← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang'e 🌕

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။

"ဒါဆို ဆရာကြီးက သူ့ကို နောက်နှစ်ရက်နေရင် ပြန်လွှတ်လိုက်တော့မှာပေါ့။"

ထိုအချိန်မှာပင် အပြင်ဘက်မှ တုပိုင်၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော် ဆရာသခင်ကြီးကို တွေ့ခွင့် တောင်းပါတယ်။"

နင်ဇောင်ဝူသည် သူ့ကို လျစ်လျူရှုလိုက်ပြီး မင်းသမီးနှင့် ဆက်လက် စကားပြောနေသည်။

"ကံတရားပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ဒီတုပိုင်ဆိုတဲ့ကောင်​လေးကို ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ပြီးမြောက်ဖို့ ၅ ရက် အချိန်ပေးခဲ့တယ်။"

"သတ်မှတ်ရက်ပြည့်တာနဲ့ နောက်ထပ် ၂ ရက်ပဲ လိုတော့တယ်။ အဲဒီအချိန်မှာ မင်းသမီးလေးက မြို့တော်ပြန်ဖို့ အမိန့်တော် ရောက်လာမယ်။ အဲဒါက ကျွန်တော် လွတ်လပ်ခွင့် ပြန်ရမယ့် အချိန်နဲ့ ကွက်တိပဲ။ ဒါ ကံတရား မဟုတ်ရင် ဘာဖြစ်မလဲ။"

မင်းသမီးနင်းရွှဲ့ ဆွံ့အသွားသည်။ ဤဆရာသခင်ကြီးသည် တကယ်ပင် အရှက်မရှိပေ။ တုပိုင်ကဲ့သို့ ဆင်းရဲဒုက္ခရောက်နေသော မိန်းမစိုးလေး တစ်ယောက်ကို ဤမျှအထိ အနိုင်ကျင့်ရက်သည်။

ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်သည် အသက်ကြီးမှ စတင် လေ့ကျင့်သူများနှင့် မကိုက်ညီကြောင်း သူမ ကောင်းကောင်း သိထားသည်။

လက်ရှိ သင်ယူမှု အမြန်ဆုံး စံချိန်တင်ထားသူမှာ သူမဖြစ်ပြီး ၁၉ ရက်တိတိ ကြာမြင့်ခဲ့သည်။ ယခု သူက တုပိုင်ကို ၅ ရက်သာ အချိန်ပေးသည်။ ဤသည်က တမင်သက်သက် ညစ်ပတ်နေခြင်း မဟုတ်ပါလော။

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။

"ကျွန်မက မိန်းမစိုး လီဝမ်ဟွေ့ကို မျက်နှာသာပေးစရာ တစ်ခု ရှိတယ်။ ဆရာကြီးနင်အနေနဲ့ ဒီမိန်းမစိုးလေးကို ပြန်လွှတ်တဲ့အခါ သူ့အနာဂတ် မထိခိုက်ရအောင် စကားအသုံးအနှုန်းကို နည်းနည်းလောက် သက်ညှာပေးပြီး အရမ်းကြီး မရိုင်းစိုင်းပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။"

"မင်းသမီးလေးက တကယ်ကို ကြင်နာတတ်တာပဲ။"

နင်ဇောင်ဝူက ပြောလိုက်သည်။

"ဒါပေမဲ့ လီဝမ်ဟွေ့အနေနဲ့ ဒီတုပိုင်အပေါ် ဘာမျှော်လင့်ချက်မှ မထားသင့်ဘူး။ ဒီမိန်းမစိုးလေးက တချို့နေရာတွေမှာ ထူးချွန်ပေမဲ့ သိုင်းပညာ ပါရမီကတော့ သုညပဲ။ သူက သိုင်းပညာ မလေ့ကျင့်သင့်ဘူး။ စာပေဘက်မှာပဲ အာရုံစိုက်သင့်တာ။"

ထို့နောက် နင်ဇောင်ဝူသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကျွန်တော် ကွမ်ရှီးပြည်နယ်မှာ ပိတ်မိနေတာ ၃ နှစ်တောင် ရှိပြီပဲ။ နောက်ဆုံးတော့ ကမ္ဘာလောကကြီးကို ခရီးထွက်လို့ ရပြီ။"

"ကျွန်တော် အမြဲ အိပ်မက်မက်ခဲ့တဲ့ အဝေးတစ်နေရာကို သွားလို့ရပြီ။ ကျွန်တော့်အနားက အတားအဆီးတွေ ချည်နှောင်မှုတွေ အားလုံးကို နောက်ဆုံးတော့ စွန့်လွှတ်လိုက်လို့ ရပြီ။"

မင်းသမီးနင်းရွှဲ့သည် ဆရာသခင်ကြီး၏ အရှုံးပေးလိုသော သဘောထားကို သဘောမတူသော်လည်း နားလည်ပေးနိုင်သည်။ ဤလူအိုကြီးသည် သူမနှင့် တော်ဝင်မိသားစုအတွက် လုံလောက်စွာ ပေးဆပ်ခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အဘိုးအို အစေခံ၏ အသံ ထွက်ပေါ်လာသည်။

"တုပိုင်။ မင်း ဝင်သွားလို့ မရဘူး။"

တုပိုင်က ပြောလိုက်သည်။

"ကျွန်တော် ဆရာသခင်ကြီးကို မဖြစ်မနေ တွေ့ရမယ်။"

ထို့နောက် သူသည် အိမ်ထဲသို့ အတင်း ဝင်ရောက်လာလေသည်။ အဘိုးအို အစေခံက ပြောလိုက်သည်။

"မရဘူး။ ဘယ်လောက် အရေးကြီးကြီး ဝင်လို့ မရဘူး။ ဆရာသခင်ကြီးဆီမှာ ဧည့်သည်တော် ရောက်နေတယ်။"

တုပိုင်က ပြောလိုက်သည်။

"ဆရာသခင်ကြီး။ ကျွန်တော့်ရဲ့ သိုင်းပညာ လေ့ကျင့်မှု တိုးတက်လာပါပြီ။ ကျွန်တော် အခုပဲ ပြသပါရစေ။"

အဘိုးအိုက ပြောလိုက်သည်။ "ဒါဆို မနက်ဖြန်မှ ပြန်လာခဲ့။"

တုပိုင်၏ စကားကို ကြားသောအခါ နင်ဇောင်ဝူသည် တုပိုင်၏ သိုင်းပညာ သင်ယူလိုစိတ်ကို စောစောစီးစီး အဆုံးသတ်ပေးလိုက်ခြင်းက မဆိုးလှဟု တွေးလိုက်မိသည်။ ထို့ကြောင့် အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

"သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။"

ထိုအခါ အပြင်ဘက်ရှိ အဘိုးအို အစေခံက လမ်းဖယ်ပေးလိုက်သဖြင့် တုပိုင် ဝင်လာလေသည်။ ထိုအချိန်တွင် မင်းသမီးနင်းရွှဲ့သည် အိမ်ထဲသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။

သူမ နင်ဇောင်ဝူထံတွင် ပညာသင်ယူစဉ် ကာလတစ်လျှောက်လုံး ပြင်ပလူများနှင့် မတွေ့ဆုံသလောက် ဖြစ်ပြီး ဖန်းကျန်ကျစ်၊ ယွမ်ထင်တို့နှင့်ပင် မတွေ့ဆုံခဲ့ပေ။ ထို့ကြောင့် တုပိုင်နှင့် သေချာပေါက် တွေ့ဆုံမည် မဟုတ်ပေ။

ဤသည်မှာ မထီမဲ့မြင်ပြု၍ မဟုတ်ဘဲ သူမသည် လက်ရှိတွင် ပြည်နှင်ဒဏ်သင့်နေပြီး အကျယ်ချုပ် ကျခံနေရသူ ဖြစ်သောကြောင့် ဖြစ်သည်။

**--**--**--**--**--**--**--**

တုပိုင် ဝင်ရောက်လာပြီးနောက် ပြောလိုက်သည်။

"ဆရာသခင်ကြီးက ကျွန်တော့်ကို ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ပြီးမြောက်ဖို့ ၅ ရက် အချိန်ပေးထားပါတယ်။"

"ကျွန်တော် လေ့ကျင့်နေရင်းနဲ့ ဆရာသခင်ကြီး ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားနေမှန်း သိလိုက်ရတယ်။ ဒီသိုင်းကွက်တွေက အံ့သြစရာ ကောင်းပေမဲ့ ကျွန်တော့်အသက် ၁၈ နှစ် ရောက်နေပြီမို့ လေ့ကျင့်ဖို့ တကယ် မသင့်တော်တော့ပါဘူး။"

နင်ဇောင်ဝူသည် မျက်တောင်ပင် မခတ်ဘဲ ပြောလိုက်သည်။

"မှန်တယ်။ ငါတို့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြပြီဆိုတော့ အမှန်တိုင်း ပြောပြမယ်။ ငါက နောက် ၂ ရက်နေရင် ကမ္ဘာပတ်ဖို့ ခရီးထွက်တော့မှာ။"

"မနက်ဖြန် မနက်စောစော မင်း ကွေ့လင်ကို အရင် ပြန်လိုက်တော့။ မင်းက သိုင်းပညာနဲ့ မကိုက်ညီဘူး။ ဆက်လေ့ကျင့်နေရင်လည်း အချိန်ဖြုန်းသလိုပဲ ဖြစ်နေမှာ။ လွန်ခဲ့တဲ့ ၂ ရက်လုံးလုံး မင်း ရှင်းယီဓားသိုင်းမျိုး လေ့ကျင့်နေတာကို အပြင်လူတွေသာ မြင်ရင် ငါ နင်ဇောင်ဝူကို လှောင်ပြောင်ကြလိမ့်မယ်။"

တုပိုင်က ပြောလိုက်သည်။ "ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို အမြန်ဆုံး ပြီးမြောက်ခဲ့တဲ့ စံချိန်က ၁၉ ရက်။ ဆရာသခင်ကြီးက ကျွန်တော့်ကို ၅ ရက် သတ်မှတ်ပေးခဲ့တယ်။ အခု ကျွန်တော် စလေ့ကျင့်တာ ၃ ရက်ပဲ ရှိပါသေးတယ်။ ဟုတ်တယ်မလား။"

"ဟုတ်တယ်။" နင်ဇောင်ဝူက ပြောလိုက်သည်။ "ဒါပေမဲ့ ကျန်တဲ့ ၂ ရက်ကို အလဟဿ ဖြုန်းနေစရာ မလိုတော့ဘူး။ မင်း မနက်ဖြန် ပြန်သင့်တယ်။"

တုပိုင်သည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။ "ဒါဆို ကျွန်တော် သိုင်းပညာနဲ့ ကိုက်ညီမှု ရှိမရှိ ဆရာသခင်ကြီး သေချာ ကြည့်ပေးပါ။"

လရောင်အောက်တွင် တုပိုင်သည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို စတင် အသုံးပြုလိုက်သည်။

ပထမအကွက်၊ ဒုတိယအကွက်၊ တတိယအကွက်။ ဤ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်သည် ပြင်းထန်ပြီး လျင်မြန်သော ယောဂကျင့်စဉ် တစ်ခုနှင့် အလွန် တူညီသော်လည်း ပိုမို ခက်ခဲလေသည်။

လှုပ်ရှားမှုတိုင်းလိုလိုသည် အရွတ်များနှင့် ဟန်ချက်ညီမှု၏ အကန့်အသတ်ကို စိန်ခေါ်နေပြီး အရွတ်၊ အရိုးနှင့် ကြွက်သားများ၏ ပျော့ပျောင်းမှုကို စမ်းသပ်နေသည်။

ထို့ပြင် လှုပ်ရှားမှုများသည် အိန္ဒိယယောဂထက် များစွာ ပိုမို ကျော့ရှင်းလှပသည်။ ကျွမ်းကျင်သွားသည်နှင့် ပြသလိုက်သော လှုပ်ရှားမှုတိုင်းသည် ငှက်များနှင့် သားရဲတိရစ္ဆာန်များနှင့် သွားဆင်တူပြီး ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလေသည်။

ဤဆရာသခင်ကြီးသည် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသည်။ ဤ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် သည် အခြေခံ နည်းစနစ်တစ်ခု ဖြစ်သော်လည်း လျင်မြန်ဖျတ်လတ်မှုကို တိုးတက်စေရန်အတွက် ပြိုင်ဘက်ကင်းသော လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ် ဖြစ်သည်။

ယခုအချိန်တွင် တုပိုင် ပြသနေသော လှုပ်ရှားမှုတိုင်းသည် လုံးဝ မှန်ကန်နေပြီး စွမ်းအားနှင့် အမြန်နှုန်းတို့၏ အလှတရားများ ပြည့်နှက်နေသည်။

နင်ဇောင်ဝူသည် တတိယအကွက်ကို မြင်လိုက်ရသောအခါ အတော်လေး အံ့သြသွားသည်။ ၃ ရက်အတွင်း ၃ ကွက် တတ်မြောက်ထားခြင်းကပင် အတော်လေး ထူးခြားနေပြီ ဖြစ်သည်။

သို့သော် တုပိုင်သည် ဆက်လက် ပြသနေသည်။

စတုတ္ထအကွက်၊ ပဉ္စမအကွက်၊ ဆဋ္ဌမအကွက်။ ကြည့်ရှုနေရင်း ဆရာသခင်ကြီး နင်ဇောင်ဝူ၏ မျက်လုံးများ ပြူးကျယ်လာပြီး မျက်တောင်ပင် မခတ်နိုင်တော့ပေ။ ထို့နောက် သူသည် ဤမြင်ကွင်းကို လုံးဝ မယုံကြည်နိုင်စွာဖြင့် အသက်ရှူပင် ရပ်တန့်လုနီးပါး စိုက်ကြည့်နေမိသည်။

သတ္တမအကွက်၊ အဋ္ဌမအကွက်၊ နဝမအကွက်၊ ဒသမအကွက်။ တစ်မိနစ် အကြာတွင် တုပိုင်သည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်၏ အကွက် ၁၀ ကွက်စလုံးကို တစ်ကွက်မျှ မကျန် လုံးဝ အမှားအယွင်းမရှိ ပြသခဲ့ပြီးလေသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူသည် သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ မျက်လုံးများ ခြောက်သွေ့သွားသည်အထိ သူ မျက်တောင် မခတ်ခဲ့ပေ။

ဤမိန်းမစိုးလေးသည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် သင်ယူချိန်ကို ၁၉ ရက်မှ ၃ ရက်အထိ လျှော့ချပစ်လိုက်ပြီး မည်သူမျှ မယုံကြည်နိုင်လောက်သော ၃ ရက် ဟူသည့် အချိန်ကာလဖြင့် စံချိန်ချိုးလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ အလွန်တရာ အံ့သြဖွယ် ကောင်းလွန်းလှသည်။ နေမင်းကြီး အနောက်ရပ်မှ ထွက်ပေါ်လာပြီလော။ မည်သို့ဖြစ်နေသနည်း။ သူမည်သူနည်း။ သူဘယ်ကနည်း။ သူ၏အမည်ကရော မည်သည်နည်း။

လက်ရှိ မီတာ ၁၀၀ အပြေးပြိုင်ပွဲ ကမ္ဘာ့စံချိန်သည် ၉.၅၈ စက္ကန့် ဖြစ်ရာ ၉.၃၉ စက္ကန့်အထိ တိုးတက်သွားလျှင် ပုံမှန်ဟု ဆိုနိုင်သည်။ သို့သော် ၅ စက္ကန့်တိတိ တိုးတက်သွားပါက အားကစားသမား အားလုံး သူတို့၏ ပေးဆပ်မှုများကို ထိုက်တန်ရဲ့လားဟု မေးခွန်းထုတ်ပြီး ထိုအားကစားနည်းကို စွန့်လွှတ်သွားကြပေလိမ့်မည်။

နင်ဇောင်ဝူသည် ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် ယုတ္တိမရှိလွန်းသောကြောင့် ဖြစ်သည်။

အိမ်ထဲတွင် ရှိနေသော မင်းသမီးနင်းရွှဲ့သည် ထိုမြင်ကွင်းကို တောက်ပလှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။

သူမ၏ စံချိန် ချိုးဖျက်ခံလိုက်ရ၏။ သူမ သနားစရာ ကောင်းသည်ဟု မှတ်ယူထားသော တုပိုင်က ချိုးဖျက်လိုက်ခြင်း ဖြစ်ပြီး မူလစံချိန်ထက် ၆ ဆ ပိုမြန်နေသည်။

သေချာပေါက် သူမ မနာလို မဖြစ်ပေ။ တော်ဝင်မင်းသမီး တစ်ပါးအနေဖြင့် တော်ဝင်မိသားစုအပေါ် သစ္စာရှိသော ပါရမီရှင်များ များနိုင်သမျှ များပြားလာရန် သူမ ဆန္ဒရှိသည်။

သို့သော် ဤသည်က သောက်ကျိုးနည်းလှသည်။ ဤသာမန်ဟု သူမထင်ထားသော မိန်းမစိုးလေးနှင့် ယှဥ်လျှင် သူမ၏ ပါရမီရှင် ဂုဏ်ပုဒ်ကို မြောင်းထဲသို့ ပြစ်ချလိုက်ရမည့် ပုံရှိလေ၏။

သေချာပေါက် မင်းသမီး အထင်လွဲသွားခြင်း ဖြစ်သည်။

သူမသည် ပါရမီပိုင်းအရ အလွန်အမင်း စွမ်းအားကြီးမားဆဲ ဖြစ်သည်။ တုပိုင်သည် အိပ်မက်ထဲတွင် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို သင်ယူရန် ၂ လနီးပါး အချိန်ယူခဲ့ရရာ သူမ၏ ၁၉ ရက် စံချိန်ထက် များစွာ နောက်ကျနေသည်။ ထို့ကြောင့် သူမသည် စံချိန်ရှင်အဖြစ် ရှိနေဆဲ ဖြစ်သည်။

သို့သော် တုပိုင်ထံတွင် အိပ်မက်စနစ်ဟူသည့် ရွှေလက်ချောင်းကြီးရှိနေသည်ကို မင်းသမီး မည်သို့ သိနိုင်မည်နည်း။

အချိန်အတော်ကြာပြီးနောက် နင်ဇောင်ဝူက ပြောလိုက်သည်။ "တုပိုင်။ မင်း အရင်က ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို သင်ဖူးလား။ မင်းတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက အရမ်း အင်အားကြီးတာဆိုတော့ ဒီနည်းစနစ်ကို ရဖို့ မင်းအတွက် မခက်ခဲလောက်ပါဘူး။"

နင်ဇောင်ဝူခမျာ ထိုကဲ့သို့ တွေးရန်မှတပါး ရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၃ ရက်အတွင်း ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ်ကို တတ်မြောက်ခြင်းသည် အလွန်အမင်း ထူးဆန်းနေလှသဖြင့် ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခု ရှာဖွေရခြင်း ဖြစ်သည်။

တုပိုင် ရှင်းပြမနေဘဲ ပြောလိုက်သည်။ "ဆရာသခင်ကြီး။ ဆရာသခင်ကြီးက ကျွန်တော့်ကို လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ၁၈ ရက်အတွင်း ပြီးမြောက်ဖို့ တောင်းဆိုထားတယ်။ တစ်ခါ အသက်ရှူချိန်အတွင်းမှာ ဓားချက် ၁၀ ချက် ထိုးသွင်းရမယ်။ ထိုးချက်တိုင်းက တစ်နေရာတည်းကိုပဲ ထိမှန်ရမယ်။ ဟုတ်တယ်မလား။"

နင်ဇောင်ဝူ ခေါင်းညိတ်လိုက်သည်။

တုပိုင် ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ဆရာသခင်ကြီး စမ်းသပ်ခဲ့တယ်။ ကျွန်တော် တစ်စက္ကန့်မှာ ၃ ချက်ပဲ ထိုးနိုင်ခဲ့တယ်။ ထိုးချက်တွေကလည်း အရမ်း မတိကျခဲ့ဘူး။ ဟုတ်တယ်မလား။ အဲဒီလောက် ညံ့ဖျင်းတဲ့ ရလဒ်ကို ကျွန်တော် ဟန်ဆောင် လုပ်ယူခဲ့တာတော့ မဟုတ်ဘူးမလား။"

"မှန်တယ်။ မင်း ဟန်ဆောင်ရင်တောင် ငါ့ရဲ့မျက်လုံးတွေကိုတော့ ဖုံးကွယ်ထားလို့ မရဘူး။" နင်ဇောင်ဝူက ပြောလိုက်သည်။ "မင်းရဲ့ လျင်မြန်ဖျတ်လတ်မှုက အရမ်း ညံ့တယ်။ သာမန်လူတွေထက်တောင် ပိုဆိုးသေးတယ်။"

တုပိုင်က ပြောလိုက်သည်။ "ကျွန်တော်သာ လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ၁၉ ရက်အတွင်း ပြီးအောင် လုပ်နိုင်ရင် ဆရာသခင်ကြီးက ကျွန်တော့်ကို အာရုံစိုက်ပြီး သင်ပေးမယ်။ မလုပ်နိုင်ရင် မိန်းမစိုးအကယ်ဒမီကို ပြန်မောင်းထုတ်မယ်လို့ ဆရာသခင်ကြီးနဲ့ ကျွန်တော့်ရဲ့ မွေးစားအဖေ သဘောတူခဲ့ကြတယ် မဟုတ်လား။"

နင်ဇောင်ဝူ ခေါင်းညိတ်လိုက်ပြီး တုပိုင်ကို အံ့သြတကြီး စိုက်ကြည့်နေသည်။ ဤအကောင် မည်သည်ကို ပြောဖို့ကြိုးစားနေသနည်။

"ဒါဆို နောက်တစ်ခေါက် ထပ်ကြည့်ပေးပါဦး။" တုပိုင် ပြောလိုက်သည်။

ထို့နောက် တုပိုင်သည် စက္ကူဖြူတစ်ရွက်ကို ထုတ်ယူပြီး နံရံတွင် ကပ်လိုက်သည်။ ထို့နောက် စက္ကူရှေ့ ၇ ပေအကွာတွင် မတ်မတ်ရပ်ကာ လက်ထဲ၌ သစ်သားဓားကို ကိုင်ထားလိုက်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လက်ထဲမှ သစ်သားဓားကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထိုးသွင်းလိုက်လေသည်။

"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း..."

တစ်စက္ကန့်ဟူသည် ခဏလေးသာ။ တုပိုင်သည် ဓားချက် ၁၄ ချက် ထိုးသွင်းလိုက်ပြီး ဓားချက်တိုင်းသည် တစ်နေရာတည်းကိုသာ ထိမှန်သွားလေသည်။ အံ့သြဖွယ်ကောင်းသော ဓားချက် ၁၄ ချက်။ ဓားချက်တိုင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။

သာမန်လူများအနေဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခဲယဉ်းသော်လည်း ဆရာသခင်ကြီး နင်ဇောင်ဝူအတွက်မူ တုပိုင် ထိုးလိုက်သော ဓားချက်တိုင်းကို အသေအချာကြီး မြင်တွေ့လိုက်ရသည်။

တိကျလွန်းပြီး ခွန်အားလည်း ပါကာ လုံးဝ အပြစ်ပြောစရာ မရှိပေ။ တုပိုင်၏ ပြောင်မြောက်သော ဖျော်ဖြေမှုသည် ယနေ့တွင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူတစ်ယောက် အသက်ရှူရန်ပင် မေ့လျော့သွားကာ ကျောက်ရုပ်ကြီးကဲ့သို့ ဆွံ့အစွာဖြင့် ရှိနေသည်။

ပုံမှန်အားဖြင့် မိန်းမစိုးအကယ်ဒမီမှ ကျောင်းသားများသည် လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ပြီးမြောက်ရန် လပေါင်းများစွာ ကြာမြင့်တတ်သော်လည်း သူက တုပိုင်ကို ၁၈ ရက်အတွင်း ပြီးမြောက်ရန် အမိန့်ပေးခဲ့သည်။

ထိုသည်က မဖြစ်နိုင်သော တာဝန်တစ်ခု ဖြစ်သည်။ သူသည် ကလေးတစ်ယောက်ကို အနိုင်ကျင့်ပြီး လူလည်လုပ်နေခြင်း ဖြစ်သည်။

သို့သော် ဤမိန်းမစိုးလေးသည် ၃ ရက်တည်းဖြင့် အမှန်တကယ်ကြီး ပြီးမြောက်အောင် လုပ်ပြနိုင်ခဲ့သည်။

၃ ရက်အတွင်း သူသည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ကျမ်းစာအုပ် လေ့ကျင့်မှုကို ပြီးမြောက်ခဲ့ရုံသာမက လျင်မြန်ဖျတ်လတ်မှု သင်တန်း တစ်ခုလုံးကိုပါ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

'သောက်ကျိုးနည်း...။ ငါ မင်းကို ဘာမှတောင် မသင်ပေးရသေးဘူး။ မင်းက အကုန် တတ်နေပြီ။ ပါရမီရှင်တွေက စည်းကမ်းမရှိကြဘူးလား...။'

'ကမ္ဘာကြီးကပဲ ပြောင်းလဲတာ မြန်လွန်းနေတာလား။ ဒါမှမဟုတ် ငါ့ရှေ့က ဒီမိန်းမစိုးလေးက လူမဟုတ်တာလား။'

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက သောက်ရမ်းတွေ ထူးခြားဆန်းကြယ်လွန်းနေတော့ တခြားလူတွေ ဘယ်လို အသက်ရှင်ရတော့မှာလဲ။'

အပိုင်း ၉၁ ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“သောက်ကျိုးနည်း။ ဒါ လူကော ဟုတ်ရဲ့လား။”

အချိန်အတော်ကြာပြီးနောက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်မိသည်။

သူသည် ဆယ်စုနှစ် ၂ ခု ၃ ခု အတွင်း တစ်ခါမျှ ဆဲဆိုခြင်း မပြုခဲ့ဖူးပေ။ သို့သော် ယခုအချိန်တွင်မူ သူ မနေနိုင်တော့ဘဲ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားလေသည်။

ဤပုဂ္ဂိုလ်ကြီးသည် ဆရာသခင်ကြီး တစ်ပါး၏ ဂုဏ်အင်္ဂါနှင့် မညီညွတ်စွာပင် ဤကဲ့သို့ ကြမ်းတမ်းသော စကားလုံးများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ဤအချက်ကပင် တုပိုင်အား သူတို့နှင့် ပိုမို ရင်းနှီးသွားသလို ခံစားလိုက်ရစေသည်။ ဟန်ဆောင်ကောင်းပြီး မိမိကိုယ်ကို အထက်စီးမှ ဆက်ဆံတတ်သူများကို တုပိုင် မနှစ်သက်ပေ။ ဟန်ဆောင်မှုဟူသည် သူတစ်ယောက်တည်း လုပ်လျှင် လုံလောက်ပြီဟု သူခံယူထားသည်။ အခြားသူများ လိုက်လုပ်ရန် မလိုပေ။

တုပိုင်က မေးလိုက်သည်။ “ဆရာသခင်ကြီး။ ကျွန်တော် လျင်မြန်ဖျတ်လတ်မှု သင်တန်းကို သတ်မှတ်ရက်ထက် လဝက်စောပြီး ပြီးစီးခဲ့ပါပြီ။ ပြီးစီးမှုနှုန်းကလည်း သတ်မှတ်ချက်ထက် တစ်ဝက်ကျော် ပိုနေပါတယ်။ ကျွန်တော် ဒီမှာဆက်နေပြီး ဆရာသခင်ကြီးဆီက ပညာသင်ယူခွင့် ရှိပါသလား။”

ယခုအချိန်တွင် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ နှလုံးသားထဲ၌ အသံနှစ်သံ ထွက်ပေါ်နေသည်။

ဘယ်ဘက်မှ အသံက ဒေါသတကြီး အော်ဟစ်နေသည်။ “ငါ့ရဲ့ လွတ်လပ်မှုတွေ… ငါ့ရဲ့ စိတ်လွတ်ကိုယ်လွတ် နေရမယ့်ဘဝ… ငါ့ရဲ့ ကမ္ဘာလှည့်ခရီး… အားလုံး ကုန်ဆုံးသွားပြီ။ အခုတော့ ငါ့ပခုံးပေါ် နောက်ထပ် ဝန်ထုပ်ဝန်ပိုး တစ်ခု ရောက်လာပြန်ပြီ။ ငါတို့ သဘောတူထားတာ ၃ နှစ်။ ပြီးတော့ နောက်ထပ် ၃ နှစ်။ ပြီးတော့ နောက်ထပ် ၃ နှစ်။ ၁၂ နှစ်တောင် ရှိနေပြီ။ ငါ့အတွက် လွတ်လပ်မှု ရဖို့က ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။”

ညာဘက်မှ အသံကတော့ စိတ်လှုပ်ရှား တက်ကြွနေသည်။ “ဒါ ပါရမီရှင် သက်သက် မဟုတ်ဘူး။ ရာစုနှစ်တစ်ခုမှာ တစ်ယောက်ပဲ ပေါ်ထွန်းတဲ့ ပါရမီရှင်။ ဒီလို တပည့်မျိုး ရတာ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှု တစ်ခု မဟုတ်ဘူးလား။ လီဝမ်ဟွေ့တောင် သူ့အတွက် အရာအားလုံး ပေးဆပ်ရဲရင် ငါက ဘာလို့ မပေးဆပ်နိုင်ရမှာလဲ။ ဒီကောင်လေးက မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ် မျှော်လင့်ချက်၊ အင်ပါယာကြီးတစ်ခုလုံးရဲ့ အနာဂတ် မျှော်လင့်ချက် ဖြစ်လာနိုင်တယ်။”

ဘယ်ဘက်အသံ - “ငါ လွတ်လပ်ချင်တယ်။ ငါ ကမ္ဘာပတ်ချင်တယ်။”

ညာဘက်အသံ - “ငါ နင်ဇောင်ဝူရဲ့ သွေးတွေ မအေးစက်သေးပါဘူး။ မိန်းမစိုးဂိုဏ်းဝင် ဖြစ်ခဲ့ဖူးရင် တစ်သက်လုံး မိန်းမစိုးဂိုဏ်းဝင်ပဲ။”

နင်ဇောင်ဝူသည် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်နေရပြီး သူ့မျက်နှာပေါ်တွင် အလွန် ရှုပ်ထွေးသော အမူအရာများ ပေါ်ပေါက်နေသည်။

တုပိုင် ထပ်မေးလိုက်သည်။ “ဆရာသခင်ကြီး။ ကျွန်တော် နေခဲ့လို့ ရမလား။”

နင်ဇောင်ဝူ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး တုပိုင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်း တကယ် နေချင်တာ သေချာလား။”

သူ့အမူအရာက အနည်းငယ် ကြောက်စရာ ကောင်းလာသည်။ တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “သေချာပါတယ်။”

နင်ဇောင်ဝူက ပြောလိုက်သည်။ “အရင်က ငါ မင်းကို သာမန်ကာလျှံကာပဲ သင်ပေးဖို့ စိတ်ကူးထားတာ။ ဒါကြောင့် သေချာ မသင်ပေးခဲ့ဘူး။ ဒါပေမဲ့ ငါက မင်းကို တကယ် သင်ပေးဖို့။ ငါ့အစွမ်းကုန် သင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့… အဲဒါက ငရဲခန်း လေ့ကျင့်မှု ဖြစ်လာလိမ့်မယ်။ တကယ့် နတ်ဆိုးတမျှ ရက်စက်မယ့် သင်ခန်းစာတွေ ဖြစ်လာလိမ့်မယ်။”

တုပိုင် ကြက်သီးမွှေးညှင်းများ ထသွားသည်။

ငရဲခန်း လေ့ကျင့်မှုနှင့် နတ်ဆိုး သင်ခန်းစာဟူ၍ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် ပြောဆိုနေရသနည်း။ ဆရာသခင်ကြီး တစ်ဦးအနေဖြင့် ဤမျှ ကလေးဆန်သော စကားလုံးများကို သုံးစွဲခြင်းသည် ရယ်ချင်စရာပင် ကောင်းလှသည်။

“မင်းက ပါရမီရှင် တစ်ယောက်ပဲ။ တကယ်ကို အထွတ်အထိပ်ပါရမီရှင်။” နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒါကြောင့် မင်းရဲ့ ပါရမီကို အကန့်အသတ် ရောက်တဲ့အထိ ငါညှစ်ထုတ်မယ်။ မင်း ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးတဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ပေးမယ်။ အချိန်တိုတိုအတွင်း အမြန်ဆုံးသော အောင်မြင်မှုတွေ ရအောင် ငါလုပ်ပေးမယ်။”

“မင်းရဲ့ ဘွဲ့ယူစာမေးပွဲ ဖြေဖို့ ၅ လ လိုသေးတယ်။ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကလည်း ၅ လပဲ ကြာမြင့်လိမ့်မယ်။ ဒီ ၅ လ အတွင်းမှာ ငါက နည်းလမ်းပေါင်းစုံ သုံးပြီး ငါ့ဉာဏ်ပညာ ရှိသမျှ အကုန်ထုတ်ပြီး မင်းကို သင်ပေးမယ်။ ပါရမီရှင် တစ်ယောက်ရဲ့ အကန့်အသတ်က ဘယ်နေရာမှာ ရှိလဲဆိုတာ ငါတကယ် သိချင်တယ်။”

“ကောင်းပါပြီ။” တုပိုင် ပြောလိုက်သည်။

“ကတိတည်ပါစေ။” နင်ဇောင်ဝူက ပြောလိုက်သည်။ “မနက်ဖြန် ငါတို့ တစ်ရက် နားမယ်။ သဘက်ခါကျရင် ငရဲလိုသင်တန်းကို တရားဝင် စတင်မယ်။”

‘ဘာလို့ သဘက်ခါမှ စမှာလဲ။ မနက်ဖြန် စလို့ မရဘူးလား။’ တုပိုင် တွေးလိုက်သော်လည်း အသံထွက်၍ မမေးလိုက်ပေ။

နင်ဇောင်ဝူက ဆက်မေးလိုက်သည်။ “လျင်မြန်ဖျတ်လတ်မှု သင်တန်းကို ၃ ရက်ခွဲနဲ့ ဘာလို့ ပြီးစီးသွားတာလဲ ဆိုတာ ပြောပြလို့ ရမလား။ ဒါက တကယ် အဓိပ္ပာယ် မရှိဘူး။”

တုပိုင်က ပြောလိုက်သည်။ “ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဆရာသခင်ကြီးရဲ့ ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် နဲ့ ကျွန်တော်က ထူးဆန်းတဲ့ ဆက်နွယ်မှု တစ်ခု ရှိနေသလို ခံစားရတယ်။ ကောင်းကင်နဲ့ မြေကြီး ထိတွေ့သွားသလိုမျိုးပေါ့။ ကျွန်တော် ဒီနည်းစနစ်ရဲ့ အနှစ်သာရနဲ့ ဝိညာဉ်ကို ရှာတွေ့ခဲ့ပြီး လျင်မြန်စွာ တတ်မြောက်သွားတာပါ။”

“ဒီနည်းစနစ်ကို သင်ယူပြီးတဲ့နောက် ကျွန်တော့်ရဲ့ လျင်မြန်ဖျတ်လတ်မှုက သိသိသာသာ တိုးတက်လာတယ်။ တစ်ခါ အသက်ရှူချိန်အတွင်း ၃ ချက် ထိုးနိုင်ရာကနေ ၁၄ ချက်အထိ တိုးတက်လာတယ်။ ပြီးတော့ တိကျမှု ရှိလာအောင် ပေါင်တစ်ရာ အလေးချိန်နဲ့ ရှင်းယီဓားသိုင်းကို ၃ ရက်လောက် လေ့ကျင့်ခဲ့ပါတယ်။”

တုပိုင်သည် အိပ်မက်စနစ် အကြောင်း ထုတ်ဖော်ပြောပြ၍ မရပေ။ ယခုလက်ရှိ သူ့ရှင်းပြချက်ကလည်း ဂမ္ဘီရဆန်လွန်းနေပြီး လူပါးဝကာ လိမ်ညာပြောဆိုနေခြင်းဟု သတ်မှတ်ပြီး မည်သူကမှ သူ့အား ယုံမည်မဟုတ်ချေ။

သို့သော် ဆရာသခင်ကြီး နင်ဇောင်ဝူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ငါ သဘောပေါက်ပြီ။ သဘောပေါက်ပြီ။”

တုပိုင် အံ့အားသင့်သွားသည်။ ဤကဲ့သို့ သောက်ကျိုးနည်းဇာတ်လမ်းကို ယုံသွားသည်လော။ အကျိုးနည်းလှသည်။

“မင်း အရင် ပြန်နားလိုက်ပါဦး။” နင်ဇောင်ဝူ ပြောလိုက်သည်။

“ဟုတ်ကဲ့။” တုပိုင် ထွက်သွားလေသည်။

ထို့နောက် မင်းသမီးနင်းရွှဲ့ ထွက်လာသည်။ သူမနှင့် ဆရာသခင်ကြီး နင်ဇောင်ဝူတို့သည် စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“တကယ့်ကို အံ့သြစရာပဲ။” နင်ဇောင်ဝူက ပြောလိုက်သည်။

မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။

“ရုတ်တရက် ဆန်လွန်းတယ်။ ငါ ဘာမှ ပြင်ဆင်မထားမိဘူး။ ရာစုနှစ်တစ်ခုမှာ တစ်ယောက်ပဲ ပေါ်ထွန်းမယ့် ပါရမီရှင်က ငါ့ရှေ့တည့်တည့် ရောက်လာခဲ့တာ။” နင်ဇောင်ဝူက ပြောလိုက်သည်။ “ငါ့ရဲ့ လွတ်လပ်ခွင့်တော့ ဆုံးရှုံးသွားပြန်ပြီ။ ဒါပေမဲ့ ငါ နည်းနည်းတော့ စိတ်လှုပ်ရှားပြီး ပျော်နေမိတယ်။”

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဒါဆို ဆရာကြီးနင်ကိုပဲ အပ်လိုက်ပါတော့မယ်။”

နင်ဇောင်ဝူက ပြောလိုက်သည်။ “ခုနက မင်းသမီး ဘာလို့ ထွက်မတွေ့တာလဲ။ သူ့လို ပါရမီရှင်မျိုးက ရှားမှရှားပဲလေ။”

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “တွေ့မယ်ဆိုရင် အစကတည်းက တွေ့သင့်တာ။ သူက ပါရမီရှင်မှန်း သိလိုက်ရမှ ထွက်တွေ့တာက အခွင့်အရေးသမား ဆန်လွန်းရာ ကျနေပါလိမ့်မယ်။”

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပါရမီရှင် တစ်ယောက် မွေးဖွားလာတာက မင်းသမီးအတွက် တော်ဝင်မိသားစုအတွက် ပြီးတော့ အင်ပါယာ တစ်ခုလုံးအတွက် ကောင်းသော အပြောင်းအလဲပါပဲ။”

မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။ မိန်းမစိုးဂိုဏ်းသည် တော်ဝင်မိသားစု လက်ထဲတွင် ကျန်ရှိတော့သည့် တစ်ခုတည်းသော တရားဝင် အင်အားစု ဖြစ်သည်။

တော်ဝင်မိသားစုနှင့် အင်ပါယာအပေါ်ထားရှိသည့် လီဝမ်ဟွေ့၏ သစ္စာတရားမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဤတုပိုင်သည် လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်သဖြင့် အနာဂတ်တွင် ယုံကြည်စိတ်ချရသော လူယုံတော် ဖြစ်လာနိုင်သည်။

တုပိုင် ပိုပြီး ထူးချွန်လေလေ တော်ဝင်မိသားစုအတွက် ပိုပြီး အကျိုးရှိလေလေဖြစ်သည်။

မင်းသမီးနင်းရွှဲ့ ပြောလိုက်သည်။ “ဒီလို ပါရမီရှင်မျိုးတွေ များများ ပေါ်ပေါက်လာဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါမှ ကုန်းကုန်းလီဝမ်ဟွေ့ တစ်ယောက်တည်း ရုန်းကန်နေရတာတွေ သက်သာသွားမှာ။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် အမိန့်တော်ပြန်တမ်း လာပို့သော မိန်းမစိုးသည် မျှော်မှန်းထားသည်ထက် စောစီးစွာ ရောက်ရှိလာသည်။

ကြာပန်းကျောင်းတော် တစ်ခုလုံးကို အစောင့်များဖြင့် ဝိုင်းရံထားလိုက်ပြီး သုံးလှမ်းတစ်ယောက် ငါးလှမ်းတစ်ယောက် ကင်းစောင့်ချထားသည်။ ပြင်ပလူဖြစ်သော တုပိုင်မှာမူ အဝေးသို့ မောင်းထုတ်ခြင်း ခံလိုက်ရသည်။

ဧကရာဇ်မင်းမြတ်၏ အမိန့်တော်မှာ အလွန် ရိုးရှင်းသည်။

“ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကြောင့် ဧကရာဇ်မင်းမြတ် အမိန့်ရှိသည်မှာ မင်းသမီး ရွှမ်နင်းရွှဲ့ သည် မြို့တော်သို့ ပြန်လာရမည်။”

နောက်ဆုံးတွင် မင်းသမီး၏ ၃ နှစ်တာ ပြည်နှင်ဒဏ်နှင့် အကျယ်ချုပ်ဘဝ ကုန်ဆုံးသွားပြီ ဖြစ်ပြီး မြို့တော်သို့ ပြန်လာကာ လွတ်လပ်ခွင့် ရရှိတော့မည် ဖြစ်သည်။

“အမိန့်တော်မြတ်ကို နာခံပါ၏။ အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ။”

မင်းသမီးနင်းရွှဲ့သည် အမိန့်တော်ကို လက်ခံရန် ဒူးထောက်လိုက်သည်။ သူမ၏ ခါးနှင့် တင်ပါး အချိုးအစားသည် အလွန် လှပပြီး ဆွဲဆောင်မှု ရှိလွန်းသဖြင့် တည့်တည့်ကြည့်လိုက်လျှင် မလုပ်ပဲ ပြီးသွားနိုင်သည်။

သို့သော် မည်သူမျှ မကြည့်ရဲကြပေ။ အမိန့်တော် လာပို့သော မိန်းမစိုးပင်လျှင် တစ်ချက်မျှ မကြည့်ရဲဘဲ အမိန့်တော်ပြန်တမ်းကိုသာ အာရုံစိုက် ကြည့်ရှုနေရသည်။

အဘယ်ကြောင့်ဆိုသော် မင်းသမီးသည် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံး အင်ပါယာ၏ အလှပဆုံး အစွမ်းအထက်ဆုံးနှင့် အထူးချွန်ဆုံး မင်းသမီး ဖြစ်သောကြောင့် ဖြစ်သည်။

မင်းသမီးကို မြင်ဖူးသော မိန်းမစိုးအားလုံးက ဤကမ္ဘာပေါ်တွင် သူမနှင့် ထိုက်တန်သော အမျိုးသား မရှိဟု ယုံကြည်ထားကြသည်။

သူမသည် ပြိုင်ဘက်ကင်း သိုင်းပညာ။ သူရဲကောင်း စိတ်ဓာတ်။ ပြိုင်ဘက်ကင်း အလှတရားနှင့် နှိုင်းယှဉ်မရနိုင်သော မြင့်မြတ်မှုများကို ပိုင်ဆိုင်ထားသည်။

ထိုအချိန်ကျမှသာ တုပိုင်သည် အလယ်ဗဟိုရှိ အခမ်းနားဆုံး နန်းဆောင်တွင် နေထိုင်သူမှာ အင်ပါယာတစ်ခွင် ကျော်ကြားသော မင်းသမီးနင်းရွှဲ့ ဖြစ်ကြောင်း သိလိုက်ရသည်။

သူမသည် အင်ပါယာ တစ်ခုလုံးတွင်သာမက အရှေ့မြောက်အာရှ တစ်ခွင်လုံးတွင်ပါ ကျော်ကြားသူ ဖြစ်သည်။

သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရား၊ သိုင်းပညာ စွမ်းရည်၊ သူရဲကောင်း စိတ်ဓာတ် စသည်တို့ကြောင့် လူတိုင်း၏ လေးစားချီးမွမ်းမှုကို ရရှိထားသူ ဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်က သူမသည် မြို့တော်တွင် အမျိုးသမီးများကို စော်ကားခဲ့သော မွန်ဂိုမင်းသားကို သတ်ဖြတ်ခဲ့ပြီး သဘောတူညီလှနီးပါး ဖြစ်နေသော မဟာမိတ်အဖွဲ့ကို ပျက်စီးစေခဲ့သည်။ ထို့ကြောင့် နယ်စပ်သို့ ပြည်နှင်ဒဏ် ပေးခံရပြီး အကျယ်ချုပ် ချထားခြင်း ခံခဲ့ရသည်။

ထိုအချိန်က မြို့တော်ရှိ သိန်းနှင့်ချီသော ပြည်သူများသည် သူမအတွက် ငိုကြွေးခဲ့ကြပြီး ဒေါသထွက်ခဲ့ကြကာ နန်းတော်ရှေ့တွင် ဒူးထောက်၍ သူမအတွက် အသနားခံခဲ့ကြသည်။ မင်းသမီး၏ ဂုဏ်သတင်းသည် အိမ်ရှေ့စံမင်းသားထက်ပင် ကျော်လွန်သည်ဟု ပြောနိုင်သည်။

သူမ ပြည်နှင်ဒဏ် ကျခံနေရသည်မှာ ဤနေရာ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ဆရာသခင်ကြီး နင်ဇောင်ဝူ စိတ်ဆင်းရဲနေရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် မင်းသမီးနင်းရွှဲ့၏ ဆရာ သာမက သူမ၏ အစောင့်အရှောက်လည်း ဖြစ်သည်။ မင်းသမီးနင်းရွှဲ့ လွတ်လပ်ခွင့် မရှိလျှင် နင်ဇောင်ဝူလည်း လွတ်လပ်ခွင့် မရှိပေ။

ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့ ဤလူသူဝေးသော ကွမ်ရှီးပြည်နယ်တွင် ၃ နှစ်ကြာ နေထိုင်ခဲ့ရခြင်းမှာ နင်ဇောင်ဝူထံမှ သိုင်းပညာ သင်ယူရန် မဟုတ်ဘဲ ဤမင်းသမီးကို လိုက်ပိုးရန် ဖြစ်သည်။

ဤမင်းသမီးကို လက်ထပ်ရသူသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးသော အမျိုးသား ဖြစ်လာမည်ဟု ပြောနိုင်သည်။

တုပိုင်သည် ဒဏ္ဍာရီလာ မင်းသမီးနင်းရွှဲ့ မည်မျှ လှပဆွဲဆောင်မှု ရှိသည်ကို မြင်တွေ့ရရန် ခြေဖျားထောက်ပြီး ကြည့်ရှုလိုက်သည်။

သို့သော် နံရံ ၃ ထပ်နှင့် ရာချီသော စစ်သည်များက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည်။ သူ ဘာမှ မမြင်ရပေ။ လူရိပ်လူယောင်ပင် မမြင်ရ။

လက်ရှိအချိန်တွင် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့၏ အဆင့်အတန်း ကွာခြားချက်သည် ဖြတ်ကျော်၍ မရနိုင်သော ချောက်ကမ်းပါးကြီး တစ်ခု ကဲ့သို့ပင်။

**--**--**--**--**--**--**--**

အင်ပါယာ၏ ရတနာ၊ တော်ဝင်မိသားစု၏ ဂုဏ်ယူစရာ၊ အလှပဆုံး အမျိုးသမီးဟု တင်စားခြင်း ခံရသော မင်းသမီးနင်းရွှဲ့သည် မြို့တော်သို့ ပြန်တော့မည် ဖြစ်သည်။

ယခုတစ်ကြိမ် မင်းသမီးနင်းရွှဲ့ မြို့တော်သို့ ပြန်လာခြင်းသည် ဖီးနစ်ငှက် ပြာပုံထဲက ရုန်းထွက်လာသကဲ့သို့ တဟုန်ထိုး မြင့်တက်လာမည့် အခြေအနေ ဖြစ်လာပေလိမ့်မည်။

အချိန်အကြာကြီး ရုန်းကန်ခဲ့ရပြီးနောက် ဧကရာဇ်မင်းမြတ်၏ ပြတ်သားသော အလိုဆန္ဒအရ မင်းသမီးနင်းရွှဲ့သည် နောက်ဆုံးတွင် သူမ၏ ကိုယ်ပိုင် တပ်မတော်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

အင်အား တစ်သောင်းခန့်သာ ရှိသော်လည်း ဟေပေတွင် လေ့ကျင့်နေပြီး အနာဂတ်တွင် ရှန်ဟိုင်ကွမ်၌ တပ်စွဲကာ မြို့တော်ကို ကာကွယ်မည့် အထူးတပ်ဖွဲ့များထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤမြင့်မြတ်ပြီး ပြိုင်ဘက်ကင်းသော မင်းသမီးကို လက်ထပ်ရသူသည် အမှန်တကယ်ပင် ကမ္ဘာ့နံပါတ်တစ် အမျိုးသား ဖြစ်လာပေလိမ့်မည်။

တစ်ချိန်က တိတ်ဆိတ်ခြောက်ကပ်နေသော ကြာပန်းကျောင်းတော်သည် ယခုအခါ အထက်တန်းလွှာများနှင့် ကျော်ကြားသူများ လာရောက် နှုတ်ဆက်ကြသဖြင့် စည်ကားသိုက်မြိုက်နေသည်။

လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်သည် ကွမ်ရှီးပြည်နယ် ပထမဆုရှင် ချွေ့ဖူကို ခေါ်ဆောင်လာသည်။

နန်ဟိုင်သိုင်းကျောင်းတော် ကျောင်းအုပ်ကြီး ကျူးဝူယာသည် သမီးဖြစ်သူ ကျူးဝူရွှမ်ကို ခေါ်ဆောင်လာသည်။

အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်၊ ကွမ်ရှီးပြည်နယ် ဘုရင်ခံ လော့ဝမ် နှင့် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်မှူး ထန်ယန်တို့လည်း ရောက်ရှိလာကြသည်။

တချို့လူများကတော့ လာမတွေ့ကြပေ။ ဥပမာ လုံးဝ အနားယူသွားသော ကျန်းရန်မင်ဖြစ်သည်။ သူတို့သည် အပျော်လာကြသူများ မဟုတ်ပေ။

**--**--**--**--**--**--**--**

မိမိကိုယ်ကို မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်ဟု မှတ်ယူထားသော ထန်ယန်သည် အရပ်ဘက်နှင့် စစ်ဘက်မှ အထက်တန်းလွှာများနှင့် ရယ်မော စကားပြောဆိုနေသည်။

ထိုသည်က သူ့အားသာချက်ပင်။ သူသည် အရပ်ဘက် အရာရှိ မိသားစုမှ ဆင်းသက်လာပြီး ပညာတတ် တစ်ဦး ဖြစ်ကာ ကွမ်တုံပြည်နယ်၏ ပထမဆုရှင် တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည်။

ယခင်က အာဏာရှိသော အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ဝမ်ရင်ကို လျစ်လျူရှုခဲ့ကြသော်လည်း လီဝမ်ဟွေ့၏ အရှိန်အဝါ ကြီးမားလာမှုကြောင့် ကွေ့တုန်းယန်နှင့် လော့ဝမ် ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးကြီး ဝမ်ရင်နှင့် ရင်းနှီးလာကြသည်။

ဝမ်ရင်သည် ထန်ယန်ကို ခေါ်ဆောင်ပြီး ကြာပန်းကျောင်းတော်ထဲသို့ ဝင်လာသောအခါ တုပိုင်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် လျစ်လျူရှုလိုက်သည်။

ဝမ်ရင်က အနီးနားရှိ အစောင့်များကိုပင် ပြောလိုက်သေးသည်။ “မသက်ဆိုင်တဲ့ လူတွေကို ဖယ်ရှားလိုက်ပါ။”

“ဟုတ်ကဲ့။”

မြို့တော်မှ လာသော တပ်မှူးသည် တုပိုင်ကို ဘာမဟုတ်သော ကောင်လေး တစ်ယောက်အဖြစ် သတ်မှတ်ပြီး မောင်းထုတ်လိုက်သည်။

ကြာပန်းကျောင်းတော် တစ်ခုလုံးကို အာဏာရှိပြီး ဩဇာညောင်းသော ပုဂ္ဂိုလ်ကြီးများက နေရာယူထားကြသည်။

လီဝမ်ဟွေ့ မရှိသဖြင့် တုပိုင်ကို ထောက်ခံပေးမည့်သူ မရှိပေ။ ထို့ကြောင့် သူ့အခန်းကိုလည်း အသိမ်းခံလိုက်ရပြီး တောင်ခြေရှိ ဒေသခံနေအိမ် တစ်ခုတွင်သာ သွားရောက် တည်းခိုရလေသည်။

ဤဆက်ဆံမှုသည် ထန်ယန် ရရှိသော ဆက်ဆံမှုနှင့် မိုးနှင့်မြေလို ကွာခြားလှသည်။

တုပိုင်၏ စိတ်ဓာတ်ကို ပိုမို ခိုင်မာစေရန်အတွက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဘာမှ မသိသလို ဟန်ဆောင်နေပြီး တုပိုင်ကို ကြာပန်းကျောင်းတော်မှ မောင်းထုတ်ခံရသည့် အဖြစ်ကို လွှတ်ထားလိုက်သည်။

**--**--**--**--**--**--**--**

ထိုညတွင် တောင်ခြေရှိ အိမ်တစ်အိမ်၌ အိပ်ပျော်နေသော တုပိုင်သည် အလွန် ထူးဆန်းသော အိပ်မက်တစ်ခုကို မက်လေသည်။

အိပ်မက်ထဲတွင် သူသည် ပြိုင်ဘက်ကင်း အလှပဂေး အမျိုးသမီး တစ်ဦးကို မြင်မက်သည်။ သူမ၏ ရုပ်ရည်၊ စိတ်နေသဘောထားနှင့် ခန္ဓာကိုယ် အချိုးအစား အားလုံးသည် ထူးခြားလွန်းလှသည်။

သူမသည် သဘာဝတရား၏ စစ်မှန်သော လက်ရာမြောက် ပန်းချီကား တစ်ချပ် ဖြစ်ပြီး တိုင်းပြည်များကို ပျက်စီးစေနိုင်လောက်သော အလှတရားမျိုး ပိုင်ဆိုင်ထားသည်။

အိပ်မက်ထဲတွင် တုပိုင်သည် သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ မြင့်မြတ်သော အရှိန်အဝါကြောင့် ဤအမျိုးသမီးသည် ဖီးနစ်ငှက်ကဲ့သို့ ပြန်လည်မွေးဖွားတော့မည့် မင်းသမီးနင်းရွှဲ့ ဖြစ်ကြောင်း အာရုံခံစားမိလိုက်သည်။

ထို့နောက် သူ့စိတ်အာရုံ နက်ရှိုင်းသော နေရာမှ အလင်းတန်းနှင့် အရိပ်တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“စနစ်ရှင်တုပိုင်၏ အမြင့်ဆုံးတာဝန် (၂) - မင်းသမီးနင်းရွှဲ့ကို လက်ထပ်ရန် တာဝန်။ တရားဝင် စတင်ပါပြီ။”

“စနစ်ရှင်အပေါ် မင်းသမီး၏ လက်ရှိ နှစ်သက်မှုအဆင့်မှာ ၅ ဖြစ်သည်။”

“မင်းသမီးနင်းရွှဲ့ကို သိမ်းပိုက်ရန် ပထမဆုံး မစ်ရှင် စတင်ပါပြီ။ ဘဝ၏ ပထမဆုံး တွေ့ဆုံမှု။”

“မစ်ရှင် ရည်မှန်းချက် - မနက်ဖြန် နှုတ်ဆက်ပွဲ ညစာစားပွဲတွင် အခြားသော လူငယ် ပါရမီရှင်များ အားလုံးကို ကျော်ဖြတ်ပြီး မင်းသမီး၏ စိတ်ထဲတွင် ဖျောက်ဖျက်မရနိုင်သော အထင်ကြီးမှုကို ချန်ထားရမည်။”

“တာဝန် အောင်မြင်မှု ဆုလာဘ်များ - မင်းသမီး၏ နှစ်သက်မှုအဆင့် ၁၅ တိုးမည်။ အရှင်သခင် တုပိုင်၏ ယန်စွမ်းအင်တန်ဖိုး ၁၀ တိုးမည်။”

“မင်းသမီးနင်းရွှဲ့၏ နှစ်သက်မှုအဆင့် ၁၀၀ သို့ ရောက်ရှိပါက သူမကို အပြီးအပိုင် သိမ်းပိုက်နိုင်မည် ဖြစ်သည်။ မည်မျှပင် ပေးဆပ်ရပါစေ သူမသည် စနစ်ရှင်တုပိုင်နောက်သို့ လိုက်ပါပြီး သခင်တုပိုင်ကို တွန့်ဆုတ်ခြင်းမရှိ လက်ထပ်ပေလိမ့်မည်။”

အပိုင်း ၉၂ ပြီး။

All Chapters