အသူရာသွေးဝိဉာဉ်
Vol. 50 Ch. 687
ယောင်းယွမ်သူတော်စင်မြို့တော်အတွင်း လမ်းများပျက်စီးနေလျက်ရှိပြီး အိမ်ပေါင်းများစွာမှာလည်း ပြာပုံဘဝသို့ ရောက်ရှိနေရသည်။
လူများစွာမှာ မျက်လုံးအပြူးသားဖြင့် ကျောက်တုံးကျောက်ဆောင်များကြား နစ်မြုပ်သွားသော ဝူဟောင့်ကို ကြည့်ရှုနေမိကြသည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်သည် ထင်မှတ်ထားသည်ထက်ပင် အဆပေါင်းများစွာ သာလွန်နေသေးသည်။
"အခုဇူယွမ်ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ဆိုရင် ချူချင်းနဲ့ ကျောင်းထိုက်ရှင်းတို့တောင် ဒဏ်ရာကြီးကြီးမားမား ရသွားလောက်တယ်။"
"မူလစဦးအဆင့် ကျင့်ကြံသူတစ်ယောက်က အဲ့လောက်ထိ သန်မာလိမ့်မယ်လို့တောင် မထင်ထားဘူး။"
"ဇူယွမ်နဲ့ ဝူဟောင် နှစ်ယောက်လုံးက မူလစဦးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြတဲ့သူတွေလေ။ ကန်ရွှမ်းကောင်းကင်ဒေသမှာ ဒီလောက်တိုက်ပွဲစွမ်းရည်ကောင်းတဲ့ မူလစဦးအဆင့် ကျင့်ကြံသူတွေကို မမြင်ရတာ နှစ်တော်တော်ကြာနေပြီ။"
"ဝူဟောင်ကတော့ တော်တော်အထိနာသွားမယ်ထင်တယ်။ ဟုတ်တယ်မလား။"
"ဝူဟောင်က တော်ရုံတန်ရုံအဆင့်ဆိုရင်တော့ အထိနာမှာ အသေအချာပဲ။ ဒါပေမယ့် သူက ကျောင်းထိုက်ရှင်းကိုတောင် အနိုင်ရထားတာလေ။ ဒီလောက်လွယ်လွယ်နဲ့တော့ ဝူဟောင့်ကို အနိုင်ယူလို့ရမယ်မထင်ဘူး။"
"........."
ယောင်းယွမ်သူတော်စင်မြို့တော်တလျှောက် ဝေဖန်ဆွေးနွေးသံများ တီတိုးထွက်ပေါ်နေလျက် ရှိသည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာ ဆုပ်ကိုင်လျက် အဝေးတွင်ရှိနေသော ကျောက်တုံးကျောက်ဆောင်များကို စူးစိုက်ကြည့်ရှုနေလေသည်။ သူ၏တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်ကြမ်းတမ်းခဲ့သည့်အတွက် ဝူဟောင်မှာ ဆိုးရွာစွာ ထိခိုက်ဒဏ်ရာ ရသွားသင့်ပါသော်လည်း ယခုအနေအထားဖြင့် တိုက်ပွဲအဆုံးသတ်သွားရန်မှာ အလွန်စောလွန်းနေသေးသည် မဟုတ်ပါလော။
ဝုန်း....
ကျောက်တုံးကျောက်ဆောင်များကြားမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပြီးနောက် သွေးနီရောင် ချီစွမ်းအင်များ တမုဟုတ်ချင်း ထွက်ပေါ်လာသည်။
စောင့်ကြည့်နေသောလူများမှာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။
ပြိုကျပျက်စီးနေသော ကျောက်တုံးကျောက်ဆောင်များကြားမှ သွေးအလိန်းလိန်း ပေကျံနေသော ခန္ဓာတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသည်မှာ ဝူဟောင်ပင် ဖြစ်သည်။
ဝူဟောင်၏ လက်မောင်းမှာ အစောပိုင်း ဇူယွမ်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရမှုကြောင့် ဆုတ်ပြဲဒဏ်ရာများစွာ ဖြစ်ပေါ်နေပြီး သွေးစများ ယိုစီးကျနေလျက် ရှိသည်။
ဝူဟောင်မှာ ထိခိုက်ဒဏ်ရာများအား အလေးပင်ထားပုံမရပဲ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းကငါ့ကို အမြဲတမ်း အံ့သြစေတာချည်းပဲ...အဟက်။"
ဇူယွမ်မှာ ဝူဟောင်အား မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဝူဟောင်ထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ဖိအားများမှာ ယခင်ကထက်ပို၍ ကြမ်းတမ်းခက်ထန်လာသောကြောင့် ဖြစ်သည်။
ရရှိထားသော ထိခိုက်ဒဏ်ရာများသည် ဝူဟောင့်အား အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု ရှိဟန်မတူချေ။
ဝူဟောင်မှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက် သွေးနီရောင် သလင်းကျောက်လှံတံအား ဆင့်ခေါ်ကာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ဝုန်း.....
ထို့နောက် ဝူဟောင်မှာ ဇူယွမ်အား လှံတံဖြင့် ချိန်ရွယ်ထားလျက် အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် အောက်သို့ထိုးဆင်းလာလေသည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား သွေးနီရောင် သလင်းကျောက်လှံတံထံသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။
ချလန်း.....
သတ္ထုနှစ်ခု ထိတိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့လွှမ်းခြုံသွားတော့သည်။
ဝူဟောင်၏စွမ်းအင်များမှာ အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမိုကြမ်းတမ်းပြင်းထန်နေသောကြောင့် ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
"ဘာတွေဖြစ်နေတာလဲ။" ဇူယွမ်မှာ စိတ်ထဲမှ တွေးတောလိုက်မိ၏။
ဝုန်း....
ဇူယွမ်တွေဝေနေသည်ကို သတိထားမိသွားသော ဝူဟောင်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် သွေးနီရောင် သလင်းကျောက်လှံတံအား ထောင်ပေါင်းများစွာသော အရိပ်များအသွင် ပြောင်းလဲကာ ကောင်းကင်အား ပြည့်နှက်စေလျက် မိုးသီးမိုးပေါက်များအလား ဇူယွမ်အား ချိန်ရွယ်ထားလိုက်သည်။
ချလန်း.....
လူတိုင်းမှာ ဇူယွမ်နှင့် ဝူဟောင်တို့၏ လျှပ်စီးအလား လျင်မြန်လှသော တိုက်ခိုက်မှုများကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
ဝူဟောင်၏ တိုက်ခိုက်မှုမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ဝူဟောင်သည် အနည်းငယ်မျှပင် ခုခံကာကွယ်ခြင်းမပြုပဲ ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် သူ့အားတိုက်ခိုက်နေခြင်းကို စိတ်ကြိုက်ခွင့်ပြုထားသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှာ ဆုတ်ပြဲဒဏ်ရာများဖြင့် ပြည့်နှက်လာရသည်။
ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဆုတ်ပြဲဒဏ်ရာများ စတင်ဖြစ်ပေါ်လာသည်။
မူလစဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လူငယ်နှစ်ဦးသည် အရာအားလုံးအား ရင်းနှီး၍ တိုက်ခိုက်နေကြဟန် ရှိသည်။
သို့သော် တိုက်ခိုက်မှုမှာ ပိုမိုကြာမြင့်လာပြီးသည့်နောက် စောင့်ကြည့်နေကြသူများမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလာကြရသည်။ ထိုအရာမှာ ဝူဟောင်ခန္ဓာကိုယ်ပေါ်ရှိ ဆုတ်ပြဲဒဏ်ရာများ ပိုမိုဆိုးရွားလာလေလေ၊ ၎င်း၏စွမ်းအင်မှာ ပိုမိုကြမ်းတမ်းခက်ထန်လာလေလေဖြစ်နေသော အချက်ပင်ဖြစ်သည်။
တစ်ဖက်တွင်မူ ဇူယွမ်မှာ တဖြည်းဖြည်းနှင့် ပိုမိုအရေးနိမ့်လာရသည်။
ချလန်း.....
ပြင်းထန်သော တိုက်ခိုက်မှု ထပ်မံဖြစ်ပေါ်သွားပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ဝူဟောင်၏ပခုံးအား ထုပ်ချင်းဖောက်သွားသည်။ သွေးစများမှာ ပခုံးထက်မှ ယိုစီးကျနေပါသော်လည်း ဝူဟောင်မှာ အနည်းငယ်မျှပင် နာကျင်နေပုံမရပဲ သွေးနီရောင် သလင်းကျောက်လှံတံဖြင့် ဇူယွမ်၏ရင်ဘတ်အား ထိုးချလိုက်သည်။
၎င်းတို့နှစ်ဦးမှာ တစ်ချိန်တည်းမှာပင် တစ်ဦးနှင့်တစ်ဦး လက်နက်များဖြင့် ထိုးစိုက်လိုက်ကြခြင်း ဖြစ်သည်။
ဝူဟောင်မှာ ပခုံးထက်မှ ယိုစီးကျနေသော သွေးစများအား လက်ဖြင့်ယူကာ လျှာဖြင့်သပ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
"ဟဟ...ဇူယွမ် မင်းတက်တာ ဒါအကုန်ပဲလား။"
"မင်းသတိမထားမိဘူးလား။ အသူရာသွေးခန္ဓာက ထိခိုက်လေလေ၊ ချီစွမ်းအင်တွေ သန်မာလာလေလေပဲ။"
"အဲ့တော့ မင်းကငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ။"
ယောင်းယွမ်သူတော်စင်မြို့တော် အနီးတဝိုက်ရှိ စောင့်ကြည့်နေသော သူများထံမှ အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် ဝူဟောင်မှာ များပြားလှသော ဆုတ်ပြဲဒဏ်ရာများကို အနည်းငယ်မျှပင် အလေးမထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
စတင်တိုက်ခိုက်စဉ်အခါ၌ နှစ်ဖက်လုံးမှာ လက်ရည်ညီနေခဲ့ပါသော်လည်း ယခုအခြေအနေတိုင်းဆိုလျှင် ဇူယွမ်မှာ ဖိနှိပ်ခံလိုက်ရပြီပင် ဖြစ်သည်။
ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်တွင် ရှိနေကြသော ချုချင်း၊ ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသူများမှာ မျက်စိမျက်နှာ ပျက်သွားကြရသည်။ ဝူဟောင်၏ အသူရာသွေးခန္ဓာသည် ထိုမျှလောက်ထိ ထူးခြားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
နှစ်ဖက်လုံး ဆုတ်ပြဲဒဏ်ရာများဖြင့် အထိနာနေကြပါသော်လည်း ဝူဟောင်မှာ ဒဏ်ရာအသစ်များ ရရှိလာတိုင်းတွင် ပိုမိုသန်မာလာလျက် ရှိသည်။
လက်ရှိအနေအထားအရ တိုက်ပွဲအခြေအနေအား ဝူဟောင်မှ ထိန်းချုပ်လိုက်နိုင်ပြီဟုပင် ဆိုနိုင်ပေသည်။
တစ်ဖက်တွင်မူ ဇူယွမ်မှာ အန္တရာယ်တောထဲ ခုန်ဆင်းလိုက်သကဲ့သို့ ဖြစ်သွားရသည်။
ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ထင်တဲ့အတိုင်းပဲ။ ဝူဟောင်က တိုက်ခိုက်လေ သန်မာလေဖြစ်နေပါလား....
အသူရာသွေးခန္ဓာက တကယ်ကြောက်ဖို့ကောင်းတာပဲ....
ဇူယွမ်မှာ သွေးအလိန်းလိန်းဖြင့် ဆိုးရွားနေသော ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့်ပင် အသက်စွမ်းအင်များအား ထွက်ပေါ်စေလိုက်သည်။
ဇူယွမ်ခန္ဓာကိုယ်ပေါ်ရှိ ဆိုးရွားပြင်းထန်လှသော ထိခိုက်ဒဏ်ရာများသည် ချက်ချင်းဆိုသလိုပင် လျင်မြန်စွာ ပျောက်ကွယ်ကောင်းမွန်သွားလေသည်။
ထိုက်ရိသစ်စိမ်းပင်အမှတ်အသား
ဝူဟောင်၏ နှုတ်ခမ်းထက်မှ အေးစက်နေသော အပြုံးများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရသည်။ ဇူယွမ်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားသည့်အရှိန်မှာ အလွန်ပင် လျင်မြန်ထူးခြားလွန်းလှသည်။
ကြည့်ရတာ ဒီနှစ်နှစ်အတွင်း ဇူယွမ်လည်း တော်တော်ကြိုးစားထားတဲ့ပုံပဲ....
အဟက်...အဲ့ဒါဆိုလည်း ဘာဖြစ်မှာမို့လို့လဲ...
"ဇူယွမ်...အသူရာသွေးခန္ဓာက ဘယ်လောက်တောင်စွမ်းလဲဆိုတာ မင်းကိုပြရသေးတာပေါ့။"
ဝူဟော်၏ မျက်ဝန်းများမှာ တမုဟုတ်ချင်းပင် သွေးချင်းချင်းနီသွားရသည်။ သူသည် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် ဝူဟောင်မှာ သူ၏ရင်ဝအား ၎င်းဘာသာ သွေးနီရောင် သလင်းကျောက်လှံတံဖြင့် ထိုးစိုက်လိုက်တော့သည်။
သလင်းကျောက်လှံတံမှာ ဝူဟောင်၏ ရင်ဘတ်အား ထုတ်ချင်းပေါက်သွားကာ သွေးများဒလဟော ယိုစီးကျလာသည်။
ဝူဟောင်မှာ အနည်းငယ်မျှပင် နာကျင်ပုံမရပဲ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။
ယိုစီးကျနေသော သွေးစများမှာ အတူတကွ ပေါင်းစည်းသွားပြီးနောက် လေထုထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာလေသည်။
"အသူသွေးဝိဉာဉ်..."
ဝူဟောင်မှ ရေရွတ်လိုက်သည်။
ဝုန်း....
ပေါင်းစည်းသွားသော သွေးစများမှာ စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သွေးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုသွေးအရိပ်မှာ အသွင်သဏ္ဍာန် တိတိကျကျ မရှိပါသော်လည်း ၎င်း၏အရိုးခွံကဲ့သို့ ဖြစ်နေသော ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ် ချိုကြီးနှစ်ခု ပါဝင်နေလျက် ရှိသည်။ ၎င်းထံမှ ပြင်းထန်လှသော သွေးညှီနံ့များလည်း ဆိုးရွာစွာ ထွက်ပေါ်နေလေသည်။
လေထုအတွင်း ဆိုးရွားလှသော သွေးညှီနံ့များ တထောင်းထောင်းထနေလျက် ရှိသည်။
၎င်း၏ အသွင်သဏ္ဍာန်မှာ ကိုးခုမြောက် မြေအောက်ကမ္ဘာမှ နိုးထလာသည့် အသူရာတစ်ပါးကဲ့သို့ ကြောက်မက်စက်ဆုပ်ဖွယ် ကောင်းလှပေသည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဝူဟောင်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
"ဇူယွမ်....အရင်တစ်ခေါက်တုန်းက မင်းငါ့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။"
"ဒီတစ်ခါတော့ မင်းကိုအဆပေါင်းများစွာ ပြန်ခံစားရအောင် လုပ်ပစ်မယ်။"