← Chapters

အန္တရာယ်တောမှ လွတ်မြောက်ရန်လမ်းစ

Vol. 1 Ch. 461

အန္တရာယ်တောမှ လွတ်မြောက်ရန်လမ်းစ

Vol. 1 Ch. 461

လူမျက်နှာနှင့်ဖားပြုပ်၏ ကိုယ်သည် အနက်ရောင်အလင်းများ တောက်ပလာခဲ့ပြီး ၎င်း၏ အဖုအပိမ့်များထံမှ အဖြူရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ထိုမီးလျှံများထဲတွင် လူမျက်နှာများ ရှိနေသည်။ ၎င်းမှာ တမလွန်လောက၏ တစ္ဆေမီးလျှံများသာ ဖြစ်လေသည်။

ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများသည် လူမျက်နှာနှင့် ဖားပြုပ်ထံ တိုးဝင်သွားခဲ့သည်။ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများသည် တမလွန်လောက၊ တစ္ဆေမီးလျှံများနှင့် ထိတွေ့သွားသောအခါတွင် ထိတ်လန့်ကြောက်ရွံ့သွားနှယ် တစ္ဆေမီးလျှံများကို ရှောင်ကွင်း၍ ဖြတ်သန်းသွားခဲ့သည်။ တမလွန်လောက၊ တစ္ဆေမီးလျှံတို့အလယ်မှ လူမျက်နှာနှင့်ဖားပြုပ်သည် မည်သို့မှပင် ဖြစ်မသွားခဲ့ပေ။

"အု...ဝူး..."

ဖားပြုပ်သည် ၎င်း၏ ဗိုက်ကြီးကို ပို၍မြန်မြန် ဖောင်းလိုက်ပိန်လိုက် လုပ်လာခဲ့သည်။ ကျန်းရီသည် နေရာရွှေ့ပြောင်းရန် ပြင်လိုက်သော်လည်း ရင်ဘတ်နေရာဆီမှ စူးရှစွာ နာကျင်လာခဲ့ပြီး သွေးများအန်ထုတ်ရလေသည်။ သူ့နှလုံးသည် အလွန်လျင်မြန်စွာခုန်နေသောကြောင့် နှလုံးတွင် အပေါက်တစ်ခု ဖြစ်သွားသည်ဟုပင် သူထင်မိလိုက်သည်။

"ဝူး...ဝူး..."

လူမျက်နှာနှင့်ဖားပြုပ်သည် ရုတ်တရက် အော်သံတစ်ခု ပြုလာခဲ့သည်။ ၎င်း၏ကိုယ်မှ အနက်ရောင်အလင်းတို့မှာ ပို၍တောက်ပလာခဲ့ပြီး ၎င်း၏ ကိုယ်သေးသေးမှာလည်း တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။ ၎င်းသည် လေမှုတ်ခံရသော ပူဖောင်းပမာ ဆယ်ဆခန့်ကြီးထွားသွားခဲ့သည်။ အနှီဖားပြုပ်သည် ပါးစပ်ဟလိုက်ပြီး ၎င်း၏ လျှာနီနီကြီးမှာ ကျန်းရီထံ လျှပ်စီးအလျင်နှင့် ပြေးဝင်လာခဲ့သည်။ ထိုလျှာနီနီကြီးသည် ကျန်းရီ၏ ကိုယ်အား ရစ်ပတ်၍ ၎င်း၏ပါးစပ်ကြီးထံ ဆွဲယူသွားခဲ့လေသည်။

"ဟမ့်"

ကျန်းရီသည် ရင်ဘတ်ထဲမှ နာကျင်မှုကို အံကြိတ်၍ သည်းခံလိုက်သည်။ သူ့မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်နေသည်။ လွတ်နေသေးသော သူ့လက်တစ်ဖက်သည် မီးနဂါးဓားကိုလွှဲယမ်း၍ လူမျက်နှာနှင့်ဖားပြုပ်၏ လျှာကြီး၏ ပိုင်းချလိုက်သည်။

"ချလွမ်...ချလွမ်..."

သတ္ထုချင်းထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။ မီးနဂါးဓားသည် သံမဏိကိုပင် ရွှံ့သားပမာ ပိုင်းဖြတ်နိုင်စွမ်းရှိသည်။ သို့သော် ၎င်းသည် ဖားပြုပ်၏ လျှာကြီးကို ခြစ်ရာလေးတောင် ထင်အောင် မလုပ်နိုင်ခဲ့ပေ။ တန်ပြန်အားကြောင့် သူ့လက်များပင် ထုံကျင်လာခဲ့သည်။

အနှီဖားပြုပ်၏ လျှာသည် နှစ်တစ်သောင်းသံနက်နှင့် ပြုလုပ်ထားလေသည်လော။

ကျန်းရီသည် အံ့အားသင့်သွားခဲ့သော်လည်း လက်မလျှော့ခဲ့ပေ။ သူ့လက်ထဲမှ မီးနဂါးဓားသည် အနီရောင်အလင်းများ တောက်ပလာခဲ့ပြီး လူမျက်နှာနှင့်ဖားပြုပ်၏ လျှာကြီးထံ ထပ်မံကျဆင်းသွားခဲ့ပြန်သည်။

မီးနဂါးငယ်လေးများသည် ဖားပြုပ်၏ ပါးစပ်ကြီးထံ ပျံသန်းသွားခဲ့ကြသည်။ ဤလေပြည်အသင်္ချေသည် အလယ်အလတ်အဆင့် တာအိုတိုက်ကွက်တစ်ခု ဖြစ်ပြီး ကျန်းရီ၏ အတွင်းအားပမာဏသည် ဗာဂျရာအဆင့်သို့ ရောက်ပြီးသားဖြစ်သည်။ သူယခုပြုလုပ်လိုက်သော တိုက်ခိုက်မှုသည် ဗာဂျရာပဉ္စမအဆင့် လူတစ်ဦး၏ တိုက်ခိုက်မှုနှင့် တူညီသော အင်အားရှိသည်ဟု ပြောနိုင်လေသည်။ သာမန်နတ်ဆိုးသားရဲဘုရင်တစ်ကောင်သည် ဤတိုက်ခိုက်မှုကို တိုက်ရိုက်ရင်မဆိုင်ရဲဟု ကျန်းရီ ယုံုကြည်သည်။ ဤလူမျက်နှာနှင့်ဖားပြုပ်ကောင်သည် အားကောင်းသည်မှာ မှန်သော်လည်း ယာ့ဇီသားရဲလောက် အားမကောင်းနိုင်ပေ။

"ဝူး...ဟူး..."

လူမျက်နှာနှင့်ဖားပြုပ်၏ မျက်လုံးများထဲတွင် လှောင်ရိပ်များ ထပ်မံပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အနက်ရောင်အရည်များကို ထပ်မံထွေးထုတ်လိုက်ပြီး မီးနဂါးငယ်လေးများအားလုံးကို ရှင်းပစ်လိုက်လေသည်။

"ပြေးရမယ်"

ကျန်းရီသည် နောက်ဆုံးတွင် ကြောက်ရကောင်းမှန်း သိသွားပြီဖြစ်သည်။ ကိုယ်ထဲတွင် ကြောက်စရာ အနက်ရောင်အရည်များနှင့် တမလွန်လောက၊ တစ္ဆေမီးလျှံများ ရှိနေသာ ဤသတ္တဝါ၏ ဝါးမျိုခြင်းကို ခံရလျှင် ဤနေရာတွင်ပင် သူသေဆုံး၍ မစင်အဖြစ် စွန့်ထုတ်ခြင်း ခံရလိမ့်မည်။

"စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်"

ကျန်းရီသည် နေရာရွှေ့ပြောင်းမည် ပြုလိုက်သည်။ သို့သော်လည်း လူသားမျက်နှာနှင့်ဖားပြုပ်သည် သူ့အကြံကို ကြိုသိဟန်တူသည်။ ၎င်း၏ဗိုက်ကြီးသည် ဖောင်းလိုက်ပိန်လိုက် ဖြစ်လာခဲ့ပြီး ခြောက်ခြားစရာအသံ ပြန်ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ ဒဏ်ရာရထားပြီးဖြစ်သော နှလုံးသည် စူးရှစွာ ထပ်မံနာကျင်လာခဲ့သည်။ သူ့ပါးစပ်မှ သွေးများအဆက်အပြတ် စီးကျလာခဲ့ပြီး သူ၏နေရာရွှေ့ပြောင်းရန် အခွင့်အရေးမှာ ပျက်စီးသွားခဲ့လေသည်။

မျက်စိတစ်မှိတ်စာအတွင်းတွင် သူသည် လူမျက်နှာနှင့်ဖားပြုပ်၏ ပါးစပ်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ၎င်း၏ ပါးစပ်ကြီး ပြန်ပိတ်သွားပြီးနောက်တွင် ကျန်းရီ၏ အမြင်အာရုံမှာ မှောင်အတိကျသွားခဲ့သည်။ သူသည် ချွဲကျိကျိမြစ်တစ်စင်းအတွင်းသို့ ကျဆင်းသွားသည့်နှယ် ခံစားလိုက်ရပြီး ထိုမြစ်အတွင်း မျောပါသွားခဲ့လေသည်။

မှန်ပေသည်။ ထိုုမြစ်မှာ လူမျက်နှာနှင့်ဖားပြုပ်၏ လည်ချောင်းဖြစ်ပြီး သူဦးတည်နေသည့်အရပ်မှာ ၎င်း၏ဝမ်းဗိုက်ဖြစ်လေသည်။

ဖားပြုပ်၏ မျိုချခြင်း ခံရပြီးနောက် သူ့ပတ်လည်ရှိ အရည်များမှာ တိုက်စားနိုင်ခြင်းမရှိကြောင်း ကျန်းရီသတိထားမိလိုက်သည်။ ကျန်းရီသည် ခြောက်ခြားနေရာမှ တစ်ပိုင်းတစ်စ ပျော်ရွှင်သွားမိသည်။

လူသားဖြစ်စေ၊ နတ်ဆိုးသားရဲဖြစ်စေ ၎င်းတို့၏ ကိုယ်အတွင်းပိုင်းသည် အလွန်နူးညံ့သည်။ သူသည် ဤဖားပြုတ်ကောင်၏ ဗိုက်အတွင်းမှ ဖောက်ထွက်နိုင်ချေရှိသေးသည် မဟုတ်ပါလော။

သို့သော်လည်း သူ့ပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်ရချေ။ သူတိုက်ခိုက်ချင်လျှင်တောင် အတွင်းအားများကို လှည့်ပတ်၍မရကြောင်း သူသဘောပေါက်သွားခဲ့သည်။ ယခုအခြေအနေသည် နေနက်မိစ္ဆာနွယ်၏ ရစ်ပတ်ခြင်း ခံခဲ့ရသည့် အချိန်ကနှင့် အတူတူပင်။ သူ့အတွင်းအားသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့။ အတွင်းအားကို အတင်းအကြပ် လှည့်ပတ်လိုက်ပါက သူ့သွေးကြောများ နောက်တစ်ကြိမ် ပျက်စီးသွားနိုင်သည်။

နေရာရွှေ့ပြောင်းရမယ်...

နေရာရွှေ့ပြောင်းရန် သူတွေးမိလိုက်သည်နှင့် ရင်းနှီးနေသော တဝူးဝူသံသည် သူ့ခေါင်းအထက်မှ ထပ်မံပေါ်ထွက်လာခဲ့ပြီး သူ့ရင်ဘတ်ထဲမှ နာကျင်လာခဲ့ပြန်သည်။ ထူးဆန်းစွာပင် နေရာရွှေ့ပြောင်းရန် အကြံကို သူစွန့်လွှတ်လိုက်သည်နှင့် ထိုအသံမှာ ချက်ချင်းရပ်တန့်သွားခဲ့သည်။

သူသည် နောက်ပြဿနာတစ်ခုကို ထပ်မံတွေ့ရှိသွားခဲ့သည်။ သူ့ကိုယ်မှာ လှုပ်ရှားရန် ခက်ခဲနေခဲ့ခြင်းဖြစ်သည်။ စေးကပ်ကပ်အရည်များ ပတ်လည်ဝိုင်းခံထားရသော သူ့ကိုယ်သည် လှုပ်ရှားရန် အလွန်အားနည်းနေခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ကြိုးချည်ခံထားရသော သိုးငယ်လေးပမာ လူမျက်နှာနှင့်ဖားပြုပ်၏ ဗိုက်ထဲသို့ လိမ်လိမ်မာမာ ဆင်းသွားရုံသာ တတ်နိုင်လေသည်။ သူ့အား ဘာကစောင့်ကြိုနေမည်ကို သူလုံးဝမခန့်မှန်းနိုင်ခဲ့ပေ။

ငါ ဒီကောင်ရဲ့ ဗိုက်ထဲမှာ တကယ်သေသွားရတော့မှာလား...

လက်မခံလိုမှုသည် ကျန်းရီ၏စိတ်ထဲတွင် ရုန်းကြွလာခဲ့သည်။ သူ့ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်နေပြီး လွတ်မြောက်ရန် နည်းလမ်းပေါင်းစုံကို စဉ်းစားနေခဲ့သည်။ သို့သော်လည်း ဘာအကြံမှ ထွက်မလာလေရာ သေခြင်းတရားကို သူလက်ခံလိုက်ရုံသာ ရှိတော့သည်။

အတွင်းအားကို မလှည့်ပတ်နိုင်ဘဲ မည်သည့်သိုင်းကွက်၊ မည်သည့်တာအိုတိုက်ခိုက်မှုကိုမှ သူအသုံးမပြုနိုင်ပေ။ နေရာရွှေ့ပြောင်းရန်လည်း မဖြစ်နိုင်ရာ ထွက်ပြေးရန်နည်းလမ်းလည်း မရှိတော့ပေ။ သူ့လက်မောင်းနှင့် ခြေထောက်များမှာလည်း ပျော့ခွေနေလေရာ မီးနဂါးဓားကို မြှောက်နိုင်ရန် အင်အားပင်မရှိချေ။

သတ်ဖြတ်ခြင်းအင်အား ရှိသေးသည်မှာ မှန်သော်လည်း သူ့သတ်ဖြတ်ခြင်းအင်အားသည် စတုတ္ထအဆင့်တွင်သာ ရှိသေးရာ နတ်ဆိုးသားရဲဘုရင်များအပေါ်တွင် သက်ရောက်နိုင်ခြင်းမရှိပေ။ ထို့ပြင် သူ့ထံ၌ မီးဝိဉာဉ်ပုလဲထဲတွင် ကမ္ဘာ့မီးလျှံများ ရှိနေသေးသည်။ သို့သော် ကမ္ဘာ့မီးလျှံများသည် ဤဖားပြုပ်ကို လောင်ကျွမ်းစေပါမည်လော။

"စမ်းကြည့်ရမယ်"

ကျန်းရီသည် အံကိုကြိတ်၍ အကြံကို လက်တွေ့အကောင်အထည် ဖော်လိုက်သည်။ နေနက်မိစ္ဆာနွယ်၏ ရစ်ပတ်ခြင်း ခံခဲ့ရသော အချိန်က သူ့အတွင်းအားသည် အပိတ်ခံထားရသော်လည်း အတွင်းအားမျှင်မျှင်လေးကို မီးဝိဉာဉ်ပုလဲထံ သူရောက်အောင်ပို့၍ ကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်နိုင်ခဲ့သည်။ သူအတတ်နိုင်ဆုံးကြိုးစားလျှင် ဤတစ်ကြိမ်လည်း အလုပ်ဖြစ်လောက်သည်။

ရူးသွပ်မှု အရိပ်အယောင်တို့သည် ကျန်းရီ၏မျက်ဝန်းထဲတွင် ပြည့်နှက်လာခဲ့သည်။ သူသည် အတွင်းအားတစ်စကို ရအောင်လှည့်ပတ်၍ ညာဘက်လက်ဆီ ပို့ဆောင်လိုက်သည်။ သူ့သွေးကြောများ တစ်ခုပြီးတစ်ခု ပျက်စီးကုန်ပြီး နာကျင်မှုကြောင့် သူ့ကိုယ်မှာ တုန်ယင်နေခဲ့သည်။

သွေးကြောအတော်များများ ပျက်စီးသွားခဲ့ပြီး နောက်ဆုံးတွင် ကျန်းရီ၏ မးဝိဉာဉ်ပုလဲမှာ လင်းလက်လာခဲ့သည်။ ကမ္ဘာ့မီးလျှံများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့သော်လည်း အပြင်ရောက်သည်နှင့် ချက်ချင်းငြိမ်းသွားကြသည်။ ကမ္ဘာ့မီးလျှံ၏ ဖြတ်ခနဲ အလင်းရောင်အောက်တွင် သူ့ပတ်လည်ရှိ စေးကပ်ကပ်အရည်များမှာ ယခုလေးတင် သူ့တာအိုတိုက်ခိုက်မှုကို ဖျက်စီးခဲ့သည့် အနက်ရောင်အရည်များ ဖြစ်နေကြောင်း သူတွေ့လိုက်ရသည်။

"ပြီးသွားပြီ..."

ကျန်းရီထံတွင် အကြံကုန်သွားပြီဖြစ်သည်။ သူသည် ကျင့်စဉ် အတော်များများကို သိထားသော်လည်း ၎င်းတို့အားလုံးမှာ အတွင်းအားမပါဘဲ သုံးမရချေ။ ယခု အတွင်းအားကို အတင်းအကြပ်လှည့်ပတ်ထားမှုကြောင့် သူ့သွေးကြောများလည်း ပျက်စီးသွားခဲ့ပြန်သည်။ သေရမည်ကို စောင့်နေရုံမှတစ်ပါး သူတတ်နိုင်သောအရာ မရှိတော့ပေ။

"အမ်..."

ဖားပြုပ်၏ အူမတစ်လျှောက် လျှောဆင်းလာခဲ့ရင်း ရှေ့မှအလင်းပြပြကို သူသတိထားမိလိုက်သည်။ ကောင်းကင်စိတ်အာရုံနှင့် စစ်ဆေးကြည့်လိုက်သော် သူ့မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာခဲ့သည်။

သူ့ရှေ့တွင် တစ္ဆေမီးလျှံများ ပြည့်နေသည့် ကွင်းပြင်ကျယ်ကြီးရှိနေသည်။ သူ့ကိုယ်သည် မီးလျှံများ ရှိရာသို့ ဆွဲခေါ်ခံနေရခြင်းဖြစ်သည်။ အနှီဖားပြုပ်သည် သူ့အား အရှင်လတ်လတ် မီးမြှိုက်ရန် ကြံနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သူသာ အတွင်းအားကို မသုံးနိုင်သည့် သို့မဟုတ် မလှုပ်ရှားနိုင်သည့် သာမန်လူတစ်ယောက် ဖြစ်နေလျှင် အရှင်လတ်လတ် လောင်ကျွမ်းခံသွားရမည်မှာ သေချာသည်။ သူလုံးဝမကြောက်သည့် အရာတစ်ခုတော့ရှိလေသည်။ ၎င်းမှာ မီးလျှံများဖြစ်သည်။

သူသည် လူမျက်နှာနှင့်ဖားပြုပ်ကို မသတ်နိုင်ပေ။ သို့သော် အနှီဖားပြုပ်သည် တမလွန်လောက၊ တစ္ဆေမီးလျှံများကိုသုံး၍ သူ့အားသတ်ချင်လျှင် သူ့အားသတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အသက်ရှင်လျက် ထွက်သွားနိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည်။

"မဟုတ်သေးဘူး"

ကျန်းရီသည် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။ သူ့မျက်လုံးများမှာ တောက်ပလာခဲ့သည်။ ဖားပြုပ်အား သတ်ရန်နည်းလမ်းကို သူရှာတွေ့သွားခဲ့ပြီဖြစ်သည်။ သူသည် အတွင်းအားကို အသုံးမပြုနိုင်သော်လည်း မီးလျှံများကိုစုပ်ယူ၍ သန့်စင်ရန် ဖြစ်နိုင်သေးသည်။

တမလွန်လောက၏ တစ္ဆေမီးလျှံများကို သူသန့်စင်နိုင်လျှင် သူ့အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။ ဤအနက်ရောင်အရည်များသည် သန့်စင်ပြီးသည့် တစ္ဆေမီးလျှံများကို ငြိမ်းသတ်နိုင်ပါဦးမည်လော။

***

All Chapters