← Chapters

မင်းရဲ့အသက်နဲ့လား

Vol. 50 Ch. 686

မင်းရဲ့အသက်နဲ့လား

Vol. 50 Ch. 686

ချလန်း.....

ဇူယွမ်နှင့် ဝူဟောင်တို့ တိုက်ခိုက်ရာနေရာမှ ကျယ်လောင်ပြင်းထန်သော အသံများစွာ ထွက်ပေါ်နေလျက် ရှိသည်။

ကြီးမားလှသော ကျောက်ဆောင်ကြီးမှာလည်း ဖြည်းညင်းစွာဖြင့် တစ်လက်မချင်းစီ စတင်ပြိုကျနေရပြီ ဖြစ်သည်။

ကျစ်လစ်ခိုင်ခံ့သော မြေလွှာများမှာလည်း အလွှာလိုက် လေထုထဲသို့ မ တင်ခြင်း ခံနေရလေသည်။

တိုက်ခိုက်လိုက်တိုင်းတွင် ဇူယွမ်နှင့် ဝူဟောင်နှစ်ဦးစလုံးမှာ အဝေးသို့ လွင့်စင်သွားကြရပြီး မြေပြင်တလျှောက်တွင် ကြီးမားရှည်လျားသော စွတ်ကြောင်းများကို ဖြစ်ပေါ်သွားစေလျက် ရှိသည်။

ဇူယွမ်မှာ အဝေးတွင်ရှိနေသော ဝူဟောင်အား စူးရဲစွာ ကြည့်ရှုလိုက်သည်။ ဝူဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားများ ဆုတ်ခွာခြင်းခံထားရသကဲ့သို့ သွေးနီရောင် ရဲရဲတောက်နေလေသည်။

ထို့အပြင် ဝူဟောင်၏ ခန္ဓာကိုယ်တဝိုက်တွင်လည်း သွေးနီရောင် ချီစွမ်းအင်များ လှည့်ပတ်နေသေးသည်။

ဇူယွမ်မှာ ဝူဟောင်သည် ယခင်ကထက် အဆပေါင်းများစွာ ပို၍သန်မာလာသည်ကို ကောင်းစွာခံစားနေမိသည်။

ဇူယွမ်သည် ဆန်းကြယ်သောကျောက်စိမ်းရောင်အသားအရေနှင့် ငွေခြည်ကြယ်ပွင့်အသွေးအသားတို့ကို အသုံးပြုခဲ့ပါသော်လည်း ဝူဟောင်၏ အသူရာသွေးခန္ဓာမှာ အပြည့်အဝ ခံနိုင်ရည်ရှိနေခဲ့သည်။

"အသူရာသွေးခန္ဓာ..." ၎င်းသည် မြင့်မြတ်သောနန်းတော်မှ နန်းဆောင်သခင် ရှမ့်ယွမ်၏ အဖိုးတန်သော အရာတစ်ခုဖြစ်ရမည်ဟု ဇူယွမ်မှ တွေးတောလိုက်မိသည်။

ဝူဟောင်သည် ဇူယွမ်ကဲ့သို့ ပြင်ပသန်မာမှုကျင့်စဉ်အား ကျင့်ကြံထားခြင်း မရှိပါသော်လည်း သူ၏အသူအရာသွေးခန္ဓာမှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်နှင့်ပင် နှိုင်းယှဉ်၍ရလောက်အောင် သန်မာနေပေသည်။

ဝူဟောင်သည် ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာအား နှစ်ပေါင်းများစွာ ရယူထားနိုင်သည့် ကျောင်းထိုက်ရှင်းအား အနိုင်ရခဲ့သည်မှာ မထူးဆန်းတော့ပေ။ ယင်းအသူရာသွေးခန္ဓာ၏ စွမ်းအင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ဇူယွမ်နှင့် ဝူဟောင်တို့ စတင်တိုက်ခိုက်ကြသည်နှင့်တစ်ပြိုင်နက် ယောင်းယွမ်သူတော်စင်မြို့တော်အပြင်ဖက်ရှိ တိုက်ပွဲမှာ အားနည်းသွားရပြီး လူတိုင်းမှာ ကောင်းကင်ထက်တွင် ပျံဝဲလျက် ဇူယွမ်တို့နှစ်ဦး၏ တိုက်ပွဲကိုသာ အာရုံစိုက်ကာ ကြည့်ရှုလိုက်ကြသည်။

ချူချင်းနှင့် ကျောင်းထိုက်ရှင်း နှစ်ဦးစလုံးမှာလည်း ယနေ့ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ တိုက်ပွဲသည် ဟန်ပြသက်သက်သာဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။

ယနေ့၏ အစစ်အမှန် စောင့်ကြည့်ရမည့် တိုက်ပွဲမှာ ယောင်းယွမ်သူတော်စင်မြို့တော်အတွင်း ရှိနေကြသော ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲတစ်ခုတည်းသာ ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်နှင့် ဝူဟောင်တို့ စတင်တိုက်ခိုက်ကြသည်နှင့်တစ်ပြိုင်နက် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ တိုက်ခိုက်မှုအရှိန်အား လျှော့ချလိုက်ကြပြီး သက်တောင့်သက်သာဖြင့်သာ ယောင်းယွမ်သူတော်စင်မြို့တော် အလယ်ဗဟိုအား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

"ကြည့်ရတာ ဇူယွမ်က အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကို ကျင့်ကြံပြီးသွားပြီထင်တယ်။" ကျောင်းထိုက်ရှင်းမှ ချူချင်းအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဒါပေမယ့် ဝူဟောင်ရဲ့ အသူရာသွေးခန္ဓာကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး။"

ချူချင်းမှ မျက်မှောင်ကျုံ့ကာ ပြုံး၍ပြောလိုက်သည်။ "ဂျူနီယာညီတော် ဇူယွမ်ဆီမှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်တစ်ခုပဲ ရှိတာမဟုတ်ဘူး။"

ကျောင်းထိုက်ရှင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဝူဟောင်၏ ခန္ဓာကိုယ်အား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းကိုခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အသုံးဝင်မှာ မဟုတ်ဘူး။ အသူရာသွေးခန္ဓာက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မင်းတို့မသိသေးပါဘူး။"

"မင်းတို့ကန်ရွှမ်းကလန်က ဒီတစ်ခါတော့ ဘယ်လိုမှမတက်နိုင်ပဲ အရှုံးကိုပဲ ရင်ဆိုင်ရလိမ့်မယ်။"

ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်တစ်နေရာတွင် ကျိုးချူးချင်ယု၊ လုလျို၊ လီချွမ်းကျင်နှင့် အခြားသူများမှာလည်း ဇူယွမ်တို့၏ တိုက်ပွဲအား လေးနက်ဆိတ်ငြိမ်သော မျက်ဝန်းများဖြင့် စောင့်ကြည့်နေလျက် ရှိကြသည်။

"ဝူဟောင်က အများကြီးသန်မာလာတာပဲ။" လီချွမ်းကျင်မှ စကားဆိုလိုက်သည်။ သူသည် အမြင်အာရုံ ချို့ယွင်းနေသူဖြစ်ပါသော်လည်း ခံစားသိရှိမှုတွင် အခြားသူများထက်ပို၍ ကောင်းမွန်သူ ဖြစ်သည်။ လက်ရှိအချိန်တွင် ဝူဟောင်မှာ ကိုးခုမြောက် မြေအောက်ကမ္ဘာမှ ထွက်ပေါ်လာသော နတ်ဆိုးအသူရာတစ်ပါးကဲ့သို့ အလွန်ပင် ပြင်းထန်သောစွမ်းအင်များအား ပိုင်ဆိုင်ထားလျက် ရှိနေသည်ကို လီချွမ်းကျင်မှ ကောင်းစွာခံစားနေမိသည်။

"ဇူယွမ်က နိုင်ရောနိုင်ပါ့မလား။" လုလျိုမှ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

မည်သူကမှ လုလျို၏မေးခွန်းအား ပြန်လည်​​ဖြေကြားခြင်းမရှိပေ။ ကျိုးချူးချင်ယုမှာလည်း သူမ၏ နှုတ်ခမ်းသားကိုသာ ခပ်တင်းတင်း ဖိကိုက်ထားလျက် ရှိသည်။ ဇူယွမ်နှင့် ဝူဟောင်နှစ်ဦးစလုံးသည် မူလစဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။

ထို့ကြောင့် အဆုံးသတ်တွင် အနိုင်ရရှိနိုင်မည့်သူအား မည်သူကမှ ကြိုတင်ခန့်မှန်းခြင်း မပြုနိုင်ကြချေ။

"ဇူယွမ် မင်းဒီနေ့ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် အရှုံးပေးလိုက်တော့။" ဝူဟောင်မှာ သွေးနီရောင်များ ရဲရဲတောက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ရယ်၍ပြောလိုက်သည်။

ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ ဖြူဖွေးချွန်ထက်စွာဖြင့် မြေပြင်အား ချွန်ရွယ်ထားလေသည်။

ဝုန်း....

ဇူယွမ်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဆန်းကြယ်သောပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဇူယွမ်အား အုပ်မိုးလိုက်ပြီးနောက် ယင်း၏အတောင်ပံများကို ဖြန့်ထုတ်လိုက်သည်။

ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်...

ဇူယွမ်၏စွမ်းအင်မှာ တမုဟုတ်ချင်း မြင့်တက်သွားရသည်။

အစောပိုင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီးသည့်နောက် ဝူဟောင်သည် ယခင်ကနှင့် အဆပေါင်းများစွာ ခြားနားသွားပြီဖြစ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိသွညးခဲ့ရသည်။ ထို့ကြောင့် ယနေ့တွင် ဝူဟောင်အား အနိုင်ရရှိလိုပါက စွမ်းအင်များကို အပြည့်အဝ အသုံးချကာ တိုက်ခိုက်ရမည်ပင် ဖြစ်လေသည်။

ဘန်း....

ဇူယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် အရှေ့သို့ ပျံသန်းသွားလိုက်သည်။ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်၏ အတောင်များကြောင့် ပျံသန်းမှုအရှိန်မှာ ပိုမိုလျင်မြန်နေသကဲ့သို့ စွမ်းအင်မှာလည်း နှစ်ဆမျှ ပိုမိုတိုးတက်လာသည်။ ထို့ကြောင့် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ ဝူဟောင်၏ရှေ့သို့ ရောက်ရှိသွားသည်။

ဝုန်း....

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဝူဟောင်ထံသို့ ချိန်ရွယ်ထားလိုက်သည်။

ဝူဟောင်မှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အေးစက်ခက်ထန်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက် ဝူဟောင်မှာ သွေးနီရောင် သလင်းကျောက် လှံတံတစ်ချောင်းအား ဆင့်ခေါ်လိုက်လေသည်။

ထိုလှံတံသည် နှစ်ပေါင်းများစွာ သွေးကန်အတွင်း စိမ်ထားခဲ့သောကြောင့် ကိုယ်ထည်ပေါ်တွင် သွေးနီရောင် ချီစွမ်းအင်များ ဝေ့ဝဲနေလျက် ရှိသည်။

ချလန်း.....

သွေးနီရောင် သလင်းကျောက်လှံတံမှာ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် ပျံဝဲသွားပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် တွေ့ဆုံသွားတော့သည်။

ထိုသို့ တွေ့ဆုံသွားကြပြီးနောက် ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံစိုးမိုးသွားသည်။

ကောင်းကင်ဘုံယွမ်စုတ်တံနှင့် သွေးနီရောင် သလင်းကျောက်လှံတံတို့မှာ ပြင်းထန်စွာ တုန်ခါလာရပြီးနောက် အရိပ်ပေါင်း ထောင်သောင်းမကအဖြစ် ပြောင်းလဲသွားသည်။

ချလန်း....

သွေးနီရောင် သလင်းကျောက်လှံတံနှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့မှာ မျက်စိတမှိတ်စာမျှသော အချိန်တိုင်းတွင် အကြိမ်ရေ ထောင်သောင်းမက တိုက်ခိုက်နေကြခြင်းဖြစ်ပြီး လေထုကိုပင် ဆုတ်ပြဲစေလျက် ရှိသည်။

ထို့အတူ ဇူယွမ်နှင့် ဝူဟောင်တို့မှာလည်း အဆက်မပြတ် တိုက်ခိုက်နေကြပြီး ၎င်းတို့ဖြတ်သန်းသွားရာ လမ်းတလျှောက်သည် စွမ်းအင်လှိုင်းဂယက်များ၏ဖိအားကြောင့် ပျက်စီးကုန်ရသည်။

လူပေါင်းများစွာမှာလည်း မျက်တောင်ပင်မခတ်နိုင်ပဲ ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းရှိ ဇူယွမ်တို့၏ တိုက်ပွဲအား စောင့်ကြည့်နေကြလေသည်။

ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလှသည်။ ထို့အပြင် ဝူဟောင်နှင့် ဇူယွမ်နှစ်ဦးစလုံးသည် စွမ်းရည်ပြည့်ဝသူများ ဖြစ်ကြပါသော်လည်း အစစ်အမှန် မူလလက်နက်များဖြစ်ကြသော သွေးနီရောင် သလင်းကျောက်လှံတံနှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့နှင့်သာ ထိခိုက်မိသွားပါက ကြီးမားပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိသွားလိမ့်မည်ပင် ဖြစ်သည်။

ဝုန်း....

ပြင်းထန်လှသော ချီစွမ်းအင်များမှာ ယောင်းယွမ်သူတော်စင်မြို့တော်တစ်ခုလုံးကို လွှမ်းမိုးထားလျက် ရှိသည်။

ဝူဟောင်မှာ လက်အတွင်း ရှိနေသော သွေးနီရောင် သလင်းကျောက်လှံတံဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား တားဆီးနေလျက် ရှိသည်။ သူ၏ခန္ဓာကိုယ်တဝိုက်တွင်လည်း သွေးနီရောင် ချီစွမ်းအင်များ လှည့်လည်နေလျက် ရှိလေသည်။

"ဇူယွမ် ငါပြောသားပဲ။ မင်းငါ့ကို မကျော်နိုင်ပါဘူးဆို။"

"ဟားဟား....ငါမင်းကိုသတ်တော့မသတ်ပါဘူး။ ဒါပေမယ့် မင်းရဲ့ကြီးကျယ်လှတဲ့ ဇူအင်ပါယာကြီးကို သွားမနိုင်အောင်တော့ တားရလိမ့်မယ်။ အဲ့ဒါမှ ငါတို့ရဲ့ ဝူအင်ပါယာက မင်းတို့ဇူအင်ပါယာကို အေးအေးဆေးဆေး ဖျက်စီးပစ်လို့ရမှာလေ။" ဝူဟောင်မှာ မထီမဲ့မြင်ပြုစွာ ပြုံးရင်းဖြင့် ပြောလိုက်သည်။

ဇူယွမ်၏မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက်ရှိပြီး ရုတ်တရက်ဆိုသလို မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်။

ဇူယွမ်မှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် လက်ဝါးအား မြေပြင်နှင့် ထိတွေ့ထားလိုက်သည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး...

မြေပြင်မှာ ပြင်းထန်ကြမ်းတမ်းစွာ တုန်ခါလာပြီးနောက် မြေဓာတ်စွမ်းအင်များမှာ အဆုံးအစမဲ့စွာဖြင့် ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း စီးဝင်လာကြသည်။

ဇူယွမ်မှာ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ပြီးပြည့်စုံသည်အထိ ကျင့်ကြံခဲ့ပြီဖြစ်သောကြောင့် ကြမ်းတမ်းလှသော မြေဓာတ်စွမ်းအင်များကိုလည်း ယခင်ကထက်ပို၍ ခံနိုင်ရည်ရှိနေပြီပင် ဖြစ်သည်။

ဝုန်း......

ဇူယွမ်မှ မြေပြင်အားဆောင့်နင်း၍ ပေထောင်ကျော်မျှအထိ အက်ကြောင်းများ ဖြစ်ပေါ်စေလိုက်ပြီးနောက် ဝူဟောင်အနီးသို့ လျင်မြန်စွာ ပျံဝဲသွားလိုက်သည်။

"အခုထိ အရှုံးမပေးသေးဘူးလား။" ဝူဟောင်မှ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။

ဝုန်း.....

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်းမပြုပဲ ကောင်းကင်ဘုံယွမ်စုတ်တံကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

"သန်းချီသောနဂါးဝေလငါး...."

ဇူယွမ်၏ နက်ရှိုင်းလှသော အော်ဟစ်သံနှင့်အတူ ချီစွမ်းအင်နှင့် မြေဓာတ်စွမ်းအင်များ ကြမ်းတမ်းစွာထွက်ပေါ်လာသောကြောင့် လေဟာနယ်များပင် ဖြစ်ပေါ်သွားရသည်။

ဝုန်း....

ဇူယွမ်မှာ စုတ်တံအား အရှိန်ဖြင့် ထိုးချလိုက်သည်။ ကျဆင်းလာနေသော စုတ်တံနှင့်အနီးတဝိုက်တွင် ဆယ်နှင့်ချီသော နဂါးဝေလငါးပုံရိပ်များအား မြင်တွေ့နိုင်ပေသည်။

နဂါးဝေလငါးမှော်စာလုံးအား စတင်အသုံးပြုခဲ့သည့် အချိန်မှစ၍ ယခုကဲ့သို့ ဆယ်နှင့်ချီသည့်ပမာဏအား ပြုလုပ်နိုင်သည်မှာ ဇူယွမ်အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ကျဆင်းလာနေသော ကောင်းကင်ဘုံယွမ်စုတ်တံ၏ စွမ်းအင်မှာ တောင်များကိုပင် ဖြိုခွင်းနိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။

ဝူဟောင်မှာလည်း ကောင်းကင်ဘုံယွမ်စုတ်တံထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကို ခံစားလိုက်မိသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

ဝူဟောင် ကိုင်ဆောင်ထားသော သွေးနီရောင် သလင်းကျောက်လှံတံ၏ထိပ်တွင် သွေးနီရောင် အလင်းတန်းတစ်ခု တောက်ပလာလေသည်။

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် သွေးနီရောင် သလင်းကျောက်လှံတံတို့ ပြင်းထန်စွာ တွေ့ဆုံသွားကြသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှ ကြီးမားလှသော အဖျက်စွမ်းအင်များစွာ ထွက်ပေါ်လာသကဲ့သို့ ဝူဟောင်၏ လက်မောင်းထံမှလည်း ဆိုးရွားလှသော သွေးညှီနံ့များ ထွက်ပေါ်လာသည်။

ဝုန်း.....

ဇူယွမ်၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှုကြောင့် ဝူဟောင်မှာ အချိန်အနည်းငယ်မျှသာ တောင့်ခံနိုင်ပြီးသည့်နောက်တွင် အမြှောက်ဆံတစ်ခုအလား အဝေးသို့ လွင့်စင်သွားရတော့သည်။

ဝုန်း.....

ဝူဟောင်မှာ အဝေးရှိ တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်မိသွားပြီးနောက် ကျောက်တုံးကျောက်ဆောင်များ ၎င်းအပေါ် ပြိုဆင်းကျလာရသည်။

ယောင်းယွမ်သူတော်စင်မြို့တော်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။

လူတိုင်းမှာ ဇူယွမ်နှင့် ဝူဟောင်တို့အား လက်ရည်ညီသော ပြိုင်ဖက်များအဖြစ် ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဇူယွမ်၏ ရုတ်တရက် စွမ်းအင်တိုးတက်လာမှုနှင့် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်မှုတို့မှာ အားလုံးအပေါ် မှင်သက်သွားစေခဲ့သည်။

ပြင်းထန်စွာ တိုက်ခိုက်ထားမှုကြောင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုတ်ကိုင်ထားသည့် ဇူယွမ်၏လက်မှ သွေးစများ ယိုစီးကျနေလျက် ရှိသည်။

သို့သော် ဇူယွမ်မှာ အလေးပင်ထားပုံမရပဲ အဝေးရှိ ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များကိုကြည့်ကာ မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"မင်းငါ့ကိုတားချင်တယ်ဆိုတာ...."

"မင်းရဲ့အသက်နဲ့လား။"

All Chapters