← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း ၄၄၈ - ဆန်းကြယ်နဂါးကျင့်စဉ်... ခန္ဓာသန့်စင်ကန်သို့ သွားခြင်း...

အိမ်တော်၏ အထက်စီးတွင် ထိုင်နေသော လူငယ်သည် ရွှေရောင်အနားကွပ်ပါသည့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပခုံးပေါ်တွင် ရွှေရောင်လင်းယုန်ခြေသည်းပုံစံ အမှတ်အသား နှစ်ခု ရှိနေသည်။ သူ၏ မျက်လုံးများမှာ လင်းယုန်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းစူးရှနေပြီး ပေးစွမ်းသည့် အရှိန်အဝါမှာ အလွန်ပင် အန္တရာယ်များလှ၏။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ယွမ်ချီယွီ၏ အစ်ကိုဖြစ်သူ၊ ယခင် ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးစာရင်းဝင် ယွမ်ချင်ယင်ပင် ဖြစ်သည်။

သူသည် မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ယွမ်ချီယွီ ပြောပြသမျှကို တည်ငြိမ်စွာ နားထောင်နေသည်။ စကားဆုံးသွားသည့် အခါမှသာ ယွမ်ချင်ယင်၏ အကြည့်များမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ခပ်အေးအေး ပြောလိုက်၏။

“ဒါဆိုရင်... အဲ့ဒီလော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်း ကျင့်ကြံမှုနဲ့တင် မင်းကို တစ်ကွက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်လိုက်တာပေါ့...”

“ကျွန်တော်... ကျွန်တော်က သူ သုံးပုံတစ်ပုံ ဓားဆန္ဒကို နားလည်ထားမယ်လို့ မထင်ထားလို့ပါ... နည်းနည်း ပေါ့ဆသွားတာ...”

ယွမ်ချီယွီ မှာ အရှက်ရနေသဖြင့် အသံတိုးတိုးဖြင့် ဆင်ခြေပေးလိုက်ပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။

“အစ်ကိုကြီး... အဲ့ဒီလော့ချန်က ယွမ်မန်လီရဲ့ လူပဲ... ယွမ်မန်လီက သူ့ကို တော်တော်လေး အလေးထားပုံရတယ်...”

“ဟေ...”

ယွမ်ချင်ယင်၏ မျက်လုံးများမှ လျှပ်စီးတန်းကဲ့သို့ စူးရှသော အလင်းတန်းများ ဖြာထွက်လာရာ အိမ်တော်အတွင်းရှိ လေထုမှာပင် လှိုင်းလုံးများကဲ့သို့ တုန်ခါသွားတော့သည်။ ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် ယွမ်ချီယွီမှာ လန့်ဖျန့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။

ယွမ်ချင်ယင်က ယွမ်ချီယွီကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“လော့ချန်က ယွမ်မန်လီရဲ့ လူဖြစ်နေလို့ ငါက သူ့ကို သွားတိုက်ခိုက်ရမယ်၊ မင်းအတွက် လက်စားချေပေးပြီး ယွမ်မန်လီကို ထိုးနှက်ရမယ်လို့ မင်းက ပြောချင်နေတာလား...”

ယွမ်ချီယွီ မှာ စိုက်ကြည့်ခံရသဖြင့် အသက်ပင် ဝဝမရှူရဲဘဲ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။

“မင်းကတော့ ငါ့ကို တော်တော်လေး စိတ်ပျက်အောင် လုပ်တာပဲ...”

ယွမ်ချင်ယင်က နှာမှုတ်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်၏။

“ငါက ယွမ်မန်လီကို ရှုံးခဲ့လို့ ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးနေရာကနေ ဖယ်ပေးလိုက်ရတာကို သူမအပေါ် တော်တော်လေး မကျေမနပ် ဖြစ်တာတော့ အမှန်ပဲ...”

“ဒါပေမဲ့ ငါဆုံးရှုံးသွားတဲ့ အရာတွေကို ငါကိုယ်တိုင်ပဲ ပြန်လုယူမယ်... တစ်နေ့ကျရင် ငါက ယွမ်မန်လီကို အနိုင်ယူပြီး ငါ့ရဲ့ အရာအားလုံးကို ပြန်ယူပြမယ်... အဲ့ဒီလို မဟုတ်ဘဲ လော့ချန်လို လူမျိုးကို သွားပြီး နှိမ်နင်းနေမှာ မဟုတ်ဘူး...”

အကြည့်တစ်ချက်နှင့် ယွမ်ချင်ယင်က ယွမ်ချီယွီကို အေးစက်စွာ ကြည့်ကာ ဆိုလိုက်၏။

“မင်းက သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ်မှာ ရှိနေပြီးတော့ ဒုတိယအဆင့် အစောပိုင်းမှာပဲ ရှိတဲ့ လော့ချန်ကို ရှုံးခဲ့တာတောင် ငါ့ဆီလာပြီး အကူအညီတောင်းရဲသေးတယ်... မင်းအတွက် ငါတောင် အရှက်ရမိတယ်... မင်းသာ ငါ့ညီ မဟုတ်ရင် ငါကိုယ်တိုင်ပဲ မင်းကို ပါးရိုက်သတ်မိမှာ...”

“အစ်ကိုကြီး... ကျွန်တော်... ကျွန်တော် မှားပါပြီ...”

ယွမ်ချီယွီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ခြေထောက်များပင် ပျော့ခွေလာတော့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ချင်ယင်က ပြောလိုက်၏။

“အဲ့ဒီလော့ချန်ရဲ့ စွမ်းအားက တကယ်ပဲ အဲ့ဒီလောက် သန်မာတာလား...”

ယွမ်ချီယွီသည် ထပ်မံ၍ ဖုံးကွယ်မထားရဲတော့ဘဲ အမြန် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် ပေါ့ဆခဲ့တာ ရှိပေမဲ့ ကျွန်တော့်ရဲ့ စွမ်းအားအကုန်လုံးကို ထုတ်သုံးခဲ့တာပါ... ဒါပေမဲ့ သူ့ရဲ့ ဓားစွမ်းအင်ကို မတားနိုင်ခဲ့ဘူး... လော့ချန်ရဲ့ ဓားစွမ်းအင်က ချီစွမ်းအင် အရမ်းထူထပ်ရုံတင်မကဘဲ ဖျက်ဆီးရလည်း အရမ်းခက်တယ်... သူက တကယ်ပဲ သန်မာတယ်... အရမ်းကို သန်မာတာ... ကျွန်တော် သူနဲ့ မယှဉ်နိုင်ဘူး...”

“အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပြီးတော့ နယ်ပယ်သုံးဆင့်ကို ကျော်ဖြတ်ပြီး စိန်ခေါ်နိုင်တယ်ပေါ့... သူ့ရဲ့ ဓားလမ်းစဉ် ပါရမီက ဒီလောက်အထိတောင် သန်မာတာလား...”

ထိုသို့ ရေရွတ်လိုက်ပြီးနောက် ယွမ်ချင်ယင်က အေးစက်စွာ ပြောလိုက်၏။

“အရှက်ကွဲတာကို ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဆေးကြောရမယ်... ဒီကိစ္စကို ငါကူညီမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းအတွက် ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံဖို့ အခွင့်အရေးတစ်ခုတော့ ငါ တောင်းပေးမယ်...”

“ခန္ဓာသန့်စင်ကန်...”

ယွမ်ချီယွီသည် ဝမ်းသာအားရဖြင့် ခေါင်းမော့ကြည့်လိုက်၏။

ယွမ်ချင်ယင်က ခေါင်းညိတ်ပြလိုက်သည်။

“မှတ်ထား... နောက်တစ်ခါ ထပ်တိုက်ခိုက်ရင် နိုင်ကိုနိုင်ရမယ်... လုံးဝ မရှုံးစေနဲ့... တကယ်လို့ ထပ်ရှုံးမယ်ဆိုရင်တော့ ငါ့ဆီကို ဘယ်တော့မှ ထပ်မလာနဲ့တော့...”

“အစ်ကိုကြီး စိတ်ချပါ... ကျွန်တော်က အခု သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်တော့မှာပါ... တကယ်လို့ ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံခွင့် ရမယ်ဆိုရင် သေချာပေါက် ဆဋ္ဌမအဆင့်ကို တက်နိုင်မှာပါ...”

“အဲ့ဒီအချိန်ကျရင် လော့ချန်ကို အနိုင်ယူဖို့ဆိုတာ လက်ဖျောက်တစ်ချက်တီးသလောက်ပဲ လွယ်သွားမှာပါ...”

ယွမ်ချီယွီ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ စိတ်ကူးထဲတွင် ခန္ဓာသန့်စင်ကန်မှ ထွက်လာပြီးနောက် လူအများရှေ့တွင် လော့ချန်ကို အပြင်းအထန် ရိုက်နှက်ကာ အရှက်ကို ပြန်ဆေးကြောနေသည့် ပုံရိပ်များကို မြင်ယောင်နေတော့သည်။

“ဒါဆိုရင်လည်း ကောင်းပြီ... နောက်တစ်ကြိမ် ခန္ဓာသန့်စင်ကန် ဖွင့်မယ့်နေ့အထိ ရှစ်ရက်ပဲ လိုတော့တယ်... သေချာသွားပြင်ဆင်ထားလိုက်တော့...”

“ဟုတ်ကဲ့ပါ...”

ယွမ်ချီယွီသည် အိမ်တော်ထဲမှ ထွက်လာပြီးနောက် သူ၏ အကြည့်များမှာ တဖြည်းဖြည်း ထက်မြက်လာကာ ပြုံးလိုက်၏။

“လော့ချန်... ရှစ်ရက်နေရင် ဒီနေ့ အရှက်ကွဲခဲ့တာကို ငါ အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်... စောင့်နေလိုက်ဦး...”

မန်လီတောင်ထိပ်...။

လော့ချန်သည် ချန်လင်းယူ တို့နှင့် နှုတ်ဆက်ပြီးနောက် ရှန်ယွမ်အိမ်တော်သို့ တိုက်ရိုက် ပြန်လာခဲ့သည်။

သူသည် ကျင့်ကြံမှုနယ်ပယ်ကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပြီး ခန္ဓာသန့်စင်ကန်သို့ သွားရောက် ကျင့်ကြံလိုစိတ် ပြင်းပြနေမိသည်။

“ဒီ သွေးကြောဖွင့်ဆေးလုံးက ငါ့ရဲ့ ကျင့်ကြံမှုကို တည်ငြိမ်သွားအောင် လုပ်ပေးဖို့ လောက်မှာပါ...”

ကျင့်ကြံသည့် အခင်းပေါ်တွင် ထိုင်လိုက်ပြီးနောက် လော့ချန်သည် နောက်ဆုံးကျန်ရှိနေသော သွေးကြောဖွင့်ဆေးလုံးကို ထုတ်ယူလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူကာ ဆေးလုံးကို ဝါးမြိုလိုက်ပြီး ဆေးအာနိသင်ကို စတင်သန့်စင်ကာ သွေးကြောများကို စတင်ဖွင့်လှစ်တော့သည်။

အချိန်များမှာ ရေလိုပင် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့၏။

ထိုသုံးရက်အတွင်း လော့ချန်သည် ကျန်ရှိနေသော ချီစွမ်းအင် အလင်းတန်း ရှစ်ခုထဲမှ ဒုတိယမြောက် သွေးကြောကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျင့်ကြံမှုအဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းတွင် တည်ငြိမ်သွားခဲ့သည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောပေါင်းမှာ ၁၈ ခုအထိ ရှိနေပြီ ဖြစ်သည်။

၎င်းမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် သန်မာသူများထက် ကိုးဆ ပိုများခြင်း ဖြစ်သည်။

“ချီစွမ်းအင်လှိုင်းဝဲ ကိုးခု... သွေးကြောကလည်း ကိုးဆ... တကယ်ကို မယုံနိုင်စရာပဲ...”

ချီစွမ်းအင်လှိုင်းဝဲ ကိုးခုကြောင့် လော့ချန်တွင် အံ့အားသင့်ဖွယ် ကောင်းသော ချီစွမ်းအင် ပမာဏ ရှိနေသည်။

ကိုးဆသော သွေးကြောများကြောင့်လည်း အဆင့်တူ သန်မာသူများထက် ချီစွမ်းအင်ကို တစ်ခဏအတွင်း ပိုမို ပြင်းထန်စွာ ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ လော့ချန်သည် အဆင့်သုံးခုကို ကျော်ဖြတ်ပြီး ယွမ်ချီယွီကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ ငါသာ စစ်မှန်တဲ့နဂါးကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက စိတ်ကူးလို့တောင် မရတဲ့ အဆင့်ကို ရောက်သွားမှာပဲ...”

လော့ချန်၏ အသံတွင် စိတ်လှုပ်ရှားမှုများ ဖုံးကွယ်မထားနိုင်တော့ပေ။

စစ်မှန်သောနဂါးကျင့်စဉ်၏ ဒုတိယမြောက်အဆင့်ဖြစ်သော ဆန်းကြယ်နဂါးကျင့်စဉ်သည် အချိန်တိုအတွင်း ချီစွမ်းအင်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။

ပထမအဆင့်မှာ တစ်ဆ၊ ဒုတိယအဆင့်မှာ နှစ်ဆ... ထိုသို့ဖြင့် အဆင့်ဆင့် တိုးတက်သွားခြင်း ဖြစ်သည်။

အကယ်၍ ဆန်းကြယ်နဂါးကျင့်စဉ်က ကိုးဆင့်အထိ ပြည့်စုံသွားမည်ဆိုလျှင် ချီစွမ်းအင်က စစ်မှန်သော နဂါးတစ်ကောင်လိုပင် ကုန်ခမ်းနိုင်မည်မဟုတ်ပေ... ထိုအခါ အဆင့်တူ သန်မာသူများကို အနိုင်ယူဖို့ဆိုသည်မှာ လက်ဖျောက်တစ်ချက်တီးသလောက်ပင် လွယ်ကူသွားမည်မှာ ဧကန်ပင်။ အဆင့်ကျော်ပြီး စိန်ခေါ်ရန်မှာ ထမင်းစားရေသောက်သလိုပင် လွယ်ကူသွားပေလိမ့်မည်။

“စစ်မှန်တဲ့နဂါးကျင့်စဉ်က ဘယ်လိုအဆင့်ရှိတဲ့ ကျင့်စဉ်လဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး... ဘယ်လို အားနည်းချက်မှကို မရှိတာပဲ...”

“ဘက်စုံမှာ သန်မာရုံတင်မကဘဲ အရာရာတိုင်းက အထွတ်အထိပ်ကို ရောက်နေတာပဲ...”

လော့ချန်သည် တစ်ယောက်တည်း ရေရွတ်ရင်း အံ့သြနေမိသည်။

ယေဘုယျအားဖြင့် ကျင့်စဉ်တိုင်းတွင် အားသာချက်နှင့် အားနည်းချက် ကိုယ်စီ ရှိကြသည်။

ရွှမ်ယွမ်ဂိုဏ်း၏ အဆင့်မြင့်ကျင့်စဉ်များပင်လျှင် ထိုနည်းအတိုင်းပင် ဖြစ်သည်။

အချို့သော ကျင့်စဉ်များသည် ချီစွမ်းအင် ထူထပ်သော်လည်း အရည်အသွေးမှာ သာမန်သာ ဖြစ်သည်။

အချို့က အရည်အသွေး မြင့်သော်လည်း ပြန်လည်ပြည့်ဖြိုးမှုနှုန်းက အလွန် နှေးကွေးလှသည်။

ခန္ဓာကိုယ်ကျင့်စဉ်များမှာလည်း ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ပေးနိုင်သော်လည်း ချီစွမ်းအင်အပိုင်းတွင်မူ လျစ်လျူရှုထားရလေ့ရှိသည်။

ထိုသို့ဖြင့်...

ကျင့်စဉ်တိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိသလို အားနည်းချက်များလည်း ရှိကြသည်။

စစ်မှန်သောနဂါးကျင့်စဉ် ကမူ ထိုသို့ မဟုတ်ပေ။

မည်သည့် အားနည်းချက်ကိုမျှ မခံစားရဘဲ ဘက်ပေါင်းစုံမှာ အထွတ်အထိပ်သို့ ရောက်ရှိအောင် သန်မာလှသည်။

ခဏမျှ စိတ်လှုပ်ရှားသွားပြီးနောက် လော့ချန်သည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ စစ်မှန်သောနဂါးကျင့်စဉ်၏ သန်မာမှုမှာ သူ့အတွက်တော့ အလွန်ကောင်းသော အချက်ပင်ဖြစ်သည်။

“ခန္ဓာသန့်စင်ကန်ကို သွားလို့ရပြီ...”

လော့ချန်သည် နေရာမှ ထရပ်လိုက်၏။

စစ်မှန်သောနဂါးကျင့်စဉ် မည်မျှပင် သန်မာပါစေ ကျင့်ကြံမှုနယ်ပယ်၏ ကွာဟချက်ကိုတော့ လျစ်လျူရှု၍ မရပေ။

လော့ချန်၏ ခန့်မှန်းချက်အရ ယခုလက်ရှိ သူ၏စွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်နှင့်သာ ယှဉ်နိုင်ဦးမည် ဖြစ်ကာ ဆဋ္ဌမအဆင့် သန်မာသူနှင့် တွေ့လျှင်တော့ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

အကယ်၍ နယ်ပယ်၏ နောက်ဆုံးအဆင့်များမှာ ရှိနေသည့် သန်မာသူများနှင့် တွေ့မည်ဆိုလျှင်တော့ ထွက်ပြေးဖို့ပင် ခက်ခဲပေလိမ့်မည်။

အဆုံးမှာတော့ ကျင့်ကြံမှုအဆင့်ကသာ အခြေခံဖြစ်ပြီး ကျန်အရာများက အပေါ်ယံ အကာများသာဖြစ်သည်။

ခန္ဓာသန့်စင်ကန်သည် ဂိုဏ်း၏ အချက်အချာ အကျဆုံးနေရာဖြစ်သော ကျောက်စိမ်းတောင်ထိပ်တွင် ရှိသည်။

ကျောက်စိမ်းတောင်ထိပ် တစ်ခုလုံးသည် တိမ်တိုက်များ ဖုံးလွှမ်းနေပြီး တစ်ခုလုံးမှ မှိန်ပျပျ အလင်းတန်းများ ဖြာထွက်နေကာ ကြည့်ရသည်မှာ ဧရာမ ကျောက်စိမ်းတုံးကြီး တစ်တုံးကဲ့သို့ပင် အလွန် လှပလှပေသည်။

လော့ချန်သည် ကျောက်စိမ်းတောင်ထိပ်သို့ ရောက်ရှိသွားသည့် အခါမှသာ ခန္ဓာသန့်စင်ကန်သည် သုံးလမှ တစ်ကြိမ်သာ ဖွင့်လှစ်ပြီး နောက်တစ်ကြိမ် ဖွင့်မည့်နေ့မှာ ငါးရက်အလိုတွင် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အခြားနည်းလမ်း မရှိသဖြင့် လော့ချန်သည် လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်လာခဲ့ရ၏။

ကျန်ရှိနေသော ငါးရက်အတွင်း လော့ချန်သည် ဆန်းကြယ်နဂါးကျင့်စဉ်ကို စတင်ကျင့်ကြံရန် ကြိုးစားလိုသည်။

ဆန်းကြယ်နဂါးကျင့်စဉ်ကို ကျင့်ကြံရန်မှာ အလွန်ပင် ရှုပ်ထွေးလှသည်။

ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဒျန်တန်အတွင်းရှိ နဂါးချီစွမ်းအင်နှင့် ဆက်သွယ်ရမည် ဖြစ်ကာ ထိုနဂါးချီစွမ်းအင်ဖြင့် ချီစွမ်းအင်အိမ်တော်ကို သန့်စင်ရမည် ဖြစ်သည်။ နောက်ဆုံးတွင် ချီစွမ်းအင်အိမ်တော်ကို နဂါးပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ချီစွမ်းအင်များကို အဆက်မပြတ် သန့်စင်ပေးရခြင်း ဖြစ်သည်။

လော့ချန်၏ ဉာဏ်အလင်းပွင့်မှုနှင့်အတူ ကြယ်သုံးပွင့် ဝိညာဉ်ကျောက် အမြောက်အများကို အသုံးပြုခဲ့သော်လည်း ယခုအချိန်အထိ မည်သည့် တိုးတက်မှုမျှ မရှိသေးပေ။

ဤသည်ကို လော့ချန်က စိတ်ပျက်မနေပေ။

ဆန်းကြယ်နဂါးကျင့်စဉ်သည် ချီစွမ်းအင်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည် ဆိုသည့်အတွက် ဤအရာက တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးလိုက်သည်နှင့် အတူတူပင်။

ဤသည်က မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း။ အလွယ်တကူ ကျင့်ကြံနိုင်သည်ဆိုမှသာ ထူးဆန်းဦးမည်ဖြစ်သည်။

“တစ်ဆင့်ချင်းစီ သွားရမှာပေါ့... ငါသာ ဆန်းကြယ်နဂါးကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ပြီး ခန္ဓာသန့်စင်ကန်မှာပါ ကျင့်ကြံခွင့် ရမယ်ဆိုရင် သိပ်မကြာခင်မှာပဲ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် သန်မာသူတွေနဲ့ ယှဉ်နိုင်လာမှာပဲ...”

လော့ချန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားတော့သည်။

ဆွန်ချွမ်ဝူ သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဆွန်ယင်ယန် ကတော့ အသက်ရှင်နေဆဲပင်။

"ဟူး..."

စိတ်ထဲမှ အညစ်အကြေးများကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ပြီးနောက် လော့ချန်သည် အတွေးများကို ဖယ်ထုတ်ကာ ဆက်လက် ကျင့်ကြံနေတော့သည်။

အခန်း (၄၄၈) ပြီးပါပြီ။

အခန်း ၄၄၉ - သူတော်စင်၏ဒေါသ... ခွေးတစ်ကောင် ကြောင်တမြီးတောင် မကျန်စေရ...

လော့ချန်တစ်ယောက် ခန္ဓာသန့်စင်ကန် သို့ သွားရောက်ကျင့်ကြံရန် အာရုံစိုက်ပြင်ဆင်နေသည့် အချိန်တွင်...။

သူသည် မြို့တော်ရှိ အိမ်ရှေ့မင်းသား၏ စားသောက်ပွဲ၌ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ရှောင်လျဲ့နှင့် ကျိတော့ဂိုဏ်း တပည့် လျူကျုံးကျန်း တို့ကို အပြတ်အသတ် အနိုင်ယူခဲ့သည့် သတင်း၊ ထို့အပြင် ဟွာကျင်းယန် ကို ထပ်မံအနိုင်ယူခဲ့သည့် သတင်းများမှာ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် တာယွဲ့မင်းဆက် တစ်ခုလုံးကို ရိုက်ခတ်သွားတော့သည်။

ဤသတင်းများကို ကြားလိုက်ရသူတိုင်း၏ ပထမဆုံးအတွေးမှာ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။ နားကြားမှားလေသလားဟု သံသယဝင်မိကြပြီးနောက် အတိုင်းအဆမရှိသော တုန်လှုပ်မှုကို ခံစားလိုက်ကြရ၏။ ခဏအတွင်းမှာပင် ဤသတင်းများမှာ လူအများ၏ စားသောက်ဝိုင်းများတွင် အဓိက ပြောစရာ စကားဝိုင်းများ ဖြစ်လာခဲ့သည်။

လော့ချန်၏ အမည်မှာလည်း ဟိုးဟိုးကျော်သွားခဲ့ပြီး ဟွာကျင်းယန် ထက်ပင် နာမည်ကြီးလာခဲ့တော့သည်။

ဝူးရှီမြို့...။

၎င်းမှာ တာယွဲ့မင်းဆက် အနောက်မြောက်ဘက်ရှိ အလတ်စား မြို့လေးတစ်မြို့ ဖြစ်သည်။ ဝူးရှီမြို့၏ နံပါတ်တစ် မိသားစုဖြစ်သော ဆွန်မိသားစု သည် မြို့၏မြောက်ဘက်တွင် တည်ရှိပြီး မြေဧက ထောင်ချီ ကျယ်ဝန်းလှသည့် ဧရိယာကို ပိုင်ဆိုင်ကြ၏။ ထိုအထဲတွင် ခန့်ညားထည်ဝါသော အဆောက်အဦများ၊ လှပသော စင်္ကြံလမ်းများနှင့် ရေကန်များ ရှိနေကာ လမ်းများကိုပင် ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထားသဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။

ဆွန်ယင်ယန် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်၊ အထူးသဖြင့် လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲ ဖြစ်လာသည့်အချိန်မှစ၍ လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ဆွန်မိသားစုမှာ အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဝူးရှီမြို့ ရှိ အမည်မသိ မိသားစုလေးမှသည် တစ်မြို့လုံး၏ အင်အားအကြီးဆုံး ဘုရင်တစ်ဆူ ဖြစ်လာခဲ့ကာ မြို့စားအိမ်တော်ပင်လျှင် ဆွန်မိသားစု၏ အရှိန်အဝါကို မယှဉ်နိုင်တော့ချေ။

ဆွန်အိမ်တော်ရှိ ပန်းခြံငယ်လေးတစ်ခု...။

သာယာနာပျော်ဖွယ် တေးဂီတသံများ ပျံ့လွင့်နေပြီး လှပသော အစေခံမိန်းကလေး အချို့မှာ ခါးလေးများကို လှုပ်ခါကာ ကခုန်နေကြသည်။ ပန်းခြံအလယ်ရှိ နားနေဆောင်တွင်မူ ပခုံးကျယ်ကျယ်နှင့် စူးရှသော မျက်လုံးများရှိသည့်၊ ရွှေရောင်ဘောင်ပါသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦးမှာ လက်ဖက်ရည် သောက်နေ၏။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ဆွန်ယင်ယန် ပင် ဖြစ်သည်။

သူ၏ ဘယ်ဘက်မျက်နှာ တစ်ခြမ်းလုံးမှာ အရေပြားများ တွန့်လိမ်နေပြီး ကင်းခြေများ အကောင်လိုက် တွားသွားနေသည့်နှယ်ပင် အကြည့်ရဆိုးနေ၏။ ဘယ်ဘက်မျက်လုံးမှာလည်း တစ်ဝက်ခန့် ဖြူဖျော့နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယွမ်မန်လီ၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရပြီးနောက် ဆွန်ယင်ယန်သည် ဝူးရှီမြို့ သို့ ပြန်လာကာ ဒဏ်ရာ ကုသနေခဲ့ခြင်း ဖြစ်သည်။ ယွမ်မန်လီ၏ ချီစွမ်းအင်မီးလျှံမှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် ယခုရက်ပိုင်းမှသာ သူ၏ ဒဏ်ရာမှာ အပြည့်အဝ ပြန်လည်သက်သာလာခဲ့ခြင်း ဖြစ်သည်။

တိုတောင်းလှသော နှစ်လအတွင်းမှာပင် ဆွန်ယင်ယန် မှာ ၁၀ နှစ်ခန့် အိုမင်းသွားသည့်နှယ် အိုစာသွားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ဆွန်ချွမ်ဝူ သေဆုံးသွားခြင်းက သူ့ကို အကြီးအကျယ် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

ခြေသံများ ထွက်ပေါ်လာ၏။

အရပ်ရှည်ရှည်နှင့် ရုပ်ရည်မှာ ဆွန်ယင်ယန် နှင့် ဆင်တူသည့် လူငယ်အမျိုးသမီး တစ်ဦးမှာ ပန်းခြံထဲသို့ အလောတကြီး ပြေးဝင်လာသည်။ ထိုအမျိုးသမီးမှာ ဆွန်ယင်ယန်၏ သမီးကြီးဖြစ်ပြီး ဆွန်ချွမ်ဝူ၏ အစ်မ ဆွန်ကျိုင်နင် ပင် ဖြစ်သည်။ သူမသည် ကြယ်သုံးပွင့် သိုင်းဝိညာဉ်ကိုသာ နိုးကြားထားသဖြင့် ပါရမီမှာ သာမန်သာ ဖြစ်ကာ ဝူးရှီမြို့တွင် မိသားစုကိစ္စများကို စီမံခန့်ခွဲပေးနေသူ ဖြစ်သည်။

“အားလုံးပဲ ထွက်သွားကြတော့...”

ဆွန်ကျိုင်နင်က အစေခံများကို မောင်းထုတ်လိုက်သည်။

ဆွန်ယင်ယန်သည် သူမ၏ မျက်နှာ မကောင်းသည်ကို တွေ့ရသဖြင့် မေးလိုက်၏။

“ဘာဖြစ်လို့လဲ...”

“ဖေဖေ... ကျွန်မ ယခုတင်က သတင်းတစ်ခု ရခဲ့တယ်...”

ဆွန်ကျိုင်နင်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း စကားတစ်ခွန်းကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“လော့... လော့ချန် အသက်ရှင်နေသေးတယ်...”

"ဖန်း..."

ဆွန်ယင်ယန် လက်ထဲရှိ လက်ဖက်ရည်ခွက်မှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး သူသည် ချက်ချင်း ထရပ်လိုက်တော့သည်။ ပြင်းထန်သော ဒေါသကြောင့် သူ၏ မျက်နှာမှာ သာ၍ပင် တွန့်လိမ်သွားပြီး မယုံကြည်နိုင်စွာ ထပ်မေးလိုက်၏။

“မင်း ဘာပြောလိုက်တယ်...”

ဆွန်ကျိုင်နင်က သူမ ရရှိထားသည့် သတင်းများကို အမြန် ရှင်းပြလိုက်၏။

“တောက်... အဲ့ဒီ တိရစ္ဆာန်လေးက သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရတာတောင် ဘယ်လိုလုပ် အသက်ရှင်နေနိုင်ရတာလဲ... သွေးလင်းယုန်က ငါ့ကို လှည့်စားခဲ့တာလား... ငါ မင်းကို ထပ်မတွေ့စေနဲ့... မဟုတ်ရင်တော့ မင်းကို အပိုင်းပိုင်း ပိုင်းပစ်မယ်...”

ဆွန်ယင်ယန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဟိန်းဟောင်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။

"ဘုန်း..."

ပန်းခြံထဲရှိ ကျောက်တောင်တုလေးမှာ လက်ဝါးချက်ကြောင့် တစ်စစီ ပျက်စီးသွားပြီး နက်ရှိုင်းသော လက်ဝါးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့၏။ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ၏ ဖျက်ဆီးအားမှာ အထင်အရှားပင်။

ဆွန်ကျိုင်နင်သည် သူမဖခင်၏ ဒေါသ အနည်းငယ် ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ပြောလိုက်၏။

“သတင်းတွေအရဆိုရင် လော့ချန်က လင်ကျန်းမြို့က လင်ယွမ်ပြတိုက် ခေါင်းဆောင် ယွမ်ချီလန်နဲ့ ဆက်ဆံရေး တော်တော်လေး ရှိတယ်တဲ့... လင်ယွမ်ပြတိုက် က သူ့ကို ကယ်ခဲ့တာ ဖြစ်ရမယ်...”

“လင်ယွမ်ပြတိုက် လား...”

ဆွန်ယင်ယန် သည် ဒေါသကို တစ်ချက် ဖြေဖျောက်လိုက်ပြီးနောက် တည်ငြိမ်စွာ စဉ်းစားကာ ဆိုလိုက်၏။

“တကယ်လို့ လင်ယွမ်ပြတိုက်သာ ဆိုရင်တော့ အကြောင်းမဟုတ်ဘူး... ဒါပေမဲ့ ငါ စိုးရိမ်တာက ဒီကိစ္စက အဲ့ဒီလောက် မရိုးရှင်းမှာကိုပဲ...”

“ဖေဖေက ဘာကို ဆိုလိုတာလဲ...”

ဆွန်ယင်ယန် က မျက်လုံးများကို အနည်းငယ် မှေးလိုက်ရင်း တိတ်တဆိတ်ရေရွတ်လိုက်၏။

“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းကလည်း ငါ ထူးဆန်းတယ်လို့ ခံစားခဲ့ရတယ်... အဲ့ဒီ တိရစ္ဆာန်လေးက အသုံးမကျတဲ့ သိုင်းဝိညာဉ်ပိုင်ရှင် အသုံးမကျသူ တစ်ယောက်ပဲလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာလဲ...”

“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပြီးသွားတာ နှစ်လပဲ ရှိသေးတယ်... သူက သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားရုံတင်မကဘဲ ဒီလောက်အထိ တိုက်ခိုက်ရေးစွမ်းအား ရှိနေတာလား...”

“သေချာပေါက် သူ့နောက်ကွယ်မှာ သူ့ကို အစွမ်းကုန် မြေတောင်မြှောက်ပေးနေတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာပဲ ဖြစ်ရမယ်...”

ဆွန်ကျိုင်နင်က အသက်ရှူမှားသွားကာ မေးလိုက်၏။

“ဒါဆိုရင် မူလ ကျိမိသားစု လား... ဒါပေမဲ့ ဖေဖေပဲ ပြောခဲ့ဖူးတယ်မဟုတ်လား... သူက ကျိမိသားစု ကနေ အပယ်ခံရပြီးသားမို့လို့ သူတို့နဲ့ ဘာမှမပတ်သက်တော့ဘူး... သတ်ချင်သလို သတ်လို့ရတယ်လို့ ဆိုခဲ့တယ် မဟုတ်လား...”

ဆွန်ယင်ယန်၏ မျက်လုံးများမှာ ဝေ့ဝဲနေပြီး မျက်နှာမှာလည်း သာ၍ ညိုမည်းလာကာ ဆိုလိုက်၏။

“မင်း ဒီမှာ စောင့်နေ...”

ပြောပြီးနောက် ဆွန်ယင်ယန်သည် လှည့်ထွက်သွားတော့သည်။

ပန်းခြံမှ ထွက်လာပြီးနောက် သူသည် ခပ်သွက်သွက် လျှောက်လှမ်းကာ လျှို့ဝှက်အခန်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။ လျှို့ဝှက်အခန်းမှာ မကြီးမားလှဘဲ နံရံတွင် ညအလင်းပြ ကျောက်မျက်များ တပ်ဆင်ထားသည်။ အခန်းထဲတွင် စားပွဲတစ်လုံးသာ ရှိပြီး ၎င်းအပေါ်တွင် ခရမ်းရွှေရောင် အမွှေးတိုင်အိုး တစ်ခု ရှိနေသည်။

ဆွန်ယင်ယန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်မဝက်ခန့်ရှိသော ခရမ်းရောင် အမွှေးတိုင် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး အမွှေးတိုင်အိုးထဲတွင် ရိုရိုသေသေ စိုက်ကာ မီးညှိလိုက်တော့သည်။

“အင်... မင်း နောက်တစ်ခါ ထပ်လာပြန်ပြီလား... ငါပြောထားတယ် မဟုတ်လား... ငါ့ရဲ့ ဝိညာဉ်မီးခိုးကို နောက်တစ်ခါ ထပ်ပြီး အသုံးမပြုပါနဲ့လို့... မင်းက ငါ့စကားကို နားမထောင်တာလား...”

မီးခိုးများ ထွက်ပေါ်လာသည်နှင့်အမျှ လျှို့ဝှက်အခန်းအတွင်း၌ အလွန်ပင် မကျေမနပ်ဖြစ်နေသည့် အသံတစ်သံ ထွက်ပေါ်လာတော့သည်။ ထိုအသံမှာ မကျယ်လောင်လှသော်လည်း မိုးကြိုးပစ်လိုက်သကဲ့သို့ မြည်ဟိန်းနေပြီး လေဟာနယ်မှာပင် တုန်ခါသွားကာ တစ်ခန်းလုံး လှုပ်ခါသွားတော့၏။

ဆွန်ယင်ယန်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ခေါင်းပင် မဖော်ရဲဘဲ ထိတ်လန့်စွာ ပြောလိုက်သည်။

“သူတော်စင်ကြီးရဲ့ အမိန့်တော်ကို ကျွန်တော်မျိုး မနာခံဘဲ ဘယ်နေပါ့မလဲ... ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေက တကယ်ကို အရေးကြီးလွန်းလို့ မတတ်သာတဲ့အဆုံး လုပ်မိတာပါ...”

“ဘာကိစ္စလဲ... ခိုင်လုံတဲ့ အကြောင်းပြချက် မရှိရင် နောက်ဆက်တွဲက ဘာဖြစ်လာမလဲဆိုတာ မင်း သိတယ်နော်...”

ဆွန်ယင်ယန်က အမြန် ပြောလိုက်သည်။

“ချီရှန်မြို့ ကျိမိသားစု သွေးမျိုးဆက် လော့ချန်ရဲ့ ကိစ္စပါ... တစ်နှစ်မပြည့်ခင်မှာတင် သူက...”

“ဟွန့်...”

ဆွန်ယင်ယန် စကားမဆုံးခင်မှာပင် လျှို့ဝှက်အခန်းအတွင်း၌ အေးစက်သော နှာမှုတ်သံတစ်ခု ပေါက်ကွဲထွက်လာပြီး တစ်ခန်းလုံးကို လှုပ်ခါသွားစေတော့သည်။

"ဖူး..."

ဆွန်ယင်ယန်သည် သူ၏ ဦးနှောက်ကို တောင်ကြီးတစ်လုံးနှင့် တိုက်မိလိုက်သည့်နှယ် ခံစားလိုက်ရပြီး သွေးတစ်ချက် အန်ထုတ်လိုက်ရကာ မျက်စိများပင် ပြာဝေသွားတော့၏။

ဟိန်းဟောက်သံကြီးက ဒေါသတကြီး ထွက်ပေါ်လာသည်။

“ငါပြောပြီးသားပဲလေ... အဲ့ဒီ အသုံးမကျတဲ့ကောင်ကို ငါတို့ ကျိမိသားစု ကနေ အပယ်ခံလိုက်ပြီလို့... သူက ငါတို့ မိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး...”

ဆွန်ယင်ယန်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေရင်း အနည်းငယ်မျှပင် မကျေမနပ် မပြရဲဘဲ တောင်းပန်လိုက်ရသည်။

“သူတော်စင်ကြီး စိတ်လျှော့ပါ... ကျွန်တော်မျိုး စကားမှားသွားတာပါ... ဒါပေမဲ့ အဲ့ဒီလော့ချန်က...”

“တော်တော့... လော့ချန်ရဲ့ ကိစ္စကို ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်... သိပ်မကြာခင်မှာပဲ တာယွဲ့မင်းဆက် ကို ရောက်လာလိမ့်မယ်... သတ်မလား၊ လွှတ်မလား ဆိုတာကို သူကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်... မင်းရဲ့ တာဝန်က ပြီးဆုံးသွားပြီ... မှတ်ထား... ငါ့ရဲ့ ဝိညာဉ်မီးခိုးကို နောက်တစ်ခါ ထပ်မသုံးနဲ့... မဟုတ်ရင်တော့... ဟွန့်...”

"ဂျွတ်..."

ပြင်းထန်လှသော နှာမှုတ်သံနှင့်အတူ လျှို့ဝှက်အခန်းကြီးမှာ အက်ကွဲသွားပြီး ဝိညာဉ်မီးခိုးများလည်း ငြိမ်းသတ်သွားတော့သည်။

ခဏအကြာမှသာ ဆွန်ယင်ယန်သည် အားယူကာ ထရပ်လိုက်ရပြီး ကျန်ရှိနေသော အမွှေးတိုင်အနည်းငယ်ကို ဂရုတစိုက် သိမ်းဆည်းကာ လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့တော့သည်။

“ဖေဖေ... ဖေဖေ ဒဏ်ရာရသွားတာလား...”

အပြင်တွင် စောင့်နေသည့် ဆွန်ကျိုင်နင်သည် ဆွန်ယင်ယန်၏ မျက်နှာမှာ ဖြူဖျော့နေသည်ကို တွေ့ရသဖြင့် အမြန် လာရောက် တွဲကူလိုက်၏။

“ကျိမိသားစု လား...”

ဆွန်ယင်ယန်သည် အားနည်းစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ဆိုလိုက်သည်။

“မသိဘူး... ဒါပေမဲ့ အဲ့ဒီ အကြီးအကဲရဲ့ သဘောထားအရဆိုရင် ကျိမိသားစုက လော့ချန်ကို အပယ်ခံအဖြစ် တကယ် သတ်မှတ်လိုက်တာပဲ... သူ့ကိစ္စကို သူတို့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး...”

“ဒါဆိုရင် ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ... လော့ချန်က မောင်လေးကို သတ်ခဲ့တာလေ... သူ သေကို သေရမယ်...”

ဆွန်ကျိုင်နင်၏ လေသံမှာ အေးစက်နေတော့သည်။

ဆွန်ယင်ယန်က ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်၏။

“လော့ချန်က ရှောင်လျဲ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ဟုတ်လား...”

ဆွန်ကျိုင်နင် က ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်... ဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်လို့ ကြားရတယ်... နောင်ကျရင် ကျင့်ကြံဖို့တောင် မလွယ်တော့ဘူး... သူက အသုံးမကျသူ ဖြစ်သွားပြီ...”

ဆွန်ယင်ယန် က အေးစက်စွာ ပြုံးလိုက်ရင်း ကောက်ကျစ်သည့်လေသံဖြင့် ပြောလိုက်သည်။

“သူက တကယ်ပဲ လက်ရဲဇက်ရဲ ရှိလှချည်လား... ဒါဆိုရင်တော့ ငါတို့ အလောတကြီး လုပ်နေစရာ မလိုတော့ဘူး...”

“ရှောင်လျဲ့က အတွင်းစည်း အကြီးအကဲ ကောင်ကျင်လျဲ့ ရဲ့ မြေးအရင်းလေ... ရှောင်လျဲ့ ဒီလို ဖြစ်သွားတာကို ကောင်ကျင်လျဲ့က ဘယ်လိုလုပ် ငြိမ်ခံနေမှာလဲ...”

“သူ့ရဲ့ တပည့်ကြီး ငါးယောက်လုံးက သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေကြတာ... အဲ့ဒီအထဲမှာ ဆဋ္ဌမအဆင့် သန်မာသူတောင် ပါသေးတယ်... သူက သေချာပေါက် သူ့ရဲ့ တပည့်တွေကို လွှတ်ပြီး ရှောင်လျဲ့အတွက် လက်စားချေခိုင်းလိမ့်မယ်...”

ဆွန်ကျိုင်နင်က ခေါင်းညိတ်လိုက်သော်လည်း အေးစက်စွာ ဆိုလိုက်၏။

“မောင်လေးအတွက် ကိုယ်တိုင် လက်စားမချေရတာ နှမြောဖို့ ကောင်းလိုက်တာ...”

“စိတ်မပူပါနဲ့... အခွင့်အရေး ရှိလာမှာပါ...”

ဆွန်ယင်ယန်၏ အကြည့်များမှာ အေးစက်စက်နိုင်လှ၏။

“ငါ အရင်ဆုံး ဒဏ်ရာ ကုသဦးမယ်... မင်းက သတင်းတွေကို သေချာ စုံစမ်းထား... ငါ့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ ငါတို့ ချီရှန်မြို့ ကို တစ်ခေါက် သွားကြတာပေါ့...”

“အဲ့ဒီအချိန်ကျရင် လော့ချန် မသေသေးဘူးဆိုရင်တော့ ငါကိုယ်တိုင်ပဲ သူ့ကို သတ်ပြမယ်... နောက်ပြီး လော့မိသားစုပါ... ငါ လော့မိသားစု တစ်စုလုံးကို သတ်ပစ်မယ်... ခွေးတစ်ကောင် ကြောင်တမြီးမှ မကျန်စေရဘူး... ဆွန်ချွမ်ဝူ အတွက် လက်စားချေပေးမယ်...”

လော့ချန်သည် ဤမျှအထိ မြန်မြန်ဆန်ဆန် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် သူ၏ ခြိမ်းခြောက်မှုမှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာနေပေပြီ။

ဆွန်ယင်ယန်သည် သူတပါးအပေါ်တွင်သာ မျှော်လင့်ချက်ကို ပုံမထားရဲတော့ဘဲ မည်သို့ပင်ဖြစ်စေ ဤပြဿနာကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း (၄၄၉) ပြီးပါပြီ။

အခန်း ၄၅၀ - ရန်သူနှင့် လမ်းမှာဆုံ

အချိန်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယနေ့သည် ခန္ဓာသန့်စင်ကန် စတင်ဖွင့်လှစ်သည့် နေ့ပင် ဖြစ်သည်။

ခန္ဓာသန့်စင်ကန် သို့ မသွားမီ...။

လော့ချန်သည် ဟွာကျင်းယန် ဆီမှ ရရှိထားသော ကြယ်ငါးပွင့် ဝိညာဉ်ဆေးဖြစ်သည့် မီးလျှံလျှာသစ်ခွကို ရောင်စဉ်ကိုးသွယ်ရတနာဖြင့် သန့်စင်လိုက်၏။

စုစုပေါင်း ဆေးအနှစ်သာရ ဆေးလုံးသုံးလုံး ရရှိခဲ့သည်။

ဆေးလုံးတစ်ကိုယ်လုံးမှာ အလင်းတန်းများ ဖြာထွက်နေပြီး မသိမသာသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကာ မကြာခဏဆိုသလို မီးလျှံအငွေ့အသက်များမှာ မီးလျှံဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းလေးများနှယ် ထွက်ပေါ်နေတော့သည်။

ဆေးလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားရုံမျှဖြင့် ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အရေပြားမှတစ်ဆင့် ကြွက်သားများနှင့် သွေးကြောများဆီသို့ စိမ့်ဝင်သွားကာ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များကို ဆူဝေသွားစေသည်ကို လော့ချန် ခံစားလိုက်ရ၏။

ဝိညာဉ်အာရုံမှာပင် သက်ရောက်မှုရှိသွားပြီး ရွှေရောင်လှိုင်းလုံးများ ထွက်ပေါ်လာတော့သည်။

လော့ချန်သည် ဦးနှောက်မှာ ကြည်လင်သွားပြီး သွေးစွမ်းအင်များမှာလည်း တိတ်တဆိတ် တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။

“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ကြယ်ငါးပွင့် ဝိညာဉ်ဆေးဆိုတာ တကယ်ကို မမှားဘူးပဲ... ဆေးအာနိသင်က တကယ်ကို ပြင်းထန်တာပဲ...”

လော့ချန်၏ မျက်လုံးများတွင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

မဟာအကြီးအကဲမင်ကျုံး က ပြောခဲ့ဖူး၏။

ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံသည့်အခါ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးမည့် ဝိညာဉ်ဆေးများ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဆိုသည်။

လော့ချန်သည် မူလက စိတ်ကြည်လင်ဆေးလုံးကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။

ယခုတွင်မူ ဤကြယ်ငါးပွင့် ဝိညာဉ်ဆေး မီးလျှံလျှာသစ်ခွကို ရရှိထားသဖြင့် ၎င်း၏ အာနိသင်ကို စမ်းသပ်လိုစိတ် ပေါ်လာခဲ့သည်။

ရလဒ်မှာတော့ မျှော်လင့်ထားသည်ထက်ပင် သာလွန်လှပေသည်။

မီးလျှံလျှာသစ်ခွသည် ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ သွေးစွမ်းအင်နှင့် ခန္ဓာကိုယ်ကိုပါ သန်မာစေသဖြင့် စိတ်ကြည်လင်ဆေးလုံး ထက်ပင် ဘက်စုံ ပိုမိုကောင်းမွန်လှသည်။

“အခုတော့ အရာအားလုံး အဆင်သင့်ဖြစ်ပြီ... ခန္ဓာသန့်စင်ကန်က ငါ့ကို ဘယ်လောက်အထိ အကျိုးပြုမလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်... ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ပါနဲ့လို့ပဲ ဆုတောင်းရမှာပဲ...”

ထိုသို့ တွေးတောပြီးနောက် လော့ချန်သည် သန့်ရှင်းသော ဝတ်ရုံအသစ်ကို လဲလှယ်ဝတ်ဆင်ကာ ကျောက်စိမ်းတောင်ထိပ် သို့ ထွက်ခွာခဲ့တော့သည်။

နံနက်ခင်းတွင် ကျောက်စိမ်းတောင်ထိပ်သည် မြူခိုးများ ဖုံးလွှမ်းနေပြီး နံနက်ခင်း နေရောင်ခြည်အောက်တွင် ရောင်စုံတောက်ပနေသည့် ထူးခြားသော ကျောက်စိမ်းတုံးကြီး တစ်တုံးကဲ့သို့ လှပနေ၏။

တောင်ခြေသို့ ရောက်ရှိချိန်တွင် လော့ချန်သည် အမှတ်မထင် လှမ်းကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

တောင်တက်လမ်းပေါ်တွင် လူငယ် အမျိုးသား၊ အမျိုးသမီး အချို့မှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြ၏။

စုစုပေါင်း လေးယောက်ဖြစ်ပြီး အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက် ဖြစ်သည်။

ချီစွမ်းအင် လှုပ်ခတ်မှုများအရ တစ်ဦးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူဖြစ်ပြီး ကျန်သုံးဦးမှာမူ အဆင့်မြင့်အဆင့် သန်မာသူများ ဖြစ်ကြသည်။

ထိုအထဲတွင် ကိုယ်ဟန်မှာ ကျက်သရေရှိပြီး အေးချမ်းသည့် တောပန်းလေးတစ်ပွင့်နှယ် အရှိန်အဝါရှိသော ဓားလွယ်ထားသည့် အမျိုးသမီးမှာ အရှိန်အဝါ အပြင်းထန်ဆုံး ဖြစ်သည်။

လော့ချန်၏ အကြည့်မှာ အလယ်တွင်ရှိသော တည်ကြည်သည့် လူငယ်ဆီသို့ ရောက်သွား၏။

ထိုသူမှာ ယွမ်ချင်ယင်၏ ညီဖြစ်သူ ယွမ်ချီယွီ ဖြစ်ပြီး ထိုလေးယောက်ထဲတွင် တစ်ဦးတည်းသော သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူလည်း ဖြစ်သည်။

“တကယ်ပဲ ရန်သူနဲ့ လမ်းဆုံတာပဲ...”

လော့ချန်၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ ထိုသူများဆီသို့ လျှောက်သွားလိုက်သည်။

တောင်လမ်းပေါ်ရှိ လေးယောက်မှာ စကားပြောနေကြ၏။ သူတို့ ရပ်နေသည့် ပုံစံအရ အဆင့်အတန်း ကွာခြားမှုကို မြင်တွေ့နိုင်သည်။

ကျူးလင်မေ့မှာ အနည်းငယ် ဘေးဖယ်နေသော်လည်း ကျန်ရှိသော အတွင်းစည်းတပည့် နှစ်ဦးမှာမူ ယွမ်ချီယွီ၏ ဘေးတွင် ဝိုင်းရံနေကြသည်။

ထိုသူနှစ်ဦးမှာ အတွင်းစည်း အမာခံတပည့်များ ဖြစ်ကြသော်လည်း ယွမ်ချီယွီကို အမွှန်းတင် ပြောဆိုနေကြ၏။

ယခုရက်ပိုင်းအတွင်း စိတ်အနှောင့်အယှက် ဖြစ်နေရသော ယွမ်ချီယွီမှာ ထိုစကားများကြောင့် စိတ်လက် ကြည်လင်လာခဲ့သည်။

“နောက်တစ်ယောက် ရောက်လာပြန်ပြီ... ဘယ်သူလဲ...”

ခြေသံကို ကြားသောအခါ လူအားလုံး လှည့်ကြည့်လိုက်ကြ၏။

“အင်...”

လော့ချန်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။

ယွမ်ချီယွီ၏ မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားပြီး လော့ချန်၏ ရှေ့တွင် ပိတ်ရပ်ကာ အော်ဟစ်လိုက်တော့သည်။

“လော့ချန်... မင်း ဒီကို ဘာလာလုပ်တာလဲ... ကျောက်စိမ်းတောင်ထိပ် ဆိုတာ ဘယ်သူမဆို လာလို့ရတဲ့ နေရာ မဟုတ်ဘူး...”

လော့ချန်က အေးစက်စွာ တစ်ချက်ကြည့်လိုက်ရင်း မထီမဲ့မြင်သံနှင့် ငေါက်လိုက်၏။

“ငါ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ပါဘူး... ဖယ်စမ်း...”

ယွမ်ချီယွီ၏ မျက်နှာမှာ သာ၍ပင် ပျက်သွားတော့သည်။

နှမြောဖို့ ကောင်းသည်မှာ သူသည် လော့ချန်ကို မယှဉ်နိုင်မှန်း သိနေသဖြင့် ဒေါသကို မပေါက်ကွဲရဲခြင်း ဖြစ်သည်။

ထိုစဉ် ဘေးတွင် ရပ်နေသည့် လူငယ်တစ်ဦးမှာ ရှေ့သို့ ထွက်လာပြီး စူးရှသော အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။

“ဒါဆို မင်းက အဲ့ဒီလော့ချန်ပေါ့... သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်း ကျင့်ကြံသူလေးကများ ငါတို့ မင်းသားတန်း ကို စိန်ခေါ်ရုံတင်မကဘဲ အတွင်းစည်းထဲ ရောက်လာတာတောင် ဒီလောက်အထိ ရမ်းကားရဲသေးတယ်... ငါ မင်းကို လူကျင့်ဝတ်တွေ သင်ပေးရမလား...”

အခြားသော ပန်းရောင်ဝတ်စုံနှင့် လှပသည့် အမျိုးသမီးတပည့် တစ်ဦးကလည်း လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။

“စီနီယာ ယွမ်ချီယွီ ရဲ့ စကားက နားဝင်မချိုဘူး ဆိုပေမဲ့ မှားတော့ မမှားပါဘူး... ကျောက်စိမ်းတောင်ထိပ်ကို ဝင်ချင်ရင် အရင်ဆုံး ခန္ဓာသန့်စင်ကန် မှာ ကျင့်ကြံဖို့ အခွင့်အရေး ရထားရမယ်... ဘယ်သူမဆို လာလို့ရတဲ့ နေရာမှ မဟုတ်တာ...”

သူမ၏ မျက်နှာတွင် အပြုံးရှိသော်လည်း စကားလုံးများမှာ သိသိသာသာပင် ကဲ့ရဲ့လှောင်ပြောင်နေခြင်း ဖြစ်သည်။

လော့ချန်က သူတို့နှစ်ဦးကို ကြည့်လိုက်ရာ အကြည့်များမှာ အေးစက်နေတော့သည်။

အခြေအနေမှာ ပိုမို တင်းမာလာနေစဉ် တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သည့် ကျူးလင်မေ့သည် လျှောက်လာပြီး လော့ချန်ကို ပြောလိုက်၏။

“မင်းကလည်း ခန္ဓာသန့်စင်ကန် အတွက် လာတာ မဟုတ်လား... ငါ ကြားဖူးတာတော့ ဒီနှစ် အပြင်စည်းပြိုင်ပွဲရဲ့ နံပါတ်တစ် ရရှိသူက ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံဖို့ အခွင့်အရေး တစ်ကြိမ် ရမယ်ဆိုတာပဲ...”

တစ်ဖက်လူက ယဉ်ယဉ်ကျေးကျေး မေးမြန်းလာသဖြင့် လော့ချန်လည်း လျစ်လျူမရှုဘဲ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်...”

ကျူးလင်မေ့ ရှေ့သို့ ထွက်လာသည်ကို မြင်သောအခါ ထိုလူငယ်၏ မျက်လုံးများမှာ ဝေ့ဝဲသွားပြီး နှာမှုတ်လျက် ဘာမှ ဆက်မပြောတော့ချေ။

ကျန်ရှိသော အမျိုးသမီးတပည့်မှာမူ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး မနာလိုသည့်နှယ် ကြည့်နေတော့သည်။

သူတို့အားလုံးမှာ အတွင်းစည်းတပည့်များ ဖြစ်ကြသော်လည်း ကျူးလင်မေ့မှာ စွမ်းအားရော၊ ရုပ်ရည်နှင့် ကိုယ်ဟန်ပါ သူမထက် သာလွန်နေပြီး ယခုလည်း လော့ချန်ဘက်မှ ရှေ့ထွက်ပြောပေးကာ သူမ၏ အရှိန်အဝါကို ဖြတ်တောက်လိုက်ခြင်းကြောင့် ဖြစ်သည်။

ယွမ်ချီယွီမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ဒေါသကို မထိန်းနိုင်ဘဲ လော့ချန်ကို ကြည့်ကာ မျက်လုံးများကို မှေးလိုက်ရင်း ရန်ဆောင်လိုက်၏။

“မင်းလို အသုံးမကျသူကတောင် ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံခွင့် ရတယ်ပေါ့... တကယ်ပဲ အခွင့်အရေးကို အလဟဿ ဖြုန်းတီးတာပဲ...”

“အမှန်အတိုင်း ပြောရရင် မင်းလို ပါရမီမျိုးနဲ့က ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံလည်း ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး... ကျင့်ကြံမှုအဆင့်က အနည်းငယ်လောက် တိုးတက်လာဖို့တောင် ခက်ခဲလိမ့်မယ်...”

လော့ချန်၏ မျက်လုံးများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး အေးစက်စွာ ဟောက်လိုက်၏။

“ဘာလဲ... ပြီးခဲ့တဲ့ အခေါက်က အတွင်းစည်းခန်းမမှာ ရခဲ့တဲ့ သင်ခန်းစာက မင်းအတွက် မလုံလောက်သေးဘူးထင်တယ်...”

“မင်း...”

ယွမ်ချီယွီ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မျက်လုံးများမှာလည်း နီရဲနေတော့သည်။

အတွင်းစည်းခန်းမတွင် လူအများရှေ့ လော့ချန်ကို ရှုံးနိမ့်ခဲ့ခြင်းမှာ သူ၏ ဘဝတွင် အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။

လော့ချန်က ဤမျှအထိ မောက်မာပြီး ထိုကိစ္စကို တမင် ထုတ်ပြောရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် အံကိုတင်းတင်းကြိတ်လျက် ပြောလိုက်၏။

“လော့ချန်... မင်း ငါ့ကို တစ်ခါ နိုင်ခဲ့ရုံနဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာမနေနဲ့... နောက်သုံးရက်နေရင် ခန္ဓာသန့်စင်ကန် ကနေ ထွက်လာတဲ့အခါ ငါတို့ နောက်တစ်ပွဲ ပြန်နွှဲကြမယ်... ရှုံးတဲ့သူက လူအများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူပါလို့ ဝန်ခံရမယ်... ပြီးတော့ နောက်ကို တွေ့ရင်လည်း တစ်ဖက်လူကို ရှောင်ကွင်းပြီး သွားရမယ်... မင်း ရဲရဲ့လား...”

ဤစကားကို ကြားသောအခါ ကျန်ရှိသော သုံးယောက်၏ အကြည့်မှာ လော့ချန်ဆီသို့ ရောက်ရှိသွားကြသည်။

လော့ချန်က ပြုံးလိုက်၏။

“တကယ်ပဲ ဒီလောက်အထိ အကြီးအကျယ် လုပ်ချင်နေတာလား...”

လော့ချန်၏ စကားကြောင့် ယွမ်ချီယွီ က လော့ချန်မှာ ကြောက်ရွံ့နေသည်ဟု ထင်မှတ်သွားပြီး ချက်ချင်းပင် လှောင်ပြောင်လိုက်တော့သည်။

“မရဲဘူးလား... ခုနက မောက်မာနေတဲ့ အရှိန်တွေ ဘယ်ရောက်ကုန်ပြီလဲ... မင်း ကြောက်တယ်ဆိုရင်လည်း အခုပဲ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူပါလို့ ဝန်ခံလိုက်လေ... ငါ မင်းကို တစ်ခါလောက် ခွင့်လွှတ်ပေးပါ့မယ်...”

လော့ချန်သည် ဒေါသထွက်မနေဘဲ တည်ငြိမ်စွာ ဆိုလိုက်၏။

“ငါက မင်း မလုပ်နိုင်မှာကို စိုးရိမ်နေလို့ပါ...”

ယွမ်ချီယွီ၏ မျက်နှာမှာ ညိုမည်းသွားပြီး မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်လျက် ဒေါသတကြီး ဟောက်လိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူထင်နေတာလဲ... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပြီးတော့ တကယ်ပဲ အရေးပါလှပြီလို့ ထင်နေတာလား... စိတ်ချပါ... သူတို့ သုံးယောက်လုံးက သက်သေတွေပဲ... သူတို့က အတွင်းစည်း အမာခံတပည့်တွေဆိုတော့ ဒီလို သက်သေလုပ်ဖို့ အဆင့်အတန်း လုံလောက်တယ် မဟုတ်လား...”

“ငါတို့ သက်သေလုပ်ပေးလို့ ရတယ်...”

“ဟုတ်တယ်...”

ယခင်က ယွမ်ချီယွီ ဘက်မှ စကားပြောပေးခဲ့သူ နှစ်ဦးမှာ ချက်ချင်းပင် ထောက်ခံလိုက်ကြ၏။

ကျူးလင်မေ့ ကမူ လော့ချန်ကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

သို့သော်လည်း အခြားနှစ်ဦးကဲ့သို့ ယွမ်ချီယွီ ကို ဖားနေခြင်း မဟုတ်ဘဲ လော့ချန်အပေါ်တွင် ပိုမို စိတ်ဝင်စားနေခြင်းသာ ဖြစ်သည်။

လော့ချန်က တည်ငြိမ်စွာ ပြုံးလိုက်၏။

“မင်းက သေချင်နေမှတော့လည်း မင်းဆန္ဒအတိုင်း ဖြည့်ဆည်းပေးရမှာပေါ့...”

မိမိဘာသာ ပြဿနာ မရှာခြင်းမှာ တစ်မျိုးဖြစ်ပြီး သူတစ်ပါးက လာရောက် ပြဿနာရှာခြင်းမှာမူ အခြားတစ်မျိုးပင် ဖြစ်သည်။

“ဟွန့်... လေလုံးထွားမနေနဲ့... သုံးရက်နေရင်တော့ မင်း ရယ်နိုင်သေးရဲ့လားဆိုတာ ကြည့်ကြသေးတာပေါ့...”

ယွမ်ချီယွီက နှာမှုတ်လိုက်ပြီး သူကိုယ်တိုင်မှာမူ ယုံကြည်ချက် အပြည့်ရှိနေတော့သည်။

ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခြင်းက မည်မျှအထိ တိုးတက်လာမည်နည်း ဆိုသည်မှာ ကိုယ်ပိုင်ပါရမီနှင့် အဓိက သက်ဆိုင်လှသည်။

သူသည် ကြယ်ခုနစ်ပွင့် အဆင့်မြင့် သိုင်းဝိညာဉ်ကို နိုးကြားထားပြီး ကျင့်ကြံမှုအဆင့်မှာလည်း သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ်ပိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤတစ်ကြိမ် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံခွင့်ရမည်ဆိုလျှင် ဆဋ္ဌမအဆင့်သို့ သေချာပေါက် ချိုးဖြတ်နိုင်မည် ဖြစ်ကာ ဆဋ္ဌမအဆင့် အလယ်အလတ်အဆင့်သို့ပင် တက်လှမ်းနိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။

အဲ့ဒီအချိန်ကျရင် လော့ချန်ကို အနိုင်ယူရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ရသလိုပဲ လွယ်သွားလိမ့်မည်။

လော့ချန်သည် အကြည့်ကို လွှဲလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

အမှန်အတိုင်း ပြောရလျှင် သူသည် ယွမ်ချီယွီ ကို စိတ်ထဲ၌ပင် မထားတော့ပေ။

တစ်ဖက်လူမှာ ဟွာကျင်းယန် သို့မဟုတ် ယန်ချင်းရှုံး တို့နှင့် ယှဉ်လျှင် အဝေးကြီး ကွာခြားလှပြီး ကျင့်ကြံမှုအဆင့် အနည်းငယ် မြင့်နေရုံသာ ဖြစ်သည်။

သူသည် ထိုသူကို တစ်ကြိမ် နိုင်ခဲ့လျှင် ဒုတိယအကြိမ်လည်း သေချာပေါက် နိုင်ဦးမည်သာ ဖြစ်သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နံနက် ၇ နာရီ ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။

"ရွှီ..."

ကျောက်စိမ်းတောင်ထိပ် ပေါ်ရှိ ထူထပ်သော မြူခိုးများမှာ ရုတ်တရက် ကွဲထွက်သွားပြီး ကိုယ်ဟန်မှာ အနည်းငယ် ကိုင်းညွတ်နေကာ ဆံပင်များ ဖြူဖွေးနေသည့်၊ အလွန်အမင်း အိုမင်းနေသော အဘွားအိုတစ်ဦးသည် တောင်လမ်းပေါ်သို့ ဆင်းသက်လာခဲ့သည်။

“အကြီးအကဲလီ...”

ကျူးလင်မေ့တို့ လူစုမှာ အမြန်ပင် အရိုအသေ ပေးလိုက်ကြ၏။

“အကြီးအကဲလီကို ဂါရဝပြုပါတယ်...”

လော့ချန်သည်လည်း လိုက်ပါ၍ အရိုအသေ ပေးလိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရသည်။

သူ၏ အာရုံခံစားမှုအရ ထိုအဘွားအို၏ ကိုယ်ပေါ်မှ မည်သည့် ချီစွမ်းအင် လှုပ်ခတ်မှုကိုမျှ အာရုံမရဘဲ သာမန် အဘွားအို တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။

ဤသည်မှာ ကြောက်စရာအကောင်းဆုံး အခြေအနေပင် ဖြစ်သည်။

“အင်း...”

အကြီးအကဲလီက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီးနောက် ငါးယောက်လုံးဆီသို့ လက်ဝှေ့ယမ်းလိုက်၏။

"ဝှစ်..."

ငါးယောက်လုံး၏ အမှတ်အသား တံဆိပ်ပြားများမှာ အလိုအလျောက် ပျံထွက်သွားပြီး ထိုအဘွားအို၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

“ကျူးလင်မေ့... ရွှေယွမ်... လင်ယွီကျင်း... ယွမ်ချီယွီ... လော့ချန်... အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ...”

ငါးယောက်လုံး၏ နာမည်များကို တစ်ဦးချင်း ခေါ်ဆိုလိုက်ပြီးနောက် အကြီးအကဲလီသည် လော့ချန်ကို နောက်ဆုံးမှ တစ်ချက် ကြည့်လိုက်ကာ ရှေ့မှ ဦးဆောင် ထွက်ခွာသွားတော့သည်။

အခန်း (၄၅၀) ပြီးပါပြီ။

All Chapters