အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မင်းသမီးနင်းရွှဲ့သည် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ ပေးပို့လိုက်သော အဖိုးတန် ဓားတစ်လက်ကို လက်ခံရရှိထားပြီး နဂါးဟိန်းသံဟု အမည်ပေးထားခဲ့သည်။
ထို့ပြင် သူမသည် မွန်ဂိုမင်းသားကို သတ်ဖြတ်ခဲ့သောကြောင့် နယ်နှင်ဒဏ်ပေးခံရပြီး ၃ နှစ်ကြာ အကျယ်ချုပ် ကျခံခဲ့ရသည်။
ထန်ယန်၏ ကဗျာသည် လေးကြောင်းသာ ရှိသော်လည်း ချွေ့ဖူ၏ ကဗျာရှည်ကြီးကို ကျော်လွန်သွားကာ မင်းသမီးနင်းရွှဲ့၏ သူရဲကောင်းဆန်သော နှလုံးသားကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပြီး သူမ၏ စိတ်အခြေအနေနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေပေသည်။
ထိုအချိန်တွင် ရှိနေကြသော လူတိုင်းသည် ထန်ယန်ကို အနည်းငယ် ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ဤကဗျာသည် တိုတောင်းပြီး လိုရင်းတိုရှင်း ဖြစ်သော်လည်း ထက်မြက်သော ဓားမြှောင်တစ်ချောင်းကဲ့သို့ အလွန် အစွမ်းထက်လှသည်။ ရှင်းလင်းစွာပင် မင်းသမီးနင်းရွှဲ့ အနှစ်သက်ဆုံး ဖြစ်နေသည်။
ယခင်က နင်းရွှဲ့သည် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများနှင့် ပတ်သက်ဆက်နွယ်နေမှုကြောင့် ထန်ယန်အပေါ် အမြင်မကြည်လင်ခဲ့ဘဲ ရွံရှာမှုအချို့ပင် ရှိခဲ့သည်။
သို့သော် ဤကဗျာ ထွက်ပေါ်လာပြီးနောက် သူမ၏ အမြင် ပြောင်းလဲသွားခဲ့သည်။ မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော ထန်ယန်သည် မည်သို့သော လူစားမျိုး ဖြစ်နိုင်မည်နည်းဟု သူမ ပထမဆုံးအကြိမ်အဖြစ် အလေးအနက် စဉ်းစားမိလိုက်သည်။
ထန်ယန်၏ ကဗျာသည် တကယ်ကို ထူးခြားပြောင်မြောက်ပြီး မင်းသမီးနင်းရွှဲ့၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားသည်ဟု ဆိုရပေမည်။
ထို့ကြောင့် မင်းသမီးနင်းရွှဲ့သည် ရွှေရောင်နှင်းဓားမြှောင်ကို ထန်ယန်အား ချီးမြှင့်ရန် အလေးအနက် စဉ်းစားလာသည်။ သူသည် မိန်းမစိုး တစ်ဦး ဖြစ်သဖြင့် သူ့ကို ဓားမြှောင် ပေးလိုက်ခြင်းသည် အရှုပ်တော်ပုံ ဖြစ်လာနိုင်စရာ မရှိသလို နင်းရွှဲ့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။
သို့သော် မင်းသမီးနင်းရွှဲ့သာ ရွှေရောင်နှင်းဓားမြှောင်ကို ထန်ယန်အား ပေးလိုက်ပါက နိုင်ငံရေးအရ ထုတ်ဖော်ကြေညာချက် တစ်ခု ဖြစ်သွားနိုင်ပြီး မင်းသမီးနင်းရွှဲ့သည်လည်း ထန်ယန်ကို မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်အဖြစ် ထောက်ခံသည်ဟု လူတိုင်းက ယူဆသွားကြလိမ့်မည်။
မင်းသမီးနင်းရွှဲ့သည် ဧကရာဇ်၏ အချစ်ဆုံး သမီးတော် ဖြစ်သဖြင့် သူမ၏ သဘောထားသည် ဧကရာဇ်၏ ဆန္ဒကို ကိုယ်စားပြုနေသလော။
ထို့ကြောင့် မင်းသမီးနင်းရွှဲ့သာ ဓားမြှောင်ကို ထန်ယန်အား ချီးမြှင့်လိုက်ပါက သူ၏ ဂုဏ်သတင်းကို အကြီးအကျယ် မြင့်တက်သွားစေမည် ဖြစ်ပြီး အမြင့်အသစ်တစ်ခုသို့ ပျံတက်သွားစေနိုင်ပေသည်။
မင်းသမီးနင်းရွှဲ့သည် တုပိုင်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ သူမပြောချင်နေသည်မှာ တုပိုင်။ နင့်ဆီမှာသာ ထူးထူးခြားခြား ကောင်းမွန်တဲ့ ကဗျာ မရှိရင် ငါ ဓားမြှောင်ကို ထန်ယန်ဆီ ပေးလိုက်ရတော့မယ် ဟူ၍ပင်ဖြစ်၏။
ဤအရာသည် နိုင်ငံရေးအရ အလွန် ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်သော်လည်း အခြားတတ်နိုင်သည့်အရာ မရှိပေ။ မင်းသမီးနင်းရွှဲ့၏ ဦးစားပေးမှာ တရားမျှတမှု ဖြစ်ပြီး လီဝမ်ဟွေ့၏ အုပ်စုအပေါ် ထားရှိသော သူမ၏ ပုဂ္ဂိုလ်ရေး နှစ်သက်မှုမှာ ဒုတိယနေရာတွင်သာ ရှိသည်။
“ဖန်းကျန်ကျစ်၊ ယွမ်ထင်နဲ့ ချွေ့ဖူတို့ရဲ့ ကဗျာတွေက အားလုံး ထူးချွန်ကြပါတယ်။ ဘယ်ကဗျာမဆို အံ့မခန်းပါပဲ။” မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ အကြိုက်ဆုံးကို ရွေးရမယ်ဆိုရင် ထန်ယန်ရဲ့ ကဗျာက ကျွန်မစိတ်နဲ့ ပိုကိုက်ညီပါတယ်။”
ဤစကားကို ကြားလိုက်ရသောအခါ ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် ထန်ယန်သည် မိန်းမစိုးတစ်ဦး ဖြစ်ပြီး မင်းသမီးက သူ့ကို ဓားမြှောင်ပေးလိုက်ခြင်းသည် မည်သည့် အရှုပ်တော်ပုံမှ ဖြစ်ပေါ်စေမည် မဟုတ်သောကြောင့် ဤရလဒ်ကို သူတို့ လက်ခံနိုင်ကြသည်။
ဖန်းကျန်ကျစ် သို့မဟုတ် ယွမ်ထင် တစ်ဦးဦး ဓားမြှောင် ရရှိသွားပါက ယနေ့ည အခြေအနေသည် ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ ဤနှစ်ဦးစလုံးသည် မင်းသမီးကို ရရှိရန် ဆုံးဖြတ်ထားကြသော်လည်း ယနေ့ညတွင် အပြီးအပြတ် ရှင်းလင်းရန် မလိုပေ။ နောက်ပိုင်းတွင် အခွင့်အရေးများစွာ ရှိဦးမည် ဖြစ်သည်။
ထို့ပြင် ထန်ယန်သာ မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် ဖြစ်လာပါက လီဝမ်ဟွေ့ အာဏာရယူခြင်းမှ တားဆီးရာတွင် အသုံးဝင်နိုင်ပြီး လူတိုင်းအတွက် အကျိုးရှိစေမည် ဖြစ်သည်။
အကြည့်ချင်း ဖလှယ်ပြီးနောက် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ချက်ချင်းပင် သဘောထား တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ကြပြီး ထန်ယန်ကို ယနေ့ညအတွက် အနိုင်ရသူ ဖြစ်လာစေလိုက်သည်။
ဤသည်မှာ ငှက်နှင့် ခရုတို့ တိုက်ခိုက်နေစဉ် တံငါသည်က အကျိုးအမြတ် ရသွားသည့် ဖြစ်ရပ်မျိုးဟု ဆိုနိုင်သည်။
ကွေ့တုန်းယန်သည် အလွန်ပင် ကျေနပ်နေသည်။ အကြောင်းမှာ တုပိုင်ကို ဖိနှိပ်ရေးသည် သူ့အတွက် အရေးကြီးဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။ ထန်ယန်ကို မြှောက်စားခြင်းသည် တုပိုင်ကို ဖိနှိပ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။
ချက်ချင်းပင် ကွေ့တုန်းယန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “တုပိုင်။ မင်းက ကဗျာမစပ်တတ်ဘူးလို့ ခုနကပဲ ပြောထားတာဆိုတော့ အခု လက်လျော့လိုက်မှာလား။ ဒါမှမဟုတ် ဆက်ပြိုင်မှာလား။”
သူ ထိုသို့ ပြောလိုက်သည်နှင့် ခန်းမထဲရှိ လူတိုင်းသည် တုပိုင်ဘက်သို့ လှည့်ကြည့်လာကြသည်။
တုပိုင်သည် နက်ရှိုင်းသော မလိုမုန်းထားမှုကို အာရုံခံမိလိုက်သည်။ ရှိနေကြသော အရပ်ဘက်နှင့် စစ်ဘက် အရာရှိများ အားလုံးသည် တုပိုင်ကို ဖိနှိပ်ရန် ပူးပေါင်းထားကြကြောင်း သံသယဖြစ်စရာ မလိုပေ။
ဖန်းကျန်ကျစ်နှင့် ယွမ်ထင်တို့ အပါအဝင် အားလုံးက တုပိုင်ကို ဖိအားပေးရန် ကြိုးစားနေကြသည်။
တုပိုင်၏ ကဗျာ မည်မျှပင် ကောင်းမွန်နေပါစေ နှိမ်ချခံရဖွယ် ရှိပြီး ထန်ယန်ကသာ အနိုင်ရသူ ဖြစ်လာပေလိမ့်မည်။ သို့သော် တုပိုင်သည် ဤကဗျာပြိုင်ပွဲကို အနိုင်ရရန် ဆုံးဖြတ်ထားသည်။
ဤသည်မှာ မိန်းမစိုးဂိုဏ်း ခေါင်းဆောင်ရာထူး ဆက်ခံရေး တိုက်ပွဲသာမက သူတို့၏ ပထမဆုံး တွေ့ဆုံမှု မစ်ရှင်နှင့်လည်း သက်ဆိုင်နေသည်။ တုပိုင် အနိုင်ရပါက ယန်ချီ ၁၀ မှတ်နှင့် မင်းသမီးနင်းရွှဲ့ထံမှ နှစ်သက်မှုအဆင့် ၁၅ မှတ် ရရှိမည် ဖြစ်သည်။
သို့သော် သူ အနိုင်ရလိုလျှင် သာမန်ရမှတ် ၁၀၀ ဖိုး ထူးချွန်ရုံဖြင့် မလုံလောက်ပေ။ ၁၂၀ မှတ် အပြည့် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူ ၄ ဦး၏ ကဗျာများသည် တကယ်ကို ထူးချွန်လှပြီး အထူးသဖြင့် ထန်ယန်၏ ကဗျာသည် မင်းသမီးနင်းရွှဲ့၏ အကြိုက်နှင့် အကိုက်ညီဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “ဒါပေါ့။ လူကြီးမင်းတို့က တိုက်တွန်နေမှတော်လည်း ကျွန်တော် ကဗျာမစပ်ရင် မလေးစားသလိုဖြစ်နေပါမယ်။”
တုပိုင်၏ အပြောကိုကြားသောအခါ အားလုံးက ကျိန်ဆဲလိုက်မိကြသည်။ ‘ဟန်ဆောင်ကောင်းတဲ့ ခမသ။’
တုပိုင်သည် ဝိုင်ခွက်ကို ကိုင်လျက် ခန်းမအလယ်သို့ လျှောက်သွားလိုက်ပြီး မင်းသမီးနင်းရွှဲ့နှင့် ၄ လှမ်းခန့် အကွာတွင် ရပ်လိုက်သည်။
“အရှင်မင်းသမီး မြောက်ဘက်ကို ခရီးထွက်တော့မှာ ဆိုတော့ ကျွန်တော်မျိုးက နှုတ်ဆက်ကဗျာ တစ်ပုဒ်နဲ့ အစပျိုးပါရစေ။ သေချာ နားထောင်ပေးပါ။”
တုပိုင် ကဗျာရွတ်ဆိုရန် စတင်လိုက်သည်။
“ကုန်းမြင့်ပေါ်က မြက်ခင်းစိမ်း၊ တစ်နှစ်တစ်ခါ ညှိုးလိုက် ပြန်စို။ တောမီးလောင်လည်း မသေနိုင်၊ နွေဦးလေညင်း ပြန်ရောက်လာချိန်။ ရှေးလမ်းဟောင်းဆီ ရနံ့သင်းပျံ့၊ မြို့ပျက်ဟောင်းဆီ အစိမ်းရောင်လွှမ်း။ မင်းသမီးမြောက်ဘက် ခရီးဆက်၊ မြက်ခင်းစိမ်းလည်း လွမ်းစိတ်သက်။”
ဤကဗျာ စတင်သောအခါ အခြားသူများက အထင်သေးစွာ ကြည့်လိုက်ကြသည်။ ဤမျှ ရိုးရှင်းသော စာသားသည် အခြားအခြေအနေများတွင် ထူးချွန်ကောင်း ထူးချွန်နိုင်သော်လည်း ယနေ့ညတွင် အံ့မခန်း ကဗျာ ၄ ပုဒ် ထွက်ပေါ်ပြီး ဖြစ်နေသဖြင့် တုပိုင်၏ စာသားသည် ထူးခြားမှု မရှိဘဲ သာမန်ကာလျှောက်ကာသာ ဖြစ်နေပုံရသည်။
သို့သော် တုပိုင် ဒုတိယစာကြောင်းကို ရွတ်ဆိုလိုက်သောအခါ မင်းသမီးနင်းရွှဲ့၏ လှပသော မျက်ဝန်းများ တောက်ပသွားသည်။ အကြောင်းမှာ သူမသည် တောမီးလောင်လည်း မသေနိုင်၊ နွေဦးလေညင်း ပြန်ရောက်လာချိန် ဟူသော စာသားကို နှစ်သက်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော ခွန်အားနှင့် တိုက်ခိုက်လိုစိတ်သည် သူမ၏ နှလုံးသားကို ထင်ဟပ်စေသည်။
တုပိုင် ရွတ်ဆိုပြီးသွားသောအခါ လူတိုင်း၏ စိတ်ထဲတွင် ကောင်းလိုက်တဲ့ ကဗျာ ဟူသော စကားလုံး ပေါ်လာသည်။
နားလည်ရ လွယ်ကူသော်လည်း ဘာသာစကားနှင့် အနုပညာ ဖန်တီးမှု နှစ်ခုစလုံးသည် ထိပ်တန်း အရည်အသွေး ရှိသည်။
ကွေ့တုန်းယန်နှင့် လော့ဝမ်တို့ပင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တုပိုင်က ကဗျာ ညံ့သည်ဟု ပြောထားသည် မဟုတ်ပါလော။ အဘယ်ကြောင့် ဤမျှလောင် ကောင်းမွန်သည့် ကဗျာက ထွက်ပေါ်လာရသည်နည်း။
ရှိနေကြသူ အားလုံးသည် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသည်။ တုပိုင်၏ ကဗျာသည် အရိုးရှင်းဆုံး စကားလုံးများကို အသုံးပြုပြီး ခံစားချက်ကို ဖော်ပြထားရာ ပညာရှိများရော သာမန်လူများပါ ခံစား နားလည်နိုင်သည်။ ဤသည်မှာ ကဗျာလောကတွင် အလွန် ရှားပါးသော ရိုးရှင်းမှုနှင့် စစ်မှန်မှုဆီသို့ ပြန်လည်ရောက်ရှိခြင်း ဖြစ်သည်။
ခမ်းနားသော ကဗျာများ သို့မဟုတ် လူကြိုက်များသော ကဗျာများကို စပ်ဆိုရန် မခက်ခဲပေ။ အမှန်တကယ် စိန်ခေါ်မှုမှာ ခမ်းနားမှုနှင့် လက်လှမ်းမီလွယ်မှုကြား မျှတအောင် လုပ်ဆောင်ခြင်း၌ ရှိသည်။ တုပိုင်၏ ကဗျာကမူ ထိုအချက်ကို ပြီးမြောက်အောင်မြင်ခဲ့သည်။
သို့သော် ဤကဗျာသည် ထိရောက်မှု အားနည်းနေသည်။ ချွေ့ဖူ၏ လှပဆန်းပြားသော စတိုင်မျိုး မရှိသလို ထန်ယန်၏ ရဲရင့်ပြတ်သားမှုမျိုးလည်း မရှိပေ။ တုပိုင်သည် ကဗျာဆရာ ပိုင်ကျွီးရိ၏ ဂုဏ်သတင်းမျိုး မရှိထားသဖြင့် သူ၏ ကဗျာစာသားများက အရမ်း ရိုးရှင်းပြီး သာမန်ဆန်နေပါက ပရိသတ်ကို အံ့အားသင့်စေရန် ခက်ခဲပေလိမ့်မည်။
မင်းသမီးနင်းရွှဲ့သည် အလွန် တရားမျှတသူ ဖြစ်ပြီး တုပိုင်၏ ကဗျာသည် ထန်ယန်နှင့် အခြားသူများကို ဖိနှိပ်နိုင်ခြင်း မရှိဟု သူမ ခံစားလိုက်ရသည်။
“တုပိုင်ရဲ့ ကဗျာက မဆိုးပါဘူး။” အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်က ပြောလိုက်သည်။ “ဒါပေမဲ့ ချွေ့ဖူတို့လောက် မကောင်းသလို ထန်ယန်လောက်လည်း အရှိန်အဝါ မပါဘူး။ ထန်ယန်။ ဂုဏ်ယူပါတယ်။ မင်းသမီးနင်းရွှဲ့ရဲ့ ရွှေရောင်နှင်းဓားမြှောင်ကို ရရှိသွားပါပြီ။”
ထန်ယန်သည် စိတ်လှုပ်ရှားသွားပြီး မျက်နှာတစ်ခုလုံး ရဲတက်လာကာ ရှေ့သို့ တိုးလာပြီး လေးလေးနက်နက် ဦးညွှတ်၍ ပြောလိုက်သည်။ “ကျွန်တော်မျိုး ဒီအဖိုးတန်ဓားကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်။”
သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ မင်းသမီးနင်းရွှဲ့၏ ဓားမြှောင်ကို လက်ခံရရှိခြင်းသည် တစ်နည်းအားဖြင့် တော်ဝင်မိသားစု၏ အသိအမှတ်ပြုမှုကို ရရှိခြင်းနှင့် တူညီသည်။
ဤအရာက သူ့ကို မိန်းမစိုးဂိုဏ်း ခေါင်းဆောင် ဆက်ခံသူအဖြစ် ပိုမို တရားဝင် ဖြစ်လာစေမည်။ ရက်အနည်းငယ်အတွင်း သတင်းသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားမည် ဖြစ်ပြီး လီဝမ်ဟွေ့၏ အုပ်စုအနေဖြင့် သူ့နေရာကို လှုပ်ခါရန် ခက်ခဲသွားပေလိမ့်မည်။
“ခဏနေပါဦး။” ရုတ်တရက် တုပိုင် ပြောလိုက်သည်။
ကွေ့တုန်းယန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်။ လူဆိုတာ အရှက်တရား ရှိသင့်တယ်။ ရှုံးရင် ရှုံးတယ်ပေါ့ကွာ။”
တုပိုင် သူ့ကို လစ်လျူရှုလိုက်ပြီး မင်းသမီးနင်းရွှဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “အရှင်မင်းသမီး။ ဒါက ကျွန်တော်မျိုးရဲ့ ပထမဆုံး ကဗျာပါ။ သွေးပူလေ့ကျင့်ခန်း လုပ်တာပဲ ရှိပါသေးတယ်။ ခြေလှမ်းတိုင်းမှာ ကဗျာတစ်ပုဒ် ဆိုတာကို ကြားဖူးပါသလား။”
ဤစကားများသည် ပရိသတ်အားလုံးကို ဆူညံသွားစေသည်။
ခြေလှမ်းတိုင်း၌ ကဗျာတစ်ပုဒ် ဆိုသည်မှာ အလွန်ပင် မာန်မာန ထောင်လွှားလွန်းနေပြီ ဖြစ်သည်။ ဤနေရာ၌ ရှိနေကြသူတိုင်းသည် ပါရမီရှင်များချည်းသာ ဖြစ်ကြသည်။
ကဗျာကောင်း တစ်ပုဒ် ရရှိရန် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာပင် အချိန်ယူရပြီး စိတ်ကူးဉာဏ် ပွင့်လင်းလာမည့် အချိန်ကို စောင့်ဆိုင်းရတတ်သည်။
အစောက ဖန်းကျန်ကျစ်၊ ယွမ်ထင်၊ ချွေ့ဖူနှင့် ထန်ယန်တို့ပင်လျှင် နေရာ၌ပင် ချက်ချင်း ကဗျာစပ်ဆိုသကဲ့သို့ ဟန်ဆောင်နေကြသော်လည်း အမှန်စင်စစ်မူ သူတို့ ပြင်ဆင်လာခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
အထူးသဖြင့် ထန်ယန်၏ ကဗျာဆိုလျှင် သူ၏ စိတ်ထဲ၌ မရေမတွက်နိုင်အောင် ပြန်လည်ပြင်ဆင် ရေးသားခဲ့ရခြင်း ဖြစ်သည်။
ယခု တုပိုင်က ခြေလှမ်းတိုင်း၌ ကဗျာတစ်ပုဒ် ရေးဖွဲ့မည်ဟု ပြောဆိုနေခြင်းမှာ ဝက်မတစ်ကောင် ဝက်ကလေးများ မွေးဖွားသကဲ့သို့ လွယ်ကူမည်ဟု သဘောထားနေခြင်းဖြစ်သည်။
နှစ်ပေါင်းတစ်ထောင်အတွင်း၌ အထူးချွန်ဆုံး ကဗျာဆရာများပင်လျှင် တစ်လ၌ ကဗျာတစ်ပုဒ် ရေးသားနိုင်ပါက အံ့မခန်းဟု သတ်မှတ်ခံခဲ့ရခြင်းဖြစ်၏။
ကျူးဝူယာက ပြောလိုက်သည်။ “ပေါက်ကရ လျှောက်ပြောနေတာတွေကို ကဗျာလို့ သတ်မှတ်လို့ရမလားကွ။ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲစမ်းပါနဲ့။”
တုပိုင် သူ့ကို လစ်လျူရှုလိုက်ပြီး မင်းသမီးနင်းရွှဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “အရှင်မင်းသမီး။ ဖန်းကျန်ကျစ်ရဲ့ ကဗျာက ကူချင်နဲ့ ဂီတကို ချီးကျူးတဲ့ ကဗျာ။ ယွမ်ထင်ရဲ့ ကဗျာက ဂုဏ်ပြုဆုတောင်းတဲ့ ကဗျာ။ ချွေ့ဖူရဲ့ ကဗျာက လမင်းအကြောင်း ကဗျာ။ ထန်ယန်ရဲ့ ကဗျာက သူရဲကောင်းဆန်တဲ့ ကဗျာ။ ဟုတ်တယ်မလား။”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။
တုပိုင်က ဆက်ပြောသည်။ “သူတို့ကို ကဗျာတစ်ပုဒ်နဲ့ နိုင်တာ ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် လိုချင်တာက သူတို့ ၄ ယောက်လုံးကို အနိုင်ယူဖို့ပါ။ သူတို့ ရေးတဲ့ ခေါင်းစဉ်တိုင်းကို ကျွန်တော် လိုက်ရေးမယ်။ ပြီးရင် သူတို့အားလုံးကို အနိုင်ယူမယ်။ တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းအောင် ရေးပြမယ်။ ဒီနည်းနဲ့မှ ကျွန်တော် တရားမျှမျှတတအနိုင်ယူနိုင်မှာပါ။ မျက်နှာလိုက်မှုတွေ မလိုပါဘူး။ ပါရမီနဲ့ပဲ အနိုင်ယူမှာပါ။”
ဤစကားများသည် ပရိသတ်အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ထိုအရာသည် ယုတ္တိမရှိပေ။ အလွန်ပင် မာန်မာန ထောင်လွှားလွန်းလှသည်။ တုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်။ ပြိုင်ဘက် ၄ ဦးစလုံးကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်မည်ဟု ကြေညာလိုက်ခြင်းသည် မောက်မာလွန်းလှသည်။
သတိပြုရမည်မှာ ရှိနေသော လူ ၄ ဦးစလုံးသည် အလွန် ထူးချွန်သော ပါရမီရှင် အထက်တန်းလွှာများ ဖြစ်ကြသည်။ တစ်ယောက်ကို အနိုင်ယူဖို့ ဆိုတာတောင် ခက်ခဲလှရာ ၄ ယောက်လုံးကို အနိုင်ယူဖို့ ပြောရဲသည်မှာ အမှန်တကယ်ကို အလွန်အမင်း မောက်မာလှသည်။
ကျူးယွီရွှမ်က ပြောလိုက်သည်။ “ရှင်က ခြေလှမ်းတိုင်းမှာ ကဗျာတစ်ပုဒ်လို့ ပြောပေမဲ့ ကြိုတင် ပြင်ဆင်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။”
တုပိုင်က ပြောလိုက်သည်။ “မိန်းကလေးကျူး။ ဒီလူကြီးမင်း ၄ ယောက် ဘယ်ခေါင်းစဉ် ရေးမယ်ဆိုတာ ကျွန်တော် ကြိုမသိထားဘူးလေ။ သူတို့ ဘာခေါင်းစဉ် ရေးမလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ။”
လူတိုင်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ အမှန်ပင် ဖြစ်သည်။ တုပိုင်သည် မေးခွန်းများကို ကြိုတင် သိရှိထားခြင်း မရှိပေ။
တုပိုင်က ဆက်ပြောသည်။ “ဒါကြောင့် ကဗျာတစ်ပုဒ်စီအတွက် ကျွန်တော် ခြေလှမ်းတစ်လှမ်းပဲ အချိန်ရပါမယ်။”
ဤစကားများသည် ခန်းမတစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေသည်။
ကွမ်ရှီး အရှေ့ဘက် စစ်တန်းလျား ကွပ်ကဲရေးမှူး ဝမ်ရင်က လှောင်ပြောင်ပြီး ပြောလိုက်သည်။ “မင်းက ခြေလှမ်းတစ်လှမ်း လှမ်းဖို့ တစ်ရက် အချိန်ယူမယ်ဆိုရင် ငါတို့က မင်းကို တစ်ရက်လုံး ထိုင်စောင့်နေရမှာလား။”
တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းသမီး။ ဝိုင်တစ်ခွက်ငှဲ့ပြီး စားပွဲပေါ် တင်ပေးပါ။ အထဲမှာ ရေခဲတုံး တစ်တုံး ထည့်ပေးပါ။ ကျွန်တော်မျိုး ၄ လှမ်းလှမ်းပြီး ခြေလှမ်း ၄ လှမ်း စလုံးမှာ ကဗျာ ရေးစပ်ရွတ်ဆိုပြီး အားလုံးကို အနိုင်ယူကာ အရှင်မင်းသမီး ရှေ့ရောက်လာတဲ့ အချိန်ကျမှ ဒီဝိုင်ကို သောက်ပါ့မယ်။ အဲဒီအချိန်ကျမှ ဒီခွက်ထဲက ရေခဲတုံး အရည်ပျော်သွားရင် ကျွန်တော်မျိုး ရှုံးပါစေ။”
ယခုအချိန်သည် ဇူလိုင်လရဲ့ အပူပြင်းဆုံး အချိန် ဖြစ်ပြီး ရေခဲတုံးတွေက အရက်ထဲမှာ ခဏလေးနဲ့ အရည်ပျော်သွားတတ်သည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာတွင် သိုင်းနိုင်ငံများခေတ် မရှိခဲ့ပေ။ ထို့ကြောင့် ကွမ်ယုသည် ဟွာရှောင်ကို ခေါင်းမဖြတ်မီ ဝိုင်နွှေးခိုင်းခဲ့သော ဇာတ်လမ်းကို သူတို့ မသိကြချေ။ သို့မဟုတ်ပါက ဤမြင်ကွင်းသည် ပို၍ပင် လွမ်းမောဖွယ် ကောင်းနေပေလိမ့်မည်။
ရေခဲတုံး တစ်တုံးသည် အများဆုံး နာရီဝက်သာ ခံသည်။ တုပိုင်က ထိုနာရီဝက် အတွင်းမှာ ကဗျာ ၄ ပုဒ်ကို အပြီးစပ်ဆိုရမည် ဖြစ်ပြီး ဖန်းကျန်ကျစ်၊ ထန်ယန်နှင့် အခြားသူများကိုပါ အနိုင်ယူရမည် ဖြစ်သည်။
ဖန်းကျန်ကျစ်၊ ထန်ယန်၊ ချွေ့ဖူနှင့် ယွမ်ထင်တို့၏ ကဗျာများသည် အလွန် ကောင်းမွန်လှသည်။ သူတို့ထဲမှ တစ်ယောက်ကို အနိုင်ယူနိုင်လျှင်ပင် ထူးခြားလှပြီ ဖြစ်သည်။
တုပိုင်က သူတို့ ၄ ယောက်လုံးကို သူ့ကဗျာတွေနဲ့ အပြတ်အသတ် ဖိနှိပ်ပစ်မည်။ ထိုအရာကို နာရီဝက်အတွင်း လုပ်ဆောင်မည်ဟု ဆိုခြင်းသည် လုံးဝ အဓိပ္ပာယ် မရှိသော စကားပင် ဖြစ်တော့သည်။
အပိုင်း ၉၅ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။ “တုပိုင်။ မင်း အတည်ပြောနေတာလား။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် ရှုံးရင် နောင်တစ်ချိန် ထန်ယန် ရှိတဲ့နေရာတိုင်းမှာ ဒူးထောက်ပြီး သွားပါ့မယ်။”
ဤစကားများသည် ပရိသတ်အားလုံးကို လှုပ်ရှားသွားစေသည်။ ဤလောင်းကြေးသည် ကြီးမားလွန်းလှသည်။
မမျှော်လင့်ဘဲ မင်းသမီးအတွက် ပြုလုပ်သော နှုတ်ဆက်ပွဲသည် မိန်းမစိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်နေရာ လုပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။”
ထို့နောက် မင်းသမီးနင်းရွှဲ့သည် ဝိုင်တစ်ခွက်ကို ငှဲ့လိုက်ပြီး ရေခဲတုံးတစ်တုံး ထည့်ကာ သူမရှေ့တွင် ချထားလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “မင်းမှာ အရည်အချင်းရှိရင် ဒီဝိုင်ခွက်ကို လာသောက်လိုက်။”
ကွေ့တုန်းယန်သည် စကားတစ်ခွန်းမျှ မပြောဘဲ သဲနာရီတစ်ခုကို ကောက်ယူကာ ပြောင်းပြန်လှန်လိုက်သည်။ သဲများ ကုန်ဆုံးရန် ၁၅ မိနစ်၏ တစ်ဝက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။
ချွမ်ခနဲ အသံနှင့်အတူ တုပိုင်၏ ကဗျာ ခရီးစဉ် စတင်လေတော့သည်။
**--**--**--**--**--**--**--**
တုပိုင်သည် မင်းသမီးနင်းရွှဲ့ ရှိရာဘက်သို့ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပြီးနောက် ရပ်တန့်ကာ စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်သည်။
သူ ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။ “ဖန်းကျန်ကျစ်။ ခင်ဗျားရဲ့ ကဗျာက ကူချင်နဲ့ ဂီတကို ချီးကျူးထားတာမလား။ ဒါဆို ကျွန်တော်လည်း ကူချင်ကို ချီးကျူးတဲ့ ကဗျာတစ်ပုဒ် ရေးမယ်။ အားလုံး သေချာ နားထောင်ကြ။ ဖန်းကျန်ကျစ်ကို နိုင်မလား ဆိုတာ ကြည့်ကြတာပေါ့။”
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကဗျာကို ရွတ်ဆိုလိုက်သည်။ ကဗျာခေါင်းစဉ်မှာ ပိုးကြိုးကူချင်ဖြစ်သည်။
“အကြောင်းမဲ့သက်သက် ကြိုးငါးဆယ်၊ ကြိုးတစ်ချောင်းစီတိုင်းက လွမ်းဆွတ်ဖွယ်။ လိပ်ပြာအိပ်မက် မက်သူနဲ့၊ ဥဩငှက်ငယ်ဆီ အပ်နှံထားတဲ့ နှလုံးသားတစ်စုံ။ ပင်လယ်ပြင်ထက် လမင်းသာ၊ ပုလဲမျက်ရည်တွေ ဝေဝေဆာ။ လန်ထျန်အရပ်က နေရောင်အောက်၊ ကျောက်စိမ်းတွေက မီးခိုးပေါက်။ ဒီအချစ်ကို ပြန်တွေးမှပဲ တန်ဖိုးထားရမှာလား၊ အဲဒီအချိန်တုန်းကတော့ နောင်တတွေပဲ ဖြစ်ခဲ့ရတာ။”
ကဗျာရွတ်ဆိုပြီးသွားသောအခါ ခန်းမတစ်ခုလုံးသည် နောက်တစ်ကြိမ် သေမတတ် တိတ်ဆိတ်သွားပြန်သည်။
လူတိုင်း၏ စိတ်ခံစားချက်များသည် တုပိုင်၏ ပိုးကြိုးကူချင် ကဗျာတွင် လုံးဝ ဖမ်းစားခြင်း ခံလိုက်ရသည်။
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
‘သောက်ကျိုးနည်း တုပိုင်။’
‘တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတုန်းကလည်း ရှေးဟောင်း ဂန္ထဝင် ဂွမ်လင်းစန်း ဂီတနဲ့ နှစ်ပေါင်းတစ်ထောင်လောက် ပျောက်ကွယ်နေတဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း လက်ရေးမူကို ထုတ်ပြခဲ့တယ်။’
‘အခုလည်း ရာစုနှစ်တစ်ခုမှာ တစ်ခါလောက်သာ ပေါ်ထွန်းနိုင်တဲ့ ဂန္ထဝင် ကဗျာစာသားမျိုးကို ထပ်ပြီး ထုတ်သုံးလိုက်ပြန်ပြီလား။’
‘ဒါက လွန်လွန်းနေပြီ… တကယ်ကို လွန်လွန်းနေပြီ။’
ရှိနေကြသူ အားလုံးသည် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော ပညာတတ်များ ဖြစ်ကြသည်။ တုပိုင်၏ ပထမ နှုတ်ဆက်ကဗျာသည် ပညာရှိများရော သာမန်လူများပါ လက်လှမ်းမီနိုင်သော ရိုးရှင်းမှု ရှိသည်ဆိုလျှင် ယခု တုပိုင်၏ ပိုးကြိုးကူချင်ကဗျာကမူ ရင်သပ်ရှုမောဖွယ် ကောင်းပြီး အလွန်အမင်း လှပနေပေသည်။
ထိုသည်မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန် တစ်စင်းကဲ့သို့ ညအချိန်တွင် ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် တောက်ပနေသည်။
ဖန်းကျန်ကျစ်၏ ကဗျာသည် မဆိုးလှသော်လည်း တုပိုင်၏ ပိုးကြိုးကူချင်နှင့် ယှဉ်လိုက်လျှင် လုံးဝ အဆင့်ကွာခြားသွားသည်။
ကဗျာဆရာကြီး လီရှန်ရင်၏ ကဗျာများသည် အလွန် လှပစွာ ရေးဖွဲ့ထားသဖြင့် မည်သူမျှ မကျော်ဖြတ်နိုင်ကြပေ။ အထူးသဖြင့် ဤပိုးကြိုးကူချင်ကဗျာသည် တရုတ်ယဉ်ကျေးမှု နယ်ပယ်အတွင်း မည်သည့်နေရာ။ မည်သည့်အချိန်တွင် ရွတ်ဆိုသည်ဖြစ်စေ ချက်ချင်းပင် လွှမ်းမိုးနိုင်သော အာနိသင် ရှိသည်။
ဤကဗျာကို ကြားရသော မည်သည့် ပညာရှင်မဆို အတွေးတစ်ခုသာ ဝင်လာပေလိမ့်မည်။ မိမိ၏ ညံ့ဖျင်းမှုကို ရှက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် အထင်သေးမိခြင်းပင် ဖြစ်သည်။
ကဗျာကို ကြားလိုက်ရသောအခါ မင်းသမီးနင်းရွှဲ့သည် ကဗျာ၏ ပြောင်မြောက်သော အလှတရားတွင် ချက်ချင်းပင် နစ်မြောသွားသည်။ သူမသည် သူရဲကောင်းဆန်သော စိတ်ဓာတ် ရှိသော်လည်း သူမ၏ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတသည်လည်း အလွန် မြင့်မားသဖြင့် ကဗျာ၏ နက်ရှိုင်းသော ကျက်သရေနှင့် လွမ်းမောဖွယ် ခံစားချက်ကို အပြည့်အဝ နားလည်ခံစားနိုင်သည်။
သူမ ယုံကြည်နိုင်စရာ မရှိပေ။ တုပိုင်သည် မြို့တော်တွင် မည်သည့် ပါရမီရှင် ဂုဏ်သတင်းမှ မရှိခဲ့သော်လည်း သူ၏ ကဗျာများသည် အလွန် ရင်သပ်ရှုမောဖွယ် ကောင်းပြီး ပြိုင်ဘက်ကင်း ဖြစ်နေသည်။
သို့သော် တုပိုင်သည် သူစိတ်ကူးထားသကဲ့သို့ ပျော်ရွှင်မှုကို မခံစားရသလို တက္ကသိုလ်သုံးခု ပြိုင်ပွဲတုန်းကကဲ့သို့ နိုင်ပွဲ၏ စိတ်လှုပ်ရှားမှုကိုလည်း အပြည့်အဝ မခံစားရပေ။ အဘယ်ကြောင့်နည်းဟု သူ စဉ်းစားမိလိုက်သည်။
မကြာမီ သူ အဖြေရှာတွေ့သွားသည်။ တက္ကသိုလ်သုံးခု ပြိုင်ပွဲတုန်းက သူသည် ဂွမ်လင်းစန်းမှသည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းနှင့် နောက်ဆုံး တာ့နင်မင်းဆက် မြေပုံအထိ အရာအားလုံးတွင် ကြီးမားသော အားထုတ်မှုနှင့် ကြိုးစားမှုများကို ပြုလုပ်ခဲ့ရသည်။ အိပ်မက်စနစ် ဟူသောရွှေလက်ချောင်းကို အသုံးပြုခဲ့ပြီး ကူးယူခြင်း ဖြစ်သော်လည်း နေ့မနား ညမနား ကြိုးပမ်းအားထုတ်မှု၏ ရလာဒ်ဖြစ်သည်။
ပျော်ရွှင်မှု ဆိုသည်မှာ ကြိုးစားအားထုတ်မှုမှ လာခြင်း ဖြစ်ပြီး နိုင်ပွဲသက်သက်မှ လာခြင်း မဟုတ်ပေ။ ယခုမူ အားစိုက်စရာ မလိုဘဲ ချေးငှားသုံးစွဲနေခြင်းသာ ဖြစ်သည်။ မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် တုပိုင်သည် ဒုတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီး ဖြစ်သည်။
ထို့နောက် သူသည် တံခါးပေါက်ဆီသို့ ဦးတည်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ ‘မဟာကဗျာဆရာကြီး လီပိုင် ခင်ဗျားရဲ့ ဝိုင်ကိုဆောင်ကြဉ်းပါကဗျာက နောက်ထပ် ကမ္ဘာတစ်ခုမှာလည်း လွတ်လပ်ပြီး အရိုင်းဆန်တဲ့ ပုံစံနဲ့ ဆက်လက် တည်ရှိနေပါစေ။ ကျွန်တော်က ခင်ဗျားရဲ့ ကဗျာတစ်စိတ်တစ်ပိုင်းကို သုံးပြီး ရှေ့က ရန်သူကို ချက်ချင်း ပါးဖြတ်ရိုက်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် မဟာကဗျာဆရာကြီး လီပိုင်။’
တုပိုင် နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ထို့နောက် သူသည် ယွမ်ထင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ခင်ဗျား ရေးတာက ဂုဏ်ပြုဆုတောင်းတဲ့ ကဗျာ မဟုတ်လား။”
ယွမ်ထင် အေးစက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော့်ရဲ့ ဂုဏ်ပြုကဗျာကို နားထောင်လိုက်ပါ။ ခေါင်းစဉ်က ဝိုင်ကိုဆောင်ကြဉ်းပါတဲ့။”
လူတိုင်းသည် တုပိုင်၏ ယခင်ကဗျာ ပိုးကြိုးကူချင်ထဲတွင် နစ်မြောနေဆဲ ဖြစ်ပြီး ကဗျာ၏ အလှတရားတွင် လုံးဝ ဖမ်းစားခံထားရဆဲ ဖြစ်သည်။ ယခု တုပိုင်က နောက်ထပ် ကဗျာတစ်ပုဒ် စပ်ဆိုတော့မည် ဖြစ်သည်။ သူတို့သည် ပိုးကြိုးကူချင်၏ ခမ်းနားသော နယ်ပယ်မှ အမြန်ရုန်းထွက်ပြီး တုပိုင်၏ ဒုတိယ ကဗျာကို နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် ရှိနေကြသူ မည်သူမျှ တုပိုင်၏ ဒုတိယ ကဗျာက ပထမ ကဗျာကို ယှဉ်နိုင်မည်ဟု မယုံကြည်ကြပေ။ လုံးဝ မဖြစ်နိုင်ချေ။
လူတစ်ယောက်၏ ပါရမီသည် အကန့်အသတ် ရှိသည်။ တိုတောင်းသော အချိန်အတွင်း ထူးခြားပြောင်မြောက်သော ကဗျာတစ်ပုဒ် ဖန်တီးနိုင်ခြင်းကပင် အံ့မခန်း ဖြစ်နေပြီ ဖြစ်ရာ ဒုတိယတစ်ပုဒ် ထပ်မံ ဖန်တီးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် တုပိုင်သည် သူ၏ ဒုတိယကဗျာကို ရွတ်ဆိုလိုက်ပြီ ဖြစ်သည်။
“ဘဝမှာ အောင်မြင်တုန်း ပျော်ပျော်နေ၊ ရွှေခွက်ထဲက ဝိုင်ကို လမင်းကြီးဆီ မနှမြောနဲ့။ လူတိုင်းမှာ ကိုယ်စီ ပါရမီတွေ ရှိကြပေ၊ ငွေကုန်သွားလည်း ပြန်ရှာလို့ရ၏။ ခေါင်းလောင်းသံနဲ့ စားကောင်းသောက်ဖွယ်တွေ မက်မောစရာ မလို၊ မူးရူးပြီး ပြန်မနိုးထချင်တော့တာပဲ လိုတယ်။
ရှေးပညာရှိတွေတောင် မေ့ပျောက်ခံရပြီ၊ အရက်သမားတွေပဲ သမိုင်းမှာ ကျန်ရစ်တော့မယ်။”
ဟုတ်ပါသည်။ သူသည် လီပိုင်၏ ဝိုင်ကိုဆောင်ကြဉ်းပါ ကဗျာထဲမှ အစိတ်အပိုင်း တစ်ခုကို ထုတ်နုတ်ခဲ့ခြင်း ဖြစ်သည်။
အကြောင်းမှာ မူရင်းစာသားသည် ရှည်လျားလွန်းပြီး အနုပညာ အနှစ်သာရမှာ ဝမ်းနည်းဖွယ် ကောင်းကာ နက်ရှိုင်းလွန်းသဖြင့် တိုတောင်းသော အချိန်အတွင်း ဖန်တီးနိုင်သည့်အရာမျိုး မဟုတ်ဟု ထင်ရသောကြောင့် ဖြစ်သည်။ ထို့ပြင် တုပိုင်၏ ပါရမီသည် မူရင်းစာသား၏ အဆင့်အတန်းကို မီရန် ခဲယဉ်းသည်။
မူရင်းလောက် မကောင်းသော်လည်း ဤကဗျာသည် ပြိုင်ဘက်ကင်းလောက်အောင် ရင်သပ်ရှုမောဖွယ် ကောင်းပြီး ရဲရင့်လှသည်။ ယွမ်ထင်၏ ဂုဏ်ပြုကဗျာကို ဖယ်ရှားပစ်ရန် အလွန် လွယ်ကူစေသည်။
ယွမ်ထင်၏ ဂုဏ်ပြုကဗျာမှာမူ လုံးဝ မေ့ပျောက်ခံရသည့်အထိ ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ လူတိုင်းသည် သူတို့၏ နှလုံးသားကို မြှားတစ်စင်းဖြင့် ပြင်းထန်စွာ ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။
အလွန် ရုတ်တရက် ဆန်လှသည်။ အလွန် မမျှော်လင့်ထားသော အရာပင်။ မည်သည့် သတိပေးချက်မျှ မရှိဘဲ နောက်ထပ် ခမ်းနားပြီး ရင်သပ်ရှုမောဖွယ် ကဗျာတစ်ပုဒ် ထွက်ပေါ်လာပြန်သည်။
စာသားနှင့် အနုပညာ ဖန်တီးမှုသည် ရိုးရှင်းစွာပင် ဖမ်းစားနိုင်စွမ်း ရှိသည်။ လောကရှိ အခြား မည်သည့် ဂုဏ်ပြုကဗျာကမျှ ဤကဗျာကို မကျော်ဖြတ်နိုင်ပေ။ သို့သော် ဤတစ်ကြိမ်တွင် လူအုပ်ကြီးသည် သူတို့၏ တုန်လှုပ်မှုကို ထုတ်ဖော်ရန် အချိန်ပင် မရလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် တတိယ ခြေလှမ်းကို လှမ်းလိုက်သောကြောင့် ဖြစ်သည်။
ထို့နောက် တုပိုင်သည် အပြင်ဘက်ရှိ လမင်းကြီးကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
‘ဆရာကြီး ဆုရှီ။ ခင်ဗျားရဲ့ လမင်းကြီး ဘယ်တော့သာမလဲ ကဗျာက တခြားကမ္ဘာတစ်ခုမှာ မျိုးဆက်ပေါင်းများစွာကို ဆက်လက် အံ့သြစေနိုင်ပါစေ။ ကျွန်တော်က ခဏလောက် ငှားသုံးပြီး ရှေ့က ရန်သူကို ချေမှုန်းပစ်ပါမယ်။ ကျွန်တော်မျိုး ဆရာကြီး ဆုရှီကို ကျေးဇူးတင်ပါတယ်။’
တုပိုင်သည် လမင်းကြီးကို လေးလေးနက်နက် ဦးညွှတ်ပြီးနောက် မတ်တတ်ရပ်ကာ ချွေ့ဖူကို ကြည့်လိုက်သည်။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချွေ့ဖူသည် ကြောက်ရွံ့မှုတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲမှ ပန်းချီနှင့် စာရေးအလှ ပြိုင်ပွဲ မြင်ကွင်းကို ပြန်လည် မြင်ယောင်လာမိသည်။
ဤတုပိုင်သည် လူတိုင်းကို တုန်လှုပ်စေပြီး သူ့ခေါင်းပေါ် နောက်တစ်ကြိမ် တက်နင်းတော့မည့်ပုံ ပေါက်နေသည်။
တုပိုင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ချွေ့ဖူ။ မင်းက လမင်းအကြောင်း ကဗျာ ရေးတယ်နော်။ ရိုးရိုးသားသား ပြောရရင် မဆိုးပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ လမင်း ကဗျာနဲ့ ယှဉ်လိုက်ရင် မင်းကဗျာကို ဆွဲဖြဲပစ်လိုက်တော့။ ကိုယ့်ကိုယ်ကိုယ် အရှက်မကွဲစေနဲ့။”
ဤစကားကို ကြားသောအခါ ချွေ့ဖူ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
‘တုပိုင်။ မင်းရဲ့ ပထမ ကဗျာနှစ်ပုဒ်က တကယ်ကို အံ့မခန်း ကောင်းမွန်တာ မှန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ လမင်း ကဗျာကလည်း ပကတိ လက်ရာမွန် တစ်ခုပဲ။ မင်း ငါ့ကဗျာကို စော်ကားတာ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။’
“တုပိုင်။ စကားကို ပြတ်ပြတ်သားသားကြီး မပြောနဲ့။” ချွေ့ဖူ အေးစက်စွာ ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “အားလုံး သေချာ နားထောင်ကြ။ ငါ့ရဲ့ လမင်းကဗျာ နာမည်က လမင်းကြီး ဘယ်တော့သာမလဲ တဲ့။”
“လမင်းကြီး ဘယ်တော့သာမလဲ၊ ဝိုင်ခွက်မြှောက်ပြီး မိုးကောင်းကင်ကို မေးလိုက်မယ်။ ကောင်းကင်ဘုံမှာ ဒီည ဘယ်ခုနှစ်လဲဆိုတာ မသိရဘူး။ လေဟုန်စီးပြီး ပြန်ချင်ပေမဲ့၊ ကျောက်စိမ်းနန်းတော်ကြီး အေးစက်မှာကို ကြောက်မိတယ်။ ကိုယ့်အရိပ်နဲ့ကိုယ် ကခုန်နေတာ၊ လူ့ပြည်လောကနဲ့ မတူပါလား။ လမင်းက အနီရောင်နန်းဆောင်ဘက် လှည့်၊ ပြတင်းပေါက်ကနေ အလင်းပေး၊ အိပ်မပျော်တဲ့ လူကို လာနှောင့်ယှက် အငြိုးအတေး မရှိသင့်ပေမဲ့၊ ဘာလို့ ခွဲခွာချိန်မှ လမင်းက ပြည့်ဝန်းနေရတာလဲ။ လူတွေမှာ ဝမ်းနည်း ဝမ်းသာ ခွဲခွာ ဆုံတွေ့၊ လမင်းမှာ ပြည့်လိုက် ကွယ်လိုက်၊ ရှေးကတည်းက ဘယ်အရာမှ မပြည့်စုံခဲ့ဘူး။
မိုင်ပေါင်းထောင်ချီ ဝေးနေကြပေမဲ့၊ ငါတို့နှစ်ယောက် သက်တမ်းရှည်ပြီး လမင်းအလှကို အတူခံစားနိုင်ပါစေ။”
ချက်ချင်း အပြတ်အသတ် နှိမ်နင်းလိုက်ခြင်းပင်ဖြစ်၏။
ချွေ့ဖူ၏ လမင်း ကဗျာသည် နျူကလီးယားဗုံးတစ်လုံး တောခွေးတစ်ကောင်ကို ထိမှန်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး ဖုန်မှုန့်တစ်စက်ပင် မကျန်ရစ်တော့ပေ။
လမင်းကြီး ဘယ်တော့သာမလဲ ကဗျာသည် လမင်းနှင့် ပတ်သက်သော ကဗျာအားလုံးနီးပါးကို လုံးဝ လွှမ်းမိုးသွားသည်။
ဆုရှီ၏ လမင်းကဗျာသည် အလွန် အစွမ်းထက်လှပြီး တရုတ်ကဗျာလောကရှိ လမင်းနှင့် ပတ်သက်သော ကဗျာအားလုံးကို ဘာသာစကားနှင့် ပုံရိပ်ဖော်မှု အပိုင်း၌ လုံးဝ ကျော်ဖြတ်သွားသည်။
လမင်းအစစ်က ကောင်းကင်ယံတွင် တောက်ပနေချိန်၌ ကြယ်များသည် လုံးဝ မှေးမှိန်သွားရသကဲ့သို့ပင်။
တုပိုင်သည် ပရိသတ်၏ အံ့သြတုန်လှုပ်မှုကို မစောင့်ဆိုင်းတော့ဘဲ စတုတ္ထမြောက် ခြေလှမ်းကို တိုက်ရိုက် လှမ်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ခိုးချနေရခြင်းက သူ့စိတ်ကို နာကျင်စေသောကြောင့် ဖြစ်သည်။
စတုတ္ထမြောက် ခြေလှမ်း လှမ်းပြီးနောက် တုပိုင်သည် စက္ကန့်အနည်းငယ်ခန့်သာ စဉ်းစားပြီး ထန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက သူရဲကောင်းဆန်တဲ့ ကဗျာ ရေးတယ်နော်။ ပြီးတော့ လေးကြောင်းပဲ ရှိတယ်။ တိုတောင်းပြီး လိုရင်းတိုရှင်းပဲ။ မင်းသမီးနင်းရွှဲ့ရဲ့ ရွှေရောင်နှင်းဓားမြှောင် လိုမျိုးပေါ့။”
ထန်ယန် ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ သူရဲကောင်း ကဗျာကို အလွန် ယုံကြည်မှု ရှိပြီး ပထမတန်းစား လက်ရာတစ်ခုဟု သတ်မှတ်ထားသည်။
တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် လေးကြောင်းပဲ ရှိတဲ့ ငါ့ရဲ့သူရဲကောင်းကဗျာကို နားထောင်ကြည့်။”
“ဆယ်လှမ်းမှာ လူတစ်ယောက် သတ်နိုင်တယ်၊ မိုင်တစ်ထောင်ခရီးမှာ ခြေရာလက်ရာ မကျန်ရစ်စေဘူး။ ကိစ္စပြီးရင် ကိုယ့်အဝတ်အစားကိုယ် ခါ၊ ကိုယ်ဘယ်သူလဲဆိုတာ နာမည်နဲ့ ဂုဏ်ပုဒ်ကို ဝှက်ထားလိုက်တယ်။”
သူ၏ သူရဲကောင်းကဗျာ ကို ရွတ်ဆိုပြီးနောက် တုပိုင်သည် မင်းသမီးနင်းရွှဲ့၏ ရှေ့သို့ ရောက်ရှိလာပြီး မည်သူ့ခွင့်ပြုချက်ကိုမျှ မစောင့်ဘဲ စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။
ဝိုင်ထဲရှိ ရေခဲတုံးသည် အရည်မပျော်သေးသည့်အပြင် အများစုမှာ အပေါ်တွင် ပေါလောပေါ်နေပြီး မီးရောင်အောက်တွင် ကြည်လင်တောက်ပနေသည်။ ကွေ့တုန်းယန် ဆီရှိ သဲနာရီကို ကြည့်လိုက်ရာ သဲတစ်ဝက်ကျော်ခန့် ကျန်ရှိနေသေးသည်။
“ဒီကဗျာပြိုင်ပွဲမှာ ကျွန်တော် နိုင်ပြီ။ ဘယ်သူကများ ကန့်ကွက်စရာ ရှိသေးလဲ။” တုပိုင် ပြောလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တုပိုင် ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းသမီး။ အရှင်မင်းသမီးရဲ့ ရွှေရောင်ဓားမြှောင်က အခု ကျွန်တော်မျိုး ပိုင်ဆိုင်သွားပြီ မဟုတ်လား။”
ဤအချိန်တွင် မင်းသမီးနင်းရွှဲ့နှင့် အလွန် နီးကပ်စွာ ရှိနေသဖြင့် သူမ၏ အလှတရားသည် တကယ်ကို ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။
အထူးသဖြင့် သူမ၏ မျက်ဝန်းများသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေပြီး ပြတ်သားသော်လည်း ဆွဲဆောင်မှု ရှိလှသည်။
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ခမ်းနားထည်ဝါသော ရွှေရောင်ဓားမြှောင်ကို တုပိုင်အား ချီးမြှင့်လိုက်လေသည်။
အပိုင်း ၉၆ ပြီး။