← Chapters

ဖျက်စီးခြင်း

Vol. 50 Ch. 691

ဖျက်စီးခြင်း

Vol. 50 Ch. 691

စောင့်ကြည့်နေကြသူများမှာ သွေးနီရောင် မှိုပွင့်သဏ္ဍာန် တိမ်တိုက်များကြားမှ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုပ်ကိုင်လျက် ထွက်ပေါ်လာသော ဇူယွမ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။

ဝူဟောင်မှာ အသူရာသွေးခန္ဓာကိုပင် ငါးစာအဖြစ် အသုံးချလျက် ဆိုးရွားစွာ ဖောက်ခွဲဖျက်စီးပစ်ခဲ့ပါသော်လည်း ဇူယွမ်အား ကြည့်ရှုရသည်မှာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားပင် ရရှိလိုက်ဟန် မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏အခြေအနေမှာ ယုံကြည်နိုင်စရာ အနည်းပင်မျှပင် ရှိမနေချေ။

ဝူဟောင်၏ ခန္ဓာကိုယ်အား ဖောက်ခွဲဖျက်စီးသည့်လုပ်ရပ်မှာ အလွန်ပင် ဆိုးရွားပြင်းထန်လွန်းလှပြီး နတ်ဘုံခန်းဝါအဆင့် ရှိသူများသည်ပင် မလွတ်မြောက်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ မူလစဦးအဆင့် ကျင့်ကြံသူဆိုလျှင် မည်မျှပင် တိုက်ပွဲစွမ်းရည် ကောင်းမွန်သူဖြစ်ပါစေ ထိုမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် ပြာမှုန့်အဖြစ်သို့ တမုဟုတ်ချင်း ပြောင်းလဲပျက်စီးသွားရလိမ့်မည်သာ ဖြစ်သည်။

သို့သော် ဇူယွမ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်းပင်မရှိပဲ အကောင်းပကိအတိုင်း လွတ်မြောက်လာနိုင်ခဲ့သည်။

စောင့်ကြည့်နေသောသူများမှာ အံ့သြမဆုံးနိုင်အောင် ဖြစ်နေရလေသည်။

ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းသို့ ဝင်ရောက်ရန် ပျံသန်းလာနေကြသော ချူချင်း၊ လီချင်းချန်နှင့် အခြားသူများမှာလည်း ရပ်တန့်လိုက်ကြပြီးနောက် ဇူယွမ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

၎င်းတို့မှာလည်း ပြင်းထန်လှသော ပေါက်ကွဲမှုမှ လွတ်မြောက်လာနိုင်ခဲ့သော ဇူယွမ်အား နားမလည်နိုင် ဖြစ်နေကြရသည်။

ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းရှိ လာသာဆောင်တစ်ခုပေါ်တွင်ရှိနေသော ငယ်ရွယ်ခန့်ညားသည့် လူငယ်တစ်ဦးသည် ကောင်းကင်အား

စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလျက် ရှိသည်။ ထိုလူသည် ယောင်းယွမ်သူတော်စင်မြို့တော်အား စောင့်ရှောက်ပေးနေသည့် မြို့ပိုင်အရှင်ပင်ဖြစ်ပြီး ကောင်းကင်ဘုံနေမင်းအဆင့် ရှိသူတစ်ဦး ဖြစ်သည်။ သူသည် ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုနေလေသည်။

"ခုနတုန်းက ထူးခြားတဲ့ စွမ်းအင်လှိုင်းတစ်မျိုးကို ငါခံစားလိုက်မိသလိုပဲ။" မြို့ပိုင်အရှင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုစွမ်းအင်လှိုင်းသည် အလွန်ပင် ထူးခြားဆန်းကြယ်လွန်းလှပြီး လောကကိုအုပ်စိုးခြင်းအဆင့် စွမ်းအင်နှင့်ပင် ဆင်တူနေသယောင် ရှိသည်။ သို့သော် ထိုသို့မဖြစ်နိုင်မှန်း မြို့ပိုင်အရှင်မှ ကောင်းစွာသိရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဇူယွမ်မှာ မူလစဦး ကျင့်ကြံသူအဆင့်သာ ရှိသေးသောကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံနေမင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်သော သူကိုယ်တိုင်သည်ပင်လျှင် လောကကိုကြီးစိုးခြင်းအဆင့်၏ ထူးခြားဆန်းကြယ်သော စွမ်းအင်များအား ဖန်တီးအသုံးပြုနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ယောင်းယွမ်သူတော်စင်မြို့တော်၏ မြို့ပိုင်အရှင်မှာ ဇူယွမ့်ထံ၌ ဝူဟောင်၏ ပေါက်ကွဲမှုအား ခုခံနိုင်လောက်သော မူလရတနာတစ်မျိုး ရှိရမည်ဟုသာ ကောက်ချက်ချမိတော့သည်။

"ဇူယွမ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။" ယောင်းယွမ်သူတော်စင်မြို့တော်အား စောင့်ရှောက်နေသော မြို့ပိုင်အရှင်မှ ပြုံးကာရေရွတ်လိုက်သည်။ ယခုဆိုလျှင် ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲရလဒ်မှာ သိသာထင်ရှားစွာ သဲကွဲသွားပြီပင် ဖြစ်သည်။ ဝူဟောင်မှာ အဆုံးစွန်ထိ နောက်မတွန့်ပဲ သူ၏အသူရာသွေးခန္ဓာကိုပင် ဖောက်ခွဲဖျက်စီးပစ်ခဲ့ပါသော်လည်း ဇူယွမ်မှာ ယင်းပေါက်ကွဲမှဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝူဟောင်မှာ အဆုံးသတ်ထိတွေးကာ ခန္ဓာကိုယ်အား ဖောက်ခွဲဖျက်စီးခဲ့ခြင်းဖြစ်သောကြောင့် ယခုဆိုလျှင် စိတ်ဝိဉာဉ်သက်သက်သာ ကျန်ရစ်လေတော့သည်။

ဝူဟောင်၏စိတ်ဝိဉာဉ်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ "မဖြစ်နိုင်ဘူး။"

"ငါ....ငါ့ရဲ့အသူရာသွေးခန္ဓာကိုတောင် ဖောက်ခွဲဖျက်စီးပစ်လိုက်တာလေ။ မင်းကဘာလို့ အသက်ရှင်နေသေးတာလဲ။"

ဝူဟောင်၏စိတ်ဝိဉာဉ်မှာ ဆောက်တည်ရာမရ ဖြစ်နေရသည်။ သူသည် တန်ဖိုးရှိလှပါသည်ဆိုသော အသူရာသွေးခန္ဓာကိုပင် နှမြောတောင့်တခြင်းမရှိ ဖျက်စီးပစ်ခဲ့ရခြင်း ဖြစ်သည်။

အသူရာသွေးခန္ဓာအား ဖောက်ခွဲလိုက်ခြင်းသည် ဝူဟောင့်အတွက် ကြီးမားလှသော ပေးဆပ်မှုတန်ကြေးတစ်ခု ဖြစ်ပါသော်လည်း ရလဒ်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည့်အတွက် မည်သို့မျှ လက်မခံနိုင် ဖြစ်နေရသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဝူဟောင်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလျက်ရှိသည်။

ဝူဟောင်မှာ ဇူယွမ်၏ ရေခဲတမျှ အေးစက်နေသော မျက်ဝန်းများကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်းဆိုသလို အသိတရား ဝင်လာရသည်။ ဇူယွမ်မှာ ပေါက်ကွဲမှုမှ ကောင်းမွန်စွာ လွတ်မြောက်ခဲ့သည့်အတွက် ယခုအခြေအနေအရ ဒုက္ခရောက်ရတော့မည့်သူမှာ ဇူယွမ် မဟုတ်တော့ပဲ သူကိုယ်တိုင်ပင် ဖြစ်သည်။

လက်ရှိအခြေအနေအရ ဝူဟောင်သည် တိုက်ခိုက်ရန် မစွမ်းသာတော့သည့် စိတ်ဝိဉာဉ်တစ်ခုမျှသာ ဖြစ်သည်။

ဇူယွမ်အား ခုခံတိုက်ခိုက်အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ဝူဟောင်၏စိတ်ဝိဉာဉ်မှာ ကြောက်ရွံ့စိတ်များဖြင့် အေးခဲတုန်ခါလာရသည်။

ယောင်းယွမ်သူတော်စင်မြို့တော် အနီးတဝိုက်မှ စောင့်ကြည့်နေသူများမှာလည်း လက်ရှိအခြေအနေအား ရှင်းလင်းသဲကွဲစွာ မြင်တွေ့နေရပြီ ဖြစ်သည်။

အထူးချွန်ဆုံး မူလစဦးအဆင့် ကျင့်ကြံသူနှစ်ဦးအကြားမှ တိုက်ပွဲရလဒ်မှာ ထွက်ပေါ်လာခဲ့ပြီပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ဝူဟောင်၏စိတ်ဝိဉာဉ်အား ကြည့်ရှုလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဖြည်းညင်းစွာ မ,တင်လိုက်ရင်းဖြင့် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ "ဝူဟောင်...မင်းနောက်ဆုံးပြောချင်တာ ရှိသေးလား။"

ဝူဟောင်မှာ မျက်နှာအမူအရာ ပျက်ယွင်းသွားပါသော်လည်း မည်သည့်စကားမှ ပြောဆိုခြင်းမပြုပဲ ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်ရှိ မြင့်မြတ်သောနန်းတော်မှ တပည့်များကိုသာ လှမ်း၍ကြည့်ရှုလိုက်သည်။

ဝူဟောင်မှာ ခန္ဓာကိုယ်အား ဆုံးရှုံးလိုက်ရပြီဖြစ်သောကြောင့် ဇူယွမ်၏ ပြိုင်ဖက်တစ်ဦး မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဤနေရာတွင်သာ ဆက်လက်နေနေပါက ဇူယွမ်မှာ သူ၏စိတ်ဝိဉာဉ်ကိုပင် မြူမှုန်မျှမကျန်အောင် ဖျက်စီးပစ်လိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ဝူဟောင်အား မျက်စိဒေါက်ထောက် စောင့်ကြည့်နေလျက် ရှိလေသည်။ ပြီးနောက် ဝူဟောင်၏ စိတ်ဝိဉာဉ် လှုပ်ရှားခြင်း မပြုရသေးမီမှာပင် ဇူယွမ်၏ မျက်ခုံးနှစ်ခုအကြားမှ စိတ်ဝိဉာဉ်မှာ လင်းလက်တောက်ပလာတော့သည်။

ဝှစ်....

ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ ဝူဟောင်၏စိတ်ဝိဉာဉ်ရှေ့သို့ ရောက်ရှိသွားသည်။

"ဝူဟောင်....သူခိုးတစ်ကောင်ဆိုတာ အမြဲသူခိုးတစ်ကောင်ပဲ ဖြစ်နေမှာပဲ။ ငါနဲ့သက်ဆိုင်တဲ့အရာကို မင်းပြန်ပေးသင့်တယ် မထင်ဘူးလား။"

ဇူယွမ်မှာ စကားပြောနေရင်းဖြင့်ပင် ဝူဟောင်၏စိတ်ဝိဉာဉ်အား ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းဆိုသလို ဝူဟောင်၏စိတ်ဝိဉာဉ်မှာ နားကွဲမတက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "နန်းဆောင်သခင်....ကျွန်တော့်ကို ကယ်ပါဦး။"

ဝုန်း...

ဝူဟောင်မှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် လေဟာနယ်တစ်ခုဖြစ်ပေါ်လာကာ စကားလုံးများနှင့်ပင် ဖော်ပြရန် မစွမ်းသာသော စွမ်းအင်တစ်ခု ပေါ်ထွက်လာလေသည်။

ထိုစွမ်းအင် ပေါ်ထွက်လာသည်နှင့်တကွ ဇူယွမ်မှာ အေးခဲခြင်းအား ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကိုပင် အသုံးပြုနိုင်ခြင်း မရှိတော့ချေ။

ဇူယွမ်၏ မျက်ဝန်းများ၌ ကြောက်ရွံ့ခြင်းအငွေ့အသက်များ ယှက်သန်းသလာရသည်။ နန်းဆောင်သခင် ရှမ့်ယွမ်မှလွဲ၍ ဤကမ္ဘာမြေပေါ်တွင် ထိုကဲ့သို့ တက်စွမ်းနိုင်မည့်သူ မရှိလောက်ပေ။

"ဟားဟား....ရှမ့်ယွမ်...မင်းက ကလေးတွေရဲ့ တိုက်ပွဲကိုတောင် ဝင်ရှုပ်တော့မလို့လား။ မင်းတို့ မြင့်မြတ်သောနန်းတော်က တကယ်ပဲ အရှက်သိက္ခာ မရှိတော့ကြဘူးလား။" သို့သော် ထိုအချိန်မှာပင် မိုးကောင်းကင်ထက်၌ လေဟာနယ်တစ်ခု ထပ်မံဖြစ်ပေါ်လာကာ အလွန်ကြီးကျယ်ခမ်းနားသော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး နန်းဆောင်သခင် ရှမ့်ယွမ်၏စွမ်းအင်အား ခုခံတားဆီးလိုက်သည်။

ဝုန်း...

ကောင်းကင်နှင့်မြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာသကဲ့သို့ စကြာဝဠာချီစွမ်းအင်များမှာလည်း ကမောက်ကမ ဖြစ်ကုန်ကြရသည်။ ပြင်းထန်လှသော တုန်ခါမှုများကြောင့် ကမ္ဘာမြေပြင်တစ်ခုလုံး ပြိုကျပျက်စီးတော့မလိုပင် ဖြစ်နေပေသည်။

စောင့်ကြည့်နေသောသူများမှာ အမူအရာများ ပြောင်းလဲကုန်ကြသည်။ လက်ရှိအခြေအနေမှာ ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲထက် အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားလှပြီး ကမ္ဘာမြေပြင်နှင့် မိုးကုပ်စက်ဝိုင်းကိုပင် အမှန်တကယ် ဖျက်စီးနိုင်လောက်သော စွမ်းအင်များကို မြင်တွေ့ခံစားနေရခြင်းပင် ဖြစ်သည်။

ထိုကြီးကျယ်ခမ်းနားလှသည့် စွမ်းအင်နှစ်ခု၏ သေးငယ်သော ပေါက်ကွဲမှုလေးတစ်ခုကပင် ယောင်းယွမ်သူတော်စင်မြို့တော်တစ်ခုလုံးအား ဖျက်စီးပစ်ရန် လုံလောက်ပေသည်။

ထိုစွမ်းအင်လှိုင်းနှစ်ခု၏ ပဲ့ကိုင်ရှင်များအား လူတိုင်းမှ ကောင်းမွန်စွာ သိရှိထားကြသည်။

မြင့်မြတ်သောနန်းတော်မှ နန်းဆောင်သခင် ရှမ့်ယွမ်နှင့် ကန်ရွှမ်းကလန်၏ ကလန်ခေါင်းဆောင် ချင်းယန်တို့ပင် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံး၌ ကြီးကျယ်ခမ်းနားဆုံးသူများ ဖြစ်ကြသည်။

ထိုသို့ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အချိန်တွင် ဇူယွမ်၏ အေးခဲခြင်းမှာလည်း ပြန်လည်ကောင်းမွန်သွားသည်။ ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ ဝူဟောင်၏စိတ်ဝိဉာဉ်အား ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဝူဟောင်၏စိတ်ဝိဉာဉ်မှာ ကြောက်ရွံ့တုန်လှုပ်နေပါသော်လည်း လွတ်မြောက်နိုင်မည်မဟုတ်မှန်း သိရှိနေသောကြောင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းငါ့ကို သတ်လိုက်ရင်လည်း ဘာထူးသွားမှာမို့လို့လဲ။ မင်းရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ဇူအင်ပါယာကြီးက ငါတို့ဝူအင်ပါယာရဲ့ ဖျက်စီးတာကို ခံရမှာပဲ။"

"မင်းဒီကို အမောတကော ပြန်လာတော့လည်းဘာဖြစ်လဲ။ မင်းနတ်ဘုံခန်းဝါအဆင့်ရှိတဲ့ ငါ့အဖေကို နိုင်မယ်များမှတ်နေလား။

"ဟားဟား......မင်းနဲ့မင်းရဲ့ကြီးကျယ်ခမ်းနားလှတဲ့ ဇူအင်ပါယာကြီးက ပျက်ကိုပျက်စီးရမှာပဲ။"

ဇူယွမ်မှာ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ဝူဟောင်၏စိတ်ဝိဉာဉ်အား အညှာအတာကင်းမဲ့စွာ ဖြိုခွဲဖျက်စီးလိုက်တော့သည်။

"အား...."

ဝူဟောင်၏ ကျယ်လောင်လှသော အော်ဟစ်သံမှာ ကမ္ဘာမြေပြင်တစ်ခွင်လုံးသို့ပင် ပျံ့နှံ့သွားလေသည်။

ယောင်းယွမ်သူတော်စင်မြို့တော် အနီးတဝိုက်မှ တိုက်ပွဲအား စောင့်ကြည့်နေကြသူများမှာ အညှာအတာ ကင်းမဲ့လွန်းလှသော ဇူယွမ်၏လုပ်ရပ်ကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။ ဇူယွမ်သည် ဝူဟောင်၏ စိတ်ဝိဉာဉ်အား တိုက်ရိုက်ဖြိုခွဲပစ်လိုက်ခြင်းပင် ဖြစ်သည်။

နန်းဆောင်သခင် ရှမ့်ယွမ်၏ အမျက်ဒေါသ ထွက်နေသောအသံမှာ လေဟာနယ်မှတဆင့် ထွက်ပေါ်လာလေသည်။ "ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်သလဲ။"

အကန့်အသတ်မဲ့သော စွမ်းအင်များမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် လေဟာနယ်အား ဖြတ်သန်းဝင်ရောက်လာသည်။ ယင်းစွမ်းအင်အလင်းတန်းသည် စကြာဝဠာတစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်သည်ဟု ထင်မှတ်ရပေသည်။

သို့သော် ထိုအချိန်မှာပင် အခြားလေဟာနယ်အတွင်းမှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကလန်ခေါင်းဆောင် ချင်းယန်မှ နန်းဆောင်သခင် ရှမ့်ယွမ်အား ခုခံတားဆီးရန် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။

ဝုန်း....

ကမ္ဘာမြေပြင် တုန်ခါပြိုကျမတက် ဆူညံသံများ ထွက်ပေါ်လာကာ မိုးကုပ်စက်ဝိုင်း တစ်ခုလုံး ပျက်စီးသွားတော့မည်ဟုပင် ထင်မှတ်ရလေသည်။

ဇူယွမ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်ခါနေသော လေဟာနယ်အား ဂရုပင်မစိုက်ပဲ ဖျက်စီးခံလိုက်ရသော ဝူဟောင်၏စိတ်ဝိဉာဉ်ရှိရာနေရာသို့သာ ကြည့်ရှုလိုက်သည်။ ထိုနေရာတွင် ထူးခြားဆန်းကြယ်သော စွမ်းအင်အမျှင်တန်းတစ်ခု တည်ရှိနေပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ကြားနေရသကဲ့သို့ ရှိသည်။

၎င်းမှာ မြင့်မြတ်သောနဂါးကောင်းချီးပင် ဖြစ်သည်။

ဝူဟောင်၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေခဲ့သော တဝက်မျှရှိသည့် မြင့်မြတ်သောနဂါးကောင်းချီး ဖြစ်သည်။

သူတော်စင်အကြွင်းအကျန်ဒေသ၌ ဝူဟောင်၏ခန္ဓာကိုယ်အား ဖျက်စီးပစ်ခဲ့စဉ်က နဂါးကောင်းချီး အချို့အဝက်မျှသာ ပြန်လည်ရယူနိုင်ခဲ့ပါသော်လည်း ယခုတစ်ကြိမ်တွင်မူ အကုန်အစင် ရယူနိုင်ပြီပင် ဖြစ်သည်။

ဇူယွမ်မှာ အတွေးတစ်ချက်ဖြင့်ပင် မြင့်မြတ်သောနဂါးကောင်းချီးများအား ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူသိမ်းဆည်းလိုက်လေသည်။

ယခုဆိုလျှင် ဇူယွမ်မှာ မြင့်မြတ်သောနဂါးကောင်းချီး၏ သုံးပုံတစ်ပုံ ပမာဏကို ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ငယ်စဉ်အရွယ်တည်းက အကြီးမားဆုံး ပြိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ ဝူဟောင်ကိုလည်း သုတ်သင်ချေမှုန်းပစ်နိုင်လိုက်ပြီပင် ဖြစ်သည်။

"မင်းနဲ့ငါနဲ့ကြားကကိစ္စကတော့ အဆုံးသတ်သွားပြီပဲ။"

ဇူယွမ်မှာ ဝူဟောင်၏စိတ်ဝိဉာဉ် ဖျက်စီးခံလိုက်ရသောနေရာအားကြည့်ကာ တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။

"ဒါပေမယ့် မြင့်မြတ်သောနဂါးကောင်းချီးရဲ့ အစိတ်အပိုင်း နှစ်ခုကိုရဖို့ ငါအကောင်းဆုံး ကြိုးစားရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ငါနဲ့သက်ဆိုင်တဲ့အရာပဲလေ။"

All Chapters