လူမျက်နှာနှင့် မကောင်းဆိုးဝါး
Vol. 1 Ch. 460
"ဝူး...ဟူး..."
အသံသည် ဆက်၍ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ နားထဲတွင် ထိုအသံမှတစ်ပါး ဘာကိုမှ မကြားရတော့ပေ။ ထိုအသံသည် စိတ်ဝိဉာဉ်ထဲထိ ဝင်ရောက်နိုင်ပြီး မဖော်ပြနိုင်သည့် စွမ်းအင်တစ်မျိုး ပါဝင်နေလေသည်။ ထိုအသံသည် လူတို့၏ စိတ်နှလုံးအား အသံနှင့်အတူ ခုန်လှုပ်စေနိုင်ရာ အလွန်ကြောက်စရာကောင်းလှသည်။
ရွှမ်...
ကျန်းရီ၏ ကိုယ်သည် အဖြူရောင်အလင်း တောက်ပလာခဲ့သည်။ သူသည် နေရာမှပျောက်ကွယ်သွားခဲ့ပြီး အပေါ်ဘက်သို့ ချက်ချင်းနေရာရွှေ့ပြောင်းလိုက်သည်။ ကီလိုမီတာ အတော်ဝေးဝေးရောက်အောင် နေရာရွှေ့ပြောင်းပြီးနောက်တွင် သူရပ်တန့်လိုက်ပြီး တောင်ကြား၏မြောက်ဘက်ပိုင်းကို ကောင်းကင်စိတ်အာရုံဖြင့် သေချာစူးစမ်းလိုက်သည်။
"ဝူး...ဟူး..."
အသံသည် ပို၍ကျယ်လောင်လာခဲ့ပြီး မြန်သထက် မြန်လာခဲ့သည်။ ကျန်းရီ၏ နှလုံးခုန်သံမှာလည်း အလွန်မြန်ဆန်လာခဲ့သည်။ သူ့နှလုံးသည် ရင်ဘတ်ထဲမှ အချိန်မရွေး ထွက်ကျလာတော့မည့်အလား သူခံစားနေရပြီး သွေးများမှာလည်း ပြောင်းပြန်စီးလာတော့မည့်အလားပင်။ သို့သော်လည်း ထိုကြောက်စရာကောင်းသည့် တည်ရှိမှုကို ကောင်းကင်စိတ်အာရုံဖြင့် သူအာရုံမခံမိသေးပေ။
ဒုတ်...ဒုတ်...
သူ့နှလုံးခုန်နှုန်းသည် မြန်သထက်မြန်လာသော်လည်း သူထွက်မပြေးခဲ့ပေ။ အနည်းဆုံးတော့ ထိုမကောင်းဆိုးဝါးကို သူမယှဉ်နိုင်ကြောင်း သေချာသွားမှသာ သူထွက်ပြေးမည်ဖြစ်သည်။ တောင်ကြားတစ်ခုလုံးရှိ တစ္ဆေမီးတောက်များမှာ အဝတ်မပါသော မိန်းကလေးများနှယ် လာရောက်ယူဆောင်ပါရန် သူ့အား ညှို့ငင်နေကြလေသည်။
"ဝူး...ဟူး..."
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ထိုမကောင်းဆိုးဝါးသည် ၎င်း၏ ရုပ်ဆိုးလှသော မျက်နှာကို ထုတ်ပြလာခဲ့သည်။
ထိုသတ္တဝါသည် အလွန်ကြောက်စရာ၊ ရွံရှာစရာကောင်းသည့် ပုံပန်းသွင်ပြင် ရှိလေသည်။ ၎င်းသည် ဖားပြုပ်တစ်ကောင်နှင့်တူပြီး တစ်ကိုယ်လုံးတွင် သွေးများ၊ ပြည်များ စိမ့်ထွက်နေသည့် အဖုအပိမ့်များ အပြည့်ရှိနေသည်။ ၎င်းကို တစ်ချက်ကြည့်မိရုံမျှနှင့်ပင် အန်ချင်စရာ ကောင်းလာသည်။ အထူးဆန်းဆုံးမှာ ထိုဖားပြုပ်တွင် လူသားမျက်နှာတစ်ခု ရှိနေခြင်းပင်။
၎င်း၏ မျက်နှာသည် လူသားအစစ်၏ မျက်နှာနှင့်တော့ အနည်းငယ် ကွဲပြားလေသည်။ ကျန်းရီသည် ၎င်းကို သူ့ကောင်းကင်စိတ်အာရုံနှင့် မြင်မိစတွင် ဖြစ်ပေါ်လာသော ပထမဆုံး အတွေးမှာ လူသားမျက်နှာနှင့်တူသည်ဟုပင်။ ထိုမျက်နှာပေါ်တွင်လည်း ပြည်များ၊ အဖုအပိမ့်များ ရှိနေခဲ့သည်။
ထိုမကောင်းဆိုးဝါးသည် အကောင်မကြီးဘဲ နွားပေါက်သာသာခန့်သာ အရွယ်အစား ရှိလေသည်။ သို့သော်လည်း ဤမျှ ကြီးသည့် ဖားပြုပ်တစ်ကောင် ရှိနေခြင်းကပင် ကြောက်စရာကောင်းလှပြီဖြစ်သည်။
ဤလူမျက်နှာသည် ဖားပြုပ်သည် အလွန်အန္တရာယ်များလှကြောင်း ကျန်းရီခံစားနေမိသည်။ အထူးသဖြင့် ပိန်လိုက်ဖောင်းလိုက်ဖြင့် ထိုကြောက်စရာကောင်းသည့်အသံကို ဖန်တီးနေသော ၎င်း၏ဝမ်းဗိုက်ဖြစ်သည်။ ကျန်းရီသည် နေရာမှ ထွက်ပြေးချင်စိတ်ပင် ပေါက်လာသည်။
ဤမကောင်းဆိုးဝါး မည်မျှအစွမ်းထက်သနည်း။
ကျန်းရီမသိချေ။ သို့သော် ၎င်းသည် ပုံမှန်နတ်ဆိုးသားရဲဘုရင်တစ်ကောင်ထက် အားမနည်းကြောင်း သူသေချာနေသည်။ နတ်ဆိုးသားရဲများနှင့် ပင်လယ်နတ်ဆိုးသားရဲများ၏ အင်အားသည် ၎င်းတို့၏ အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျလေသည်။ ပုံမှန်အားဖြင့် တတိယအဆင့် နတ်ဆိုးသားရဲများမှာ (၁၀)မီတာမှ (၁၇)မီတာအထိ ရှည်လျားသည်။ ကျန်းရီမြင်ဖူးခဲ့သည့် နတ်ဆိုးသားရဲဘုရင်များတွင် အသေးဆုံးမှာ (၂၇)မီတာ ရှည်လျားပြီး (၁၀)မြင့်ကာ တောင်ငယ်တစ်လုံးနှင့် တူလေသည်။ သို့သော်လည်း ဤမကောင်းဆိုးဝါးသည် နွားပေါက်တစ်ကောင်၏ အရွယ်အစားခန့်သာရှိရာ တစ်ခုခု မူမမှန်ဖြစ်နေကြောင်း ထင်ရှားသည်။
"ဝူး...ဟူး..."
လူမျက်နှာနှင့် ဖားပြုပ်သည် ၎င်း၏ ဝမ်းဗိုက်ကို ပို၍မြန်မြန် ဖောင်းလိုက်ပိန်လိုက်လုပ်နေရာ ကျန်းရီ၏ နှလုံးခုန်နှုန်းမှာလည်း မြန်သထက်မြန်လာနေသည်။ သူသည် ပို၍နေရထိုင်ရခက်လာခဲ့သည်။ ထိုလူမျက်နှာနှင့် မကောင်းဆိုးဝါးသည် လုံးဝမလှုပ်ရှားဘဲ ဂူအဝတွင်သာ ရပ်တန့်နေခဲ့ပြီး ကျန်းရီရှိသည့်ဘက်သို့ ကြည့်နေခဲ့သည်။ ၎င်း၏မျက်လုံးထဲတွင် လှောင်ရိပ်များ အတိုင်းသားဖြစ်သည်။
"သွားမယ်"
ထိုလူမျက်နှာနှင့် ဖားပြုပ်၏ အကြည့်သည် စိန်ခေါ်နေသည့် အကြည့်မှန်း ကျန်းရီ သဘောပေါက်လိုက်သည်။ ဤနတ်ဆိုးသားရဲသည် ဉာဏ်ရည်မြင့်လေရာ ၎င်း၏အင်အားမှာ ကောင်းသည်ဟု သတ်မှတ်နိုင်သည်။ တတိယအဆင့် နတ်ဆိုးသားရဲများသည် အသိဉာဏ်အနည်းငယ်ရှိပြီး နတ်ဆိုးသားရဲဘုရင်များမှာ လူသားတစ်ဦးနီးပါး အသိဉာဏ်မြင့်လေသည်။ ၎င်းတို့သည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် လူသားအသွင်သို့ ပြောင်းလဲနိုင်ပြီး စကားပါ ပြောတတ်လာကြသည်။ ဤလူမျက်နှာနှင့်ဖားပြုပ်ကောင်သည် အခြားသူများကို မည်သို့လှောင်ပြောင်ရမည်ကိုပါ သိနေလေရာ ၎င်း၏အင်အားသည် နတ်ဆိုးသားရဲဘုရင်အဆင့်သို့ အနည်းဆုံးရောက်နေပေလိမ့်မည်။
ဝှစ်...
ကျန်းရီ၏ ကိုယ်မှ အဖြူရောင်အလင်း တောက်ပလာခဲ့ပြီး အပေါ်သို့ လျင်မြန်စွာ နေရာရွှေ့ပြောင်းလိုက်သည်။ သူသည် လက်ရှိအချိန်တွင် အသက်ကိုရင်း၍ ရန်သူကို ပမာမခန့် မပြုရဲပါချေ။ အခြားနည်းလမ်းလုံးဝ မရှိမှသာ သူ့အသက်ကိုရင်း၍ ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။
"ဟမ်..."
အချိန်အနည်းငယ်ကြာ နေရာရွှေ့ပြောင်းပြီးနောက်တွင် ကျန်းရီသည် တစ်စုံတစ်ခု မှားနေမှန်း သတိပြုမိလိုက်သည်။ သူသည် သူ့အထက်မှ အနက်ရောင်မြူခိုးများ၏ တည်ရှိမှုကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။ တောင်ကြား၏ အဝတွင် အနက်ရောင်မြူခိုးများ ရှိသည်မှာမှန်သော်လည်း ၎င်းတို့သည် မြေပြင်မှ ဆယ့်ခုနှစ်ကီလိုမီတာအကွာတွင် ရှိခဲ့ခြင်းဖြစ်သည်။ ထိုနေရာထက်နိမ့်သည့်နေရာတွင် ဘာမြူခိုးမှ မရှိခဲ့ပေ။ ယခုသူသည် တောင်ကြားအောက်ခြေမှ သုံးဆယ့်သုံးကီလိုမီတာအကွာတွင်သာ ရှိနေသေးရာ ဤအနက်ရောင်မြူခိုးများ မည်သည့်နေရာက ရောက်လာလေသနည်း။
"ဒီအနက်ရောင်မြူတွေက တောင်ကြားအောက်ခြေကို ပျံ့လာတာလား"
ကျန်းရီသည် နောက်ပြဿနာတစ်ခုကို သတိထားမိသွားခဲ့သည်။ အနက်ရောင်မြူခိုးများသည် အနက်ရောင်တိမ်များအလား လျင်လျင်မြန်မြန် နိမ့်ဆင်းလာနေခြင်းဖြစ်သည်။ နောက်တစ်စက္ကန့်တွင် ထိုမြူခိုးများသည် သူဘေးပတ်လည်ရှိ ချောက်ကမ်းပါးနံရံများတွင် ထိတ်လန့်စရာကောင်းစွာ ပေါ်ထွက်လာခဲ့လေသည်။ အနက်ရောင်မြူခိုးများသည် သူ့အား ကိုယ်ထည်မဲ့သည့် မကောင်းဆိုးဝါးသဖွယ် သုံးဖက်သုံးတန်မှ ဖိနှိပ်လာခဲ့ကြသည်။
"ငါဒီမြူခိုးတွေကို ဖြတ်လာခဲ့တုန်းက သူတို့မှာအဆိပ်ရှိတယ်ဆိုတာ ခံစားမိခဲ့တယ်။ အခု အဲ့ဒါတွေ ဒီရောက်လာတာ ဘာသဘောလဲ"
ကျန်းရီသည် ကြိုးတစ်ချောင်းကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အလျင်စလို နေရာရွှေ့ပြောင်းခြင်းမပြုဘဲ အရင် စဉ်းစားလိုက်သည်။ တကယ်တမ်းတွင် သုံးဆယ့်သုံးကီလိုမီတာကို သူတစ်ကြိမ်တည်းနှင့် နေရာရွှေ့ပြောင်းနိုင်နေပြီဖြစ်သည်။ သို့သော် သူ့လက်ရှိနေရာသည် တောင်ကြားအဝနှင့် အတော်လှမ်းနေသေးသည်။ နေရာရွှေ့ပြောင်းပြီးနောက် အနက်ရောင်မြူခိုးများကြား သူ ရောက်နေပါက သူသေပြီဖြစ်သည်။
ဝှစ်...
သူသည် အနက်ရောင်မြူခိုးများကို ထိတ်လန့်စွာကြည့်လိုက်ပြီး မီးဝိဉာဉ်ပုလဲထဲမှ ကောင်းကင်အဆင့် လက်နက်တစ်ခုကို ထုတ်ကာ အနက်ရောင်မြူခိုးများဆီ လှမ်းပစ်လိုက်သည်။ မကြာခင်တွင် သူ့အမူအရာမှာ ပို၍ မသာမယာ ဖြစ်လာခဲ့သည်။
သူပစ်လိုက်သော ကောင်းကင်အဆင့်လက်နက်သည် အနက်ရောင်မြူခိုးများကြား ရောက်ရှိသွားပြီးနောက် ၎င်း၏မျက်နှာပြင်မှာ စတင်တိုက်စားခံလာခဲ့ရသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံထဲတွင် အနက်ရောင်မြူခိုးများ၏ လက်နက်ကို တိုက်စားနှုန်းမှာ အလွန်မမြန်သော်လည်း အချိန်တိုအတွင်း လက်နက်၏ ငါးပုံတစ်ပုံ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။
ကောင်းကင်အဆင့်လက်နက် မည်မျှမာကျောသနည်း။
ကျန်းရီတွင် အတော်အသင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသော်လည်း ကောင်းကင်အဆင့်လက်နက်နှင့်ယှဉ်လျှင် အတော်လေး အားနည်းနေသေးသည်။ သူသာ ထိုအနက်ရောင်မြူခိုးများအကြား ရောက်ရှိသွားလျှင် ချက်ချင်းအရိုးစု ဖြစ်သွားနိုင်လေသည်။
"ဝူး...ဟူး..."
အောက်မှ ထူးထူးဆန်းဆန်း အသံသည် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ ကျန်းရီသည် လူမျက်နှာနှင့် ဖားပြုပ်ထံမှ လှောင်ပြောင်လိုသည့် မျက်လုံးတစ်စုံကို ပြန်သတိရသွားသည်။ ယခု သူနားလည်သွားခဲ့ပြီဖြစ်သည်။ ဤအနက်ရောင်မြူခိုးများသည် လူမျက်နှာနှင့်ဖားပြုပ်၏ လက်ချက်သာဖြစ်ရမည်။ ၎င်းသည် မည်သို့မှ လှုပ်ရှားမလာခဲ့ခြင်းမှာ ကျန်းရီမလွတ်မြောက်နိုင်ကြောင်း ကြိုသိနေ၍ဖြစ်သည်။
အနက်ရောင်မြူခိုးများသည် လျင်လျင်မြန်မြန် ပျံံ့နှံ့လာခဲ့ပြီး ကျန်းရီနှင့် အလွန်နီးကပ်လာခဲ့သည်။ ကျန်းရီသည် ရုတ်တရက် လက်မှ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို ထုတ်ဖော်လိုက်သည်။ ထိုမီးလျှံများသည် အနက်ရောင်မြူခိုးများကို ဖြိုခွင်းနိုင်မည်လားဟု သူစမ်းသပ်လိုက်ခြင်းဖြစ်သည်။
အဆုံးတွင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများသည်လည်း အနက်ရောင်မြူခိုးများကြား ဖြတ်သန်းရင်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းရီသည် အကြံကုန်လုနီးပါး ဖြစ်သွားခဲ့သော်လည်း အလျင်အမြန် နောက်အကြံတစ်ခု ရသွားခဲ့သည်။ သူသည် စကြဝဠာနန်းတော်ကိုထုတ်၍ တတိယထပ်မှ နတ်ဆိုးသားရဲ အမြောက်အများကို အနက်ရောင်မြူခိုးများထံ ပြေးဝင်သွားစေလိုက်ပြီး မြူခိုးများသည် နတ်ဆိုးသားရဲများကို အန္တရာယ်ပေး၊မပေး စမ်းသပ်လိုက်သည်။
"ဝူး....ဝူး..."
ရလဒ်မှာ ပို၍ စိတ်ဓာတ်ကျစရာ ကောင်းချေသေးသည်။ ထိုတတိယအဆင့် နတ်ဆိုးသားရဲများသည် မြူခိုးများနှင့် ထိတွေ့မိသည်နှင့် အသားစများပြိုကွဲသွားကာ အရိုးစုများအဖြစ် ချက်ချင်းပြောင်းသွားပြီး အောက်သို့ပြုတ်ကျကုန်ကြသည်။
"ငါထွက်ပြေးစရာ နည်းလမ်းမရှိတော့ဘူး"
ထိုခဏတွင် ကျန်းရီ၏ ထိတ်လန့်မှုများ ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်း တည်ငြိမ်လာခဲ့သည်။ သူသည် သူ့အသက်ကို အလွယ်တကူ အထိခိုက်မခံနိုင်သော်လည်း နောက်ဆုတ်စရာ နည်းလမ်းမရှိပါက သူကြောက်လန့်နေတော့မည် မဟုတ်ပေ။ နောက်ဆုံးထွက်သက်ထိတိုင်အောင် သူတိုက်ခိုက်သွားမည်ဖြစ်သည်။
ထိုအနက်ရောင်မြူခိုးများကို သူဖြတ်သွားရန် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ ၎င်းတို့ကို ရွေ့လျားလာစေရန် ထိန်းချုပ်နေသူမှာ အနှီလူမျက်နှာနှင့်ဖားပြုပ်ဖြစ်သည်။ ထို့ကြောင့် သူအသက်ရှင်လျက် ထွက်သွားလိုပါက ထိုလူမျက်နှာနှင့် ဖားပြုပ်ကို သတ်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။
ဝှစ်...
မီးနဂါးဓား ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် အဖြူရောင်အလင်းတန်းနှင့်အတူ အောက်ဘက်သို့ နေရာရွှေ့ပြောင်းလိုက်သည်။ လူမျက်နှာနှင့်ဖားပြုပ်၏ သုံးကီလိုမီတာ အကွာခန့်သို့ ရောက်သောခဏတွင် သူသည် ဓားကို လွှဲယမ်းလိုက်သည်။
လေပြည်အသင်္ချေ...
ထောင်သောင်းချီသော မီးနဂါးငယ်လေးများသည် လောကကြီးတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့်နှယ် အရှိန်ပြင်းပြင်းနှင့် ပြေးထွက်သွားကြသည်။ လက်ရှိအချိန်တွင် ကျန်းရီ၏ အတွင်းအားသည် အလွန်အားကောင်းနေပြီဖြစ်သည်။ မိန်းမစိုး အသက်ရှိနေသေးပါက ဤတိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။
"ဝူး...ဟူး...."
သို့သော် လူမျက်နှာနှင့် ဖားပြုပ်သည် နေမြဲအတိုင်း ၎င်း၏ဗိုက်ကြီးကို ဖောင်းလိုက်ပိန်လိုက်လုပ်၍သာ နေခဲ့သည်။ ထို့နောက် ၎င်းသည် ပါးစပ်ကိုဖွင့်၍ အနက်ရောင်အရည်များကို မီးနဂါးငယ်လေးများရှိရာသို့ ထွေးထုတ်လာခဲ့သည်။
မီးနဂါးလေးများသည် ထိုအနက်ရောင်အရည်များနှင့် ထိတွေ့ပြီးသည်နှင့် လေထဲတွင်ပင် ချက်ချင်းပျောက်ကွယ်သွားခဲ့ကြသည်။ မြင်ကွင်းမှာ ပင်လယ်ထဲကျသွားသည့် မီးစများ ချက်ချင်းငြိမ်းသေသွားသည့်နှယ်။
"ငါထင်ထားသလိုပဲ...ဒီကောင်က နတ်ဆိုးသားရဲဘုရင်အဆင့်လောက်ရှိတဲ့ မိစ္ဆာကောင်ဖြစ်နေတာကိုး"
ကျန်းရီ၏ မျက်လုံးများသည် အဆတ်မပြတ် လှုပ်ရှားနေခဲ့သည်။ သူသည် အောက်ဘက်သို့ ဆက်တိုက်နေရာရွှေ့ပြောင်းနေခဲ့ပြီး သူ့မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များ ဖြတ်ခနဲ ပေါ်ထွက်လာခဲ့သည်။ သူသည် မီးနဂါးဓားကို လွှဲယမ်း၍ လေပြည်အသင်္ချေကို ထုတ်ဖော်လိုက်သည်။ ထို့နောက်တွင် သူသည် အလျင်အမြန် နေရာရွှေ့ပြောင်းလိုက်ပြီး ဓားချက်တစ်ခု ပစ်လွှတ်လိုက်ပြန်သည်။ ထို့နောက် သူသည် ထပ်မံနေရာရွှေ့ပြောင်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် လူမျက်နှာနှင့်ဖားပြုပ်၏ နောက်ဘက်၊ တောင်ကြား၏ အောက်ခြေသို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။ သူ့လက်များသည် အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ သူသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို အလျင်အမြန် စုစည်းလိုက်ပြီး လက်ဝါးရိုက်ချက်တစ်ခု ပစ်လွှတ်လိုက်သည်။ မီးပင်လယ်တစ်ခုသည် လူမျက်နှာနှင့်ဖားပြုပ်အား ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။
"ဝူး...ဟူး..."
လူမျက်နှာနှင့် ဖားပြုပ်သည် ထိတ်လန့်ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ ရှိဟန်မတူဘဲ ကျန်းရီရှိရာသို့ အေးအေးလူလူ လှည့်ကြည့်လာခဲ့သည်။ ထုံးစံအတိုင်း ၎င်း၏မျက်လုံးများမှာ လှောင်ရိပ်တို့ ပြည့်နေခဲ့သည်။
"မကောင်းတော့ဘူး"
ထိုခဏတွင် ကျန်းရီသည် အလွန်ခြောက်ခြားသွားခဲ့သည်။ သေစေနိုင်လောက်အောင် အန္တရာယ်များကြောင်း သတိပေးချက်တစ်ခုသည် သူ့စိတ်ဝိဉာဉ် အတွင်းမှ လှိုက်တက်လာခဲ့သည်။ သူ့ကိုယ်မှ အဖြူရောင် အလင်းများ ဖြာထွက်လာခဲ့ပြီး ချက်ချင်းနေရာရွှေ့ပြောင်းနိုင်ရန် အသင့်ပြင်လိုက်သည်။
***