← Chapters

ဝှက်ဖဲများ

Vol. 50 Ch. 688

ဝှက်ဖဲများ

Vol. 50 Ch. 688

ဝူဟောင်အား ခြံရံလျက်ရှိသော အသူရာသွေးဝိဉာဉ်အရိပ်ထံမှ ပြင်းထန်ဆိုးရွားလှသော သွေးညှီနံ့များ ထွက်ပေါ်နေလျက် ရှိသည်။

ဝူဟောင်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ အလွန်သန်မာနေသောကြောင့် စောင့်ကြည့်နေသူများသည်ပင် အံ့သြထိတ်လန့်နေကြရသည်။

"ဝူဟောင်က တကယ်ကြောက်စရာ​ကောင်းတာပဲ။ သူ့မှာချီကြယ်ပွင့် နှစ်သိန်းခွဲလောက်ရှိမယ်ထင်တယ်။ ဟုတ်တယ်မလား။"

"ချီကြယ်ပွင့် နှစ်သိန်းခွဲဆိုရင် မူလစဦးအဆင့်လို့ သတ်မှတ်လို့ ရသေးလို့လား။ ဝူဟောင်ရဲ့ ပုံစံနဲ့ဆိုရင် နတ်ဘုံခန်းဝါအဆင့်တွေကိုတောင် ယှဥ်ချလို့ရနေပြီထင်တာပဲ။"

"သူကတကယ် မကောင်းဆိုးဝါးပဲ။"

ယောင်းယွမ်သူတော်စင်မြို့တော်၏ အပြင်ဖက်တွင် ရှိနေသော ချူချင်း၊ လီချင်းချန်နှင့် အခြားသူများမှာ မျက်စိမျက်နှာ ပျက်နေကြရသည်။ ဝူဟောင်၏ အသူရာသွေးဝိဉာဉ်အရိပ်သည် အဝေးမှပင် ခံစားမိရလောက်အောင် သန်မာလွန်းလှသည်။

"ဝူဟောင်က အဲ့လောက်တောင် သန်မာတာလား။" လီချင်းချန်မှ မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။ ကန်ရွှမ်းကလန်တွင် ရှိစဉ်အခါ၌ သူမသည် ဇူယွမ်၏ တစ်သိန်းရှစ်သောင်းသော ချီကြယ်ပွင့်ပမာဏအား မူလစဦးအဆင့် ကျင့်ကြံသူများအတွင်း အများပြားဆုံး ဖြစ်လိမ့်မည်ဟု ထင်မှတ်ယူဆခဲ့ဖူးသည်။ ဝူဟောင်သည် ဇူယွမ်ထက်ပင်ပို၍ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု အနည်းငယ်မျှ မထင်မှတ်ထားခဲ့ပေ။

ချူချင်း၏ အမူအရာမှာလည်း ဝူဟောင်အား အံ့အားသင့်နေဟန် ရှိသည်။

"အသူရာသွေးခန္ဓာက ဘယ်လောက်တောင် စွမ်းလဲဆိုတာ မင်းတို့စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး။" ကျောင်းထိုက်ရှင်းမှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။

ကျောင်းထိုက်ရှင်း၏ မျက်ဝန်းများ၌ အမည်မဖော်နိုင်သော ခံစားချက် အရိပ်အယောင်များ ယှက်သန်းနေလျက် ရှိသည်။ နံပါတ်တစ် ရွေးချယ်ခံနေရာ စိန်ခေါ်ပွဲနေ့တွင်လည်း ဝူဟောင်မှာ အသူရာသွေးဝိဉာဉ်အရိပ်အား အသုံးပြု၍ ကျောင်းထိုက်ရှင်းအား လွယ်လင့်တကူ အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။

အသူရာသွေးခန္ဓာနှင့် ပုံမှန်မူလခန္ဓာတို့အကြားရှိ ကွာခြားချက်သည် အလွန်ပင် ကြီးမားလွန်းလှပေသည်။

ချူချင်းမှာ မည်သည့်စကားမှမဆိုပဲ ကျောင်းထိုက်ရှင်းကိုသာ လေးနက်သောအမူအရာဖြင့် ကြည့်ရှုလိုက်သည်။ ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုသာ အလွန်အထင်ကြီးတက်သော ကျောင်းထိုက်ရှင်းထံမှ ယခုကဲ့သို့ စကားမျိုး ထွက်လာသည်ကို ကြည့်ခြင်းအားဖြင့်ပင် ဝူဟောင်၏ အသူရာသွေးခန္ဓာမှာ မည်မျှသန်မာလှကြောင်း သိရှိနိုင်သည်။

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဝူဟောင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် စတင်လှုပ်ရှားလိုက်တော့သည်။

ဇူယွမ်မှာလည်း အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ အနောက်သို့ ဆုတ်ခွာလိုက်သည်

ဝှစ်....

သို့သော် ဝူဟောင်၏အရှိန်မှာ လျှပ်စီးအလား ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် လျင်မြန်လွန်းလှသည်။ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ဝူဟောင်မှာ ဇူယွမ်၏ရှေ့သို့ ရောက်ရှိလာပြီးနောက် သွေးနီရောင် သလင်းကျောက်လှံတံဖြင့် ချိန်ရွယ်လိုက်သည်။

သွေးနီရောင် သလင်းကျောက်လှံတံတလျှောက်တွင် စေးကပ်သော သွေးစများ ကပ်နေလျက် ရှိပေသည်။

ဝူဟောင်မှာ သွေးနီရောင် သလင်းကျောက်လှံတံအား လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။

ဇူယွမ်မှာလည်း အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ကောင်းကင်ဘုံယွမ်စုတ်တံအား ပျံဝဲလာနေသော သွေးနီရောင် သလင်းကျောက်လှံတံထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ချလန်း.....

သွေးနီရောင် သလင်းကျောက်လှံတံနှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့ ထပ်မံတွေ့ဆုံသွားကြသည်။

ချက်ချင်းဆိုသလိုပင် ​ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျက်စီးသွားစေသည်။

စွမ်းအင်လှိုင်းဂယက်၏အရှိန်ဖြင့် ဇူယွမ်မှာ အဝေးသို့ လွင့်စင်သွားရပြီး ကောင်းကင်ဘုံယွမ်စုတ်တံအား မြေပြင်ပေါ်တွင် ထိုးစိုက်လိုက်သောကြောင့် ကြီးမားသော စွတ်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားရသည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှုဖြင့် ဝူဟောင်မှာ အသူရာသွေးဝိဉာဉ်အရိပ်၏ ကြောက်မက်ဖွယ်စွမ်းအင်အား ထင်ရှားစွာ ထုတ်ဖော်ပြသလိုက်ပြီပင် ဖြစ်သည်။ လက်ရှိအချိန်၌ ဝူဟောင်၏စွမ်းအင်သည် ဇူယွမ်အား အပြည့်အဝ ဖိနှိပ်ထားရန်ပင် လုံလောက်ပေသည်။

"ဟဟ....ဇူယွမ် မင်းတတ်တာ ဒါအကုန်ပဲလား။"

"ဒီလောက်လေးပဲဆိုရင်တော့ မင်းရဲ့ကြီးကျယ်လှတဲ့ ဇူအင်ပါယာဆီကို ဘာလို့ပြန်သွားနေတော့မှာလဲ။ ဘာလဲ...မင်းက ငါ့ခမည်းတော်လက်ထဲမှာမှ သေချင်တာလား။"

ဝူဟောင်မှာ လှောင်ပြောင်သရော်လိုက်ပြီးနောက် လျှပ်စီးအလား လျင်မြန်လှသော တိုက်ခိုက်မှုများဖြင့် ဇူယွမ်အား တရစပ် တိုက်ခိုက်လိုက်သည်။

ချလန်း.....

ဝူဟောင်၏ မုန်တိုင်းအလား ကြမ်းတမ်းလှသော တိုက်ခိုက်မှုကြောင့် ဇူယွမ်မှာ ချက်ချင်းဆိုသလို ဆုတ်ခွာခဲ့ရသည်။ ကောင်းကင်ဘုံယွမ်စုတ်တံသာ မရှိပါက ၎င်း၏သွေးနီရောင် သလင်းကျောက်လှံတံမှာ သူ့ကိုပင် ထုပ်ချင်းဖောက်သွားနိုင်၏။

စောင့်ကြည့်နေကြသောသူများမှာ ဝူဟောင်အားကြည့်လျက် တိတ်တဆိတ် ခေါင်းများကို ခါယမ်းလိုက်ကြသည်။ ယခုအခြေအနေအရ ဝူဟောင်မှာ အပြည့်အဝ အသာစီးရနေခြင်းပင် ဖြစ်သည်။ အကယ်၍ ဇူယွမ့်ထံ၌သာ ဝှက်ဖဲများ မရှိတော့ပါက တိုက်ပွဲ၏ အဆုံးအဖြတ်သည် မကြာခင်မှာပင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

ဝှစ်....

ဝူဟောင်မှာ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသောအရှိန်ဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သွေးနီရောင် သလင်းကျောက်လှံတံမှာလည်း ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ခါလာပြီးနောက် လှံတံထိပ်ဖျား၌ ချင်းချင်းနီနေသော လခြမ်းတစ်ခု ပေါ်ထွက်လာလေသည်။

"ရွှယ်ယွဲ့လခြမ်း..."

ဝုန်း....

သွေးနီရောင်လခြမ်းမှာ ကျယ်လောင်လှသော လေထုပေါက်ကွဲသံနှင့်အတူ ဇူယွမ်ထံသို့ ပျံဝဲလာတော့သည်။

ဝူဟောင်၏ တိုက်ခိုက်မှုများမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ဇူယွမ်အား အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားလွန်းလှသည်။

ဇူယွမ်မှာ ပျံဝဲလာနေသော သွေးနီရောင် လခြမ်းကြီးအား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား လွှတ်ချကာ လက်သီးဆုပ်ထားလိုက်သည်။

ဝှစ်....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်၏လက်သီးနှင့် သွေးနီရောင် လခြမ်းကြီးတို့ တွေ့ဆုံလုမတက် ဖြစ်နေပြီဖြစ်သည်။

ကြည့်ရှုနေသူများမှာ ဇူယွမ်၏လုပ်ရပ်အား နားမလည်နိုင် ဖြစ်ကုန်ကြရသည်။ ဝူဟောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအား ယခုအချိန်ထိ ခုခံနိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံယွမ်စုတ်တံကြောင့်သာ ဖြစ်သည်။ ဇူယွမ်မှာ ယခုအခါတွင် ကောင်းကင်ဘုံယွမ်စုတ်တံအား လွှတ်ချကာ လက်သီးသက်သက်ဖြင့် ဝူဟောင်၏ တိုက်ခိုက်မှုအား ရင်တိုင်ခုခံရန် ကြံရွယ်နေခြင်းမှာ အလွန်ပင် ရူးမိုက်လှသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

ဝုန်း....

စောင့်ကြည့်နေသူများမှ အံ့အားသင့်နေကြစဉ်မှာပင် ဇူယွမ်၏လက်သီးနှင့် သွေးနီရောင် လခြမ်းကြီးတို့ တွေ့ဆုံသွားကြသည်။

ဝုန်း.....

ကြမ်းတမ်းပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်။

လူတိုင်းမှာ ဇူယွမ်၏လက်တစ်ဖက် ပြတ်ထွက်သွားမည်ဟု ထင်ခဲ့ပါသော်လည်း ထိုသို့ဖြစ်မလာပဲ သွေးနီရောင် လခြမ်းကြီးသာ ပျက်စီးသွားရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဝူဟောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရ၏။

စွမ်းအင်လှိုင်းဂယက်များ လေနှင့်အတူ မျောလွင့်သွားပြီးနောက် စောင့်ကြည့်နေသူများမှာ ဇူယွမ်၏ပုံရိပ်အား ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ဇူယွမ်၏ လက်သီးပေါ်တွင် ငွေရောင်အရာဝတ္ထုတစ်ခုဖြင့် ကာကွယ်ထားလျက် ရှိလေသည်။

ထိုငွေရောင်အရာဝတ္ထုမှာ လက်သီးမှတဆင့် ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးထံသို့ ချပ်ဝတ်တန်ဆာအဖြစ် ပျံ့နှံ့လွှမ်းခြုံသွားသည်။

ဝူဟောင်မှာ အေးစက်နေသော မျက်ဝန်းများဖြင့် ငွေရောင်ချပ်ဝတ်တန်ဆာအား ​ကြည့်ရှုလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်၌ ဇူယွမ်အား ရှုံးနိမ့်ခဲ့ရသည်မှာ ထိုငွေရောင်ချပ်ဝတ်ကြောင့်ပင် ဖြစ်သည်။

ငွေအရိပ်အား ဝတ်ဆင်ထားသည့် ဇူယွမ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီးနောက် လက်ဝါးဖြင့် မြေပြင်အား ထိတွေ့လိုက်သည်။

မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး...

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ကြမ်းတမ်းလှသော မြေဓာတ်စွမ်းအင်များမှာ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ တရစပ် ဝင်ရောက်လာတော့သည်။

ဝုန်း.....

ဇူယွမ်မှာ ငွေအရိပ်အား အသုံးပြုထားသောကြောင့် မြေဓာတ်စွမ်းအင်များအား ယခင်ကထက်ပို၍ ခံနိုင်ရည်ရှိနေလေသည်။ ထို့ကြောင့် မြေဓာတ်စွမ်းအင်များအား အကန့်အသတ်သို့ ရောက်သည်အထိ စုပ်ယူပစ်လိုက်သည်။

ဝုန်း....

မြေဓာတ်စွမ်းအင်များအား စုပ်ယူပြီးသည့်နောက် ဇူယွမ်ဝတ်ဆင်ထားသော ငွေအရိပ်ပေါ်တွင် အဝါရင့်ရောင် အလင်းတန်းများ ပေါ်ပေါက်လာသည်။

ယောင်းယွမ်သူတော်စင်မြို့တော် အနီးတဝိုက်ရှိ စောင့်ကြည့်နေသူများမှာ ဇူယွမ်ထံမှ ထွက်ပေါ်နေလျက်ရှိသော စွမ်းအင်ဖိအားများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာသောကြောင့် ထိတ်လန့်အံ့သြကုန်ရသည်။

ယခုဆိုလျှင် ဇူယွမ်၏ စွမ်းအင်သည် ဝူဟောင်အား အသာစီးရနိုင်သည်အထိပင် မြင့်တက်သွားပြီ ဖြစ်သည်။

ကောင်းကင်ထက်တွင် ရှိနေသော ဝူဟောင်၏ မျက်နှာအမူအရာမှာ အေးခဲသွားရသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ငွေအရိပ်အား ဝတ်ဆင်ထားသည့် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဝူဟောင်အားကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်လိုက်စမ်းပါ။"

"မဟုတ်ရင် ဒီယောင်းယွမ်သူတော်စင်မြို့တော်ကနေ မင်းရဲ့ဝိဉာဉ်တောင် လွတ်မြောက်မှာမဟုတ်လို့။"

All Chapters