← Chapters

တမလွန်လောက တစ္ဆေမီးလျှံများကို သန့်စင်ခြင်း

Vol. 1 Ch. 462

တမလွန်လောက တစ္ဆေမီးလျှံများကို သန့်စင်ခြင်း

Vol. 1 Ch. 462

ဝှစ်...

ထင်ထားသည့်အတိုင်း တစ္ဆေမီးလျှံများရှိရာသို့ သူခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်။ မီးဝိဉာဉ်ပုလဲသည် အလိုအလျောက် သခင်ကို ကာကွယ်ပေးလာခဲ့ပြီး တမလွန်လောက၊ တစ္ဆေမီးလျှံများကို အလွန်လျင်မြန်စွာ စုပ်ယူနေခဲ့သည်။

ဖားပြုပ်၏ ဝမ်းဗိုက်ထဲရှိ တစ္ဆေမီးလျှံများမှာ အတော်များလေသည်။ သို့သော် မီးဝိဉာဉ်ပုလဲသည် မီးလျှံများကို အလွန်လျင်မြန်စွာ စုပ်ယူသွားခဲ့သည်။ အချိန်တိုအတွင်းတွင် တစ္ဆေမီးလျှံများအားလုံး ကုန်ဆုံးသွားခဲ့သည်။

"ဟမ်...တစ္ဆေမီးလျှံတွေက ဒီအသားလုံးက ထွက်လာတာလား။ ဒီလူမျက်နှာနဲ့ဖားပြုပ်က တစ္ဆေမီးလျှံတွေကို သူ့ကိုယ်ထဲမှာ ဘာလို့ ထုတ်နိုင်နေတာလဲ။ ဒီကောင်က မီးဓာတ်အမျိုးအစား နတ်ဆိုးသားရဲများလား"

တစ္ဆေမီးလျှံများအားလုံး ကုန်ဆုံးသွားပြီးနောက် အသားလုံးကြီးတစ်လုံးကို ကျန်းရီသတိပြုမိလိုက်သည်။ အသားလုံး၏ အလယ်တွင် အပေါက်ငယ်တစ်ခုရှိနေပြီး တစ္ဆေမီးလျှံများမှာ ထိုအပေါက်ထဲမှ စိမ့်ထွက်နေခဲ့သည်။

ကျန်းရီသည် နတ်ဆိုးသားရဲများနှင့် ပတ်သက်သော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့ဖူးသည်။ သူ့မီးဝိဉာဉ်ပုလဲသည် မီးမှန်သမျှကို စုပ်ယူနိုင်လေရာ မီးဓာတ်အထူးပြု နတ်ဆိုးသားရဲများ အကြောင်းကို သူသေချာ ဖတ်ခဲ့သည်။ သူမှတ်မိသလောက် ဤနယ်မြေ၏ မှတ်တမ်းများအရ မီးဓာတ်အထူးပြု နတ်ဆိုးသားရဲများထဲတွင် လူမျက်နှာနှင့်ဖားပြုပ် လုံးဝမပါချေ။

ခဏစဉ်းစားကြည့်ပြီးနောက် ဤကိစ္စကို ဘေးဖယ်ထားရန် သူဆုံးဖြတ်လိုက်သည်။ သူသည် မီးလျှံများ ထွက်နေသည့် ထိုအသားလုံးထံ ခက်ခက်ခဲခဲ တိုးသွားလိုက်ပြီး ကောင်းကင်ဖျက်မီးကျင့်စဉ်ကိုသုံး၍ တစ္ဆေမီးလျှံများကို မီးလျှံစလေးအဖြစ် ပြောင်းလဲပစ်ကာ သူ့ကိုယ်ထဲ ဝင်စေလိုက်သည်။ သူ၏ညာဘက်လက်မှ သွေးကြောများ ထိခိုက်ထားလေရာ ဘယ်ဘက်လက်ကိုသာ အသုံးပြု၍ မီးလျှံများကို စုပ်ယူရလေသည်။

သူ့ကိုယ်ထဲမှ သွေးကြောမကြီးများ အတော်များများလည်း ထိခိုက်ထားခဲ့သည်။ ထို့ကြောင့် သူသည် အဖြူရောင် မီးလျှံမျှင်လေးများကို ဒန်တျန်းရှိရာသို့ သွေးကြောငယ်များမှတစ်ဆင့် ခက်ခက်ခဲခဲ ပို့ဆောင်လိုက်ရသည်။

မီးလျှံစ ဒန်တျန်းအတွင်း ဝင်ရောက်သွားပြီးနောက်တွင် ကျန်းရီပြိုလဲနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သူ့ကိုယ်သည် အလွန်နုံးချိနေပြီး သူ့လက်ကိုပင် ကောင်းကောင်းမမြှောက်နိုင်တော့ပေ။ ထို့ပြင် သူနှလုံးနှင့် သွေးကြောမကြီး တော်တော်များများမှာ ဆိုးဆိုးဝါးဝါး နာကျင်နေဆဲဖြစ်သည်။ အဆိုးဆုံးမှာ ဒဏ်ကြေဆေးကို ထုတ်ယူရန်ပင် သူမစွမ်းသာတော့သလို၊ တရားထိုင်၍ ပြန်ကုစားရန်လည်း သူမလုပ်နိုင် ဖြစ်နေခြင်းဖြစ်သည်။ ဒဏ်ရာများ သူ့အလိုလို ပြန်ကောင်းသွားစေရန်သာ သူစောင့်ရတော့မည်။

သူလှုပ်ရှားလိုက်ပါက ဒဏ်ရာများ ပိုဆိုးသွားနိုင်သည်။ သူ ယခုလေးတင် စုပ်ယူထားသော မီးလျှံစသည် ပထမကြယ်၏ မတော်တဆ စုပ်ယူခံရနိုင်သည့်အတွက် ဒဏ်ရာများကို ဂရုစိုက်နေရန် သူ့တွင် အချိန်မရှိပေ။ မဟုတ်ပါက သူကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်လိမ့်မည်။

ကျန်းရီသည် ခေတ္တအနားယူပြီးနောက် မီးလျှံများကို စတင်စုပ်ယူလိုက်သည်။ မီးလျှံစလေး ဆယ်ခုကို မီးလျှံတစ်စအဖြစ် သူအရင်ပေါင်းစည်းရမည်ဖြစ်သည်။ ထို့နောက် ထိုမီးလျှံတစ်စကို ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအားဖြင့် စွမ်းအားမြှင့်ရမည်။

လူမျက်နှာနှင့်ဖားပြုပ်သည် လက်ရှိအချိန်တွင် တိတ်ဆိတ်နေခဲ့သည်။ ကျန်းရီသည် ၎င်း၏ ဗိုက်ထဲတွင် ရောက်နေသော်လည်း ၎င်းသည် အနက်ရောင်အရည်နှင့် တစ္ဆေမီးလျှံများကို သုံး၍သာ တိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်နိုင်သည့် နည်းလမ်းမှာ ထိုနှစ်ခုသာ ရှိလိမ့်မည်ဟု အာမမခံနိုင်ချေ။ ထို့ကြောင့် ကျန်းရီသည် အခွင့်သာခိုက် တမလွန်လောက၊ တစ္ဆေမီးလျှံကို မြန်မြန်သန့်စင်၍ အနှီဖားပြုပ်ကို သတ်ပစ်ရမည်ဖြစ်သည်။

နှစ်ခု...သုံးခု....ကိုးခု...

ကျန်းရီ၏ ကြွက်သားများသည် နာကျင်မှုကြောင့် ဆက်တိုက်တုန်ယင်နေခဲ့သည်။ သူ့ဒဏ်ရာများသည် တစ်ဆစ်ဆစ် ထိုးကိုက်နေသောကြောင့် သူ့ကိုယ်မှာ တွန့်လိမ်နေလေသည်။ သူ့မျက်နှာမှာလည်း နာကျင်လွန်းသောကြောင့် ရှုံ့မဲ့နေသည်။ သူ့ကိုယ်မှ ချွေးစေးများ စီးကျလာသော်လည်း သူ့ဘေးပတ်လည်မှ အနက်ရောင်အရည်များသည် သူ့အား အေးအေးဆေးဆေး ချွေးထွက်ခွင့်ပင် မပေးချေ။

မီးလျှံကိုးမျှင်ကို စုပ်ယူရန် တစ်နာရီခန့် ကျန်းရီ အချိန်ယူလိုက်ရသည်။ ပုံမှန်အခြေအနေဆိုပါက မီးလျှံစုပ်ယူသည့်ကိစ္စသည် မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်မည်ဖြစ်သည်။

သူသည် အချိန်တစ်ခုကြာ နားပြီးနောက် အသားလုံးကို ခက်ခက်ခဲခဲနှင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နောက်ထပ်သော မီးလျှံစကို သူ့ကိုယ်ထဲ စုပ်ယူလိုက်သည်။ ဆယ်ခုမြောက်သော မီးလျှံစ ဒန်တျန်းထဲသို့ ဝင်ရောက်သွားမှသာ သူသက်ပြင်းချနိုင်သည်။ ခဏအနားယူလိုက်ပြီးနောက် မီးလျှံများကို သူ စတင်၍ ပေါင်းစည်းလိုက်သည်။

တစ္ဆေမီးလျှံစ ဆယ်ခုသည် နဂါးဖြူဆယ်ကောင်ပမာ လွန့်လူးနေခဲ့သည်။ ၎င်းတို့သည် တစ်စုံချင်းစီ ရစ်ပတ်ယှက်နွယ်၍ ပေါင်းစည်းသွားခဲ့ကြသည်။ တစ်ဆင့်ပြီးတစ်ဆင့် ပြီးဆုံးသွားပြီးနောက် နောက်ဆုံးတွင် မီးလျှံငယ်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ဟူး...ဟူး...

တမလွန်လောက၊ တစ္ဆေမီးလျှံကို သန့်စင်ပြီးသည်နှင့် မီးလျှံများသည် ပထမကြယ်ထဲတွင် အငြိမ်မနေဘဲ တွန်းထိုးလှုပ်ရှားလာကြသည်။ ပထမကြယ်သည် တောက်ပလာခဲ့ပြီး ကြယ်စွမ်းအားသည် တစ္ဆေမီးလျှံများ ငြိမ်သက်သွားအောင် ဖိနှိပ်လိုက်လေသည်။

"သေစမ်း..."

ထိုခဏတွင် ကျန်းရီ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူ့မျက်လုံးများသည် လူသတ်ငွေ့များ ပြည့်နေခဲ့ပြီး သူ့ဘယ်ဘက်လက်မှ အဖြူရောင်အလင်းများ တောက်ပလာခဲ့သည်။ ဆွတ်ဆွတ်ဖြူနေသော မီးလျှံတစ်ခုသည် သူ့လက်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ မီးလျှံထဲတွင် တွန့်လိမ်နေသော လူမျက်နှာတစ်ခု ရှိနေခဲ့သည်။

"ဝူး...ဝူး..."

မီးလျှံ ကုန်စင်အောင် ထွက်မလာရသေးခင်တွင် ငြိမ်သက်နေခဲ့သော ဖားပြုပ်သည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ ၎င်း၏ ဗိုက်ကြီးသည် ဖောင်းလိုက်ပိန်လိုက်ဖြင့် ခြောက်ခြားစရာ ဆူညံသံကြီးကို ပြုလုပ်လာခဲ့သည်။ ကျန်းရီ၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့ပြန်သည်။ ခံစားချက်ကင်းမဲ့နေသည့် လေသံတစ်ခုသည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"လူသား...မင်းတစ်ခုခုလုပ်ရဲရင် ငါမင်းကို ချက်ချင်းသတ်ပစ်မယ်"

ထိုအသံသည် ဖားပြုပ်ထံမှ လာခြင်းဖြစ်သည်။ ကျန်းရီ၏ နှလုံးသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေခဲ့သည်။ ကျန်းရီသည် ပါးစပ်မှ သွေးများစီးကျနေသော်လည်း ယခင်ကထက်ပင် စိတ်ပိုင်းဖြတ်လိုက်ပုံ ပေါ်နေခဲ့သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟားဟား...သေလိုက်တော့...သောက်ဖားပြုပ်ကောင်"

ဟူး...ဟူး...

သူ့လက်ဝါးပေါ်မှ မီးလျှံများ အကုန်အစင် ထွက်ပေါ်လာသည်နှင့် သူ့ပတ်လည်ရှိ အနက်ရောင်အရည်များ အငွေ့ပျံကုန်သည်။ သူ့ဘေးရှိ အသားလုံးမှာလည်း မျက်စိအောက်တွင်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ မြင့်မားလွန်းလှသော အပူချိန်ကို ကျန်းရီကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

သူ့ဘေးပတ်လည်မှ အနက်ရောင်အရည်များ အငွေ့ပျံကုန်ပြီး သူ့အောက်ရှိ အသားနံရံကြီးမှလည်း မီးခိုးများ စတင်ထွက်ပေါ်လာသည်။ အနက်ရောင်အရည်များ မရှိတော့သည်နှင့် ကျန်းရီသည် အတွင်းအားကို ပြန်သုံးနိုင်ပြီဖြစ်ကြောင်း ခံစားလိုက်မိသည်။ သူ့ကိုယ်မှာလည်း အင်အားများ ပြည့်ဝလာသည့်နှယ် ခံစားရလေသည်။

"ရား..."

ကျန်းရီသည် သူ့ခြေထောက်အောက်မှ ဖားပြုပ်၏ကိုယ်ကြီးအား လက်သီးဖြင့် ထိုးချလိုက်သည်။ မီးလျှံများသည် ဖားပြုပ်၏အသားများကို လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ပြီး ၎င်း၏ ဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ကျန်းရီသည် အပြင်သို့ ခုန်ထွက်၍ မြေပေါ်မှ အရိုးစုများထက် ခြေချလိုက်သည်။

"ဝူး...ဝူး...ဝူး..."

လူမျက်နှာနှင့်ဖားပြုပ်သည် နာကျင်စွာ မြည်တမ်းနေခဲ့သည်။ ၎င်း၏ ဗိုက်ကြီးတွင် မီးကျွမ်းရာ အပေါက်ကြီး ပေါ်လာပြီးနောက် ၎င်း၏ကိုယ်ကြီးမှာ အလွန်လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ ခြောက်ခြားနေသော မျက်လုံးတစ်စုံနှင့် ဖားပြုပ်သည် မြောက်ဘက်ရှိ ဂူထံ အရိပ်သဖွယ် ပြေးသွားခဲ့သည်။

"ထွက်ပြေးဖို့ ကြိုးစားတယ်ပေါ့"

ကျန်းရီသည် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။ လူမျက်နှာနှင့် ဖားပြုပ်သည် သူ့လက်ချက်ဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ လက်ရှိအချိန်သည် ၎င်းကိုသတ်ရန် အချိန်ကောင်းဖြစ်သည်။ သူသည်လည်း ဒဏ်ရာဆိုးဆိုးဝါးဝါး ရထားသော်ငြား ဤအခွင့်အရေးကောင်းကို အဘယ်ကြောင့် လက်လွှတ်ရမည်နည်း။

ကျန်းရီသည် တမလွန်လောက တစ္ဆေမီးလျှံများကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ရင်း ထပ်မံသန့်စင်ရန် ဒန်တျန်းအတွင်း ဝင်ရောက်စေလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် ဖားပြုပ်ထံ နေရာရွှေ့ပြောင်းသွားလိုက်သည်။

"လူသား...သိပ်ပြီး စိတ်ကြီးဝင်မနေနဲ့။ မဟုတ်ရင် ငါမင်းကို တစ်သက်လုံး ဒီမှာနေသွားရအောင် လုပ်လိုက်မယ်"

လူမျက်နှာနှင့် ဖားပြုပ်သည် လျင်မြန်စွာ ထွက်ပြေးနေသော်လည်း ဒဏ်ရာများကြောင့် အနည်းငယ် နှောင့်နှေးနေသည်။ ကျန်းရီ၏ နေရာရွှေ့ပြောင်းနှုန်းမှာ အလွန်မြန်ဆန်လေရာ သူတို့အကြားမှ အကွာအဝေးမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ လူမျက်နှာနှင့် ဖားပြုပ်သည် နောက်လှည့်လာ၍ မျက်နှာသေနှင့် စကားပြောလာသော်ငြား ၎င်း၏မျက်လုံးများမှာ ခြောက်ခြားမှုများ ပြည့်နေလေသည်။

"အဲ့လိုလား"

ကျန်းရီသည် လှောင်သံနှင့် မေးလိုက်သည်။ ပါးစပ်တစ်ခုလုံးနှင့် ရင်ဘတ်တွင် သွေးများ ပေကျံနေသော သူ့ပုံစံမှာ အလွန်ကြောက်စရာ ကောင်းနေခဲ့သည်။

ဖားပြုပ်၏ ဝမ်းဗိုက်ထဲတွင် ရှိစဉ်က မီးလျှံများကို တစ်ကြိမ် သန့်စင်ရန် တစ်နာရီခန့် သူအချိန်ယူခဲ့ရသည်။ ဤအခိုက်အတန့်တွင် မီးလျှံများကို သန့်စင်ရန် စက္ကန့်ပိုင်းသာ သူလိုအပ်လေသည်။ သုံးကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်းပြီးနောက်တွင် ဖားပြုပ်၏ ရှေ့သို့ သူရောက်သွားခဲ့သည်။ ထို့နောက် သူ့လက်ဝါးမှ အဖြူရောင် မီးလျှံများ ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြီး မီးလှိုင်းကြီးတစ်ခုသည် ဖားပြုပ်၏ ခေါင်းထက် ကျရောက်သွားခဲ့သည်။

"ဝူးး....ဝူးး..."

ဖားပြုပ်၏ မျှော်လင့်ချက်မဲ့စွာ မြည်ကျွေးသံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သူနှင့် အလွန်နီးကပ်နေလေရာ ဖားပြုပ်မှာ ထွက်မပြေးနိုင်တော့ဘဲ သေခြင်းကိုသာ စောင့်ဆိုင်းနေရတော့သည်။

တမလွန်လောက တစ္ဆေမီးလျှံများ၏ စွမ်းအားသည် သန့်စင်ပြီးနောက်တွင် ဆယ်ဆခန့် ပိုမိုပြင်းထန်သွားခဲ့သည်။ ထိုမီးလျှံသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံထက် ပိုမိုအားပြင်းပြီး မီးဝိဉာဉ်ကျောက်တုံးမှ မီးလျှံများထက်သာ နိမ့်ကျလေသည်။

ထိုမျှမြင့်သော အပူချိန်သည် ဤဖားပြုပ်မဆိုနှင့်၊ ယာ့ဇီသားရဲကိုတောင် အလွယ်တကူ လောင်ကျွမ်းစေနိုင်သည်။ လူမျက်နှာနှင့် ဖားပြုပ်သည် အဖြူရောင် မီးလျှံများ ထုတ်၍ ခုခံရန် ကြိုးစားခဲ့သေးသည်။

သို့သော် မူလတစ္ဆေမီးလျှံများသည် သန့်စင်ပြီးသည့် တစ္ဆေမီးလျှံများကို မည်သို့ ယှဉ်နိုင်မည်နည်း။ ကျန်းရီ၏ လက်ဝါးမှ မီးလျှံများသည် လူမျက်နှာနှင့် ဖားပြုပ်ထံ ပြေးထွက်သွားခဲ့ပြီး ၎င်းအား ဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းသွားစေခဲ့သည်။

ရွှစ်...

လက်ရှိအချိန်တွင် ကျန်းရီသည် သေစေနိုင်လောက်သည့် အန္တရာယ်ကို ခံစားလိုက်မိသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဂူအပြင်ဘက်သို့ ချက်ချင်းနေရာရွှေ့ပြောင်းလိုက်ပြီး လူမျက်နှာနှင့်ဖားပြုပ်သည် မည်သို့သော အပေါင်းအပါကို အကူအညီတောင်းလိုက်ကြောင်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

ရုတ်တရက် သူရပ်နေသော မြေပြင်သည် အက်ကွဲလာခဲ့ပြီး အနက်ရောင်နွယ်ကြီးတစ်ခု တိုးထွက်လာခဲ့သည်။

"နေနက်မိစ္ဆာနွယ်...ဒီဝိဉာဉ်ပျောက်တောင်ကြားနဲ့ မြေအောက်လောကက ဘယ်လိုဆက်စပ်နေတာပါလိမ့်။ လူမျက်နှာနဲ့ဖားပြုပ်က နေနက်မိစ္ဆာနွယ်ကို ဘာလို့ဆင့်ခေါ်နိုင်နေတာလဲ"

ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းများ ဖြတ်ပြေးသွားခဲ့သည်။ ဤတစ်ခေါက်တွင်တော့ သူကြောက်လန့်မနေတော့ပေ။ နေနက်မိစ္ဆာနွယ်ကို ကောင်းကင်ကိုးဆင့်နဂါးမီးလျှံနှင့်တောင် ဖျက်စီးနိုင်သည်၊ သူယခု သန့်စင်ထားသည့် တမလွန်လောက တစ္ဆေမီးလျှံကို ထုတ်သုံးရန်တောင်မလိုဘဲ သူအလွယ်တကူ ထွက်သွားနိုင်သည် မဟုတ်ပါလော။

***

All Chapters