← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 46 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 46 Ch. 723-724

အပိုင်း (၇၂၃)

ရွှယ်ချီက ပြောလိုက်၏။ “စေတီတောင်က အကြီးအကဲညီအစ်ကိုတို့.. ဒီအချိန်မှာ စည်းကမ်းတွေကို သိပ်ပြီး အာရုံစိုက်နေစရာ မလိုပါဘူး။”

စေတီတောင်မှ မဟာပညာရှင် နှစ်ယောက်တို့က ခဏမျှ တုံ့ဆိုင်းသွား၏။ ပြီးနောက် ပုလင်းတစ်ခုကို ထုတ်ယူ၏။ သူတို့၏ ဓားများပေါ် လောင်းချလိုက်၏။ ဓားက ချက်ချင်းပင် အစိမ်းရောင် မီးခိုးများ ထွက်ပေါ်လာခဲ့၏။ ဤအရာက အဆိပ်မဟုတ်ဘဲ ပိုးကောင်များ ဖြစ်၏။ တကယ့်ကို ထူးဆန်းလွန်းလှသည်။

ဝူတူကျိ၏ အကြည့်က အေးစက်သွား၏။ သူမက လက်အိတ်ကို ဝတ်ဆင်ပြီး ပုလင်းတစ်လုံးကို ထုတ်ယူ၏။ သူမက ထိုထဲမှ အရည်များကို သူမ၏ လက်ပေါ်သို့ လောင်းချ၏။ အရည်များက အသက်ဝင်လာခဲ့၏။ မရေတွက်နိုင်သည့် ကပ်ပါးပိုးကောင်များက လှုပ်ရှားနေသော်လည်း အလွန်အေးခဲသည့် အခြေအနေကြောင့် အနည်းငယ်တော့ ပျင်းရိနေပုံတော့ပေါ်၏။

ဝူတူကျိက အနီရောင် ပုလင်းတစ်ခုကို ထုတ်ယူပြီး မီးတောက်နီရောင် အရည်များကို သူမ၏ လက်ပေါ်သို့ ထပ်မံ လောင်းချပြန်၏။ ချက်ချင်းဆိုသလိုပဲ ပိုးကောင်များက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် လှုပ်ရှားသွားလာသည့် အခြေအနေမျိုးသို့ ရောက်ရှိသွား၏။ ဝူတူကျိ၏ ခန္ဓာကိုယ် တစ်ခုလုံးက အစိမ်းရောင်နှင့် အနီရောင် မီးခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

“ဘယ်သူက အတူတူ သေဆုံးရမယ် ဆိုတာ မသိတာလဲ။” ဝူတူကျိက အေးစက်စွာ ပြောလိုက်၏။

“ညီမလေးဝူ... ရူးနေပြီလား။”

စေတီတောင်မှ မဟာပညာရှင်က ပြောသည်။ “မင်းလူတိုင်းကို သတ်လိမ့်မယ်။ မင်းရဲ့ဘက်က လူတွေကိုပါ မင်း သတ်မိလိမ့်မယ်။”

ဝူတူကျိက ပြော၏။ “အနည်းဆုံး အရူးကြီးကတော့ မသေတော့ဘူးပေါ့။”

“ဟူး... ဟူး”

ချက်ချင်းဆိုသလိုပဲ ဝူတူကျိ၏ ခန္ဓာကိုယ်ကို မမြင်နိုင်တော့ချေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်နေသကဲ့သို့ပင်။ သို့သော်ငြား မီးက မီးတောက်မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာကောင်းသည့် ကပ်ပါးကောင်များပင်။ ထိုအရာက ဘီလီယံနှင့်ချီကာ ရှိ၏။ အနီရောင်နှင့် အစိမ်းရောင် ရောနှောကာ မီးတောက်တစ်ခုကဲ့သို့ လောင်ကျွမ်းနေခြင်း ဖြစ်၏။ ဘယ်သူက အတူတကွ သေဆုံးမည်ကို မသိရသနည်း။

“ဟား ဟား ဟား ဟား...”

စေတီတောင်မှ မဟာပညာရှင်က ပြောသည်။ “ငါတို့ရဲ့ စေတီတောင်က နှင်းတောင်ကြီးရဲ့ ထိပ်ပေါ်မှာ အချင်းချင်း တိုက်ခိုက်ရမယ်လို့ မထင်ခဲ့မိဘူး။ လာခဲ့စမ်း။”

ပြီးနောက် ထိုနှစ်ဦးက ကပ်ပါးကောင် ပုလင်းနှစ်ခုကို ထုတ်ယူပြီး သူတို့၏ ဓားများပေါ်သို့ လောင်းချလိုက်၏။ ရုတ်တရက် ထိုနှစ်ဦး၏ ဓားများက မီးတောက်တစ်ခုကဲ့သို့ပင် မီးခိုးများ ထုတ်လွှတ်ပြီး ပြင်းထန်စွာ လောင်ကျွမ်း၏။

“ဆုတ်။ ဆုတ်ကြ...။” ဝူတူကျိက အမိန့်ပေးလိုက်သည်။

နင်ကျန်း၏ ပတ်ဝန်းကျင်မှ လူများက မီတာ ဒါဇင်ပေါင်းများစွာ နောက်သို့ဆုတ်၏။ ရွှယ်ချီနှင့် အခြားသော သူများကလည်း မီတာ ဒါဇင်ပေါင်းများစွာ နောက်သို့ဆုတ်၏။ သူတို့က ဤကြောက်မက်ဖွယ်ရာ ကောင်းသည့် ပိုးကောင်၏ အကျိုးသက်ရောက်မှုခံရမည်ကို ကြောက်လန့်လျက် ရှိနေ၏။

တိုက်ပွဲက ချက်ချင်းပဲ စေတီတောင်၏ ပြည်တွင်းစစ်ကဲ့သို့ ပြောင်းလဲသွား၏။ မဟာပညာရှင် နှစ်ဦးက ဝူတူကျိ တစ်ဦးတည်းကို တိုက်ခိုက်သည်။

“ဘုန်း။ ဘုန်း...” စေတီတောင်မှ မဟာပညာရှင် နှစ်ဦးတို့က လက်ထဲတွင် ရှိနေသည့် ဓားများနှင့် ရုတ်တရက် ခုတ်ချ၏။ ဓားပေါ်ရှိ အစိမ်းရောင် မီးခိုးတန်းနှစ်ခုက ဝူတူကျိ ဆီသို့ ပြေးဝင်သွား၏။

“သွားစမ်း...။” ဝူတူကျိ၏ ခန္ဓာကိုယ်ကလည်း အသာပင် လှုပ်ခါသွားခဲ့၏။ ချက်ချင်းပဲ သူမ၏ ခန္ဓာကိုယ် အနီးအနားတွင် ပျံ့နှံ့လျက် ရှိနေသည့် အနီရောင်နှင့် အစိမ်းရောင် အဆိပ်ငွေ့များက လေပြင်း တိုက်ခိုက် တကဲ့သို့ပင် လွင့်စင်သွား၏။ စေတီတောင်မှ ကူအုပ်စု ၃ ခုက လေထဲတွင် တိုက်ခိုက်မိကြသည်။

“ဘုန်း...”

ကပ်ပါးပိုး ဘီလီယံပေါင်းများစွာတို့က ရောင်စုံဗုံးကြီး စ်ခုကဲ့သို့ပင် အရပ်မျက်နှာ အနှံ့ဆီသို့ ပြန့်နှံ့သွား၏။ ထိုအရာက ၁၀ မီတာကျော်ကို လွှမ်းခြုံသွားခဲ့၏။

ယင်ယွမ်အဖွဲ့အစည်းမှ မဟာပညာရှင်သည် သူ၏လက်မောင်းကို လေတိုက်ခိုက်လိုက်သလို ခံစားရ၏။ ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ သူ၏လက်က မျက်စိနှင့် မြင်နိုင်သော အမြန်နှုန်းမျိုးဖြင့် ပုပ်ဆွေးသွားခဲ့သည်။

“အား...။” ချက်ချင်းဆိုသလိုပင် သူက စူးရှစွာ အော်ဟစ်လိုက်မိ၏။ ထိုကဲ့သို့သော ပုပ်ဆွေးမှုက လျင်မြန်စွာ ပျံ့နှံ့၏။

“နောက်ကို ဆုတ်...။” ရွှယ်ချီက လက်ထဲတွင် ရှိနေသည့် ဓားနှင့်အတူ ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်၏။ သူက ယင်ယွမ်အဖွဲ့အစည်းမှ မဟာပညာရှင်၏ လက်မောင်းကို ဓားဖြင့် ဖြတ်တောက်လိုက်၏။ ပြီးနောက် သူတို့ ရှစ်ဦးက လျင်မြန်စွာဖြင့် နောက်သို့ ဆုတ်ခွာသည်။

သိုင်းရူး ထန်ယင်၏ အမြန်နှုန်းက အနည်းငယ် နှေးကွေးခဲ့၏။ ထို့ကြောင့် သူ၏ ကျောဘက်တွင် ထုံကျင်မှုတစ်ခုကို ခံစားရ၏။ ကပ်ပါးကောင် အုပ်စုတစ်ခုက သူ့ကို ကပ်သွားသည့်ပုံပင်။ ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ ကျောဘက်တွင် မရေတွက်နိုင်သည့် အပေါက်များ ပေါ်လာပြီး လျင်မြန်စွာ ပုပ်ဆွေးလာခဲ့၏။

“အား...” ထန်ယင်က နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

နာကျည်းမှုက ဆေးရည်တစ်ပုလင်းကို ထုတ်ယူပြီး ထန်ယင်၏ ကျောဘက်သို့ လောင်းချ၏။ ထန်ယင်၏ ကျောဘက်တွင် ရှိနေသည့် ကပ်ပါးကောင်များက ရုတ်တရက် သေဆုံးသွား၏။ မရေတွက်နိုင်သည့် ဖုန်မှုန့်များကဲ့သို့ပင် မြေပြင်ပေါ်သို့ တဖုတ်ဖုတ်နှင့် ပြုတ်ကျ၏။

ဤဆေးရည်တွင် ပါဝင်သည့် အဓိက ပစ္စည်းက ရှမ့်လန်၏ သွေးပင် ဖြစ်၏။ သို့သော်ငြား ဤသည်က ထန်ယင်အား များစွာ ထိခိုက်မှု ဖြစ်စေခဲ့၏။ အကယ်၍ နည်းနည်းလေးသာ နောက်ကျပါက အသက် အန္တရာယ်ပင် ရှိနိုင်သည်။

ဝူတူကျိနှင့် စေတီတောင်မှ မဟာပညာရှင် နှစ်ဦးတို့၏ တိုက်ခိုက်မှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။ သူတို့ ၃ ဦးသားက မရေတွက်နိုင်သည့် ကပ်ပါးကောင်များကို ထိန်းချုပ်ပြီး ပြင်းထန်စွာ တိုက်ခိုက်နေ၏။ ပျံ့နှံ့မှုက ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။ လေထုတစ်ခုလုံးက လွှမ်းခြုံခြင်းကို ခံရ၏။ တကယ့်ကို ဖျက်ဆီးမှု အားပြင်းသည့် တိုက်ပွဲတစ်ခုပင်။ ဤကပ်ပါးကောင်များက မိတ်ဆွေနှင့် ရန်သူကို ခွဲခြားခြင်း မရှိချေ။ ပျံ့နှံ့သွားပါက သေဆုံးရမည်မှာ သေချာ၏။

ဝူတူကျိ၏ ရင်ထဲတွင် သွေးများ စီးကျနေ၏။ စေတီတောင်မှ မဟာပညာရှင်နှစ်ဦး၏ ရင်ထဲတွင်လည်း သွေးများ စီးကျနေ၏။ သူတို့ ဆယ်စုနှစ်တစ်ခုကြာ ပြုစုပျိုးထောင်ခဲ့ရသည့် ပိုးကောင်များက ဤတိုက်ပွဲတွင် လုံးဝ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့သည်။

လူတိုင်းက ထိုအရာကို ကြည့်ရှုရင်း ဆံပင်များပင် ထောင်ထမိ၏။ ဤသည်ကား စေတီတောင်ပေလော။ ကာကွယ်ရန် လုံးဝ မဖြစ်နိုင်သည့်အရာကဲ့သို့ပင်။ စေတီတောင်၏ ကပ်ပါးကောင် တပ်သားများသာ လောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားလျှင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းမည်နည်း။

ဝူတူကျိနှင့် ကျန်နှစ်ဦးတို့၏ တိုက်ပွဲက ပို၍ ပြင်းထန်လာ၏။ နောက်ဆုံးမှာတော့ သူတို့က ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးလုနီးပါးပင်။ အချင်းချင်း ဖျက်ဆီးသည့် တိုက်ပွဲတစ်ခု ဖြစ်လာ၏။

ထိုအခိုက်မှာပဲ ......

“ကောင်းကင်ယံမှ ကျောက်စိမ်းဖြူမြို့...၊ လောကမှာရှိတဲ့ နှင်းရှိရာနေရာတိုင်းက ကျောက်စိမ်းဖြူမြို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်။ အားလုံး နှင်းတောင်ရဲ့ထိပ်မှာ တိုက်ခိုက်နေကြတယ်။ ကျောက်စိမ်းဖြူမြို့ကို မျက်လုံးထဲ ထည့်ရဲ့လား။”

ရုတ်တရက် အသံတစ်ခုက နှင်းတောင်၏ထက်တွင် ပဲ့တင်ထပ်လျက် ရှိနေ၏။ အလွန်အေးခဲသည့် လေပြင်းတစ်ခုက တိုက်ခိုက်လာ၏။ ချက်ချင်းဆိုသလိုပဒ တောင်ပေါ်တွင် ရူးသွပ်စွာ ပျံ့နှံ့လျက် ရှိနေသည့် ကပ်ပါးကောင်မြူခိုးများက အေးခဲသွား၏။ ရေခဲနှင့် ပိတ်မိပြီးနောက် တစ်ခုပြီး တစ်ခု အောက်သို့ ပြုတ်ကျ၏။ ထိုအရာက ရောင်စုံမီးလုံးများ အောက်သို့ ကျဆင်းလာသကဲ့သို့ပင်။ မြင်ကွင်းက တကယ့်ကို ခမ်းနားပြီး လှပသည်။

ပြီးနောက် မိုးသားနက်များက လိမ့်တက်လာခဲ့၏။ လေအေးများက တဝူးဝူးနှင့် တိုက်ခိုက်လိုက်၏။ နှင်းများက ကျဆင်းလာခဲ့၏။

“တိုက်ချင်ရင် တောင်ခြေမှာ သွားတိုက်ကြ။ အားလုံး သွားကြ။” အသံကို ကြားနေရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရချေ။

ရွှယ်ချီက ပြောလိုက်သည်။ “ကျောက်စိမ်းဖြူမြို့တော်က အရှင်... ကျုပ်တို့နဲ့ စကားပြောလို့ ရမလား။ ဒီကိစ္စပြီးသွားရင် စေတီတောင်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့က ကျောက်စိမ်းဖြူမြို့တော်ကို လာပြီးတွေ့ပါ့မယ်။”

“ကျောက်စိမ်းဖြူမြို့တော်ကို လာပြီးတွေ့ဖို့ မလိုဘူး။ နှင်းမရှိတဲ့ နေရာတိုင်းက ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး။ နှင်းရှိတဲ့ နေရာတိုင်းကတော့ ငါတို့ရဲ့ မြေပဲ။ မြန်မြန် သွားကြတော့။”

ပြီးနောက် ......။

ဘုန်း ... ဘုန်း...

နှင်းဖြူရောင် အရာသုံးခုက ကောင်းကင်ယံသို့ ရောက်ရှိပြီး ပေါက်ကွဲထွက်သွား၏။ တောင်ထိပ်၏ အပူချိန်က လျင်မြန်စွာ ကျဆင်း၏။ မူလက ၂၀ ဒီဂရီ ဆဲလ်စီးယပ် ဖြစ်သော်လည်း ရုတ်တရက် ၄၀ ဒီဂရီ ဆဲလ်စီးယပ်နှင့် ၅၀ ဒီဂရီ ဆဲလ်စီးယပ်သို့ ကျဆင်းသွား၏။ ပြီးနောက် လျင်မြန်စွာ ကျဆင်းလျက် ရှိနေတုန်းပင်။

ထိုအခိုက်မှာတော့ နှင်းများက ပိုမိုကာ ကျဆင်းလာ၏။ နှင်းပွင့်များ၏အရောင်ကလည်း အဖြူရောင်မှ မှိန်ပျပျအရောင် အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့၏။

“အားလုံး သွားကြ။ မသွားရင် ကျောက်စိမ်းဖြူမြို့တော်က သနားညှာတာမှု ကင်းမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။ နှင်းရှိတဲ့ နေရာတိုင်းမှာ ကျောက်စိမ်းဖြူမြို့တော်ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။

မင်းတို့ထဲက တစ်ဖွဲ့က အရှေ့ဘက်တောင်ကနေ ဆင်း။ နောက်တစ်ဖွဲ့က အနောက်ဘက်တောင် ကနေ ဆင်း။ ငါ မင်းတို့ကို စောင့်ကြည့်နေမယ်။ တိုက်ချင်ရင် တောင်ခြေမှာ သွားတိုက်ကြ။”

ကျောက်စိမ်းဖြူမြို့တော်မှ လူများက ပေါ်မလာသေးချေ။

ရွှယ်ချီ၊ စေတီတောင်နှင့် ကောင်းကင်ပင်လယ်မှ နန်းဆောင်က လူများက အချင်းချင်း ကြည့်လိုက်ကြ၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။

ကျောက်စိမ်းဖြူမြို့တော်က လောကတွင် အထူးကဲဆုံးသော အင်အားစုကြီး ၆ ခုထဲတွင် အာဃာတအကြီးဆုံး ဖြစ်၏။ သူတို့က အခြားသော သဘာဝလွန် အင်အားစုများနှင့် အဆက်အသွယ် မလုပ်သလောက် ဖြစ်ပြီး တကယ့်ကို နက်ရှိုင်းသည့် အခြေခံကိုလည်း ပိုင်ဆိုင်၏။ ယခု ကျောက်စိမ်းဖြူမြို့တော် ပြန်လည် ပေါ်ပေါက်လာခဲ့သောကြောင့် နင်ကျန်းကို သတ်နိုင်တော့မည် မဟုတ်တော့ချေ။

“နောက်ကို ဆုတ်ကြ။” ရွှယ်ချီက အမိန့်ပေးလိုက်၏။

မဟာပညာရှင် ၁၀ ယောက်တို့က လျင်မြန်စွာ ဆုတ်ခွာသွားခဲ့၏။ အလွန်အေးခဲသည့် တောင်ထိပ်ကို စွန့်ခွာပြီး သူတို့က အရှေ့ဘက်သို့ ဦးတည်ကာဖြင့် တောင်ပေါ်မှ ဆင်းသည်။

မဟာပညာရှင် ရွှယ်ရင်က အအေးဒဏ်ကို ခံနိုင်ရည်ရှိ၏။ “ကျောက်စိမ်းဖြူမြို့တော်က အရှင်... ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

တိတ်ဆိတ်လျက် ရှိနေ၏။ ခဏကြာမှတော့ ကျောက်စိမ်းဖြူမြို့တော်မှ တစ်စုံတစ်ယောက်က လှမ်းကာ ပြောသည်။

“ကျောက်စိမ်းဖြူမြို့တော်က အဆောက်အအုံ ၁၂ လုံးနဲ့ မြို့ ၅ မြို့၊ နတ်ဘုရားတွေတောင် ငါတို့ရဲ့ ဆံချည်မျှင်ကို လာထိရင် သေစေရမယ်။ ကောင်းလိုက်တဲ့ ကဗျာ၊ တကယ့်ကို ကောင်းတဲ့ ကဗျာပဲ။ ပြန်သွားပြီး ရှမ့်လန်ကို ပြောလိုက်။ ဒီကဗျာအတွက် ငါတို့ ပေးချေခဲ့ပြီးပြီ။ နောက်ဆိုရင် ငါတို့ကို လာမရှာနဲ့တော့။

မင်းတို့ အနောက်ဘက်ကနေ တောင်အောက်ကို ဆင်းလို့ရပြီ။ ဒါပေမယ့် နှင်းမရှိတဲ့ နေရာရောက်တာနဲ့ ငါတို့က တာဝန်ယူပေးနိုင်မှာ မဟုတ်ဘူး။ သေမလား၊ ရှင်မလားဆိုတာ မင်းတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တော့တယ်။”

လီချင်းချိုး၊ ရွယ်ရင်၊ နင်ကျန်းနှင့် အခြားသောသူများက နှင်းတောင်ကြီးဆီမှ လျင်မြန်စွာ အောက်သို့ ဆင်းသက်လိုက်၏။ နှင်းများက နှင်းတောင်၏ ထိပ်ဖျားမှ ဆက်လက် ကျဆင်းလျက် ရှိနေ၏။ မူလက အနက်ရောင် ကျောက်တုံးများ ပေါ်လာလျက် ရှိနေသည့် တည်နေရာက နှင်းများ ပြန်လည်ဖုံးလွှမ်းသွား၏။ မကြာခင်မှာပဲ ယခင်က နှင်းများ၏ လှပမှုနှင့် နက်နဲမှုကို ပြန်လည်ရရှိလာခဲ့၏။ နှင်းတောင်ကြီးကို အနောက်ဘက်မှ ဆင်းသက်ခဲ့ပြီးနောက် ချင်နိုင်ငံထဲသို့ ရောက်ရှိသွားခဲ့၏။

ရွှယ်ချီနှင့် အခြားသောသူများက တောင်ပေါ်မှ အလျင်အမြန် ဆင်းသက်ခဲ့၏။ ပေပေါင်းထောင်ကျော် အမြင့်အောက်သို့ ရောက်ရှိသည့်အချိန်တွင် နှင်းများ မရှိတော့ချေ။

သူတို့က အနောက်ဘက်သို့ ဦးတည်၍ ပြေးသွားပြီး နင်ကျန်းနှင့် အဖွဲ့ကို ဖြတ်တောက်ကာ ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ခဲ့၏။ သို့ပေမည့် အနောက်ဘက်တောင်ခြေသို့ ရောက်ချိန်မှာတော့ သူတို့က မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့ကို မြင်ခဲ့ရ၏။ ဘုရင်မ အာယုနာနာက မြင်းစီးသူရဲပေါင်း ၃ သောင်းကို စနစ်တကျ ဖွဲ့စည်းကာဖြင့် တောင်အောက်ခြေ မြေပြန့်တွင် စောင့်ဆိုင်းလျက် ရှိနေသည်။

လီချင်းချိုး၊ နင်ကျန်းနှင့် ဒါဇင်ဝက်ခန့် ရှိသည့် အခြားသောသူအားလုံးက အာယုနာနာ၏ စစ်တပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က ပျောက်ကွယ်သွားခဲ့၏။

နင်ကျန်းကို သတ်နိုင်သည့် အခွင့်အရေးကို လုံးဝ ဆုံးရှုံးခဲ့၏။ ရွှယ်ချီ၏ဘက်တွင် မဟာပညာရှင် ၁၀ ယောက် ရှိသေး၏။ သူတို့က မြင်းစီးစစ်သည် ၃သောင်းထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ဆက်လက် သတ်ဖြတ်ရမည်လား။ ထိုအရာက သေခြင်းတရားကို ဖိတ်ခေါ်ခြင်းနှင့် ဆင်တူ၏။ သိုင်းပညာက သိုင်းပညာ ဖြစ်ပြီး စစ်တပ်က စစ်တပ်ပင်။

အရူးကြီးကဲ့သို့ ကောင်းကင်ကို စိန်ခေါ်နိုင်သည့် ပါရမီရှင်မှလွဲ၍ မဟာပညာရှင်တစ်ဦးပင်လျှင် စစ်တပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်သည် ဆိုပါက လူအရေအတွက်ကြောင့် မကြာခင် သေဆုံးရပေလိမ့်မည်။ မဟာပညာရှင် ၁၀ ဦး ဆိုလျှင်လည်း ထိုအတိုင်းပင် ဖြစ်၏။ ဤသည်က ချောင်ပြည်နယ် မဟုတ်ချေ၊ ချင်ပြည်နယ် ဖြစ်သည်။

လုပ်ကြံမှု မအောင်မြင်ခဲ့ချေ။ သူတို့က ရွှဲ့ပြည်နယ်ကို အမြန်ဆုံး ပြန်သွားပြီး မဟာဗျူဟာ အသစ်ကို ပြင်ဆင်ရမည်။

“သွားကြစို့။” ရွှယ်ချီက အမိန့်ပေးလိုက်၏။ မဟာပညာရှင် ၁၀ ဦးတို့က တောင်အောက်သို့ ဆင်းမလာဘဲ တောင်တန်းအတိုင်း အရှေ့ဘက်သို့ ပြေးသွားကြ၏။

“သွားကြရအောင်။” ဘုရင်မ အာယုနာနာက အမိန့်ပေးလိုက်၏။ မြင်းစီးစစ်သည် ၃ သောင်းတို့က နင်ကျန်းကို အစောင့်အရှောက်ဖြင့် အရှေ့ဘက်သို့ ခေါ်ဆောင်သွားခဲ့၏။

.................

အပိုင်း (၇၂၄)

ကြီးမားလွန်းသည့် မြင်းရထားကြီးတစ်ခုပေါ်မှာတော့ ...

“ချိုးမျိုးနွယ်ရဲ့ ပျက်နေတဲ့ လက်မောင်းက ရှမ့်လန်ကို မစောင့်နိုင်တော့ဘူး။”

ဝူတူကျိက ပြော၏။ “တောင်ထိပ်ပေါ်ကထက် အပူချိန်က အရမ်းနိမ့်တယ်။ မကြာခင် ပုတ်သိုးသွားလိမ့်မယ်။”

ဓားဘုရင်၏ မိန်းမက ပြောလိုက်သည်။ “မကာကွယ်နိုင်ဘူးဆိုရင် ဖြတ်လိုက်တော့။ ကျွန်မရဲ့ ဘယ်ဘက်လက်က ဘာမှ အသုံးဝင်တာ မဟုတ်ဘူးပဲ။ အခုမှ လှပမှုကို ပြန်ရလာတာ။ လက်တစ်ဖက် ဆုံးရှုံးသွားလို့လည်း ဘာမှ မဖြစ်ဘူး။”

“မဖြတ်ရဘူး။ မဖြတ်ရဘူး။”

လီချင်းချိုးက ပြောလိုက်၏။ “မိန်းမ။ ငါမင်းကို ကျောပိုးပြီး ရှမ့်လန်ကို ရှာဖို့ သွားမယ်။ မင်းရဲ့ ဘယ်ဘက်လက်ကို ကိုင်ထားရမယ်။”

ဓားဘုရင်၏ မိန်းမက ပြောလိုက်သည်။ “ရှင်ထွက်သွားရင် နင်ကျန်းကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ ရှင်က ကျွန်မရဲ့ လက်မောင်းအတွက် အများအကျိုးကို စွန့်လွှတ်တော့မှာလား။ ကျွန်မ အခုထိ အသက်ရှင်နေသေးတာနဲ့တင် ရှင် မကျေနပ်သေးဘူးလား။ လက်တစ်ဖက် ဆုံးရှုံးတာ ဘာကိစ္စမို့လို့လဲ။”

ပြီးနောက် လီချင်းချိုးက သူ၏ မိန်းမကို ကျောပိုးကာ ရှမ့်လန်ကို ရှာဖွေရန် မြောက်ဘက်သို့ ချက်ချင်းသွား၏။

“ခဏနေအုံး။”

ဝူတူကျိက အချိန်ခဏကြာ စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်၏။ သူမက ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

“ဒါက ကျွန်မအမေ့ကို ကယ်တင်ဖို့ ကျွန်မရဲ့အဖေက ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးရည်ကို နေရာတိုင်းမှာ ရှာဖွေခဲ့တယ်ဆိုပေမယ့် မတွေ့ခဲ့ဘူး။”

ဝူတူကျိက ပြောလိုက်၏။ “ဒါပေမယ့် ရှေးဟောင်း ဆေးပုလင်းတစ်ခုကို တွေ့ခဲ့တယ်။ တစ်ပုလင်းကို ရှင်တို့ရဲ့ ပျက်နေတဲ့ လက်မောင်းကို ပေးလိုက်မယ်။ ဒါက ရှင်တို့ရဲ့ ပြတ်နေတဲ့ လက်မောင်းကို ကယ်တင်နိုင်ချေတော့ ရှိတယ်။ ဒါပေမယ့် ရှင်တို့ ပြန်သွားရင် ရှမ့်လန်ကို ပြောလိုက်။ သူ ကျွန်မကို ရှေးဟောင်းဆေးတစ်ပုလင်း အကြွေးကျန်နေတယ်လို့။ ပြန်ပေးရလိမ့်မယ်။”

“ပြန်ပေးပါ့မယ်။ ကျုပ် ပြန်ပေးပါ့မယ်။” လီချင်းချိုးက ပြောလိုက်သည်။

ဝူတူကျိက ပြောလိုက်၏။ “ရှင် ပြန်မပေးနိုင်ဘူး။”

ပြီးနောက် ဝူတူကျိက ထန်ယင်၏ကျောဘက်ကို စစ်ဆေး၏။ အပေါက်များနှင့် ပြည့်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်း၏။ ပြီးနောက် သူမက နောက်ထပ် ဆေးတစ်ပုလင်းကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒဏ်ရာပေါ်ကို တစ်နေ့ နှစ်ကြိမ်လိမ်း။”

ထန်ယင်က အံ့အားသင့်သွား၏။ “ဒါကလည်း ရှေးဟောင်းဆေးလား။ ကျုပ် ပြန်မပေးနိုင်ဘူး။”

ဝူတူကျိက ပြောလိုက်သည်။ “ဒါ ထိပ်တန်းဆေးပဲ။ ဆေးတစ်ပုလင်းကို ရွှေဒင်္ဂါး တစ်သိန်းလောက်ကျတယ်။ ဒါပေမယ့် ဒဏ်ရာက ရုပ်ဆိုးနေလိမ့်မယ်။ ဒါအဆင်ပြေလား။”

ထန်ယင်က ပြောလိုက်၏။ “ကောင်းပါတယ်။ ကျုပ်က မိန်းမရဖို့လည်း အခြေအနေ မရှိပါဘူး။”

“ဟမ့်... ကဲ ... ရှမ့်လန်ကို ကျွန်မ ထွက်သွားပြီလို့ ပြောပေး။ ကျွန်မ အလုပ်တွေ ဆက်လုပ်ဖို့ ရှိသေးတယ်။”

နတ်သမီးရွှယ်ရင် ပြောလိုက်သည်။ “ဒါနဲ့ ကျွန်မပြန်လာတာကို သူ ဘယ်လိုသိတာလဲ။ နောက်တစ်ခါ ကျွန်မကိုရှာရင် အဲဒီနေရာကို စာမပို့နဲ့လို့။ ဒီစာရွက်ပေါ်မှာ ကျွန်မရဲ့ လိပ်စာကို ရေးထားတယ်။”

နတ်သမီးရွှယ်ရင်က စာရွက်တစ်ရွက်ကို ကျုံးချူးကဲ့၏ လက်ထဲသို့ ထည့်ပေးသည်။

ကျုံးချူးကဲ့က ပြောလိုက်၏။ “အင်း.. ညီမလေး၊ မင်း ငါနဲ့ မလိုက်ခဲ့တော့ဘူးလား။”

ရွှယ်ရင်က ခေါင်းခါ၏။ “မလိုက်တော့ဘူး။ ရွှဲ့ပြည်နယ် အခြေအနေက ရှုပ်ထွေးနေလိမ့်မယ်။ ရှင် သူတို့ ဘေးနားမှာနေဖို့ လိုတယ်။ ပြီးတော့ အရူးကြီးက ရှင့်ရဲ့ လမ်းညွှန်မှုကို လိုအပ်နေတယ်။ သူက ကျွန်မတို့ သိုင်းလောကအတွက် အနာဂတ်တစ်ခုပဲ။”

“နင်ကျန်းက နှုတ်ဆက်ပါတယ်။” နင်ကျန်းက ဦးညွတ်ကာ အရိုအသေပြုသည်။

နတ်သမီးရွှယ်ရင် အသာပင် ကိုယ်ဖော့ပညာသုံးကာ ထွက်ခွာသွားခဲ့၏။ ဤအချိန်မှာတော့ အနောက် တောင်ဘက်သို့ ဦးတည်သွားနေခြင်း ဖြစ်၏။

“အချိန်မနှောင်းပါနဲ့အုံး။ အချိန်မနှောင်းပါနဲ့အုံး...။”

ဤသည်က နတ်သမီးရွယ်ရင်၏ စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။

..................

ဘုရင်မ အာယုနာနာက မြင်းစီးစစ်သည် နှစ်သောင်းကို ချင်နိုင်ငံ၏ မြို့တော်သို့ ပြန်သွားရန် အမိန့်ပေး၏။ သူမကတော့ မြင်းစီး တစ်သောင်းကို ဦးဆောင်ပြီး နင်ကျန်းကို အရှေ့ဘက်သို့ စောင့်ရှောက် ပို့ဆောင်၏။ ဤမြင်းစီးစစ်သည် တစ်သောင်းတွင် တစ်ဦးလျှင် မြင်းနှစ်ကောင်စီ စီးနင်းထားကြပြီး တချို့က မြင်းသုံးကောင် ထိပင် ပါဝင်၏။

သူတို့က နေ့နေ့ညည အနားမယူဘဲ ခရီးနှင်ကြ၏။ ချင်နိုင်ငံမှ ထျန်းရှစ်ပြည်နယ် တောင်ပိုင်းဆီသို့ ဝင်ရောက်လာချိန်မှာတော့ ထျန်းရှစ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ကျန်းကျိရှုက သူတို့ကို တားဆီးရန် ကြိုးစားသည်။

နာကျည်းမှုက ဟိန်းဟောက်လိုက်၏။ “ကျန်းကျိရှု... တစ်မိနစ်လောက် နှောင့်နှေးရင် သခင်လေးရှမ့်က ခင်ဗျားတို့ မိသားစုတစ်ခုလုံးကို သုတ်သင်လိမ့်မယ်။ ခင်ဗျားတို့ မျိုးနွယ်တစ်ခုလုံး အသတ်ခံရမှာ ဖြစ်ပြီး တစ်ယောက်မှ မကျန်စေရဘူး။”

ထိုအချိန်မှာပဲ မိန်းမစိုးကြီး လီအန်းက လူအများကြီးရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ “ကျန်းကျိရှု.. အမိန့်တော်ကို နာခံ။ ချင်နိုင်ငံရဲ့ ဘုရင်မ အာယုနာနာက ရွှဲ့ပြည်နယ်ကို တရားဝင် လာရောက် လည်ပတ်တယ်။ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ပါဝင်ရမယ်။ ဘယ်သူတစ်ယောက်မှ တားဆီးခြင်း မပြုရ။”

ဘုရင့်အမိန့်တော်ကို ဤကဲ့သို့ အသုံးပြုခဲ့၏။ နင်ယွမ်ရှန်းက ဤကဲ့သို့ပင်။ လီအန်းက အေးစက်စက်နှင့် ပြော၏။ “ကျန်းကျိရှု.. မင်း အမိန့်တော်ကို ဖီဆန်မှာလား။”

ဤသို့ ပြောလိုက်သည်နှင့် လီအန်းက သူ၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။ နောက်ကွယ်ရှိ နန်းတွင်း အစောင့်တပ်သားများ အားလုံးကလည်း ဓားများကို ဖမ်းကိုင်လိုက်ကြ၏။ ကျန်းကျိရှုသာ အမိန့်တော်ကို ဖီဆန်ပါက သူတို့က ထိုနေရာတွင်ပင် သတ်ပစ်ပေလိမ့်မည်။

“ကျုပ် ... မင်းကြီးရဲ့ အမိန့်ကို နာခံပါတယ်။ သူတို့ကို ဖြတ်သွားခွင့် ပြုလိုက်။”

ဘုရင်မ အာယုနာနာက မြင်းစီးသူရဲ တစ်သောင်းကို ဦးဆောင်ပြီး ကျန်းရှစ်ပြည်နယ်ထဲသို့ ဝင်ရောက်လာ၏။ နင်ကျန်းကို ထျန်းရွှဲ့မြို့ဆီသို့ စောင့်ရှောက် လိုက်ပါ ပို့ဆောင်ခဲ့၏။

တစ်ချိန်တည်းမှာပဲ ရှမ့်လန်က စစ်သည်ပေါင်းလေးသောင်းကျော်ကို ဦးဆောင်ကာဖြင့် ထျန်းဖေးပြည်နယ်သို့ ဝင်ရောက်လာခဲ့၏။ ဘုရင်မရှားမန်က သဲကန္တာရ လူရိုင်းမျိုးနွယ်စုမှ အထူးတပ်သား လေးထောင်ကို ဦးဆောင်ပြီး တောင်ပိုင်းငြိမ်းချမ်းရေးဂိတ်မှ ထွက်ခွာပြီး ချင်နိုင်ငံကို ဖြတ်သန်းကာ သဲကန္တာရ လူရိုင်းမျိုးနွယ်ဆီသို့ ပြန်သွားခဲ့သည်။

ချောင်နန်းတော် မြို့တော်သို့ စစ်ချီတက်မှုတွင် သဲကန္တာရ လူရိုင်းမျိုးနွယ်မှ အထူးတပ်သား ငါးထောင်က ကြီးမားသည့် အဖိုးအခများကို ပေးခဲ့ရပြီး သေဆုံးသူက ငါးထောင်၏ တစ်ဝက်ကျော်မျှ ရှိခဲ့၏။ လူနှစ်ထောင်သာလျှင် တာ့နန်နိုင်ငံဆီသို့ ပြန်ရောက်ခဲ့၏။ သေဆုံးသူ နှစ်ထောင်အတွက် ရှမ့်လန်က လျော်ကြေးအဖြစ် ရွှေဒင်္ဂါး သုံးသိန်းကို ပေးခဲ့၏။

ဘုရင်မ ရှားမန်က ထွက်ခွာသွားခဲ့ပြီးနောက် သူ၏ အောက်ရှိ ပထမနှင့် ဒုတိယ နိဗ္ဗာန စစ်သည်က စုစုပေါင်း လူဦးရေ လေးထောင်သာ ရှိတော့၏။ ဤစစ်သည်တော် လေးထောင်က အလွန်ပဲ အားနည်ပြီး ပင်ပန်းနွမ်းနယ်လျက် ရှိနေ၏။ သို့သော်ငြား ရှမ့်လန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထျန်းဖေးပြည်နယ်၏ မြောက်ပိုင်း ကျုံးမျိုးနွယ်၏ နယ်မြေထဲသို့ ဝင်ရောက်လာသည်။

သူက ပုန်းအောင်းရန် ရည်ရွယ်ချက် မရှိချေ။ ထို့အစား သူက အရှိန်ကို လျှော့ချကာဖြင့် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် မြို့ထဲကို ဖြတ်သန်းသွားခဲ့၏။ သူက လှပသည့် မိန်းကလေး တစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ပြီး လူရိုင်းများကြားတွင် လမ်းလျှောက်နေသည့် ပုံပင်။ လက်များကို ဝှေ့ယမ်းကာ ‘လာကြပါ။ လာကြပါ။ သခင်ကြီးတို့ လာကြပါ’ ထိုကဲ့သို့သော ပုံစံမျိုး ဖြစ်၏။ ဤအရာက ကျုံးမျိုးနွယ်ကို လုံးဝ မြူစွယ်နေခြင်း ဖြစ်၏။

သူ့၌ လူဦးရေ လေးထောင်သာ ကျန်ရှိတော့၏။ ကျုံးမျိုးနွယ်အနေနှင့် စစ်သည်အများအပြား ရှိသည် မဟုတ်ပါလား။ ချောင်ပြည်နယ်နှင့် စစ်ဖြစ်ပြီးနောက် မူလစစ်သည် တစ်သိန်းနှစ်သောင်း၌ ထက်ဝက်ကျော်က သေဆုံးခဲ့၏။ သို့သော်ငြား ငါးသောင်းမှ ခြောက်သောင်းခန့် ကျန်ရှိနေသေး၏။ လူဦးရေ ငါးသောင်းမှ ခြောက်သောင်းဆိုသည်က လူလေးထောင်ကို တိုက်ခိုက်ဖို့ ဆိုသည်က လွယ်ကူသည့် အရာပင်။

အဓိကအားဖြင့် ရှမ့်လန်၏ ပထမနှင့် ဒုတိယ နိဗ္ဗာန စစ်သည်များက ပင်ပန်းနွမ်းနယ်နေကြ၏။

“ကဲ.. သတ်ချင်ရင် လာသတ်ကြတော့။”

သူက အကြောင်းအရာများကိုပင် ကြိုတင်ကာ စဉ်းစားခဲ့ပြီးသား ဖြစ်သည်။

နင်ကျန်းကတော့ ထျန်းရွှဲ့မြို့တော်ဆီသို့ အလျင်အမြန်ပင် ပြန်သွားခဲ့၏။ တခြားတစ်ဖက်တွင် ရှိနေသည့် ရှမ့်လန်ကတော့ အလွန် နှေးကွေးစွာဖြင့် လမ်းလျှောက်လျက် ရှိနေပြီး ခြေလှမ်းတိုင်းကလည်း ယိမ်းထိုးနေ၏။ ‘ကျုံးယောင်.. အမြန်လာပြီး ကျုပ်ကို စစ်တပ်တွေ ဦးဆောင်ပြီး ဖမ်းစမ်းပါ။ လာရိုက်စမ်းပါ။’

နောက်ဆုံးမှာတော့ ရှမ့်လန်က တကယ့်ကို လွန်ကျူးခဲ့၏။ စစ်တပ်ကို ရပ်တန့်သွားခဲ့ပြီး ဤနေရာတွင် မလှုပ်မယှက် ရပ်တန့်နေခဲ့၏။ သူတို့က ထျန်းရှစ်မြို့မှ မိုင်တစ်ရာခန့်အကွာတွင် ပြန်လည် စုစည်းခဲ့၏။ ကျုံးမျိုးနွယ်အပေါ် တကယ့်ကို အစွန်းရောက်သည့် ရန်စမှုတစ်ခု ကဲ့သို့ပင်။

................

သတ္တမလ၏ ကိုးရက်မြောက်နေ့တွင် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပမည်။

သတ္တမလ၏ ရှစ်ရက်မြောက် ညနေခင်းမှာတော့ ထျန်းရွှဲ့မြို့တွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထား၏။ နင်ကျန်းက မြို့တော်သို့ ပြန်မရောက်သေးချေ။ မြို့ပြနှင့် စစ်ဖက်အရာရှိများက ဤအကြောင်းကို တစ်ခွန်းမှ မပြောဆိုကြပေ။

ရွှဲပြည်သူများကလည်း အပူတပြင်း ဆွေးနွေးနေကြ၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်က ရှင်းလင်း ပြတ်သား၏။ နင်ကျန်းက ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ်ရပေ လိမ့်မည်။ သို့ပေမည့် နင်ကျန်း အချိန်မီ ရောက်မလာပါက နင်ချီက ထိုသူ၏နေရာကို ယူမည်။

နင်ကျန်းက အချိန်မီ ပြန်မရောက်နိုင်တော့သည့် ပုံပေါ်၏။ ဤနည်းဖြင့် နန်းလုပွဲ၏ အရေးပါသည့် အချိန်များတွင် သူက အားနည်းချက်အဖြစ် ဖြစ်တည်သွားပေလိမ့်မည်။ ပူဇော်လွှာကို မည်သူဖတ်ကြားသည် ဖြစ်စေ ထိုသူက အိမ်ရှေ့စံ ဖြစ်မည်ဖြစ်ကြောင်း လူတိုင်း သိ၏။ သို့ပေမည့် အိမ်ရှေ့စံ နင်ချီကလည်း ကောင်းသည် ရွေးချယ်မှု တစ်ခုပင်။

...................

နောက်တစ်နေ့မနက် ဘုရင်မင်းမြတ်က နန်းတော်မှ ထွက်ခွာသွားခဲ့ပြီး အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက ရှေးဟောင်း ပူဇော်ပွဲ ပလ္လင်ဆီသို့ လမ်းလျှောက်သွား၏။ ထိုမျှ မကသေးချေ။ ဘုရင်မင်းမြတ်က ပုံမှန်ထက် တစ်နာရီစော၍ ထွက်ခွာ၏။ နေမထွက်မီကပင် ထွက်ခွာခဲ့၏။

ဤအချိန်မှာတော့ သူ၏ ခန္ဓာကိုယ်က ပို၍ တုန်ယင်နေပြီး လမ်းလျှောက်ရန်ပင် ခက်ခဲနေ၏။ သို့သော်ငြား သူက လမ်းကို အသေအချာ ကြိုးစားကာ လျှောက်၏။ မှောင်မဲနေသည့် ကောင်းကင်ယံထက်တွင် မရေတွက်နိုင်သည့် မီးပုံးများက ကောင်းကင်ယံမှ ကြယ်များကဲ့သို့ပင်။

နင်ချီက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး နင်ယွမ်ရှန်း၏ ဘေးတွင် ရှိ၏။ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက အနောက်ဘက်တွင် သပ်ရပ်စွာဖြင့် လိုက်ပါလာခဲ့၏။ တည်နေရာ တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့နေ၏။ လေထုက လေးလံပြီး ဖိစီးမှုများပင် ရှိနေသည်။

နန်းတွင်း အစောင့်တပ်သား သုံးထောင်တို့က မြေပြင်ပေါ်တွင် လမ်းလျှောက်နေ၏။ သူတို့၏ သံချပ်ကာ မြည်သံများကသာ ထွက်ပေါ်နေ၏။ သို့သော်လည်း ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ရှေးဟောင်းပူဇော်ပွဲ အခမ်းအနားဆီသို့ မဟုတ်ဘဲ ဗာမေလီယန် ဂိတ်တံခါးဆီသို့ သွားခြင်းဖြစ်ကြောင်း သတိပြုမိ၏။ သို့သော်ငြား မည်သူမှ မမေးဝံ့ကြချေ။

ထိုသို့နှင့်ပဲ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အရပ်ဖက်နှင့် စစ်ဘက်အရာရှိများနှင့် နန်းတွင်းအစောင့် သုံးထောင်ကို ဦးဆောင်ပြီး ဗာမေလီယန် ဂိတ်တံခါးထိပ်ဆီသို့ ရောက်ရှိလာ၏။ သူတို့က တိတ်ဆိတ် ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ မည်သူ့ကို စောင့်ဆိုင်းနေသနည်း။ နင်ကျန်းကို စောင့်ဆိုင်းနေသည်လား။

‘အရှင်မင်းကြီး... စိတ်လျော့လိုက်တော့။ နင်ကျန်းက အချိန်မီ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး။’

ထို့အပြင် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားအတွက် တခြားသောသူများက စောင့်ဆိုင်းနေသည် မဟုတ်ပါလား။ အခမ်းအနားကို ကျင်းပမည့် အကောင်းဆုံး အချိန်ကို လွှဲချော်သွားပါက ကောင်းကင်ဘုံက ဒေါသထွက်စေလိမ့်မည်။

သို့သော်ငြား ကြာကြာစောင့်စရာ မလိုခဲ့ချေ။

“ဘုန်း။ ဘုန်း...”

မြေပြင်က တုန်ခါသွားခဲ့၏။ အသံက ပို၍ ကျယ်လာ၏။ မြင်းစီးစစ်သည်များ၏ အသံဖြစ်ပြီး သောင်းချီသော စစ်မြင်းများ မြေပြင်ကို နင်းသည့် အသံဖြစ်၏။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင် မျဉ်းကြောင်းကြီး တစ်ခု ပေါ်လာ၏။ အလံနှစ်ခုက လေထဲ၌ လွင့်နေသည်။

နင်နှင့် ချင်နိုင်ငံ၏ အလံပင်။ ပြီးနောက် .... ချင်နိုင်ငံမှ မြင်းစီးစစ်သည်များက ရေလှိုင်းများကဲ့သို့ပင် အလုံးအရင်းလိုက် ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ အသံက ပိုမိုကာ ကျယ်လာ၏။ မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါလာ၏။

ချင်နိုင်ငံမှ မြင်းစီးစစ်သည်များက အမြန်နှုန်းကို မလျှော့ဘဲ ရွှဲ့ပြည်နယ်ဆီသို့ အရှိန်မြှင့်ကာ ဝင်လာကြ၏။ ဤသည်က အင်အားပြချင်တာလား။ ဟုတ်ပေ၏။ အင်အားပြခြင်းပင် ဖြစ်၏။ ရွှဲ့ပြည်နယ်မှ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများကို အင်အားပြခြင်းပင်။

မီတာတစ်ရာခန့် အနီးသို့ရောက်ချိန်မှာတော့ ချင်နိုင်ငံမှ မြင်းစီးစစ်သည်များက ရပ်တန့်လိုက်ကြ၏။ သူတို့က အလွန်ပင် များပြား၏။ ထို့အပြင် တစ်ဦးလျှင် မြင်းနှစ်ကောင်စီ စီးနင်းထားကြသေး၏။ မြင်းစီးသူရဲ တစ်သောင်းတို့က အဆုံးအစမဲ့ သကဲ့သို့ပင် ကျယ်ပြောသည်။

ထိုအချိန်မှာတော့ မြင်းနှစ်ကောင် ထွက်လာ၏။ ဘုရင်မ အာယုနာနာက ရှေ့တွင်ရှိပြီး နင်ကျန်းက နောက်တွင်ရှိ၏။ သူတို့က ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ရှေ့သို့ ရောက်လာ၏။

ဘုရင်မ အာယုနာနာက မြင်းပေါ်သို့ ဆင်းပြီး ဦးညွတ်သည်။ “ချင်နိုင်ငံရဲ့ အာယုနာနာက ရွှဲ့ဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်။”

နင်ယွမ်ရှန်းက ပြန်လှန်ကာ နှုတ်ဆက်၏။ “ရွှဲ့ပြည်နယ်ရဲ့ နင်ယွမ်ရှန်းက ချင်ဘုရင်မကို နှုတ်ခွန်းဆက်သ ပါတယ်။”

နင်ကျန်းက ရှေ့ကိုတိုး၏။ ဘုရင်မင်းမြတ်၏ ရှေ့တွင် ဒူးထောက်လိုက်၏။ “ရွှဲ့ပြည်နယ်က နင်ကျန်း ရွဲ့ဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်။”

သူ၏ အသံက အနည်းငယ် တုန်ယင်နေ၏။ နင်ကျန်းက သူ၏ ရင်ထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေသည်။

နင်ယွမ်ရှန်းက ရှေ့သို့တိုး၏။ နင်ကျန်းကို အသာပင် ထူပေး၏။ ပြီးနောက် လက်မောင်းကို ဆုပ်ကိုင်ကာ မြှောက်တင်လိုက်၏။ “ငါ့သား နင်ကျန်း ပြန်လာပြီ။ ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။ ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။”

အင်ပါယာက ‘သက်တော်ရာကျော် ရှည်ပါစေ’ ဟူသည့် စကားလုံး အသုံးပြုခြင်းကို တားမြစ် ထားသည် မဟုတ်ပါလား။ သို့ပေမည့် နင်ယွမ်ရှန်းက ရုတ်တရက် အော်ဟစ်လိုက်၏။ နောက်ကွယ်တွင် ရှိနေသည့် နန်းတွင်း အစောင့်တပ်သားများကလည်း အော်ဟစ်လိုက်ကြသည်။

မြို့ထဲတွင် ရှိနေသော မရေတွက်နိုင်သည့်လူများကလည်း အားရဝမ်းသာဖြင့် အော်ဟစ်လျက် ရှိနေ၏။

“ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။”

“ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်သား နင်ကျန်း... သက်တော်ရာကျော် ရှည်ပါစေ။”

All Chapters