← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“မနက်ဖြန်ကျရင် ကျင်းပမယ့် နှုတ်ဆက်ပွဲ ညစာစားပွဲမှာ ငါက ဖန်းကျန်ကျစ်၊ ယွမ်ထင်၊ ချွေ့ဖူ၊ ထန်ယန် အပါအဝင် အခြားသော လူငယ်ပါရမီရှင်တွေကို ငါ့ရဲ့ အရည်အချင်းနဲ့ လွှမ်းမိုးပြီး မင်းသမီးရဲ့ မျက်နှာသာပေးမှုကို ရအောင်ယူရမယ်။”

“ဒါက အကြံကောင်းပဲ။”

သို့သော် တုပိုင် အနည်းငယ် အံ့သြသွားသည်။

“မင်းသမီးကို လက်ထပ်ရမယ့် မစ်ရှင်က ဒီလောက် မြန်မြန်ဆန်ဆန် စတင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”

“ပြီးတော့ ဒါက အမြင့်ဆုံး မစ်ရှင်တွေထဲက တစ်ခု ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို သိမ်းပိုက်ဖို့ မစ်ရှင်ပြီးရင် ဒုတိယမြောက် အရေးကြီးဆုံး ဖြစ်နေတယ်။ မင်းသမီး တစ်ပါးကို လက်ထပ်ရတာက အဲဒီလောက်တောင် အရေးကြီးလို့လား။”

“ဆုလာဘ်ကလည်း တကယ်ကို ရက်ရောလွန်းတယ်။”

“သွေးနဂါးဂိုဏ်းခေါင်းဆောင်ကို ကယ်တင်ခဲ့တုန်းက ဆုလာဘ်က ယန်စွမ်းအင် ၅ မှတ်ပဲ ရခဲ့တယ်။ ဘွဲ့ယူစာမေးပွဲမှာ ပထမရတုန်းကတောင် ၁၀ မှတ်ပဲ ရခဲ့တာ။ အခု ဘဝရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် ယန်စွမ်းအင် ၁၀ မှတ် ရမယ်တဲ့။”

ဤမင်းသမီးသည် တုပိုင်အတွက် မည်မျှ အရေးကြီးကြောင်း ဤအချက်က ပြသနေသည်။ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် ဤမျှ မြင့်မားသော ဆုလာဘ် ပေးထားသည်ကို ကြည့်လျှင် သိသာနိုင်သည်။

တုပိုင်သည် မနက်ဖြန် မစ်ရှင်အတွက် စိတ်လှုပ်ရှား မနေဘဲ မနေနိုင်တော့ပေ။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် မင်းသမီးနင်းရွှဲ့ ကွမ်ရှီးမှ ထွက်ခွာပြီး မြို့တော်သို့ ပြန်မည့်နေ့ ရောက်ရှိလာသည်။

လာရောက်နှုတ်ဆက်ကြသော အထက်တန်းလွှာများနှင့် ကျော်ကြားသူများ များပြားလွန်းသဖြင့် ကွေ့တုန်းယန်နှင့် လော့ဝမ်တို့က ကြာပန်းကျောင်းတော်၌ ကြီးကျယ်ခမ်းနားသော နှုတ်ဆက်ပွဲ ညစာစားပွဲ ကျင်းပပေးရန် ဆုံးဖြတ်လိုက်ကြသည်။

မင်းသမီးနင်းရွှဲ့သည် ထိုကဲ့သို့ ဟိတ်ဟန်ကြီးသော ပွဲလမ်းသဘင်များကို မနှစ်သက်သော်လည်း တော်ဝင်မင်းသမီး တစ်ပါးအနေဖြင့် ပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိကြောင်း ပြသရန် လိုအပ်သဖြင့် သဘောတူလိုက်ရသည်။

ဤမျှ အဆင့်မြင့်သော ညစာစားပွဲကို သာမန်လူများ တက်ရောက်ခွင့် မရပေ။ ဖိတ်ကြားခံရသူ ၁၀ ဦးခန့်သာ ရှိသည်။ ဝူကျိုးစီရင်စု၏ မြို့ဝန်မင်းပင်လျှင် တက်ရောက်ခွင့် မရှိဘဲ ကြာပန်းကျောင်းတော်သို့ လာရောက် ဦးခိုက်ပြီး ပြန်သွားရသည်။

ထန်ယန်သည် မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် ကိုယ်စားပြုအနေဖြင့် တက်ရောက်သည်။ ချွေ့ဖူသည် လီကျန်းအကယ်ဒမီ ကိုယ်စားပြု။ နင်းချုံးယောင်သည် ကွေ့မင်းသားအိမ်တော် ကိုယ်စားပြု တက်ရောက်ကြသည်။

ကျူးဝူရွှမ် မှာမူ မိန်းကလေး ဖြစ်ပြီး မင်းသမီးနင်းရွှဲ့ကို အထူး လေးစားအားကျသူ ဖြစ်သောကြောင့် တက်ရောက်ခွင့် ရခြင်း ဖြစ်သည်။

တုပိုင်အတွက်မူ သေချာပေါက် တက်ရောက်ခွင့် မရှိပေ။ အထူးသဖြင့် ဖိတ်ကြားစာရင်းကို အရပ်ဘက် အရာရှိများက ရေးဆွဲထားခြင်း ဖြစ်သဖြင့် ပို၍ပင် မပါဝင်နိုင်ပေ။

ကျန်းနန်နယ်စားမင်း ကိုယ်တိုင် မလာရောက်နိုင်သော်လည်း မင်းသမီးနင်းရွှဲ့အတွက် အဖိုးတန် ဓားတစ်လက် လက်ဆောင် ပေးပို့ခဲ့သည်။ တကယ့် ဓားအစစ် ဖြစ်သည်။

ထိုအချိန်တွင် မင်းသမီးနင်းရွှဲ့သည် ဓားကို ကိုင်ဆောင်ပြီး မွှေးပျံ့သော လေတစ်ချက် မှုတ်ထုတ်လိုက်ရာ ဓားသွားမှ နဂါးဟိန်းသံ ထွက်ပေါ်လာလေသည်။

“ဒီနေ့ကစပြီး စစ်တိုက်တဲ့အခါ ဒီဓားကိုပဲ ကိုင်ဆောင်တော့မယ်။” မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “နင့်ကို နဂါးဟိန်းသံဓားလို့ နာမည်ပေးလိုက်မယ်။”

ချောမောလှပသော အစေခံမလေး တစ်ဦး ဝင်လာပြီး ပြောလိုက်သည်။ “အရှင်မင်းသမီး။ ဒါက ဒီည ညစာစားပွဲအတွက် ဧည့်သည်စာရင်းပါ။ သခင်ကြီး လော့ဝမ် နဲ့ သခင်ကြီး ကွေ့တုန်းယန်တို့က ကြည့်စေချင်လို့ပါ။”

နင်းရွှဲ့သည် စာရင်းကို လှမ်းမယူဘဲ အစေခံမလေးကို ဖွင့်ပြခိုင်းကာ အမည်များကို ကြည့်ရှုလိုက်သည်။

စာရင်းထဲတွင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝမ်ရင်နှင့် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ ထန်ယန်တို့ ပါဝင်နေသည်ကို တွေ့သောအခါ သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

အရပ်ဘက် အရာရှိများနှင့် မိန်းမစိုးဂိုဏ်းသည် အမြဲတမ်း ရန်ဘက်များ ဖြစ်ကြသည်။ ယခု အရပ်ဘက် အရာရှိများက ဦးစီးကျင်းပသော ပွဲတွင် မိန်းမစိုးဂိုဏ်းဝင်များ ပါဝင်နေသည်။ ဤသည်က ဘာသဘောဖြစ်သည်နည်း။

ထန်ယန်သည် ထူးချွန်ပြီး ကွမ်တုံပြည်နယ် ပထမဆုရှင် ဖြစ်သော်လည်း ဤပွဲကို တက်ရောက်ရန် အရည်အချင်း မပြည့်မီပေ။ သူသည် ကွမ်ရှီးပြည်နယ် ပထမဆုရှင် ချွေ့ဖူကဲ့သို့လည်း မဟုတ်သလို မင်းသမီးနင်းရွှဲ့ကို အဖော်ပြုပေးနိုင်သော ကျူးဝူရွှမ်ကဲ့သို့လည်း မဟုတ်ပေ။

ထန်ယန်ကို ဤစာရင်းတွင် ထည့်သွင်းရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူသည် မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် ဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက် အရာရှိများက အသိအမှတ်ပြုထားသော ဆက်ခံသူ ဖြစ်ကြောင်း ကြေညာလိုချင်း ဖြစ်သည်။

“အရပ်ဘက် အရာရှိတွေနဲ့ မိန်းမစိုးဂိုဏ်းက ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားကြတာလဲ။” မင်းသမီးနင်းရွှဲ့ အေးစက်စွာ ပြောလိုက်သည်။ “ဒီဖိတ်ကြားစာရင်းထဲမှာ နာမည်တစ်ခု ထပ်ထည့်လိုက်။ တုပိုင်။”

အစေခံမလေးက မေးလိုက်သည်။ “မိသားစုနဲ့ စေ့စပ်ထားသူက စွန့်ပစ်တာ ခံထားရတဲ့ ဟိုသနားစရာ မိန်းမစိုးလေးလား။”

“ဟုတ်တယ်။” မင်းသမီးနင်းရွှဲ့ ပြောလိုက်သည်။

အစေခံမလေးသည် စုတ်တံကို ချက်ချင်း ယူလာပေးရာ မင်းသမီးနင်းရွှဲ့သည် စာရင်းထဲတွင် တုပိုင်ဟူသော အမည်ကို ထပ်ဖြည့်ရေးသားလိုက်သည်။

သူမ၏ လက်ရေးသည် လှပပြီး အာဏာစွမ်းအား။ သူရဲကောင်း စိတ်ဓာတ်နှင့် မြင့်မြတ်သော ကျက်သရေတို့ဖြင့် ပြည့်နှက်နေသည်။

**--**--**--**--**--**--**--**

လော့ဝမ်နှင့် ကွေ့တုန်းယန်တို့သည် စာရင်းကို ကိုင်ဆောင်ထားရင်း မျက်နှာများ မည်းမှောင်နေကြသည်။

“မင်းသမီးက ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ။ တုပိုင်ကို ဘာလို့ ဖိတ်ရတာလဲ။” လော့ဝမ်က မေးလိုက်သည်။

ကွေ့တုန်းယန်က ပြောလိုက်သည်။ “ငါတို့က ဝမ်ရင်နဲ့ အရမ်း နီးကပ်လွန်းနေတယ်လို့ ထင်ပြီး သတိပေးလိုက်တာ ဖြစ်မယ်။ မင်းသမီး ကိုယ်တိုင် နာမည်ထည့်လိုက်မှတော့ ငါတို့ တုပိုင်ကို ဖိတ်မှ ဖြစ်တော့မယ်။”

“အင်းမဖြစ်သေးဘူး။ ဒီကောင်စုတ်လေးက ဂီတ၊ စစ်တုရင်၊ စာရေးအလှ၊ ပန်းချီ အကုန် ကျွမ်းကျင်တယ်။ ဒီည သူ့ကို လက်စွမ်းပြခွင့် လုံးဝ ပေးလို့ မဖြစ်ဘူး။”

လော့ဝမ်က ပြောလိုက်သည်။ “တုမိသားစုက ဒီကောင်လေးရဲ့ အချက်အလက် အသေးစိတ်ကို ပို့လာတယ်။ သူက ငယ်ငယ်ကတည်းက ပန်းပင်၊ သစ်ပင်နဲ့ တိရစ္ဆာန်တွေကို ချစ်တတ်ပြီး ပန်းချီဆွဲလေ့ ရှိတယ်တဲ့။”

“ဂီတကိုလည်း ဝါသနာပါပြီး ကြိုးတပ်တူရိယာတွေကို တီးခတ်လေ့ ရှိတယ်တဲ့။ စစ်တုရင် စွမ်းရည်နဲ့ ပတ်သက်လို့တော့ တုမိသားစုလည်း အံ့သြနေတယ်။ ဘာလို့လဲဆိုတော့ သူက သေချာလည်း မသင်ဖူးဘူး။ ဘယ်သူနဲ့မှလည်း မကစားဖူးဘူး။ အများဆုံးရှိမှ သူ့ဘာသာသူ အရူးတစ်ယောက်လို တစ်ယောက်တည်း ကစားတာပဲ ရှိတယ်တဲ့။”

ကွေ့တုန်းယန်က ပြောလိုက်သည်။ “မိမိကိုယ်ကို ပြန်ပြိုင်ပြီး စစ်တုရင် ကစားတဲ့လူက အန္တရာယ် အရှိဆုံးပဲ။ အဲဒီလူရဲ့ အားနည်းချက်က မရှိသလောက်ပဲလေ။”

လော့ဝမ်က ပြောလိုက်သည်။ “တုမိသားစု အချက်အလက်တွေအရ ဒီကောင်လေးရဲ့ အားနည်းချက်တွေက သိုင်းပညာနဲ့ ကဗျာလင်္ကာပဲ။ သိုင်းပညာက သူ စိတ်မဝင်စားတာ။ ကဗျာကကြတော့ လူတောမတိုးတာ။”

လူရှေ့တွင် ကဗျာရွတ်ဆိုနေသည့် အချိန်တွင် ထစ်ငေ့နေပါက အရသာပျက်လေ၏။

ကွေ့တုန်းယန်က ပြောလိုက်သည်။ “နှုတ်ဆက်ပွဲမှာ သိုင်းပညာ ယှဉ်ပြိုင်တာက ကြည့်လို့ မကောင်းဘူး။ ပြီးတော့ တုပိုင်ရဲ့ သိုင်းပညာက အရမ်းညံ့တော့ ငါတို့ နိုင်ရင်တောင် တရားမျှတမှု မရှိဘူး ဖြစ်နေမယ်။”

“ကဗျာလင်္ကာနဲ့ပဲ သူ့ကို ဖိနှိပ်ကြတာပေါ့။ သူ့ကို အရှက်ရပြီး မျက်နှာပျက်အောင် လုပ်ကြမယ်။”

ဤပုဂ္ဂိုလ်ကြီး နှစ်ဦးသည် တုပိုင်ကို အရိုးထဲကမုန်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်ကြောင့် သူတို့၏ ဂုဏ်သတင်းများ ပျက်စီးခဲ့ရသောကြောင့် ဖြစ်သည်။

**--**--**--**--**--**--**--**

တုပိုင်သည် မင်းသမီးနင်းရွှဲ့၏ နှုတ်ဆက်ပွဲ ဖိတ်စာကို လက်ခံရရှိခဲ့သည်။ သို့သော် ဖိတ်ကြားသူများမှာ ကွေ့တုန်းယန်နှင့် လော့ဝမ်တို့ ဖြစ်သည်။ မြွေက ကြက်ကို နှစ်သစ်ကူး နှုတ်ဆက်သလိုပင်။ မရိုးသားသော ရည်ရွယ်ချက်များ ရှိနေမည်မှာ သေချာသည်။

ဖိတ်စာ ရောက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်ပြီး ပွဲစရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။

ထို့ပြင် တုပိုင်သည် သင့်လျော်သော ဝတ်စုံပင် မရှိကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ သူသည် ဆရာသခင်ကြီးထံ သိုင်းပညာ သင်ယူရန် လာခဲ့ခြင်း ဖြစ်သဖြင့် သိုင်းဝတ်စုံနှင့် သာမန် ပိတ်သားအင်္ကျီကြမ်းများကိုသာ ယူဆောင်လာခဲ့သည်။

လီဝမ်ဟွေ့သည် ရိုးရိုးရှင်းရှင်း နေထိုင်သူ ဖြစ်သဖြင့် တုပိုင်အတွက် ပိုးသားထည်များနှင့် ဖဲသားထည်များ ပြင်ဆင်မပေးခဲ့ပေ။

ထို့ကြောင့် တုပိုင်သည် မင်းသမီးနင်းရွှဲ့၏ နှုတ်ဆက်ပွဲကို တက်ရောက်ရန် သာမန် ပိတ်သားအင်္ကျီကြမ်းကိုသာ ဝတ်ဆင်ပြီး ကြာပန်းကျောင်းတော်သို့ ထွက်လာခဲ့ရသည်။

သူ ရောက်သွားသောအခါ မျှော်လင့်ထားသည့်အတိုင်း ဧည့်ခံပွဲ စတင်နေပြီ ဖြစ်သည်။ တုပိုင်သည် ဖိတ်စာပြပြီးမှသာ ဝင်ခွင့်ရသည်။

​“အရှင်မင်းသမီးက ကူချင်တီးနေပါတယ်။ ပြီးမှ ဝင်သွားပါ။” မိန်းမစိုး တစ်ဦးက ပြောလိုက်သည်။

​တုပိုင်သည် ခြံဝင်းထဲတွင် ရပ်ပြီး မင်းသမီးနင်းရွှဲ့၏ ကူချင်သံ ကို နားထောင်နေလိုက်သည်။ ဤသည်မှာ မင်းသမီးနင်းရွှဲ့ ကူချင်တီးခတ်မည့် နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။

ယနေ့မှစပြီး သူမ၏လက်များသည် ဓားကိုသာ ကိုင်ဆွဲတော့မည်။ သိမ်မွေ့သော အနုပညာများကို နှုတ်ဆက်လိုက်ပြီ ဖြစ်သည်။

​ခဏအတွင်းမှာပင် တုပိုင်သည် မင်းသမီးနင်းရွှဲ့၏ တီးခတ်မှုအောက်တွင် ဈာန်ဝင်သွားလေသည်။

​ဂီတသံက သာယာနာပျော်ဖွယ် ကောင်းနေ၍ မဟုတ်ဘဲ တီးခတ်လိုက်သော သီချင်းက သူရဲကောင်း စိတ်ဓာတ်များ ပြည့်နှက်နေ၍ ဖြစ်သည်။

ဓားချင်း ထိခတ်သံများ၊ မြင်းများ ဒုန်းစိုင်းစီးနေသံများ၊ သို့မဟုတ် ဆောင်းဦးလေညင်း၏ အထီးကျန်ဆန်မှုများကို မြင်ယောင်လာစေသည်။ စစ်မြေပြင်မှ ဝမ်းနည်းစရာ သီချင်းတစ်ပုဒ်လို သို့မဟုတ် မြစ်ကြီးတစ်စင်း အားနှင့်မောင်းနှင်စီးဆင်းနေသလို ခံစားရသည်။

​နင်ယွီကူချင် တီးခြင်းမှာ ကျွမ်းကျင်ပြီး၏။ သို့သော် ပြည့်တန်ဆာမယ်များ အားလုံးကို အနိုင်ယူနိုင်လျှင်ပင် အောက်တန်းစား အဆင့်တွင်သာ ရှိနေသေးသည်။

​ရှောင်ဘိုင်လီကူချင် တီးခြင်းမှာ သိုင်းပညာ အဆင့်တက်ရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ဂီတသံထဲတွင် ဓားဓာတ်များ ပါနေသည်။ ထိုအရာသည်လည်း အောက်တန်းစား အဆင့်သာ ဖြစ်သည်။

​မင်းသမီးနင်းရွှဲ့၏ တီးခတ်မှုကမူ လူများကို စိတ်ဓာတ်တက်ကြွစေပြီး မြင့်မားသော ရည်မှန်းချက်များကို မွေးဖွားပေးသည်။ ဤသည်မှာ ကူချင်ပညာ ၏ အမြင့်ဆုံး အဆင့် ဖြစ်သည်။

သူ ခေါင်းငုံ့ထားလိုက်သည်။ ဤအမျိုးသမီးကို မော့ကြည့်ရန် သူ့စိတ်ကို အရင် ပြင်ဆင်ထားရဦးမည်။ မင်းသမီးနင်းရွှဲ့သည် သူ့ဘဝ၏ အရေးအကြီးဆုံး အမျိုးသမီး။ သူ့ကံကြမ္မာ၏ အမျိုးသမီး ဖြစ်လာမည့်ပုံ ရသည်။

တံခါးပေါက်ဝ ရောက်သောအခါ တုပိုင် ခေါင်းမော့ပြီး မင်းသမီးနင်းရွှဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ လုံးဝ မလှုပ်ရှားတော့ဘဲ ကြက်သေသေသွားသည်။

မင်းသမီးနင်းရွှဲ့က သူ့ကို ယခင်က မြင်ဖူးသော်လည်း သူကမူ မင်းသမီးနင်းရွှဲ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ခေတ်သစ်ကမ္ဘာတွင် တုပိုင်သည် အမျိုးသမီးပေါင်းများစွာနှင့် အိပ်စက်ခဲ့ဖူးပြီး ထိုအထဲတွင် အလွန် လှပသော အမျိုးသမီးများလည်း ပါဝင်သည်။

အလှပဂေးမျိုးစုံနှင့် ကြုံဖူးသော်လည်း သူသည် အများဆုံး တစ်လလောက်သာ စိတ်ဝင်စားမှု ရှိတတ်သည်။ မည်သည့်မိန်းမမျှ သူ့အာရုံကို ဖမ်းစားထားနိုင်စွမ်း မရှိသလို မည်သည့်မိန်းမကမျှ သူ့၏ စိတ်ကိုအနိုင်မယူနိုင်ခဲ့ပေ။

ပန်းပွင့်လေးများကြားတွင် ပျော်ပါးရင်း သူ့ကို မြင်မြင်ချင်း ချစ်မိသွားစေမည့် သူ့နှလုံးသားကို တုန်လှုပ်သွားစေမည့် မိန်းမတစ်ယောက်ကို ရှာဖွေနေခဲ့သည်။ သို့သော် ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ပေ။

ယခုအချိန်တွင်မူ သူ့နှလုံးသားထဲ ဖြတ်စီးသွားသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

“ဒါ မြင်မြင်ချင်း ချစ်မိသွားတာများလား။”

တုပိုင် ဤကဲ့သို့သော မိန်းမမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အလွန် လှပပြီး ဆွဲဆောင်မှု ရှိလွန်းသည်။ ပြိုင်ဘက်ကင်း အလှတရားနှင့်အတူ သူရဲကောင်းဆန်ပြီး ရဲရင့်ပြတ်သားမှုများ။ ထက်မြက်သော ဓားသွားကဲ့သို့ စူးရှမှုများ ပြည့်နှက်နေသည်။

အလွန်ပင် မြင့်မြတ်လွန်း၍ တည့်တည့်မကြည့်ရဲလောက်အောင်ပင် သူမသည် သိပ်ကိုမှ လှပလွန်းလှသည်။ ဤမင်းသမီးနှင့် ပတ်သက်သော ဒဏ္ဍာရီများ အများကြီး ရှိသော်လည်း သူမ၏ အလှတရားနှင့် ဉာဏ်ပညာအပြင် အကျော်ကြားဆုံးမှာ သူမ၏ သိုင်းပညာနှင့် သူရဲကောင်းစိတ်ဓာတ် ဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်က မြို့တော်တွင် မတရား အသတ်ခံလိုက်ရသော အမျိုးသမီး တစ်ဦးအတွက် တရားမျှတမှု ရအောင် မွန်ဂိုမင်းသားကို သူမ သတ်ဖြတ်ခဲ့သည်။ ထိုကိစ္စအတွက် ပြည်နှင်ဒဏ် ၃ နှစ်နှင့် အကျယ်ချုပ် ကျခံခဲ့ရသည်။ ထိုလုပ်ရပ်က ပြည်သူလူထု၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် တကယ်ကို လေးစားချစ်ခင်ဖွယ် ကောင်းသော်လည်း လူပေါင်းများစွာကိုမူ အရှက်ရစေပြီး သိမ်ငယ်သွားစေသည်။

**--**--**--**--**--**--**--**

မင်းသမီးနင်းရွှဲ့ တီးခတ်မှု ပြီးဆုံးသွားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူငယ်များအားလုံး သူမကို ပြင်းပြသော လေးစားမှု၊ မြတ်နိုးမှုများဖြင့် စိုက်ကြည့်နေကြသည်။

မိန်းကလေး ဖြစ်သော ကျူးဝူရွှမ်ပင်လျှင် နင်းရွှဲ့ကို ကိုးကွယ်လေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်။

ပါရမီရှင် နှစ်ဦးဖြစ်သော ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့ကမူ မင်းသမီးနင်းရွှဲ့ကို ပိုင်ဆိုင်လိုစိတ် ပြင်းပြနေသော မျက်လုံးများဖြင့် အတားအဆီးမရှိ စိုက်ကြည့်နေကြသည်။

“ဒီဂီတမျိုးက ကောင်းကင်ဘုံမှာပဲ ရှိတာ။ လူ့ပြည်မှာ ဘယ်နှခါများ ကြားရနိုင်မှာလဲ။” ကွေ့တုန်းယန်က ဝင်ပြောလိုက်သည်။ “မင်းသမီးရဲ့ ဂီတကို နားထောင်ပြီးတော့ ကျွန်တော်မျိုး အသားအရသာကို မေ့သွားတာ ၃ လတောင် ရှိပါပြီ။”

ထို့နောက် ကွေ့တုန်းယန်သည် တံခါးပေါက်ဝသို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်။ မင်း နောက်ကျတယ်။ မင်းသမီးကို ဖြေဖျော်ဖို့အတွက် မင်း ဓားသိုင်း ကပြပြီး အပြစ်ပေးခံရမယ်။”

တုပိုင်သည် ခန်းမထဲသို့ ဝင်လာပြီး သူ့နေရာကို ရှာဖွေရာ တံခါးနောက်ဘက် အကွယ်ဆုံး ရှာရခက်သော နေရာတွင် တွေ့လိုက်ရသည်။ ထို့ပြင် အခြားသူများ၏ နေရာများသည် ဘေးချင်းယှဉ်လျက် ရှိနေသော်လည်း သူ့နေရာမှာမူ တစ်ယောက်တည်း သီးသန့် ခွဲထုတ်ခံထားရပြီး အဝေးတွင် ရောက်နေသည်။

ကွေ့တုန်းယန်၏ စကားကို ကြားသောအခါ ခန်းမထဲရှိ လူ ၁၀ ဦးကျော်က တုပိုင်ကို လှည့်ကြည့်လိုက်ကြသည်။ သူ့ဝတ်စုံက ရိုးရှင်းကြမ်းတမ်းသော ပိတ်သား ဖြစ်နေသည်ကို တွေ့သောအခါ သူတို့၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပေါ်လာသည်။

တက်ရောက်လာသော ဧည့်သည်တော် ၁၀ ဦးကျော်စလုံးသည် ပိုးကောင်းဖဲကောင်းများနှင့် ကျောက်စိမ်းသရဖူများကို ဝတ်ဆင်ထားကြပြီး တုပိုင်တစ်ယောက်သာ အစေခံတစ်ဦးကဲ့သို့ ထင်ရှားနေသည်။

သူသည် ရုပ်ရည်ချောမောသော်လည်း ဝတ်စားဆင်ယင်မှုကြောင့် ကြိုးကြာငှက်များကြား ရောက်နေသော ကြက်ဖတစ်ကောင်လို ဖြစ်နေသည်။

တုပိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရာ သူ့ထိုင်ခုံသည် အခြားသူများထက် နိမ့်နေပြီး သူ့ကို လူကောင် ပိုသေးသွားသလို ဖြစ်စေကြောင်း တွေ့ရှိလိုက်ရသည်။

“တောင်းပန်ပါတယ်။ ကျွန်တော် ဓားသိုင်း မကတတ်ပါဘူး။” တုပိုင် ပြောလိုက်သည်။

ကွေ့တုန်းယန်က ပြောလိုက်သည်။ “ဓားသိုင်း မကတတ်ရင် နောက်ကျတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ကဗျာတစ်ပုဒ် ရွတ်ပြ။”

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်တော် ဒဏ်ခတ်တဲ့အနေနဲ့ အရက်ပဲ သောက်လိုက်ပါမယ်။ အခုလောလောဆယ် ဉာဏ်မကွန့်မြူးသေးလို့ပါ။”

ထိုသို့ပြောပြီးနောက် တုပိုင်သည် ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

ကောင်းကင်ဘုံ၏ သားတော် ဖန်းကျန်ကျစ် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “ခုနက အရှင်မင်းသမီးရဲ့ ဂီတက ကျွန်တော်မျိုးကို အရမ်း စိတ်လှုပ်ရှားစေခဲ့ပါတယ်။ မင်းသမီးအတွက် ကဗျာတစ်ပုဒ် ဆက်သပါရစေ။”

မတ်တတ်ရပ်လိုက်ပြီးနောက် ရုပ်ရည်ချောမော ခန့်ညားသော ဖန်းကျန်ကျစ်သည် ခန်းမထဲတွင် လမ်းလျှောက်နေသည်။

လူတိုင်း သူ့ကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြပြီး အာရုံစိုက် နားထောင်နေကြသည်။

ဤနေရာသည် ယခုအခါ အရပ်ဘက် အရာရှိများ၏ နယ်မြေ ဖြစ်နေသည်။ ဖန်းမိသားစုသည် နှစ်ထောင်ချီ သက်တမ်းရှိသော အင်အားကြီး မိသားစုဖြစ်သလို အရပ်ဘက် အရာရှိများနှင့် ပညာရှင်များ၏ ခေါင်းဆောင် ဖြစ်သည်။

သူသည် မင်းသမီးနင်းရွှဲ့ကို ချစ်မြတ်နိုးကြောင်းနှင့် ပိုင်ဆိုင်ချင်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိထားကြသည်။ အော်ယန်ထန်ပဲ ဖြစ်ဖြစ် လော့ဝမ်ပဲ ဖြစ်ဖြစ် ကွေ့တုန်းယန်ပဲ ဖြစ်ဖြစ် သူတို့အားလုံးက ဖန်းကျန်ကျစ်၏ ဆန္ဒ ပြည့်ဝအောင် ကူညီပေးကြရမည်။

ဖန်းကျန်ကျစ်သာ မင်းသမီးနင်းရွှဲ့ကို လက်ထပ်နိုင်လျှင် အရပ်ဘက် အရာရှိအုပ်စုက ဩဇာအာဏာက ပိုပြီး အကောင်းလာပေလိမ့်မည်။

ခဏအကြာတွင် ဖန်းကျန်ကျစ် စဉ်းစား၍ ပြီးသွားပြီး လူများ၏ စိတ်နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော အသံဖြင့် ရွတ်ဆိုလိုက်လေသည်။

“အတိတ်ကို ပြန်ပြောင်းသတိရဖို့ ဘယ်လိုများ သည်းခံနိုင်ပါ့မလဲ။ ပန်းတွေကို ဖြတ်တောက်ရင်း ရယ်မောစကားပြောကြ၊ မီးရောင်တွေ မှေးမှိန်လို့သွား။”

“အခုတော့ ခရုခွံနီလေး ဝမ်းနည်းခြင်းတွေ ဖုံးလွှမ်း၊ လမင်းနဲ့ သက်တံ့ရောင် ဝတ်ရုံတွေ မှတ်မိနိုင်ပါဦးမလား။ ကိုယ့်နှလုံးသားကို ဖွင့်ဟဖို့ နေရာမရှိတော့၊ အရှင်ကို မေးပါရစေ၊ ဘယ်တော့များမှ ပြန်ဆုံနိုင်ကြမလဲ။”

“နှလုံးသားနဲ့ ဝိညာဉ်ကို ကွဲကြေစေမယ့် သီချင်းတစ်ပုဒ်၊ ဒီကမ္ဘာလောကကြီးထဲမှာ ကိုယ်နဲ့ထပ်တူကျမယ့် ဝိညာဉ်ဖက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။”

​ဤကဗျာတွင် ပါရှိသော အရှင်ဟူသည့် အသုံးအနှုန်းသည် မင်းသမီးနင်းရွှဲ့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူမ၏ မြင့်မြတ်သော အဆင့်အတန်းနှင့် မကြာမီ တပ်မတော်ကြီးကို ဦးစီးရတော့မည့် အခြေအနေတို့ကြောင့် သူမသည် ယောက်ျားသားများထက် လုံးဝ နိမ့်ကျခြင်း မရှိပေ။ ထို့ကြောင့် အရှင်ဟု ခေါ်ဝေါ်သုံးစွဲခြင်းမှာ အလွန်ပင် သင့်လျော်လှပေသည်။

ဖန်းကျန်ကျစ်က ပထမဆုံး လက်စွမ်းပြလိုက်တာ ဖြစ်ပြီး အလွန် အောင်မြင်သွားခဲ့လေသည်။

အပိုင်း ၉၃ ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ဖန်းကျန်ကျစ်ရဲ့ ကဗျာတွေက တကယ်ကို ထူးခြားပြောင်မြောက်လှတယ်။ အနုပညာ အနှစ်သာရရော၊ စာသား အဖွဲ့အနွဲ့ပါ ထိပ်တန်း အရည်အသွေးပဲ။”

“အထူးသဖြင့် နောက်ဆုံး စာကြောင်းနှစ်ကြောင်းက အရမ်းကို ထိရှလွယ်ပြီး မင်းသမီးအပေါ်ထားတဲ့ တစ်ဖက်သတ် အချစ်။ အထီးကျန် ဆွေးမြေ့မှုနဲ့ နက်ရှိုင်းတဲ့ နှလုံးသားကွဲကြေမှုတွေကို ပေါ်လွင်စေတယ်။”

အချိန်အတော်ကြာပြီးနောက် ကွေ့တုန်းယန်သည် ရုတ်တရက် စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။

“ကောင်းလိုက်တဲ့ ကဗျာ။ တကယ့်ကို ကောင်းလိုက်တဲ့ ကဗျာ။ ဒီနှစ်ပိုင်းတွေအတွင်း ရှားရှားပါးပါး တွေ့ရတဲ့ ရတနာတစ်ပါးပဲ။ ဂုဏ်ပြုပြီး သောက်ဖို့ ထိုက်တန်တယ်။”

ချက်ချင်းပင် လူတိုင်းက လက်ခုပ်တီးပြီး အားပေးကြကာ ခွက်မြှောက်၍ ဂုဏ်ပြုလိုက်ကြသည်။

“အံ့ဩစရာ ကောင်းလိုက်တဲ့ ကဗျာ။ အံ့ဩစရာ ကောင်းလိုက်တဲ့ ကဗျာ။” လော့ဝမ်က အလွန်အမင်း အံ့သြနေသည့် ပုံစံဖြင့် ပြောလိုက်သည်။ “ဒီကဗျာနဲ့ မင်းသမီးရဲ့ ကူချင်ဂီတသံက ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုပဲ။”

မင်းသမီးနင်းရွှဲ့သည် ကဗျာကို ခံစားကြည့်ရာ အတော်လေး ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ဤကဗျာသည် ဖန်းကျန်ကျစ်က သူမကို လူသိရှင်ကြား ချစ်ခွင့်ပန်ခြင်း ဖြစ်နေသဖြင့် အလွန် သိသာထင်ရှားသော အချစ်ကဗျာ ဖြစ်နေသည်။

ကဗျာရွတ်ပြီးနောက် ဖန်းကျန်ကျစ်သည် မင်းသမီးနင်းရွှဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“အရှင်မင်းသမီး။ ကျွန်တော်မျိုးရဲ့ ကဗျာကို ဘယ်လိုမြင်ပါသလဲ။”

နင်းရွှဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “အရမ်း ကောင်းပါတယ်။”

ဖန်းကျန်ကျစ်က ပြောလိုက်သည်။ “ဒါဆို ကျွန်တော်မျိုး တောင်းဆိုစရာ တစ်ခု ရှိပါတယ်။ ခုနက အရှင်မင်းသမီး ပြောခဲ့တာက ဒီအကြိမ်က ကူချင်တီးခတ်ခြင်း နောက်ဆုံးအကြိမ် ဖြစ်ပြီး နောက်ပိုင်းမှာ ဓားကိုပဲ ကိုင်ဆောင်တော့မယ်ဆို။ အရှင်မင်းသမီးရဲ့ ကူချင်ကြိုးတစ်ချောင်းကို ဖြုတ်ပြီး ကျွန်တော်မျိုးကို ပေးသနားဖို့ တောင်းဆိုချင်ပါတယ်။”

ဤစကားများသည် ခန်းမတစ်ခုလုံးကို အနည်းငယ် လှုပ်ရှားသွားစေသည်။ တူရိယာကြိုးတစ်ချောင်းသည် ချစ်သက်သေ မဟုတ်သော်လည်း မင်းသမီးတစ်ပါးက အမျိုးသားတစ်ဦးကို ပေးလိုက်လျှင်မူ အထူးအဓိပ္ပာယ် ဆောင်သွားတတ်သည်။

တူရိယာကြိုး ဖြုတ်ပေးခြင်းသည် အမျိုးသားတစ်ဦးက သူ့နံရိုးကို ထုတ်ပြီး အမျိုးသမီးကို ဖန်ဆင်းသည်ဟူသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

နင်းရွှဲ့သာ ယနေ့ သူမ၏ ကူချင်ကြိုးကို ဖြုတ်ပြီး ဖန်းကျန်ကျစ်ကို ပေးလိုက်ပါက ရက်အနည်းငယ်အတွင်း သတင်းသည် တိုင်းပြည်အနှံ့ ပျံ့နှံ့သွားမည် ဖြစ်ပြီး သူတို့နှစ်ဦး လျှို့ဝှက် ကတိသစ္စာ ပြုထားကြသည်ဟု လူတိုင်း ထင်မြင်သွားကြလိမ့်မည်။

မင်းသမီးနင်းရွှဲ့၏ လှပသော မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ဤဖန်းကျန်ကျစ်သည် သူမကို လူသိရှင်ကြား လက်ထပ်ခွင့် တောင်းပြီး အကျပ်ကိုင်နေခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ခြင်းသည် တစ်ဖက်သား၏ မျက်နှာအား ပါးရိုက်ခြင်းဖြစ်သွား ပေလိမ့်မည်။

ထို့နောက် နင်းရွှဲ့ ပြောလိုက်သည်။ “ဒီလောက်ကောင်းတဲ့ ကူချင်တစ်လက်ကို ဖျက်ဆီးလိုက်ရမှာ နှမြောစရာ ကောင်းပါတယ်။”

ထို့နောက် သူမသည် ကူချင်အတွင်းမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ရွှေရောင် တောက်ပနေသော ထက်မြက်သည့် လျှို့ဝှက်သံ ဓားမြှောင်တစ်ချောင်း ဖြစ်ပြီး အလွန်တရာ အဖိုးတန်လှသည်။

“ကွမ်ရှီးပြည်နယ်ရဲ့ လူငယ် ပါရမီရှင်တွေ အားလုံး ဒီမှာ စုဝေးနေကြတာပဲ။ သခင်လေး ဖန်းကျန်ကျစ်က စတင်ခဲ့ပြီ ဆိုတော့ ကျန်တဲ့ လူတွေလည်း ကဗျာတစ်ပုဒ်စီ ဆက်သကြပါ။ အကောင်းဆုံးလူက ကျွန်မဆီက ဒီဓားမြှောင်ကို ရရှိပါလိမ့်မယ်။” နင်းရွှဲ့ ပြောလိုက်သည်။ “ဒီကဗျာကို ရေးဖွဲ့တဲ့သူက နောက်နောင် ဒီဓားမြှောင်ကို ကိုင်ပြီး ကျွန်မဆီ လာခဲ့ရင် တောင်းဆိုချက် တစ်ခုကို လိုက်လျောပေးပါမယ်။”

ဤစကားများသည် ပရိသတ်အားလုံးကို စိတ်လှုပ်ရှားသွားစေသည်။ ဤဓားမြှောင်ကို ရွှေရောင်နှင်းဟု ခေါ်ပြီး မင်းသမီးနင်းရွှဲ့ အမြတ်နိုးဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။

သူမက ချစ်သက်သေ ပေးရန် ရည်ရွယ်ချက် မရှိသော်လည်း လူတိုင်းက ထိုသို့ပင် ထင်မြင်ယူဆကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်နှင်း မင်းသမီးနင်းရွှဲ့၏ ကိုယ်ပိုင် ပစ္စည်း ဖြစ်ပြီး သူမသည် ယခင်က မည်သည့်အမျိုးသားကိုမျှ လက်ဆောင် မပေးဖူးသောကြောင့် ဖြစ်သည်။

သူမ ပထမဆုံး ပေးသော လက်ဆောင်သည် ထူးခြားသော အဓိပ္ပာယ် ရှိပေသည်။ ကွေ့တုန်းယန် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။

“ကောင်းတယ်။ အရှင်မင်းသမီးရဲ့ လက်ဆောင်က အရမ်း အဖိုးတန်တယ်။ ဒီမှာ ရှိနေကြတဲ့ လူငယ် ပါရမီရှင်တွေ အားလုံး အကောင်းဆုံး ကြိုးစားကြပါ။ ဒီည အစွမ်းကုန် ထုတ်သုံးပြီး အနိုင်ရရှိသူဆုကို ရယူကြပါ။”

လော့ဝမ်က ပြောလိုက်သည်။ “အသက်ကြီးတဲ့ လူတွေတော့ မပါကြနဲ့ပေါ့ဗျာ။ သခင်လေးဖန်းကျန်ကျစ်၊ သခင်လေးယွမ်ထင်၊ မင်းသားနင်းချုံးယောင်၊ သခင်လေး ချွေ့ဖူ၊ သခင်လေးထန်ယန် နဲ့ အင်း….။ တုပိုင်။ မင်းတို့ ၆ ယောက် ယှဉ်ပြိုင်ကြ။ ဘယ်သူ့ ကဗျာ အကောင်းဆုံးလဲ ကြည့်ကြတာပေါ့။”

“ကောင်းပါပြီ။” ၆ ဦးစလုံး ပြန်ဖြေလိုက်ကြသည်။

ထိုအချိန်ကျမှ တုပိုင် ရုတ်တရက် သဘောပေါက်သွားသည်။ “ဒါက မနေ့က အိပ်မက်ထဲမှာ ငါရခဲ့တဲ့ ပထမဆုံး တွေ့ဆုံမှု မစ်ရှင်ပဲ။”

‘မင်းသမီးနင်းရွှဲ့ကို လက်ထပ်ဖို့ အမြင့်ဆုံး ရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် ဒါက ပထမဆုံး ခြေလှမ်းပဲ။ ဒီမှာ ရှိနေတဲ့ လူငယ် ပါရမီရှင်တွေ အားလုံးကို ဖိနှိပ်ပြီး မင်းသမီးနင်းရွှဲ့ရဲ့ ရွှေရောင်နှင်း ဓားမြှောင်ကို ငါ အရယူရမယ်။ အောင်မြင်ရင် မင်းသမီးနင်းရွှဲ့ဆီက နှစ်သက်မှုအဆင့် ၁၅ မှတ် ရမယ်။’

‘နှစ်သက်မှုအဆင့် ၁၀၀ ပြည့်သွားရင် မင်းသမီးနင်းရွှဲ့က ငါ့ကို အရူးအမူး ချစ်သွားလိမ့်မယ်။ ဘာမဆို ဂရုမစိုက်ဘဲ ငါ့ကို လက်ထပ်ပြီး ငါ့နောက် လိုက်လိမ့်မယ်။’

‘ဒါကြောင့် ဒီပွဲကို ငါ မဖြစ်မနေ နိုင်မှ ဖြစ်မယ်။’

တုပိုင် သာမက ကျန်သော ၅ ဦးစလုံးသည်လည်း မင်းသမီးနင်းရွှဲ့၏ လက်ဆောင်ကို အလွန် စိတ်ဝင်စားပြီး လိုချင်တပ်မက်နေကြသည်။

ချက်ချင်းပင် နောက်ထပ် ပါရမီရှင် ယွမ်ထင်ကလည်း မတ်တတ်ရပ်လိုက်ပြီး ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

“အစ်ကို ဖန်းက အရပ်ဘက် အရာရှိ မိသားစုက လာတာဆိုတော့ စာပေဘက်မှာ ထူးချွန်တယ်။ ကျွန်တော်ကတော့ စစ်သူကြီး မိသားစုက လာတာဆိုတော့ ဒီအရည်ကို အကြိုက်ဆုံးပဲ။ ဒါကြောင့် ကျွန်တော်က အရှင်မင်းသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာတစ်ပုဒ် စပ်ဆိုပါရစေ။”

ယွမ်ထင်သည် အရပ်ရှည်ပြီး ခန့်ညားထည်ဝါကာ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို အမှတ်ရစေသော အရှိန်အဝါမျိုး ရှိသည်။ ခန်းမအလယ်တွင် ရပ်နေသော သူသည် တကယ့်ကို တောက်ပပြီး ဆွဲဆောင်မှု ရှိလှသည်။

“ကျွန်တော် ရပြီ။” ယွမ်ထင်က ပြောလိုက်သည်။ “မင်းသမီး။ ဒီတစ်ခွက်ကို မော့လိုက်ပါ။ ပြီးရင် ကျွန်တော့်ကို ကဗျာရွတ်ခွင့် ပြုပါ။”

မင်းသမီးနင်းရွှဲ့သည် ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

“ကောင်းတယ်။” ယွမ်ထင်သည် သူရေးစပ်ထားသော ကဗျာကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလိုက်သည်။

“ကြာပန်းဖြူ ကောင်းကင်တံခါးက ညဘက်ဆို ဘယ်တော့မှ မပိတ်ဘူး။ နတ်သမီးပျိုလေးက ဘာကြောင့်များ လူ့ပြည်ကို ဆင်းသက်လာရတာလဲ။ အရှင်မင်းသမီးအတွက်ဆိုရင် ရွှေရောင်နှင်းရည် ၅ ပီပါကိုတောင် သောက်နိုင်တယ်။ ပြီးရင် ယန်စီမြစ် တောင်ဘက်က တောင်တန်းတွေပေါ်မှာ မူးရူးကခုန်မယ်။”

“ဟေးးးး။” ပရိသတ်အားလုံး လက်ခုပ်တီးပြီး ဇာတ်တိုက်ထားသလို အားပေးလိုက်ကြသည်။ စစ်သူကြီး ဖြစ်သော ကျူးဝူယာက သူ့ဓားဖြင့် စားပွဲကို ရိုက်ကာ အားပေးသည်။

“ဒီကဗျာကလည်း အရမ်း ကောင်းမွန်ပြီး သူရဲကောင်းဆန်တယ်။ ယွမ်ထင်ရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်ညီတယ်။”

“ဒါ့အပြင် ကဗျာက မင်းသမီးနင်းရွှဲ့ကို မြေပြင်ဆင်းသက်လာတဲ့ နတ်သမီး တစ်ပါးအဖြစ် တင်စားပြီး လေးစားမှုကို ဖော်ပြထားတယ်။ ကျန်းနန်က တောင်တန်းပေါင်း ထောင်ချီကို မူးရူးကခုန်မယ် ဆိုတဲ့ စာသားက မင်းသမီးနင်းရွှဲ့ဟာ ပြိုင်ဘက်ကင်း အလှတရားကို ပိုင်ဆိုင်ရုံသာမက ထူးခြားတဲ့ စိတ်ဓာတ်။ ကျက်သရေနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ဖော်ပြနေတယ်။”

​ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့ နှစ်ဦးစလုံးသည် စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံးတွင် အမှန်တကယ် ထူးချွန်ကြကြောင်း တုပိုင် သဘောပေါက်သွားသည်။

ထို့ပြင် ယနေ့ည ကဗျာပြိုင်ပွဲသည် ကြိုတင် စီစဉ်ထားပြီး ဖြစ်ပုံရသည်။ ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သည် အစီအစဉ်များကို ကြိုတင်ရေးဆွဲထားပြီး ယနေ့ည ထုတ်ဖော်အသုံးပြုရန် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်ပေသည်။

ဤပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်၏ ကဗျာတွေက တကယ်ကို ထူးခြားပြောင်မြောက်လှသည်။ တုပိုင်သည် သူတစ်ပါးအပေါ် မကောင်းမြင်စိတ် မထားတတ်သော်လည်း ဤကဗျာနှစ်ပုဒ်ကို သူတို့ကိုယ်တိုင် ရေးစပ်ခဲ့ခြင်း ဟုတ်မဟုတ် သံသယဝင်မိသွား၏။

ယွမ်ထင်ကို ၁၅ မိနစ်ခန့် အားပေးပြီးနောက် ကျူးဝူယာက ပြောလိုက်သည်။ “အားလုံးပဲ။ ခွက်မြှောက်ပြီး သခင်လေး ယွမ်ထင်ရဲ့ ကောင်းမွန်တဲ့ ကဗျာအတွက် ဂုဏ်ပြုလိုက်ကြရအောင်။”

ချက်ချင်းပင် အားလုံး ခွက်မြှောက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။ နောက်တစ်လှည့်မှာ ကွေ့မင်းသား ဖြစ်သည်။ နှိမ့်ချပြီး ရိုးရှင်းသော မင်းသားသည် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဖန်းကျန်ကျစ်နဲ့ ယွမ်ထင်တို့က စာပေရော သိုင်းပညာပါ ထူးချွန်ကြတယ်။ ကျွန်တော်ကတော့ အသိပညာ နည်းပါးပြီး မတတ်မကျွမ်းမို့ ကဗျာရွတ်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် မလုပ်တော့ပါဘူး။ အပြစ်ပေးတဲ့အနေနဲ့ ဝိုင် ၃ ခွက် သောက်ပြီး အားလုံးဆီက ခွင့်လွှတ်မှု တောင်းခံပါရစေ။”

ထိုသို့ပြောပြီးနောက် ကွေ့မင်းသား၏ အမွေခံ နင်းချုံးယောင်သည် ပြင်းထန်သော အရက် ၃ ခွက်ကို ဆက်တိုက် မော့သောက်လိုက်ရာ မျက်နှာတစ်ခုလုံး ရဲသွားပြီး ချောင်းဆိုးလာသည်။

“ကောင်းတယ်။ ကောင်းတယ်။” ကွေ့တုန်းယန် ပြုံးပြီး ပြောလိုက်သည်။ “မင်းသားလေးက စိတ်သဘောထား ကောင်းပြီး အရက်သောက်နိုင်စွမ်းလည်း ရှိတာပဲ။”

လော့ဝမ်က ပြောလိုက်သည်။ “မင်းသား နင်းချုံးယောင်က နှိမ့်ချပြီး အနေအထိုင် တည်ငြိမ်တယ်လို့ ကြားဖူးတယ်။ ဒီနေ့ မြင်ရတာ နာမည်နဲ့လိုက်ဖက်တာပဲ။ ကွမ်ရှီးပြည်နယ်မှာ နောက်ထပ် ပညာရှိမင်းသား တစ်ပါး ပေါ်ထွန်းတော့မယ် ထင်တယ်။”

ကျူးဝူယာလည်း နင်းချုံးယောင်ကို ချီးကျူးလိုက်ရာ နင်းချုံးယောင် ထပ်မံ မတ်တတ်ရပ်ပြီး အားလုံးကို ဦးညွှတ်လိုက်သည်။

တုပိုင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

‘ဒီကွေ့မင်းသားက တော်ဝင်မိသားစုဝင် ဖြစ်ပါလျက်နဲ့ အရပ်ဘက် စစ်ဘက် အရာရှိတွေကို ဒီလောက်အထိ အလျှော့ပေးနေတယ်။ ဒါက နှိမ့်ချတာ သက်သက် မဟုတ်ဘူး။ ထွက်ပြေးတာ။ သူရဲဘောကြောင်တာ။’

သို့သော် ဤသည်မှာ အံ့သြဖွယ်ရာကိစ္စ မဟုတ်ပေ။ တာ့နင်မင်းဆက်၏ မင်းသားများသည် စည်းစိမ်ချမ်းသာ ခံစားရုံမှလွဲ၍ မည်သည့်အာဏာမှ မရှိသလောက်ပင် ဖြစ်သည်။

မိမိပိုင်နက် နယ်မြေမှပင် ထွက်ခွာခွင့် မရှိကြချေ။ ဒေသခံ အရာရှိများနှင့် မိန်းမစိုးဂိုဏ်း၏ စောင့်ကြည့်မှုကိုလည်း ခံနေကြရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဒေသခံ မင်းသားများကို ဝက်မွေးမြူသကဲ့သို့ မွေးမြူထားကြခြင်း ဖြစ်သည်။

​ထို့ကြောင့် ကွေ့မင်းသားသည် လီဝမ်ဟွေ့နှင့်အတူ သိုင်းပညာ လေ့ကျင့်ခွင့်ရသော နေ့ရက်များကို အမြဲ တန်ဖိုးထားခဲ့သည်။

သူ့တွင် ရွေးချယ်စရာ မရှိချေ။ သို့မဟုတ်ပါက အာဏာမရှိ၊ ရည်မှန်းချက် မအောင်မြင်သော မင်းသားဘဝဖြင့် နေထိုင်ရမည့်အစား စစ်မြေပြင်တွင် တိုင်းပြည်အတွက် တိုက်ပွဲဝင်မည့် တပ်မှူးတစ်ဦးသာ ဖြစ်ချင်မိသည်။

မင်းသမီးနင်းရွှဲ့သည် ကွေ့မင်းသား၏ အရှုံးပေးမှုကို ကြားလိုက်ရသောအခါ အလွန် စိတ်ပျက်သွားပြီး အခက်တွေ့သွားသည်။

သူမ၏ ဝမ်းကွဲမောင်လေးသည် ကဗျာ ဖွဲ့ဆိုရာတွင် ပါရမီပါကြောင်း သိထားသဖြင့် အစောက အကြံပြုချက်ကို လုပ်ခဲ့ခြင်း ဖြစ်သည်။ အားလုံး ပြီးသွားသောအခါ နင်းချုံးယောင်ကို အနိုင်ရသူအဖြစ် ကြေညာပြီး ဓားမြှောင် ပေးလိုက်ရန် စိတ်ကူးထားသည်။ မောင်နှမ အရင်းတွေမို့ ဓားမြှောင် ပေးလိုက်လျှင်ပင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

သို့သော် နင်းချုံးယောင်သည် မမျှော်လင့်ဘဲ နောက်ဆုတ်သွားလေသည်။ သူမ မည်သို့ ဆက်လက်ပြုလုပ်ရပါမည်နည်း။ ဤနေရာရှိ အမျိုးသား တစ်ဦးဦးအား ဓားမြှောင် ပေးအပ်လိုက်ရမည်လော။ ထိုသို့ပြုလုပ်ပါက မည်ကဲ့သို့သော အရှုပ်တော်ပုံမျိုး ဖြစ်ပေါ်လာနိုင်သနည်း။ သူမ၏ ဂုဏ်သိက္ခာကို မည်မျှ ထိခိုက်စေမည်နည်း။

နောက်တစ်ယောက်မှာ ကွမ်ရှီးပြည်နယ် ပထမဆုရှင် ချွေ့ဖူ ဖြစ်သည်။ သေချာပေါက် သူ့ကဗျာများသည် မင်းသမီးနင်းရွှဲ့ကို ချစ်ခွင့်ပန်ရန် ရည်ရွယ်ခြင်း မဟုတ်ပေ။

ချွေ့ဖူ မတ်တတ်ရပ်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ အပြင်ဘက်ရှိ လမင်းကြီးကို ကြည့်လိုက်သည်။ ယနေ့သည် ဇူလိုင်လ ၁၆ ရက် ဖြစ်ပြီး လပြည့်ည ဖြစ်သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး လမင်းအကြောင်း ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

“တောင်ဘက် ကြယ်တာရာနဲ့ မြောက်ဘက် ကြယ်တာရာတွေက လျှို့ဝှက်စွာ တောက်ပနေ။ ယန်စီမြစ်နဲ့ ဟန်မြစ်ရေတွေက အဖြူရောင် လှိုင်းတံပိုးတွေနဲ့ တိတ်ဆိတ်စွာ စီးဆင်းနေ။ ငါ ဒီနေရာမှာ ကျေနပ်နေမိတယ်။ လမင်းနဲ့ ဝိုင် ရှိနေသရွေ့ ဘယ်လောက်ကြာကြာ မူးရူးနေရမလဲ။ ကောင်းကင်ဘုံက နတ်ဘုရားတွေ ကူချင် တီးခတ်တာကို ဘယ်သူ မြင်နိုင်မှာလဲ။ ဒီကမ္ဘာမြေကြီးပေါ်မှာ ဒီလောက် သန့်ရှင်းပြီး လှပတဲ့ နေရာမျိုး ဘယ်မှာ ရှာတွေ့နိုင်မလဲ။

လောကကြီးရဲ့ ဖြစ်ပျက်မှုတွေက အမြဲ ပြောင်းလဲနေပေမဲ့ လရောင်ကတော့ သမိုင်းတစ်လျှောက် မပြောင်းလဲဘူး။

ဆောင်းဦးလေညင်းက ညင်သာစွာ တိုက်ခတ်လာပြီး ကူချင်သံကို သယ်ဆောင်လာ။ ပညာရှင်တွေနဲ့ စစ်သည်တွေ အတူတူ ကျောင်းတော်မျှော်စင်ထဲ ဝင်ရောက်လာကြ။ ငါတို့ တစ်ညလုံး ပျော်ပါးပြီး မူးရူးဖို့ စီစဉ်ထားခဲ့ကြပေမဲ့၊ ရှေ့မှာ လမ်းပိတ်နေမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။

ပြန်ကြည့်လိုက်တော့ မိတ်ဆွေဟောင်းတွေ နည်းနည်းပဲ ကျန်တော့တယ်။ အဖြူရောင် နှင်းစက်တွေက ခြံဝင်းထဲက မြက်ပင်တွေကို ဝမ်းနည်းစွာ ခြောက်သွေ့စေတယ်။

ဒီအကြောင်းကိုသာ ချန်အာကို မေးလိုက်ရင် နတ်သမီးလေးက မြောက်ဘက်ကို ထွက်ခွာသွားပြီး လှပတဲ့ အမျိုးသမီးတွေ မကျန်တော့ဘူးလို့ ဖြေပါလိမ့်မယ်။”

ဤသည်ကလည်း အရည်အသွေး အလွန်မြင့်မားသော ကဗျာတစ်ပုဒ် ဖြစ်သည်။ သို့သော် ချွေ့ဖူသည် မင်းသမီးနင်းရွှဲ့ကို ချီးကျူးရုံသာ တတ်နိုင်ပြီး ခံစားချက် ဖွင့်ပြောရန် ရည်ရွယ်ချက် မရှိပေ။ ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့သာ မင်းသမီးနင်းရွှဲ့ကို ယှဉ်ပြိုင်နိုင်ကြသည်။ သို့သော် ချွေ့ဖူသည် ဇာတ်ပို့နေရာတွင် မနေလိုသဖြင့် သူ့အရည်အချင်းကို လူတိုင်းမြင်အောင် ကဗျာရှည်ကြီး ရေးစပ်လိုက်ခြင်း ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ ကွေ့တုန်းယန်။ လော့ဝမ်နှင့် အော်ယန်ထန်တို့ တိတ်ဆိတ်နေကြသည်။ ချွေ့ဖူ၏ ကဗျာသည် အလွန် ကောင်းမွန်သော်လည်း လက်ခုပ်မတီးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ည သူတို့ မြှောက်ပေးရမည့်သူမှာ ဖန်းကျန်ကျစ် ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် ဖန်းကျန်ကျစ်က စတင် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။

“ကောင်းလိုက်တဲ့ ကဗျာ။ ကောင်းလိုက်တဲ့ ကဗျာ။ ဒီနှစ်တွေအတွင်း လမင်းအကြောင်း ကဗျာတွေ အများကြီး ကြားဖူးပေမဲ့ ချွေ့ဖူရေ… မင်းကဗျာက အကောင်းဆုံးပဲ။”

ဖန်းကျန်ကျစ် ပြောပြီးမှ ကွေ့တုန်းယန်၊ အော်ယန်ထန်နှင့် အခြားသူများက ဝိုင်းဝန်းချီးကျူးကြရာ ချွေ့ဖူသည် ကျေနပ်အားရစွာဖြင့် လက်အုပ်ချီပြီး ထိုင်လိုက်သည်။ သူသည် ယနေ့ည၏ ဇာတ်လိုက် မဟုတ်သော်လည်း သူ့ဖျော်ဖြေမှုက အလွန် အောင်မြင်ခဲ့သည်။

နောက်တစ်ယောက်မှာ ကွမ်တုံပြည်နယ် စာမေးပွဲ ပထမဆုရှင်နှင့် လူတိုင်း၏ အမြင်တွင် မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် ဖြစ်သော ထန်ယန် ဖြစ်သည်။

ထန်ယန်သည် အလွန် ချောမောပြီး ဟိတ်ဟန်အနေအထားအရ တက်ရောက်လာသော အထက်တန်းလွှာ လူငယ်များနှင့် ယှဉ်လျှင် လုံးဝ မနိမ့်ကျပေ။ လူတွေကို သူ မိန်းမစိုး ဖြစ်ကြောင်းပင် မေ့သွားစေသည်။

ထန်ယန် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ၃ နှစ်က မင်းသမီးဟာ မွန်ဂိုမင်းသားကို သတ်ဖြတ်ပြီး အပြစ်မဲ့ ပြည်သူ ဒါဇင်ပေါင်းများစွာအတွက် တရားမျှတမှု ရှာပေးခဲ့တယ်။ အဲဒီလို သူရဲကောင်းဆန်ပြီး ကြင်နာတတ်တဲ့ စိတ်ဓာတ်က ကျွန်တော်မျိုးကို အရမ်း စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒါကြောင့် ကဗျာတစ်ပုဒ် ရေးစပ်ခဲ့ပါတယ်။”

ထန်ယန်သည် ဝိုင်ခွက်ကို ကိုင်လိုက်ပြီး သူကိုယ်တိုင် ရေးစပ်ထားသော သူရဲကောင်းဆန်သည့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

“ဓားသွေးခဲ့တာ ၃ နှစ် ရှိပြီ။ ဒါပေမဲ့ နဂါးဟိန်းသံကို သွေးမကျွေးရသေးဘူး။ ဒီနေ့ ဒီဓားကို မင်းသမီးဆီ ဆက်သပါရစေ။ မတရားမှုတွေ ရှိနေသေးလား။”

ဤကဗျာကို ကြားလိုက်ရတဲ့အခါ မင်းသမီးနင်းရွှဲ့ရဲ့ လှပတဲ့ မျက်ဝန်းတွေ တောက်ပသွားတယ်။ တုပိုင်တောင် သူ့နှလုံးသားထဲ တုန်ခါသွားသလို ခံစားလိုက်ရ၏။

‘ဒီ ထန်ယန် က တကယ် မိုက်တာပဲ။’

အပိုင်း ၉၄ ပြီး။

All Chapters