နတ်ဆိုးဧကရီ၏ ထွက်ခွာမှု
Vol. 1 Ch. 457
"နယ်မြေကနေ ထွက်သွားတော့မယ်"
ကျန်းရီ တုန်လှုပ်သွားခဲ့သည်။ သုံးနှစ်ကတိပြည့်ရန် တစ်နှစ် လိုနေသေးသည်။ နတ်ဆိုးဧကရီသည် ပိုစော၍ ထွက်သွားရန်ပြင်နေခဲ့သည်။ သူမထွက်သွားသည်ကို နယ်မြေမှလူများ သိကုန်ကြလျှင် သုံးနှစ်ပြည့်သည်အထိ မစောင့်ကြတော့ဘဲ သူ့အား သေချာပေါက် လာရောက်လုပ်ကြံကြလိမ့်မည်။
သူသည် မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။
"ဘာတွေဖြစ်ခဲ့လို့လဲ။ ဘာလို့ ဧကရီက အစောကြီးထွက်သွားမှာလဲ"
"သားရဲစီးကြောင်း ဖြစ်နေပြီ"
နတ်ဆိုးဧကရီသည် အရှေ့အရပ်သို့ ကြည့်၍ အမူအရာမဲ့စွာ ပြန်ဖြေလာခဲ့သည်။
"ဒီတစ်ကြိမ် သားရဲစီးကြောင်းက မထင်မှတ်ထားလောက်အောင် ကြီးတယ်။ သားရဲစီးကြောင်းပြီးတဲ့ နှစ်ဝက်အတွင်း အရှေ့ဘက်ပင်လယ်ပြင်က ဘေးကင်းနေလိမ့်မယ်။ အဲ့အချိန်အတွင်း ဧကရာဇ်အဆင့် နတ်ဆိုးသားရဲတွေက ပုန်းအောင်းပြီး ပြန်အားဖြည့်နေကြလိမ့်မယ်။ ဒါကြောင့် ဒီကာလက နယ်မြေကနေထွက်သွားပြီး ငါ့မွေးရပ်မြေကို ပြန်ဖို့ အခွင့်ကောင်းပဲ။ အခွင့်အရေးကို ငါလွဲချော်သွားလို့ မဖြစ်ဘူး"
"မွေးရပ်မြေ"
ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်မိသည်။ နတ်ဆိုးဧကရီ ဤသို့ ပြောလာလေရာ သူမသည် လက်စားချေရန် ပြန်လိုခြင်းဖြစ်ကြောင်း သူရိပ်မိလိုက်သည်။ ထို့ကြောင့် သူမသည် မြေခွေးလေးကို အတူခေါ်မသွားနိုင်ခြင်းဖြစ်သည်။ သူမ၏ရန်သူသည် အလွန်အင်အားကြီးရပေမည်။
နတ်ဆိုးဧကရီသည် ကျန်းရီ၏ အတွေးများကို ဖောက်ထွင်းမြင်နေရသည့်နှယ် ခေတ္တတုံ့ဆိုင်းနေပြီးမှ ရှင်းပြလာခဲ့သည်။
"ငါ့မွေးရပ်မြေက ကောင်းကင်မြေခွေးနယ်မြေပဲ၊ အဲ့ဒါက ငါတို့ကောင်းကင်မြေခွေးမျိုးနွယ်တွေရဲ့ ဌာနေလည်း ဟုတ်တယ်။ ကောင်းကင်မြေခွေးမျိုးနွယ်တွေက ပြင်ပလောကကလူတွေရဲ့ မလိုမုန်းတီးမှုကို ခံနေရတော့ ငါတို့က မွေးရပ်မြေကနေ ပြင်ပလောကကိုထွက်တာ အရမ်းရှားတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ငါတို့မျိုးနွယ်စုက တခြားအင်အားကြီးမျိုးနွယ်တစ်စုကို ဆန့်ကျင်ခဲ့မိတယ်...ငါတို့ကလန်တစ်ခုလုံး အသတ်ခံလိုက်ရပြီးတော့ ငါတစ်ယောက်ပဲ အသက်ရှင်ရက် လွတ်မြောက်ခဲ့တယ်"
"ငါ့ဘဝမှာ အကြီးဆုံး ဆန္ဒက ကောင်းကင်မြေခွေးနယ်မြေကို ပြန်သွားပြီး လက်စားချေဖို့ပဲ။ ကောင်းကင်ကြယ်တာရာနယ်မြေမှာ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့နောက် နတ်ဆိုးဧကရာဇ်အဆင့်ကို ငါတက်လှမ်းနိုင်ခဲ့တယ်။ ဒါကြောင့် ငါပြန်သွားရမယ့်အချိန် ရောက်လာပြီ"
"နားလည်ပါပြီ"
ကျန်းရီ ခေါင်းငြိမ့်လိုက်သည်။ ဤသို့သော ဇာတ်လမ်းများသည် သမားရိုးကျသာဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေကို ဥပမာထားကြပါစို့။ မည်သည့်ကာလတွင်မဆို အဖြစ်ဆိုးကြုံရသည့် ဂိုဏ်းတစ်ခုခုတော့ ရှိသည်သာ။ ဤလောကသည် အင်အားကြီးသူတို့သာ အုပ်စိုးနိုင်ပြီး အားနည်းသူတို့သည် သားကောင်များသာ ဖြစ်လာလိမ့်မည်။
"ဧကရီရဲ့ ရန်သူတွေက တော်တော်အင်အားကြီးလို့လား။ နတ်ဆိုးဧကရာဇ်အဆင့်တွေလည်း ရှိတာလား"
"အင်း...အနည်းဆုံး သုံးယောက်တော့ ရှိလိမ့်မယ်"
နတ်ဆိုးဧကရီသည် ခေါင်းငြိမ့်၍ မျက်နှာမသာမယာနှင့် ပြောလာခဲ့သည်။
"ဒါကြောင့် ရှောင်ဖေးကို ငါနဲ့အတူ ပြန်ခေါ်မသွားတော့ဘူး။ သူမက အရမ်းငယ်သေးတယ်။ တိုက်ပွဲကြီးကြီးမားမား ဖြစ်လာရင် ငါသူမကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
"ကျီ...ကျီ..."
ရှောင်ဖေးသည် ထိုအကြောင်းကို သိထားသည်မှာ ကြာလှပြီဖြစ်ကြောင်း သိသာသော်လည်း ဝမ်းနည်းစွာ ငိုကြွေးနေခဲ့သည်။ သူမ၏ မျက်လုံးဝိုင်းကြီးများမှာ ကြေကွဲမှုများ ပြည့်နှက်နေသည်။
ကျန်းရီသည် အံကြိတ်၍ ပြောလိုက်သည်။
"နတ်ဆိုးဧကရီ...ကျွန်တော့်မှာ ရှောင်ဖေးကို ကာကွယ်နိုင်မယ့် စွမ်းရည် အပြည့်အဝမရှိပေမယ့် သူမကို အန္တရာယ် ပေးချင်တဲ့သူတိုင်း ကျွန်တော့်ရဲ့အလောင်းကို နင်းသွားမှပဲရမယ်ဆိုတာ ကျွန်တော်ကတိပေးနိုင်ပါတယ်"
"ကောင်းပြီ"
နတ်ဆိုးဧကရီသည် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤအပြန်ခရီးသည် သေဆုံးခြင်းကသာ စောင့်ကြိုနေကြောင်း သူမသေချာသိနေသည်။ ရှောင်ဖေးပါလိုက်လာလျှင် သူမလေးလည်း သေရမည်မှာ သေချာနေသည်။ ကျန်းရီနောက် ရှောင်ဖေးလိုက်သွားလျှင် အလားတူ အန္တရာယ်များလှသော်လည်း အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်များတွင် ကျန်းရီသည် အံ့ဖွယ်များစွာကို ဖန်တီးခဲ့သည်။ သူ့တွင် ရှိနေသည့် ကြယ်စက်လုံးကိုးခုကပင် အလွန်ထူးခြားနေပြီဖြစ်သည်။ သူမသည် အလွန်အတွေ့အကြုံများသူဖြစ်သော်လည်း ထိုအရာမှာ သူမတစ်ခါမှ မမြင်ဖူးသည့်အရာဖြစ်သည်။ ကျန်းရီသည် ကိုယ့်ကိုယ်ကို ပျက်စီးစေခဲ့ပြီဖြစ်သော်လည်း သူမသည် အလောင်းအစားလုပ်၍ ကျန်းရီကိုသာ ရွေးချယ်ခဲ့သည်။
သူမသည် နယ်မြေကို သွေးလွှမ်းစေခဲ့ဖူးသည်။ သူမထွက်သွားသည်ကို တစ်ယောက်ယောက် သိသွားပါက အကာအကွယ်ပေးမည့်သူ မရှိတော့သော ရှောင်ဖေးသည် ဝိဉာဉ်သားရဲအဖြစ် အပြောင်းခံရနိုင်သည်။ ကောင်းကင်မြေခွေးများ အရွယ်ရောက်လာလျှင် အလွန်အင်အားကြီးသည် မဟုတ်ပါလော။ ထို့ပြင် အနည်းဆုံးတော့ သူတို့သည် တတိယအဆင့် နတ်ဆိုးသားရဲများကြားတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်သည်။
သူမတွင် နယ်မြေ၌ မိတ်ဆွေတစ်ယောက်မှ မရှိပေ။ သူမယုံုကြည်ရသည့် တစ်ဦးတည်းသောလူမှာ ကျန်းရီသာဖြစ်သည်။ ထို့ကြောင့် သူမတွင် အခြားရွေးချယ်စရာ လူမရှိဘဲ ကျန်းရီအပေါ်တွင်သာ မျှော်လင့်ချက်များ စုပုံထားရတော့သည်။
"အိုး...ဟုတ်သားပဲ"
နတ်ဆိုးဧကရီသည် တစ်စုံတစ်ခုကို သတိရသွားကာ ထပ်ဖြည့်ပြောလာခဲ့သည်။
"ကျန်းရီ...မင်း နယ်မြေကနေ ထွက်သွားဖို့ အခွင့်ကြုံတဲ့အခါ ဆေးပင်တစ်ချို့ ရှာဖွေသင့်တယ်။ အရင်တုန်းက ကံကြမ္မာနဂါးမြက်ပင်ဆိုတာကို ငါကြားဖူးခဲ့တယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးနိုင်ပြီး သွေးနဲ့အရိုးတွေကိုပါ သန့်စင်ပေးနိုင်တယ်။ အဲ့တော့ မင်းရဲ့ အနာဂတ်ကျင့်ကြံခြင်းအပေါ် သက်ရောက်မှုမရှိအောင် မင်းရဲ့ပျက်စီးနေပြီဖြစ်တဲ့ ဒီကိုယ်ကို ပြန်တည်ဆောက်ဖို့ မျှော်လင့်ချက်ရှိသေးတယ်။ ဒီဆေးပင်က တော်တော်တော့ ရှားမှာပေါ့"
"ကံကြမ္မာနဂါးမြက်ပင်...ကျွန်တော်မှတ်ထားပါ့မယ်"
ကျန်းရီသည် စိတ်ထဲတွင် သေချာမှတ်သားလိုက်သည်။ သူအသက်ရှင်နိုင်မလားဆိုသည်မှာ မသေချာသေးပေ။ နယ်မြေသာ မငြိမ်းချမ်းလျှင် သူမည်သို့ ထွက်သွားနိုင်မည်နည်း။ ထိုခဏတွင် သူ့စိတ်သည် ပြဿနာတစ်ခုကို ပဟေဠိ ဖြစ်နေခဲ့သည်။ နတ်ဆိုးဧကရီသည် ရှောင်ဖေးကို အသတ်မခံရစေလိုလျှင် နယ်မြေရှိ အင်အားကြီးသူမှန်သမျှကို သတ်ပစ်လိုက်၍ရသည် မဟုတ်ပါလော။
သူ့လက်ရှိအင်အားသည် အနေတော်ဟု ယူဆနိုင်သည်။ နတ်ဆိုးဧကရီသာ သိုင်းခန်းမ၊ လင်းဂိုဏ်း၏ ဘိုးဘေးကြီးနှင့် ရှောင်လုံဝမ်တို့ လူစုကို သတ်ပစ်လိုက်လျှင် နယ်မြေအား သူအုပ်စိုးနိုင်သည်။ သူ့အသက်ကို ရန်ရှာမည့်သူ မရှိတော့သလို ရှောင်ဖေးလည်း ဘေးကင်းပေလိမ့်မည်။
သို့သော် သူ့အတွေးကို ထုတ်ပြောရန် မဖြစ်နိုင်ပေ။ နတ်ဆိုးဧကရီအပေါ် သူအကြွေးအများကြီးတင်နေသည်။ သူမတွင် ထိုသို့ မလုပ်ရသည့် အကြောင်းအရင်း သေချာပေါက်ရှိလိမ့်မည်။
"ကျန်းရီ"
နတ်ဆိုးဧကရီသည် ရုတ်တရက် အလွန်လေးနက်လှသည့် လေသံနှင့် စကားပြောလာခဲ့သည်။
"ဒီနယ်မြေက ကြိုက်တဲ့သူကို မင်းသတ်နိုင်တယ်။ ဗာဂျရာအဆင့်တွေ အားလုံးကို မင်းသတ်ပစ်မယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သေချာမှတ်ထား...သိုင်းခန်းမရဲ့ရန်သူ လုံးဝဖြစ်မသွားစေနဲ့။ သိုင်းခန်းမရဲ့ ကိစ္စတွေမှာ မင်းဝင်မပါသရွေ့၊ သူတို့လူတွေကို မင်းမသတ်သရွေ့ သူတို့ဘက်က စည်းကျော်လာမှာ မဟုတ်ဘူး"
"ဟမ်"
နတ်ဆိုးဧကရီ အဘယ့်ကြောင့် မလှုပ်ရှားသည်ကို ကျန်းရီ အံ့သြနေခဲ့သည်။ ယခု သူအဖြေရသွားပြီဖြစ်သည်။ နတ်ဆိုးဧကရီသည်လည်း သိုင်းခန်းမကို သတိထားနေရပုံ ပေါ်လေသည်။ တစ်နည်းအားဖြင့် သိုင်းခန်းမသည် သူမကိုသတ်နိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်ထားလေသည်။
ထိုသို့ ကောက်ချက်ချလိုက်ပြီးနောက် ကျန်းရီ၏ရင်သည် လေးလံလာခဲ့သည်။ ယခင်က ကျူးကော့ချမ်ယွမ် သေဆုံးမှု၏ နောက်ကွယ်မှ လူနှင့် ယွင်ဖေးနှင့် ချမ်ရွှယ်တို့ကို ရှင်းပစ်ချင်သောသူမှာ သိုင်းခန်းမမှဟု မှတ်ယူထားခဲ့သည်။ နတ်ဆိုးဧကရီကိုယ်တိုင်တောင် သိုင်းခန်းမနှင့် ရန်မီးမပွားအောင် ထိန်းနေသည်ကို ကြည့််ရလျှင် ကြိုးကိုင်သူမှာ အမှန်တကယ် သိုင်းခန်းမမှ ဖြစ်နေလျှင် သူအသက်ရှင်ရန် အခွင့်အရေး ရှိပါဦးမည်လော။
"နတ်ဆိုးဧကရီ...သိုင်းခန်းမက တကယ်ပဲ အင်အားအရမ်းကြီးတာလား"
ကျန်းရီသည် အသက်အောင့်၍ မေးလိုက်မိသည်။
နတ်ဆိုးဧကရီသည် လက်ဝှေ့ယမ်း၍ ပြန်ပြောလာခဲ့သည်။
"မင်းအများကြီး သိဖို့မလိုဘူး။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူတို့ကို ရန်မစဖို့သာ သတိရ၊ အဲ့ဒါဆို သူတို့ဘာမှလုပ်မှာ မဟုတ်ဘူး"
"ကျွန်တော် သူတို့ကို ရန်စမိပြီးနေပြီ"
ကျန်းရီသည် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ နတ်ဆိုးဧကရီ၏ ပဟေဠိ ဖြစ်နေသော အမူအရာကိုမြင်သောအခါ သူရှင်းပြလိုက်သည်။
"သိုင်းခန်းမက သူတို့ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲလုပ်ဖို့ နှစ်ကြိမ်တိတိ စည်းရုံးခဲ့ပေမယ့် ကျွန်တော်ငြင်းခဲ့တယ်။ အဲ့တုန်းက သူတို့ရဲ့ နတ်မိမယ် တုကူးယန်ကိုလည်း ကျွန်တော် ဆန့်ကျင်ခဲ့မိတယ်..."
နတ်ဆိုးဧကရီသည် ကျန်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လက်ကာပြ၍ ပြောလာခဲ့သည်။
"ဒါတွေက အသေးအဖွဲတွေပဲ။ သိုင်းခန်းမက လျှို့လျှို့ဝှက်ဝှက် အမြဲနေခဲ့တယ်။ မင်းသူတို့ရဲ့ ဌာနချုပ်ကို သွားမတိုက်သရွေ့၊ သိုင်းခန်းမခွဲသခင်တွေနဲ့ သူတို့ထက် ရာထူးမြင့်တဲ့သူတွေကို မသတ်သရွေ့ ရတယ်။ လက်ရှိသိုင်းခန်းမသခင်က စိတ်သဘောထားမသေးသိမ်ဘူး။ ငါ့အမြင်မှာတော့ သူကလူကောင်းတစ်ယောက်ပဲ"
"အိုး..."
ကျန်းရီ၏မျက်ခုံးများ စုကျုံ့သွားခဲ့သည်။ သူ့ခန့်မှန်းချက် မှားနေသည်လော။ ကြိုးကိုင်သူသည် သိုင်းခန်းမ မဟုတ်ပေလော။ သို့ဆိုလျှင် ရွှေယို့လန်သည် နတ်မိမယ်ကျီကို သတိထားရန် အဘယ့်ကြောင့် သူ့အား ပြောခဲ့သနည်း။
ကျန်းရီသည် နားမလည်၍ ဆက်လက်မေးမြန်းလိုက်သည်။
"နတ်ဆိုးဧကရီ...မြေအောက်လောကက သိုင်းခန်းမနဲ့ ပတ်သက်နေတယ်လို့ထင်လား"
"မထင်ဘူး"
နတ်ဆိုးဧကရီသည် အခိုင်အမာ ပြန်ဖြေလာခဲ့သည်။
"သိုင်းခန်းမက ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတယ်။ သူတို့က အဲ့လိုမျိုး ယုတ်ညံ့တဲ့အရာကို ဘယ်လိုလုပ်ပြီး လုပ်မှာလဲ။ မင်းဘာလို့မေးတာလဲ"
ကျန်းရီသည် ပို၍ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူထပ်ပြီးမေးမြန်းလျှင် မယဉ်ကျေးရာ ကျသွားလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အများစုမှာ သူ့မှန်းဆချက်သာဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိပေ။
နတ်ဆိုးဧကရီသည် ကျန်းရီနှုတ်ဆိတ်သွားသည်ကိုမြင်လျှင် စိတ်မရှည်စွာ ပြောလာခဲ့သည်။
"ကောင်းပြီ...ငါနတ်သမီးတောင်ထွတ်ကိုပြန်ပြီး အရှေ့ဘက်ပင်လယ်ပြင်က အခြေအနေကို စနည်းနာလိုက်ဦးမယ်။ အချိန်ကျတာနဲ့ ငါချက်ချင်းထွက်သွားတော့မယ်။ ရှောင်ဖေးကို ငါမင်းလက်ထဲ အပ်ခဲ့ပြီ။ နှစ်တစ်ရာကြာလို့ ငါပြန်ရောက်မလာရင် ငါသေသွားပြီလို့ မှတ်လိုက်တော့။ ကောင်းကင်ဧကရာဇ်အဆင့်ကို မရောက်မချင်း ကောင်းကင်မြေခွေးနယ်မြေကို မင်းလုံးဝမလာရဘူး။ မဟုတ်ရင်...မင်း သေချာပေါက် သေသွားလိမ့်မယ်..."
နတ်ဆိုးဧကရီသည် ပြောစရာရှိသည်တို့ ပြီးသွားသည်နှင့် ကျန်းရီ၏ ပြန်အပြောကိုတောင် မစောင့်ခဲ့ပေ။ သူမ၏ လက်ချောင်းပေါ်မှ လက်စွပ်တစ်ကွင်းသည် တောက်ပလာခဲ့ပြီး သူမ၏ လက်ထဲတွင် အဖြူရောင်နန်းတော်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမသည် နန်းတော်ကို ကျန်းရီထံ ကမ်းပေးရင်း ပြောလာခဲ့သည်။
"ဒါက ဧကရီနန်းတော်ပဲ၊ အကာအကွယ်ရတနာတစ်ခုဆိုလည်း ဟုတ်တယ်။ ဒါနဲ့ဆို ဗာဂျရာအမြင့်ဆုံးအဆင့် လူဆယ်ယောက်ရဲ့ တိုက်ခိုက်မှုကို ဆယ်ရက်တိုင်တိုင် ခုခံနိုင်စွမ်းရှိတယ်။ ဒါကို မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ပေါင်းစပ်လိုက်ရင် သိုင်းခန်းမကို မင်းရန်မစသရွေ့ ကောင်းကင်ကြယ်တာရာနယ်မြေကလူ ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်လို့မရဘူး"
"ဟမ်..."
ကျန်းရီ ဆွံ့အနေခဲ့သည်။ အစက သူငြင်းရန် ပြင်လိုက်သော်လည်း ဤရတနာကို ရှောင်ဖေးအတွက် ချန်ရစ်ခဲ့ခြင်းဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ထို့ပြင် သူမ၏ စေတနာကို ငြင်းရန် မကောင်းချေ။
"ရှောင်ဖေး...သမီးလေး...မေမေသွားတော့မယ်။ ဝမ်းမနည်းပါနဲ့။ မေမေက မေမေတို့မျိုးနွယ်စုအတွက် လက်စားချေဖို့ သွားရတာပါ...အတတ်နိုင်ဆုံး အသက်ရှင်အောင် ကြိုးစားမှာမို့...မေမေ့ကို စောင့်နေနော်"
နတ်ဆိုးဧကရီသည် ရှောင်ဖေးကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ ထို့နောက် သူမသည် အံကိုတင်းတင်းကြိတ်၍ ဝေခွဲရခက်နေသည့် ကျန်းရီနှင့် ငိုကြွေးနေသော မြေခွေးလေးကို ချန်ရစ်ကာ အဖြူရောင်အလင်းတန်းအသွင်နှင့် ကောင်းကင်ယံမှ ကွယ်ပျောက်သွားခဲ့သည်။
***