← Chapters

ကြောက်မက်ဖွယ်တည်ရှိမှု

Vol. 1 Ch. 459

ကြောက်မက်ဖွယ်တည်ရှိမှု

Vol. 1 Ch. 459

ကျင်းရှန်နိုင်ငံ၏ မြောက်ဘက်ကောင်းကင်တွင် တိမ်များ ကင်းစင်နေသည်။ လသည် တောက်ပစွာ ထွန်းလင်းလျက် ကမ္ဘာမြေအား အလင်းပေးထားသည်။ နွေဦးဝင်စပင် ရှိသေးသောကြောင့် အပူချိန်မှာ နိမ့်နေဆဲပင်။

ဖြတ်တိုက်လာသည့် လေညှင်းနုနုက အေးစိမ့်နေသည်။ ကျန်းရီသည် အတော်အသင့် အင်အားကြီးနေပြီဖြစ်၍ ထိုလေညှင်းလောက်ကို မမှုပါချေ။ သို့သော်လည်း သူ့ခြေထောက်အောက်ရှိ ဝိဉာဉ်ပျောက်တောင်ကြားကို ငုံ့ကြည့်မိသောအခါတွင် မဖော်ပြနိုင်သည့် အအေးဓာတ်တစ်မျိုးက သူ့အား ကြက်သီးများ ထလာစေသည်။

ဤတောင်ကြား မည်မျှနက်မှန်း သူမသိပေ။ တောင်ကြားအောက်ခြေသည် အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းနေလေရာ နေ့ဘက်ဆင်းသွားလျှင်တောင် ညဘက်နှင့် ကွာခြားမှုရှိမည်မဟုတ်။ အချိန်ထပ်ဆွဲမနေတော့ဘဲ ကျန်းရီတစ်ယောက် အောက်ဆင်းရန် အဆင်သင့် ပြင်လိုက်သည်။

သူသည် တဇွတ်ထိုးဆန်စွာ တိုက်ရိုက်ခုန်ဆင်းမသွားဘဲ အောက်မှအခြေအနေကို အကြမ်းဖျင်း နားလည်အောင် အရင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်းဖူအရွက်နှစ်ခု၏ စွမ်းအင်ကို စုပ်ယူပြီးနောက် သူ့စိတ်ဝိဉာဉ်သည် အဆပေါင်းများစွာ အစွမ်းထက်သွားခဲ့သည်။ ယခင်က သူ၏ကောင်းကင်စိတ်အာရုံသည် သုံးကီလိုမီတာဝန်းကျင်ကိုသာ အာရုံခံနိုင်ခဲ့သည်။ ယခုအခါ တစ်ဆယ်ကီလိုမီတာ ဝန်းကျင်အထိ သူ့စိတ်အာရုံကို ဖြန့်ကျက်နိုင်နေပြီဖြစ်သည်။

သူ၏ကောင်းကင်စိတ်အာရုံသည် တောင်ကြားအောက်ခြေထံ တဖြည်းဖြည်း ဖြန့်ကျက်သွားခဲ့သည်။ တောင်ကြားအတွင်းမှ မြေပြင်အနေအထားသည် ကျန်းရီ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ တောင်ကြားသည် ကျယ်ဝန်း၍ အချင်းဝက်မှာ ကီလိုမီတာ အတော်များများ ရှိသည်။ တောင်ကြား၏ ပတ်လည်တွင် အဆင်းလမ်းမရှိဘဲ မတ်စောက်သော ချောက်ကမ်းပါးများသာ ရှိလေသည်။ မြေပြန့်မှ အောက်ခြေ ၁၆၀၀မီတာခန့်တွင် အနက်ရောင် မြူခိုးများ စတင်ပေါ်ထွက်လာပြီး ကျန်းရီ၏ စိတ်ထဲမှ မြင်ကွင်းသည်လည်း မှောင်အတိကျသွားခဲ့သည်။

သူ့ကောင်းကင်စိတ်အာရုံသည် အောက်သို့ဆက်ဆင်းသွားခဲ့ပြီး သုံးကီလိုမီတာအကွာတွင် အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားခဲ့သည်။ မြူခိုးများ၏အောက်ရှိ တောင်ကြားသည် ဘာမှမရှိဘဲ ရှင်းလင်းနေကြောင်း ကျန်းရီတွေ့လိုက်ရသည်။

သူ့ကောင်းကင်စိတ်အာရုံသည် ဆယ့်ခုနှစ်ကီလိုမီတာခန့်အထိသာ မြင်နိုင်သည့်အတွက် ကျန်းရီ စိတ်ပျက်သွားမိသည်။ တောင်ကြားမည်မျှနက်ကြောင်း သူမသိလိုက်ရသည့်အတွက် သူ့တွင် အသုံးဝင်သောအချက်အလက် မရှိဟု ဆိုနိုင်လေသည်။

"ကောင်းကင်အသိအမြင် ကျင့်စဉ်ကို သုံးကြည့်ရင် ကောင်းမလား"

ကောင်းကင်စိတ်အာရုံကို ရုတ်သိမ်းပြီးနောက် ကျန်းရီသည် အတွေးပေါက်သွားသော်လည်း ထိုအတွေးကို အလျင်အမြန် ခေါင်းထဲမှ ဖျောက်လိုက်သည်။ ကောင်းကင်အသိအမြင်ကျင့်စဉ်တွင် သူ၏နားလည်မှု အခြေအနေမှာ ကလေးသာသာပင် ရှိသေးသည်။ သူ့အတွက် ထိုကျင့်စဉ်ကို အသုံးပြုရန် အလွန်ခက်ခဲပြီး သူအသုံးသောအချိန်တိုင်း သူ့စိတ်ဝိဉာဉ် မောပန်းလေသည်။ သေရေးရှင်ရေးအခြေအနေ မဟုတ်ပါက ထိုစွမ်းရည်ကို အသုံးမပြုလိုပေ။

သို့ဖြစ်ရာ တောင်အောက်သို့ ဆင်းရန်မှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။

ကျန်းရီ၏လက်ထဲမှ မီးဝိဉာဉ်ပုလဲ လင်းလက်လာခဲ့ပြီး ကြိုးအပုံလိုက် ထွက်ပေါ်လာခဲ့သည်။ သူသည် ကြိုးစများစွာကိုယူ၍ အနည်းဆုံး သုံးဆယ့်သုံးကီလိုမီတာခန့်စီရှိသော ကြိုးရှည်နှစ်ချောင်း ဖြစ်လာအောင် ချည်လိုက်သည်။ ထို့နောက် ကြိုးနှစ်ချောင်း၏ အစွန်းတစ်ဖက်စီကို သစ်ပင်များထံတွင် မြဲမြံစွာချည်၍ ကျန်ကြိုးစွန်းနှစ်ခုကို တောင်ကြားအောက်သို့ ပစ်ချလိုက်သည်။

"ဟူး...ဟူး..."

ကြိုးစ လေကိုခွင်း၍ ကျဆင်းသွားသောအသံသည် တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကျန်းရီ၏ ရင်မှာလည်း တဒိန်းဒိန်းဖြစ်လာသည်။ သူသည် အံကြိတ်၍ ခုန်ချလိုက်သည်။

သူသည် ကြိုးတစ်ချောင်းကို လက်မှကိုင်၍ လျှောဆင်းသွားခဲ့သည်။ ဆယ်ကီလိုမီတာ ဆင်းပြီးနောက်တွင် သူရပ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကိုသုံး၍ အခြေအနေကို အကဲခတ်လိုက်သည်။

ဆက်တိုက်နေရာရွှေ့ပြောင်းခြင်းဖြင့် သူအောက်သို့ ဆင်းနိုင်သော်လည်း ကြိုးများနှင့် ဖြည်းဖြည်းချင်းဆင်းခြင်းသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူသွားမည့်လမ်းကို စစ်ဆေးနိုင်သည်။ ဤနည်းက ပို၍ဘေးကင်းလေသည်။

"ရှင်းတယ်...သွားစို့"

အခြေအနေကို တစ်ခဏမျှ စူးစမ်းပြီးနောက် ကျန်းရီသည် ဆက်လက်၍ လျှောဆင်းလိုက်သည်။ (၃၃) ကီလိုမီတာ သူဆင်းပြီးနောက်တွင် ကြိုးစ ဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် တောင်ကြားအောက်ခြေသို့ သူမရောက်သေးပေ။ အောက်သို့ ကောင်းကင်စိတ်အာရုံဖြင့် သူမြင်နေရသည့် (၁၇)ကီလိုမီတာပါ ထပ်ပေါင်းလိုက်လျှင် ဤတောင်ကြားသည် (၄၇)ကီလိုမီတာမက နက်သည်ဟု ပြောနိုင်လေသည်။

"ဘေးကင်းဖို့က ပထမပဲ"

ကျန်းရီသည် ကောင်းကင်အဆင့် လက်နက်တစ်ခု ထုတ်ယူ၍ ချောက်ကမ်းပါးနံရံထံ ထိုးစိုက်လိုက်သည်။ ထို့နောက် မီးဝိဉာဉ်ပုလဲထဲမှ ကြိုးစများထုတ်ယူလိုက်ပြန်သည်။ ဤတစ်ခေါက်တွင်လည်း သူသည် နောက်ထပ်(၃၃)ကီလိုမီတာရှိသည့် ကြိုးတစ်ချောင်းရအောင် ကြိုးစများကို ဆက်လိုက်ပြီး တောင်ကြားအောက် ပစ်ချလိုက်ပြန်သည်။

သူသည် အောက်သို့ ဆက်လက်၍ လှျှောဆင်းသွားခဲ့သည်။ နောက်ထပ်(၃၃)ကီလိုမီတာ ဆင်းလာပြီးနောက်တွင် သူ့ကောင်းကင်စိတ်အာရုံသည် တောင်ကြားအောက်ခြေကို မြင်နိုင်သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူမြင်လိုက်ရသော အရာသည် သူ့အား မှင်တက်သွားစေခဲ့သည်။

တောင်ကြားသည် သုံးမြှောင့်သဏ္ဍာန်ရှိပြီး အောက်ခြေသည် အလွန်ကျယ်ဝန်းလေသည်။ သက်ရှိတစ်ခုတစ်လေကိုမျှ ကျန်းရီအာရုံမခံမိပေ။ အောက်တွင် မြေပြင်အနှံ့ တောင်များသဖွယ် ပုံနေသည့် အရိုးစုများသာ ရှိလေသည်။ ခန့်မှန်းခြေအားဖြင့် အရိုးစုများမှာ သောင်းဂဏန်း မကလောက်ပေ။

အရိုးစုများမှာ ပြဿနာမဟုတ်သေး။ အဓိကအချက်မှာ အရိုးစုများအထက်တွင် နိမ့်လိုက်မြင့်လိုက်ဖြင့် ရွေ့လျားနေကြသည့် အဖြူရောင်မီးတောက်များဖြစ်သည်။ အဖြူရောင်မီးတောက်များအတွင်းတွင် မရေမတွက်နိုင်သော လူမျက်နှာများကို ကျန်းရီမြင်နေရလေသည်။ ၎င်းတို့၏ပုံစံမှာ တစ္ဆေမီးတောက်ထဲတွင် ပုန်းအောင်းနေကြသည့် မကောင်းဆိုးဝါးဝိဉာဉ်များ အလားပင်။

"တစ္ဆေမီးတောက်...တမလွန်လောကရဲ့ တစ္ဆေမီးလျှံ"

၎င်းသည် အလွန်လိုက်ဖက်လှသော နာမည်ဖြစ်သည်။ ကျန်းရီ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ သူအနည်းငယ် တုန်လှုပ်နေခဲ့သည်။ ဤမီးလျှံတို့သည် အခြားအမျိုးအစား မီးလျှံဖြစ်နေလျှင် သူလုံးဝကြောက်လန့်မည်မဟုတ်ပေ။ သို့သော် ဤမီးလျှံများသည် ဝိဉာဉ်များ၊ တစ္ဆေများနှင့် ပတ်သက်နေသည်။ မီးတောက်များကိုထိမိရုံနှင့် မကောင်းဆိုးဝါးဝိဉာဉ်များ သူ့ကိုဝင်စီးပါက မည်သို့လုပ်မည်နည်း။

"အခြေအနေကို အရင်လေ့လာရမယ်"

ဤနေရာသို့ ရောက်လာခဲ့ပြီးပြီဖြစ်ရာ သူလက်လျှော့မည်မဟုတ်ပေ။ ဝိဉာဉ်ပျောက်တောင်ကြားမှ တမလွန်လောက၏ တစ္ဆေမီးလျှံတို့သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအကြာတည်းက နယ်မြေတွင် ကျော်ကြားခဲ့သည်။ ဗာဂျရာအဆင့်လူများစွာသည် တောင်ကြားအောက်သို့ဆင်း၍ မီးလျှံတို့ကို ရှာဖွေခဲ့ကြသည်။ အချို့မှာ သေဆုံးသွားခဲ့ကြပြီး အချို့မှာ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ကြသည်။ တမလွန်လောက၏ တစ္ဆေမီးလျှံများမှာ ပုံမှန်မဟုတ်သည့် မီးလျှံများသာဖြစ်ရမည်။ ၎င်းသည် အမှန်တကယ် မကောင်းဆိုးဝါးဝိဉာဉ်များမှ ဖြစ်တည်လာခြင်းဆိုပါက သတင်းပျံ့နေသည်မှာ ကြာလှနေလောက်ပြီဖြစ်သည်။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း ဖြည်းဖြည်းချင်း လျှောဆင်းသွားခဲ့သည်။ မကြာခင်တွင် တောင်ကြားအောက်ခြေ၏ မြောက်ဘက်ခြမ်းတွင် ဂူကြီးတစ်ခုရှိနေကြောင်း သူအာရုံခံမိသွားသည်။ ဂူမည်မျှနက်မှန်းနှင့် ဂူထဲတွင် မည်သည့်အရာရှိနေမှန်းကိုတော့ သူမသိရပေ။ တစ္ဆေမီးတောက်များသည် ဂူအတွင်းဘက်၌လည်း တောက်လောင်နေခဲ့သည်။

ထိုအရာတို့မှတစ်ပါး တောင်ကြားအောက်ခြေတွင် သက်ရှိတစ်ကောင်တစ်လေမှ မရှိပေ။ မည်သည့်အန္တရာယ် အငွေ့အသက်ကိုမှလည်း သူမခံစားမိပေ။

သုံးကြိမ်တိတိ သေချာစစ်ဆေးပြီးသွားသော်လည်း ကျန်းရီမလှုပ်ရှားသေးပေ။ သူသည် အောက်မှတစ္ဆေမီးလျှံများကိုကြည့်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

အတော်ဆုံးမုဆိုးများသည် စောင့်ဆိုင်းတတ်ရန် သင်ယူထားရမည်ဖြစ်သည်။ စိတ်မရှည်သော မုဆိုးတို့မှာ အဆုံးသတ်တွင် သားရဲများ၏ အစာသာဖြစ်ကုန်ကြသည်။ ကျန်းရီသည် တောင်ကြားအောက်ခြေမှ ဆယ်ကီလိုမီတာ ကွာသောနေရာတွင် ကြိုးကို လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်၍ တွဲလွဲခိုနေခဲ့သည်။ သူ၏ကောင်းကင်စိတ်အာရုံမှာလည်း ပတ်ဝန်းကျင်အား အဆက်မပြတ် စစ်ဆေးနေခဲ့သည်။

နှစ်နာရီ၊ လေးနာရီ... ဆယ်နာရီ...အချိန်သည် ကုန်ဆုံးသွားခဲ့သည်။

ကျန်းရီသည် တစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့သည်။ သူ့လက်များ ထုံကျင်နေပြီဖြစ်သော်လည်း သူ့ပုံစံမှာ တည်ငြိမ်နေဆဲပင်။ တစ်ရက်ကြာအောင် စောင့်ဆိုင်း၍ မူမမှန်သည့်အရာ မရှိကြောင်း စစ်ဆေးပြီးနောက် သူလှုပ်ရှားခဲ့သည်။ သူသည် တိုက်ရိုက်ခုန်ချမည့်အစား ကောင်းကင်အဆင့်လက်နက်တစ်ခုကို မီးဝိဉာဉ်ပုလဲအတွင်းမှထုတ်၍ တစ္ဆေမီးလျှံရှိရာဆီသို့ အရင်ပစ်ချလိုက်သည်။

ဝှစ်...

ချွမ်...ချွမ်...

ကောင်းကင်အဆင့် ဓားရှည်သည် လေကိုခွင်း၍ ကျဆင်းသွားခဲ့ပြီး တောင်ကြား၏ ချောက်ကမ်းပါးနံရံနှင့် တိုက်သွားခဲ့သည်။ ဓားသံမှာ တောင်ကြားအတွင်း ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သော်လည်း ကျန်းရီသည် ထိုအသံကို အာရုံမစိုက်ခဲ့ပေ။ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့သည်။

ကောင်းကင်အဆင့်ဓားရှည်သည် တစ္ဆေမီးလျှံနှင့် နီးကပ်သွားပြီးနောက် မျက်စိအောက်တွင်ပင် လျင်လျင်မြန်မြန် အရည်ပျော်လာခဲ့သည်။ မီးလျှံအလယ်ခန့်သို့ ဓားရောက်သွားချိန်တွင် ဓားမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး ငွေရောင်သံရည်ပူများအဖြစ်နှင့် အောက်မှအရိုးစုများပေါ်သို့ တစ်စက်စက် ကျဆင်းသွားခဲ့သည်။

ရှဲ...ရှဲ...

သံရည်ပူသည် အရိုးစုတွင် အခေါင်းပေါက်တစ်ခု ဖြစ်သွားစေခဲ့သည်။ အဖြူရောင်အရိုးများမှ မီးခိုးများလည်း ထွက်လာခဲ့ပြီး ပုပ်အဲ့အဲ့အနံ့ဆိုးတစ်ခုကပါ လှိုက်တက်လာလေသည်။ ကျန်းရီသည် တံတွေးတစ်ချက်မျိုချရင်း မီးလျှံများကို ကြည့်လိုက်သည်။ သို့သော် သူ့အကြည့်တို့မှာ အဝတ်မပါသည့် မိန်းကလေးကို ကြည့်နေသည့်အလား အာသာတငမ်းငမ်းဖြစ်နေသည်။

ဤသည်မှာ အမှန်တကယ် ကမ္ဘာ့မီးလျှံထက် ဆယ်ဆပိုပြင်းထန်သည့် မီးလျှံများဖြစ်နေသည်။

ကမ္ဘာ့မီးလျှံသည် ကောင်းကင်အဆင့် လက်နက်ကို အရည်ပျော်စေရန် အနည်းဆုံး တစ်နာရီခန့် ကြာမြင့်သည်။ တမလွန်လောက၊ တစ္ဆေမီးလျှံများ၏ အပူချိန်မှာ ကောင်းကင်မီးလျှံထက်မြင့်၍ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံထက် နိမ့်သည်ဟု ကျန်းရီသိလိုက်သည်။ သို့သော် ၎င်းတို့သည် မီးဝိဉာဉ်ကျောက်တုံးမှ ထုတ်ပေးသည့် မီးလျှံထက် အဆပေါင်းများစွာ နိမ့်ကျလေသည်။

"ဒါကို ကောင်းကင်ဖျက်မီးကျင့်စဉ်နဲ့ သန့်စင်လိုက်ရင် အဆအများကြီး အားပြင်းလာလောက်တယ်။ အဲ့ဒီရလာတဲ့မီးလျှံက ကောင်းကင်ကိုးဆင့်နဂါးမီးလျှံထက် အများကြီးပိုကောင်းမှာ သေချာတယ်။ ကောင်းကင်ကြယ်စွမ်းအားရဲ့ အကူအညီနဲ့ဆိုရင် မီးလျှံရဲ့စွမ်းအား အများကြီး တိုးတက်လာဦးမှာ..."

ကျန်းရီသည် သူသန့်စင်ပြီးနောက်တွင် တစ္ဆေမီးလျှံများ မည်မျှအားကောင်းလာမည်ကို မသိသော်လည်း တစ်ခုကိုတော့ သူသေချာလေသည်။ အနီးကပ်အကွာအဝေးမှ သူရုတ်တရက် တမလွန်လောက၊ တစ္ဆေမီးလျှံများကို ထုတ်လွှတ်၍ တိုက်ခိုက်နိုင်လျှင် လင်းဂိုဏ်း၏ ဘိုးဘေးကြီးကို ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရစေနိုင်ဘဲ သူ သေချာပေါက် အနိုင်ယူနိုင်သည်။

"ငါဒီမီးလျှံကို ရအောင်ယူမယ်"

ကျန်းရီသည် နောက်ထပ်ကောင်းကင်အဆင့် လက်နက်တစ်ခုကို ထပ်ပစ်ချ၍ တစ္ဆေမီးတောက်သည် မီးလျှံသက်သက်သာဖြစ်ကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ ထို့နောက် သူ့ကိုယ်မှ အဖြူရောင်အလင်းတို့ လင်းလက်လာခဲ့ပြီး နေရာရွှေ့ပြောင်းလိုက်သည်။ မီးဝိဉာဉ်ပုလဲသည် တစ္ဆေမီးလျှံများ အနီးသို့ သူရောက်သွားသည်နှင့် ချက်ချင်း တောက်ပလာခဲ့သည်။ ၎င်းသည် သူ့ကို တစ္ဆေမီးလျှံများ လောင်ကျွမ်းမည့် အန္တရာယ်မှ ကာကွယ်ရုံသာမက တစ္ဆေမီးလျှံများကိုလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် အလွန်လျင်မြန်စွာ စုပ်ယူနေခဲ့သည်။ မျက်တောင်တစ်ခတ်စာအတွင်းတွင် လူဦးခေါင်း အရွယ်ခန့်ရှိသည့် မီးလုံးကြီးနှစ်လုံး စုပ်ယူခံလိုက်ရသည်။

ဘတ်...ဘတ်...

ထိုခဏတွင် ထူးဆန်းလှသော အသံတစ်သံသည် ကျန်းရီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ ကျန်းရီ၏ နှလုံးသည် ထိုအသံနှင့်အတူ ရင်ထဲတွင် တဒုတ်ဒုတ် ခုန်လာခဲ့သည်။ သူသည် မြောက်ဘက်ရှိ ဂူရှိရာဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သူ့ကိုယ်မှာလည်း အားကောင်းသည့် ရန်သူတစ်ဦးကို ရင်ဆိုင်ရတော့မည့်အလား တောင့်တင်းလာခဲ့သည်။

ထိုကြောက်မက်ဖွယ် တည်ရှိမှုသည် နောက်ဆုံးတွင် သူ့အလိုလို ကိုယ်ထင်ပြလာခဲ့ပြီ ဖြစ်သည်။

***

All Chapters