အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း ၄၄၅ - လူကြီးလူကောင်း မဆန်လိုက်တာ...
အကြီးအကဲကျန်းရှင်ရွှေသည် အကြီးအကဲချန်းဟန်ကို ကြည့်ကာ သူ၏ မျက်လုံးများတွင် သတိပေးသည့် အရိပ်အယောင်များဖြင့် ထက်မြက်နေတော့သည်။
“ဟွန့်... ကျန်းရှင်ရွှေ... ငါက ရူးသွပ်နေတာ ဟုတ်လား...”
အကြီးအကဲချန်းဟန်သည် စိတ်လှုပ်ရှားမှုကို အစွမ်းကုန် ထိန်းချုပ်ထားရင်း အေးစက်စွာ ရယ်မောလိုက်ပြီး လော့ချန်ကို လက်ညှိုးထိုးပြကာ ဆိုလိုက်၏။
“မင်းနဲ့ စကားအများကြီး ပြောမနေချင်ဘူး... လော့ချန် ရသင့်ရထိုက်တဲ့ ဆုလာဘ်တွေကို သူ့လက်ထဲ အခုချက်ချင်း ပြန်ပေးလိုက်စမ်း...”
အကြီးအကဲချန်းဟန်က လော့ချန်ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေသည်ကို မြင်သောအခါ ကျန်းရှင်ရွှေသည် မျက်မှောင်ကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဘာဆုလာဘ်လဲ... ငါ ဘာမှ မသိပါလား...”
“မင်း...”
အကြီးအကဲချန်းဟန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး ဒေါသတကြီး ပြောလိုက်၏။
“မင်း ဘာစကား ပြောတာလဲ... လော့ချန်က ငါတို့ ရွှမ်ယွမ်ဂိုဏ်းအတွက် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ပထမဆု ယူပေးခဲ့တာလေ... ဒီလောက် လုပ်ဆောင်မှုကြီးကို မင်း မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့ဦး...”
ကျန်းရှင်ရွှေ၏ မျက်နှာမှာ တင်းမာသွားတော့သည်။
“သူက ဂိုဏ်းထဲမှာ လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာ... လုပ်ရပ်ကလည်း အရမ်းကို ရက်စက်ပြီး ဥပဒေမဲ့လွန်းတယ်... သူ့ကို အပြစ်မပေးတာတောင်မှ အတော်လေး ကရုဏာသက်နေလို့ပဲ... မဟာအကြီးအကဲမင်ကျုံးက ပြောပြီးသားလေ... သူ့ရဲ့ ကောင်းကျိုး လုပ်ဆောင်မှုတွေကို အပြစ်တွေနဲ့ ခုနှိမ်လိုက်ပြီလို့... ဆုလာဘ်တွေ လိုချင်နေသေးတယ် ဟုတ်လား... တကယ့်ကို ရယ်စရာပဲ...”
လော့ချန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“အကြီးအကဲကျန်း... မဟာအကြီးအကဲမင်ကျုံးက ကောင်းကျိုးလုပ်ဆောင်မှုနဲ့ အပြစ်ကို ခုနှိမ်လိုက်တယ်လို့ ပြောခဲ့တာ အမှန်ပါပဲ... ဒါပေမဲ့ အဲ့ဒါက အပိုတာဝန်ထမ်းဆောင်ပေးတဲ့ ကောင်းကျိုးလုပ်ဆောင်မှုတွေကို ပြောတာလေ... ဒီဆုလာဘ်တွေက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ မစခင်ကတည်းက သတ်မှတ်ထားတာမို့လို့ သေချာပေါက် အဲ့ဒီအထဲမှာ မပါဝင်ပါဘူး...”
အကြီးအကဲချန်းဟန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ကျန်းရှင်ရွှေ... လော့ချန်ရဲ့ ဆုလာဘ်တွေကို အခုချက်ချင်း သူ့ဆီ ပေးလိုက်ပါ... လော့ချန်က ငါတို့ ရွှမ်ယွမ်ဂိုဏ်းအတွက် ပထမဆု ယူပေးပြီး လျှပ်ယွမ်ဂိုဏ်းကို အကြီးအကျယ် နှိမ်နင်းပေးခဲ့တာလေ...”
“ဒီလောက် ကောင်းကျိုးလုပ်ဆောင်မှုကြီးကိုတောင် ဆုလာဘ်တွေ ဖြတ်တောက်ထားမယ်ဆိုရင်တော့ ဒါဟာ လူကြားထဲမှာ အရှက်ရစရာ ဖြစ်လာပြီး လှောင်ပြောင်စရာကြီး ဖြစ်သွားလိမ့်မယ်...”
ကျန်းရှင်ရွှေက မလှုပ်မယှက်ဘဲ လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
“ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီပဲ... ဒီကောင်းကျိုးလုပ်ဆောင်မှုတွေက မင်းကျူးလွန်ထားတဲ့ အပြစ်တွေနဲ့ ခုနှိမ်ပြီးသား ဖြစ်သွားပြီ... ဒါကြောင့် ဘာဆုလာဘ်မှ မရှိတော့ဘူး...”
“မင်းက ငါ့ကိုတောင် လာပြီး မေးခွန်းထုတ်ချင်နေတာလား... အခုချက်ချင်း ပြန်တော့... ဒီမှာ ဆက်ပြီး ရမ်းကားနေမယ်ဆိုရင်တော့ ငါလည်း မျက်နှာမထောက်ဘဲ မလေးမစား လုပ်မှုနဲ့ အပြစ်ပေးရလိမ့်မယ်...”
ကျန်းရှင်ရွှေသည် သူ၏ လေသံကို မြှင့်လိုက်တော့သည်။
လော့ချန်၏ စိတ်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွား၏။ တစ်ဖက်လူမှာ ဤမျှအထိ အရှက်မဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယုတ္တိမရှိသည့် ကိစ္စကိုပင် အဆင့်အတန်းကို အသုံးချ၍ အတင်းအဓမ္မ ဖိနှိပ်နေပြီး ဆုလာဘ်ကို လုံးဝ မပေးရန် ဆုံးဖြတ်ထားပုံရသည်။
“ဟဲဟဲ... မလေးမစား လုပ်မှု ဟုတ်လား... ကျုပ်ဆီက လေးစားမှုကို ရချင်ရင် ခင်ဗျားမှာလည်း အကြီးအကဲတစ်ယောက်မှာ ရှိသင့်တဲ့ ကျင့်ဝတ်တွေလည်း ရှိဦးမှပေါ့...”
လော့ချန်သည် အေးစက်စွာ ရယ်မောလိုက်ရင်း ကျန်းရှင်ရွှေကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“ယခုတင်က ကျုပ် ဆုလာဘ်တွေ လာတောင်းတုန်းက ခင်ဗျား ဒီလို မပြောခဲ့ဘူးနော်... အပြင်စည်းမှာ သွားထုတ်ဖို့ ပြောခဲ့တာလေ...”
“ခင်ဗျားက အတွင်းစည်း အကြီးအကဲ တစ်ယောက်ဖြစ်ပြီး အတွင်းစည်းတပည့်တွေနဲ့ ပတ်သက်သမျှ အရာအားလုံးကို အတွင်းစည်းခန်းမမှာပဲ လုပ်ရတယ်ဆိုတာ မသိဘူးလား... ခင်ဗျားက အကြီးအကဲ တစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်တပည့်ကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာက ကိုယ့်သိက္ခာကိုယ် ချနေတာဖြစ်ပြီး လူကြားထဲ လှောင်စရာ ဖြစ်နေတာပဲ... ဒါကိုမှ ကျုပ်က ဘာကို လေးစားရဦးမှာလဲ...”
လော့ချန်၏ စကားလုံးများမှာ တိကျပြတ်သားလွန်းသဖြင့် တစ်ဖက်လူ၏ မျက်နှာကို လုံးဝတည့်တည့် ထိမှန်သွားသည်။
အကြီးအကဲချန်းဟန်သည်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်၏။
“ကျန်းရှင်ရွှေ... မင်း အရမ်း မလွန်နဲ့...”
ကျန်းရှင်ရွှေ၏ မျက်နှာမှာ ညိုမည်းသွားတော့သည်။ လော့ချန် တစ်ယောက်တည်းသာ ဆိုလျှင် သူသည် လုံးဝ ဂရုစိုက်နေမည် မဟုတ်ပေ။ အတွင်းစည်း အကြီးအကဲ တစ်ယောက်အနေဖြင့် သာမန်အတွင်းစည်းတပည့်လေး တစ်ယောက်ကို အပြစ်ပေးရန်မှာ အလွန်ပင် လွယ်ကူလှသည်။ သို့သော် အကြီးအကဲချန်းဟန်က လော့ချန်ဘက်ကနေ အံကြိတ်ကာ ကာကွယ်ပေးနေသဖြင့် သူ အနည်းငယ် အကျပ်ရသွားရသည်။
“ရဲတင်းလှချည်လား...”
ထိုစဉ် အေးစက်သော အော်ဟစ်သံတစ်ခု ဘေးနားမှ ထွက်ပေါ်လာ၏။
တည်ကြည်သော မျက်နှာထားနှင့် ယွမ်ချီယွီသည် ရှေ့သို့ ထွက်လာပြီး လော့ချန်ကို အေးစက်စက် ကြည့်ကာ ဆိုလိုက်သည်။
“လော့ချန်... မင်းက တော်တော်လေးကို ရဲတင်းတာပဲ... အတွင်းစည်းတပည့် ဖြစ်လာတာမှ မကြာသေးဘူး... အကြီးအကဲကို ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့... မင်းမှာ စွမ်းအားလေး နည်းနည်းရှိတာနဲ့ ရမ်းကားလို့ ရမယ်လို့ မထင်နဲ့... အပြင်စည်းမှာတော့ မင်းက ဘုရင်ဖြစ်နေနိုင်ပေမယ့် ဒီနေရာမှာတော့ မင်းမှာ အဲ့ဒီလို လုပ်ပိုင်ခွင့် မရှိဘူး...”
“ဒီနေရာမှာ ရှိနေတဲ့သူတိုင်းက မင်းထက် အဆင့်အတန်းရော စွမ်းအားရော သာကြတယ်... အတွင်းစည်းထဲ ရောက်လာပြီဆိုတော့ မင်းရဲ့ အချိုးတွေကို ပြင်စမ်း... နဂါးဆိုရင်လည်း ခွေနေ၊ ကျားဆိုရင်လည်း ဝပ်နေလိုက်... မဟုတ်ရင်တော့ ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့... နောင်တရသွားလိမ့်မယ်...”
“ဟေ... ငါ့ကို ခွေနေ ဝပ်နေခိုင်းတယ်ပေါ့လေ... ဒါဆိုရင်တော့ မင်းက ဘယ်လို အဆင့်အတန်း၊ ဘယ်လို စွမ်းအား ရှိလို့လဲဆိုတာ သိချင်မိသား...”
လော့ချန်သည် သူ၏ မျက်လုံးများကို တန်ပြန် တန်းတူ ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“သေချာနားထောင်ထား... ငါ့နာမည်က ယွမ်ချီယွီ... ကြယ်ခုနစ်ပွင့် အဆင့်မြင့် သိုင်းဝိညာဉ်ပိုင်ရှင်ပဲ... သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ်ကာလ ရှိတယ်... ငါ့ရဲ့ ဆရာကတော့ အတွင်းစည်းရဲ့ အမာခံ အကြီးအကဲပဲ...”
ယွမ်ချီယွီသည် သူ၏ မေးစေ့ကို အနည်းငယ် မြှင့်လိုက်ရင်း လော့ချန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်၏။
ဤစကားကို ကြားသောအခါ ရှိနေကြသော လူများ၏ အကြည့်မှာ ယွမ်ချီယွီဆီသို့ ရောက်သွားကြပြီး သူ၏ အဆင့်အတန်းကို သိရှိသူများမှာမူ ထိတ်လန့်သွားကြရသည်။
“ဟဲဟဲ...”
လော့ချန်ကမူ ခပ်ဖွဖွပင် ရယ်မောလိုက်၏။
ထိုအခါ ယွမ်ချီယွီ၏ မျက်နှာမှာ ပျက်သွားပြီး ဒေါသတကြီး မေးလိုက်သည်။
“မင်း ဘာကို ရယ်တာလဲ...”
လော့ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒါဆိုရင် မင်းရော ငါက ဘယ်သူလဲဆိုတာ သိရဲ့လား...”
ယွမ်ချီယွီက မထီမဲ့မြင် ပြုလိုက်၏။
“မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ပိုင်ရှင် အသုံးမကျသူဆိုတာ ဘယ်သူမသိဘဲ ရှိမှာလဲ...”
လော့ချန်သည် သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အကြီးအကဲချင်ကွေ့၏ အမိန့်တော်တံဆိပ်ပြား ထွက်ပေါ်လာပြီး ပြတ်သားစွာ ဆိုလိုက်သည်။
“ငါက အကြီးအကဲချင်ကွေ့ရဲ့ တပည့်ပဲ... အမာခံ အကြီးအကဲက ပိုကြီးမြတ်သလား၊ မဟာအကြီးအကဲက ပိုကြီးမြတ်သလား ဆိုတာကိုတော့ မင်းကောင်းကောင်း သိတယ်မဟုတ်ဘူးလား...”
ယနေ့တွင်မူ လော့ချန်သည် တစ်ဖက်လူကို သူ၏ ရှေ့၌ လာရောက် ရမ်းကားခွင့် လုံးဝ ပေးမည် မဟုတ်တော့ပေ။ ဤစကားကို ကြားလိုက်ရသည်နှင့် လူအားလုံးမှာ မှင်တက်မိသွားကြရ၏။
ယွမ်ချီယွီသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် လှောင်ပြောင်စွာ ရယ်မောလိုက်တော့သည်။
“ဟားဟား... မဟာအကြီးအကဲရဲ့ တပည့် ဟုတ်လား... မင်းလိုလူမျိုးကလား... အကြီးအကဲချင်ကွေ့က မင်းကို အမိန့်တော်တံဆိပ်ပြား ပေးခဲ့တာက မင်း အတွင်းစည်းကို ဝင်ခွင့်ရဖို့ဆိုတာ ဘယ်သူမသိဘဲ ရှိမှာလဲ... မင်းက အဲ့ဒါကို အသုံးချပြီး လိမ်လည်လှည့်ဖြားချင်နေတာလား...”
“အသုံးမကျတဲ့ သိုင်းဝိညာဉ်ပိုင်ရှင် အသုံးမကျသူ တစ်ယောက်က တကယ်ပဲ မဟာအကြီးအကဲရဲ့ မျက်နှာသာပေးမှုကို ရမယ်လို့ ထင်နေတာလား... တကယ့်ကို စိတ်ကူးယဉ်နေတာပဲ... ငါသာ အခု ဒီကိစ္စကို အကြီးအကဲချင်ကွေ့ဆီ သွားတိုင်လိုက်ရင် မင်း အပြစ်ပေးခံရမယ်ဆိုတာ ယုံလား...”
လော့ချန်နှင့် ဟွာကျင်းယန်တို့၏ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်မှာ သိပ်မကြာသေးသဖြင့် သတင်းမှာ အားလုံးဆီသို့ မရောက်သေးပေ။ ယွမ်ချီယွီနှင့် ကျန်းရှင်ရွှေတို့မှာ ယခုတင်က လက်ဖက်ရည် သောက်နေကြသဖြင့် ဤကိစ္စကို မသိရှိကြသေးခြင်း ဖြစ်သည်။
ယွမ်ချီယွီ၏ လှောင်ပြောင်မှုကို ကြားသောအခါ သတင်းသိရှိပြီးသား လူများမှာမူ ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြ၏။
ကျန်းရှင်ရွှေသည် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသဖြင့် မေးမြန်းရန် လူတစ်ယောက်ကို ရှာလိုက်သည်။
“စီနီယာယွမ်...”
တပည့်တစ်ဦးသည် ယွမ်ချီယွီ၏ နားနားသို့ ကပ်ကာ ဂိုဏ်းတံခါးရှေ့တွင် ဖြစ်ပျက်ခဲ့သမျှကို အမြန် ရှင်းပြလိုက်၏။
“ဘာ... အကြီးအကဲချင်ကွေ့က သူ့ကို တကယ်ပဲ တပည့်အဖြစ် လက်ခံလိုက်တာ ဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ဤသတင်းမှာ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ယွမ်ချီယွီ၏ ဦးနှောက်ကို တုန်ခါသွားစေပြီး လော့ချန်ကို အံကြိတ်ကာ စိုက်ကြည့်နေမိသော်လည်း ဘာမှ ပြန်မပြောနိုင်တော့ချေ။
အကြီးအကဲချင်းချိုင်က လော့ချန်ကို တပည့်အဖြစ် လက်ခံလိုက်သည်တဲ့လား။ ကျန်းရှင်ရွှေပင်လျှင် ခေါင်းထဲမှာ မူးနောက်သွားရသည်။ သူသည် သာမန်အတွင်းစည်း အကြီးအကဲ တစ်ယောက်သာ ဖြစ်သဖြင့် သာမန်တပည့်ကို အပြစ်ပေးနိုင်သော်လည်း မဟာအကြီးအကဲ၏ တပည့်ကိုမူ သူ မထိရဲပေ။ သူတင်မကဘဲ အဋ္ဌမမင်းသား ကျင်းမင်ပင်လျှင် ယခုအချိန်တွင် လော့ချန်ကို အနည်းငယ် မျက်နှာသာ ပေးရပေလိမ့်မည်။
အကယ်၍ ဆုလာဘ်များကို ဖြတ်တောက်ထားရုံတင်မကဘဲ လော့ချန်ကို တမင် လှည့်စားခဲ့သည့်ကိစ္စသာ အကြီးအကဲချင်ကွေ့ဆီ သတင်း ရောက်သွားမည်ဆိုလျှင်...
ခဏအတွင်းမှာပင် ကျန်းရှင်ရွှေသည် တစ်ကိုယ်လုံး အေးစက်သွားရပြီး ကိုယ်ဟန်မှာ အနည်းငယ် ကျုံ့ဝင်သွားကာ လူအုပ်နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားတော့သည်။
ယွမ်ချီယွီသည် အံကိုကြိတ်ထားရင်း မျက်နှာမှာ ပူထူနေသော်လည်း လူကြားထဲတွင် အရှက်မကွဲလိုသဖြင့် လော့ချန်ကို ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။
“ဟဲဟဲ... မဟာအကြီးအကဲရဲ့ အဆင့်အတန်းကတော့ ပိုပြီး မြင့်မြတ်တာပေါ့... ဒါပေမဲ့ မင်းမှာလည်း ဒီလောက်ပဲ စွမ်းအားရှိတာပါ... မိန်းမတွေရဲ့ အရှိန်အဝါကို အသုံးချပြီးတော့ပဲ ရမ်းကားနေတာလေ... ယွမ်မန်လီနဲ့ အကြီးအကဲချင်ကွေ့တို့ရဲ့ အကာအကွယ်သာ မရှိရင် မင်းက ဘာဖြစ်နေမှာလဲ...”
“နှမြောဖို့ ကောင်းလိုက်တာ... သူတို့က မင်းကို ခဏတဖြုတ်ပဲ ကာကွယ်ပေးနိုင်မှာ... တစ်သက်လုံးတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... မင်း ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ထားလိုက်ပါ...”
နှာမှုတ်လိုက်ပြီးနောက် ယွမ်ချီယွီသည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ချန်လင်းယူက မနေနိုင်ဘဲ ကဲ့ရဲ့လိုက်၏။
“ရှင်တို့ ခုနကပဲ အဆင့်အတန်းကို သုံးပြီးတော့ လော့ချန်ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့ကြတာ မဟုတ်လား... အခု မယှဉ်နိုင်တော့မှပဲ လော့ချန်ကို အပြစ်တင်နေကြတယ်...”
“အင်... မင်းက ဘာလဲ... အပြင်စည်းတပည့်လေး တစ်ယောက်ကများ ငါ့ရှေ့မှာ လူကြီးလူကောင်း မဆန်စွာနဲ့ လာပြောနေရသေးတယ်... သေချင်နေတာလား...”
ဒေါသကို ဖြေဖျောက်စရာ နေရာရှာမရ ဖြစ်နေသော ယွမ်ချီယွီသည် ဒေါသများ ပေါက်ကွဲထွက်လာပြီး ဘာမှ မပြောတော့ဘဲ လက်ကို မြှောက်ကာ ချန်လင်းယူ၏ ပါးကို ရိုက်ရန် ပြင်လိုက်တော့သည်။
"ဖန်း..."
ကိုယ်ရိပ်တစ်ခုသည် ချန်လင်းယူ၏ ရှေ့တွင် ပေါ်လာပြီး ထိုလက်ဝါးရိုက်ချက်ကို ဖမ်းဆုပ် ချေမှုန်းပစ်လိုက်၏။
လော့ချန်သည် သူ၏ လက်ချောင်းများကို တစ်ချက် ခါလိုက်ပြီး ယွမ်ချီယွီကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
“အတွင်းစည်းတပည့် တစ်ယောက်ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် သန်မာသူက အပြင်စည်းတပည့်လေး တစ်ယောက်ကို လက်ပါရဲတယ်ပေါ့... တကယ့်ကို အရှိန်အဝါကြီးလှချည်လား... မင်းက ရမ်းကားချင်တာလား... ငါနဲ့ လာခဲ့စမ်းပါ...”
“ဘာ... မင်းက ငါ့ကို စိန်ခေါ်နေတာလား...”
ယွမ်ချီယွီသည် ခေတ္တမျှ မှင်တက်မိသွားပြီးနောက် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှ ထက်မြက်သော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
“ဒီစကားက တကယ်ပဲလား...”
အခန်း (၄၄၅) ပြီးပါပြီ။
အခန်း ၄၄၆ - သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် သန်မာသူနှင့် တိုက်ပွဲ
“လော့ချန်... တော်လိုက်ပါတော့...”
ချန်လင်းယူသည် လော့ချန်ကို ပြဿနာမတက်စေလိုသဖြင့် လော့ချန်၏လက်ကို ဆွဲကာ တားဆီးလိုက်၏။ တစ်ဖက်လူမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် သန်မာသူ ဖြစ်သည်။ လော့ချန်ထက် နယ်ပယ်အဆင့် သုံးဆင့်မျှပင် ပို၍ မြင့်မားနေသည်။ လော့ချန် အရေးနိမ့်သွားမည်ကို သူမ စိုးရိမ်နေမိသည်။
ထို့ပြင် ယွမ်ချီယွီသည် အမာခံအကြီးအကဲ၏ တပည့်ဖြစ်ရုံတင် မကပေ။ သူ၏အစ်ကိုဖြစ်သူ ယွမ်ချင်ယင်မှာ ယခင်က ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် ဖြစ်ခဲ့ဖူးသည်။ ယွမ်ချင်ယင်သည် ယွမ်မန်လီကို ရှုံးနိမ့်ခဲ့သဖြင့် ထိပ်သီးဆယ်ဦးနေရာမှ ဖယ်ပေးခဲ့ရသော်လည်း သူ၏စွမ်းအားမှာ ယနေ့တိုင် အထက်တန်းကျနေဆဲ ဖြစ်သည်။
“ဘာမှမဖြစ်ပါဘူး...”
လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး ယွမ်ချီယွီ၏ စူးရှသော အကြည့်ကို မဆုတ်မနစ် ပြန်လည်ရင်ဆိုင်လိုက်၏။
“သေချာပေါက် အတည်ပြောတာပေါ့... ငါက ပြောပြီးသားစကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး...”
သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်ပြီး စွမ်းအားများ တိုးတက်လာခဲ့သော်လည်း ယခုအချိန်အထိ လော့ချန်သည် သူ၏စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်မသုံးခဲ့ရသေးသဖြင့် စိတ်ထဲတွင် အနည်းငယ် နှမြောနေမိသည်။ ယွမ်ချီယွီမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ်အဆင့် သန်မာသူဖြစ်ရာ သူ၏စွမ်းအား မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို စမ်းသပ်ရန် အကောင်းဆုံး ပြိုင်ဘက်ပင် ဖြစ်သည်။
ထို့ပြင် လော့ချန်သည် ဤတိုက်ပွဲဖြင့် သူ၏အရှိန်အဝါကို ထူထောင်လိုသည်။ မဟုတ်ပါက အသုံးမကျသူတိုင်းက သူ့ကို လာရောက် စိန်ခေါ်နှောင့်ယှက်နေကြမည်ဆိုလျှင် သူ မည်သို့ ကျင့်ကြံနိုင်တော့မည်နည်း။
ရှုံးနိမ့်မည်ကိုမူ လော့ချန် မစဉ်းစားထားပေ။ သုံးပုံတစ်ပုံ ဓားဆန္ဒကို မရရှိခင်ကပင် သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ရှိသော ချင်တို့ယွမ်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခုတွင်မူ ဓားဆန္ဒမှာ သုံးပုံတစ်ပုံအထိ ရှိနေပြီး လက်ထဲတွင်လည်း လျှပ်စီးဓား ရှိနေပေပြီ။ ဤအချက်နှစ်ခုကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်ကနှင့်စာလျှင် မိုးနှင့်မြေလို တိုးတက်သွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူကို အနိုင်မယူနိုင်လျှင်ပင် သိပ်ပြီး ကွာခြားလိမ့်မည် မဟုတ်ပေ။
“ဟားဟား... ကောင်းတယ်... သတ္တိရှိသားပဲ...”
လော့ချန်၏ လှောင်ပြောင်သောစကားကို ကြားသောအခါ ယွမ်ချီယွီသည် ဒေါသထွက်မည့်အစား ရယ်မောလိုက်တော့သည်။ မူလက သူသည် အကျပ်ရိုက်နေခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မည်ဆိုလျှင်လည်း မဟာအကြီးအကဲ၏တပည့်ဖြစ်နေသဖြင့် ခက်ခဲနေပြီး ဆုတ်ခွာမည်ဆိုလျှင်လည်း အရှက်ကွဲမည် ဖြစ်သည်။
လော့ချန်မှာ ဤမျှအထိ မောက်မာပြီး မသိနားမလည်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ အပြင်စည်းတပည့်လေး တစ်ယောက်အတွက်နှင့် သူ့ကို တိုက်ခိုက်ရဲသည်တဲ့လား။ သွေးကြောနိုးကြားမှုနယ်ပယ်တွင် အဆင့်တစ်ခု မြင့်တက်တိုင်း စွမ်းအားမှာ မိုးနှင့်မြေလို ကွာခြားသွားသည်ကို သူ မသိလေသလား။
လော့ချန်က စတုတ္ထအဆင့်ရှိ ချင်တို့ယွမ်ကို သတ်နိုင်ခဲ့သော်လည်း ပဉ္စမအဆင့် သန်မာသူ၏ရှေ့တွင်မူ ဘာမှမဟုတ်ပေ။ သူ၏ရှေ့တွင် ရမ်းကားနေခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင် ဖြစ်သည်။
“အားလုံးပဲ ကြားကြတဲ့အတိုင်းပဲနော်... ဒါက သူကိုယ်တိုင် ငါနဲ့ တိုက်ချင်တယ်လို့ ပြောခဲ့တာ...”
ယွမ်ချီယွီသည် လော့ချန်၏ မဟာအကြီးအကဲတပည့်ဆိုသည့် အဆင့်အတန်းကို အနည်းငယ် ကြောက်ရွံ့နေသေးသဖြင့် လူသိရှင်ကြား ကြေညာလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှ ခန်းမအလယ်ရှိ ကွင်းပြင်သို့ လျှောက်သွားကာ လော့ချန်ကို ကြည့်၍ မောက်မာစွာ ဆိုလိုက်၏။
“ကောင်လေး... ငါလည်း မင်းကို အနိုင်မကျင့်ချင်ပါဘူး... မင်း ငါ့ရဲ့ တစ်ကွက်ကို ခံနိုင်ရည်ရှိပြီး မလဲဘဲ ရပ်နေနိုင်သေးတယ်ဆိုရင် မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်... ငါ ဘာစကားမှ ထပ်မပြောဘဲ ဒီခန်းမထဲကနေ ထွက်သွားပေးမယ်... တကယ်လို့ မင်း မခံနိုင်ဘူးဆိုရင်တော့ မင်း ဒီခန်းမထဲကနေ ထွက်သွားရမယ်... နောက်ပြီး ဒီဆုလာဘ်ကိစ္စကိုလည်း ဘယ်တော့မှ ထပ်မပြောရဘူး... ဘယ်လိုလဲ...”
သူသည် ပဉ္စမအဆင့် သန်မာသူဖြစ်ရာ လော့ချန်နှင့် တိုက်ခိုက်ခြင်းမှာ သိက္ခာကျစရာ ဖြစ်သော်လည်း ဤသို့ ကန့်သတ်ချက်ထားလိုက်ခြင်းဖြင့် သူ၏စွမ်းအားအကုန်လုံးကို စိတ်အေးလက်အေး ထုတ်သုံးနိုင်မည် ဖြစ်သည်။
“တစ်ကွက်လား... ငါ လက်ခံတယ်...”
လော့ချန်က တစ်ဖက်လူ၏ လှည့်ကွက်များကို ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။ တစ်ခန်းမလုံး ဆူညံသွားတော့၏။ လော့ချန်က တကယ်ပဲ လက်ခံရဲလိမ့်မည်ဟု လူအများက မထင်ထားကြပေ။ အဆင့်သုံးဆင့်မျှ ကွာခြားနေသည် မဟုတ်ပါလော။ လော့ချန် မည်မျှပင် သန်မာပါစေ ယွမ်ချီယွီကို တောင့်ခံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရှိနေသော အကြီးအကဲများကလည်း တားဆီးခြင်း မပြုကြပေ။ ကျင့်ကြံခြင်းလမ်းဆိုသည်မှာ အားပြိုင်မှုအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ဂိုဏ်း၏ စည်းမျဉ်းများမှာ အချင်းချင်း သတ်ဖြတ်ခြင်းကို တားဆီးရန်သာဖြစ်ပြီး သာမန်အားပြိုင်မှုများကိုမူ လွှတ်ထားလေ့ရှိသည်။ ထိုမှသာ တပည့်များအကြား ယှဉ်ပြိုင်လိုစိတ်ရှိပြီး တိုးတက်လာမည် မဟုတ်ပါလော။
မင်းသားတန်း အဖွဲ့ဝင်များကမူ လော့ချန် အရှက်ကွဲမည်ကိုသာ စောင့်ကြည့်နေကြသဖြင့် တားဆီးရန် အစီအစဉ် မရှိပေ။ အကြီးအကဲချန်းဟန်ကမူ လော့ချန်၏ စိတ်နေစိတ်ထားကို သိရှိသဖြင့် တားဆီး၍လည်း ရမည်မဟုတ်မှန်း သိနေသည်။ ထို့ပြင် တစ်ဖက်လူများက သိပ်ကိုလွန်နေသဖြင့် အလျှော့ပေးနေလျှင် သာ၍ပင် အနိုင်ကျင့်လာကြပေလိမ့်မည်။ သူ စိုးရိမ်သည်မှာ လော့ချန်၏ စွမ်းအားက အမှန်တကယ် မည်သည့်အဆင့်မှာ ရှိနေသနည်း ဆိုသည်ကိုသာ ဖြစ်သည်။ နယ်ပယ်သုံးဆင့် ကွာခြားချက်မှာ ကစားစရာ မဟုတ်ပေ။
လူအများမှာ လမ်းဖယ်ပေးလိုက်ကြသဖြင့် ခန်းမအလယ်တွင် ကွင်းပြင်ကျယ်ကြီး ဖြစ်သွားတော့သည်။ လော့ချန်သည် ကွင်းအလယ်သို့ လျှောက်သွားကာ ယွမ်ချီယွီနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။
လော့ချန်မှာ အလွန်ပြတ်သားသည်ကို မြင်သောအခါ ယွမ်ချီယွီသည် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏သိုင်းဝိညာဉ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ကြယ်ခုနစ်ပွင့် ဝင်းလက်နေသော နီရဲသည့် မီးလျှံတစ်ခု ထွက်ပေါ်လာတော့၏။
"ဘုန်း..."
သိုင်းဝိညာဉ် ထွက်ပေါ်လာသည်နှင့်အမျှ ယွမ်ချီယွီ၏ အရှိန်အဝါမှာ တရှိန်ထိုး မြင့်တက်လာပြီး ပြင်းထန်သော အပူရှိန်များမှာ တစ်ခန်းမလုံးသို့ ပျံ့နှံ့သွားကာ လေထုမှာပင် ပေါက်ကွဲသံများ ထွက်ပေါ်နေတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း တောက်ပသော မြေသားရောင် အလင်းတန်းများ ဖြာထွက်နေ၏။
“တကယ့်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ... ဒါက မြေသားနှလုံးသားကျင့်စဉ်ကို တတိယအဆင့်အထိ ကျင့်ကြံထားနိုင်တဲ့ လက္ခဏာပဲ...”
“ကြည့်ရတာ ယွမ်ချီယွီက လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး...”
သိုင်းဝိညာဉ် ထွက်ပေါ်လာသည်နှင့် လူတိုင်း မှင်တက်မိသွားကြရသည်။ လော့ချန်အပေါ် မျှော်လင့်ချက်ထားသူများပင်လျှင် လော့ချန်အနေဖြင့် ယွမ်ချီယွီကို တောင့်ခံနိုင်မည် မဟုတ်ဟု ယူဆကာ ခေါင်းခါယမ်းလိုက်ကြ၏။ မင်းသားတန်း အဖွဲ့ဝင်များမှာမူ လှောင်ပြောင်သော မျက်နှာထားများ ဖြစ်နေကြသည်။ ချန်လင်းယူနှင့် လင်ရှောင်ယွမ်တို့မှာ စိုးရိမ်ထိတ်လန့်နေကြပြီး အကြီးအကဲချန်းဟန်ပင်လျှင် မျက်မှောင်ကြုတ်ထားမိသည်။ သို့သော် ယခုအချိန်တွင်မူ လော့ချန်ကို ယုံကြည်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။
သူ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်ပြီးနောက် ယွမ်ချီယွီသည် သူ၏မေးစေ့ကို မြှင့်ကာ လော့ချန်ကို ငုံ့ကြည့်၍ ဆိုလိုက်သည်။
“မင်းရဲ့ စွမ်းအားအကုန်လုံးကို ထုတ်သုံးလိုက်စမ်း... မဟုတ်ရင်တော့ နောက်ဆက်တွဲက ဘာဖြစ်လာမလဲဆိုတာ ငါ အာမမခံနိုင်ဘူး...”
“စကားများမနေနဲ့... စလိုက်ရအောင်...”
"ချပ်..."
တစ်ဖက်လူမှာ ပဉ္စမအဆင့် သန်မာသူဖြစ်သဖြင့် လော့ချန်လည်း ပေါ့ဆခြင်း မရှိဘဲ လျှပ်စီးဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်နှင့်အတူ သူ၏ သိုင်းဝိညာဉ်ကိုလည်း ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။
"ရွှီ..."
တောက်ပသော ဓားအလင်းတန်းမှာ ခန်းမတစ်ခုလုံးကို ခဏတာ လင်းထိန်သွားစေပြီး ရှိနေသူများ၏ မျက်လုံးများကို ကျိန်းစပ်သွားစေကာ ယွမ်ချီယွီ၏ ပြင်းထန်သော အရှိန်အဝါကို ချက်ချင်းပင် ခွဲပစ်လိုက်၏။
“ဒါက... သုံးပုံတစ်ပုံ ဓားဆန္ဒပဲ...”
“သတင်းတွေက တကယ်ပဲကိုး...”
အတွင်းစည်းတပည့် အမြောက်အမြားမှာ အံ့အားသင့်ကာ အော်ဟစ်လိုက်ကြသည်။ ဓားဆန္ဒဆိုသည်မှာ ကျင့်ကြံရန် အခက်ခဲဆုံး အရာဖြစ်ပြီး အတွင်းစည်းတွင်ပင် ဓားဆန္ဒကို နားလည်သူမှာ လက်ချိုးရေတွက်၍ ရသည်။ ထို့ပြင် လော့ချန်မှာ မည်မျှ ငယ်ရွယ်သေးသနည်း၊ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူပင် ဖြစ်သေးသည်။ ဤသို့သော အခြေအနေမျိုးတွင် သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်ထားခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင်။
ယွမ်ချီယွီလည်း မျက်ခုံးတစ်ချက် ပင့်သွားသော်လည်း ချက်ချင်းပင် မထီမဲ့မြင် ပြုကာ လှောင်ပြောင်လိုက်၏။
“သုံးပုံတစ်ပုံ ဓားဆန္ဒ ရှိနေရင်လည်း ဘာဖြစ်လဲ... ငါ့ရှေ့မှာတော့ မင်းက ဘာမှမဟုတ်သေးဘူး... သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းအဆင့်နဲ့ အလယ်အလတ်အဆင့်ကြားမှာ ကွာဟချက်က မိုးနှင့်မြေလိုပဲ... မင်း ငါ့ကို ဘယ်လို တားမှာလဲ... ငါ့ရဲ့ လက်သီးတစ်ချက်နဲ့ အရှုံးပေးလိုက်စမ်း...”
ဒေါသတကြီး အော်ဟစ်လိုက်ရင်း ယွမ်ချီယွီသည် လေထဲသို့ ခုန်တက်ကာ လော့ချန်၏ အပေါ်စီးမှ ပေါ်လာပြီး သူ၏ လက်သီးမှာ တောက်ပသော အဖြူရောင် အလင်းတန်းများ ဖြာထွက်နေလျက် ရှိရာ ၎င်းမှာ အသားအရေ မဟုတ်တော့ဘဲ ကျောက်သားပြင်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
“စွမ်းအင်အမြုတေ ပေါက်ကွဲခြင်း...”
"ဘုန်း..."
လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့် တောက်ပသော အလင်းတန်းများမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ပြင်းထန်သော လက်သီးအဟုန်ကြောင့် လေထုမှာလည်း ဖန်သားပြင်များကဲ့သို့ အဆင့်ဆင့် ကွဲအက်သွားကာ ခန်းမတစ်ခုလုံး တုန်ခါသွားတော့သည်။
လက်သီးအဟုန် မရောက်လာသေးမီမှာပင် ပြင်းထန်သော ဖိအားကြောင့် လော့ချန်သည် အသက်ရှူရ ခက်ခဲသွားရ၏။ တစ်ဖက်လူမှာ သူ ယခုအချိန်အထိ ကြုံတွေ့ခဲ့ရသမျှ ပြိုင်ဘက်များထဲတွင် အသန်မာဆုံး ဖြစ်ပေသည်။ လော့ချန်သည် တွန့်ဆုတ်မနေတော့ဘဲ သူ၏ မျက်လုံးများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာလျက် အပြင်းထန်ဆုံးသော ဓားကွက်ကို ထုတ်သုံးလိုက်တော့သည်။
“နတ်ဆိုးမုန်တိုင်း...”
"ဘုန်း..."
လျှပ်စီးဓားမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားစွမ်းအင် ဝဲဂယက်ကြီး တစ်ခုသည် အသံပေါက်ကွဲမှုများနှင့်အတူ ထွက်ပေါ်လာကာ မည်ဟီးလျက် ထိုးနှက်သွားတော့သည်။
အင်အားကြီးမားသော စွမ်းအားနှစ်ခုမှာ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားကြ၏။
နောက်တစ်ခဏတွင်...
လူအားလုံးမှာ တောက်ပလွန်းသော အဖြူရောင် အလင်းတန်းများကြောင့် ဘာမှ မမြင်ရတော့ချေ။
ထို့နောက်...
"ဘုန်း..."
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော လေလှိုင်းအဟုန်များမှာ တိုက်ပွဲဗဟိုချက်မှ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
“သတိထားကြ...”
ကျင့်ကြံမှုအဆင့် နိမ့်ပါးသော အတွင်းစည်းတပည့် အချို့မှာ လေလှိုင်းဒဏ်ကြောင့် နောက်သို့ လွင့်စဉ်သွားကြသဖြင့် သူတို့၏ အကာအကွယ် ချီစွမ်းအင်များကို အမြန် ထုတ်သုံးလိုက်ကြရသည်။ အကြီးအကဲချန်းဟန်သည်လည်း ချန်လင်းယူနှင့် လင်ရှောင်ယွမ်တို့ကို ကာကွယ်ရန် သူ၏ရှေ့တွင် ချီစွမ်းအင် အကာအကွယ်တစ်ခု ပြုလုပ်လိုက်၏။
“ဘယ်သူနိုင်သွားတာလဲ...”
တောက်ပသော အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ လူတိုင်း မျက်လုံးများကို မှေးကာ ကွင်းအလယ်သို့ အသည်းအသန် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် အံ့အားသင့်သွားကြသော အသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။
ခန်းမအလယ်တွင် လော့ချန်မှာ ခြေလှမ်း ဆယ်ဂဏန်းခန့် နောက်သို့ ဆုတ်သွားခဲ့သော်လည်း သူ၏ ဝတ်ရုံမှာ လေလှိုင်းဒဏ်ကြောင့် တဖျတ်ဖျတ် လွင့်နေကာ သူ၏ အရှိန်အဝါမှာ ဓားတစ်စင်းကဲ့သို့ မားမားမတ်မတ် ရှိနေဆဲ ဖြစ်သည်။
သူ၏ ဆန့်ကျင်ဘက်တွင်မူ ယွမ်ချီယွီသည် မီတာ ဆယ်ဂဏန်းခန့် ဝေးသော တိုင်တစ်ခုကို ရိုက်မိကာ လဲကျနေပြီး သူ၏ ဝတ်ရုံမှာလည်း စုတ်ပြတ်သတ်နေကာ သူ၏ ညာဘက်လက်တွင် သွေးချင်းချင်းနီနေသော ဓားဒဏ်ရာကြီးတစ်ခု ရှိနေတော့သည်။ သူ၏ မျက်နှာမှာလည်း ဖြူဖျော့နေတော့၏။
"ဖူး..."
နောက်ဆုံးတွင် ယွမ်ချီယွီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကမောက်ကမ ဖြစ်နေသော သွေးစွမ်းအင်များကို မထိန်းနိုင်တော့ဘဲ သွေးတစ်ချက် အန်ထုတ်လိုက်ရတော့သည်။
အခန်း (၄၄၆) ပြီးပါပြီ။
အခန်း ၄၄၇ - တစ်ပွဲနှင့်ပင် နာမည်ကျော်သွားခြင်း... ယခင် ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦး...
“ယွမ်ချီယွီ ရှုံးသွားပြီ...”
အံ့သြမှင်တက်မိသွားသည့် အာမေဍိတ်သံတစ်ခုနှင့်အတူ အတွင်းစည်းခန်းမကြီးတစ်ခုလုံးသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူအများမှာ ထိုနေရာတွင် ရပ်နေရင်း သွေးအန်နေသည့် ယွမ်ချီယွီနှင့် ဒဏ်ရာအစအနပင် မရရှိခဲ့သော လော့ချန်ကို ကြည့်ကာ မယုံနိုင်လောက်အောင် ဖြစ်နေကြ၏။
သူတို့ ဘာကို မြင်လိုက်ကြရသနည်း။
သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိသေးသည့် လော့ချန်က တစ်ကွက်တည်းနှင့် ပဉ္စမအဆင့် အလယ်အလတ်ရှိသော ယွမ်ချီယွီကို ဒဏ်ရာရအောင် လုပ်လိုက်သည်တဲ့လား။
တစ်ကွက်တည်း...။
သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်မှာ အဆင့် သုံးခုမျှ ကွာခြားနေသည် မဟုတ်ပါလော။ ဤသည်မှာ သာမန်အဆင့်ကျော် စိန်ခေါ်မှုမျိုး မဟုတ်တော့ဘဲ အဆင့်ကျော်ပြီး ဖိနှိပ်လိုက်ခြင်းသာ ဖြစ်သည်။
လော့ချန်မှာ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူလည်း ဖြစ်နေပြန်သည်။ လူအများမှာ ကိုယ်တိုင် မြင်တွေ့နေရသော်လည်း မယုံနိုင်အောင် ဖြစ်နေကြရ၏။ ယခုတင်က ဖြစ်ပျက်သွားသည့် အရာမှာ တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းပြီး အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
တိုက်ပွဲကို စောင့်ကြည့်နေကြသည့် မင်းသားတန်း အဖွဲ့ဝင် အတွင်းစည်းတပည့်များမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လော့ချန်ကို ကြည့်ရင်း စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို အလိုအလျောက် ခံစားလိုက်ရတော့သည်။
"ချပ်..."
လော့ချန်သည် လျှစ်စီးဓားကို လေထဲတွင် လှပစွာ တစ်ပတ်လှည့်ကာ ဓားအိမ်ထဲသို့ ချပ်ခနဲ ပြန်ထည့်လိုက်ပြီးနောက် လော့ချန်သည် ယွမ်ချီယွီကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
“အရှုံးအနိုင် ပေါ်သွားပြီဆိုတော့... အခုချက်ချင်း ထွက်သွားလိုက်တော့...”
တစ်ချက်တည်းနှင့် ယွမ်ချီယွီကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်လည်း သူသည် အခြားသူများကဲ့သို့ စိတ်လှုပ်ရှားမနေဘဲ အနည်းငယ်ပင် စိတ်ပျက်နေမိသည်။ အဆုံးမှာတော့ ဤသည်မှာ သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးထားသည့် အပြင်းထန်ဆုံးသော ဓားကွက် ဖြစ်သည် မဟုတ်ပါလော။
၎င်းမှာ သူ၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်။ အစွမ်းကုန် ထုတ်သုံးလိုက်သော်လည်း အသာစီး အနည်းငယ်ရရုံသာ ရှိသေးသည်။ အကယ်၍ ယွမ်ချီယွီသာ သတိပိုထားမည်ဆိုလျှင် ဒဏ်ရာရအောင် လုပ်ရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။
“ကျင့်ကြံမှုအဆင့်ကသာ အဓိကပဲ... ကျန်တာတွေကတော့ အပေါ်ယံအကာတွေပါလား...”
လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်ရင်း ကျင့်ကြံမှုအဆင့်ကို မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ဆောင်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သို့ စောစီးစွာ ရောက်ရှိရန် ဆုံးဖြတ်လိုက်တော့သည်။ ခိုင်မာသော ကျင့်ကြံမှုအခြေခံ ရှိမှသာ ကျန်သည့်အရာများကို ဆက်လက် စဉ်းစားနိုင်မည် ဖြစ်သည်။
"အဟွတ်..."
“ကောင်းတယ်... သိပ်ကောင်းတယ်... အဟွတ်... လော့ချန်... ဒီဓားတစ်ချက်ကို ငါ မှတ်ထားလိုက်မယ်...”
ယွမ်ချီယွီသည် လော့ချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း မြေပြင်ပေါ်သို့ သွေးများကို အန်ထုတ်လိုက်၏။ သူ၏ ဒဏ်ရာမှာ အလွန်အမင်း မပြင်းထန်သော်လည်း ဓားစွမ်းအင်ထဲတွင် ပါဝင်သော ဓားဆန္ဒကြောင့် သွေးစွမ်းအင်များမှာ ကမောက်ကမ ဖြစ်နေရသည်။
သို့သော် လော့ချန်၏လက်တွင် ရှုံးနိမ့်သွားရခြင်းမှာ သူ၏ စိတ်ထဲ၌ အကြီးအကျယ် အရှက်ရစေသဖြင့် ရူးမတတ် ခံစားနေရကာ လော့ချန်ကို အပိုင်းပိုင်း ပိုင်းပစ်ချင်နေမိသည်။ ဆက်လက်နေရန် သိက္ခာမရှိတော့သဖြင့် ယွမ်ချီယွီသည် စကားတစ်ခွန်း ချန်ထားခဲ့ကာ ခန်းမထဲမှ အရှက်တကွဲ ထွက်ခွာသွားတော့သည်။
“ဟားဟားဟား... ဒုတိယအဆင့် အစောပိုင်းနဲ့ ပဉ္စမအဆင့် သန်မာသူကို အနိုင်ယူလိုက်တာပဲ... လော့ချန်... မင်းက တကယ့်ကို ငါ့ရဲ့ မျက်စိကို ဖွင့်ပေးလိုက်တာပဲ...”
အကြီးအကဲချန်းဟန်သည် ရှေ့သို့ တိုးလာပြီး အံ့သြတကြီး ပြောလိုက်သည်။ ယခုအချိန်တွင် သူသည် လော့ချန်အပေါ်တွင် မှတ်ချက်တစ်ခုသာ ပေးနိုင်တော့သည်။
ဒီကောင် နတ်ဆိုး...။
လူကို ထိတ်လန့်တုန်လှုပ်စေသည့် နတ်ဆိုးတစ်ကောင်ပင် ဖြစ်သည်။
ချန်လင်းယူနှင့် လင်ရှောင်ယွမ် တို့မှာလည်း စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူဝေနေကြ၏။
“ခုနက အတွင်းစည်း အကြီးအကဲတွေတောင် ကြောင်သွားကြတာ... လော့ချန်... မင်းကတော့ ဒီနေ့ တစ်ပွဲတည်းနဲ့တင် နာမည်ကြီးသွားပြီ...”
ချန်လင်းယူ၏ လှပသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေတော့သည်။ လော့ချန်၏ အနာဂတ်မှာ မည်သို့ပင်ဖြစ်စေ ယခုလက်ရှိ အောင်မြင်မှုမှာ တောက်ပလွန်းလှသဖြင့် လူအများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤတိုက်ပွဲပြီးနောက် လော့ချန်၏ အမည်မှာ အတွင်းစည်းထဲတွင် ဟိန်းထွက်သွားမည် ဖြစ်ကာ အတွင်းစည်းသို့ အခုမှ ရောက်ရှိလာသည့် အမည်မသိ လူငယ်တစ်ယောက် မဟုတ်တော့ပေ။ သူ့ကို အထင်သေးခဲ့ကြသူများမှာလည်း ပြန်လည် စဉ်းစားကြရပေတော့မည်။
လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်၏။ သူသည် နာမည်ကျော်ကြားမှုကို ဂရုမစိုက်ပေ။ အကယ်၍ ယွမ်ချီယွီသာ ချန်လင်းယူ ကို လက်ပါရန် မကြိုးစားခဲ့ပါက သူသည်လည်း တစ်ဖက်လူနှင့် ငြင်းခုံနေမည် မဟုတ်ပေ။ လော့ချန်သည် အကြည့်ကို လွှဲကာ အကြီးအကဲကျန်းရှင်ရွှေ ကို ကြည့်လိုက်သည်။
“အကြီးအကဲကျန်း...”
သူ စကားစလိုက်ရုံတင် ရှိသေးသော်လည်း ကျန်းရှင်ရွှေသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာပြီး လက်ထဲတွင် ကျောက်စိမ်းသေတ္တာလေးကို ကိုင်လျက် ပြောလိုက်သည်။
“လော့ချန်... ခုနက ငါ သေချာ မသိလိုက်လို့ပါ... မင်းရဲ့ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပထမဆုအတွက် ဆုလာဘ်တွေကို ပြင်ဆင်ထားပြီးသားပါ...”
“ဒီမှာ သွေးကြောဖွင့်ဆေးလုံး သုံးလုံး...”
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသည့် အမူအရာကြောင့် လော့ချန်ပင်လျှင် ခေတ္တမျှ ကြောင်အသွားရသော်လည်း ခဏအတွင်းမှာပင် အဖြေကို သိရှိသွားခဲ့သည်။ သူ၏ စွမ်းအားက အတွင်းစည်း အကြီးအကဲ တစ်ဦးကို ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ မရောက်သေးပေ။
ထို့ကြောင့် မဟာအကြီးအကဲ၏ တပည့်ဆိုသည့် အဆင့်အတန်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
“နောက်ခံရှိတာက အလုပ်လုပ်ရတာ တကယ်ပဲ အဆင်ပြေတာပဲ...”
လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်ရင်း ကျောက်စိမ်းသေတ္တာကို ယူလိုက်၏။ ကျန်းရှင်ရွှေက ပြုံးလျက် ဆက်ပြောပြန်သည်။
“ချီစွမ်းအင်ဆေးလုံးတွေကိုတော့ မင်းရဲ့ အမှတ်အသား တံဆိပ်ပြားထဲကို တိုက်ရိုက် ထည့်ပေးလိုက်ပါ့မယ်... ဆုလာဘ်ဖြစ်တဲ့ ရှစ်ထောင်အပြင် ငါ့ဘက်ကနေ တောင်းပန်တဲ့အနေနဲ့ ကိုယ်ပိုင်ဆေးလုံး တစ်ထောင်ကိုပါ အပိုပေးပါရစေ... ဒါနဲ့ ပတ်သက်ပြီး အကြီးအကဲချင်ကွေ့ ဆီမှာတော့...”
လော့ချန်သည် ဤကိစ္စမျိုးတွင် အချိန်ကုန်မခံချင်တော့သဖြင့် ပြောလိုက်သည်။
“စိတ်ချပါ... ဒီနေ့ကိစ္စက ဒီမှာတင် အဆုံးသတ်ပါပြီ...”
ပြောပြီးနောက် လော့ချန်သည် လှည့်ထွက်သွားတော့သည်။ လော့ချန်တို့ လူစု ခန်းမထဲမှ ထွက်သွားသည်နှင့် ကျန်းရှင်ရွှေ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့၏။
မင်းသားတန်းမှ အတွင်းစည်းတပည့် တစ်ဦးက မေးလိုက်သည်။
“အကြီးအကဲကျန်း... အဋ္ဌမမင်းသားက ဒီဆုလာဘ်တွေကို လော့ချန်ကို မပေးဖို့ ပြောထားတာ မဟုတ်ဘူးလား...”
“ငါ ဘာလုပ်နိုင်မှာလဲ... မင်းသားအတွက်နဲ့ အကြီးအကဲချင်ကွေ့ကို သွားပြီးတော့ စော်ကားရမှာလား...”
ချီစွမ်းအင်ဆေးလုံး တစ်ထောင်ကို အလကား ဆုံးရှုံးလိုက်ရသဖြင့် ကျန်းရှင်ရွှေသည် စိတ်မကြည်မလင် ဖြစ်နေရသည်။ သူသည် လော့ချန် ထွက်သွားသည့် ဘက်ကို ကြည့်ကာ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်လျက် ပြောလိုက်သည်။
“ယူသွားရင်လည်း ယူသွားပါစေဦး... သူ ဘယ်လောက်အထိ ရမ်းကားနိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့...”
“ယွမ်ချီယွီက ဒီနေ့ ဒီလောက်အထိ အရှက်ကွဲသွားတာဆိုတော့ သေချာပေါက် ငြိမ်နေမှာ မဟုတ်ဘူး... သူ့အစ်ကို ယွမ်ချင်ယင်က ယွမ်မန်လီ ကို ရှုံးပြီး ထိပ်သီးဆယ်ဦး နေရာကနေ ဖယ်ပေးလိုက်ရတာကို အမြဲတမ်း ရန်ငြိုးဖွဲ့ထားတာလေ... ဒီလော့ချန်က ယွမ်မန်လီရဲ့ လူဆိုတာကိုသာ ယွမ်ချင်ယင် သိသွားရင်တော့... ဟဲဟဲ...”
သူ၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။
အတွင်းစည်းခန်းမ အပြင်ဘက်။
“ဟင်... ယွမ်ချီယွီက ယွမ်ချင်ယင်ရဲ့ညီ ဟုတ်လား...”
လော့ချန်သည် အကြီးအကဲချန်းဟန်၏ စကားကြောင့် ဤကိစ္စကို သိရှိသွားပြီးနောက် ထူးဆန်းစွာ ပြုံးလိုက်၏။
“ဒါဆိုရင် ငါ အတွင်းစည်းထဲကို ရောက်ရောက်ချင်းမှာတင် အဋ္ဌမမင်းသား ကျင်းမင်တင် မကဘဲ နန်ကုန်းကျွယ်နဲ့ ယွမ်ချင်ယင် ဆိုတဲ့ တိုက်ရိုက်တပည့်ကြီး နှစ်ယောက်ကိုပါ စော်ကားမိပြီးသား ဖြစ်နေတာပေါ့...”
အကြီးအကဲချန်းဟန်က ပြောလိုက်သည်။
“စိတ်မပူပါနဲ့... မင်းက အခု အကြီးအကဲချင်ကွေ့ရဲ့ တပည့်ဖြစ်နေတာဆိုတော့ ယွမ်ချင်ယင်တောင် မင်းကို စိတ်ကြိုက် လုပ်ရဲမှာ မဟုတ်ဘူး... နောက်ပြီး ပါရမီရှင်တွေမှာ သူတို့ရဲ့ သိက္ခာရှိကြတယ်... သူက မင်းလို လူတစ်ယောက်ကို အဆင့်အတန်းအရ သိက္ခာကျခံပြီး နှောင့်ယှက်နေမှာ မဟုတ်ဘူး... မင်း သတိထားရမှာက ယွမ်ချီယွီ ကိုပဲ...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သော်လည်း စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။ ယွမ်ချီယွီ ဖြစ်စေ၊ ယွမ်ချင်ယင် ဖြစ်စေ... သူသည် မင်းသားတန်း၏ ခေါင်းဆောင် နန်ကုန်းကျွယ် ကိုပင် စော်ကားခဲ့ပြီးသား ဖြစ်ရာ နောက်ထပ် တိုက်ရိုက်တပည့်ကြီး တစ်ယောက်ကိုလည်း ကြောက်မနေတော့ပေ။
ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လော့ချန်သည် သွေးကြောဖွင့်ဆေးလုံး နှစ်လုံးကို ထုတ်ယူကာ ချန်လင်းယူ နှင့် လင်ရှောင်ယွမ် တို့ကို တစ်ယောက်တစ်လုံးစီ ပေးလိုက်၏။
သူတို့နှစ်ဦးစလုံး ဆေးလုံးကို ယူလိုက်ကြသည်။ ယနေ့ လော့ချန်၏ စွမ်းဆောင်ရည်မှာ သူတို့ကို အကြီးအကျယ် လှုံ့ဆော်မှု ဖြစ်စေခဲ့သဖြင့် ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်ကြံပြီး သွေးကြောနိုးကြားမှုနယ်ပယ်သို့ အမြန်ဆုံး ချိုးဖြတ်ရန် စိတ်ထဲမှ သစ္စာဆိုလိုက်ကြတော့သည်။
အကြီးအကဲချန်းဟန်က ရယ်မောလျက် ပြောလိုက်သည်။
“လော့ချန်... မင်းသာ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ထိပ်သီးနှစ်ဦးထဲ ပါရင် ငါ မင်းကို ဆုပေးပါ့မယ်လို့ ပြောခဲ့ဖူးတယ်... မင်းက ပထမတောင် ရခဲ့တာဆိုတော့... ပြောစမ်းပါဦး... မင်း ဘာဆုလိုချင်သလဲ...”
လော့ချန်သည် ထိုကိစ္စကို သတိရသွားပြီးနောက် ခေါင်းခါယမ်းလိုက်၏။
“အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... အကြီးအကဲက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပြီးပါပြီ... ဆုလာဘ်တွေ မလိုတော့ပါဘူး...”
“ဘယ်လိုဖြစ်နိုင်မှာလဲ... ငါပြောပြီးသားစကားကို ပြန်ရုတ်သိမ်းဖို့ မရှိဘူး...”
အကြီးအကဲချန်းဟန် က ခေါင်းခါယမ်းလိုက်ရင်း စဉ်းစားကာ ပြောလိုက်သည်။
“မင်းဆီမှာ အခု ချီစွမ်းအင်ဆေးလုံးတွေ မရှားတော့ဘူးဆိုတော့... ငါ ပြန်ပြီးတော့ မင်းအတွက် အသုံးဝင်မယ့် အရာတစ်ခုခု ရှိမလားဆိုတာ ရှာကြည့်ပေးပါ့မယ်...”
လော့ချန်လည်း ထပ်ပြီး ငြင်းမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ...”
သူတို့သုံးဦးကို နှုတ်ဆက်ပြီးနောက် လော့ချန်သည် မန်လီတောင်ထိပ် သို့ ပြန်လာခဲ့ရင်း နောက်ထပ် ကျင့်ကြံမှုများကို စဉ်းစားနေမိ၏။
“ဓားဆန္ဒကတော့ အချိန်တိုအတွင်းမှာ တိုးတက်ဖို့ ခဲယဉ်းလိမ့်မယ်... အရင်ဆုံး ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးရင် ခန္ဓာသန့်စင်ကန် ကို သွားရမယ်... ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံတာက ငါ့ရဲ့ စွမ်းအားကို ဘယ်လောက်အထိ တိုးတက်စေမလဲဆိုတာ တကယ်ကို မျှော်လင့်မိတယ်...”
လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်ရင်း မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေတော့သည်။
ယွမ်ချင်တောင်ထိပ်...။
၎င်းမှာ ယခင် ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် ယွမ်ချင်ယင် ပိုင်ဆိုင်သည့် တောင်ထိပ် ဖြစ်သည်။ ယွမ်ချင်ယင် သည် ယွမ်မန်လီ ကို ရှုံးနိမ့်ခဲ့သော်လည်း သူ၏ တောင်ထိပ်ကိုမူ သိမ်းယူခြင်း မခံရပေ။
တစ်ခုလုံးသော ယွမ်ချင်တောင်ထိပ်သည် အလွန်ပင် မြင့်မားလှပြီး တိမ်တိုက်များကြားသို့ ထိုးဖောက်ဝင်ရောက်နေ၏။ တောင်ထိပ်ပေါ်တွင် တောင်ပံဖြန့်ထားသော လင်းယုန်ကြီး တစ်ကောင်နှင့်တူသည့် ခန့်ညားထည်ဝါသော အိမ်တော်ကြီးတစ်ခု ရှိနေသည်။
အိမ်တော်ထဲတွင်...။
ကိုယ်ပေါ်၌ သွေးများ စွန်းထင်းနေသော ယွမ်ချီယွီသည် အပေါ်စီးမှ ထိုင်ကာ လျှပ်စီးတန်းကဲ့သို့ စူးရှသော အကြည့်များဖြင့် သူ့ကိုကြည့်နေသော လူငယ်ကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့နေမိသည်။
“အစ်ကိုကြီး...”
အခန်း (၄၄၇) ပြီးပါပြီ။