်တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ လေထုမှာ ထူးဆန်းစွာ ငြိမ်သက်သွားပြီးနောက် ထက်မြက်လှသော ဓားစွမ်းအင်များ စုစည်းသွားကာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားလျက် ဓားစွမ်းအင် လေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြယ်လောင်စွာ မြည်ဟိန်းလျက် ထွက်ပေါ်သွားတော့သည်။

"ဘုန်း..."

ဓားဆန္ဒ ပါဝင်နေသော နတ်ဆိုးမုန်တိုင်း ဓားသိုင်းကွက်သည် အရင်ကနှင့် မတူသော ထက်မြက်မှုကို ပြသလိုက်ရာ ဟွာကျင်းယန်၏ လက်သီးရှိန်မှာ တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားသော်လည်း ထိုလေပွေကြီးမှာမူ ခိုင်မာစွာ ရှိနေဆဲပင်။

“ဒါ ဘယ်လို ဓားကွက်လဲ။ ဘာဖြစ်လို့ ဖျက်ဆီးရ ဒီလောက် ခက်နေတာလဲ...”

ဟွာကျင်းယန်သည် သူ၏ ချီစွမ်းအင်နှင့် မြေအောက်မီးလျှံများမှာ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားရပြီး စိတ်ထဲမှ အော်ဟစ်နေမိတော့သည်။

လေပြင်းများ တိုက်ခတ်လာပြီး နတ်ဆိုးမုန်တိုင်းဆိုသည့် ဤအစွမ်းသည် ကောင်းကင်ယံ ဓားသိုင်း၏ ရှေ့ပြေးသိုင်းကွက် နှစ်ကွက်ကို အပြည့်အဝ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အရှိန်အဝါမှာ မူလကတည်းက ကြာရှည်ခံခြင်းနှင့် ပြောင်းလဲမှု များပြားခြင်းတို့ကို အခြေခံထားရာ ယခုအခါ ဓားဆန္ဒ၏ အကူအညီပါ ရရှိထားသဖြင့် သာ၍ပင် ခိုင်မာလာပြီး ဖျက်ဆီးရန် ခက်ခဲသွားခြင်း ဖြစ်သည်။

"ဘုန်း..."

ဓားစွမ်းအင် လေဝဲကြီး၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ မီးတောင်ပေါက်ကွဲသည့်နှယ် ပြင်းထန်လှသော လက်သီးရှိန်မှာ နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိသွားပြီး တိုက်ရိုက်ပင် ထိုးဖောက်ခံလိုက်ရတော့သည်။ ကြွင်းကျန်နေသော ဓားစွမ်းအင်မှာ ဟွာကျင်းယန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။

ထို စွမ်းအားအရှိန်ကြောင့် ဟွာကျင်းယန်၏ ခန္ဓာကိုယ်သည် ပိုးအိတ်ဟောင်းတစ်လုံးသဖွယ် နောက်သို့ ပြင်းထန်စွာ လွင့်စင်သွားပြီး ပါးစပ်မှ အတန်ကြာသည့်တိုင် အဆက်မပြတ် သွေးများ အန်ထွက်နေတော့၏။

ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ ဟွာကျင်းယန်သည် တောင်ထိပ်တစ်ခုကို တိုက်ရိုက် တိုးမိသွားသဖြင့် တောင်ထိပ်မှာ ပြိုကျသွားရပြီး ပျက်စီးနေသော ကျောက်နံရံပေါ်တွင် လူပုံသဏ္ဌာန် အက်ကြောင်းတစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရတော့သည်။

အခန်း ၄၃၉ ပြီးပါပြီ။

အခန်း ၄၄၀ - ရူးသွပ်မှု၊ သွေးဝိညာဉ်ဂိုဏ်း ပေါ်ထွက်လာခြင်း

"ဘုန်း..."

တောင်ကမ်းပါးယံမှာ ပေါက်ကွဲပျက်စီးသွားပြီး ဟွာကျင်းယန်သည် ထိုအထဲမှ ပြေးထွက်လာ၏။ ယခုအခါ သူ၏ ဝတ်စုံမှာ ဆုတ်ပြဲနေပြီး တစ်ကိုယ်လုံးတွင် သွေးများဖြင့် ရွှဲနစ်နေကာ နှာခေါင်းနှင့် ပါးစပ်တို့မှလည်း သွေးများ စီးကျနေသဖြင့် အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။

သူသည် လော့ချန်ကို မော့ကြည့်လိုက်ရာ ဟွာကျင်းယန်၏ နီရဲနေသော မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး ရူးသွပ်နေသော သားရဲတစ်ကောင်နှင့်ပင် တူနေတော့သည်။

“ငါ ရှုံးမှာ မဟုတ်ဘူး...”

သူ၏ အော်ဟစ်သံနှင့်အတူ မီးလျှံရွှေဖားသည် မြေအောက်မီးလျှံများစွာကို မှုတ်ထုတ်လိုက်ရာ ဟွာကျင်းယန်၏ တစ်ကိုယ်လုံးကို တိုက်ရိုက် ဖုံးလွှမ်းသွားပြီး သူ၏ အရှိန်အဝါမှာ အကန့်အသတ်မရှိ မြင့်တက်လာကာ သူ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်သည့် အဆင့်ကိုပင် ကျော်လွန်သွားတော့သည်။

"ဖြောက်..."

"ဖြောက်..."

နက်မှောင်သော မီးလျှံများမှာ ဟွာကျင်းယန်၏ မွေးညင်းပေါက်များမှ ထွက်ပေါ်လာပြီး အရေပြားပေါ်တွင်လည်း အက်ကြောင်းများစွာ ပေါ်ထွက်လာသဖြင့် သူသည် အချိန်မရွေး ပေါက်ကွဲသွားတော့မည့် မီးလျှံလူသားတစ်ယောက်နှယ် ရှိနေတော့သည်။

ဟွာကျင်းယန်ထံမှ ထွက်ပေါ်နေသော ဖျက်ဆီးလိုသည့် အငွေ့အသက်များကို ခံစားလိုက်ရသည့်အခါ လော့ချန် စိတ်ထဲမှ ထိတ်လန့်သွားရ၏။ ဟွာကျင်းယန်သည် အသက်နှင့်ရင်း၍ တိုက်ခိုက်တော့မည်ကို သူ ခံစားမိနေသည်။ ဤဖျက်ဆီးလိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာပါက သုံးပုံတစ်ပုံ ဓားဆန္ဒ တစ်ခုတည်းနှင့် တားဆီးရန် ခက်ခဲပေလိမ့်မည်။

“ဒီလောက်တောင် ရူးသွပ်နေတာလား...”

လော့ချန်သည် သူ၏ သိုင်းဝိညာဉ်ကို ထုတ်သုံးရန် ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော စကားသံ ထွက်ပေါ်လာသည်။

“ကျင်းယန်... တော်တော့...”

ပြတ်သားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲကျီးတုန်းယွဲ့သည် ဟွာကျင်းယန်၏ ရှေ့တွင် ပေါ်ထွက်လာကာ ဟွာကျင်းယန်၏ နဖူးကို လက်ညှိုးဖြင့် တစ်ချက် ထိလိုက်၏။

"ဝွမ်..."

ရူးသွပ်ဖွယ် နက်မှောင်သည့် မီးလျှံများမှာ အသံမထွက်ဘဲ ပျောက်ကွယ်သွားပြီး ဟွာကျင်းယန်၏ ကိုယ်ပေါ်ရှိ ဖျက်ဆီးလိုသော အငွေ့အသက်များမှာလည်း လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

"ဝေါ့..."

သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီးနောက် ဟွာကျင်းယန်သည် လဲကျသွားကာ သတိလစ် မေ့မြောသွားတော့သည်။ ဟွာကျင်းယန်ကို ဖေးမလိုက်ရင်း အကြီးအကဲကျီးတုန်းယွဲ့၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း အလွန်ပင် ညိုမည်းနေ၏။

သူသည် ဟွာကျင်းယန်ကို မြေပြင်ပေါ်၌ အသာအယာ လှဲသိပ်ထားပြီးနောက် လော့ချန်ကို လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ အေးစက်လှပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသဖြင့် ပတ်ဝန်းကျင် လေထုမှာပင် တုန်ခါနေတော့သည်။

ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်နှင့် သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်ထားသည်တဲ့လား။ ယခုတင်က ဓားစွမ်းအင်၏ ပြင်းထန်မှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူများပင် တားဆီးရန် ခက်ခဲပေလိမ့်မည်။ ဤအချက်က အကြီးအကဲကျီးတုန်းယွဲ့ကို ထိတ်လန့်သွားစေပြီး လော့ချန်ကို သူကိုယ်တိုင် သတ်ဖြတ်ကာ လျှပ်ယွမ်ဂိုဏ်းအတွက် အနာဂတ် အန္တရာယ်ကို ဖယ်ရှားပစ်သင့်သလားဟု စဉ်းစားနေမိသည်။

"ဝွမ်..."

ထိုစဉ် ဟင်းလင်းပြင် တုန်ခါသွားပြီးနောက် မဟာအကြီးအကဲချင်ကွေ့သည် လော့ချန်၏ ရှေ့တွင် ပေါ်ထွက်လာကာ ကျီးတုန်းယွဲ့ကို တည်ငြိမ်စွာ ပြောလိုက်၏။

“နာမည်ကျော် သူတော်စင်တုန်းယွဲ့အနေနဲ့ တပည့်တွေရဲ့ အားပြိုင်မှုမှာတော့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်”

"ဟင်း..."

အကြီးအကဲကျီးတုန်းယွဲ့သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် အေးစက်စွာ နှာမှုတ်လိုက်ပြီး လော့ချန်ပေါ်မှ အကြည့်ကို ရုပ်သိမ်းလိုက်သည်။

ဤနေရာမှာ ရွှမ်ယွမ်ဂိုဏ်း၏ နယ်မြေဖြစ်သဖြင့် သူ ပြဿနာ မရှာချင်ပေ။ အရေးကြီးဆုံးအချက်မှာ လော့ချန်သည် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင် သန်မာနေသော်လည်း အနာဂတ်တွင်မူ ခြိမ်းခြောက်နိုင်စွမ်းမှာ အလွန်ပင် နည်းပါးလှပေသည်။

အကယ်၍ လော့ချန်သာ ဟွာကျင်းယန်ကဲ့သို့ အဆင့်မြင့် သိုင်းဝိညာဉ်ကို နိုးကြားထားပါက ယနေ့ သူသည် အသက်နှင့်ရင်း၍ပင် လော့ချန်ကို သတ်ဖြတ်သွားမည်မှာ သေချာလှသည်။ ရွှမ်ယွမ်ဂိုဏ်းတွင် ယွမ်မန်လီ တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး ဖြစ်ရာ ဒုတိယတစ်ယောက် ထပ်မံ ထွက်ပေါ်လာခြင်းကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။

သူ၏ အကြည့်ကို မဟာအကြီးအကဲချင်ကွေ့ထံ ပို့လိုက်ရင်း အကြီးအကဲကျီးတုန်းယွဲ့က အေးစက်စွာ ဆိုလိုက်၏။

“ချင်ကွေ့... မင်းက သူ ဓားဆန္ဒ သုံးပုံတစ်ပုံ နားလည်ထားတာကို ကြိုသိနေတာကိုး...”

မဟာအကြီးအကဲချင်ကွေ့က ပြုံးလျက် ဆိုလိုက်သည်။

“ဘယ်သူမှာမဆို လျှို့ဝှက်ချက်လေးတွေ ရှိတတ်ကြတာပဲလေ။ ဟွာကျင်းယန်ရဲ့ ယခုတင်က သိုင်းဝိညာဉ် လျှို့ဝှက်စွမ်းအားကလည်း မသေးလှပါဘူး။ သူ့ရဲ့ စွမ်းအားကို သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်အထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်တာကို မြင်ရတာ တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းပါတယ်...”

ဤ ချီးမွမ်းသလိုနှင့် လှောင်ပြောင်နေသော စကားများကို ကြားရသည့်အခါ အကြီးအကဲကျီးတုန်းယွဲ့သည် ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တုန်ခါသွားပြီး အေးစက်စွာ ဆိုလိုက်၏။

“ခဏတာ သန်မာနေတာက ဘာမှ မဟုတ်ပါဘူး... ဒီစာရင်းကို ခေတ္တ မှတ်ထားလိုက်ပါဦး... နောင်တစ်ချိန်မှာ အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းရမယ်...”

စကားပြောနေစဉ်မှာပင် အကြီးအကဲကျီးတုန်းယွဲ့သည် လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ခရမ်းရောင် သေတ္တာတစ်ခုကို မဟာအကြီးအကဲချင်ကွေ့ထံသို့ ပစ်ပေးလိုက်၏။ မဟာအကြီးအကဲချင်ကွေ့က ဖမ်းယူလိုက်ရာ ၎င်းမှာ ရွှေဖျော့ရောင် တောက်ပနေသော ခရမ်းရောင် ကျောက်စိမ်းသေတ္တာလေး ဖြစ်ပေသည်။

သေတ္တာကို အနည်းငယ် ဖွင့်ကြည့်လိုက်သည့်အခါ ပြင်းထန်လှသော ခရမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ မဟာအကြီးအကဲချင်ကွေ့၏ မျက်လုံးများမှာ တောက်ပသွားပြီး သေတ္တာကို ပြန်ပိတ်လိုက်ကာ အကြီးအကဲကျီးတုန်းယွဲ့ကို ကြည့်၍ ပြုံးလျက် ဆိုလိုက်၏။

“ဒီ ခရမ်းရောင်အမြုတေဆေးလုံး နှစ်လုံးကိုတော့ ကျုပ်ပဲ အသာတကြည် သိမ်းလိုက်ပါ့မယ်...”

အကြီးအကဲကျီးတုန်းယွဲ့၏ မျက်နှာမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဤဆေးလုံးနှစ်လုံးမှာ သူ နယ်ပယ်ကို ကျော်ဖြတ်ရန်အတွက် အားထုတ်မှုများစွာဖြင့် စုဆောင်းထားခြင်း ဖြစ်ရာ ယခုကဲ့သို့ ဆုံးရှုံးလိုက်ရသဖြင့် သူ အလွန်ပင် နှမြောတသ ဖြစ်နေမိသည်။ သို့သော်လည်း လူအများရှေ့တွင် သူ ကတိမဖျက်လိုပေ။

“နှုတ်ဆက်ပါတယ်...”

အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် အကြီးအကဲကျီးတုန်းယွဲ့သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင် အကာအကွယ်တစ်ခုက သွေးများဖြင့် ရွှဲနစ်နေသော ဟွာကျင်းယန်ကို ဖေးမလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။

“အကြီးအကဲတုန်းယွဲ့... ခဏလောက် စောင့်ပါဦး...”

မဟာအကြီးအကဲချင်ကွေ့က သူ့ကို တားဆီးလိုက်၏။

“ခရမ်းရောင်အမြုတေဆေးလုံးကိုလည်း ပေးပြီးပြီပဲ... နောက်ထပ် ဘာရှိသေးလို့လဲ...”

အကြီးအကဲကျီးတုန်းယွဲ့၏ လေသံမှာ အလွန်ပင် ဆိုးရွားနေသည်။ ဤမျှ သိက္ခာကျနေရသဖြင့် သူ ဤနေရာတွင် တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ချေ။

“သေချာပေါက် ကိစ္စရှိလို့ပါ...”

မဟာအကြီးအကဲချင်ကွေ့က ဆိုလိုက်ပြီး လော့ရှာဂိုဏ်း အပြင်စည်း မဟာအကြီးအကဲ အကြီးအကဲပိကျိုးရွှေကို လှည့်ကြည့်ကာ ဆိုလိုက်သည်။ “အကြီးအကဲပိ... ရှင်လည်း ဒီကို လာခဲ့ပါဦး...”

အကြီးအကဲပိကျိုးရွှေ အနည်းငယ် အံ့အားသင့်သွားသော်လည်း အနားသို့ ပျံသန်းရောက်ရှိလာ၏။

"ဝွမ်..."

မဟာအကြီးအကဲချင်ကွေ့က လက်ကို ဝှေ့ယမ်းလိုက်ရာ ရေအလင်းကန့်လန့်ကာတစ်ခုက လူသုံးဦးကို ဖုံးလွှမ်းသွားပြီး ပြင်ပကမ္ဘာနှင့် အပြည့်အဝ အဆက်အသွယ် ဖြတ်တောက်လိုက်တော့သည်။

“ချင်ကွေ့... ဘာဖြစ်လို့ ဒီလောက်အထိ အရေးတကြီး ဖြစ်နေရတာလဲ...”

သူတော်စင်အဆင့် သန်မာသူ နှစ်ဦး၏ ရှေ့မှောက်တွင် အကြီးအကဲပိကျိုးရွှေ၏ အသက်ရှူသံမှာ အနည်းငယ် လေးလံလာပြီး သူမ၏ အနေအထားကိုလည်း နှိမ့်ချထားလိုက်ရသည်။

မဟာအကြီးအကဲချင်ကွေ့က အသက်ကို ညင်သာစွာ ရှူထုတ်လိုက်ပြီးနောက် ဆိုလိုက်၏။

“ဒီကိစ္စကို ဒီရက်ပိုင်းအတွင်း ရှင်တို့ကို အကြောင်းကြားဖို့ ပြင်ထားတာပါ။ ဒီနေ့ ဂိုဏ်းကြီး သုံးခုလုံးက လူတွေ ရှိနေတာနဲ့ ကြုံတုန်း ကြိုပြီး ပြောလိုက်ပါ့မယ်... ငါတို့ ရွှမ်ယွမ်ဂိုဏ်းက အကြီးအကဲတစ်ယောက်ဟာ နတ်ဆိုးတောအုပ်အတွင်းမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ခြေရာလက်ရာတွေကို တွေ့ရှိခဲ့ရတယ်...”

“ဘာ... သွေးဝိညာဉ်ဂိုဏ်းက နတ်ဆိုးတောအုပ်ထဲမှာ ပေါ်လာတယ် ဟုတ်လား...”

အကြီးအကဲပိကျိုးရွှေ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

နတ်ဆိုးတောအုပ်သည် တာယွဲ့မင်းဆက်၏ အလယ်ဗဟိုအရပ်တွင် ရှိသည် မဟုတ်ပါလော။ အကယ်၍ သွေးဝိညာဉ်ဂိုဏ်းသာ ထိုနေရာ၌ ပေါ်ထွက်လာသည်ဆိုပါက တာယွဲ့မင်းဆက်အတွင်းသို့ သွေးဝိညာဉ်ဂိုဏ်းမှ လူများ စိမ့်ဝင်နေပြီဟု အဓိပ္ပာယ်ရပေသည်။ ဤသည်မှာ ဂိုဏ်းကြီး သုံးခုလုံးအတွက်တင် မကဘဲ တာယွဲ့မင်းဆက် တစ်ခုလုံးအတွက်ပါ ကြောက်မက်ဖွယ်ကောင်းသော သတင်းပင် ဖြစ်သည်။

အကြီးအကဲကျီးတုန်းယွဲ့၏ မျက်လုံးများမှာ ဝေ့ဝဲသွားပြီး မေးမြန်းလိုက်သည်။

“ဘာအထောက်အထား ရှိလို့လဲ...”

“ရှင်တို့ သိထားတဲ့အတိုင်း လော့ချန်ဟာ သွေးလင်းယုန်ရဲ့ ချောင်းမြောင်းသတ်ဖြတ်မှုကို ခံရပြီး နတ်ဆိုးတောအုပ်ထဲကို ထွက်ပြေးသွားတုန်းက ငါတို့ ရွှမ်ယွမ်ဂိုဏ်းက သန်မာသူများစွာကို စေလွှတ်ပြီး ရှာဖွေခိုင်းခဲ့တယ်...”

ဤနေရာသို့ ရောက်သောအခါ မဟာအကြီးအကဲချင်ကွေ့သည် အကြီးအကဲကျီးတုန်းယွဲ့ကို တစ်ချက် တည်ငြိမ်စွာ ကြည့်လိုက်၏။ အကြီးအကဲကျီးတုန်းယွဲ့မှာမူ ဘာမှမဖြစ်သလို အမူအရာဖြင့် နောက်ကွယ်မှ စကားများကို ဆက်လက် နားထောင်နေသည်။

မဟာအကြီးအကဲချင်ကွေ့က ဆက်ပြောလိုက်သည်။

“ဒီကာလအတွင်းမှာ ငါတို့ရဲ့ အကြီးအကဲတွေနဲ့ တပည့်အချို့ဟာ အကြောင်းမဲ့ သေဆုံးခဲ့ကြရသလို မိစ္ဆာသားရဲ အလောင်းများစွာကိုလည်း တွေ့ရှိခဲ့ရတယ်... ဒီလူတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ သေဆုံးပုံက အရမ်းကို ထူးဆန်းလှတယ်။ သေဆုံးတာ မကြာသေးပေမဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးအနှစ်သာရတွေကတော့ အကုန်အစင် ပျောက်ကွယ်နေကြတယ်... ရှင်တို့ သိထားတဲ့အတိုင်း သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်စဉ်တွေဟာ အရမ်းကို ယုတ်မာညစ်ပတ်လှပြီး အများစုဟာ သွေးအနှစ်သာရတွေကို သန့်စင်ခြင်းနဲ့ ဆိုင်တယ်။ သက်ရှိတွေရဲ့ သွေးအနှစ်သာရတွေကို သွေးဆေးလုံးတွေအဖြစ် သန့်စင်ပြီး ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်သလို သွေးနတ်ဆိုးတွေကိုပါ မွေးမြူနိုင်ကြတယ်။ ဒါကြောင့် ဒါဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ချက်လို့ ငါတို့ ခန့်မှန်းထားတာပဲ...”

အကြီးအကဲပိကျိုးရွှေသည် တစ်ကိုယ်လုံး အေးစက်သွားပြီး တီးတိုးရေရွတ်နေမိသည်။

“သွေးဝိညာဉ်ဂိုဏ်းက တကယ်ပဲ ပြန်လည် နိုးထလာတာလား”

အကြီးအကဲကျီးတုန်းယွဲ့က အေးစက်စွာ နှာမှုတ်လိုက်၏။

“ဒီလောက်နဲ့တော့ အတည်ပြုဖို့ မလုံလောက်သေးဘူး ထင်တယ်”

မဟာအကြီးအကဲချင်ကွေ့က ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့... ဒါပေမဲ့ ဒီကိစ္စက အရမ်းကို အရေးကြီးလှတာကြောင့် ရှင်တို့ကို အကြောင်းကြားရတာပဲ။ နတ်ဆိုးတောအုပ်ဟာ နက်မှောင်တဲ့တောင်တန်း တစ်ခုလုံးအထိ ပျံ့နှံ့နေပြီး အတိုင်းအတာက အရမ်းကို ကျယ်ပြောလှတယ်။ ဒါကြောင့် ဂိုဏ်းကြီး သုံးခုလုံးရဲ့ အင်အားကို ပေါင်းစပ်ပြီး အမှန်တရားကို စုံစမ်းရမယ်... ဘာမှမရှိရင်တော့ အကောင်းဆုံးပေါ့... တကယ်လို့သာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းတစ်ခုက နတ်ဆိုးတောအုပ်ထဲမှာ တကယ်ရှိနေမယ်ဆိုရင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ အကုန်အစင် ချေမှုန်းပစ်ရမယ်။ မဟုတ်ရင် သူတို့ အင်အားကြီးထွားလာတဲ့အခါ ငါတို့ ဂိုဏ်းကြီး သုံးခုလုံးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်...”

“ကောင်းပြီ...”

အကြီးအကဲပိကျိုးရွှေ လုံးဝ မတွေဝေတော့ချေ။

ရှေးယခင်က သွေးဝိညာဉ်ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို မည်သူမျှ မသိဘဲ မနေနိုင်ကြချေ။ ချူဧကရီက သွေးဝိညာဉ်ဂိုဏ်းကို ချေမှုန်းစဉ်က သူတို့ ဂိုဏ်းကြီး သုံးခုကဲ့သို့ အင်အားမျိုး စုစုပေါင်း မည်မျှလောက် ပျက်စီးသွားခဲ့သည်ကို မည်သူမျှ မသိနိုင်ကြတော့ချေ။

အခန်း ၄၄၀ ပြီးပါပြီ။

အခန်း ၄၄၁ - စွမ်းဆောင်နိုင်သူက ရရှိမည်၊ တစ်နှစ်အတွင်း

အကြီးအကဲပိကျိုးရွှေ၏ ပြတ်သားမှုနှင့် နှိုင်းယှဉ်လျှင် အကြီးအကဲကျီးတုန်းယွဲ့သည် ချက်ချင်း အဖြေမပေးသေးပေ။ သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ဆိုလိုက်၏။

“မကြာသေးခင်က ငါတို့ လျှပ်ယွမ်ဂိုဏ်း တပည့်တွေ တာဝန်ထမ်းဆောင်နေတုန်း နက်မှောင်တဲ့တောင်တန်းထဲက ရွာငယ်လေးတစ်ရွာ အသတ်ခံထားရတာကို တွေ့ခဲ့တယ်။ တစ်ရွာလုံးကလူတွေ အကုန်လုံး သေဆုံးနေပြီး သေဆုံးသူတွေရဲ့ သွေးအနှစ်သာရတွေကလည်း အကုန်လုံး ပျောက်ကွယ်နေတယ်...”

အကြီးအကဲပိကျိုးရွှေ ထိတ်လန့်သွားရ၏။

“ဒီစကားက တကယ်ပဲလား...”

အကြီးအကဲကျီးတုန်းယွဲ့က ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

“ဒီလိုကိစ္စမျိုးကို ငါက ဘာဖြစ်လို့ နောက်ပြောင်နေရမှာလဲ...”

မဟာအကြီးအကဲချင်ကွေ့၏ အကြည့်က တစ်ချက် ဝေ့ဝဲသွား၏။

“သွေးဝိညာဉ်ဂိုဏ်းကိစ္စက အရမ်းအရေးကြီးတယ်။ ဒီကိစ္စကို ဘာဖြစ်လို့ အရင်ကတည်းက ငါတို့ကို အကြောင်းမကြားခဲ့တာလဲ...”

အကြီးအကဲကျီးတုန်းယွဲ့သည် မဟာအကြီးအကဲချင်ကွေ့၏ ထက်မြက်သော အကြည့်ကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

“အဲ့ဒီတပည့်က ရွာငယ်လေးကို တွေ့တဲ့အချိန်မှာ တစ်ရွာလုံးကလူတွေ သေဆုံးနေတာ ကြာလှပြီ။ နက်မှောင်တဲ့တောင်တန်းထဲမှာ မိစ္ဆာသားရဲတွေနဲ့ နတ်ဆိုးတွေ သောင်းကျန်းနေတာဆိုတော့ ဒီလိုကိစ္စမျိုးက ခဏခဏ ဖြစ်လေ့ရှိတာပဲ။ အဲ့ဒါက ပျက်စီးသွားတာ ကြာလှပြီဖြစ်တဲ့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...”

“ဒီနေ့ ခင်ဗျား ပြောတာကို ကြားတော့မှ ငါက အကြောင်းအရာ နှစ်ခုကို ဆက်စပ်ကြည့်မိတာ။ ပတ်သက်ချင်လည်း ပတ်သက်မယ်... မပတ်သက်ချင်လည်း မပတ်သက်ဘူးပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့သည် ၎င်းမှာ သူတို့ လျှပ်ယွမ်ဂိုဏ်းက သတင်းကို တမင်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သေချာပေါက် ဝန်ခံမည်မဟုတ်ပေ။ ထိုအသတ်ခံရသည့် ရွာငယ်လေးသည် ရွှမ်ယွမ်ဂိုဏ်းနှင့် အနီးဆုံးနေရာတွင် ရှိနေသဖြင့် ကံဆိုးလျှင်လည်း ရွှမ်ယွမ်ဂိုဏ်းက အရင်ဦးဆုံး ကံဆိုးမည် မဟုတ်ပါလော။

အကယ်၍ သွေးဝိညာဉ်ဂိုဏ်းမှ နတ်ဆိုးတစ်ယောက်သာ ပေါ်လာပြီး ရွှမ်ယွမ်ဂိုဏ်းကို အထိနာအောင် သတ်ဖြတ်နိုင်မည်ဆိုလျှင် သာ၍ပင် ကောင်းပေသေးသည်။ ဤသို့ဆိုလျှင် သူတို့ လျှပ်ယွမ်ဂိုဏ်းမှာ တာယွဲ့မင်းဆက်၏ အင်အားအကြီးဆုံးဂိုဏ်းအဖြစ် အခိုင်အမာ ရပ်တည်နိုင်မည် ဖြစ်သည်။ ယနေ့တွင်မူ မဟာအကြီးအကဲချင်ကွေ့က ဤကိစ္စကို ထုတ်ပြောလာသဖြင့် သူ ဆက်လက် ဖုံးကွယ်ထား၍ မရတော့ချေ။

ထို့ပြင် နတ်ဆိုးတောအုပ်သည် ဂိုဏ်းကြီးသုံးခု ဆုံရာနေရာတွင် ရှိနေပြီး လျှပ်ယွမ်ဂိုဏ်းတပည့်များလည်း ထိုနေရာသို့ မကြာခဏ သွားရောက် လေ့ကျင့်လေ့ရှိကြသည်။ လျှပ်ယွမ်ဂိုဏ်းအနေဖြင့်လည်း ဘေး ထွက်နေ၍ မရတော့ပေ။

မဟာအကြီးအကဲချင်ကွေ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဤအချက်အပေါ် ဆက်လက် ငြင်းခုံမနေတော့ဘဲ ဆိုလိုက်သည်။

“ဒါဆိုရင်တော့ ဒီကိစ္စကို အမှန်တရား ပေါ်ပေါက်အောင် ပိုပြီး စုံစမ်းရမယ်...”

အကြီးအကဲပိကျိုးရွှေက မေးမြန်းလိုက်သည်။

“ဘယ်လိုလုပ်ကြမလဲ...”

မဟာအကြီးအကဲချင်ကွေ့က ဆိုလိုက်သည်။

“ဟိုတုန်းက သွေးဝိညာဉ်ဂိုဏ်းကို ချူဧကရီက အကုန်အစင် ချေမှုန်းလိုက်တုန်းက အများစုကတော့ ယွမ်လန်နယ်မြေစုရဲ့ အစွန်းဆုံးမြောက်ဘက်ကို မောင်းထုတ်ခံလိုက်ရတာ။ ငါတို့ တောင်ဘက်ပိုင်းမှာ ကြွင်းကျန်နေတဲ့ အင်အားစုတွေ ရှိနေရင်တောင် အဲ့ဒီလောက်အထိ သန်မာမှာ မဟုတ်ဘူး...”

“လောလောဆယ်မှာ သွေးဝိညာဉ်ဂိုဏ်းက သိသိသာသာ လှုပ်ရှားနေတဲ့ သတင်း မရှိသေးဘူးဆိုတော့ သူတို့ဟာ တိတ်တဆိတ် အင်အားစုဆောင်းနေကြတာပဲ ဖြစ်ရမယ်။ အပြင်ကို ပေါ်ပေါ်ထင်ထင် ထွက်လာဖို့တော့ မရဲသေးဘူး...”

“ဒါကြောင့် ငါတို့လည်း သူတို့ကို ထိတ်လန့်သွားအောင် မလုပ်ဘဲ တစ်စစနဲ့ အင်အားချည့်နဲ့အောင် လုပ်တာ အကောင်းဆုံးပဲ။ ဂိုဏ်းကြီးသုံးခုက အကြီးအကဲတွေနဲ့ တပည့်အချို့ကို အသီးသီး စေလွှတ်ပြီး အဖွဲ့ငယ်တွေ ဖွဲ့ကာ အရပ်မျက်နှာ သုံးခုကနေ နတ်ဆိုးတောအုပ်နဲ့ နက်မှောင်တဲ့တောင်တန်းထဲကို အနက်ရှိုင်းဆုံးအထိ ဝင်ပြီး တိတ်တဆိတ် စုံစမ်းဖို့ ငါ အကြံပေးချင်တယ်...”

အကြီးအကဲပိကျိုးရွှေ ခေါင်းညိတ်လိုက်သည်။

“အင်း... ငါ သဘောတူတယ်”

အကြီးအကဲကျီးတုန်းယွဲ့လည်း မကန့်ကွက်တော့ပေ။ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ရှင်းလင်းခြင်းက အကယ်၍ သွေးဝိညာဉ်ဂိုဏ်းမှ သန်မာသူများကို ဆွဲဆောင်မိပါက ဂိုဏ်းကြီးသုံးခုလုံးအတွက် ဘေးအန္တရာယ် ဖြစ်လာပေလိမ့်မည်။

မဟာအကြီးအကဲချင်ကွေ့က ဆက်ပြောလိုက်သည်။

“ငါတို့ဆီက သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း သန်မာသူတစ်ယောက် နတ်ဆိုးတောအုပ်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတာဆိုတော့ အတွင်းစည်းတပည့်တွေကို စေလွှတ်တာ အကောင်းဆုံးပဲ။ ဒါ့အပြင် ပါရမီရှိတဲ့ အပြင်စည်းတပည့်အချို့ကိုလည်း ခေါ်သွားပြီးတော့ သူတို့ကို တိုက်ပွဲတွေကြားမှာ လေ့ကျင့်ပေးလို့ရတယ်...”

“တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက တကယ်ပဲ ပြန်လည်နိုးထလာတာဆိုရင်တော့ သူတို့အနေနဲ့ အနာဂတ်ရဲ့ ရက်စက်မှုကို စောစောစီးစီး သိထားပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်လာအောင် လုပ်ရမယ်။ အဝေးကြီးကို ကြိုတွေးထားရမယ်...”

အကြီးအကဲပိကျိုးရွှေ ခေါင်းညိတ်လိုက်ရင်း ယန်ချင်းရှုံး အပါအဝင် လော့ရှာဂိုဏ်း တပည့်များကို လှမ်းကြည့်လိုက်သည်။ ဖန်လုံအိမ်ထဲတွင် ပျိုးထောင်ထားသော ပန်းလေးတွေကတော့ ဤကဲ့သို့သော မုန်တိုင်းဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။

အကြီးအကဲကျီးတုန်းယွဲ့က ရုတ်တရက် မေးလိုက်သည်။

“နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်။ ရလာမယ့် အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေကြမလဲ...”

သွေးဝိညာဉ်ဂိုဏ်းသည် ယခင်က ယွမ်လန်နယ်မြေစုမှာ အင်အားကြီးစိုးနိုင်ခဲ့သည်မှာ အနှိုင်းမဲ့သော စွမ်းအားကို အခြေခံထားခြင်း ဖြစ်သည်။ သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်စဉ်များ၊ လျှို့ဝှက်သိုင်းများ၊ ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များသည် သာမန်လူများကို ပါရမီရှင်တစ်ဦးကဲ့သို့ လျင်မြန်စွာ ကျင့်ကြံနိုင်စေသည်။

ဥပမာအားဖြင့် အခြေခံအကျဆုံး သွေးဆေးလုံးသည် သွေးချီကို သန်မာစေရုံတင်မကဘဲ ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်သော်လည်း ကြီးမားသော စွမ်းအားနှင့် စာလျှင်တော့ အရာရာမှာ ဘာမှမဟုတ်တော့ချေ။

ဂိုဏ်းကြီးများ၏ အမြင်တွင် သွေးဝိညာဉ်ဂိုဏ်းသည် ထိတ်လန့်ဖွယ်ရာ ဘေးအန္တရာယ်ကြီး ဖြစ်သလို တစ်ဖက်တွင်လည်း ကြီးမားသော အရင်းအမြစ်များ ကိန်းအောင်းနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ကျင့်ကြံခြင်းဆိုသည်မှာ အရင်းအမြစ်များကို လုယူကြခြင်း မဟုတ်ပါလော။ အရင်းအမြစ်များစွာ ရှိနေပါက ထိပ်သီးသန်မာသူများကို မွေးထုတ်မပေးနိုင်လျှင်တောင် သာမန်သန်မာသူများကိုတော့ အများအပြား မွေးထုတ်ပေးနိုင်သည်။

အကြီးအကဲပိကျိုးရွှေ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွား၏။ ဒီလိုအချိန်မျိုးမှာတောင် အကျိုးအမြတ်ကိုပဲ စဉ်းစားနေသေးသည်လား။

မဟာအကြီးအကဲချင်ကွေ့ကတော့ ဂရုမစိုက်ပေ။ ဤမေးခွန်းများကို ယခုမပြောလျှင်လည်း နောက်ပိုင်းတွင် ကြုံတွေ့ရမည် ဖြစ်ရာ ရှင်းရှင်းလင်းလင်း ပြောထားခြင်းက သာ၍ပင် ပြဿနာနည်းပါးစေမည် ဖြစ်သည်။ သူမက တည်ငြိမ်စွာ ဆိုလိုက်၏။

“ထုံးစံအတိုင်းပဲ... စွမ်းဆောင်နိုင်သူက ရရှိမှာပေါ့...”

“ကောင်းပြီ... ဒါဆိုရင်တော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့ ခေါင်းညိတ် သဘောတူလိုက်သည်။ လူသုံးဦးသည် အစီအစဉ်နှင့် အချိန်ကို ထပ်မံ ဆွေးနွေးလိုက်ကြ၏။

ဤအရာများမှာ လော့ချန်နှင့် မသက်ဆိုင်ပေ။ ဟွာကျင်းယန်ကို အနိုင်ယူပြီးနောက် သူသည် လျှပ်စီးဓား စိုက်ဝင်နေသော ကျောက်နံရံဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

“ဝှစ်...”

သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မီးလျှံလျှာသစ်ခွ ထည့်ထားသော ကျောက်စိမ်းသေတ္တာနှင့် လျှပ်စီးဓားမှာ လော့ချန်၏ လက်ထဲသို့ ပျံဝင်လာတော့သည်။

မီးလျှံလျှာသစ်ခွကို တစ်ချက်ကြည့်ပြီးနောက် လော့ချန် သိမ်းဆည်းလိုက်ပြီး မျက်လုံးများက ဓားအိမ်နှင့်တကွ ဓားဆီသို့ ရောက်သွား၏။

ဓားအိမ်မှာ ခပ်ဖျော့ဖျော့ရွှေရောင် ရှိပြီး အပေါ်တွင် တောင်တန်း၊ ရေပြင်နှင့် တိမ်မြူပုံရိပ်များကို ထွင်းထုထားသည်။ တိမ်မြူများကြားတွင် ရွှေရောင် လျှပ်စီးတန်းများ ဝေဝါးစွာ ပေါ်ထွက်နေပြီး ကြယ်လေးပွင့် ပုံရိပ်များလည်း ထင်ရှားနေ၏။ ဓားရိုးပေါ်တွင်မူ မိုးကြိုးပုံသဏ္ဌာန် တွန့်လိမ်နေသော စာလုံးလေးနှစ်လုံး ရှိနေသည်။

လျှပ်စီး။

လက်ဖဝါးက ဓားရိုးပေါ်သို့ ကျရောက်သွားသည့်အခါ လော့ချန်သည် လျှပ်စီးဓား၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှုကို ခံစားလိုက်ရပြီး ၎င်းမှာ အလိုအလျောက် အိမ်အတွင်းမှ ထွက်ချင်နေသည့်နှယ် ရှိနေသည်။ ဓားဆန္ဒကို စတင်နားလည်လာချိန်မှစ၍ လော့ချန်၏ ဓားအပေါ် ခံစားချက်မှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ဓားသည် သက်မဲ့အရာ မဟုတ်တော့ဘဲ သက်ရှိတစ်ခု ဖြစ်နေပေပြီ။

"ချင်း..."

ဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်နှင့် တောက်ပသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး လေထုကို ဖြောင့်တန်းသော ဓားရာတစ်ခုအဖြစ် ခွဲပစ်လိုက်ရာ အလွန်ပင် ထက်မြက်လှပေသည်။

“ဓားကောင်းပဲ...”

လော့ချန်၏ မျက်လုံးများ တောက်ပသွား၏။ ဤဓားသည် ဓားစွမ်းအင်များကို အလိုအလျောက် ထုတ်လွှတ်နိုင်စွမ်း ရှိရာ သေချာပေါက် ကြယ်လေးပွင့် ရတနာဓားများထဲမှ အဆင့်မြင့်ဓား ဖြစ်ပေသည်။ ထို့ပြင် နောက်ပိုင်းတွင် သူသည် နတ်ဆိုးမုန်တိုင်း သိုင်းကွက်ကို ဆက်လက် ပေါင်းစပ်ရဦးမည် ဖြစ်သည်။

ကောင်းကင်ယံဓားစွမ်းရည်၏ တတိယအကွက် လျှပ်စီးလက်ခြင်းနှင့် စတုတ္ထအကွက် မိုးကြိုးသံ တို့သည် မိုးကြိုးလျှပ်စစ် သဘောတရားများနှင့် သက်ဆိုင်သည်။ လျှပ်စီးဓားတွင်လည်း မိုးကြိုးလျှပ်စီး ဂုဏ်သတ္တိများ ကိန်းအောင်းနေသဖြင့် သူ့အတွက် သာ၍ပင် သင့်တော်လှပေသည်။

“သွားစမ်း...”

လျှပ်စီးဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး ဓားတစ်ချက်တည်းနှင့်ပင် ထိတ်လန့်ဖွယ်ရာ မိုးကြိုးလျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုးဖောက်ထွက်ပေါ်သွားတော့သည်။

"ရှူး..."

ရှေ့ဘက်ရှိ တောင်ထိပ်တစ်ခုမှာ တိုက်ရိုက် ထိုးဖောက်ခံလိုက်ရပြီး ကျဉ်းမြောင်းသော ဓားပေါက်တစ်ခု ဖြစ်ပေါ်လာကာ ဖြတ်ကွဲရာမှာ ဖြောင့်တန်းညီညာနေလျက် ထက်မြက်မှုများကို အပြည့်အဝ ပြသနေတော့သည်။

“ကောင်းတယ်... ဒီဓားရှိရင် ငါ့ရဲ့ ဓားဆန္ဒ စွမ်းအားအစစ်အမှန်ကို ပြသနိုင်မှာ ဖြစ်သလို တိုက်ခိုက်ရေး စွမ်းအားကိုလည်း အနည်းဆုံး ဆယ်ပုံ နှစ်ပုံလောက် ထပ်ပြီး မြှင့်တင်နိုင်မှာပဲ...”

ယခုအချိန်တွင်သာ ဟွာကျင်းယန်နှင့် တစ်ကျော့ပြန် တိုက်ခိုက်မည်ဆိုပါက လော့ချန်သည် နတ်ဆိုးမုန်တိုင်းကိုပင် ထုတ်သုံးရန် မလိုတော့ဘဲ ကောင်းကင်ယံဓားစွမ်းရည်၏ ရှေ့ပြေးသိုင်းလေးကွက်နှင့်တင် အနိုင်ယူနိုင်ပေလိမ့်မည်။ လော့ချန်သည် အချို့သော ဓားသမားများက ဘာကြောင့် ဓားကို အသက်တမျှ တန်ဖိုးထားကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဓားသမားတစ်ဦးအတွက် လက်နက်ကောင်းတစ်ခု ရှိခြင်းမှာ မိမိ၏ လက်ရုံးတစ်ခုကို ပိုင်ဆိုင်လိုက်ရခြင်းနှင့် မခြားပေ။

“ချပ်...”

ဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် လော့ချန်သည် ဂိုဏ်းတံခါးရှေ့သို့ ပြန်လာခဲ့၏။

“စီနီယာလော့ချန်... မင်္ဂလာပါ”

အနီးနားရှိ အပြင်စည်းတပည့်များထဲမှ မင်းသားတန်းအဖွဲ့ဝင်များပင် အားလုံး လမ်းဖယ်ပေးလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲရှိ လေးစားမှုများကိုလည်း အလိုအလျောက် ပြသနေကြတော့သည်။ သန်မာသူတစ်ဦးကို မလေးစားခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းပင် မဟုတ်ပါလော။

လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး ချန်လင်းယူနှင့် လင်ရှောင်ယွမ်တို့ဆီသို့ လျှောက်သွားလိုက်သည်။

“စီနီယာလော့ချန်...”

ချန်လင်းယူ ပါးစပ်ဟလိုက်မိသည်။ အဆင့်အတန်းနှင့် စွမ်းအားအရ သူမအနေဖြင့် လော့ချန်ကို စီနီယာဟု ခေါ်ရန် သင့်တော်သော်လည်း သူမ၏ စိတ်ထဲတွင် လော့ချန်သည် အပြင်စည်းသို့ အခုမှ ဝင်ရောက်လာသော ဂျူနီယာလေးအဖြစ်သာ ရှိနေဆဲပင်။ ဤကြီးမားသော ပြောင်းလဲမှုကြောင့် သူမ ခေတ္တမျှ နေရခက်သွားရသည်။

လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“ကျွန်တော့ကို လော့ချန်လို့ပဲ ခေါ်လို့ရပါတယ်...”

ချန်လင်းယူသည် လော့ချန်က ဤသို့ပြောလိုက်သဖြင့် အလွန်ပင် ဝမ်းသာသွားပြီး ပြုံးရွှင်စွာ ဆိုလိုက်၏။

“မင်းက တကယ်ကို သန်မာလွန်းတယ်။ သိုင်းဝိညာဉ်ကိုတောင် မသုံးဘဲ ဟွာကျင်းယန်ကို အလွယ်တကူ ဖိနှိပ်နိုင်တာပဲ။ ငါ့အမြင်မှာတော့ မင်းရဲ့ စွမ်းအားက သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် ထိပ်သီး သန်မာသူတွေကိုတောင် ဖိနှိပ်နိုင်မှာ သေချာတယ်...”

“ဖြစ်နိုင်ပါတယ်...”

လော့ချန်က တည်ငြိမ်စွာ ပြုံးလိုက်၏။ လျှပ်စီးဓား ရှိနေသဖြင့် ယခုအချိန်တွင် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူမှာ သူ၏ ရှေ့မှောက်၌ ဘာမှမဟုတ်တော့ချေ။ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် သန်မာသူမှသာ သူ၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း ရှိပေလိမ့်မည်။

သို့သော်လည်း မည်သည့်အဆင့်အထိ ရောက်ရှိသွားသည်ကိုမူ လော့ချန် ကိုယ်တိုင်လည်း မသိနိုင်သေးချေ။ သွေးကြောနိုးကြားမှုနယ်ပယ်၏ အဆင့်တစ်ခုစီ တိုးတက်မှုတိုင်းမှာ စွမ်းအားကွာဟချက်က အလွန်ပင် ကြီးမားလှသည်။

သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် ထိပ်သီးသန်မာသူကို အသာတကြည် ဖိနှိပ်နိုင်သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အစောပိုင်း သန်မာသူနှင့် နှိုင်းယှဉ်လျှင်တော့ သန်မာချင်မှ သန်မာပေလိမ့်မည်။ အဆုံးမှာတော့ သူသည် ယခုအချိန်တွင် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိနေသေးသည် မဟုတ်ပါလော။ နယ်ပယ်အဆင့် ကွာဟချက်ကို လျစ်လျူရှုရန်ဆိုသည်မှာ ထင်သလောက် မလွယ်ကူလှပေ။

“မင်း ဘာမှမဖြစ်တာ မြင်ရတော့မှပဲ စိတ်အေးသွားတော့တယ်...”

လင်ရှောင်ယွမ်က ဆိုလိုက်သည်။

လော့ချန်က ပြုံးလိုက်၏။ လင်ရှောင်ယွမ်သည် စကားနည်းသူ ဖြစ်သော်လည်း တစ်ဖက်လူ၏ ဂရုစိုက်မှုကို သူ ခံစားမိနေသည်။

“အစ်မတို့ ခဏနေရင် ကျွန်တော်နဲ့အတူ အပြင်စည်းခန်းမကို လိုက်ခဲ့ကြဦး။ ပေးစရာ ရှိလို့...”

လော့ချန်၏ စကားဆုံးသည်နှင့် လေထဲတွင် ရှိနေသော စက်ဝိုင်းပုံစံ ရေအလင်းကန့်လန့်ကာမှာ ပျောက်ကွယ်သွား၏။ မဟာအကြီးအကဲချင်ကွေ့၊ အကြီးအကဲကျီးတုန်းယွဲ့နှင့် အကြီးအကဲပိကျိုးရွှေတို့သည် ထိုအထဲမှ ထွက်လာကြသည်။

“ကောင်လေး... တစ်နှစ်အတွင်းမှာ ငါ ဟွာကျင်းယန်ကို ခေါ်ပြီး မင်းနဲ့ ပြန်တိုက်ခိုင်းဖို့ လာခဲ့မယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထားလိုက်...”

အကြီးအကဲကျီးတုန်းယွဲ့သည် လော့ချန်ကို ကြည့်ကာ စကားတစ်ခွန်း ချန်ထားခဲ့ပြီး ဒဏ်ရာရနေသော ဟွာကျင်းယန်ကို ခေါ်ဆောင်၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားတော့သည်။

အခန်း ၄၄၁ ပြီးပါပြီ။

All Chapters