ဧကရီနန်းတော်
Vol. 1 Ch. 458
သားရဲစီးကြောင်းသည် ပို၍ ပြင်းထန်လာခဲ့ပြီး မြောက်ဘက်လျန်နိုင်ငံနှင့် ရှန်ဝူနိုင်ငံ နှစ်ခုလုံးသည် အထိအခိုက် အကျအဆုံး များပြားခဲ့သည်။ ကမ်းပေါ်တက်လာကြသည့် ပင်လယ်နတ်ဆိုးသားရဲများမှာ များပြားလွန်းလှသည်။ ကျောင်းအုပ်ချီသည် ဆရာအချို့နှင့် ထူးချွန်ကျောင်းသားအချို့ကို ဦးဆောင်၍ ရောက်လာခဲ့သည့်အပြင် ရှန်မိနိုင်ငံမှလည်း စစ်တပ်တစ်ခု စေလွှတ်ပေးခဲ့၍သာ တော်သေးသည်။ သူတို့သည် ရှားနိုင်ငံကို ကူညီ၍ ကာကွယ်ပေးခဲ့ရာ ရှားနိုင်ငံသည် ဆုံးရှုံးမှုမများခဲ့ပေ။
ရှန်ဝူနိုင်ငံသည် ရှားနိုင်ငံကို အတုယူ၍ ပင်လယ်အနီးရှိ မြို့များ၊ ရွာများတွင် နေထိုင်ကြသည့် မြို့သူမြို့သားများကို ရွှေ့ပြောင်းပေးခဲ့သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက မိုးပြာနဂါးအင်ပါယာနှင့် အခြားနိုင်ငံများ ကူညီမပေးလျှင် ရှန်ဝူနိုင်ငံစစ်တပ်မှာ တစ်ယောက်မကျန် ချေမှုန်းခံရလိမ့်မည်။
ရှားတိသည်လည်း အရူးမဟုတ်လေရာ အရှေ့ပင်လယ်အနီးတွင် နေထိုင်ကြသူများကို ရွှေ့ပြောင်းကြရန် အမိန့်ထုတ်လိုက်သည်။
ထိုသို့ အစီအစဉ်ပြောင်းလိုက်ရာ သေဆုံးမှုများ လျော့ကျသွားခဲ့သည်။ သို့သော်လည်း အင်အားနည်းသွားသည့်အတွက် ရှေ့တန်းစစ်မြေပြင် ကျိုးပေါက်ကာ ကုန်းပေါ်တက်လာကြသည့် ပင်လယ်နတ်ဆိုးသားရဲအရေအတွက် ပိုမိုများပြားလာသည်။ ပင်လယ်နှင့်နီးသော မြို့များရွာများအားလုံး နင်းချေဖျက်စီးခံရလေရာ စီးပွားရေးပိုင်းတွင် ကြီးစွာ ဆုတ်ယုတ်သွားခဲ့သည်။
မြောက်ဘက်လျန်နိုင်ငံအတွင်းသို့ ဝင်လာသည့် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ကြောင့် ရှားတိမှာ မနည်းရုန်းကန်၍ တိုက်ခိုက်လိုက်ရသည်။ ပင်လယ်နတ်ဆိုးသားရဲများသည် ကုန်းပေါ်ရောက်လာသဖြင့် အင်အားလျော့ကျသွားခြင်းကြောင့်သာ မဟုတ်ပါက သူသေနေလောက်ပြီဖြစ်သည်။ သို့သော်လည်း ဒုတိယမြောက် တစ်ကောင်နှင့် တိုက်ခိုက်ရာတွင် သူအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
နောက်ငါးရက်အကြာတွင် သားရဲစီးကြောင်းသည် စတင်အားနည်းလာခဲ့သည်။ သားရဲစီးကြောင်း စတင်ဖြစ်ပွားချိန်တွင် ပင်လယ်နတ်ဆိုးသားရဲအနည်းငယ်သာ ကုန်းမြေပေါ်တက်လာခဲ့သည်။ ဆယ်ရက်အတွင်းတွင် နတ်ဆိုးသားရဲဘုရင် ငါးကောင် အပါအဝင် ကမ်းပေါ်တက်လာကြသော ပင်လယ်နတ်ဆိုးသားရဲများမှာ အနည်းဆုံး ဆယ်သန်းခန့် ရှိလေသည်။ ပင်လယ်ရေနက်ပိုင်းတွင် မည်မျှအခြေအနေဆိုးကြောင်း သူတို့တွေးတောင်မတွေးဝံ့ပေ။ နတ်ဆိုးသားရဲဘုရင်များ မည်မျှ များလိမ့်မည်နည်း။ ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများတောင် ပါလောက်လေသည်။
နယ်မြေမှ လူများသည် စိတ်သက်သာရာ ရသွားကြသည်။ ပင်လယ်သားရဲများ သောင်းကျန်းမှု၏ ဗဟိုချက်သည် နယ်မြေနှင့် မနီးကြောင်းထင်ရှားသည်။ မဟုတ်ပါက ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများ မြေပေါ်တက်လာလျှင် မည်သူက ခုခံနိုင်ပါဦးမည်နည်း။
ကျင်းရှန်နိုင်ငံ၊ မြောက်ဘက်မန့်နိုင်ငံ၊ ရှန်မိနိုင်ငံနှင့် မိုးပြာနဂါးအင်ပါယာတို့သည် ကြိတ်၍ ဝမ်းသာနေကြသည်။ ရှန်ဝူနိုင်ငံနှင့် မြောက်ဘက်လျန်နိုင်ငံသည် အနည်းဆုံး စစ်သည်ငါးသိန်းခန့်စီကို ဆုံးရှုံးလိုက်ရသဖြင့် နိုင်ငံစစ်ရေးအင်အားမှာ ကြီးစွာလျော့ကျသွားသည်။ သူတို့အားနည်းသွားရာ အခြားနိုင်ငံများ အားကောင်းလာတော့မည်ဖြစ်သည်။
အထူးသဖြင့် မြောက်ဘက်မန့်နိုင်ငံနှင့် ရှန်မိနိုင်ငံ ဖြစ်သည်။ သူတို့သည် မူလက အင်အားကြီးသော နိုင်ငံထဲ မပါဝင်သော်လည်း ယခုအခါ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ဖြစ်သွားကြပြီဖြစ်သည်။ နတ်ဆိုးဧကရီ နယ်မြေကို သွေးနှင့်ဆေးစဉ်အခါ ထိုနှစ်နိုင်ငံမှာ ဆုံးရှုံးမှု လုံးဝမရှိခဲ့ပေ။ ယခု သားရဲစီးကြောင်းသည်လည်း သူတို့အပေါ် သက်ရောက်မှု မရှိခဲ့ပြန်ပေ။
သို့သော် အပျော်ဆုံးမှာ မိုးပြာနဂါးအင်ပါယာသာ ဖြစ်လိမ့်မည်။ လက်အောက်ခံနိုင်ငံများ၏ ဆုံးရှုံးမှုမှာ အင်ပါယာအတွက် ကောင်းချီးဖြစ်သည်။ နယ်မြေကို သူတို့ပြန်လည် မအုပ်ချုပ်နိုင်သေးလျှင်တောင် အခြားနိုင်ငံများသည် ကြယ်ကောင်းကင်မြို့ကို ရာစုနှစ်တစ်ခုလောက်အထိ တိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။ လင်းဂိုဏ်းဘိုးဘေးကြီး၏ သက်တမ်းမှာ ကုန်ဆုံးတော့မည်ဟု ထင်ရသော်လည်း သူ့ပုံစံမှာ ရာစုနှစ်တစ်ခုစာလောက် အသက်ဆက်ရှင်ရန် ပြဿနာရှိပုံမရချေ။ သူ့အင်အားသည် ဗာဂျရာအမြင့်ဆုံးအဆင့်သို့ ရောက်နေပြီ မဟုတ်ပါလော။
နတ်ဆိုးဧကရီသည် နယ်မြေမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သာမန်ပင်လယ်နတ်ဆိုးသားရဲများမှာ သူမအတွက် အသေးအဖွဲသာဖြစ်ရာ ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများကိုသာ သူမသတိထားရန် လိုလေသည်။
သားရဲစီးကြောင်း အားနည်းသွားခြင်းမှာ ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများကြားမှ တိုက်ပွဲများ ပြီးဆုံးသွားပြီဟု အဓိပ္ပာယ် ရလေသည်။ မဟုတ်ပါက ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများ၏ အရှိန်အဝါသည် ပင်လယ်နတ်ဆိုးသားရဲများကို ကုန်းမြေပေါ် ပို၍တက်လာစေသည်။
ဧကရာဇ်အဆင့် နတ်ဆိုးသားရဲများသည် တိုက်ပွဲပြီးဆုံးသည်နှင့် လုံခြုံသော နေရာတစ်ခု ရှာ၍ အနားယူကျင့်ကြံနေကြလိမ့်မည်။ ထိုအချိန်သည် အရှေ့ပင်လယ်ပြင်ကိုဖြတ်၍ သွားလာရန် အကောင်းဆုံးဖြစ်သည်။ ဤအခွင့်အရေးကို သူမလက်လွတ်ခံမည် မဟုတ်ပေ။
နတ်ဆိုးဧကရီသည် နယ်မြေမှ လျှို့ဝှက်စွာ ထွက်ခွာခဲ့သည်။ သူမသည် လေပေါ်မှ မသွားဘဲ ပင်လယ်ရေအောက်မှသာ ထွက်သွားခဲ့သည်။ သူမသည် နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်ကို နတ်သမီးတောင်ထွတ် အနီးတစ်ဝိုက်ကို စောင့်ကြပ်၍ မည်သူမှ ချည်းကပ်မလာစေရန် ကာကွယ်ရမည်ဟု မှာကြားခဲ့သည်။ ထိုသည်မှာ သူမတတ်နိုင်သလောက် ကျန်းရီကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။ သူမထွက်သွားကြောင်း သိသူမရှိလျှင် သုံးနှစ်ကာလမပြည့်မချင်း ကျန်းရီအား ဘယ်သူမှ ထိရဲကြမည် မဟုတ်ပေ။
ဝှစ်...
နတ်ဆိုးဧကရီ ထွက်ခွာသွားပြီး မိနစ်သုံးဆယ်ခန့်အကြာတွင် အနက်ရောင်ဝတ် လူတစ်ဦးသည် ကျောက်တန်းများကြားမှ ထွက်လာခဲ့သည်။ ထိုသူမှာ သိုင်းခန်းမမှ အကြီးအကဲလု ဖြစ်လေသည်။ သူသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကိုကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် အံ့သြဝမ်းသာစွာဖြင့် ရေရွတ်လိုက်သည်။
"နတ်မိမယ်ကျီက တကယ်အံ့သြစရာကောင်းတာပဲ။ နတ်ဆိုးဧကရီ တကယ်ကြီးထွက်သွားတယ်"
အကြီးအကဲလုသည် ချက်ချင်း ထွက်မသွားသေးဘဲ တောင်စဉ်သုံးထောင်ထံ ခြေဦးလှည့်လိုက်သည်။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ နတ်ဆိုးသားရဲများကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။ နောက်ဆုံးတွင် နတ်သမီးတောင်ထွတ်အနီးရှိ ဂူတစ်ခုထဲသို့ ဝင်၍ ပုန်းအောင်းနေလိုက်သည်။
ကျီထင်ယွီသည် သူ့အား နတ်ဆိုးဧကရီထွက်သွားသည်ကို မျက်မြင်တွေ့ပါက အိပ်မက်ပင်လယ်ချောက်နက်သို့ ပြန်လာရန် ညွှန်ကြားထားခဲ့သည်။ သူသည် စိတ်မအေးနိုင်သေးဘဲ နတ်ဆိုးဧကရီ ပြန်မလာကြောင်း သေချာအောင် နှစ်ရက်သုံးရက် စောင့်ကြည့်မည်ဖြစ်သည်။
သူသည် ဂူထဲတွင် ပုန်းအောင်းပြီးနောက် သူ့အရှိန်အဝါကို ဖုံးကွယ်၍ ဂူဝကို ပိတ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားတစ်ခု ထုတ်ယူ၍ ခွဲပစ်လိုက်လေသည်။
ရွှမ်...
အိပ်မက်ပင်လယ်ချောက်နက်၏ ခန်းမတစ်ခုထဲတွင် ရှိနေသော အကြီးအကဲစန်း၏ ကျောက်စိမ်းပြားမှာ လင်းလက်လာခဲ့သည်။ သူသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်းသာအားရနှင့် ခန်းမထဲမှထွက်ကာ အခန်းတစ်ခုထံ လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် လက်ဖက်ရည်အား အရသာခံသောက်နေသည့် ကျီထင်ယွီအား လေးစားစွာ ပြောလိုက်သည်။
"နတ်မိမယ်ကျီ...မင်းက သိပ်အံ့သြဖို့ကောင်းတာပဲ။ နတ်ဆိုးဧကရီ တကယ်ထွက်သွားပြီ"
"ခစ်ခစ်"
ကျီထင်ယွီသည် ခပ်တိုးတိုး ရယ်လိုက်သည်။ သူမ မျက်နှာထက်တွင် မည်သည့်အမူအရာမှ ရှိမနေဘဲ သူမခန့်မှန်းထားသည့်အတိုင်း ဖြစ်လာမည်ကို ကြိုသိနေသည့်အလား လက်ဖက်ရည်ကိုသာ အေးအေးလူလူ ဆက်သောက်နေခဲ့သည်။ အကြီးအကဲစန်းသည်လည်း အလျင်လိုဟန်မပြဘဲ ကျီထင်ယွီ စကားပြောလာမည်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာသော် ကျီထင်ယွီသည် မျက်ခုံးပင့်၍ မေးလိုက်သည်။
"ခေါင်းဆောင် ခန်းမသခင် ဘယ်တော့ ပြန်ရောက်မှာလဲ"
အကြီးအကဲအစန်းသည် တွက်ချက်လိုက်ပြီး ပြန်ဖြေလာခဲ့သည်။
"ကျုပ်အမြင်အရတော့ တစ်လအတွင်း သူပြန်ရောက်လာပါလိမ့်မယ်"
"ကောင်းပြီလေ"
ကျီထင်ယွီသည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည်။
"ကျွန်မတို့ အကုန်ပြင်ဆင်ထားပြီး ခေါင်းဆောင်ခန်းမသခင်ကို စောင့်နေကြတာပေါ့"
"ကောင်းပါပြီ"
အကြီးအကဲစန်းသည် ကျီထင်ယွီ ကိုယ့်သဘောနှင့်ကိုယ် ပြုမူလိုက်မည်ကို စိုးရိမ်နေခဲ့သည်။ ခေါင်းဆောင်ခန်းမသခင်ကို သူမစောင့်မည်ဆိုလျှင် သူ့အနေနှင့် စိတ်ပူစရာ မရှိပေ။ သူသည် ကျီထင်ယွီအား လေးစားသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ပြင်ဆင်စရာရှိသည်တို့ ပြင်ဆင်ရန် ထွက်လာခဲ့သည်။ သူသည် ဤမိန်းကလေးအား လုံးဝလေးစားသွားခဲ့သည်။ ခေါင်းဆောင်ခန်းမသခင်မှတစ်ပါး သိုင်းခန်းမရှိ အခြားတစ်ယောက်ကို သူလေးစားမိသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
"တစ်လ..."
ကျီထင်ယွီသည် ပန်းလေးတစ်ပွင့်နှယ် အသာအယာ ပြုံးလိုက်သည်။ သူမသည် တောင်ဘက်အရပ်သို့ မျှော်ကြည့်လိုက်ပြီး ခံစားချက်မဲ့သည့်လေသံနှင့် ရေရွတ်လိုက်သည်။
"ကျန်းရီ...တစ်လကြာရင် ရှင်သေရတော့မယ်။ ထင်ယွီကိုယ်တိုင် ရှင့်ကို တမလွန်ဆီ ပို့ပေးမှာပါ"
***
လက်ရှိအချိန်တွင် ကျန်းရီသည် ဝိဉာဉ်ပျောက်တောင်ကြား၏ ဘေးဘက်သို့ ရောက်နေခဲ့သည်။ ဝိဉာဉ်ပျောက်တောင်ကြားသို့ သူရောက်နေသည်မှာ တော်တော်ကြာနေပြီဖြစ်သည်။ သို့သော် ဝမ်းနည်းနေသော မြေခွေးလေးအား စကြဝဠာနန်းတော်အတွင်း ထည့်ထားလိုက်ရန်လည်း သူမလုပ်နိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် မြေခွေးလေးအား အဖော်ပြု၍ အားလပ်ချိန်တွင် ဧကရီနန်းတော်ကို စိတ်ဝိဉာဉ်အမှတ်အသားပြုနေလိုက်သည်။ ထိုအရာသည် အသက်ကယ် ရတနာပင် မဟုတ်ပါလော။
နတ်ဆိုးဧကရီသည် မြေခွေးလေးအား သူမ၏ခရီးမှာ နောက်ဆုံးခရီးဖြစ်နိုင်ကြောင်း အပါအဝင် အားလုံးပြောပြခဲ့သည်။ ကောင်းကင်မြေခွေးနယ်မြေအကြောင်းလည်း သူမရှင်းပြခဲ့သည်။ မြေခွေးလေးသည် နတ်ဆိုးဧကရီ သူမအား ခေါ်မသွားခြင်းမှာ သူမအတွက်ဖြစ်ကြောင်း သိသော်လည်း ထိုအချက်သည် သူမအား ပို၍ ဝမ်းနည်းစေလေသည်။ လူသားမျိုးနွယ်၏ အသက်နှင့်နှိုင်းယှဉ်ပါက သူမသည် လေးငါးနှစ်အရွယ်ပင် ရှိသေးသည် မဟုတ်ပါလော။
"ရှောင်ဖေး...မင်းသန်မာလာဖို့ သင်ယူရမယ်။ ငါက မင်းထက်တောင် အဖြစ်ဆိုးသေးတယ်။ ငါ့အမေက ငါနှစ်နှစ်သားအရွယ်မှာ ထွက်သွားခဲ့တာ...သူမသေပြီလား၊ ရှင်နေသေးလားဆိုတာတောင် ငါမသိဘူး။ အနည်းဆုံးတော့ နတ်ဆိုးဧကရီက မင်းကို နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့သေးတယ်။ ဒါပေမယ့် ငါ နှစ်တွေအများကြီး သည်းခံနေနိုင်ခဲ့တာ မင်းမြင်နေရတာပဲ။ အခု မင်းကို အဖော်ပြုပေးဖို့ ငါရှိနေသေးတယ်လေ"
ကျန်းရီသည် မြေခွေးလေးကိုပွေ့၍ ငြင်ငြင်သာသာ နှစ်သိမ့်လိုက်သည်။ တစ်စုံတစ်ယောက်ကို နှစ်သိမ့်ရန် အခြားပို၍အဖြစ်ဆိုးသည့် တစ်ယောက်အကြောင်းနှင့် နှိုင်းယှဉ်ပြခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုနည်းဖြင့် တစ်ဖက်လူသည် အနည်းငယ် စိတ်သက်သာရာရသွားလိမ့်မည်။
မြေခွေလေးအား နှစ်သိမ့်၍ သူငယ်စဉ်က အကြောင်းအရာများကို ပြောပြပြီးနောက်တွင် မြေခွေးလေး၏ အခြေအနေမှာ တည်ငြိမ်စ ပြုလာခဲ့သည်။
"အစ်ကိုကျန်းရီ...ရှောင်ဖေး နတ်ဆိုးဧကရာဇ်အဆင့်ရောက်ဖို့ ကြိုးစားပြီး ကျင့်ကြံချင်တယ်။ ဒီလိုနည်းနဲ့ဆို ဧကရီမယ်တော်ကို ရှောင်ဖေးကူညီနိုင်မှာပဲ။ အစ်ကိုကျန်းရီ...ရှောင်ဖေးတံခါးပိတ်ကျင့်ကြံတော့မယ်။ ရှောင်ဖေးပြန်ထွက်လာရင် အစ်ကိုကျန်းရီ အံ့အားသင့်သွားစေရမယ်"
"ကောင်းပြီလေ"
ကျန်းရီသည် ထိုစကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် ရှောင်ဖေးကို စကြဝဠာနန်းတော်အတွင်းထည့်၍ သူမမျက်လုံးများမှိတ်၍ ကျင့်ကြံသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် သူသည် ဧကရီနန်းတော်အား ထုတ်၍ စိတ်ဝိဉာဉ်အမှတ်အသား ပြုနေလိုက်သည်။ နတ်ဆိုးဧကရီသည် နန်းတော်ရှိ သူမ၏ အမှတ်အသားကို လုံးဝပယ်ဖျက်ခဲ့ရာ ကျန်းရီအတွက် စိတ်ဝိဉာဉ် အမှတ်အသားပြုခြင်းမှာ မခက်ခဲပေ။
သုံးရက်ကြာပြီးနောက်တွင် နန်းတော်ငယ်မှ အဖြူရောင်အလင်း တောက်ပသွားခဲ့ပြီး နန်းတော်နှင့် ဆက်သွယ်မှုတစ်ခုကို ကျန်းရီခံစားမိလိုက်သည်။ နန်းတော်၏ အကာအကွယ် အစီအရင်များကို နားလည်အောင် လေ့လာလိုက်ပြီးနောက် သူအလျင်အမြန် မတ်တပ်ရပ်၍ မြောက်ဘက်ရှိ ဝိဉာဉ်ပျောက်တောင်ကြားထံ ပြေးသွားခဲ့သည်။
နတ်ဆိုးဧကရီ ထွက်သွားပြီးဖြစ်ကြောင်း တစ်ယောက်ယောက် သိသွားပါက လင်းဂိုဏ်း၏ ဘိုးဘေးကြီးနှင့် အခြားသူများ ရှားနိုင်ငံကို အချိန်မရွေး ကျူးကျော်လာနိုင်သည်။ ထို့ကြောင့် တမလွန်လောက၏ တစ္ဆေမီးလျှံများကို သူအမြန်ဆုံးနှုန်းနှင့် ယူဆောင်ရမည်ဖြစ်သည်။
"ဝူး..ဟူး....ဝူး..ဟူး"
ကျန်းရီသည် ဝိဉာဉ်ပျောက်တောင်ကြား၏ ကမ်းပါးပေါ်တွင်ရပ်၍ ယခင်အကြိမ်က သူကြားခဲ့ရသည့်အသံကို ပြန်တွေးလိုက်မိသည်။ သူသည် တောင်ကြားအောက်တွင် ဘာရှိနိုင်သည်ကို စိတ်ကူးဖြင့်မှန်းဆရင်း စိတ်လေးလာခဲ့သည်။
***