သူတော်စင်နတ်ဘုရားကျောင်းတော်နှင့် ပူးပေါင်းခြင်း၊ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား
Vol. 23 Ch. 221
အမည်မသိသော နယ်မြေတစ်ခုတွင်
ခမ်းနားထည်ဝါသော တောင်ထိပ်ပေါ်တွင် ဝိညာဉ်ဆေးပင်များနှင့် နတ်ဆေးများ နေရာအနှံ့ ပေါက်ရောက်နေကြချေ၏။
လေထုထဲတွင် ဝိညာဉ်ချီများမှာ စမ်းချောင်းရေကဲ့သို့ သန့်စင်နေပြီး မြူခိုးများ ဖုံးလွှမ်းကာ အလွန်နူးညံ့သိမ့်မွေ့စွာရှိနေလေသည်။
၎င်းသည် လူ့လောကကို ကျော်လွန်သော အင်မော်တယ်များနှင့် နတ်ဘုရားများ၏နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
တောင်ထိပ်ပေါ်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခု တည်ရှိနေချေ၏။
ရွှေနှင့် ကျောက်စိမ်းများဖြင့် တောက်ပနေပြီး အလွန်မြင့်မြတ်ကာ ထူးခြားဆန်းပြားနေပေသည်။
၎င်းတွင် ခံ့ညားလေးနက်သော အရှိန်အဝါ ရှိသော်လည်း အလွန် ရှေးကျနေပုံရပြီး အချိန်ကာလ၏ခြေရာလက်ရာများဖြင့် ပြည့်နှက်နေသကဲ့သို့ ရှိပေသည်။
ပင်မခန်းမဆောင်ထဲတွင်
ရှန်းချန်ကောသည် စားပွဲနှင့် ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်နေလေသည်။
သူ၏ချောမောသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ရှေ့ကို ကြည့်ကာ "ခင်ဗျား ဖြစ်နေလိမ့်မယ်လို့ တကယ် မထင်ထားဘူး..." ဟု ပြောလိုက်လေသည်။
ဤအချိန်တွင် သူ့ရှေ့ရှိ လူသည် သူ ကျောပေါ်တွင် အမြဲထမ်းထားလေ့ရှိသော အနက်ရောင် ခေါင်းတလားထဲမှ လူ ဖြစ်ကြောင်း ရှန်းချန်ကော သေချာပေါက် သိရှိလိုက်ပြီ ဖြစ်ပေသည်။
အသံတူနေရုံသာမက။အရှိန်အဝါကပါ တစ်ထပ်တည်း တူညီနေချေ၏။
ခန်းမဆောင်၏ရှေ့တွင် ရှေးဟောင်း ကြေးဝါ ပလ္လင်ကြီးတစ်ခု ရှိနေပြီး ထိုပလ္လင်ပေါ်တွင် လှပသော အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။
သူမ၏တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းထားပြီး သူမ၏မျက်နှာကိုမူ သေချာ မမြင်ရသေးချေ။
သူမသည် ဧကရီတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါပြီး ကမ္ဘာလောကကို အထက်စီးမှ ငုံ့ကြည့်နေသည့် အာဏာရှင်ဆန်သော အရှိန်အဝါမျိုး ရှိနေပေသည်။
သို့သော် သူမသည် အလွန် မာနကြီးပြီး အေးစက်ကာ ရေခဲတောင်တစ်ခုကဲ့သို့ ထိတွေ့၍ မရနိုင်ပုံ ပေါက်နေချေ၏။
ရွှေရောင် အလင်းတန်းများကြားမှ မြင်နေရသော သူမ၏ ကြည်လင်သော မျက်ဝန်းများတွင်လည်း အေးစက်သော အရိပ်အယောင်များ ပါဝင်နေပေသည်။
လူ့လောကနှင့် မသက်ဆိုင်ဘဲ သီးခြား ရပ်တည်နေသကဲ့သို့ပင်။
"ရှင်က ကျွန်မကို တကယ်ပဲ တုန်လှုပ်စေခဲ့တယ်။ မကြာသေးမီကာလတွေအတွင်း ရှင်လောက် အံ့သြစရာကောင်းတဲ့ သတ္တဝါမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး..."
သူမ၏ရဲထွေးနေသောနှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာပြီး သူမ၏အေးစက်သော မျက်လုံးများက ရှန်းချန်ကောကို ကြည့်လိုက်သောအခါ ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
သူမ အမှန်တကယ်ပင် အလွန် တုန်လှုပ်သွားခဲ့ချေ၏။
သူမ မဟာပျက်စီးခြင်းနယ်မြေ ကို လှည့်လည်သွားလာနေစဉ်တွင် ဖြစ်စေ၊ နှစ်ပေါင်းများစွာ အိပ်ပျော်နေစဉ်တွင် ဖြစ်စေ ဤမျှ အံ့သြဖွယ်ကောင်းသော သတ္တဝါမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ့ကို ကောင်းကင်ဘုံ ပါရမီရှင်ဟု ခေါ်လျှင်လည်း လွန်မည် မဟုတ်ချေ။
သူမသည် ယခင်က ရှန်းချန်ကော၏အရည်အချင်းကို မြင်ဖူးခဲ့ပေသည်။
ထိုအချိန်က သူမသည် အနက်ရောင် ခေါင်းတလားထဲတွင် ချိပ်ပိတ်ခံထားရပြီး ရှန်းချန်ကော၏ကျောပေါ်တွင် ပါသွားခဲ့ရသည်။
သူမသည် သူ့ဘေးတွင် အမြဲရှိနေခဲ့သဖြင့် ဤလူအကြောင်းကို အနည်းငယ် နားလည်ခဲ့ချေ၏။
သူသည် ပါရမီရှိပြီး အလွန် လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်ပေသည်။
သူ့ဘေးပတ်လည်တွင် မြူခိုးလွှာတစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး သူ့ကို ဖောက်ထွင်းမမြင်နိုင်ဟု သူမ ခံစားခဲ့ရဖူးလေသည်။
သူမ ချိပ်ပိတ်ခြင်းမှ လွတ်မြောက်လာသည်မှာ သိပ်မကြာသေးသော်လည်း မဟာပျက်စီးခြင်း နယ်မြေတွင် ဤလူသည် သူမ၏အာရုံကို ထပ်မံ ဖမ်းစားလိုက်ပြန်သဖြင့် သူမ သူ့ကို အာရုံစိုက်လိုက်ရချေသည်။
သူမ ချိပ်ပိတ်ခြင်းကို ချိုးဖျက်ပြီး ထွက်ခွာလာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးပေသည်။
ဤလူသည် အမဟာပျက်စီးခြင်း နယ်မြေသို့ ခြေချလာပြီး မည်သူမျှ နှစ်ပေါင်းများစွာ မဖွင့်နိုင်ခဲ့သော အင်မော်တယ်လမ်း သို့ ဝင်ရောက်ခဲ့လေသည်။
ရှန်းချန်ကော အင်မော်တယ်လမ်းသို့ ဝင်ရောက်ခြင်းက သူမ၏အာရုံကို ဖမ်းစားခဲ့သည် ဆိုလျှင်...
ရှန်းချန်ကော၏ အင်အားကမူ သူမကို တုန်လှုပ်စေခဲ့ချေသည်။
နှစ်အနည်းငယ် အတွင်းမှာပင် သူသည် ယန်နယ်ပယ် သို့ ဝင်ရောက်လာပြီး သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန် မြင့်မားလွန်းသဖြင့် ထပ်မံ တိုးမြှင့်၍ မရနိုင်လောက်အောင် ဖြစ်နေပေသည်။
သူသည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့လေသည်။
ဤအချိန်တွင် သူမ၏စိတ်ထဲတွင် ဝေဝါးသော အကြံတစ်ခု ပေါ်လာချေ၏။
ရှန်းချန်ကောသည် သူမ၏ မူလစွမ်းအားများ ပြန်လည်ရရှိရန်နှင့် အချိန်ကာလကို လျှော့ချရန် ကူညီပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
"ကျွန်မ နာမည်က လော့ယွမ်ရှီး..."
လော့ယွမ်ရှီးက သူမ၏အမည်ကို ပြောပြလိုက်လေသည်။
သူမသည် ရှန်းချန်ကောကို အလွန် တန်ဖိုးထားပြီး သူမ၏ အာရုံစိုက်မှုကို ခံယူထိုက်သူဟု သတ်မှတ်ကြောင်း သိသာထင်ရှားလှပေသည်။
"မြင့်မြတ်မင်းဆက်ရဲ့ အရင် အရှင်သခင်... အရင် သူတော်စင်ဘုရင် လို့လည်း ခေါ်နိုင်ပါတယ်..."
ရှန်းချန်ကောသည် နာမည်ကို ချီးကျူးတော့မည့်ဟန် ပြင်လိုက်သော်လည်း စကားမပြောနိုင်ခင်မှာပင် လော့ယွမ်ရှီး၏နောက်ထပ် စကားများကြောင့် တုန်လှုပ်သွားရချေ၏။
"မြင့်မြတ်မင်းဆက်ရဲ့ အရင် အရှင်သခင်... သူောတ်စင်ဘုရင် ဟုတ်လား..."
ရှန်းချန်ကော ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အတော်ပင် အံ့သြသွားလေသည်။
လော့ယွမ်ရှီးတွင် ဤကဲ့သို့သော နောက်ခံမျိုး ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူမ၏မျိုးရိုးဇာစ်မြစ်သည် ကောင်းကင်ဘုံကို အာခံနိုင်လောက်အောင် ကြီးမားလွန်းလှချေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ အင်မော်တယ်တာအိုရဲ့နယ်ပယ်ကို ထိတွေ့လုနီးပါး ဖြစ်ခဲ့တယ်။ အဆင့်တက်ခါနီး ဆဲဆဲမှာ ယဲ့ချန်ဖုန်း ဆိုတဲ့ ယုတ်မာတဲ့ကောင်က မြင့်မြတ်မင်းဆက်ရဲ့ ကောင်းကင်ဘုရင်ဆယ်ပါးကို သွေးထိုးပြီး ကျွန်မကို သစ္စာဖောက်ခိုင်းခဲ့တယ်။ သူတို့တွေ ပေါင်းပြီး ရုတ်တရက် အလစ်ဝင်တိုက်ကြတယ်။ ကျွန်မ ပေါ့ဆမိလို့ ဒဏ်ရာအပြင်းအထန် ရသွားပြီး အနက်ရောင် ခေါင်းတလားထဲမှာ အိပ်စက်ပြီး ကုသခဲ့ရတယ်..."
လော့ယွမ်ရှီး၏လှပသော မျက်ဝန်းများမှ အရိုးထဲထိ အေးခဲသွားစေနိုင်သော အကြည့်များ ထွက်ပေါ်လာပြီး သူမ၏ သတ်ဖြတ်လိုစိတ်မှာ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။
ယဲ့ချန်ဖုန်း ဆိုသည်မှာ လက်ရှိ မြင့်မြတ်မင်းဆက်၏သူတော်စင်ဘုရင် ပင် ဖြစ်ချေသည်။
"ဒါဆို ခင်ဗျားပြန်လာပြီးတော့ လက်ရှိ သူတော်စင်ဘုရင်ရဲ့အုပ်ချုပ်မှုကို ဖြုတ်ချပြီး မြင့်မြတ်မင်းဆက်ရဲ့အထွတ်အထိပ် အာဏာကို ပြန်ယူဖို့အတွက် သူတော်စင်နတ်ဘုရားကျောင်းတော် ကို တည်ထောင်ခဲ့တာပေါ့..."
ရှန်းချန်ကော စဉ်းစားခန်း ဝင်သွားသော အမူအရာ ပေါ်လာလေသည်။
သူတော်စင်နတ်ဘုရားကျောင်းတော် ပေါ်ပေါက်လာပြီးနောက် လူတိုင်းက ၎င်းတို့သည် မြင့်မြတ်မင်းဆက်ကို ပစ်မှတ်ထားနေသည်ဟု ခန့်မှန်းခဲ့ကြပေသည်။
ယခုမူ ထိုခန့်မှန်းချက် မှန်ကန်ကြောင်း ထင်ရှားနေချေ၏။
"ကျွန်မရဲ့ဒဏ်ရာတွေ အများကြီးမသက်သာသေးလို့သာပေါ့... မဟုတ်ရင် ပြင်ပအင်အားတွေကို အားကိုးနေစရာ ဘာလိုမှာလဲ..."
လော့ယွမ်ရှီး၏အသံမှာ အေးစက်ပြီး အာဏာရှင်ဆန်လှပေသည်။
"ဒဏ်ရာသာ မရှိရင် မြင့်မြတ်မင်းဆက် တစ်ခုလုံးကို ကျွန်မ တစ်ယောက်တည်း ခြေမွပစ်လိုက်လို့ ရတယ်။ ဒီ မဟာပျက်စီးခြင်းနယ်မြေမှာ ဘယ်သူက ကျွန်မကို ယှဉ်နိုင်မှာမို့လို့လဲ..."
လော့ယွမ်ရှီး၏အာဏာရှင်ဆန်သော အရှိန်အဝါသည် လျှံကျလာလေသည်။
သူမ၏ စကားလုံးများသည် ပြိုင်ဘက်ကင်းသော ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်း သူတော်စင်ဘုရင်တစ်ပါး၏ ဟန်ပန်ကို ထုတ်ဖော်ပြသနေပေသည်။
"အိုး..."
ရှန်းချန်ကော တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ သူသည် ထိုအဆင့်ရှိ တိုက်ပွဲမျိုးတွင် မပါဝင်ချင်ပေ။
သို့သော် မြူခိုးပင်လယ်ကမ္ဘာ တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကို ပြန်စဉ်းစားမိသောအခါ သူ့အတွက် သေစေနိုင်သော တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့သူမှာ လော့ယွမ်ရှီး ဖြစ်နေသည်ကို သတိရလိုက်လေသည်။
"ကျွန်တော် ကူညီပေးနိုင်တာ ရှိရင် လွတ်လွတ်လပ်လပ် ပြောပါ..."
သူ၏စကားကို ကြားသောအခါ လော့ယွမ်ရှီးသည် သူ့ကို အံ့သြစွာ စိုက်ကြည့်နေမိလေသည်။
သူမ ကြားလိုက်ရသည်ကို မယုံနိုင်သကဲ့သို့ပင်။
"ဒါ ရှင် ပြောမယ့် စကားပုံစံမျိုး မဟုတ်ပါဘူး..."
"မိန်းကလေး လော့... ဘယ်လိုပြောလိုက်တာလဲ။ ကျွန်တော်က ကျေးဇူးကန်းတတ်တဲ့ လူစားမျိုး လုံးဝ မဟုတ်ပါဘူးဗျ။ တကယ်တော့ ကျွန်တော်က ကျေးဇူးရှိရင် အာဃာတနဲ့ ပြန်ဆပ်တတ်... အဲလေ... ကျေးဇူးတုံ့ပြန်တတ်တာ ကျွန်တော့်ရဲ့ မွေးရာပါ မြင့်မြတ်တဲ့ အရည်အချင်းပါ..."
ရှန်းချန်ကော အတော်ပင် မကျေမနပ် ဖြစ်သွားလေသည်။
"အခုကစပြီး ရှင်က သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ဖြစ်သွားပြီ။ ဝတ်ရုံနက်အဖွဲ့ က ရှင့်ရဲ့ကိုယ်ပိုင် အင်အားစု ဖြစ်သလို သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းလည်း ဖြစ်သွားပြီ..."
လော့ယွမ်ရှီးက ရှန်းချန်ကောကို အေးစက်စွာ ကြည့်လိုက်လေသည်။
"မိန်းကလေး လော့" ဟူသော စကားလုံးသည် နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့သော သူမ၏ နှလုံးသားတွင် လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်စေခဲ့ချေသည်။
"ပြန်ရောက်ရင် ကောင်းကောင်း ကျင့်ကြံပါ။ ဖန်ဆင်းခြင်းနယ်ပယ် အထွတ်အထိပ် ရောက်တဲ့အခါကျရင် ကျွန်မကို ကူညီနိုင်လောက်ပါတယ်..."
ရှန်းချန်ကော ပခုံးတွန့်လိုက်လေသည်။ သူ အထင်သေးခံလိုက်ရသလို ခံစားရသော်လည်း ငြင်းချက်ထုတ်၍ မရနိုင်ပေ။
လက်ရှိ သူသည် အစစ်အမှန်ဧကရာဇ်ဓား၏ ပြိုင်ဘက်ကင်း ထက်ရှမှုဖြင့် ဖန်ဆင်းခြင်းနယ်ပယ် အစောပိုင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးကို ယှဉ်ပြိုင်နိုင်သည်၊ သို့မဟုတ် သတ်ဖြတ်နိုင်သည် ဆိုသော်ငြားလည်း...
သူ၏ကျင့်ကြံခြင်း အဆင့်မှာ နိမ့်နေသေးဆဲ ဖြစ်ပေသည်။
သူ ပြန်ရောက်သည့်အခါ ချက်အင်လုပ်ပြီး ကျင့်ကြံခြင်း အဆင့်ကို အမြန်ဆုံး မြှင့်တင်ရမည် ဖြစ်ကြောင်း ထင်ရှားနေချေ၏။
အကယ်၍ သူသာ ဖန်ဆင်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိသွားပါက မဟာပျက်စီးခြင်းနယ်မြေတွင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ဘဲ စိတ်တိုင်းကျ သွားလာနိုင်မည် ဖြစ်ပေသည်။
"သွားတော့..."
လော့ယွမ်ရှီး၏အေးစက်သော အသံ ထွက်ပေါ်လာလေသည်။
ရှန်းချန်ကော ဘာမှ မတုံ့ပြန်နိုင်မီမှာပင် သူ၏ ခန္ဓာကိုယ်ကို ရွှေရောင် အလင်းတန်းများ လွှမ်းခြုံသွားလေသည်။
ကြယ်တရာများ ရွေ့လျားသွားသကဲ့သို့ ကမ္ဘာလောကကြီး လည်နေသည်ကို သူ ခံစားလိုက်ရပြီး မူးဝေသွားလေသည်။
ထိုအင်အားပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါ ရှန်းချန်ကော မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။
သူသည် ဝတ်ရုံနက်အဖွဲ့အစည်း၏အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူ ပြုံးလိုက်ပြီး ဝတ်ရုံနက်အဖွဲ့အစည်းထဲသို့ ဝင်ရောက်သွားလေသည်။
"ခေါင်းဆောင် ပြန်လာပြီ"
ရှန်းချန်ကော ဝင်လာသည်ကို ဝတ်ရုံနက် အဖွဲ့သား တစ်ဦးက မြင်လိုက်ပြီး မအော်ဘဲ မနေနိုင် ဖြစ်သွားလေသည်။
"ခေါင်းဆောင် ပြန်လာပြီဟေ့"
ဤသတင်းသည် မုန်တိုင်းကဲ့သို့ ဝတ်ရုံနက်အဖွဲ့ တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
တစ်ခဏအတွင်း ဝတ်ရုံနက် အဖွဲ့သားများ ပျော်ရွှင်စွာ အော်ဟစ်ကြပြီး နားကွဲမတတ် အသံများဖြင့် ကြွေးကြော်ကြလေသည်။
ထို့နောက် ပုံရိပ်ပေါင်းများစွာသည် ရေအဟုန်ကဲ့သို့ ဝတ်ရုံနက်အဖွဲ့ အတွင်း ဖြတ်သန်းလာကြလေသည်။
မရေမတွက်နိုင်သော ပုံရိပ်များသည် ရှန်းချန်ကော ရှိရာသို့ ပျံသန်းလာကြချေ၏။
"ခေါင်းဆောင်... နောက်ဆုံးတော့ ပြန်လာပြီပဲ။ ကျွန်တော် ခေါင်းဆောင်ကို လွမ်းနေတာ..." ကျန်းလျိုယွီ သည် ပထမဆုံး ရောက်ရှိလာသူ ဖြစ်ပေသည်။
သူသည် ဦးညွှတ်ပြီး ရှန်းချန်ကောကို လေးစားစွာ ကြည့်လိုက်လေသည်။
သူ၏မျက်နှာထားသည် လေးစားမှုနှင့် ကြည်ညိုမှုတို့ဖြင့် ပြည့်နှက်နေပြီး နတ်ဘုရားအရိုအသေပြုရန်ထွက်လာသော ယုံကြည်သူတစ်ဦးက သူ၏နှလုံးသားထဲမှ စစ်မှန်သောနတ်ဘုရားကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပေသည်။
သူ၏မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေချေ၏။
"ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
တစ်ခဏအတွင်း ဝတ်ရုံနက်အဖွဲ့ တစ်ခုလုံးတွင် နားကွဲမတတ် အော်ဟစ်သံများ ပြည့်နှက်သွားလေသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ထပ်ဆင့်ကာ ဖုံးလွှမ်းသွားသော လှိုင်းလုံးများကဲ့သို့ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားလေတော့သတည်း။