မြင့်မြတ်သောအသူရာနဂါးနှင့် နဂါးဒေါသတို့၏အသွင်ပြောင်းလဲခြင်း
Vol. 50 Ch. 689
ယောင်းယွမ်သူတော်စင်မြို့တော်အတွင်း ဇူယွမ်၏ ပြင်းထန်လှသော ချီစွမ်းအင် အငွေ့အသက်များက လွှမ်းခြုံစိုးမိုးထားလျက် ရှိသည်။ ဇူယွမ်ထံမှ မုန်တိုင်းတစ်ခုကဲ့သို့ ကြမ်းတမ်းလှသည့် ချီစွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေပေသည်။
လက်ရှိအချိန်၌ ဇူယွမ်၏သန်မာမှုမှာ ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီပင် ဖြစ်သည်။
နှိုင်းယှဉ်ပြရမည်ဆိုပါက ဝူဟောင်ထက်ပင်ပို၍ သန်မာနေသေးသည်။
စောင့်ကြည့်နေသူများမှာ ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလိုက်မိကြသည်။ ဝူဟောင်နှင့် ဇူယွမ်တို့၏ တိုက်ပွဲမှာ ကျားနှင့်နဂါးတို့၏တိုက်ပွဲအား ကြည့်ရှုရသကဲ့သို့ပင် ရင်သက်ရှုမောဖွယ် ကောင်းလှပေသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ မူလစဦး ကျင့်ကြံသူအဆင့်သာ ရှိကြသေးပါသော်လည်း ယနေ့တိုက်ပွဲမှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ဝူဟောင်နှင့် ဇူယွမ် နှစ်ဦးစလုံးမှာ ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံးဖြစ်သည်ဟုဆိုလျှင်ပင် လွန်မည်မထင်ပေ။
ယနေ့တိုက်ပွဲရလဒ်သည် ရှန်ဇူတိုက်ကြီးတစ်ခုလုံးအား အချိန်အတော်ကြာမျှ ဖမ်းစားထားနိုင်လိမ့်မည် ဖြစ်သည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ကောင်းကင်ထက်တွင် ရှိနေသည့် ဝူဟောင်၏ အမူအရာမှာ ခက်ထန်သွားရသည်။ သူသည် ဇူယွမ်ထံမှ ပြင်းထန်လွန်းသော အန္တရာယ် အငွေ့အသက်များအား ရရှိလိုက်သောကြောင့်ပင် ဖြစ်သည်။
သို့သော် အချိန်ခေတ္တမျှ ကြာမြင့်သွားပြီးနောက်တွင် ဝူဟောင်၏ အမူအရာမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုငွေရောင်ချပ်ဝတ်အား ဝူဟောင်မှ အလွန်ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်သည်။ ၎င်းထူးခြားဆန်းကြယ်လှသည့် ငွေရောက်ချပ်ဝတ်ကြောင့်ပင် လွန်ခဲ့သော နှစ်နှစ်ခန့်၌ ဝူဟောင်မှာ သူ၏ခန္ဓာကိုယ်အား ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုတခေါက် ဇူယွမ်၏ဝှက်ဖဲနှင့်ပက်သတ်၍ ထူးခြားစွာ အံ့အားသင့်မနေတော့ပေ။
"ဟူး..."
ဝူဟောင်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဇူယွမ်၏ မျက်ဝန်းများအားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် အရင်တစ်ခါတုန်းက ဒီငွေရောင်ချပ်ဝတ်ကိုသုံးပြီး မင်းငါ့ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။ အခုရော အဲ့လိုလုပ်နိုင်မယ်လို့ ထင်နေသေးတာလား။"
ဇူယွမ်မှ ထီမထင်ပြုံးကာ စကားဆိုလိုက်သည်။ "စမ်းကြည့်လိုက်ရင် သိရမှာပဲမလား။"
ဝူဟောင်မှာ ဇူယွမ်အား အေးစက်ခက်ထန်စွာဖြင့် ကြည့်ရှုလိုက်ပြီးနောက် မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်လိုက်သည်။
ဝုန်း....
ဝူဟောင်၏ ခန္ဓာကိုယ်ထံမှ ထူးခြားဆန်းကြယ်လွန်းလှသော ရွှေရောင်ချီစွမ်းအင်များ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ ထိုရွှေရောင်ချီစွမ်းအင်များမှာ ဝူဟောင်အား လှည့်ပတ်နေလျက်ရှိပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်နေသယောင် ရှိသည်။
၎င်းရွှေရောင်ချီစွမ်းအင်အမျှင်တန်းများမှာ ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ဝူဟောင်၏ခန္ဓာကိုယ်အား ရစ်ပတ်ထားလိုက်သည်။
ဇူယွမ်မှာ ထိုရွှေရောင်ချီစွမ်းအင်များအား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများတွင် အေးစက်ခက်ထန်မှုများ ပြည့်နှင်လာရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းရွှေရောင်ချီစွမ်းအင်များမှာ မြင့်မြတ်သောနဂါးချီများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
"ဇူယွမ်...မင်းဒါကို ရင်းနှီးမနေဘူးလား။" ဝူဟောင်မှ ခနဲ့တဲ့တဲ့ စကားဆိုလိုက်သည်။
ဇူယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "မြင့်မြတ်သောနဂါးရဲ့ အသွင်ပြောင်းလဲခြင်းလား။ ဝူဟောင်...မင်းမမှတ်မိတော့ဘူးလား။ အရင်တစ်ခါ မင်းအသွင်ပြောင်းလဲခြင်းကို လုပ်ခဲ့တုန်းက ငါမင်းရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်ခဲ့တယ်လေ။"
ဝူဟောင်မှာ မည်သည့်စကားမှမဆိုပဲ အေးစက်စွာ ပြုံးလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။
ဝုန်း....
နဂါးတစ်ကောင်၏ အော်မြည်သံနှင့်အတူ ကြီးမားလှသော နဂါးကြီးမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ဝူဟောင်၏အနီးတွင် ရှိနေသော အသူရာသွေးဝိဉာဉ်အရိပ်နှင့် ပေါင်းစည်းသွားသည်။
ဝုန်း....
ထိုသို့ပေါင်းစည်းသွားပြီးနောက် ရွှေရောင်ရောယှက်နေသော သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေတော့သည်။
ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။
ဝူဟောင်က မြင့်မြတ်သောနဂါး အသွင်ပြောင်းလဲခြင်းနဲ့ အသူရာသွေးဝိဉာဉ်အရိပ်ကို ပေါင်းစည်းလိုက်တာလား....
"ဇူယွမ်...ငါ့ခန္ဓာကိုယ်ကို ဖျက်စီးပေးခဲ့တာအတွက် ကျေးဇူးပဲ။ အခုဒါကို မြင့်မြတ်သောနဂါးရဲ့ အသွင်ပြောင်းလဲခြင်းလို့ မခေါ်တော့ဘူး။"
"မြင့်မြတ်သော အသူရာနဂါးရဲ့ အသွင်ပြောင်းလဲခြင်းလို့ ငါနာမည်ပြောင်းလိုက်တယ်။"
ဝူဟောင်၏ အေးစက်လှသော စကားနှင့်အတူ သွေးနီရောင်ချီစွမ်းအင်များနှင့် ရွှေရောင်ချီစွမ်းအင်များ ပေါင်းစည်းသွားကာ ဆန်းကြယ်သော အရည်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူဟောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။
ဝူဟောင်နှင့် ထိုအရည်များ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ မြူခိုးများ ထူထဲသွားရသည်။
ဝူဟောင်၏ခန္ဓာကိုယ်မှာလည်း ပေဒါဇင်ကျော်မျှ ကြီးမာသွားပြီးနောက် သွေးနီရောင် ဦးချိုများပါ ထွက်ပေါ်လာလေသည်။
ယင်းအား ကြည့်ရှုရသည်မှာ အသူရာနဂါးမိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝုန်း....
ဝူဟောင် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်နှင့်အတူ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာလည်း ကြမ်းတမ်းခက်ထန်စွာ တုန်လှုပ်ကုန်ရသည်။
စောင့်ကြည့်နေသောသူများမှာ တဖြည်းဖြည်းနှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းလာသော ဝူဟောင်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။
ဝူဟောင်ထံ၌ စွမ်းအင်အကန့်အသတ် ရှိရဲ့လားဟုပင် သံသယဝင်နေမိကြသည်အထိ ဖြစ်သည်။
ဝူဟောင်မှာ မူလစဦးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါသော်လည်း နတ်ဘုံခန်းဝါအဆင့်တမျှ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ကောင်းကင်ထက်တွင် ရှိနေသော ဝူဟောင်မှာ အနီရောင်အလင်းတန်းများဖြင့် ဖန်ဆင်းထားသည့် အတောင်ပံအတစ်စုံအား ဖြန့်ထုတ်လိုက်သည်။
ဝူဟောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်....ဒါငါမင်းအတွက် ပြင်ဆင်ပေးထားတဲ့ဟာပဲ။ ဘယ်လိုလဲ...မင်းစိတ်တိုင်းကျရဲ့လား။"
ဝူဟောင်၏ စကားသံနှင့်အတူ အနီးတဝိုက်ရှိ လေထုမှာလည်း ပြင်းထန်သော စွမ်းအင်ဖိအားများကြောင့် ကြမ်းတမ်းခက်ထန်စွာ ပေါက်ကွဲနေလျက် ရှိသည်။
"မင်းမှာ တခြားဝှက်ဖဲတွေ ရှိသေးရင် အခုကတည်းက ထုတ်ပြထားတာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့လိုမှမဟုတ်ရင် ဒီယောင်းယွမ်သူတော်စင်မြို့တော်က မင်းရဲ့သင်္ချိုင်းဖြစ်သွားမှာမို့လို့ပဲ။" ဝူဟောင်မှ စကားဆိုလိုက်သည်။
ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်တွင် ရှိနေသော ချူချင်း၊ လီချင်းချန်နှင့် အခြားသူများ၏ အမူအရာမှာ ခက်ထန်နေလျက် ရှိသည်။
"ဒီငွေရောင်ချပ်ဝတ်က ဇူယွမ်ရဲ့ နောက်ဆုံးဝှက်ဖဲ ဖြစ်လောက်တယ်။ သူက ဝူဟောင်ရဲ့ ပြိုင်ဖက်တစ်ယောက် မဖြစ်နိုင်လောက်တော့ဘူး။" လီချင်းချန်မှ တိုးညင်းစွာ မှတ်ချက်ပြုလိုက်သည်။
၎င်းတို့မှာ ဇူယွမ်၏ တိုက်ခိုက်ရေးနည်းလမ်းများနှင့်ပက်သတ်၍ ကောင်းမွန်စွာ ရင်းနှီးကျွမ်းဝင်ကြသူများ ဖြစ်သည်။ လက်ရှိအချိန်၌ ဇူယွမ်မှာ ဝူဟောင်နှင့် တိုက်ခိုက်နေစဥ်အတွင်း ရှိရှိသမျှ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးသည်ဟု ဆိုနိုင်ပေသည်။
ထိုဆန်းပြားလှသာ ငွေရောင်ချပ်ဝတ်မှာ ဇူယွမ်အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခဲ့သော အရေးကြီး ဝှက်ဖဲတစ်ခုပင် ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝူဟောင်အား ၎င်းငွေရောင်ချပ်ဝတ်နှင့်ပင် ယှဉ်ပြိုင်နိုင်မည့်ဟန် မရှိပေ။
ချူချင်းမှာ ဦးခေါင်းအားပွတ်လျက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ဇူယွမ့်ကိုကယ်ဖို့ နည်းလမ်းရှာရမယ်။"
"ဝူဟောင်...." လီချင်းချန်မှ အလိုမကျဟန်ဖြင့် ညည်းညူလိုက်သည်။
"ငါသူ့ကိုတားလိုက်မယ်။" ချူချင်းမှ ဆုံးဖြတ်ချက်ပြတ်သားနေဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
လီချင်းချန်မှာ အံကိုတင်းတင်း ကြိတ်ထားလိုက်မိသည်။ ချူချင်းသည် ဝူဟောင်၏ပြိုင်ဖက်တစ်ဦး မည်သို့မျှ မဖြစ်နိုင်ချေ။ ဝူဟောင်အား အချိန်ခေတ္တမျှ တားဆီးထားနိုင်မည်ဆိုလျှင်ပင် ချူချင်းမှာ ထိုလုပ်ရပ်အတွက် အသက်နှင့်ပင် ပြန်လည်ပေးဆပ်ရနိုင်သည်။
"ဇူယွမ်က ငါ့ထက်အများကြီးပိုပြီး အရည်အချင်းရှိတယ်။ ကန်ရွှမ်းကလန်က သူ့ကိုလိုအပ်တယ်။" ချူချင်းမှ လီချင်းချန်အားကြည့်ကာ ပြောလိုက်သည်။
လီချင်းချန်မှာ အချိန်အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခက်ခဲစွာ ဆုံးဖြတ်လိုက်ရဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဇူယွမ်မှာ ရှိသမျှ ဝှက်ဖဲများအားလုံး ထုတ်၍သုံးလိုက်လျှင်ပင် ဝူဟောင်အား ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း လီချင်းချန်မှ သိရှိနေပေသည်။
စောင့်ကြည့်နေသော လူပေါင်းများစွာမှာ ဇူယွမ်အား မျက်ခြေမပြတ် ကြည့်ရှုနေလျက် ရှိသည်။
ယခုကြည့်ရသည်မှာ ဝူဟောင်နှင့် ဇူယွမ်တို့သည် ၎င်းတို့၏ ဖဲချပ်များအား ကစားနေသကဲ့သို့ပင် ဖြစ်သည်။ ဝူဟောင်မှာ သူ၏နောက်ဆုံးဖဲချပ်အား လှစ်ဟပြလိုက်ပြီဖြစ်ပြီး ဇူယွမ်ထံ၌ အမှီလိုက်စရာ ဝှက်ဖဲမရှိတော့ပါက ကစားပွဲမှာ အဆုံးသတ်သွားတော့မည် ဖြစ်သည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် အသူရာနဂါးမိစ္ဆာတစ်ကောင်နှင့်တူနေသော ဝူဟောင်အား ကြည့်ရှုလိုက်သည်။
ကြည့်ရသည်မှာ ဤနှစ်များအတွင်း ဝူဟောင်သည် သူ့အားတိုက်ခိုက်နိုင်ရန်အတွက် အတော်ပြင်ဆင်ထားခဲ့ပုံရသည်။
ဝူဟောင်၏ နောက်ဆုံးဝှက်ဖဲအား ရင်ဆိုင်ရခြင်းမှာ ယခင်ကဆိုလျှင် မျှော်လင့်ချက်ပင် မဲ့သွားနိုင်ပါသော်လည်း ယခုတွင်မူ......
ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် လက်ဝါးအား ဆန့်ထုတ်လိုက်သည်။ လက်ဝါးအလယ်တည့်တည့်တွင် အကျဉ်းထောင်တစ်ခုနှင့်တူသော အနက်ရောင်အစက်အပြောက်များ ရှိနေလေသည်။
ထိုအကျဉ်းထောင်အတွင်း နဂါးဒေါသအဆိပ်အား ဖိနှိပ်ထားခြင်း ဖြစ်သည်။
အတိတ်ကာလများ၌ ဇူယွမ်မှာ နဂါးဒေါသအဆိပ်အား အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးဖြင့် နဂါးဒေါသအဆိပ်အား ဖိနှိပ်ထားနိုင်ပြီဖြစ်သောကြောင့် ဇူယွမ်မှာ နဂါးဒေါသအဆိပ်အပြင် မြင့်မြတ်သောနဂါးကောင်းချီးကိုပါ အသုံးပြုနိုင်ပြီ ဖြစ်သည်။
မြင့်မြတ်သောနဂါးကောင်းချီးမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဝူဟောင့်ထံမှ ပြန်လည်ရရှိခဲ့သည့်အရာပင် ဖြစ်သည်။
ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ လက်ဝါးအလယ်တည့်တည့်တွင် ရှိနေသော အနက်ရောင် အစက်အပြောက်ထံမှ နဂါးတစ်ကောင်၏ အော်ညည်းသံသဲ့သဲ့ ထွက်ပေါ်လာတော့သည်။
ပြင်းထန်လှသော သွေးနီရောင်ချီစွမ်းအင်များ ဇူယွမ်၏လက်ဝါးထက်မှ ထွက်ပေါ်လာလေသည်။
ဇူယွမ်၏ခန္ဓာကိုယ်မှာလည်း ကောင်းကင်ထက်သို့ ထိုးတက်လာသည်။
သူ၏အနောက်တွင်ရှိနေသော သွေးနီရောင်အလင်းတန်းများမှာ ဖြည်းညင်းစွာဖြင့် အမျက်ဒေါသထွက်နေသည့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုကြီးမားလှသည့် နဂါးကြီးမှာ အမျက်ဒေါသများဖြင့် ပြည့်နှက်နေသယောင် ရှိသည်။
ဇူယွမ်၏ မျက်ဝန်းများမှာလည်း သွေးနီရောင်အဖြစ် ပြောင်းလဲသွားရသည်။ သို့သော် ထိုမျက်ဝန်းများအတွင်း ရက်စက်ခက်ထန်မှု အငွေ့အသက်များ အနည်းငယ်မျှပင် ပါဝင်နေခြင်း မရှိပေ။ သူသည် တည်ငြိမ်နေသော အမူအရာဖြင့်သာ ဝူဟောင်အား စူးစိုက်ကြည့်ရှုလိုက်သည်။
"မြင့်မြတ်သောနဂါး အသွင်ပြောင်းလဲခြင်း...အဟက်...မင်းကိုကျေးဇူးတင်ရမှာပဲ။ အခုငါ့မှာလည်း ရှိနေပြီလေ။ ဒါပေမယ့် ငါကတော့ ဒီလိုပဲ ခေါ်ချင်တယ်။"
"နဂါးဒေါသရဲ့အသွင်ပြောင်းလဲခြင်း!"