အခန်း (၁၆၈)
Vol. 16 Ch. 168
"သေသွားပြီလား"
ဝိညာဉ်အမှုန်အမွှားလေးများ လေထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လီယောင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းလေးမှာ အလိုမကျသလို စူသွားပြီး "သိပ်မပျော်ဖို့ကောင်းလိုက်တာ။ ငါ့မှာရှိတဲ့ ကျန်တဲ့ နှိပ်စက်နည်း ၉၉၉ နည်းကိုတောင် စမ်းခွင့်မရလိုက်ဘူး"
"နောက်ထပ် ၉၉၉ နည်း ဟုတ်လား"
ဓာတ်ဝိညာဉ်များမှာ ထိတ်လန့်တကြားဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့သည် လီယောင်းနှင့် ဝေးရာသို့ ဖြည်းညင်းစွာ နောက်ဆုတ်လာကြသည်။ နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်းကို ဤမျှ စိတ်အားထက်သန်စွာ ပြောဆိုနေသူနှင့် မည်သူမျှ အနီးကပ် မနေလိုကြပေ။ သူတို့အားလုံး၏ စိတ်ထဲတွင် မေးခွန်းတစ်ခုတည်းသာ ပဲ့တင်ထပ်နေသည်။
ဒီကမ္ဘာကြီးက ဘာတွေတွေးပြီး ဒီလိုမိန်းကလေးမျိုးကို ရွေးချယ်ခဲ့တာလဲ။
ဤလျှပ်စီးအရူးမနှင့် ဝေးဝေးနေနိုင်လေ ပိုကောင်းလေပင်။
လီယောင်းသည် ဝိညာဉ်တစ်ခုကို ချေမှုန်းပစ်ခဲ့သည်ဟု မထင်ရဘဲ သာမန်အလုပ်တစ်ခု ပြီးသွားသကဲ့သို့ သူမ၏လက်များကို အသာအယာ ခါလိုက်သည်။ ထို့နောက် နောက်ဆုတ်နေသော ဝိညာဉ်များဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ လျှပ်စစ်အပြာရောင် မျက်ဝန်းများက သူတို့ကို ချက်ချင်းပင် ဖမ်းစားလိုက်တော့သည်။ သူမနှင့် အကြည့်ချင်းဆုံသောအခါ ဝိညာဉ်များသည် ဗီဇအရ အကြည့်လွှဲလိုက်ကြပြီး မြေပြင်နှင့် ကောင်းကင်ကိုသာ အလွန်အမင်း စိတ်ဝင်စားနေဟန် ဆောင်လိုက်ကြသည်။
"ဒါက သူ့ရဲ့ ဝိညာဉ်ခွဲဗီဇပဲ ရှိသေးတာ"
လီယောင်းက မှတ်ချက်ပြုသည်။
"ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အမှတ်တရတွေ အခုဆိုရင် သူ့ဆီကို ရောက်သွားလောက်ပြီ"
သူမသည် ဝိညာဉ်ခွဲဗီဇကို ဤမျှအထိ အချိန်ဆွဲကာ နှိပ်စက်ခဲ့ခြင်းမှာ အကြောင်းရှိသည်။ ဝိညာဉ်ခွဲဗီဇတစ်ခု ဖန်တီးရန်အတွက် မူလဝိညာဉ်မှ ခွဲထုတ်ထားရသဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် မရရှိနိုင်ကြောင်း ဧကရီက သူမကို ပြောပြထားခဲ့သည်။ ခွဲဗီဇ ပျက်စီးသွားမှသာ သတင်းအချက်အလက်များ မူလခန္ဓာကိုယ်ဆီ ပြန်ရောက်သွားခြင်း ဖြစ်သည်။ ဤအချက်ကိုသာ မသိပါက သူမသည် ဤမျှအထိ အချိန်ဆွဲ၍ အရှက်ခွဲနေမည် မဟုတ်ပေ။ အစစ်အမှန် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပညာရှင်ကြီးမှာ သူတို့ဆီသို့ စောစောစီးစီး ရောက်လာပေလိမ့်မည်။
"ငါတို့ က သူ့ကို ဒီလောက်တောင် အရှက်ခွဲထားတာဆိုတော့ သူ သေချာပေါက် ကလဲ့စားချေဖို့ လာလိမ့်မယ်"
လီယောင်းက ပြောလိုက်သည်။
"ငါတို့ ဟုတ်လား"
ရေဝိညာဉ်က မဝံ့မရဲဖြင့် တိုးတိုးလေး မေးလိုက်သည်။
ဝိညာဉ် မျက်တောင်တစ်ချက် မခတ်မီမှာပင် လီယောင်းသည် သူမနှင့် မီးဝိညာဉ်တို့၏ ကြားထဲတွင် ပေါ်လာပြီး သူတို့၏ ပုခုံးများကို ရင်းနှီးလွန်းလှသော အမူအရာဖြင့် ဖက်လိုက်သည်။ ဝိညာဉ်များသည် သူမ၏ အထိအတွေ့ကြောင့် တောင့်ခဲသွားကြပြီး သူမ၏ အနှစ်သာရမှ ထွက်ပေါ်နေသော လျှပ်စီးစွမ်းအင်များကို ခံစားနေရသည်။
"အေးလေ... ငါတို့ ပေါ့"
လီယောင်းက ကြောက်မက်ဖွယ်ကောင်းအောင် ချိုမြိန်သော အပြုံးဖြင့် ပြန်ဖြေသည်။
"အဲဒါ တစ်ခုခု မှားနေလို့လား"
"မမှားပါဘူး။ လုံးဝမမှားပါဘူး"
ဝိညာဉ်များမှာ ခေါင်းများကို အသည်းအသန် ခါယမ်းလိုက်ကြပြီး ကျန်သူများကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြတော့သည်။
"ကောင်းပြီ ဒါဆိုရင် နင်တို့အားလုံး ငါနဲ့အတူ ပြန်လိုက်ခဲ့ပြီး သူလာတဲ့အခါ ငါ့ကို ကူတိုက်ပေးရမယ်"
သူမက အမိန့်ပေးသံဖြင့် ကြေညာလိုက်သည်။
ဝိညာဉ်များသည် သူတို့၏ ကံကြမ္မာကို လက်ခံလိုက်သည့်အလား တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ လီယောင်းသည် ဤမျှအထိ နာခံမှုရှိသော အလုပ်သမားများကို ရလိုက်သဖြင့် ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူတို့က သန်လည်းသန်မာကြသည်။ ဂိုဏ်းထဲက အသုံးမကျတဲ့ အဖိုးကြီးတွေထက် အများကြီး ပိုအသုံးဝင်သည်။
လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်း၌မူ ဧကရီမှာ ဆွံ့အလျက်သာ ရှိတော့သည်။ သူမ၏ ပလ္လင်ကို လုံးဝဥဿုံ စိတ်ဖောက်ပြန်နေသော အရူးမတစ်ယောက်လက်ထဲ အပ်နှံမိခဲ့ပြီဟု သူမ နားလည်သွားသည်။ ဤအခြေအနေသို့ ရောက်သွားရသည့် သူမ၏ ကံကြမ္မာကိုသာ အပြစ်တင်နိုင်တော့သည်။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဤစိတ်မမှန်သော အမွေဆက်ခံသူကြောင့် သူမ၏ ဂုဏ်သိက္ခာများ လုံးဝ မပျက်စီးမီ သူမ၏ စွမ်းအားများ အမြန်ပြန်လည် ပြည့်ဝလာရန်ပင်။
တစ်ချိန်တည်းမှာပင် ဝူမင်ဂိုဏ်း၏ ခမ်းနားလှသော ခန်းမအတွင်း၌ ကောင်းအိုထျန်းသည် သူ၏ ဝိညာဉ်ခွဲဗီဇ ပျက်စီးသွားမှုမှ အမှတ်တရများကို လက်ခံရရှိလိုက်သည်။ သူ၏ လည်ချောင်းထဲမှ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ဒေါသအဟုန်ကြောင့် အဆောက်အဦးတစ်ခုလုံးမှာ ပြိုကျတော့မည့်အလား တုန်ခါသွားတော့သည်။ ခန်းမထောင့်ရှိ ဝတ်ရုံနက်ဝတ် လက်အောက်ငယ်သားများမှာမူ အသက်ပင် မရှူရဲဘဲ ငြိမ်သက်နေကြသည်။
"နင်က ငါ့ကို ဒီလိုမျိုး အရှက်ခွဲရဲတယ်ပေါ့"
ဂိုဏ်းချုပ်က အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်များ တဖျတ်ဖျတ် လက်လာသည်။
"ဒါဆိုရင် နောက်ဖြစ်လာမယ့် ကိစ္စတွေအတွက် ငါ့ကို အပြစ်မတင်နဲ့တော့"
သူ၏ ပထမဦးဆုံး ဗီဇမှာ လီယောင်းကို ချက်ချင်းသွားသတ်ရန် ဖြစ်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် ပို၍ ကျေနပ်စရာကောင်းမည့် အကြံတစ်ခုကို ရလိုက်သည်။ သူ၏ ဝိညာဉ်ခွဲဗီဇကို အသစ်ပြန်လည် ဖန်တီးပြီး နောက်တစ်နေ့တွင် တိုက်ခိုက်မည့်အကြောင်းကို တွေးတောရင်း သူ၏မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအချိန်ကျလျှင်တော့...
"မဟုတ်သေးဘူး။ အခုချက်ချင်း မရယ်ရသေးဘူး။ အောင့်ထားမှဖြစ်မယ်"
ကျင့်ကြံမှု အခြေအနေ ပြန်လည်သတ်မှတ်ခြင်းမျက်နှာပြင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှန်းယွီသည် တားဆီး၍မရသော အင်အားတစ်ခုဖြင့် သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ စွမ်းအင်များသည် ကျယ်ပြောလှသော အတွင်းကမ္ဘာထဲသို့ သမုဒ္ဒရာထဲ စီးဝင်နေသည့် မရေမတွက်နိုင်သော မြစ်များအလား အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ဝိညာဉ်ပင်လယ်ကို စွမ်းအားသစ်များနှင့် သက်ဝင်နိုးကြားမှုများ ပေးစွမ်းလိုက်သည်။
သူ၏မျက်စိရှေ့တွင်ပင် ဝိညာဉ်ပင်လယ်မှာ အဆုံးအစမရှိသည့်အလား အပြင်ဘက်သို့ ကျယ်ပြန့်လာတော့သည်။ ဤမျှလောက် မြန်ဆန်လှသော တိုးတက်မှုကြောင့် အိပ်ပျော်နေသည့် ကလေးသူငယ် ဝိညာဉ်ပင်လျှင် လန့်နိုးသွားခဲ့ရသည်။
ထိုသတ္တဝါလေးသည် သူ၏လက်သီးလေးများဖြင့် မျက်လုံးကို ပွတ်သပ်လိုက်ပြီးနောက် ရှန်းယွီကို တွေ့သွားသည်။ ၎င်းသည် မဆိုင်းမတွဘဲ ဝိညာဉ်မြေပြင်ကို ဖြတ်ကျော်ပြေးလွှားလာကာ ရှန်းယွီ၏ကိုယ်ပေါ်သို့ တွယ်တက်ပြီး သူ၏ဦးခေါင်းထိပ်တွင် ကျေနပ်စွာ နေရာယူလိုက်သည်။ ထိုနေရာမှနေ၍ ဖြစ်ပေါ်နေသော အသွင်ပြောင်းလဲမှုများကို မျက်လုံးဝိုင်းလေးများဖြင့် အံ့ဩတကြီး ကြည့်ရှုနေတော့သည်။
ဤကျယ်ပြန့်လာမှုမှာ မြေပြင်သာမက ချီပင်လယ်ကိုပါ သက်ရောက်စေသည်။ ယခင်က အချင်း ၁၀ မီတာခန့်သာရှိသော ဗွက်အိုင်ငယ်လေးတစ်ခုအလား ရှိခဲ့သည့် နေရာမှာ ယခုအခါတွင်မူ တစ်မိုင်ခန့်အထိ ကျယ်ပြန့်သွားပြီး ပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ မြေပြင်မှာလည်း ရှန်းယွီ၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်သည်အထိ ပိုမိုကျယ်ပြန့်သွားခဲ့သည်။
ရှန်းယွီသည် သူ၏ဝိညာဉ်ပင်လယ်မှာ တကယ်ကို ထူးဆန်းလှသည်ဟု တွေးမိသည်။ ကျင့်ကြံမှုစာပေများအရ ဝိညာဉ်ပင်လယ်ဆိုသည်မှာ တစ်ဦးတစ်ယောက်၏ အတွင်းကမ္ဘာတစ်ခုလုံးကို ကိုယ်စားပြုပြီး ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်း ကျယ်ပြန့်လာရမည် ဖြစ်သည်။ သို့သော် သူ၏အခြေအနေမှာမူ အခြေခံအားဖြင့် ကွဲပြားနေသည်။ သူ၏ ဝိညာဉ်
ပင်လယ်မှာ အတွင်းကမ္ဘာ၏ အစိတ်အပိုင်းအသေးလေးတစ်ခုမျှသာ ဖြစ်ပုံရပြီး သူ၏ အတွင်းကမ္ဘာမှာမူ အဆုံးအစမရှိသော ဟင်းလင်းပြင်အမှောင်ထုကြီး ဖြစ်နေကာ ထိုအထဲတွင်မှ ဝိညာဉ်ပင်လယ်က အခြေချနေခြင်း ဖြစ်သည်။
ဤအချက်က သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။ သူ၏ဝိညာဉ်ပင်လယ်မှာ အတွင်းကမ္ဘာတစ်ခုလုံး မဟုတ်ဘဲ နက်နဲလှသော ဟင်းလင်းပြင်ကြီးထဲတွင် ကြီးထွားလာနေသည့် ပူဖောင်းငယ်လေးတစ်ခုမျှသာလား။
ဤထူးခြားသော တည်ဆောက်ပုံမှာ သူ၏ စနစ်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေလိမ့်မည်ဟု သူ သံသယဝင်မိသည်။ ယခုလောလောဆယ် မဖြေရှင်းနိုင်သေးသော ပဟေဠိများကို ဆက်မတွေးတော့ဘဲ အမှတ်အသားတစ်ခုအဖြစ်သာ မှတ်သားထားလိုက်သည်။ တစ်နေ့နေ့တွင် သူ၏ကျင့်ကြံမှုလမ်းစဉ်၏ ထူးခြားချက်များကို သူ သေချာပေါက် နားလည်လာလိမ့်မည်။
သူ၏ အတွေးများမှာ ဝိညာဉ်ကလေးငယ်က သူ၏ဆံပင်ကို အတင်းဆွဲလိုက်ခြင်းကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ"
သူက အနည်းငယ် နာသွားသဖြင့် မေးလိုက်သည်။
သူ၏ အာရုံစိုက်မှုကို ရလိုက်သဖြင့် ကျေနပ်သွားသော ကလေးငယ်မှာ သူ၏ခေါင်းပေါ်မှ ခုန်ဆင်းကာ ရှေ့တည့်တည့်တွင် ပျံဝဲနေသည်။ ၎င်း၏ သေးငယ်သော မျက်နှာလေးမှာ အလွန်အမင်း အာရုံစူးစိုက်ထားသည့် အမူအရာသို့ ပြောင်းလဲသွားပြီး မျက်လုံးများကို မှိတ်ကာ ပြီးပြည့်စုံသော တရားထိုင်သည့် ပုံစံကို ယူလိုက်သည်။
"မင်း ငါ့ကို တစ်ခုခု ပြချင်လို့လား"
ရှန်းယွီသည် ထိုမမျှော်လင့်ထားသော အပြုအမူကို ဂရုတစိုက် စောင့်ကြည့်နေမိသည်။
ကလေးငယ်၏ မျက်နှာမှာ အစွမ်းကုန် အားစိုက်နေရသဖြင့် ရှုံ့တွနေပြီး သေးငယ်သော ကိုယ်ထည်လေးမှာလည်း တုန်ယင်နေသည်။ ၎င်း၏ ရုန်းကန်နေရမှုကို မြင်ရသောအခါ ရှန်းယွီ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်။
"မင်း အဆင်ပြေရဲ့လား"
သူက မေးသော်လည်း ကလေးငယ်မှာ သူ၏မေးခွန်းကို လုံးဝလျစ်လျူရှုကာ အာရုံစိုက်မြဲ စိုက်ထားသည်။
ရုတ်တရက် ရှန်းယွီ၏ အာရုံခံစားမှုမှာ ဝေဝါးသွားပြီး အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ဝိညာဉ်ပင်လယ်ထဲမှ ထွက်ခွာသွားခြင်း မဟုတ်ဘဲ သူ၏သိစိတ်မှာ ပတ်ဝန်းကျင် အပြင်ဘက်သို့ ကျယ်ပြန့်သွားပြီး မိုးပြာရောင်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားခြင်း ဖြစ်သည်။ ဤကျယ်ပြန့်လှသော သိစိတ်ဖြင့် သူသည် ဂိုဏ်းအတွင်းရှိ အသေးစိတ်အချက်အလက်အားလုံးကို မြင်တွေ့နေရသည်။
အခန်းများအတွင်း တရားထိုင်နေကြသော ကျင့်ကြံသူများ၊ ကျောက်တံတိုင်းများပေါ်တွင် တွားသွားနေသော ပိုးမွှားများ၊ အစီအရင်များတစ်လျှောက် စီးဆင်းနေသော သိမ်မွေ့လှသော ချီစွမ်းအင်စီးကြောင်းများအထိပင်။ မည်သည့် အတားအဆီးမျှ သူ့ကို မတားဆီးနိုင်ဘဲ သူ၏အာရုံမှာ တံခါးများနှင့် နံရံများကို အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် ထိုဆက်သွယ်မှုမှာ ပြတ်တောက်သွားတော့သည်။ ရှောင်
ယွီ၏ အာရုံခံစားမှုမှာ ဝိညာဉ်ပင်လယ်ထဲသို့ ပြန်လည် ရောက်ရှိလာပြီး ဝိညာဉ်ကလေးငယ်မှာမူ အလွန်အမင်း မောပန်းသွားသဖြင့် လဲကျသွားရှာသည်။ ၎င်း၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးလေး ရှိနေသော်လည်း ရင်ဘတ်လေးမှာမူ အားစိုက်ထားရသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"ဒါက ဝိညာဉ်အာရုံလား"
ရှန်းယွီက အံ့ဩတကြီး ရေရွတ်လိုက်ပြီး ကလေးငယ်၏ အောင်မြင်မှုကို အသိအမှတ်ပြုသောအားဖြင့် ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ဝိညာဉ်အာရုံဆိုသည်မှာ ပုံမှန်အားဖြင့် အခြေတည်ဝိညာဉ်အဆင့်နှင့် ထို့ထက်မြင့်သော ကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် စွမ်းရည်ဖြစ်သည်။ သူ၏ စိတ်ဓာတ်စွမ်းအားမှာ အဆင့် ၆သို့ ရောက်ရှိသွားခြင်းကလည်း ဤတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည်မှာ သေချာသော်လည်း ကလေးငယ်၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုမှာ အဓိကအချက်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"တော်တယ်။ မင်း ဒါကို ပိုပြီးတော့ လေ့ကျင့်ထားဦး"
သူက အားပေးလိုက်ရာ သူ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။
"ခဏနေရင် မင်းနဲ့ အတူရှိပေးဖို့ ပြန်လာခဲ့မယ် ဒီတစ်ခါတော့ ၂ နာရီကြာအောင်ပေါ့"
ရှန်းယွီက ကတိပေးလိုက်သည်။ ကလေးငယ်မှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြပြီး သက်သောင့်သက်သာရှိသော ပုံစံဖြင့် နေရာယူလိုက်သည်။
ထို့နောက် ရှန်းယွီသည် ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်ခွာကာ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ သူ၏တိုးတက်မှုများကို စနစ်မျက်နှာပြင်တွင် ကြည့်ရှုနိုင်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ကိုယ်တိုင် ကိုယ်ကျ ခံစားကြည့်ချင်နေမိသည်။ ကိန်းဂဏန်းများဖြင့်သာ ဖတ်ရှုနေခြင်းထက် အသွင်ပြောင်းလဲမှု၏ ခံစားချက်ကို သူ တကယ် သိရှိလိုနေခြင်းပင်။