အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သူမျှ မေးခွန်းမထုတ်ရဲကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် မေးခွန်းထုတ်ခြင်းသည် အဓိပ္ပာယ် မရှိတော့သောကြောင့် ဖြစ်သည်။
ထို့ပြင် မင်းသမီးနင်းရွှဲ့သည် ယနေ့ည၏ ဒိုင်လူကြီး ဖြစ်ပေသည်။
တုပိုင်၏ ကဗျာ ၄ ပုဒ်သည် ချွေ့ဖူနှင့် အခြား ၃ ဦး၏ လက်ရာများကို လုံးဝ လွှမ်းမိုးသွားခဲ့ပြီး ထန်ယန်၏ ကဗျာသာလျှင် အရည်အချင်း အနည်းငယ် ယှဉ်နိုင်ရုံ ကျန်ရစ်ခဲ့သည်။
တုပိုင်သည် ရွှေရောင်နှင်း ဓားမြှောင်ကို လက်ခံရယူပြီး လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ နင်းရွှဲ့နှင့် ကြာရှည်စွာ အတူရှိနေခဲ့သောကြောင့် သူမ၏ ရနံ့သည် ဓားမြှောင်ထဲသို့ စိမ့်ဝင်နေသကဲ့သို့ ရှိပြီး ယခုအခါ သင်းပျံ့သော ရနံ့သင်းသင်းလေးတစ်ခု ဓားမှ ထွက်ပေါ်နေသည်။
ထိုအချိန်တွင် တုပိုင်၏ စိတ်အနက်ရှိုင်းဆုံးနေရာ၌ အလင်းရောင်တစ်ခု လက်သွားခဲ့သည်။
“ ဘဝ၏ ပထမဆုံး တွေ့ဆုံမှု မစ်ရှင် ပြီးမြောက်သွားပါပြီ။ မင်းသမီးနင်းရွှဲ့၏ နှစ်သက်မှုအဆင့် ၁၅ မှတ် တိုးလာပြီး စုစုပေါင်း ၂၀ သို့ ရောက်ရှိသွားပါပြီ။”
“စနစ်ရှင် တုပိုင်၏ ယန်ချီ တန်ဖိုး ၁၀ မှတ် တိုးလာပြီး စုစုပေါင်း ၁၅ မှတ်သို့ ရောက်ရှိသွားပါပြီ။”
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် တုပိုင်သည် သူ၏ နှလုံးသား အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရပြီး ဝမ်းဗိုက်အနက်ရှိုင်းဆုံးနေရာမှ အပူဓာတ်တစ်ခု လှိုက်တက်လာသည်။
‘ဒါက ဒဏ္ဍာရီလာ ယန်စွမ်းအင် ဆိုတာလား။’
ရွှေရောင်နှင်း ဓားမြှောင်ကို ယူပြီးနောက် တုပိုင်သည် အချိန်ဆွဲမနေဘဲ မင်းသမီးနင်းရွှဲ့ကို ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။
“အရှင်မင်းသမီး။ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။”
မင်းသမီးနင်းရွှဲ့သည် ပြန်မထိုင်တော့ဘဲ ပြောလိုက်သည်။
“ခမည်းတော်က ကျွန်မကို မြို့တော် ပြန်လာဖို့ စိတ်လောနေတယ်။ သန်းခေါင်ယံ အချိန်ရောက်နေပြီ ဆိုပေမဲ့ ကျွန်မ အခုပဲ ပြန်ပါတော့မယ်။”
ထိုသို့ပြောပြီးနောက် မင်းသမီးနင်းရွှဲ့သည် အပြင်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ထိုအချိန်၌ပင် အမိန့်တော် ပြန်တမ်း လာပို့သော မိန်းမစိုးများနှင့် အစောင့်တပ်ဖွဲ့ဝင်များသည် အပြင်ဘက်တွင် အတန်းလိုက် ဒူးထောက်နေကြပြီ ဖြစ်သည်။
ကွေ့တုန်းယန်၊ လော့ဝမ်နှင့် အခြားသူများသည် အံ့အားသင့်သွားကြပြီး အားလုံး မတ်တတ်ရပ်ကာ ဦးညွှတ်၍ ပြောလိုက်ကြသည်။
“အရှင်မင်းသမီးကို လေးစားစွာ နှုတ်ဆက်ပါတယ်။”
မင်းသမီးနင်းရွှဲ့ လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“တုပိုင်။ လာခဲ့။ ငါ့ကို လိုက်ပို့ပေး။”
ဤစကားကို ကြားသောအခါ ဖန်းကျန်ကျစ်၊ ယွမ်ထင်နှင့် ထန်ယန်တို့၏ မျက်နှာထားများမှာ အတော်လေး မည်းမှောင်သွားကြသည်။
တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် တောင်ပေါ်မှ လှေကားထစ်များအတိုင်း ဆင်းလာကြပြီး စစ်တပ်ကြီးက မီတာရာပေါင်းများစွာ အကွာ အနောက်မှ လိုက်ပါလာကြသည်။
သူတို့နှစ်ဦးသည် ယခုအခါ အလွန် နီးကပ်စွာ ရှိနေသဖြင့် မင်းသမီးနင်းရွှဲ့ထံမှ သင်းပျံ့သော ရနံ့လေးကို ရှင်းရှင်းလင်းလင်း ရရှိနေသည်။ ထိုရနံ့သည် လျှို့ဝှက်ဆန်းကြယ်သော်လည်း စွဲမြဲကျန်ရစ်နေပြီး မူးယစ်ရီဝေဖွယ် ကောင်းလှသည်။
လရောင်အောက်တွင် မင်းသမီးနင်းရွှဲ့၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး လရောင်ကိုပင် ပြန်လည် ထင်ဟပ်နေသည်။ သူမ၏ မျက်နှာသည် အလွန်အမင်း လှပပြီး မြင့်မြတ်မှုနှင့် ဆွဲဆောင်မှုတို့ ပေါင်းစပ်နေကာ ဖန်ဆင်းရှင်၏ လက်ရာမွန်တစ်ခု အမှန်ပင် ဖြစ်ပေသည်။
“တုပိုင်။ ဒီကဗျာတွေကို မင်းကိုယ်တိုင် ရေးတာလား။”
မင်းသမီးနင်းရွှဲ့က လေးလေးနက်နက် မေးလိုက်သည်။ တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်တော် ဘယ်လို ပြောရမလဲ မသိဘူး။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။
“မင်း ပြောချင်တာ ပြောလေ။”
တုပိုင်က ပြောလိုက်သည်။
“အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ကျွန်တော့်နားနား ကပ်ပြီး ဒီကဗျာတွေကို ရွတ်ပြနေသလိုပဲ။ လက်တွေ့လား စိတ်ကူးလားဆိုတာ ကျွန်တော် မခွဲခြားနိုင်ဘူး။”
ဤစကားကို ကြားသောအခါ မင်းသမီးနင်းရွှဲ့ ပြုံးလိုက်သည်။ တုပိုင်၏ စိတ်ထဲတွင် နောက်တစ်ကြိမ် အလင်းရောင် လက်သွားပြန်သည်။
“မင်းသမီးနင်းရွှဲ့၏ နှစ်သက်မှုအဆင့် ၅ မှတ် တိုးလာပြီး စုစုပေါင်း ၂၅ သို့ ရောက်ရှိသွားပါပြီ။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။
“တကယ်တော့ ငါ ကဗျာတွေ သီချင်းတွေကို မကြိုက်ဘူး။”
“ကျွန်တော်ရောပဲ။”
တုပိုင်က ပြောလိုက်သည်။
“ကျွန်တော် အဲဒီ ကဗျာဆရာကြီးတွေကို အရမ်း လေးစားပါတယ်။ ဒါပေမဲ့ ဒီနေ့သာ အခြေအနေအရ မလုပ်ရဘူးဆိုရင် တစ်သက်လုံး ကဗျာ မရေးဘဲ နေလိုက်ချင်တယ်။ အဲဒီအစား ကျွန်တော့်ရဲ့ စွမ်းအင်တွေကို ပိုအဓိပ္ပာယ်ရှိတဲ့ တခြားအရာတွေပေါ်မှာပဲ အာရုံစိုက်လိုက်ချင်တယ်။”
“ဟုတ်တယ်။ ကဗျာနဲ့ စာပေတွေက အမြဲတမ်း ဒုတိယ ဦးစားပေး လမ်းကြောင်းတွေပဲ။ ဖရိုဖရဲ ဖြစ်နေတဲ့ ကာလမှာ အရပ်ဘက် အုပ်ချုပ်ရေးနဲ့ စစ်ရေး စွမ်းရည်တွေကသာ စစ်မှန်တဲ့ လမ်းကြောင်းပဲ။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။
“ငါတို့ ပြန်တွေ့တဲ့အခါ မင်းရဲ့ သိုင်းပညာက ငါ့ကို အံ့သြစေမယ်လို့ မျှော်လင့်ပါတယ်။”
“ဟုတ်ကဲ့။”
တုပိုင် ပြန်ဖြေလိုက်သည်။
“နောက်မှ ပြန်တွေ့ကြမယ်။”
မင်းသမီးနင်းရွှဲ့ ပြောလိုက်သည်။
“နောက်မှ ပြန်တွေ့ကြမယ်။”
တုပိုင် ပြောလိုက်သည်။
မင်းသမီးနင်းရွှဲ့သည် လရောင်အောက်တွင် ရေချိုးထားသကဲ့သို့ ဖြူဖွေးသော မြင်းပေါ်သို့ တက်လိုက်ပြီး တောင်အောက်သို့ ဖုန်လုံးကြီးတစ်ခုအဖြစ် ဒုန်းစိုင်း စီးနင်း ထွက်ခွာသွားသည်။
ထောင်ပေါင်းများစွာသော နန်းတွင်းအစောင့်များသည် မင်းသမီးကို မြို့တော်သို့ ပို့ဆောင်ရန် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။
အလှပဂေးလေး ထွက်ခွာသွားပြီး သင်းပျံ့သော ရနံ့သာ ကျန်ရစ်ခဲ့သည်။ တုပိုင်သည် ရင်တုန်နေသည့်အပြင် အနည်းငယ်လည်း ဇဝေဇဝါ ဖြစ်နေသည်။
မင်းသမီး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တုပိုင်သည် သူမကို လေထဲမှတဆင့် နှုတ်ဆက် အနမ်းတစ်ခု ပေးလိုက်သည်။
‘နှုတ်ဆက်ပါတယ် နင်းရွှဲ့။ ငါတို့ ပြန်တွေ့တဲ့အခါ ငါ မင်းကို အံ့သြသွားစေရမယ်လို့ မျှော်လင့်ပါတယ်။’
မင်းသမီးနင်းရွှဲ့ ထွက်ခွာသွားသောအခါ ဖန်းကျန်ကျစ်လည်း သူမနှင့်အတူ လိုက်ပါသွားသည်။ ယွမ်ထင်လည်း ထွက်ခွာသွားသည်။ ချွေ့ဖူ၊ ထန်ယန်နှင့် အခြားသူများအားလုံး ထွက်ခွာသွားကြသည်။
မထွက်ခွာမီ အရှေ့ဘက် စစ်တန်းလျား၏ ကွမ်ရှီး တပ်စောင့်မှူး ဝမ်ရင်က နင်ဇောင်ဝူကို မေးလိုက်သည်။
“ဆရာကြီး။ တုပိုင်ရဲ့ သိုင်းပညာ ပါရမီက ဘယ်လိုလဲ။”
“လုံးဝ ချီးထုတ်ပဲ။”
သူ လိုချင်သော အဖြေကို ရလိုက်သဖြင့် ဝမ်ရင်က မေးလိုက်သည်။ “ဒါဆို ဆရာကြီးက သူ့ကို တပည့်အဖြစ် လက်ခံဖို့ စိတ်ကူးထားလား။ ကျွန်တော် သိသလောက်ဆိုရင် လီဝမ်ဟွေ့က ဆရာကြီးကို တစ်ခုခု ကူညီပေးထားပုံရတယ်။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “သူ့လို ကျောင်းသားမျိုးကို ငါ မကိုင်တွယ်နိုင်ဘူး။”
ထိုသို့ ပြောပြီးနောက် ဆရာကြီး နင်ဇောင်ဝူသည် လှည့်ထွက်သွားရာ ဝမ်ရင်လည်း စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားသည်။
တုပိုင်သည် ဂီတ၊ စစ်တုရင်၊ စာရေးအလှ၊ ပန်းချီ၊ ကဗျာနှင့် စာပေတို့တွင် အလွန် ထူးချွန်ပြီး အံ့အားသင့်ဖွယ် အဆင့်ထိ ရောက်ရှိနေသည်ကို ဝမ်ရင် အံ့သြသွားသည်။
သို့သော် ဤအရည်အချင်းများသည် ဘွဲ့ယူစာမေးပွဲတွင် စစ်ဆေးမည် မဟုတ်သဖြင့် သူ့စွမ်းရည်များသည် အသုံးမဝင်ပေ။ သိုင်းပညာသည်သာ အရေးကြီးဆုံး ဖြစ်သည်။
လီဝမ်ဟွေ့က အဘယ်ကြောင့် တုပိုင်ကို နင်ဇောင်ဝူဆီ ခေါ်လာရသနည်း။ သူသည် တုပိုင်၏ သိုင်းပညာ အောင်မြင်မှုအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားပြီး နင်ဇောင်ဝူ၏ တပည့် ဖြစ်လာလျှင်များ အံ့ဖွယ်ရာ တစ်ခုခု ဖြစ်လာမလား ကြည့်ချင်သောကြောင့် မဟုတ်ပါလော။ ဤဆရာကြီး နင်ဇောင်ဝူသည် ခဲကို ရွှေဖြစ်အောင် လုပ်နိုင်သလော။
သို့သော် နင်ဇောင်ဝူက သူ့ကို အဖြေပေးလိုက်ပြီး ဖြစ်သည်။ ၅ လအတွင်း ဘွဲ့ယူစာမေးပွဲကို တုပိုင် အောင်မြင်ရန် အခွင့်အလမ်းမှာ အလွန် နည်းပါးသည်။
သိုင်းပညာ ဆိုသည်မှာ ပါရမီရှင် ဖြစ်လျှင်ပင် တစ်ညတည်းနှင့် ကျွမ်းကျင်နိုင်သော အရာ မဟုတ်ပေ။
ထို့ပြင် ဝမ်ရင်သည် ကြာပန်းကျောင်းတော်မှ ဘုန်းကြီးများကိုလည်း စုံစမ်းခိုင်းခဲ့ရာ ဆရာကြီး နင်ဇောင်ဝူသည် တုပိုင်ကို လုံးဝ လစ်လျူရှုထားပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ခိုင်းထားကြောင်း တွေ့ရှိခဲ့ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က တုပိုင်သည် ၃ နှစ်သား ကလေးများ လေ့ကျင့်သော ရှင်းယီဓားသိုင်းကိုသာ လေ့ကျင့်နေခဲ့သည်။ ထိုဓားသိုင်းသည် ခေတ်သစ် မူလတန်းကျောင်းများတွင် အသုံးပြုသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများနှင့် တူညီသည်။
အဓိကအချက်မှာ တုပိုင်၏ လေ့ကျင့်မှုသည် အလွန် အရုပ်ဆိုး အကျည်းတန်လွန်းသဖြင့် ဘုန်းကြီးများ၏ စကားအရ ဆိုလျှင် ၃ နှစ်သား ကလေးထက်ပင် ပိုဆိုးနေပြီး ကြည့်ရဆိုးလွန်းလှသည်ဟူ၍ပင်။
ထို့ကြောင့် တုပိုင်၏ သိုင်းပညာ အဆင့်ကို စကားလုံး တစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်။ ချီးဟူ၍ ဖြစ်သည်။ စကားလုံး ၃ လုံးဖြင့် ပြောရလျှင် သူသည် ချီးထုတ်ကြီးပင် ဖြစ်သည်။
ထိုအချိန်တွင် ထန်ယန်၏ မျက်နှာထားသည် အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်နေသည်။ မင်းသမီးနင်းရွှဲ့၏ ရွှေရောင်နှင်း ဓားမြှောင်သည် မူလက သူ့အပိုင် ဖြစ်သော်လည်း တုပိုင်က လုယူသွားခဲ့သဖြင့် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။
ဝမ်ရင်က ပြောလိုက်သည်။ “ထန်ယန်။ စိတ်မလောပါနဲ့။ ဒီရွှေရောင်နှင်း ဓားမြှောင်က မင်းလက်ထဲမှာမှ ဂုဏ်ရှိတဲ့ လက်နက် ဖြစ်လာမှာ။ တုပိုင် လက်ထဲမှာဆို အသုံးမဝင်ဘူး။ ဘွဲ့ယူစာမေးပွဲ ပြီးသွားတာနဲ့ သူက မူလပုံစံ ပြန်ဖြစ်သွားမှာပဲ။ လီဝမ်ဟွေ့က ကတိတည်တဲ့ လူတစ်ယောက်ပါ။”
ထန်ယန် စကားမပြောပေ။ ရိုးရိုးသားသား ပြောရလျှင် သူသည် ဘွဲ့ယူစာမေးပွဲ၌ တုပိုင်ကို ပြိုင်ဘက်အဖြစ် တစ်ခါမျှ မသတ်မှတ်ခဲ့ဖူးပေ။
အမှန်တကယ်တွင် တုပိုင်သည် ကိုယ့်လမ်းကိုယ် ဖျက်သည်ဟု ဝမ်ရင် ခံစားမိသည်။ သူ၏ အရည်အချင်းများဖြင့် ဆိုလျှင် ဘွဲ့ယူစာမေးပွဲတွင် အမှတ်နည်းလျှင်ပင် ကောင်းမွန်သော အလုပ်တစ်ခု ရရှိနိုင်မည် ဖြစ်သည်။
သို့သော် သူသည် ယန်ရှီနှင့် လောင်းကြေးထပ်ရန် ဇွတ်အတင်း လုပ်ခဲ့သဖြင့် ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။
ထန်ယန်က ပြောလိုက်သည်။
“သူ အရပ်ဘက် ဝန်ထမ်း မဖြစ်တာ နှမြောစရာပဲ။ မဟုတ်ရင် ကဗျာ၊ စာရေးအလှ၊ ပန်းချီ၊ ဂီတနဲ့ စစ်တုရင် ပါရမီတွေနဲ့ဆိုရင် သူက တောက်ပြောင်တဲ့ အနာဂတ် ရှိမှာ သေချာတယ်။”
ဝမ်ရင်က ပြောလိုက်သည်။ “ဒါပေမဲ့တို့ မိန်းမစိုးတွေ အတန်ဖိုးထားဆုံးက သိုင်းပညာပဲ။ မင်းရဲ့ သိုင်းပညာ စွမ်းရည်နဲ့ဆိုရင် ထန်ယန်။ တုပိုင်က မင်းခြေဖဝါးကိုတောင် မမှီဘူး”
အမှန်ပင် သိုင်းပညာ သက်သက်ဖြင့် ဆိုလျှင် တုပိုင်သည် လက်ရှိတွင် ထန်ယန်နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ထန်ယန်သည် ဤအကြောင်းအရာကို လုံးဝ မဆွေးနွေးလိုပေ။ ကွာခြားချက် ကြီးမားလွန်းသဖြင့် တုပိုင်နှင့် သိုင်းပညာ ယှဉ်ပြိုင်ခြင်းသည် သူ့သိက္ခာကို နှိမ့်ချရာ ရောက်ပေလိမ့်မည်။
ကြာပန်းကျောင်းတော် အတွင်း၌ လူတိုင်း ထွက်ခွာသွားကြပြီ ဖြစ်ရာ နင်ဇောင်ဝူ၊ တုပိုင်နှင့် အဘိုးအို အစေခံသာ ကျန်ရစ်ခဲ့သည်။
“လူတိုင်း ပြန်သွားကြပြီ။ မင်းသမီး အပါအဝင်ပေါ့။” နင်ဇောင်ဝူက ပြောလိုက်သည်။ “နောက် ၅ လအတွင်း မင်းက ငါ့လူပဲ။”
တုပိုင် တုန်လှုပ်သွားသည်။ “ဆရာကြီးရဲ့ အသက်အရွယ်နဲ့ အထင်လွဲစရာ စကားမျိုး မပြောသင့်ဘူးဗျ။”
နင်ဇောင်ဝူ၏ မျက်နှာထားသည် အလွန် လေးနက်နေသည်။ သူက ပြောလိုက်သည်။
“ငရဲခန်း ၅ လ စမ်းသပ်မှု နတ်ဆိုးသင်တန်းက တရားဝင် စတင်ပြီ။ မင်း နောင်တမရဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ နောင်တရလည်း နောက်ကျသွားပြီ။”
‘ငရဲခန်း စမ်းသပ်မှု ဟုတ်လား။ နတ်ဆိုး သင်တန်း ဟုတ်လား။ တယ်လည်း ဒရာမာ ဆန်ပါလား။ ဆရာကြီး တစ်ယောက် ပြောတဲ့ စကားနဲ့ လုံးဝ မလိုက်ဖက်လိုက်တာ။’
ထို့နောက် ဆရာကြီး နင်ဇောင်ဝူ၏ လေသံသည် အလွန် မြန်ဆန်ပြီး ပြင်းထန်လာသည်။
“မင်းရဲ့ ဂီတ တူရိယာ၊ စစ်တုရင်၊ စာရေးအလှ၊ ပန်းချီ၊ ကဗျာနဲ့ သီချင်းတွေကို လွှင့်ပစ်လိုက်တော့။ ဘာလို့လဲဆိုတော့ အဲဒါတွေက ဘွဲ့ယူစာမေးပွဲမှာ မပါဘူး။ မိန်းမစိုးဂိုဏ်းအတွက် အဲဒါတွေက တန်ဖိုးမရှိဘူး။”
“အရာအားလုံးက ဘွဲ့ယူစာမေးပွဲအတွက်ပဲ။”
“ပျမ်းမျှအားဖြင့် မင်းက ဘာသာရပ်တစ်ခုကို ၁၀ ရက်အတွင်း ပြီးအောင် လုပ်ရမယ်။ အဲဒါက သာမန်လူ တစ်ယောက်ရဲ့ အချိန် ၁၀ ပုံ ၁ ပုံပဲ ရှိတယ်။ ပြီးရင် ငါတို့ စမ်းသပ် စာမေးပွဲ စစ်မယ်။ မင်း အမှတ် ၉၀ မရရင် တစ်ယောက်နဲ့ တစ်ယောက် အချိန်မကုန်ရအောင် ငါ မင်းကို ချက်ချင်း ကန်ထုတ်ပစ်မယ်။”
“မင်းရဲ့ အမှတ်တွေ တိုးတက်ဖို့အတွက် မင်းက နေ့မနား ညမနား နည်းလမ်းပေါင်းစုံ သုံးပြီး လေ့လာရမယ်။ မင်း ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရတွေ ဖြစ်ကျန်ရစ်မယ့် ပညာရေးသင်ကြားရေးမျိုး ငါ ပေးမယ်။”
“မှတ်ထား။ ၁၀ ရက်တိုင်းမှာ စာမေးပွဲ တစ်ခု ရှိတယ်။ မင်း ၉၀ မရရင် ချက်ချင်း ထွက်သွားရမယ်။ နားလည်လား။”
တုပိုင် အော်ပြောလိုက်သည်။
“ကြားပါတယ်ဗျ။”
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူသည် စစ်တပ်ပုံစံ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်တန်းကျောင်းတစ်ခုသို့ ရောက်နေသလို ခံစားလိုက်ရပြီး စာမေးပွဲဖြေဆိုသည့် စက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲခံရတော့မည် ဖြစ်သည်။
“ကောင်းပြီ။ ပထမ ဘာသာရပ်နဲ့ စလိုက်ရအောင်။”
နင်ဇောင်ဝူက ပြောလိုက်သည်။
“အခြေခံ အဂ္ဂိရတ် သီအိုရီအပေါ် မင်းရဲ့ နားလည်မှုက ဘယ်လိုလဲ။”
ဘွဲ့ယူစာမေးပွဲတွင် တုပိုင်သည် အဂ္ဂိရတ်ပညာကို ရွေးချယ်ခဲ့ပြီး စုစုပေါင်း အမှတ် ၅၀ တန်ကြေးရှိသည်။ အခြေခံ သီအိုရီ စာမေးပွဲအတွက် အမှတ် ၂၀ နှင့် လက်တွေ့ အဂ္ဂိရတ် စာမေးပွဲအတွက် အမှတ် ၃၀ ပါဝင်သည်။
တုပိုင်က မာန်တက်စွာဖြင့် ပြောလိုက်သည်။ “ကျွန်တော် လုံးဝ ကျွမ်းကျင်ပြီးပါပြီ။”
“မင်း သေချာလား။” နင်ဇောင်ဝူ၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အလင်းရောင်တစ်ခု လက်သွားပြီး ပြောလိုက်သည်။ “မင်း လုံးဝ ကျွမ်းကျင်ပြီလို့ သေချာရင် ငါတို့ မနက်ဖြန် စာမေးပွဲ စစ်မယ်။”
သူသည် ထိုထူထဲသော အခြေခံ အဂ္ဂိရတ် သီအိုရီစာအုပ်များကို အလွတ်ကျက်မှတ်ထားပြီး ဖြစ်သဖြင့် သီအိုရီ စာမေးပွဲတွင် သေချာပေါက် အမှတ်ပြည့် ရပေလိမ့်မည်။
တုပိုင် အနည်းငယ် စိတ်မလုံမလဲ ဖြစ်မိသော်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျွန်တော် သေချာပါတယ်။”
“ကောင်းပြီ။ အခြေခံ အဂ္ဂိရတ် သီအိုရီ စာမေးပွဲကို မနက်ဖြန် ကျင်းပမယ်။ အမှတ်ပြည့်က တစ်ရာ။”
နင်ဇောင်ဝူက ပြောလိုက်သည်။
“မင်း အမှတ် ၆၀ ရရင် ဘွဲ့ယူစာမေးပွဲရဲ့ ဒီအပိုင်းမှာ သေချာပေါက် အမှတ်ပြည့် ရလိမ့်မယ်။ ဒါပေမဲ့ မင်းအတွက် ငါ့ရဲ့ သတ်မှတ်ချက်က ၉၀ ပဲ။ မင်း အဲဒါကို ရတာနဲ့ ငါတို့ နောက်ထပ် ဘာသာရပ်ကို ချက်ချင်း ကူးပြောင်းမယ်။ အဲဒါဆိုရင် ၁၀ ရက်လောက် သက်သာသွားလိမ့်မယ်။”
“ဟုတ်ကဲ့။”
တုပိုင် ပြန်ဖြေလိုက်သည်။
နင်ဇောင်ဝူက ပြောလိုက်သည်။
“ဒါပေမဲ့ မင်း အမှတ် ၉၀ မရရင် ကျောင်းတော်တစ်ခုလုံးက အိမ်သာတွေ အားလုံးကို ဆေးကြောရမယ်။ ဒါက ပြစ်ဒဏ်ပဲ။”
တုပိုင် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ ဤကြာပန်းကျောင်းတော်သည် ကြီးမားသော ကျောင်းတော်ကြီး ဖြစ်ပြီး ဘုန်းကြီး ရာပေါင်းများစွာ ရှိကာ အရွယ်အစားမျိုးစုံ အိမ်သာ ၇ လုံး၊ ၈ လုံးခန့် ရှိသည်။
တုပိုင် မေးလိုက်သည်။
“ဆရာနင်။ ကျွန်တော် အမှတ် ၉၀ ရရင်ကောဗျာ။”
နင်ဇောင်ဝူက ပြောလိုက်သည်။
“ဟဲဟဲ။ အဲဒါဆိုရင် ကြာပန်းကျောင်းတော်က အိမ်သာတွေ အားလုံးကို ငါဆေးမယ်။”
တုပိုင် ပြောလိုက်သည်။
“သဘောတူတယ်။”
နင်ဇောင်ဝူသည် စာအုပ်အထူကြီးတစ်အုပ်ကို တုပိုင်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီည ဒါကို သေချာ လေ့လာထား။ မနက်ဖြန် စာမေးပွဲမှာ ပါလိမ့်မယ်။ မနက်ဖြန် စာမေးပွဲမှာ တွေ့ကြတာပေါ့။”
ထို့နောက် ဆရာကြီးသည် သူ့ဘာသာသူ အောင်နိုင်သူအဖြစ် ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန် စစ်ဆေးမည့် အခြေခံ အဂ္ဂိရတ် သီအိုရီ အများစုသည် မိန်းမစိုးအကယ်ဒမီတွင် မသင်ကြားသော အရာများ ဖြစ်နေသောကြောင့် ဖြစ်သည်။
သူ၏မေးခွန်းများ အားလုံးသည် မိန်းမစိုးအကယ်ဒမီတွင် အသုံးပြုသော စာအုပ်များထက် များစွာ သာလွန်ကောင်းမွန်သော သူကိုယ်တိုင် ပြုစုထားသည့် သင်ရိုးစာအုပ်မှ ဖြစ်ပြီး အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီပင် ဖြစ်နေသည်။ တုပိုင်သည် ထိုစာအုပ်များထဲမှ တစ်ခုကိုမျှ လေ့လာဖူးခြင်း မရှိသဖြင့် မနက်ဖြန် စာမေးပွဲတွင် ကျရှုံးရန် သေချာနေသည်။
‘တုပိုင်။ မင်းလို ကောင်စုတ်လေးက အရမ်း မာန်တက်နေတာကိုး။ မင်း ကိုယ့်နေရာကိုယ် သိပြီး သိပ်မမောက်မာအောင် ငါ သင်ခန်းစာ ပေးရမယ်။’ ဆရာကြီး စိတ်ထဲမှ တွေးလိုက်သည်။
ထူးချွန်သော ကျောင်းသားများ၏ မာန်မာနကို ချိုးနှိမ်ခြင်းသည် သူတို့၏ စွမ်းရည်များကို အကောင်းဆုံးဖြစ်အောင် မြင့်တင်ပေးဖြစ်ကြောင်း ဆရာများသည် ကောင်းမွန်စွာ နားလည်ကြပြီး နင်ဇောင်ဝူလည်း ခြွင်းချက် မဟုတ်ပေ။
‘တုပိုင်… မနက်ဖြန်ကျရင် ကြာပန်းကျောင်းတော်က အိမ်သာ တစ်ဒါဇင်လောက်ကို မင်း ဆေးရတော့မယ့် အချိန်ကို စောင့်နေလိုက်တော့။ အဲဒီမှာ ချီးဟောင်းတွေ အများကြီး ရှိတယ်ကွ။ ဟားဟားဟား။’
အပိုင်း ၉၇ ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်သည် သူ့အခန်းသို့ ပြန်ရောက်သောအခါ နင်ဇောင်ဝူ ပေးလိုက်သော အခြေခံ အဂ္ဂိရတ် သီအိုရီ စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် သူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
‘တောက်… နင်ဇောင်ဝူ။ ခင်ဗျားက တကယ့်ကို ကောက်ကျစ်တဲ့ အဘိုးကြီးပဲ။ ကျုပ်ကို လှည့်စားတယ်။’
‘ဒါက လွန်လွန်းအားကြီးတယ်။ ခင်ဗျားစာအုပ်နာမည်က အခြေခံ အဂ္ဂိရတ် သီအိုရီလို့ ရေးထားပေမဲ့ ဘာလို့ မိန်းမစိုး အကယ်ဒမီက သင်ရိုးစာအုပ်တွေနဲ့ လုံးဝ ကွာခြားနေရတာလဲ။’
စာအုပ်ထဲရှိ အပင်များ၊ တိရစ္ဆာန်များနှင့် ဆေးဝါးများ အားလုံးသည် အသစ်အဆန်းများ ဖြစ်နေပြီး ယခင်က တစ်ခါမျှ မမြင်ဖူးသော အရာများ ဖြစ်နေသည်။
သတ္တုတွင်းအချို့မှ စုဆောင်းရမည့် စွမ်းအင်အငွေ့အသက်များနှင့် မရင်းနှီးသော ဓာတ်ငွေ့အများအပြားပင် ပါဝင်နေသည်။ ဤအရာများက အခြေခံ အဂ္ဂိရတ်ပညာ၏ အစိတ်အပိုင်းများ ဖြစ်နိုင်ပါသလော။
‘ငါက ပညာမတတ်ပေမဲ့ ငါ့ကို လာမလိမ်နဲ့။’
ထို့နောက် တုပိုင်သည် စာအုပ်၏ ဘေးဘက်အနားစွန်းရှိ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။ ထိုစာကြောင်းတွင် ဤစာအုပ်သည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီ စာအုပ်ဖြစ်ပြီး ပုံနှိပ်မှားယွင်းမှုကြောင့် အခြေခံ အဂ္ဂိရတ် သီအိုရီမျက်နှာဖုံးဖြင့် ရိုက်နှိပ်မိပါသဖြင့် ခွင့်လွှတ်ပါရန် ရှင်းလင်းစွာ ရေးသားထားလေသည်။
‘တောက်… တကယ့် မြေခွေးအိုကြီးပဲ။’
တုပိုင်တွင် သူ့ကို ပြန်လည် ငြင်းခုံရန် အချိန်မရှိတော့ချေ။ မနက်ဖြန် အိမ်သာမဆေးရစေရန် သူသည် အသည်းအသန် ကြိုးစားရပေတော့မည်။
ထို့ကြောင့် သူသည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီ စာအုပ်ကို လျင်မြန်စွာ လှန်လှောဖတ်ရှုလိုက်ပြီး ၆ စက္ကန့် သို့မဟုတ် ၇ စက္ကန့်လျှင် စာမျက်နှာ တစ်ရွက်နှုန်းဖြင့် ဖတ်ရှုလိုက်သည်။ သို့တိုင်အောင် ထိုစာအုပ်အထူကြီးကို ပြီးဆုံးအောင် ဖတ်ရှုရန် ၂ နာရီတိတိ အချိန်ယူလိုက်ရသည်။
စာအုပ်ကြီးသည် စာမျက်နှာ တစ်ထောင်တိတိ ရှိပြီး စာသားတစ်ဝက်၊ ပုံတစ်ဝက် ပါဝင်သည်။၂ နာရီကြာ ဖတ်ရှုပြီးနောက် တုပိုင်သည် ဖယောင်းတိုင်ကို ငြှိမ်းသတ်ပြီး အိပ်ရာဝင်လိုက်သည်။
ဆရာကြီးသည် တုပိုင်၏ အိမ်ကို စောင့်ကြည့်နေသည်။ ဖယောင်းတိုင် မီးငြိမ်းသွားသည်ကို မြင်သောအခါ သူက ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
“သူ တစ်နာရီလောက်ပဲ ဖတ်ပြီး လက်လျှော့သွားပြီပဲ။ အများဆုံး ၂ မျက်နှာ ၃ မျက်နှာလောက်ပဲ သူ ဖတ်နိုင်မှာပါ။ ငါ့ရဲ့ အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီက တကယ်ပဲ ခက်ခဲတယ်။ မနက်ဖြန်ကျရင် ဒီကလေး အများဆုံးရလည်း အမှတ် ၃၀ ပဲ ရလိမ့်မယ်။ သူ့ကို နှိမ့်ချတတ်အောင် သင်ပေးဖို့ အခွင့်အရေးကောင်းပဲ။”
စာအုပ်ကို အကြမ်းဖျင်း လျင်မြန်စွာ ဖတ်ရှုပြီးနောက် တုပိုင်သည် ချက်ချင်း လှဲအိပ်လိုက်ပြီး အိပ်မက်ကမ္ဘာထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ သူသည် စက္ကန့်တိုင်းကို အလေအလွင့် မခံဘဲ အသုံးပြုရမည် ဖြစ်သည်။ သို့မဟုတ်ပါက အိပ်မက်စနစ်၏ အကူအညီ ပါလျှင်ပင် နောက်ကျသွားနိုင်ခြေ ရှိသည်။
အိပ်မက်ထဲသို့ ရောက်သောအခါ တုပိုင်၏ စိတ်အာရုံသည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီ စာအုပ်၏ စာမျက်နှာတိုင်းကို ဆလိုက်ရှိုး ပြသသကဲ့သို့ ပြန်လည် မြင်ယောင်လာသည်။
နင်ဇောင်ဝူ၏ အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီ စာအုပ်သည် မရင်းနှီးသော မျိုးဗီဇပြောင်းလဲနေသည့် မျိုးစိတ်များနှင့် သက်ဆိုင်နေသောကြောင့် အလွန် ခက်ခဲလှသည်။
ထိုအရာများထဲမှ အများစုမှာ ဆန်းကြယ်သော ဓာတ်ငွေ့များ သို့မဟုတ် စွမ်းအင်ခန္ဓာကိုယ်များ ဖြစ်ကြသည်။ အကြောင်းအရာများသည် အလွန် ရှုပ်ထွေးပြီး စိတ်ကူးယဉ်ဆန်ကာ နက်နဲလှသည်။
သာမန်လူတစ်ယောက် အနေဖြင့် တစ်နာရီလျှင် စာမျက်နှာ တစ်မျက်နှာ ပြီးအောင် ဖတ်နိုင်လျှင်ပင် အတော်လေး အောင်မြင်မှု တစ်ခု ဖြစ်နေပေပြီ။
သို့သော် အိပ်မက်ထဲတွင် တုပိုင်၏ ဦးနှောက်သည် ပုံမှန်ထက် ၁၀ ဆ ပိုမို ဖွံ့ဖြိုးနေသဖြင့် စာမျက်နှာ တစ်မျက်နှာကို ၅ မိနစ် သို့မဟုတ် ၆ မိနစ် အတွင်း မှတ်မိပြီး နားလည်နိုင်စွမ်း ရှိသည်။
တုပိုင်သည် တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်ရှုမှတ်သားနေသည်။ တစ်နာရီ ကုန်ဆုံးသွားသောအခါ သူသည် စာမျက်နှာ ၁၀ မျက်နှာကို ဖတ်ရှုမှတ်သားပြီး ဖြစ်သည်။
၁၀ နာရီ ကုန်ဆုံးသွားသောအခါ သူသည် စာမျက်နှာ ၁၀၀ ကို ဖတ်ရှုမှတ်သားပြီး ဖြစ်သည်။ တစ်နေ့နှင့် တစ်ည ကုန်ဆုံးသွားသောအခါ တုပိုင်သည် စာမျက်နှာ ၂၅၀ ကို ဖတ်ရှုမှတ်သားပြီး ဖြစ်သည်။
ယခုအချိန်၌ တုပိုင်၏ အိပ်မက်ထဲရှိ အချိန်သည် လက်တွေ့ကမ္ဘာထက် အဆပေါင်းများစွာ ပိုကြာရှည်နေသည်။ အိပ်မက်ကမ္ဘာထဲတွင် ၆ နာရီ အိပ်စက်ခြင်းသည် ၁၀ ရက်ခန့် ကြာမြင့်သကဲ့သို့ ခံစားရသည်။
၄ ရက်နှင့် ၄ ည ကြာပြီးနောက် တုပိုင်သည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီစာအုပ်အထူကြီး တစ်အုပ်လုံးကို အလွတ်ကျက်မှတ် နိုင်ခဲ့သည်။
ရိုးရိုး ကျက်မှတ်ထားရုံဖြင့် အသုံးမဝင်ပေ။ နားလည်သဘောပေါက်ရန်၊ ပေါင်းစပ်ရန်နှင့် လက်တွေ့ အသုံးချရန်လည်း လိုအပ်သည်။
နောက်ပိုင်း အချိန်များတွင် တုပိုင်သည် သူ၏ ၁၀ ဆသော ဦးနှောက်စွမ်းရည်ကို အသုံးပြုပြီး မျက်လုံးမှိတ်ကာ တရားမှတ်သကဲ့သို့ အာရုံစိုက်လိုက်သည်။ သူ ကျက်မှတ်ထားပြီးသော အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီများကို နက်နက်ရှိုင်းရှိုင်း နားလည်ရန် ကြိုးစားလိုက်သည်။
တစ်ရက်တိတိ ကြာပြီးနောက် တုပိုင်သည် ဤ အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီ၏ ပထမအဆင့် နားလည်မှုကို ရရှိခဲ့သည်။
ထိုအရာမှာ မျိုးစိတ်အားလုံး၏ မွေးရာပါ စွမ်းအင်ဂုဏ်သတ္တိများ ဖြစ်သည်။ ဤမျိုးစိတ်များသည် ပုံသဏ္ဌာန် အမျိုးမျိုး ကွဲပြားနိုင်သော်လည်း နောက်ဆုံးတွင်မူ တည်ရှိပြီးသား စွမ်းအင်ဂုဏ်သတ္တိ တစ်ဒါဇင်ခန့်မှ သွေဖည်သွားမည် မဟုတ်ပေ။
သို့သော် ဤသည်မှာ အပေါ်ယံ နားလည်မှုသာ ဖြစ်သည်။ တူညီသော စွမ်းအင်ဂုဏ်သတ္တိ ရှိသည့် မျိုးစိတ်များပင်လျှင် လုံးဝ ကွဲပြားခြားနားသော ဝိသေသလက္ခဏာများကို ပြသနိုင်ပြီး အဂ္ဂိရတ်ပညာတွင် သူတို့၏ အကျိုးသက်ရောက်မှုများနှင့် တုံ့ပြန်မှုများသည်လည်း လုံးဝ ကွဲပြားခြားနားမည် ဖြစ်သည်။
ထို့နောက် တုပိုင်သည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီထဲမှ ဒုတိယအဆင့် ပိုမိုနက်ရှိုင်းသော အတွင်းပိုင်း နိယာမများကို စတင် ရှာဖွေလိုက်သည်။
ဤအရာသည် အလွန် ခက်ခဲသည်။ စာအုပ်ထဲတွင် မျိုးစိတ်ပေါင်း ၅၀၀ ကျော် ပါဝင်ပြီး အလွန် ကွဲပြားလှသည်။ စွမ်းအင်ဂုဏ်သတ္တိများမှလွဲ၍ အခြားသော ဘုံတူညီသည့် နိယာမများကို ရှာဖွေရန် ခဲယဉ်းလှသည်။
တုပိုင်သည် အဖြေရှာရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေစဉ် သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဒြပ်စင်အလှည့်ကျဇယားဖြစ်သည်။
ထို့နောက် အရာအားလုံး ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။
ဤကမ္ဘာကြီးရှိ ဗီဇပြောင်းလဲနေသော အရာဝတ္ထုများ ထိုဆန်းကြယ်ပြီး နက်နဲသော အရာဝတ္ထုများသည် ဒြပ်စင်အလှည့်ကျဇယား အပြင်ဘက်သို့ ရောက်မသွားကြချေ။
စွမ်းအင်ဖြစ်စေ ဓာတ်ငွေ့ဖြစ်စေ ဗီဇပြောင်းလဲမှုဖြစ်စေ အရာဝတ္ထုတိုင်းကို ဒြပ်စင်အလှည့်ကျဇယားပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သည်။ သူတို့သည် အချို့သော ဓာတ်ငွေ့သတ္တုများ သို့မဟုတ် ဒြပ်စင်များနှင့် စွမ်းအင်ပေါင်းစပ်ထားသော အထူးပုံစံများကဲ့သို့ ကွဲပြားခြားနားသော နည်းလမ်းများဖြင့်သာ ထင်ရှားနေခြင်း ဖြစ်သည်။
အထူးစွမ်းအင် တစ်ခု ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဤကမ္ဘာကြီးရှိ အရာဝတ္ထုအချို့ ဗီဇပြောင်းလဲသွားခြင်း ဖြစ်သည်။
ဗီဇပြောင်းလဲသွားလျှင်ပင် မူလ ဒြပ်ဝတ္ထု ဒြပ်စင်များမှ လုံးဝ ကွဲထွက်သွားခြင်း မရှိသကဲ့သို့ အက်တမ်များနှင့် မော်လီကျူးများမှလည်း ကွဲထွက်သွားခြင်း မရှိပေ။
ဤပုံစံနှင့် ဒြပ်စင်အလှည့်ကျဇယားကို နားလည်သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ လေ့လာခြင်း နားလည်ခြင်းနှင့် ပေါင်းစပ်ခြင်းများသည် များစွာ ပိုမို ရိုးရှင်းလွယ်ကူသွားတော့သည်။
ဓာတ်ပြုမှုတိုင်း အဂ္ဂိရတ် ဖော်မြူလာနှင့် သီအိုရီတိုင်း နီးပါးကို ဓာတုဗေဒ ဖော်မြူလာများ အသုံးပြု၍ သရုပ်ပြနိုင်သည်။
ဤသည်မှာ အဂ္ဂိရတ်ပညာ၏ ဝိညာဉ် ဖြစ်သည်။ ဤအချက်အလက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပါက မည်သည့် အခက်အခဲကိုမဆို ဖြေရှင်းရန် နည်းလမ်း ရှာတွေ့နိုင်ပေလိမ့်မည်။
တုပိုင်သည် အလွန် စိတ်လှုပ်ရှားနေပြီး လေးစားအားကျမိသည်။ အဘယ်ကြောင့်ဆိုသော် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီစာအုပ်ကို ရေးသားခဲ့သော နင်ဇောင်ဝူသည် ခေတ်သစ် ဓာတုဗေဒ အတန်းကို တစ်ခါမျှ မတက်ဖူးသကဲ့သို့ ဒြပ်စင်အလှည့်ကျဇယား အကြောင်းလည်း ဘာမျှ မသိရှိသောကြောင့် ဖြစ်သည်။
အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီကို နားလည်ရန် သော့ချက်ကို ရှာတွေ့ပြီးနောက် တုပိုင်သည် စာအုပ်၏ အကြောင်းအရာများကို လျင်မြန်စွာ စတင် နားလည်သဘောပေါက်လာသည်။
လက်တွေ့တွင် ပြီးမြောက်ရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်ပြီး ကျော်ကြားသော ဆရာတစ်ဦး၏ လမ်းညွှန်မှုလည်း လိုအပ်ပေလိမ့်မည်။
သို့သော် အိပ်မက်ကမ္ဘာထဲတွင် သူ၏ ဦးနှောက်စွမ်းဆောင်ရည်သည် လက်တွေ့ထက် ၁၀ ဆ ပိုများသဖြင့် အရာအားလုံးသည် လွယ်ကူနေသည်။
အိပ်မက်ကမ္ဘာထဲတွင် ၁၀ ရက်နှင့် ၁၀ ည စုစုပေါင်း နာရီ ၂၅၀ ခန့် ကြာပြီးနောက် တုပိုင်သည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီစာအုပ်ကို အဆုံးသတ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့သည်။
အပြင်ဘက်တွင် ကြက်ဖတွန်သံ ကြားလိုက်ရသည်။
တုပိုင် နိုးလာခဲ့သည်။ မျက်နှာသစ်ပြီးနောက် တုပိုင်၊ နင်ဇောင်ဝူနှင့် အဘိုးအို အစေခံတို့သည် မနက်စာ အတူတူ စားကြသည်။
“တုပိုင်။ မင်း မနေ့ညက ဖယောင်းတိုင်မငြိမ်းခင် တစ်နာရီတောင် မပြည့်တပြည့်ပဲ ဖတ်ပြီး အိပ်လိုက်တာလား။”
နင်ဇောင်ဝူက မေးလိုက်သည်။ သူ၏ စကားများတွင် မာန်မာနများ ပါဝင်နေသည်။ “တစ်နာရီဆိုတာ အများဆုံး ၂ မျက်နှာလောက် နားလည်ဖို့တောင် မလွယ်ဘူး။ အဲဒါကတောင် တော်တော် အောင်မြင်မှုလို့ ပြောလို့ရတယ်။”
တုပိုင်က ပြောလိုက်သည်။ “ဆရာကြီးနင်။ ခင်ဗျား ကျုပ်ကို ထောင်ချောက်ဆင်လိုက်တာပဲ။ စာအုပ်မျက်နှာဖုံးမှာ အခြေခံ အဂ္ဂိရတ် သီအိုရီလို့ ရေးထားပေမဲ့ အတွင်းထဲက အကြောင်းအရာတွေက အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီတွေ ဖြစ်နေတယ်။ မိန်းမစိုး အကယ်ဒမီက အဲဒီအကြောင်း တစ်လုံးမှ မသင်ပေးဖူးဘူး။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ အဲဒါက အခြေခံ အဂ္ဂိရတ် သီအိုရီပဲ။ ပြီးတော့ ဒီနေ့ စာမေးပွဲရဲ့ အကြောင်းအရာ အတော်များများက ဒီစာအုပ်ထဲမှာ ပါမယ်လို့ ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ မင်းက အကုန် ကျွမ်းကျင်တယ်လို့ ကြွားခဲ့တာဆိုတော့ စာမေးပွဲကတော့ စာမေးပွဲပဲ။ ဒါတွေအားလုံးကို မင်းကိုယ်တိုင် ကတိပေးခဲ့တာ။”
နင်ဇောင်ဝူဟူသော ကလေးဆိုးကြီးသည် တုပိုင်ကို ငါ ဒါက အရှက်မဲ့မှန်း သိတယ်။ ဒါပေမဲ့ မင်း ဘာမှ မတတ်နိုင်ဘူး ဟု ပြောနေသကဲ့သို့သော ကျေနပ်အားရသည့် အမူအရာဖြင့် ကြည့်နေသည်။
“ကောင်းပြီ။ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “မင်း အခု အရှုံးပေးပြီးတော့ နောက်နောင် မာန်မာန မကြီးတော့ဘဲ ငါ့စကားကို သေချာ နားထောင်ပါ့မယ်လို့ ကတိပေးရင် မင်းရဲ့ ပြစ်ဒဏ်ကို ထက်ဝက် လျှော့ပေးမယ်။ မင်း စာမေးပွဲလည်း ဖြေစရာ မလိုတော့ဘူး။ ကြာပန်းကျောင်းတော်မှာ စုစုပေါင်း အိမ်သာ ၈ လုံး ရှိတယ်။ မင်း ၄ လုံးပဲ ဆေးရမယ်။”
ဆရာကြီးသည် စိတ်ပြောင်းသွားပြီး သူ့တပည့်အရင်းအချာအပေါ် ဒီလောက်ထိ ရက်စက်စရာ မလိုကြောင်း သဘောပေါက်သွားခြင်း ဖြစ်သည်။
ဤသည်က ဒဏ္ဍာရီလာ လက်နက်ချရင် ထက်ဝက်သက်သာခွင့်ဆိုသည့် အရာဖြစ်၏။ သို့သော် တုပိုင်သည် မတုန်မလှုပ်ဘဲ ပြောလိုက်သည်။
“မလိုပါဘူး။ ကျွန်တော် စာမေးပွဲ ဖြေဖို့ပဲ ဆုံးဖြတ်ထားတယ်။”
ဆရာကြီးက ပြောလိုက်သည်။ “မင်း သေချာလို့လား။ မင်း အမှတ် ၉၀ မရရင် အိမ်သာ ၈ လုံးလုံး ဆေးရမှာနော်။ အဲဒီကျရင် ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ မင်း အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီကို မလေ့လာရသေးဘူး။ တစ်ညတည်းနဲ့ ၄ ၅ မျက်နှာလောက် ဖတ်နိုင်ရင်တောင် အံ့သြစရာ ကောင်းနေပြီ။ ဒီစာမေးပွဲမှာ မင်း အများဆုံး ရလည်း အမှတ် ၃၀ ပဲ ရမယ်။ ဘာလို့လဲဆိုတော့ အဲဒီ အမှတ် ၃၀ က မင်း လေ့လာထားတဲ့ အခြေခံ အဂ္ဂိရတ် သီအိုရီထဲကမို့လို့ပဲ။”
ထို့နောက် နင်ဇောင်ဝူသည် မိမိကိုယ်ကို ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ “ဒီ အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီစာအုပ်က နက်နက်ရှိုင်းရှိုင်း နားလည်ဖို့ မပြောနဲ့ ဖတ်ရှုမှတ်သားဖို့အတွက်တောင် အချိန်အများကြီး ယူရတယ်။ အဲဒီထဲမှာ နက်နဲတဲ့ အတွင်းပိုင်း နိယာမ အလွှာနှစ်လွှာ ပါဝင်တယ်။ အဲဒီ နိယာမတွေကို မပိုင်နိုင်ဘဲနဲ့ ဘယ်သူမှ အဂ္ဂိရတ်ပညာကို တကယ် မတတ်မြောက်နိုင်ဘူး။ မင်း ဒီအလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီစာအုပ်ကို ၁၀ ခေါက်လောက် ကျက်မှတ်ထားရင်တောင် အသုံးမဝင်ဘူး။”
ဤဆရာကြီးသည် တပည့်များကို လှည့်စားရုံသာမက ကြွားဝါရသည်ကိုလည်း နှစ်သက်ကြောင်း တုပိုင် သိရှိလိုက်ရသည်။
“ကျွန်တော် လောင်းထားတဲ့အတိုင်း အကျိုးဆက်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် သေချာပါတယ်။” တုပိုင်က ပြောလိုက်သည်။
“ကျွန်တော် စာမေးပွဲ ဖြေမယ်။ အမှတ် ၉၀ မရရင် အိမ်သာ ၈ လုံးလုံး ဆေးမယ်။”
“ဟမ့် မင်းက ခေါင်းတလား မမြင်မချင်း မျက်ရည်ကျမယ့်ကောင် မဟုတ်ဘူးပဲ။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ကိုယ့်လူတို့။ ရေပုံးတွေ၊ ဘရပ်ရှ်တွေနဲ့ တံမြက်စည်းတွေ ပြင်ထားလိုက်။ စာမေးပွဲ ပြီးတာနဲ့ တုပိုင်ကို အိမ်သာ သွားဆေးခိုင်းရမယ်။ ကျောင်းတော်ထဲက အိမ်သာ ၈ လုံးလုံးကို အစွန်းအထင်း မရှိအောင် ဆေးခိုင်း။ တစ်ခုခု ညစ်ပတ်နေရင် သူ့ကို အဲဒီအပေါ်မှာ ထိုင်ပြီး ထမင်းစားခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ”
မင်းသမီး ပြန်သွားပြီ ဖြစ်သဖြင့် ကြာပန်းကျောင်းတော်မှ ဘုန်းကြီးများ ပြန်ရောက်နေကြပြီ ဖြစ်သည်။ ပျော်စရာ မြင်ကွင်းကို လက်မလွတ်ချင်ကြသဖြင့် သူတို့အားလုံးသည် အိမ်သာဆေးရန်အတွက် ရေပုံးများ၊ ဘရပ်ရှ်များ၊ တံမြက်စည်းများ၊ ဂုန်လျှော်အိတ်စုတ်များနှင့် အခြား ကိရိယာများကို ယူလာကြသည်။
ထို့နောက် နင်ဇောင်ဝူနှင့် တုပိုင်တို့သည် ကြာပန်းကျောင်းတော်၏ အမြင့်ဆုံး နန်းဆောင်သို့ ရောက်ရှိလာကြသည်။
တုပိုင်သည် ခုံတစ်ခုံတွင် ထိုင်လိုက်ပြီး စာရွက်နှင့် စုတ်တံကို ထုတ်ကာ စာမေးပွဲဖြေဆိုရန် ပြင်ဆင်လိုက်သည်။
နင်ဇောင်ဝူက ပြောလိုက်သည်။ “ဒီစာမေးပွဲ ပြီးသွားရင် မင်းရဲ့ မာန်မာနနဲ့ စိတ်လိုက်မာန်ပါ လုပ်တာတွေကို ဖျောက်ဖျက်နိုင်ပြီး ပိုနှိမ့်ချတတ်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။”
ထို့နောက် သူသည် ထူထဲသော မေးခွန်းစာရွက် ၈ ရွက်ကို တုပိုင်၏ ရှေ့တွင် ချပေးလိုက်ပြီး သဲနာရီတစ်ခုကို ထုတ်ကာ ပြောင်းပြန်လှန်လိုက်ရာ သဲများ စတင် စီးဆင်းလာသည်။
“စာမေးပွဲ အချိန်က တစ်နာရီပဲ။ စလိုက်တော့။”
တုပိုင်သည် အဂ္ဂိရတ် သီအိုရီမေးခွန်းလွှာကို ဖွင့်လိုက်ပြီးနောက် အသက်ရှူ မှားသွားသည်။ ခက်ခဲမည်ဟု သူ သိထားသော်လည်း ဤမျှလောက်ထိ ခက်ခဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မိန်းမစိုးဂိုဏ်း အကယ်ဒမီတွင် သင်ကြားခဲ့သော သင်ရိုးညွှန်းတမ်းတွင် ပါဝင်သည့် အကြောင်းအရာသည် အမှတ် ၃၀ ဖိုးသာ ရှိပြီး ကျန်သော အမှတ် ၇၀ ဖိုး အားလုံးသည် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီမှ လာခြင်း ဖြစ်သည်ဟု ပြောနိုင်သည်။
ထို့ပြင် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီတစ်အုပ်လုံးကို အလွတ်ကျက်မှတ်ထားလျှင်ပင် စာမေးပွဲ၌ အမှတ် ၈၀ သာ ရရှိနိုင်မည် ဖြစ်သည်။
နောက်ဆုံး အမှတ် ၂၀ သည် ပြီးပြည့်စုံပြီး စေ့စပ်သေချာသော နားလည်မှု၊ အဂ္ဂိရတ်ပညာ၏ အတွင်းသဘောသဘာဝကို သေချာစွာ ဆုပ်ကိုင်ထားနိုင်မှုနှင့် မရေမတွက်နိုင်သော မျိုးစိတ်များကြားရှိ နက်ရှိုင်းသော ပုံစံများကို ရှာဖွေတွေ့ရှိမှုတို့ လိုအပ်ပေသည်။ ထိုအရာများမှာ ခေတ်သစ် ကမ္ဘာမြေ၏ ဓာတုဗေဒ အကြောင်းအရာများပင် ဖြစ်သည်။
ဤစာမေးပွဲ၏ ခက်ခဲမှုသည် မိန်းမစိုး အကယ်ဒမီအတွက် စဉ်းစား၍ပင် မရနိုင်ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ဤစာမေးပွဲတွင် အမှတ် ၃၀ ရပါက မိန်းမစိုး အကယ်ဒမီ၏ အခြေခံ အဂ္ဂိရတ် သီအိုရီ ဘွဲ့ယူစာမေးပွဲတွင် သေချာပေါက် အမှတ်ပြည့် ရရှိပေလိမ့်မည်။
ဤသည်မှာ အိုလံပစ်ပြိုင်ပွဲနှင့် အထက်တန်းအားကစားပြိုင်ပွဲတို့ ကြားရှိ ခက်ခဲမှု ကွာခြားချက်ပင် ဖြစ်သည်။
တုပိုင်သည် အခြေခံ အဂ္ဂိရတ် သီအိုရီနှင့် အလယ်အလတ်တန်း အဂ္ဂိရတ် သီအိုရီတို့ကို ကျွမ်းကျင်ထားသော်လည်း ဤပုစ္ဆာများကို ဖြေရှင်းရန်မှာ အလွန် ခက်ခဲနေဆဲ ဖြစ်သည်။ မေးခွန်းတစ်ခုစီသည် အဖြေမရှာမီ အချိန်အတန်ကြာ စဉ်းစားတွေးခေါ်ရန် လိုအပ်သည်။
စာမေးပွဲအတွက် အချိန် ၂ နာရီ ပေးထားသော်လည်း တုပိုင်သည် မေးခွန်းအားလုံးကို ဖြေဆိုရန် တစ်နာရီခွဲတိတိ အချိန်ယူလိုက်ရသည်။
ထို့နောက် သူသည် လုံးဝ မှန်ကန်ကြောင်း သေချာစေရန် နှစ်ကြိမ်တိုင်တိုင် သေချာစွာ ပြန်လည် စစ်ဆေးလိုက်သည်။
ဤစာမေးပွဲသည် ယခင်ကလောက် သေချာပေါက် မလွယ်ကူပေ။ ပိုင်ချွမ်း ရှေ့တွင် ဖြေဆိုခဲ့သော စာမေးပွဲ၌ တုပိုင်သည် လုံးဝ အခက်အခဲ မရှိခဲ့သော်လည်း ဆရာကြီးထံ ဝင်ခွင့်စာမေးပွဲအတွက်မူ မှန်ကန်သော အဖြေများကို ကြိုတင် သိရှိထားခဲ့သောကြောင့် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ တုပိုင်သည် စာမေးပွဲ အောင်မြင်ရန် သူ၏ ကိုယ်ပိုင် အရည်အချင်းအပေါ် လုံးဝ မှီခိုအားထားခဲ့ရသည်။
သူသည် မေးခွန်းလွှာကို စောစီးစွာပင် မအပ်ခဲ့ပေ။ ထိုအစား သူသည် အကြိမ်ကြိမ် ပြန်လည် စစ်ဆေးနေခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် အမှတ်ပြည့် ၁၀၀ ရရှိဦးမည် ဖြစ်သည်။
“အချိန်စေ့ပြီ။” သဲနာရီထဲမှ သဲများ ကုန်ဆုံးသွားသောအခါ နင်ဇောင်ဝူ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“အဖြေရေးတာ ရပ်လိုက်တော့။ အဆင်သင့် ပြင်ပြီး အိမ်သာ သွားဆေးပေတော့။”
ထို့နောက် သူသည် အမှတ်ပေးရန်အတွက် တုပိုင်၏ အဖြေလွှာများကို သွားရောက် ယူဆောင်လိုက်သည်။
နောက်တစ်မိနစ်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ အကြည့်မျိုး ဖြစ်ပေါ်လာသည်။ သူ၏ လည်ချောင်းသည် ချက်ချင်း ပိတ်ဆို့သွားသကဲ့သို့ သို့မဟုတ် နတ်ဆိုးတစ်ကောင်က သူ့လည်ပင်းကို ညှစ်ထားသကဲ့သို့ ဖြစ်သွားလေသည်။
အပိုင်း ၉၈ ပြီး။