အခန်း (၁၆၇)
Vol. 16 Ch. 167
ဓာတ်ဝိညာဉ်များအားလုံးသည် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြပြီး ရိုသေလေးမြတ်စွာဖြင့် "ကျွန်ဆော်တို့က လျှပ်စီးဝိညာဉ်ကို ဂါရဝပြုပါတယ်" ဟု ရွတ်ဆိုလိုက်ကြသည်။
သူမ၏ ခန့်ညားလှသော လျှပ်စီးပလ္လင်ပေါ်မှနေ၍ လီယောင်းသည် သူတို့ကို အကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။ သို့သော် ထိုအကြည့်တစ်ချက်တည်းမှာပင် ကြီးမားလှသော ဖိအားများပါဝင်နေသဖြင့် ဓာတ်ဝိညာဉ်များမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဗီဇအရ တောင့်ခဲသွားကြတော့သည်။
"ငါတို့အားလုံးက ဝိညာဉ်တွေပဲလေ... ဘာလို့ ကွာခြားချက်က ဒီလောက်တောင် ကြီးမားနေရတာလဲ"
သူတို့အားလုံး စုပေါင်းတွေးတောနေမိကြပြီး သူတို့၏ အနှစ်သာရများမှာ အနည်းငယ် တုန်လှုပ်နေကြသည်။
"ဒါက မျိုးဗီဇပြောင်းလဲထားတဲ့ ဓာတ်ဝိညာဉ်တစ်ခုရဲ့ အရှိန်အဝါလား"
ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ဤဓာတ်ဝိညာဉ်များသည် ကမ္ဘာကြီး၏ အစောင့်အရှောက်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုခေတ်အဆက်ဆက်တွင် ကမ္ဘာကြီးသည် ကြီးမားလှသော စွမ်းအင်ကုန်ကျစရိတ်ကြောင့် မျိုးဗီဇပြောင်းလဲထားသော ဓာတ်ဝိညာဉ်တစ်ခုကို မည်သည့်အခါမျှ မဖန်တီးခဲ့ဖူးပေ။ လျှပ်စီးဝိညာဉ်အသစ်တစ်ခု ပေါ်ထွက်လာသည်ကို သူတို့ အာရုံခံမိသောအခါ ၎င်းမှာ လူသားတစ်ဦးထံမှ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူတို့အားလုံး အပြေးအလွှား လာရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် ကံကောင်းသော ကလေးတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် သူတို့တွေ့လိုက်ရသည်မှာ ကမ္ဘာကြီး၏ ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှုကို ခံထားရသော သူတို့၏အစွမ်းနှင့် ရင်ပေါင်တန်းနိုင်သည့် တည်ရှိမှုတစ်ခုပင်။ သူတို့သည် အသစ်ရောက်လာသော ကလေးအား ဤနေရာတွင် မည်သူက အကြီးအကဲဖြစ်ကြောင်း သင်ခန်းစာပေးရန် လာခဲ့ကြသော်လည်း ယခုအခါတွင်မူ ဂါရဝပြုရသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မီးဝိညာဉ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ လူသားပုံသဏ္ဌာန် ကိုယ်ထည်ပေါ်တွင် မီးလျှံများမှာ ကခုန်နေသည်။
"လျှပ်စီးဝိညာဉ်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် ကျွန်ုပ်တို့ တောင်းပန်ပါတယ်"
သူက ပြောလိုက်သည်။ ယခုအချိန်တွင် ရိုသေသမှုပြခြင်းမှာ အကောင်းဆုံးသော လမ်းစဉ်ဖြစ်ကြောင်း သူ စိတ်ထဲမှ တွေးနေမိသည်။ သူတို့နှင့်မတူဘဲ ဤလူသားမှ ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသူမှာ ကမ္ဘာကြီး၏ စွမ်းအင်လှူဒါန်းမှုအပေါ် မှီခိုနေရန်မလိုဘဲ မိမိဘာသာ လွတ်လပ်စွာ ကျင့်ကြံနိုင်စွမ်း ရှိသည်။ ဤကဲ့သို့သော သူကို ရန်သူပြုခြင်းမှာ အလွန်ပင် မိုက်မဲရာရောက်ပေလိမ့်မည်။
"သင့်ရဲ့ နိုးထမှုကို အာရုံခံမိလို့ ကျွန်တော်တို့က ဂါရဝပြုဖို့ ရောက်လာတာပါ"
မီးဝိညာဉ်က ထပ်လောင်းပြောပြောလိုက်သည်။
လီယောင်းသည် သူတို့ကို သူမ၏ အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး "ဟုတ်လို့လား" ဟု မေးလိုက်ရာ သူမ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။
"ဟုတ်ပါတယ်"
အခြားသော ဝိညာဉ်များကလည်း လျင်မြန်စွာ အတည်ပြုလိုက်ကြပြီး ညီညာသော လှုပ်ရှားမှုဖြင့် ပိုမိုနက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြသည်။
မီးဝိညာဉ်က မချိမဆံ့ စိတ်အားထက်သန်မှုဖြင့် ပြောပြောလိုက်သည်။
"လျှပ်စီးဝိညာဉ်... သင် ပင်ပန်းနေမှာဆိုတော့ အဲဒီလူကို ကျွန်ုပ်တို့က သင့်ကိုယ်စား ကိုင်တွယ်
ခွင့်ပြုပါလား"
အခြားသူများကလည်း အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်ပါတယ်... ဒီလို အရေးမပါတဲ့သူတွေအတွက် သင် ကိုယ်တိုင် ဒုက္ခခံနေဖို့ မလိုပါဘူး"
သူတို့က ဝိုင်းဝန်းပြောဆိုကြသည်။
ဓာတ်ဝိညာဉ်များမှာ အသစ်ရောက်လာသူများအပေါ် ပုံမှန်အားဖြင့် ဤမျှအထိ နွေးထွေးစွာ ကြိုဆိုတတ်ကြသလားဟု လီယောင်းက တိတ်ဆိတ်စွာ ဆန်းစစ်နေမိသည်။
[ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး]
ဧကရီ၏ အသံမှာ သူမ၏ သိစိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
[သူတို့က နင့်ရဲ့ စွမ်းအားကို ကြောက်နေကြတာပဲ။ အကယ်၍ နင်သာ အားနည်းနေမယ်ဆိုရင် သူတို့က နင့်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေကြမှာ အသေအချာပဲ]
လီယောင်းသည် ထိုအကျိုးအကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်သည်။ ထို့နောက် သူမ၏ အာရုံမှာ ပြောင်းလဲသွားသော သူမ၏ ခန္ဓာကိုယ်ထံသို့ ရောက်ရှိသွားပြီး၊ သူမ၏ လက်များက ပိုမိုဖွံ့ဖြိုးလာသော ရင်ဘတ်ဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။ ဤအခြေအနေမှာ ဧကရီနှင့် အဆင့်အတူတူနီးပါး ရှိနေပြီဟု သူမ တွေးမိသည်။ ဤအသွင်သဏ္ဌာန်ကိုပဲ အမြဲတမ်း ထိန်းသိမ်းထားရမလားဟုလည်း သူမ စဉ်းစားနေမိသည်။ သူမ၏ စီနီယာအစ်ကိုကရော ဤရုပ်သွင်ကို ပိုကြိုက်ပါ့မလား။ ယောကျ်ားလေးတွေဆိုတာ….
"အမ်... လျှပ်စီးဝိညာဉ်"
မီးဝိညာဉ်က စိုးရိမ်တကြီးဖြင့် ကြားဖြတ်မေးမြန်းလိုက်ရာ လီယောင်းမှာ စိတ်မသက်မသာဖြင့် အမူအရာ ပြောင်းလိုက်ရသည်။
မိမိဘာလုပ်နေမိသည်ကို ရုတ်တရက် သတိဝင်လာသောအခါ လီယောင်းသည် သူမ၏ လက်များကို ချက်ချင်း ပြန်ချလိုက်ပြီး ဘုရင်မတစ်ပါး၏ ခန့်ညားသောအသွင်ကို ပြန်လည်ဖော်ဆောင်ကာ ပလ္လင်ပေါ်တွင် သိက္ခာရှိရှိ ပြန်ထိုင်လိုက်သည်။
လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်း၌မူ ဧကရီမှာ သက်ပြင်းကိုသာ ခပ်ပြင်းပြင်း ချနိုင်တော့သည်။ လီယောင်းတစ်ယောက် ကမ္ဘာကြီး၏ စွမ်းအင်များထဲတွင် ရုပ်ပိုင်းဆိုင်ရာအရ ရင့်ကျက်လာသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်ပိုင်းဆိုင်ရာမှာလည်း လိုက်ပါရင့်ကျက်လာလိမ့်မည်ဟု ဧကရီက ခေတ္တမျှ မျှော်လင့်ခဲ့မိသည်။ သူမ တကယ်ပဲ အကောင်းမြင်လွန်ခဲ့ပုံရသည်။
"ငါက ဘာတွေ မျှော်လင့်နေမိတာလဲ"
ဧကရီက ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်သည်။
ဝိညာဉ်ခွဲဗီဇမှာ လက်ရှိအခြေအနေကို ဆန်းစစ်ရင်း စိုးရိမ်စိတ်များ တိုးလာကာ တုန်ယင်နေမိသည်။ သူ၏ ရှေ့တွင် ဓာတ်ဝိညာဉ် ၅ ပါးက ဝိုင်းရံထားသည်။ ဓာတ်ဝိညာဉ်များသည် အလွန်ပင် အန္တရာယ်များလှသည်။ ၎င်းတို့သည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ရုံသာမက ဝိညာဉ်များကို တိုက်ရိုက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပေးနိုင်သည့် ရှားပါးလှသော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားကြသည်။
သူတို့ ရှိနေခြင်းက လီယောင်း၏ ထူးဆန်းသော စွမ်းဆောင်ရည်အားလုံးကို ရှင်းပြပေးနေသကဲ့သို့ပင်။ သူမသည် အစကတည်းက ဝိညာဉ်တစ်ခု ဖြစ်နေခဲ့သဖြင့် ကမ္ဘာကြီး၏ စွမ်းအင်များကို ကိုင်တွယ်နိုင်ခြင်းနှင့် စောစောက သူ့ကို အသံတိတ်သွားအောင် ဖိအားပေးနိုင်ခြင်းတို့မှာ အဓိပ္ပာယ်ရှိသွားတော့သည်။
"ဒီဝိညာဉ် ၅ ပါးသာ အင်အားချင်း ပေါင်းလိုက်ရင် ငါ့ရဲ့ မူလခန္ဓာကိုယ်အစစ်အတွက်တောင် တကယ့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်"
သူက တွက်ချက်လိုက်သည်။ လီယောင်းကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် တရားသောမဟာမိတ်အဖွဲ့သာ ပေါင်းစည်းသွားပါက ကပ်ဘေးတစ်ခု ဆိုက်ရောက်လာတော့မည်မှာ အသေအချာပင်။ သူသည် အစွမ်းထက်သည်မှာ မှန်သော်လည်း မရှုံးနိမ့်နိုင်သူတော့ မဟုတ်ပေ။ သူ၏ အစီအစဉ်များကို ထပ်မံပြင်ဆင်ရန် လိုအပ်လာပြီဖြစ်သည်။
"မလိုဘူး"
လီယောင်းက ခပ်ပြတ်ပြတ်ပင် ကြေညာလိုက်သည်။ ခေတ္တမျှ အာရုံလွင့်သွားပြီးနောက် သူမ၏ အသံမှာ အမိန့်ပေးသံ ပြန်လည်ပါဝင်လာသည်။ သူမသည် ခမ်းနားသော ပလ္လင်ပေါ်တွင် ကိုယ်ဟန်ကို ပြင်လိုက်ပြီး ဝိညာဉ်ခွဲဗီဇအပေါ်တွင်သာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ "သူက ငါ့လင်ယောကျ်ားကို ခြိမ်းခြောက်ရဲတာဆိုတော့ ငါကိုယ်တိုင်ပဲ သူ့ကို ကိုင်တွယ်မယ်"
"လင်ယောကျ်ား ဟုတ်လား"
ဂိုဏ်းချုပ်သည် ကြောက်ရွံ့မှုများကြားမှ ဇဝေဇဝါ ဖြစ်သွားသည်။
"ခုနကပဲ စီနီယာအစ်ကိုဆို…”
သို့သော် သူသည် ထပ်မံ ရန်စမိမည်စိုးသဖြင့် တိတ်တိတ်သာ နေလိုက်သည်။ ဤသည်မှာ ဝိညာဉ်ခွဲဗီဇမျှသာ ဖြစ်သော်လည်း ၎င်းကို ဖန်တီးရန် စွမ်းအင်နှင့် အရင်းအမြစ်များစွာ ကုန်ကျထားသဖြင့် အဆုံးရှုံးမခံလိုပေ။
"ဂိုဏ်းချုပ်... ဒါက နားလည်မှုလွဲတာ ဖြစ်ပုံရပါတယ်"
သူက အခြေအနေကို ပြေလည်စေရန် ဂရုတစိုက် ပြောပြောလိုက်သည်။
"ဘာနားလည်မှုလွဲတာလဲ"
ဝိညာဉ်ခွဲဗီဇ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ လီယောင်းသည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ သတိမပြုမိလိုက်ဘဲ သူ၏ရှေ့တည့်တည့်တွင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ မြင့်မားလှသော ဝိညာဉ်အာရုံခံစားမှုပင်လျှင် သူမ ချဉ်းကပ်လာသည်ကို မသိရှိခဲ့ပေ။
"စကားတောင် မပြောနိုင်တော့ဘူးလား။ နင် ဆင်ခြေတွေပေးနေတာပဲဆိုတာ ငါသိတာပေါ့"
လီယောင်းက လှောင်ပြောင်လိုက်ပြီး သူမ၏လက်ကို သူ၏ကိုယ်ပေါ်သို့ ဖိချလိုက်သည်။ ဂိုဏ်းချုပ်သည် အသည်းအသန် ကြိုးစားရုန်းကန်သော်လည်း လုံးဝမလှုပ်နိုင်ဘဲ ဖြစ်နေသည်။ မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ထွက်ပြေး၍မရအောင် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူမ၏လက်မှာ သူ၏အမြင်ထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီး ပိုမိုနီးကပ်လာစဉ် သူသည် ထိတ်လန့်တကြား တွေးနေမိသည်။
သူမ၏ လက်ဝါးသည် သူ့ကို ထိမိသွားချိန်တွင်မူ ၎င်းနောက်ကွယ်မှ အလေးချိန်မှာ တောင်တန်းတစ်ခုလုံးက သူ့အပေါ်သို့ ဖိချလိုက်သကဲ့သို့ပင်။ ကမ္ဘာကြီး၏ ဖိအားများက သူ့ပတ်ဝန်းကျင်တွင် တိုးမြင့်လာပြီး သူ၏ဝိညာဉ်ကို နာကျင်စွာ ကြိတ်ခြေနေတော့သည်။ ထို့နောက် မည်သည့်သတိပေးချက်မျှမရှိဘဲ သူမ၏ လက်ချောင်းထိပ်များမှ လျှပ်စီးများ ပွင့်ထွက်လာပြီး သူ၏ဝိညာဉ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။
ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သည့် သက်တမ်းတစ်လျှောက် တစ်ခါမျှ မကြုံဖူးသော ဝေဒနာမျိုးက သူ၏အသိစိတ်ကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်လိုက်သည်။ လျှပ်စီးများက သူ၏ဖြစ်တည်မှု ဗဟိုချက်အထိ ထိုးဖောက်သွားစဉ် သူ၏ အော်ဟစ်သံများမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ထိုစွမ်းအင်၏ စင်ကြယ်မှုနှင့် ဖျက်ဆီးနိုင်စွမ်းမှာ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ် မိုးကြိုးနှင့်ပင် ဆင်တူနေသည်။ သာမန်လူသားတစ်ယောက်က ဤမျှလောက် စွမ်းအားမျိုးကို ဘယ်လိုလုပ် ကိုင်တွယ်နိုင်မှာလဲ။ လျှပ်စီးဝိညာဉ်သည် အမှန်တကယ်ပင် ဤမျှအထိ ကြောက်စရာကောင်းတာလား။
အခြားသော ဓာတ်ဝိညာဉ်များပင်လျှင် ဤမျှလောက် ပြင်းထန်လှသော စွမ်းအားပြသမှုကို ကြည့်ရင်း ရိုသေကြောက်လန့်မှုဖြင့် တောင့်ခဲနေကြသည်။
"တောက်..."
ဝိညာဉ်ခွဲဗီဇက နာကျင်မှုကြောင့် ပြတ်တောင်းပြတ်တောင်း အသံဖြင့် ညည်းတွားလိုက်သည်။ "ယောကျ်ားတစ်ယောက်ကို သတ်ရင်သတ် အရှက်တော့ မခွဲနဲ့။ ငါ့ကို အခုပဲ အဆုံးစီရင်လိုက်
စမ်းပါ"
တန်ဖိုးရှိလှသော ဝိညာဉ်ခွဲဗီဇတစ်ခု ဆုံးရှုံးရတော့မည်ကို နှမြောနေမိသော်လည်း ယခုခံစားနေရသော အရှက်ကွဲမှုမှာ မခံမရပ်နိုင်အောင် ဖြစ်လာသဖြင့် သေခြင်းတရားကသာ သူ၏ဂုဏ်သိက္ခာကို အနည်းငယ်မျှ ထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု သူယူဆလိုက်သည်။
"မရဘူး"
လီယောင်းက ပြန်ဖြေသည်။
"အဲဒါဆို နင့်အတွက် လွယ်လွန်းသွားမှာပေါ့"
သူမ၏ အပြုံးမှာ တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"နင့်ကြောင့် ငါနဲ့ စီနီယာအစ်ကို မင်္ဂလာမဆောင်ရသေးတာ။ အဲဒီအတွက် နင် လျော်ကြေးပေးရမယ် မဟုတ်လား"
ဂိုဏ်းချုပ်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"ဘာ ခုနကပဲ သူ့လင်လို့ ပြောခဲ့ပြီးတော့…နောက်ပြီး ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါတို့ ဒီနေ့မှ စတွေ့တာလေ"
သူ၏ အတွေးကို ဖတ်မိသကဲ့သို့ လီယောင်းက ခေါင်းခါပြလိုက်သည်။
"နင့်မျက်လုံးတွေကို ကြည့်ရတာ နင် နောင်တမရသေးဘူးဆိုတာ သိသာတယ်"
သူမက အေးစက်စွာ မှတ်ချက်ပြုသည်။
"ဒါဆိုရင်တော့ နင် နောင်တရလာအောင် ငါလုပ်ပေးရမှာပေါ့"
လျှပ်စီးများမှာ အဆမတန် ပိုမိုပြင်းထန်လာပြီး ဝိညာဉ်ခွဲဗီဇထံမှ အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုအော်သံများက လီယောင်းကို ပျော်ရွှင်စေပုံရပြီး သူမသည် ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကာ ထူးဆန်းစွာ သဘောကျနေသည်။
"အာ... နင့်ရဲ့ အော်သံလေးတွေက ချစ်စရာကောင်းလိုက်တာ"
သူမက မြူဆွယ်သောလေသံဖြင့် ဆိုကာ ဖိအားကို ပို၍တိုးလိုက်သည်။
"ငါ့အတွက် နောက်ထပ် အော်ပေးပါဦး"
ဓာတ်ဝိညာဉ် ၅ ပါးမှာ ဤမြင်ကွင်းကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်ကာ တံတွေးများကို အနိုင်နိုင် မျိုချနေကြသည်။ လျှပ်စီးဓာတ်မှာ တကယ်ကို ကြောက်စရာကောင်းလှသော ရက်စက်မှုမျိုး ရှိနေပြီး ဝိညာဉ်တစ်ခုကို မျက်တောင်တစ်ချက်မခတ်ဘဲ ဤမျှအထိ နှိပ်စက်နိုင်စွမ်း ရှိနေသည်။
ဤရက်စက်ကြမ်းကြုတ်သော ဖြစ်စဉ်မှာ ညတစ်ညလုံး မရပ်မနား ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ လီယောင်း၏ သနားညှာတာမှုကင်းသော လျှပ်စီးများမှာ အရှိန်လျော့သွားခြင်း အားနည်းသွားခြင်း အလျဉ်းမရှိပေ။ နံနက်ခင်း အလင်းရောင် ကောင်းကင်ယံသို့ ရောက်ရှိလာချိန်မှသာ ထိုနှိပ်စက်မှုမှာ အဆုံးသတ်သွားတော့သည်။ သို့သော် ၎င်းမှာ သနား၍ ရပ်တန့်ပေးလိုက်ခြင်းမဟုတ်ဘဲ ဝိညာဉ်ခွဲဗီဇမှာ လုံးဝဥဿုံ ပျက်စီးသွားပြီး ဝိညာဉ်အမှုန်အမွှားများအဖြစ် လေထဲတွင် ပျောက်ကွယ်သွားခြင်းကြောင့်သာ ဖြစ်သည်။