သတင်းဆိုး
Vol. 1 Ch. 463
ဝိဉာဉ်ပျောက်တောင်ကြား၊ အရိုးစုများ ပြည့်နေသည့် မြေပြင်၊ တစ္ဆေမီးလျှံများ၊ လူသားမျက်နှာနှင့်ဖားပြုပ်၊ မြေအောက်လောက၊ မရေမတွက်နိုင်သည့် ဖုတ်ကောင်များ...နေနက်မိစ္ဆာနွယ်...
နေရာနှစ်ခုသည် ဆက်နွယ်မှုတစ်ခုခု ရှိနေပုံရသည်။ လူသားမျက်နှာနှင့်ဖားပြုပ်သည် မသေခင်တွင် နေနက်မိစ္ဆာနွယ်ကို ဆင့်ခေါ်နိုင်ခဲ့သည်။ ဝိဉာဉ်ပျောက်တောင်ကြားသည် မြေအောက်လောကနှင့် အမှန်တကယ် ဆက်စပ်နေသည်လော။ လူမျက်နှာနှင့်ဖားပြုပ်သည် နေနက်မိစ္ဆာနွယ် ကဲ့သို့ပင် သူ့အတွင်းအားကို ပိတ်ဆို့နိုင်နေရာ နှစ်ခုလုံးတွင် တူညီသည့်စွမ်းရည်ရှိနေသည်ဟု ဆိုနိုင်လေသည်။
ကျန်းရီ၏ စိတ်ထဲတွင် သံသယမျိုးစုံ ဖြတ်ပြေးသွားသော်လည်း ဤအချိန်သည် စဉ်းစားတွေးတောနေရန် အချိန်ကောင်းမဟုတ်ကြောင်း သတိရသွားခဲ့သည်။ နေနက်မိစ္ဆာနွယ်ကို သူမကြောက်ပေ။ သို့သော် ထိုနွယ်သည် အလွန်မာကျောလှပြီး ရင်ဆိုင်ရန်ခက်ခဲလှသည်။ သူ့ကိုယ်တွင်လည်း ဒဏ်ရာအမြောက်အများ ရရှိထားခဲ့သည်။ ၎င်း၏ ရစ်ပတ်ခြင်း ခံလိုက်ရလျှင် သူ့အတွက် အတော်လေး အလုပ်ရှုပ်သွားပေလိမ့်မည်။
သူသည် တောင်ကြား၏ မြောက်ဘက်ရှိ ဂူ၏အဝင်ဝတွင် ရပ်နေရင်း လက်ဝါးရိုက်ချက်များပြုလုပ်၍ အစိမ်းရောင် မီးလျှံများကို ပစ်လွှတ်လိုက်သည်။ ဂူထဲမှ တိုးထွက်လာသော နေနက်မိစ္ဆာနွယ်သည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို ကြောက်ရွံ့နေသည့်အလား မလှမ်းမကမ်းတွင် ရပ်တန့်သွားခဲ့သည်။
ကျန်းရီသည် မီးလျှံများ မပြတ်ပစ်လွှတ်နေရာ နေနက်မိစ္ဆာနွယ်မှာလည်း ဆက်တိုက်ရှောင်တိမ်းနေခဲ့သည်။ ကျန်းရီသည် အတော်လေး ခံရခက်လာခဲ့သည်။ ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများသည် မြန်ဆန်သော်လည်း နေနက်မိစ္ဆာနွယ်မှာ ပို၍မြန်လေရာ ၎င်းကိုထိခိုက်အောင် သူမလုပ်နိုင်ဖြစ်နေသည်။ ထို့ပြင် ၎င်း၏အနီးသို့လည်း သူနေရာရွှေ့ပြောင်းမသွားရဲပေ။ နေနက်မိစ္ဆာနွယ်သည် ၎င်း၏အသက်ကိုရင်း၍ သူ့အားအတင်းအကြပ် ရစ်ပတ်လာနိုင်သည် မဟုတ်ပါလော။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာသည် နေနက်မိစ္ဆာနွယ် နောက်ဆုတ်သွားစေရန် မီးလျှံများ မပြတ်ပစ်လွှတ်ခြင်းသာဖြစ်သည်။ ပြဿနာမှာ ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများကို သူမည်သည့် အချိန်ထိ ပစ်လွှတ်နိုင်မည်နည်း။ သူ့ဒဏ်ရာများ ပြန်မကောင်းသေးသောကြောင့် သူခြေကုန်လက်ပမ်းကျနေပြီဖြစ်သည်။
သူသည် အံကိုကြိတ်၍ အတွင်းအားတစ်စကို ညာလက်၏ သွေးကြောများမှတစ်ဆင့် လှည့်ပတ်စေလိုက်သည်။ သူ့ညာဘက်လက်၏ သွေးကြောများမှာ စုတ်ပြဲနေပြီးသားဖြစ်သည်။ အတွင်းအားဖြတ်သန်းလာစဉ်တွင် သူ့ ညာဘက်လက်သည် အသည်းခိုက်အောင် နာကျင်လာခဲ့သည်။ မီးဝိဉာဉ်ပုလဲ တောက်ပလာချိန်တွင် သူ့တစ်ကိုယ်လုံးသည် နာကျင်မှုကြောင့် တုန်ယင်နေပြီဖြစ်သည်။ သူ့လက်ထဲတွင် အဆင့်မြင့်ဒဏ်ကြေဆေးနှစ်လုံး ပေါ်ထွက်လာသည်နှင့် သူအလျင်အမြန် စားသုံးလိုက်သည်။ ထို့နောက် သူသည် ဆေးအာနိသင်တိုးပွားလာစေရန် အနက်ရောင် အတွင်းအားကိုသုံး၍ စုတ်ပြဲနေသည့် သွေးကြောများကို ကုစားလိုက်သည်။
သူသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို မပြတ်ထုတ်လွှတ်၍ နေနက်မိစ္ဆာနွယ်ကို နောက်ဆုတ်စေရင်း သွေးကြောများ ပြန်ကောင်းလာမည့် အချိန်ကို စောင့်နေလိုက်သည်။ သူ့ညာဘက်လက်မှ သွေးကြောများသည် ထိခိုက်ပျက်စီးနေ၍ မီးလျှံများကို သန့်စင်ခြင်း မပြုနိုင်တော့သော်လည်း တိုက်ခိုက်နေခြင်းကို သူမရပ်တန့်ရဲပေ။ နေနက်မိစ္ဆာနွယ်သည် အလွန်လျင်မြန်လေရာ သူခဏလေး ရပ်တန့်မိသည်နှင့် ချက်ချင်းချုပ်နှောင်ခံရလိမ့်မည်။
ရှစ်နာရီကြာပြီးနောက်တွင် ကျန်းရီ၏ ညာဘက်လက်သည် အနည်းငယ် ပြန်ကောင်းလာခဲ့သည်။ အနည်းဆုံးတော့ အတွင်းအား လှည့်ပတ်ရာတွင် ယခင်ကလောက် မနာကျင်တော့ပေ။ သူသည် ဒဏ်ရာပြန်ကောင်းနှုန်း တိုးတက်လာစေရန် အနက်ရောင်အတွင်းအား အနည်းငယ်ကို ထပ်မံသုံးလိုက်သည်။ ထိုအချိန်အတောအတွင်းတွင် သူသည် ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများကို မပြတ်ထုတ်လွှတ်၍ နေနက်မိစ္ဆာနွယ် ချည်းကပ်လာမည်ကို တားဆီးထားခဲ့သည်။ သူ့ဒဏ်ရာများသည်လည်း လျင်မြန်စွာ ပြန်ကောင်းလာရာ ကျန်းရီမှာ စိတ်သက်သာရလာခဲ့သည်။
ခြောက်နာရီကြာပြီးနောက်တွင် ကျန်းရီ၏ သွေးကြောများမှာ အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သူ့ညာဘက်လက်ထဲရှိ မီးဝိဉာဉ်ပုလဲသည် တောက်ပလာခဲ့ပြီး တစ္ဆေမီးတောက်များ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် မီးလျှံစလေးများအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး သူ့ကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် ၎င်းတို့ကို ဒန်တျန်းအတွင်းသို့ ပို့ဆောင်၍ သန့်စင်လိုက်ပြီး ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအင်များ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့သည်။
"လာစမ်းပါ...ခွေးသား"
ကျန်းရီသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ ထုတ်လွှတ်နေခြင်းကို ရပ်တန့်လိုက်ပြီး နေနက်မိစ္ဆာနွယ် ချည်းကပ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ နေနက်မိစ္ဆာနွယ်သည် ကျန်းရီ မီးလျှံများ မထုတ်လွှတ်တော့သည်ကို မြင်သောအခါ ခေတ္တရပ်တန့်သွားခဲ့သည်။ ထို့နောက် ၎င်းသည် အဆိပ်ပြင်းသော မြွေတစ်ကောင်အလား ကျန်းရီထံ အလွန်လျင်မြန်စွာ ချည်းကပ်လာခဲ့သည်။
ကျန်းရီသည် လှောင်ပြုံးပြုံးလိုက်သည်။ နေနက်မိစ္ဆာနွယ်သည် သူနှင့် မီတာသုံးဆယ် အကွာသို့ ရောက်ချိန်တွင် သူ့ညာလက်သည် အဖြူရောင်အလင်းများ တောက်ပလာခဲ့သည်။ အထဲတွင် ရက်စက်ပုံပေါက်သော မျက်နှာတစ်ခု ရှိနေသည့် အဖြူရောင်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ အဝေးမှကြည့်လျှင် ၎င်းမှာ မီးလျှံများနှင့်ပင် မတူဘဲ သက်ရှိတို့၏ ဝိဉာဉ်ကို ဝါးမျိုတော့မည့် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်နှင့် တူနေသည်။
ကျန်းရီနှင့် သုံးမီတာအကွာခန့်သို့ရောက်နေသည့် နေနက်မိစ္ဆာနွယ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ကမန်းကတန်း နောက်ဆုတ်ပြေးလေတော့သည်။ သို့သော် သူတို့အကြားမှ အကွာအဝေးသည် အလွန်နီးကပ်နေလေရာ သန့်စင်ပြီးသည့် တစ္ဆေမီးလျှံသည် နေနက်မိစ္ဆာနွယ်၏ ရှေ့တစ်ပိုင်းကို အောင်မြင်စွာ ဝါးမျိုလိုက်နိုင်သည်။ ဆိုးဆိုးဝါးဝါး အနံ့အသက် တစ်ခုနှင့်အတူ အစိမ်းရောင်မီးခိုးများ ထွက်ပေါ်လာခဲ့သည်။ နေနက်မိစ္ဆာနွယ်၏ တစ်ပိုင်းမှာ ပြာအတိကျသွားခဲ့ပြီး ၎င်း၏ကိုယ်ပေါ်တွင် မီးလျှံများ ဆက်ပျံ့နှံ့နေဆဲဖြစ်သည်။
ရှပ်...ရှပ်...
နေနက်မိစ္ဆာနွယ်သည် အလွန်ကြောက်လန့်သွားကာ လျှပ်စီးအလျင်နှင့် အလျင်အမြန် နောက်ဆုတ်၍ လာရာလမ်းအတိုင်း လှည့်ပြန်သွားခဲ့သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ စစ်ဆေးကြည့်လိုက်ရာ ၎င်းသည် မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် မြေအောက်လောကသို့ ပြန်ဝင်သွားခြင်းသာ ဖြစ်ရမည်။
ဟူး...
ကျန်းရီသည် အရိုးစုများပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ဝဝရှူလိုက်သည်။ လူမျက်နှာနှင့်ဖားပြုပ်ကို သတ်၍ နေနက်မိစ္ဆာနွယ်နှင့် ရင်ဆိုင်ရခြင်းမှာ တမလွန်သို့ အလည်တစ်ခေါက်သွားလိုက်ရသလိုပင်။
နေ့ဝက်ခန့်အနားယူ၍ သွေးကြောများကို ကုစားပြီးနောက် ကျန်းရီမတ်တပ်ရပ်လိုက်သည်။ အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ကောင်းကင်စိတ်အာရုံဖြင့် အတည်ပြုကြည့်လိုက်ပြီးမှ သူစိတ်အေးသွားရသည်။ ထို့နောက် သူသည် တောင်ကြားအနှံ့လျှောက်သွား၍ တစ္ဆေမီးလျှံများကို စုဆောင်းလိုက်သည်။
တစ္ဆေမီးလျှံများမှာ အလွန်များပြားလွန်းသောကြောင့် အနည်းငယ် စုစည်းပြီးနောက်တွင် သူ၏မီးဝိဉာဉ်ပုလဲမှာ ပြည့်နေခဲ့ပြီဖြစ်သည်။ သူသည် ချက်ချင်းထွက်ခွာရန် ပြင်လိုက်ပြီးမှ အကြံတစ်ခု ရသွားခဲ့သည်။ တစ္ဆေမီးလျှံများ အားလုံးကို သူသန့်စင်ပြီးမှ မီးဝိဉာဉ်ပုလဲ အတွင်းသို့ သူထည့်နိုင်သည်။ ဤနည်းဖြင့်ဆိုပါက မီးလျှံများကို ပို၍ စုဆောင်းနိုင်လိမ့်မည်။ ထို့ပြင် သန့်စင်ပြီးသည့် တစ္ဆေမီးလျှံကို ချက်ချင်း အသုံးပြုနိုင်ပြီး ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ပိုမိုလျင်မြန်၍ ပိုမိုပြင်းထန်ပေလိမ့်မည်။ မဟုတ်ပါက တစ္ဆေမီးလျှံကို ထုတ်လွှတ်ပြီးမှ သန့်စင်ရမည်၊ ထို့နောက်မှ ရန်သူများကို သတ်ဖြတ်ရန် ၎င်းကိုအသုံးပြုရလိမ့်မည်။ ရန်သူသည် သတိကြီးကြီးထားသူဖြစ်ပါက သူ့တွင် တိုက်ခိုက်ရန် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ပေ။
ကျန်းရီသည် မီးဝိဉာဉ်ပုလဲအတွင်းမှ မီးလျှံများကို ပြန်လည်ထုတ်လွှတ်၍ သန့်စင်ပြီးမှ မီးဝိဉာဉ်ပုလဲအား ပြန်စုပ်ယူစေလိုက်သည်။ တစ်နာရီခန့် ကြာမြင့်ပြီးနောက် မီးဝိဉာဉ်ပုလဲထဲတွင် ထည့်ထားခဲ့သည့် တစ္ဆေမီးလျှံများအားလုံးကို သူသန့်စင်ပြီးသွားခဲ့ပြီး မီးလျှံများ၏ ပမာဏမှာ ဆယ်ပုံတစ်ပုံသို့ လျော့ကျသွားခဲ့သည်။ သူသည် တောင်ကြားတစ်ခွင် ထပ်မံခြေဆန့်၍ တစ္ဆေမီးလျှံများကို စုစည်းလိုက်ပြီး ချက်ချင်းသန့်စင်၍ မီးဝိဉာဉ်ပုလဲအတွင်း သိမ်းဆည်းလိုက်ပြန်သည်။
မီးဝိဉာဉ်ပုလဲထဲရှိ နေရာ၏အကျယ်အဝန်းမှာ အချင်းဝက်မီတာတစ်ရာခန့်ရှိသည်။ မီးဝိဉာဉ်ပုလဲအပြည့် သန့်စင်ပြီးသည့် တစ္ဆေမီးလျှံများ ထည့်ရန် အချိန်အတော်လိုပေလိမ့်မည်။ သန့်စင်ပြီးသည့် တစ္ဆေမီးလျှံသည် အလွန်အားပြင်းလှသည်။ သူသာ ထိုမီးလျှံများကိုသုံး၍ အနီးကပ် အလျင်အမြန် တိုက်ခိုက်နိုင်ပါက လင်းဂိုဏ်းမှ ဘိုးဘေးကြီးပင် ချက်ချင်းသေဆုံးလိမ့်မည်ဟု ကျန်းရီယုံကြည်သည်။ ထို့ကြောင့် မီးဝိဉာဉ်ပုလဲထဲတွင် တစ္ဆေမီးလျှံများ အလုံအလောက် ရှိသရွေ့ သူ့ထံလာသမျှ ရန်သူတိုင်းကို သူသတ်ဖြတ်နိုင်လိမ့်မည်။
"ဒီလောက်ဆို လုံလောက်ပြီ။ ပြန်ရမယ့် အချိန်ပဲ။ ငါထွက်လာတာတောင် တစ်လကျော်သွားပြီ၊ ရှားယွိမြို့ ဘယ်လိုအခြေအနေ ရှိပါလိမ့်"
နေ့တစ်ဝက်အကြာတွင် တောင်ကြားအတွင်းရှိ တစ္ဆေမီးလျှံ အများစုမှာ ကျန်းရီ၏ စုဆောင်းခံလိုက်ရပြီဖြစ်ပြီး သူ့မီးဝိဉာဉ်ပုလဲမှာလည်း သန့်စင်ပြီးသည့် တစ္ဆေမီးလျှံများဖြင့် ပြည့်သွားခဲ့ပြီဖြစ်သည်။ ကျန်းရီသည် ပြန်ရန်အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
လူမျက်နှာနှင့်ဖားပြုပ် သေသွားသည့်အတွက် အနက်ရောင်မြူခိုးများလည်း ကင်းစင်သွားပြီဖြစ်သည်။ ကျန်းရီသည် တောင်ကြားအထက်သို့ နေရာရွှေ့ပြောင်းလိုက်ပြီး စက္ကန့်ပိုင်းအတွင်း ဝိဉာဉ်ပျောက်တောင်ကြား၏ ချောက်ကမ်းပါးများအထက် ရောက်ရှိသွားခဲ့သည်။ အချိန်သည် ညနေစောင်းဖြစ်ပြီး မှောင်ရီပျိုးနေပေပြီ။ သို့သော် ကျန်းရီသည် ပြန်ရန်သာ စိတ်လောနေရာ အနားမယူတော့ဘဲ တောင်ဘက်အရပ်သို့ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
ဝိဉာဉ်ပျောက်တောင်ကြား အနီးတွင် မြို့လေးတစ်မြို့ရှိကြောင်း သူမှတ်မိသေးသည်။ ပြင်ပလောကနှင့် အချိန်အတော်ကြာ အဆက်အသွယ်ပြတ်ပြီးနောက် သတင်းအချို့ သိရရန် သူလိုအပ်နေသည်။ နတ်ဆိုးဧကရီ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အခြားနိုင်ငံများသာ ထိုသတင်းကို သိပါက ရှားနိုင်ငံကို ဒီအတိုင်းထားကြမည် မဟုတ်ပေ။
အချိန်တစ်နာရီခန့်မှ ကြာမြင့်သွားပြီးနောက် သူ့မှတ်ဉာဏ်ထဲမှ မြို့လေးကို သူရှာတွေ့သွားခဲ့သည်။ သူသည် ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးကိုသုံး၍ ရုပ်ရည်ကို ပြောင်းလဲလိုက်ပြီး မြို့ထဲသို့ ဝင်လာခဲ့သည်။ မြို့ထဲ ရောက်လျှင်ရောက်ချင်း တစ်စုံတစ်ခု မူမမှန်ကြောင်း သူသတိထားမိလိုက်သည်။ ကောင်းကင်သည် မှောင်မည်းနေပြီဖြစ်သော်လည်း မြို့မှာ စည်ကားနေဆဲဖြစ်သည်။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများသည် လူများပြည့်ကျပ်နေပြီး လူတိုင်းသည် စိတ်လှုပ်ရှား ရွှင်မြူးနေကြလေသည်။
"မင်းကြားပြီးပြီလား။ ငါတို့နိုင်ငံရဲ့ စစ်တပ်က ရှားနိုင်ငံကို ကျူးကျော်ပြီးပြီ။ မြို့ကြီးနှစ်မြို့ကိုတောင် ငါတို့သိမ်းလိုက်နိုင်ပြီ..."
"ဟမ့်...နတ်ဆိုးဧကရီ မရှိမှတော့ ဘယ်သူက ကျန်းရီကို ကာကွယ်ပေးဦးမှာ မလို့လဲ။ အဲ့ဒီသစ္စာဖောက် သေမှအေးမယ်"
"...."
ကျန်းရီသည် နားပါးလွန်းသောကြောင့် စကားဝိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူသည် ခေါင်းငုံ့၍ စကားဝိုင်းများကို နားထောင်ရင်း သတင်းစုဆောင်းနေခဲ့ခြင်းဖြစ်သည်။ မကြာခင်တွင် သူ့မျက်လုံးများ၌ လူသတ်ငွေ့များ ပြည့်လျှံလာခဲ့သည်။
နတ်ဆိုးဧကရီ ထွက်ခွာသွားသည့် သတင်းသည် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့နေပြီဖြစ်သည်။ နိုင်ငံအသီးသီးမှ စစ်တပ်များသည် ရှားနိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်နေကြချေပြီ။ ကျင်းရှန်နိုင်ငံနှင့် ရှန်ဝူနိုင်ငံသည် မြို့အနည်းငယ်ကိုပင် သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။
သေစမ်းကွာ...
ကျန်းရီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့နှလုံးသားသည် မီးတောင်တစ်ခုပမာ ပူလောင်နေခဲ့သည်။ စစ်တပ်များသည် ရှားနိုင်ငံတွင်းသို့ ရောက်နေပြီဖြစ်ပြီး ရှားယွိမြို့သို့ သူတို့ရောက်ရှိသွားရန် သုံးရက်ခန့်သာ လိုတော့သည်။ ယခု သူအလျင်အမြန် ပြန်လျှင်တောင် အနည်းဆုံး ဆယ်ရက်ခန့် ကြာဦးမည်ဖြစ်သည်။
***