အခန်း (၇၂၅-၇၂၆)
Vol. 46 Ch. 725-726
အပိုင်း (၇၂၅)
“အရှင်မင်းသား အင်အားကြီးတယ်။”
“ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
“ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
ပထမ၌ လူအနည်းငယ်သာ အော်ဟစ်ခဲ့သည် ဆိုသော်လည်း နောက်ပိုင်းတွင်မူ ထောင်နှင့်ချီသည့် လူများက လိုက်ပါကာ အော်ဟစ်ခဲ့ကြ၏။ နင်ချီ နန်းမြို့တော်ကို ပြန်လာစဉ်ကလည်း ဤကဲ့သို့ပင် ကြိုဆိုခြင်းကို ခံခဲ့ရ၏။ နင်ကျန်း၏ အောင်ပွဲခံ ပြန်လာခြင်းကလည်း ထိုနည်းလည်းကောင်းပင်။ ပြည်သူများက အောင်မြင်မှုကိုသာ လိုလားကြောင်း ရှင်းလင်းစွာ သိသာ၏။
နင်ယွမ်ရှန်းက ဤအခိုက်အတန့်ကို တကယ်ပဲ နှစ်သက်ခဲ့၏။ သူက အရာရှိများကို လှမ်းကာကြည့်၏။ တချို့က လျစ်လျူရှုနေကြပြီး တချို့က စဉ်းစားနေသကဲ့သို့ပင်။ အခြေအနေက တကယ်ကို ရှင်းလင်း၏။ ဘုရင်မင်းမြတ်က နင်ကျန်းအတွက် အစီအစဉ်များကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။
ရှမ့်လန်၏ နိဗ္ဗာနစစ်သည်က နန်းမြို့တော်သို့ မပြန်ဘဲ ထျန်းရှစ်မြို့ထဲတွင် ဆက်လက်ကာ တပ်စွဲထားခဲ့၏။ ဤအရာက မည်သည့်အရာကို သက်သေပြနေသနည်း။ ဘုရင်မင်းမြတ်က ကျုံးမျိုးနွယ်ကို သတိထားပြီး စောင့်ကြည့်နေကြောင်း သက်သေပြနေခြင်းပင်။ နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်သည်နှင့် ကျုံးမျိုးနွယ်က အသည်းအသန် ဖြစ်လာပေလိမ့်မည်။
ရှမ့်လန်၏ စစ်တပ်က နန်းမြို့တော်သို့ မဝင်လာပါက ထျန်းရွှဲ့မြို့က ဗလာနတ္ထိ ဖြစ်နေပေလိမ့်မည်။ နင်ချီ အောင်ပွဲခံ ပြန်လာချိန်မှာတော့ ရိုးရိုးပြန်မလာခဲ့ပေ။ ချင်နိုင်ငံ၏ မြင်းစီးစစ်သည် ထောင်ပေါင်းများစွာကို နန်းမြို့တော်သို့ ခေါ်ဆောင်လာခဲ့၏။
ထို့မျှမက ရွှယ်ချီကိုလည်း ထျန်းရွှဲ့မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးခန့်အပ်ပြီးသား ဖြစ်၏။ ရေနက်တပ်ဖွဲ့ဆီမှ ရန်အီက ဘုရင်မင်းမြတ်ကို သစ္စာခံသည် ဆိုသော်လည်း နင်ချီဘက်သို့ အနည်းငယ် ယိမ်း၏။ မြို့တော်အတွင်းတွင် နင်ကျန်းကို သစ္စာခံသော မြို့စောင့်တပ်သားဟူ၍ တစ်သောင်းပင် မရှိချေ။
ထို့ကြောင့် ဘုရင်မင်းမြတ်က ဘုရင်မ အာယုနာနာကို ထျန်းရွှဲ့မြို့သို့ ဖိတ်ကြားခဲ့ခြင်းပင်။ အပေါ်ယံတွင် မဟာမိတ်များ ဖြစ်ကြသော်လည်း တကယ်တမ်းမှာတော့ စစ်တပ်ကို ခေတ္တခဏ ချေးငှားခဲ့ခြင်းပင် ဖြစ်၏။ ချင်နိုင်ငံမှ မြင်းစီးစစ်သည် တစ်သောင်းကို ချေးယူခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပေ၏။ ဤအရာက စည်းမျဉ်းများကို ချိုးဖောက်ခြင်းပင် ဖြစ်၏။ တခြားသောနိုင်ငံ၏ စစ်တပ်ကို နန်းမြို့တော်သို့ ခေါ်ဆောင်ခြင်းဆိုသည်က အမှန်တကယ် ထိတ်လန့်ဖွယ်ရာကောင်း၏။ သမိုင်း မှတ်တမ်းတွင် တခြားနိုင်ငံမှ စစ်သည်များကို နန်းမြို့တော်သို့ ဖိတ်ခေါ်သည့် ဘုရင်အားလုံးက ကောင်းမွန်သော အဆုံးသတ် ဟူ၍ မရှိခဲ့ကြချေ။ သို့သော်ငြား နင်ကျန်း အောင်မြင်စွာဖြင့် ထီးနန်းကို ဆက်ခံနိုင်ရန် နင်ယွမ်ရှန်းက ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်၏။
ဟုတ်ပေ၏။ ဤအတွက် သူ ဝေဖန်ခံရပေလိမ့်မည်။ သို့ပေမည့် ခံရပါစေ။ အရေးမကြီးချေ။ နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ပြီး နင်ယွမ်ရှန်းက အရည်အချင်းမရှိသည့် ဘုရင်အဖြစ် ကဲ့ရဲ့ခံရမည်ဆိုလျှင်တောင်မှ အရေးမကြီးချေ။ ပါကင်ဆန်ရောဂါ ရရှိပြီးတည်းက သူ့၌ အချိန်များစွာ မရှိတော့ကြောင်း သိရှိထားသောကြောင့် ပိုမိုကာ ပွင့်ပွင့်လင်းလင်း ပြုလုပ်ခြင်း ဖြစ်သည်။
နင်ယွမ်ရှန်း၏ အစီအစဉ်များက ဤမျှနှင့် မပြီးဆုံးသေးချေ။ သူက ပျံ့ရှောင်း နှင့် ကျန်းချုံး တို့ထံသို့ လျှို့ဝှက်အမိန့်များကို ပေးခဲ့ပြီး ဖြစ်၏။ အထူးသဖြင့် ကျန်းချုံး ထံသို့ပင်။ မကြာသေးခင်က ဝူပြည်နယ်၏ တောင်ပိုင်း စစ်ဆေးရေးကို ကိုင်တွယ်ဖြေရှင်းရန် ကျန်းချုံးက စစ်သည် သုံးသောင်းကို မြောက်ပိုင်း နယ်မြေဆီသို့ ဦးဆောင် သွားရောက်ပြီး နင်ချီအား ကူညီပေးခဲ့၏။
ပြီးနောက် နင်ချီက အနောက်ဘက် စီရင်စုရှိ စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့သော်လည်း ကျန်းချုံးကတော့ ဤနေရာမှာတင် ကျန်ရစ်ခဲ့၏။ ဘုရင်မင်းမြတ်က ကျန်းချုံးအား ထျန်းဖေးပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ပူးတွဲ ခန့်အပ်ခဲ့၏။ အရေးပါသည့်အချိန်တွင် သူက ထျန်းဖေးပြည်နယ် တစ်ခုလုံးကို ထိန်းချုပ် နိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ နင်ချီက မြောက်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ တာဝန်ယူခဲ့၏။ တစ်စုံတစ်ခုသာ ဖြစ်ပွားခဲ့ပါက ကျန်းချုံးက မြောက်ပိုင်းစီရင်စု၏ စစ်ရေးအာဏာ တစ်ခုလုံးကို ချက်ချင်း ထိန်းချုပ်နိုင်မှာ သေချာသည်။
တောင်ပိုင်း ထျန်းနန်စီရင်စု ရှိသေး၏။ ဤအချိန်မှာတော့ တောင်ပိုင်း ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးက ကျူးကျွင်း ဖြစ်နေသော်လည်း ဘုရင်မင်းမြတ်က ကျင်းကျိုးအား တောင်ပိုင်းစစ်သူကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ဖြစ်၏။ တောင်ပိုင်းတွင် တစ်စုံတရာ ဖြစ်ပွားခဲ့ပါက နယ်စားကြီး ကျင်းကျိုး၏ မိသားစုပိုင် ကိုယ်ပိုင် စစ်သည်က လျှို့ဝှက်အမိန့်တော်ကို အားကိုးပြီး တောင်ပိုင်းပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်ပေလိမ့်မည်။
ထို့မျှနှင့် မပြီးသေးချေ။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မင်းသားကျင်းနှင့် ဆွေးနွေးရန် လျှို့ဝှက်သံတမန် တစ်ဦးကိုပင် စေလွှတ်ခဲ့၏။ အကယ်၍ ကျင်းကျိုးသာ တောင်ပိုင်း စီရင်စု အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိပါက မင်းသားကျင်းအနေဖြင့် တောင်ဘက်ပိုင်းမှ ဝင်ရောက်ကူညီပေးရန် တောင်းဆိုထားခြင်းပင်။
နင်ကျန်း မရှိစဉ်အတွင်း ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အရှေ့အနောက်၊ တောင်မြောက် အစီအစဉ်များကို ပြုလုပ်ခဲ့၏။ သူက နိုင်ငံ၏စည်းမျဉ်းများကို ချိုးဖောက်သည့် ဆုံးဖြတ်ချက်များကိုပင် ချခဲ့၏။ ရည်ရွယ်ချက်က တစ်ခုတည်းသာလျှင် ရှိ၏။ နင်ကျန်း ထီးနန်းအဆင်ပြေပြေ ဆက်ခံနိုင်စေရန်ပင်။
ဤပန်းတိုင်ဆီ အောင်မြင်စွာ ရောက်ရှိနိုင်ရန် နင်ယွမ်ရှန်းက ရဲရင့်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့၏။ အနာဂတ်တွင် သူက သမိုင်းစာအုပ်ထဲ၌ နာမည်ဆိုးများနှင့် ကျန်ရစ်မှာတော့ သေချာ၏။
............
အောက်ခြေရှိ အရပ်ဖက်နှင့် စစ်ဖက် အရာရှိ တော်တော်များများတို့က သူတို့၏ လည်ပင်းများကို ကျုံ့ထားရ၏။ သူတို့က အန္တရာယ်ကို ခံစားနေရပြီ ဖြစ်၏။ ဘုရင်မင်းမြတ်က ယခုအချိန်တွင် ဆင်ခြင်တုံ တရားနှင့် ဆက်ဆံရန် အခြေအနေဟူ၍ မရှိတော့ချေ။ သူက နင်ကျန်းကို အတင်းအကြပ် ဘွဲ့တံဆိပ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။
အရပ်ဖက်နှင့် စစ်ဖက် အရာရှိများ သဘောတူပါက ကောင်း၏။သဘောမတူပါက ဘုရင်မင်းမြတ်၏ ဓားက အလွန်ထက်မြက်ကြောင်း သူတို့ သိရှိရပေလိမ့်မည်။
ခြေသုံးချောင်းရှိသည့် ဖားကို ရှာဖွေရန် ခက်သော်လည်း ခြေနှစ်ချောင်းရှိသည့် လူကို ရှာရန် မခက်ချေ။ ဆိုလိုသည်မှာ သူတို့အားလုံးကို သတ်ဖြတ်ပြီးနောက် အရာရှိအဖြစ် တခြားသော တစ်စုံတစ်ယောက်ကို ခန့်အပ်ရန် ရှာမတွေ့မည်ကို စိုးရွံ့စရာ မလိုအပ်ချေ။
သူတို့က ကျုံးမျိုးနွယ်နှင့် ကျူးမျိုးနွယ်တို့ နောက်သို့ အဆုံးထိ လိုက်ပါရန် ဆုံးဖြတ်ထားခဲ့သည်လား။ သို့မဟုတ် သူတို့၏ အတွေးအမြင်ကို ပြောင်းလဲပြီး ဘုရင်မင်းမြတ်၏ ဆန္ဒအတိုင်း လိုက်ပါနာခံရမည်လား။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဦးရီးတော် နင်ချီကို လှမ်းကြည့်လိုက်၏။
“ဦးရီးတော်... ခင်ဗျားရဲ့ မြေးကို ဘယ်လိုမြင်လဲ။” သူက နင်ကျန်းကို လက်ညှိုးထိုးပြသည်။။
ဦးရီးတော်နင်ချီ၏ အကြည့်များက ရှုပ်ထွေးနေ၏။ သူက အမှန်တကယ်ပင် ကိုယ်ကျိုးမပါဘဲ နင်ကျန်းကို မဆိုးဘူး ခံစားရ၏။ တကယ်တမ်း နင်ကျန်းက မဆိုးလှချေ။ သို့သော်ငြား သူ၏ စိတ်ထဲတွင် နင်ချီဘက်သို့ ယိမ်းသည့်အတွက်ကြောင့် နင်ချီက ပို၍ စွမ်းဆောင်ရည်ရှိပြီး ထီးနန်းကို လွှဲပြောင်းပေးအပ်ခြင်းဖြင့် ဂယက်ရိုက်မှု အနည်းပါးဆုံး ဖြစ်ပေလိမ့်မည်။
နင်ကျန်းသာ ထီးနန်းဆက်ခံပါက လောကကြီးက လုံးဝပြောင်းပြန်လှန်သွားမှာ သေချာ၏။ ထို့အပြင် နင်ကျန်းက ဖြောင့်မတ်လွန်း၏။ သို့သော်ငြား သူက ဘုရင်မင်းမြတ်၏စကားကို လုံးဝမနာခံဘဲ နေရတော့မည်လား။
ချက်ချင်းပဲ ဦးရီးတော် နင်ချီက ဦးညွှတ်လိုက်၏။ “အရှင့်သား နင်ကျန်းက ခိုင်မာပြတ်သားတယ်။ သူက ဘုရင်မင်းမြတ်ရဲ့ သားတော်ကောင်း တစ်ယောက် ဖြစ်ပါတယ်။”
နင်ယွမ်ရှန်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ သူက နင်ကန်ကို လှမ်းကာ ပြော၏။ “ဦးရီးတော် နင်ကန်... ခင်ဗျားရော ကျန်းအာကို ဘယ်လိုမြင်လဲ။”
နင်ကန်က နင်ချီနှင့် မတူပေ။ သူက ခိုင်မာပြတ်သားသူ ဖြစ်၏။ နင်ချီကို လေးစားသော်လည်း နင်ကျန်းကိုလည်း လေးစား၏။ နင်ကျန်း ချောင်ပြည်နယ်၏ မြို့တော်အတွင်း ပိတ်မိနေစဉ်အတွင်း သူက နင်ချီကို ထောက်ခံခဲ့၏။ သို့သော်ငြား ယခု နင်ကျန်း ရောက်လာသည့် အချိန်တွင် ဘုရင်မင်းမြတ်က သူ၏ ရပ်တည်ချက်ကို ဤမျှ ရှင်းလင်းစွာ ဖော်ပြထားခဲ့၏။ နင်ကန်က နင်ယွမ်ရှန်းကို ထပ်မံကာ ဆန့်ကျင်တော့မည် မဟုတ်ချေ။
“အရှင့်သား နင်ကျန်းက တကယ်ကို ကောင်းတာပေါ့။” နင်ကန်က ပြောသည်။
ဤနည်းဖြင့် စစ်ရေးဗျူရို၏အဖွဲ့ဝင်များတွင် နင်ကျန်းကို ထောက်ခံသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ် နှစ်ဦး ရှိလာခဲ့၏။ ပျံ့ရှောင်း၊ ကျင်းကျိုး၊ ကျန်းချုံး တို့နှင့်အတူ နင်ကျန်းကို ထောက်ခံသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးက ငါးဦး ရှိလာပြီ ဖြစ်၏။ သူတို့က နင်ချီလောက် အင်အားမကြီးသော်လည်း တစ်ယောက်တည်းတော့ မဟုတ်တော့ချေ။
“လာခဲ... လာခဲ့... အရာရှိတွေ ... ချင်ဘုရင်နဲ့ တွေ့ဆုံကြရအောင်။” နင်ယွမ်ရှန်းက ပြုံးကာ ပြော၏။
ချက်ချင်းပဲ အရာရှိများစွာတို့က ချင်ဘုရင်မ အာယုနာနာကို ဦးညွှတ်သည်။ “ချင်ဘုရင်ကို နှုတ်ခွန်း ဆက်သပါတယ်။”
အာယုနာနာက ခေါင်းညိတ်ပြ၏။ ရင်းနှီးမှု မရှိချေ။ သူမက မျက်နှာအေးစက်သော်လည်း စိတ်ရင်းကောင်းသူ တစ်ယောက်ပင်။
“ရွှဲ့ပြည်နယ်ရဲ့ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ချင်နိုင်ငံ တက်ရောက်လာခဲ့တာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။”
နင်ယွမ်ရှန်းက ပြော၏။ “ဒါဆိုရင် ကျုပ်တို့ တူတူ ရှေးပလ္လင်ဆီကို သွားကြရအောင်။ ဒီလမ်းက သွားပါ။”
“ရွှဲ့ဘုရင်... ကြွပါ။” ချင်ဘုရင်မ အာယုနာနာက နင်ယွမ်ရှန်း၏ အနောက်ဆီမှ အသာပင် လိုက်ခဲ့သည်။
“ရှေးဟောင်းပလ္လင်ဆီကို သွားကြစို့။”
ပြီးနောက် ဂီတသံများ ထပ်မံ ထွက်ပေါ်လာ၏။ နင်ယွမ်ရှန်းက အရပ်ဖက်၊ စစ်ဖက်အရာရှိနှင့် နန်းတွင်းအစောင့်တပ်သား ထောင်ဂဏန်းတို့ကို ခေါ်ဆောင်ကာ ကောင်းကင်ပူဇော်ပွဲ ပလ္လင်ဆီသို့ ခြေလျင်သာ လျှောက်သွား၏။
အာယုနာနာက အနည်းငယ် စိတ်မကောင်း ဖြစ်မိ၏။ အဘယ်ကြောင့်ဆိုသော် သူမက အလွန် အရပ်ရှည်သောကြောင့် ပုံမှန်အားဖြင့် အလွန် လျင်မြန်စွာ လမ်းလျှောက်တတ်၏။ ယခု သူမသာ သတိမထားပါက ရွှဲ့ဘုရင်ကို ကျော်တက်သွားနိုင်၏။ မတော်တဆ လမ်းလျှောက်လွန်သွားမည်ကို စိုးရိမ်သောကြောင့် မနည်းထိန်းချုပ်နေရသည်။
နင်ယွမ်ရှန်းသည် သူ၏ ခြေလှမ်းများက ပေါ့ပါးနေသည်ဟု ခံစားရပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ရောဂါဝေဒနာများက ပိုမိုကာ သက်သာ ကောင်းမွန်လာသကဲ့သို့ပင်။ သို့သော်ငြား သူက သူ၏ သားတော်ထံသို့ လက်လှမ်း၏။
“ငါ အသက်ကြီးနေပြီ။ လမ်းလျှောက်ရတာ နည်းနည်းခက်တယ်။ နင်ကျန်း.... ကူညီအုံး။”
နင်ကျန်းက အံ့အားသင့်သွား၏။ ပြီးနောက် သူက အမြန် ရှေ့သို့ ပြေးသွားပြီး နင်ယွမ်ရှန်း လမ်းလျှောက်ရန် ကူညီပေး၏။ လူပေါင်းများစွာတို့က ဤမြင်ကွင်းကို တွေ့ခဲ့ရ၏။ လူတိုင်းက ဘုရင်မင်းမြတ် နင်ယွမ်ရှန်း အနေနှင့် နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုကြောင်း ပိုမို၍ သေချာသွားခဲ့သည်။
ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည့် နင်ချီက ဤမြင်ကွင်းကို ကြည့်ရှုရင်း တုံ့ပြန်ခြင်း မရှိချေ။ သူ၏ မျက်နှာသွင်ပြင်က ခန့်ညားလျက် ရှိနေပြီး နောက်မှ အသာပင် အေးအေးသက်သာ လိုက်ပါသွားခဲ့၏။ ကျူးဟုန်ကျူး၊ ကျုံးအီ၊ ရွှယ်ချီနှင့် တခြားသော မဟာပညာရှင်များကလည်း မျက်နှာထား မပြောင်းလဲကြချေ။
တခြားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကလည်း မျက်နှာထား မပြောင်းကြချေ။ အထူးသဖြင့် ရွှယ်ချီပင်။ သူက လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက နင်ကျန်းကို သတ်ရန် ဦးဆောင်လာခဲ့လေ၏။ သို့သော်ငြား ယခုအချိန်၌ မည်သည့်အရာမှ မဖြစ်ပွားခဲ့သလိုပင်။
.......................
တစ်နာရီကျော် ကြာပြီးနောက် ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက စစ်သည်များနှင့်အတူ ကောင်းကင်ပူဇော်ပွဲ နန်းပလ္လင်ဆီသို့ ရောက်ရှိလာ၏။ ခမ်းနားသည့် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို တဖန် စတင်၏။
ဤအချိန်မှာတော့ နင်ယုက ဦးဆောင်ခြင်း မဟုတ်ဘဲ နင်ကန်မှ ဦးဆောင်ခြင်း ဖြစ်၏။ နင်ယုက နင်ယွမ်ရှန်းကို များပြားစွာ စိတ်ပျက်စေခဲ့၏။ ထို့ကြောင့် သူကို ရာထူးမှ ထုတ်ပယ်ထား၏။ ဤအချိန် ကောင်းကင်ပူဇော်ပွဲ အခမ်းအနားကို ဦးဆောင်ရန် နင်ယုကို မတောင်းဆိုခြင်းကလည်း ခိုင်မာသည့် အချက်ပြမှု တစ်ခုပင်။
ကောင်းကင်ပူဇော်ပွဲ အခမ်းအနား တစ်ခုလုံးက ခမ်းနားပြီး ခံ့ညားလှ၏။ ယဉ်ကျေးမှု စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်၏။ နင်ယွမ်ရှန်းက အသေးစိတ် ပြည့်စုံအောင် လုပ်ဆောင်၏။ သူက သူ၏ ကိုယ်ခန္ဓာ တုန်ယင်မှုကို တတ်နိုင်သမျှ ထိန်းချုပ်ထားရန် ကြိုးစားသည်။
ပထမ အဆင့်အနေနှင့် ဘုရင်မင်းမြတ်ကို ကြိုဆိုခြင်း ဖြစ်၏။ ဒုတိယအဆင့် ကျောက်စိမ်းနှင့် ပိုးထည်များကို လှူဒါန်းခြင်း၊ တတိယအဆင့် ပူဇော်ရာ စားပွဲဆီသို့ ဝင်ရောက်ခြင်း။ စတုတ္ထအဆင့် ပူဇော်ရာ လက်ဆောင်ကို ပေးအပ်ခြင်း။
ဤအချိန်မှာတော့ နင်ကျန်းက ကောင်းကင်ပူဇော်လွှာကို ရွတ်ဖတ်ရန် အချိန်ပင် ဖြစ်၏။ ယခုအချိန်မှာတော့ ရှမ့်လန်က သူ့အတွက် ဘာမှ ပြင်ဆင်ပေးမထားချေ။ ဆေးပင် မပေးထားချေ။ လီမူကလည်း သူ့၏ အသံကို အဆင့်မြင့်တင်ရန် ဖန်တီးပေးမထားချေ။
အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့်ပင်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကောင်းကင်ပူဇော်ပွဲ အခမ်းအနားတွင် နင်ကျန်းက ထျန်းရွှဲ့ ကာကွယ်ရေးတပ်မှုးအဖြစ် သူက နိုင်ငံရေးနယ်ပယ်ထဲသို့ ဝင်ရောက်ကာစဖြစ်ပြီး အတွေ့အကြုံ နည်းပါး၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူက အလွန်များပြားသည့် အရာများကို ကြုံတွေ့ခဲ့ရ၏။ နန်းတော်အတွင်း ပြင်းထန်သော ရုန်းကန်မှု များကို မဆိုထားနှင့်။ ဘုရင်မင်းမြတ်၏ ရှေ့တွင် လူတစ်စု၏ ဝေဖန်ခြင်းနှင့် ရိုက်နှက်ခြင်းကိုပင် သူက တစ်ကြိမ်မက ခံခဲ့ရသေး၏။
အသက်နှင့်ရင်းရသည့် သေခြင်းရှင်ခြင်း တိုက်ပွဲများကို နှစ်ခု၊ သုံးခုခန့် တိုက်ခိုက်ခဲ့ရ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူက အဆိုးဝါးဆုံး လုပ်ကြံမှုကို ကြုံတွေ့ခဲ့ရသေး၏။ ဤအတွေ့အကြုံများတွင် မည်သည့်အရာက ကြီးမားသည့် ဘေးအန္တရာယ် မဟုတ်သနည်း။
ထိုအရာများနှင့် နှိုင်းယှဉ်ပါက သူ့၏ စကားထစ်ခြင်း အရာက ဘာမှ မဟုတ်တော့ချေ။ သူ၏ စကားထစ်သည့် ပြဿနာ ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင်ပင် မေ့လျော့နေသည်။
ဤအချိန်မှာတော့ ကောင်းကင်ပူဇော်လွှာကို ရှမ့်လန် ရေးသားခြင်း မဟုတ်ဘဲ နင်ကျန်းနှင့် အရူးလန်တို့မှ ပူးပေါင်းကာ ရေးသားခြင်း ဖြစ်၏။ ဟုတ်ပေ၏။ ထိုအရာက လွန်ခဲ့သည့်အချိန်ကလောက်တော့ ခမ်းနားခြင်း မရှိသော်လည်း ကောင်းမွန်နေဆဲပင်။
ကောင်းကင်ပူဇော်လွှာ ရွတ်ဖတ်ခြင်း လုပ်ငန်းစဉ်က တကယ်ကို ချောမွေ့၏။ ထို့အပြင် အံ့ဖွယ်ရာ အောင်ပွဲ နှစ်ခု အပြီးတွင် နင်ကျန်းက သူ၏ ဦးခေါင်း၌ အလင်းရောင်များ ထွက်နေသကဲ့သို့ပင် ထင်ပေါ်၏။ စွမ်းဆောင်ရည်က အရမ်းကို သိသာလွန်းလှချေ၏။
များပြားစွာသော လူများက စိတ်ထဲတွင် ဆုတောင်းနေသည်။ ‘ကောင်းကင်ဘုံ... မိုးကြိုးပစ်၊ မိုးရွာစမ်း၊ ငလျင်လှုပ်’
ထိုသို့သောအရာများ ဖြစ်ပါက ကောင်းကင်ဘုံဒေါသအဖြစ် မှတ်ယူနိုင်၏။ သို့သော်ငြား မည်သည့်အရာမှ မဖြစ်ပွားခဲ့ချေ။
ကောင်းကင်ပူဇော်ပွဲ အခမ်းအနား တစ်ခုလုံးက တောက်ပပြီး လေညှင်းများပင် တိုက်ခတ်နေသေး၏။ နေရောင်ခြည်ကလည်း လှပ၏။
ပူပြင်းသည့် ဇူလိုင်လက အလွန်အမင်း ပူပြင်းခြင်းပင် မရှိတော့ချေ။ ပြီးပြည့်စုံသည့် ကောင်းကင်ပူဇော်ပွဲ အခမ်းအနား ဖြစ်ခဲ့သည်။
ပဉ္စမအဆင့်၊ ဆဌမအဆင့်၊ သတ္တမအဆင့်....။
နေ့လည်ခင်းတွင်တော့ ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက ပြီးဆုံးသွား၏။ နင်ယွမ်ရှန်းက နင်ကျန်း၏ ကူညီဖြင့် နန်းတော်သို့ တစ်ဖန် ပြန်လာခဲ့၏။
............
နန်းတော်၏ အတွင်း၌ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နင်ကျန်းကို အချိန်တော်ကြာ ကြည့်၏။ ပြီးနောက် ပြောလိုက်သည်။ “မင်း ပင်ပန်းခဲ့ပြီပဲ။”
လူအများ၏ရှေ့တွင် နင်ယွမ်ရှန်းက နင်ကျန်းနှင့် အလွန်ပင် ရင်းနှီးနေခဲ့၏။ သို့သော်ငြား သူတို့ နှစ်ယောက်တည်း ရှိချိန်မှာတော့ အခြေအနေက အနည်းငယ် မသက်မသာ ဖြစ်နေ၏။ မည်သို့ပင် ဆိုစေကာမူ နင်ယွမ်ရှန်းက နင်ကျန်းကို အေးစက်ခဲ့ရုံသာမက မြက်ပင်ကဲ့သို့ပင် သဘောထားခဲ့သူပင်။ ယခု ရင်းနှီးလွန်းသည့် အဖေနှင့်သား ဖြစ်လာရန် ဆိုသည်မှာ တကယ့်ကို ခက်ခဲလွန်းလှ၏။
“နောက်လာမယ့် အခြေအနေကို မင်းဘယ်လိုထင်လဲ။” နင်ယွမ်ရှန်းက မေးသည်။
နင်ကျန်းက ပြောလိုက်၏။ “တစ်ခါတည်းနဲ့ အားလုံး ပြီးသွားအောင် အင်ပါယာက အင်ပါယာအဆင့်ကနေပြီး စစ်အင်ပါယာ အဆင့်ကို ပြောင်းလဲသွားခဲ့ပြီ။ လောကမှာ ရှိနေတဲ့ ဘုရင်တွေ အားလုံးက ကြောက်လန့် တုန်လှုပ်နေပြီ။
ဝူဘုရင်တောင်မှ ဒီအချိန်မှာ သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမလဲ ဆိုတာ စဉ်းစားနေရပြီ။ ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ဖို့ စဉ်းစားမှာ မဟုတ်တော့ဘူး။ ချောင်ဘုရင်နဲ့ မင်းသားကျင်း တို့ကလည်း ကျုပ်တို့နဲ့ စစ်မဖြစ်ချင်ကြဘူး။ ဒါကြောင့် ရွှဲ့ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်ရင်တောင်မှ ပြည်ပရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို ခံရမှာ မဟုတ်ပါဘူး။”
အပိုင်း (၇၂၆)
နင်ယွမ်ရှန်းက ထိုစကားကိုကြားချိန်မှာတော့ တုန်လှုပ်သွား၏။ ‘ပြည်တွင်းစစ်’ ဤမျှ ပြတ်သားလေ သည်လား။
နင်ကျန်းက ပြော၏။ “နိုင်ငံတော်ကို အုပ်ချုပ်တာက ငါးသေးသေးလေး တစ်ကောင်ကို ချက်ပြုတ်ရတာနဲ့ တူတယ်။ တချို့ကိစ္စတွေက ဖြည်းဖြည်းချင်း လုပ်သင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကိုတော့ အင်အားနဲ့ကို ဖယ်ရှားပစ်သင့်တယ်။ ရေလွှမ်းမိုးမှုက ကြောက်စရာကောင်းတယ် ဆိုပေမဲ့ မြစ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ် မဟုတ်လား။”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောသည်။ “မင်း ဆိုလိုတာ ကျုံးမျိုးနွယ်နဲ့ ရွှယ်မျိုးနွယ်တို့ကို လုံးဝ ဖျက်ဆီးဖို့လား။”
နင်ကျန်းက အံ့ဩသွား၏။ သူ၏ ဖခင်က အားနည်းချက်များစွာ ရှိသော်လည်း တကယ် ထက်မြက်သူပင်။ အဘယ်ကြောင့်ဆိုသော် နင်ယွမ်ရှန်းက ကျူးမျိုးနွယ်ကို ဖျက်ဆီးရန် မပြောဆိုခဲ့သောကြောင့်ပင်။ ကျူးမျိုးနွယ်က အရပ်ဖက် အရာရှိများ ဖြစ်၏။ သူတို့က နန်းတော်တွင်း အင်အားကြီးမားသော်လည်း စစ်အင်အား ဟူ၍ မရှိချေ။ ထို့ကြောင့် ကျုံးမျိုးနွယ်နှင့် ရွှယ်မျိုးနွယ်ကို ဖျက်ဆီးနိုင်ပါက နင်ချီက အခြေအနေကို ပြောင်းပြန်နိုင်လိမ့်မည် မဟုတ်တော့ချေ။
နင်ယွမ်ရှန်းက သူ၏ မျက်လုံးများကို မှိတ်လိုက်၏။ သူက ရွှယ်ချီအား အခွင့်အရေး ပေးခဲ့ဖူး၏။ သို့သော်ငြား ရွှယ်ချီက သူကမ်းပေးသည့် လက်ကို မဆုပ်ကိုင်ခဲ့ချေ။ သို့မဟုတ် ရွှယ်ချီက ထိုသို့ လှမ်းဆုပ်ကိုင်ရန် ယုံကြည်မှု မရှိခြင်းလည်း ဖြစ်နိုင်၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရွှယ်ချီက မင်းကိုသတ်ဖို့ လူတွေကို သူကိုယ်တိုင် ဦးဆောင်ပြီး လာခဲ့တယ် ဆိုတာ ဟုတ်လား။” နင်ယွမ်ရှန်းက မေးသည်။
နင်ကျန်းက ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ဝမ်းနည်းစရာပဲ။ ကျုပ်ကို ကာကွယ်ဖို့ လီချင်းချိုး၊ အရူးကြီး၊ နာကျည်းမှု၊ သခင်မချိုးနဲ့ တခြားသူတွေ အကုန်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ ကျောက်စိမ်းဖြူမြို့တော်က လူတွေသာ ရောက်မလာခဲ့ရင် ဝူတူကျိနဲ့ စေတီတော်က မဟာပညာရှင်တွေရဲ့ အချင်းချင်း တိုက်ခိုက်မှုကြောင့် အကုန်လုံး ဒုက္ခရောက်နိုင်တယ်။ နောက်ဆုံးမှာတော့ အရူးကြီးက ကျုပ်တို့အားလုံးကို ကယ်ထုတ်ပြီး ထွက်ပြေးနိုင်ခဲ့တယ်။ မဟုတ်ရင် ကျန်တဲ့လူတွေ အကုန်လုံး သေဆုံးသွားနိုင်တယ်။”
သူက ထိုအကြောင်းအရာကို တွေးမိသည့် အချိန်တိုင်း နှလုံးသား တစ်ခုလုံး မထိန်းချုပ်နိုင်ဘဲ တုန်ယင် လာခဲ့၏။ လီချင်းချိုး နှင့် သူ၏ မိန်းမ၊ နာကျည်းမှု၊ ထန်ယင်နှင့် တခြားသူအားလုံး သူ့ကြောင့်သာ သေဆုံးသွားခဲ့ပါက သူ၏ ဝမ်းနည်းကြေကွဲမှုကို မည်ကဲ့သို့ ဖြေဖျောက်ရတော့မည်နည်း။ ထို့ကြောင့် သူက သံမဏိကဲ့သို့ မာကျောသည့် နှလုံးသားပိုင်ရှင် ဘုရင်တစ်ယောက် ဖြစ်မလာသေးချေ။
နင်ယွမ်ရှန်းက ခါးသီးစွာ ပြုံးလိုက်မိ၏။ ရွှယ်ချီက ဤသို့ ပြုလုပ်ခြင်းအားဖြင့် သူ့ကို ဘုရင်မင်းမြတ် အဖြစ် လေးစားသမှုရော ရှိပါရဲ့လား။ ရွှယ်ချီက အမှန်ပင် ထက်မြက်လွန်းသူပင်။ သူက တော်ဝင်ရန် အင်ပါယာ၏ သစ်ကိုင်းကို လက်လှမ်းမိပြီ ဖြစ်သောကြောင့် သူ့ကို ဘုရင်မင်းမြတ်အဖြစ် လေးစားခြင်း မရှိတော့ပေ။
မူလက နင်ယွမ်ရှန်းသည် ပြည်တွင်းစစ်ကို မလိုလားခဲ့ချေ။ သို့သော်ငြား နင်ကျန်းသာ အာဏာရလာပါက ကျုံးမျိုးနွယ်နှင့် ရွှယ်မျိုးနွယ်တို့က သေခြင်းတရားကိုပင် တွန်းလှန်ပစ်မှာ သေချာ၏။ ဖျက်ဆီးတတ်သည့် စစ်ပွဲကြီးကို ပြုလုပ်တိုက်ခိုက်ခဲ့ပြီးနောက် ရွှဲ့ပြည်နယ်က နောက်ထပ် ပြည်တွင်းစစ် တစ်ခုကို ရင်ဆိုင်ရလိမ့်မည်။
“ရွှယ်မျိုးနွယ်နဲ့ ကျုံးမျိုးနွယ်ကို ဖျက်ဆီးနိုင်ရင် နင်ချီကို ဘယ်လို စီမံခန့်ခွဲဖို့ စဉ်းစားထားလဲ။” နင်ယွမ်ရှန်းက မေး၏။
နင်ကျန်းက ပြောလိုက်သည်။ “သူ့ရဲ့ သိုင်းပညာတွေ အကုန်လုံးကို ဖျက်ဆီးပစ်ပြီး တစ်သက်လုံး ထောင်ထဲမှာ ထည့်ထားရမယ်။”
နင်ယွမ်ရှန်း၏ မျက်နှာ အမူအရာ၌ နာကျင်မှုများ ရှိသော်လည်း ခေါင်းကို ညိတ်လိုက်၏။ နင်ချီက သူ့၏ တခြားသောသား နင်ယီနှင့် မတူချေ။ အလွန်ပင် ထက်မြက်ပြီး စွမ်းအားကြီး၏။ ဤသို့ အလေနတော ဘာမှ လုပ်စရာမရှိဘဲ ထောင်ထဲနေထိုင်ရခြင်းကို နှစ်သက်လိမ့်မည် မဟုတ်ချေ။ သူ့ကိုသာ တခြားသို့ စေလွှတ်လိုက်မည် ဆိုပါကလည်း အင်အားကြီးမားအောင် ပြုလုပ်ပြီး ပြဿနာများကို ဖန်တီးပေးလိမ့်မည်။
နင်ကျန်းက နင်ချီ၏ သိုင်းပညာများကို ဖျက်ဆီးပြီး တစ်သက်လုံး ထောင်ချရုံသာ ရှိ၏။ ထိုအရာက ညီအစ်ကိုချင်း သနားညှာတာမှုဟုပင် မှတ်ယူနိုင်၏။ နင်ယွမ်ရှန်းတုန်းကဆိုလျှင် နင်ယွမ်ဝူကို မလွှတ်ခဲ့ချေ။ သူက တိုက်ရိုက်ပင် သတ်ဖြတ်ပစ်ခဲ့၏။
နင်ယွမ်ရှန်းက မြေပုံကို ဖြန့်၏။ ပြည်တွင်းစစ်သာ ဖြစ်ပွားပါက စစ်မြေပြင် သုံးခု ရှိလာပေမည်။ ထျန်းရှစ်စီရင်စု၊ ထျန်းနန်စီရင်စု နုရှောင့်မြို့နှင့် တောင်ပင်လယ်ဓားဂိုဏ်းတို့ပင်။ မြို့တော် ထျန်းရွှဲ့မြို့က စစ်မြေပြင် ဖြစ်လာနိုင်သော်လည်း ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ဤစစ်ပွဲပြီးနောက် ရွှဲ့ပြည်နယ်က အချိန်အကြာကြီး ပြန်လည် ထူထောင်ရပေလိမ့်မည်။ သို့သော်ငြား ဖျက်ဆီးမှု မရှိဘဲ တည်ဆောက်မှုဟူ၍ ရှိလာနိုင်လိမ့်မည် မဟုတ်ပေ။
ကျုံးမျိုးနွယ်က ရွှဲ့ပြည်နယ်တွင် အကြီးဆုံးသော စစ်ခေါင်းဆောင်ကြီးဖြစ်၏။ သူတို့သာ ဖျက်ဆီးနိုင်ပါက ရွှဲ့ပြည်နယ်၏ အနာဂတ်အတွက် အလွန်အကျိုးရှိပေလိမ့်မည်။ တော်ဝင်ရန် အင်ပါယာက လောကတစ်ခုလုံးကို အောင်နိုင်ရန် ကြိုးစားသည့်အချိန်အတွင်း ချောင်၊ ရွှဲ့၊ ချင်၊ တာ့နန်နိုင်ငံတို့က အင်အားစုများ ပေါင်းစည်းနိုင်ပေမည်။
နင်ယွမ်ရှန်းက ပြော၏။ “ငါ မင်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ပြီးတာနဲ့ နင်ချီ ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ။ သူ ထွက်ပြေးပြီးတော့ ပုန်ကန်မလား။”
နင်ကျန်းက တစ်စုံတစ်ခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
“ပြော... ဒီအချိန်မှာ ဘာမပြောရဲတာရှိလဲ။” နင်ယွမ်ရှန်းက ပြော၏။
နင်ကျန်းက ပြောလာသည်။ “အဖေ... သူ အဖေ့ကို တိုက်ခိုက်လိမ့်မယ်လို့ ကျုပ် ထင်တယ်။”
နင်ယွမ်ရှန်း၏ မျက်နှာအမူအရာက ထိုစကားကို ကြားချိန်မှာတော့ ပြောင်းလဲသွား၏။
နင်ကျန်းက ဆက်လက်ကာ ပြောသည်။ “ဘယ်သူကမှ အဖေ့ရဲ့ဆန္ဒကို မတားဆီးနိုင်တော့ဘူး။ ဦးရီးတော်နင်ချီနဲ့ ဦးရီးတော်နင်ကန်တို့က နောက်ဆုံးမှာ အဖေ့ဘက်မှာ ရပ်တည်ဖို့ ရွေးချယ်လာလိမ့်မယ်။ အဖေက ချင်နိုင်ငံရဲ့ မြင်းစီးစစ်သည် တစ်သောင်းကိုလည်း ခေါ်ထားသေးတယ်။
အရာရှိတွေ အနေနဲ့ အမိန့်တော်ကို ဖီဆန်လို့ မဖြစ်နိုင်ဘူး။ အမိန့်တော်ကို ဖီဆန်ရဲသူတိုင်းက ခေါင်းဖြတ်ခံရလိမ့်မယ်။ ရွှဲ့ပြည်နယ်ရဲ့အရာရှိတွေက အဲလောက်ကြီးလည်း ခေါင်းမာကြတာ မဟုတ်ဘူး။ ဒါကြောင့် အဖေ့ကို တိုက်ခိုက်သူရှိလာရင်ကောင်းတယ်။ ရန်သူကို တစ်ခါတည်း ဖြေရှင်းပစ်တဲ့ နည်းလမ်းပဲ။”
နင်ယွမ်ရှန်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ မှန်ပေ၏။ ထိုကဲ့သို့ပင်။ နင်ချီ၏ အကြီးမားဆုံးသော ဝိသေသလက္ခဏာက စည်းကမ်းမဲ့ခြင်းပင်။ သူက သူ့ကိုသူ၊ ရန်သူများနှင့် လူတိုင်းကို ရက်စက်တတ်၏။ ဟုတ်ပေ၏။ ထိုအရာထဲတွင် သူ အဖေဖြစ်သည့် ဘုရင်မင်းမြတ်လည်း ပါဝင်၏။
ယခင်က နင်ကျန်းကို လျှို့ဝှက် တိုက်ခိုက်သတ်ဖြတ်ခြင်းက ကုန်ကျစရိတ် အနည်းဆုံး နည်းလမ်း ဖြစ်သော်လည်း ဤမဟာဗျူဟာ မအောင်မြင်ခဲ့ချေ။ နင်ကျန်းကို လီချင်းချိုးနှင့် ဇနီး၊ မဟာပညာရှင် ကျုံးချူးကဲ့၊ အရူးကြီး၊ နာကျည်းမှုနှင့် တခြားကျွမ်းကျင်သူများက ကာကွယ်ပေးထား၏။ နန်းမြို့တော်တွင် နင်ကျန်းကို လုပ်ကြံရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် နင်ယွမ်ရှန်းကို တိုက်ခိုက်ခြင်းကသာ ကုန်ကျစရိတ် သက်သာဆုံး နည်းလမ်း ဖြစ်ပေမည်။
“ကျုပ်ရဲ့အမြင်ကို ပြောရရင် သူတို့ အဖေ့ကို တိုက်ရိုက်လုပ်ကြံဖို့တော့ မဖြစ်နိုင်ဘူး။”
နင်ကျန်းက ပြော၏။ “ဒါပေမဲ့ စေတီတောင်ရဲ့ အဆိပ်က ကာကွယ်ဖို့ ခက်ခဲတယ်။”
ကာကွယ်ဖို့ မခက်ခဲပေဘူးလား။ ချောင်ဘုရင်က စေတီတောင်၏ အဆိပ်ဖြင့် အသတ်ခံခဲ့ရသည်။
နင်ကျန်းက ပြော၏။ “ဒါကြောင့် ဒီလိုအရေးပါတဲ့ကာလအတွင်းမှာ အဖေ့ကို မိဖုရားကြီးပျံ့ ချက်ပြုတ်တဲ့ အစားအစာတွေကိုပဲ စားဖို့ ကျုပ်တောင်းဆိုချင်တယ်။ လီစွမ်း၊ လီအန်းနဲ့ မိန်းမစိုးချုပ်ကြီး လီမူတို့က အဖေ့ရဲ့ ဘေးမှာ အချိန်တိုင်း ရှိနေလိမ့်မယ်။ ပြီးတော့ ရွှယ်ချီ၊ နင်ချီ ဒါမှမဟုတ် ကျူးဟုန်ကျူးနဲ့ မတွေ့တာ အကောင်းဆုံးပဲ။”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “မင်းက ငါ့အတွက် အစီအစဉ်တွေတောင် လုပ်ပြီးသားကိုး။”
နင်ကျန်းက ပြော၏။ “မဝင့်ရဲပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာ မရှိလို့ပါ။”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောသည်။ “ကောင်းပြီ။ မင်း ပြောတဲ့အတိုင်း ငါလုပ်မယ်။ ဒီကာလအတွင်း ငါ မင်းအမေပျံ့ ချက်ပြုတ်တဲ့ အစားတွေကိုပဲ စားမယ်။ သူ့နန်းဆောင်မှာပဲ အိပ်မယ်။ သံသယဖြစ်ဖွယ်ရာ အရာရှိတွေနဲ့ သီးသန့် တွေ့ဆုံမှာ မဟုတ်ဘူး။ နင်ချီနဲ့ တခြားသူတွေ တကယ်ကြီး ပုန်ကန်မလား ဆိုတာ ငါကြည့်ချင်သေးတယ်။”
....................
နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်အတွင်းမှာတော့....
မြို့တော်တစ်ခုလုံးက ထူးဆန်းသည့် တိတ်ဆိတ်မှုထဲသို့ ရောက်ရှိနေပြီး အနံ့ခံကောင်းသူများက မကြာခင် မုန်တိုင်းတစ်ခု တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ခံစားရ၏။
ချင်နိုင်ငံ၏ မြင်းစီးစစ်သည် တစ်သောင်း ရောက်ရှိလာခဲ့ခြင်းက တကယ့်ကို ထူးခြား၏။ ချင်နိုင်ငံ၏ ဘုရင်မက ရွှဲ့ပြည်နယ်သို့ ဖိတ်ကြားခံရသည် ဆိုလျှင် မြင်းစီးစစ်သည် တစ်သောင်းကို ခေါ်ဆောင်လာရန် လိုအပ်သည်လား။
ထို့ပြင် ရှမ့်လန်၏ နိဗ္ဗာန စစ်သည်က ဤအချိန်တွင် ထျန်းရှစ်မြို့ထဲတွင် တပ်စွဲနေခဲ့၏။ ဤအရာက ဘာကို ဆိုလိုသနည်း။ ထို့အပြင် အရှင့်သားနင်ချီက အလွန် အေးအေးဆေးဆေး နေတတ်သူ တစ်ယောက် မဟုတ်ပါလား။
ကျူးဟုန်ကျူး၊ ကျုံးယီ၊ ရွှယ်ချီနှင့် တခြားသောသူများကလည်း တိတ်ဆိတ်နေ၏။ ယနေ့တွင် အစကနေ အဆုံးထိ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ချေ။ ဖြစ်လာမည့် ဘေးအန္တရာယ် ခံစားချက်ကို ရင်မဆိုင်ချေ။ ထိုအစား ပြတ်သားစွာ ပြုမူဆောင်ရွက်သွားမည့် အရိပ်သင်္ကေတမျိုးသာ ပေါ်ပေါက်နေသည်။
.............
ထိုညမှာတော့ ရွှဲ့ဘုရင်က ချင်နိုင်ငံဘုရင်မကို ဧည့်ခံရန် သေးငယ်သည့် စားပွဲတစ်ခုကို ကျင်းပ၏။ နင်ယွမ်ရှန်းက ပွဲတော်တစ်ခုလုံးတွင် သစ်သီးဝိုင် သုံးခွက်ကိုသာ သောက်ပြီး ဝိုင်သုံးခွက်လုံးကို လီစွမ်းမှ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။
ကံကောင်းစွာဖြင့် ဘုရင်မ အာယုနာနာက ထိုကဲ့သို့သော ခမ်းနားမှုမျိုးကို ဂရုမစိုက်ချေ။ ပွဲတော်က နှစ်နာရီပင် မကြာဘဲ ပြီးဆုံးသွားသည်။
လီစွမ်းနှင့် လီမူတို့၏ ကာကွယ်မှုအောက်မှာတော့ နင်ယွမ်ရှန်းက အစိုးရကိစ္စရပ်များ ဆောင်ရွက်ရန် သူ၏ စာကြည့်ခန်းထဲသို့ ပြန်လာ၏။ သူက လုံးဝ ဘေးအန္တရာယ် ကင်းရှင်းရေးကို အာမခံထား၏။ နင်ယွမ်ရှန်းက အရာရှိများ၏ အစီရင်ခံစာများကိုပင် မထိခဲ့ချေ။ လီစွမ်းက ထိုအရာအားလုံးကို ကူးယူပြီး သူ့ထံသို့ ပေးအပ်၏။ ထို့ပြင် သူက မည်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်းလည်း မရှိချေ။
လီစွမ်း၊ လီမူ၊ လီအန်း၊ မိဖုရားကြီးပျံ့မှလွဲလျှင် မည်သူမျှ သူ၏ ငါးပေအနီးသို့ ချဉ်းကပ်ခွင့် မရှိချေ။
ထိုညမှာတော့ နင်ယွမ်ရှန်းက ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင် ရန်အီအား ခေါ်ယူ၏။ ပြီးနောက် ဆယ်မီတာကျော် ကွာဝေးသည့် နေရာတွင် ရပ်စေ၏။ ရန်အီက အပြင်ဘက်ခန်းမတွင် ဒူးထောက်နေခဲ့၏။
“ရန်အီ... မင်း၊ ရန်နန်ဖေးနဲ့ ရွှယ်ချီတို့က အရမ်း ရင်းနှီးတာ ငါသိတယ်။”
နင်ယွမ်ရှန်းက ပြောသည်။ “ပြီးတော့ ရွှယ်ချီက မင်းရဲ့အရင်တုန်းက အကြီးအကဲပဲ။ ဒါကြောင့် ငါ မင်းကို မေးချင်တယ်။ ရေနက်တပ်ဖွဲ့က ငါ့အတွက်ကော ရှိသေးရဲ့လား။”
ရန်အီက ဦးတိုက်ကာဖြင့် ပြော၏။ “ရေနက်တပ်ဖွဲ့က အမြဲတမ်း ဘုရင်မင်းမြတ် အတွက်ပါပဲ။”
နင်ယွမ်ရှန်းက ပြောသည်။ “ဒါက နည်းနည်း ချဲ့ကားပြောတာ။ ငါ ရွှယ်ချီကို အရင်တုန်းက ယုံကြည်ခဲ့တယ်။ ဒါကြောင့် ရေနက်တပ်ဖွဲ့က လူအများစုက တောင်ပင်လယ် ဓားဂိုဏ်းက ရောက်ရှိလာခဲ့တာချည်းပဲ။ လူအများစုရဲ့ စိတ်ထဲမှာ ရေနက်တပ်ဖွဲ့ရဲ့ဌာနဆိုတာ ရာထူးတစ်ခုမျှသာ ဖြစ်တယ်။ တောင်ပင်လယ် ဓားဂိုဏ်းကတော့ သူတို့ရဲ့ မူလဇစ်မြစ် တည်ရှိရာ နေရာပဲ။”
ရန်အီက ပြော၏။ “ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်ဦးဆောင်တဲ့လူတွေက အမြဲတမ်း ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို နာခံပါတယ်။”
နင်ယွမ်ရှန်းက ပြောသည်။ “နင်ကျန်းနဲ့ နင်ချီထဲက ဘယ်သူက ထီးနန်းကို ဆက်ခံဖို့ ပိုပြီး သင့်တော်မယ် ထင်လဲ။”
ရန်အီက ပြော၏။ “ကျုပ်ဆီမှာ ကိုယ်ပိုင်ဆန္ဒ မရှိပါဘူး။ ဘုရင်မင်းမြတ် သင့်တော်တယ်လို့ ထင်တဲ့လူက သင့်တော်ပါတယ်။”
နင်ယွမ်ရှန်းက ပြောသည်။ “ငါ နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်။ မင်းဘယ်လိုထင်လဲ။”
ရန်အီက ပြော၏။ “ဘုရင်မင်းမြတ်ရဲ့ ဘယ်အမိန့်ကိုမဆို ကျုပ် အချိန်မရွေး နာခံပါ့မယ်။”
နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် သွားတော့။”
ရန်အီက ဦးညွှတ်လိုက်၏။ “ကောင်းပါပြီ။ သွားခွင့်ပြုပါအုံး။”
ခဏကြာမှာတော့ နင်ယွမ်ရှန်းက အကြီးဆုံးမင်းသမီး နင်ကျဲ့ကို ဖိတ်ခေါ်သည်။ “နင်ကျဲ့... နင်ကျန်းနဲ့ နင်ချီတို့ထဲက ဘယ်သူက ပိုကောင်းမယ် ထင်လဲ။”
အကြီးဆုံးမင်းသမီး နင်ကျဲ့က ပြော၏။ “ကျွန်မရဲ့ စိတ်ရင်းအတိုင်းဆိုရင် နင်ချီက ပိုပြီး အဆင့်အတန်း မြင့်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ မင်းကြီးရဲ့ ဆန္ဒကို နာခံပါ့မယ်။”
နင်ယွမ်ရှန်းက ပြောသည်။ “ငါ မင်းကို ရေနက်တပ်ဖွဲ့မှာ ထားခဲ့တုန်းက ရွှယ်ချီရဲ့ အာဏာကို ဟန်ချက်ညီစေဖို့ပဲ။ နောက်ပိုင်း ရွှယ်ချီရဲ့ အာဏာတွေကို လျှော့ချနိုင်ဖို့ ငါ သူ့ကို ရေနက်တပ်ဖွဲ့ကနေ ဆယ်စုနှစ်နီးပါး ရွှေ့ပြောင်းပေးခဲ့တယ်။ အခု ရေနက်တပ်ဖွဲ့မှာ မင်းကို သစ္စာခံတဲ့ လူတွေ အများကြီး ရှိသေးလား။”
အကြီးဆုံးမင်းသမီး နင်ကျဲ့က ပြော၏။ “မများပါဘူး။”
သူမက တကယ့်ကို အေးစက်လွန်းသောကြောင့် ရေနက်တပ်ဖွဲ့တွင် သူမ၏ အမိန့်တော် လိုက်နာချင်သည့် လူဦးရေ မများလှချေ။
နင်ယွမ်ရှန်းက ပြောသည်။ “ငါ နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်။ မင်း ငါ့ကို ထောက်ခံမလား။”
အကြီးဆုံးမင်းသမီးက ပြော၏။ “ကျွန်မ မင်းကြီးရဲ့ ဆန္ဒအားလုံးကို နာခံပါ့မယ်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ကောင်းပြီ။ အနာဂတ်မှာ တစ်စုံတစ်ရာ ဖြစ်ပွားပြီး နင်ချီသာ ပုန်ကန်ရင် မင်းဘာလုပ်မလဲ။”
အကြီးဆုံးမင်းသမီး နင်ကျဲ့က ဖြေ၏။ “ကျွန်မ နိုင်ငံတော်ပုန်ကန်မှုကို နှိမ်နင်းဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။”
နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ကျေးဇူးတင်တယ်။”
အကြီးဆုံးမင်းသမီး နင်ကျဲ့က ထွက်ခွာသွား၏။ ထိုနှစ်ဦးကို ခေါ်ယူပြီးသည့်နောက် နင်ယွမ်ရှန်းက အိပ်ဆောင်သို့ ပြန်ပြီးအိပ်ရန် ပြင်ဆင်၏။
ခဏကြာမှာတော့ အခန်းထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူမက ထာဝရ ကောင်းမှုများနှင့် ပြည့်စုံနေသည့်သူတစ်ယောက် ဖြစ်သော်လည်း နင်ယွမ်ရှန်း၏ နှလုံးထားထဲတွင် ထာဝရ နာကျင်မှုလည်း ဖြစ်သည်။
မင်းသမီး နင်ဟန်၊ ကောင်းကင်ပင်လယ် နန်းဆောင်၏ အမွေဆက်ခံသူ။ သူမက ဆန္ဒလျောက်ပင် အထဲသို့ လျှောက်ဝင်လာခဲ့လေ၏။ သို့သော်ငြား သူမက နင်ယွမ်ရှန်းနှင့် ငါးပေအကွာသို့ ရောက်သည့် အချိန်တွင် အစွမ်းထက်လွန်းသော အင်အားတစ်ခုက ပေါ်လာခဲ့၏။ လီမူပင် ဖြစ်၏။ သူက သူ၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်၏။ ကန့်သတ်ထားသည့် လူအနည်းမှလွှဲ၍ မည်သူမှ ဘုရင်မင်းမြတ်၏ အနားသို့ ချဉ်းကပ်ခွင့် မရှိချေ။
နင်ဟန်က မိန်းမစိုးကြီး လီမူကို လှမ်းကြည့်၏။ သူမက ပေါ့ပေါ့တန်တန် လှမ်းကြည့်ခြင်းပင်။ ရုတ်တရက် လီမူက သူ၏ ဦးခေါင်းအတွင်း ပြင်းထန်သည့် နာကျင်မှုကို ခံစားပြီး ဦးခေါင်းတစ်ခုလုံး ကွဲအက်တော့မလို ခံစားရ၏။ သို့သော်ငြား နင်ဟန်က နင်ယွမ်ရှန်း၏ အနီးသို့ မချဉ်းကပ်ဘဲ သုံးပေအကွာတွင် ရပ်တန့်၏။
“အဖေ... နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ပြီးပြီလား။”
နင်ယွမ်ရှန်းက ခါးသီးစွာဖြင့် ပြုံးလိုက်မိသည်။ “ဟန်အာ... လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ငါ့ကို နှစ်ကြိမ်ပဲ ပြန်လာတွေ့ဖူးတယ်။ ပထမအကြိမ်က ရှမ့်လန်ကို သတိပေးဖို့။ ဒုတိယအကြိမ်ကတော့ ငါ့ကို သတိပေးဖို့လား။ မင်း ငါ့ကို တွေ့ချင်လွန်းလို့ ပြန်လာတွေ့တာ မဟုတ်ဘူးလား။”
နင်ဟန်က ဘာမှ မပြောချေ။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “နင်ယီက မလုပ်နိုင်ဘူး။ ဒါဆို မင်းက နင်ချီဘက်မှာလား။”
မင်းသမီး နင်ဟန်က ပြောသည်။ “နင်ယီက မလုပ်နိုင်ဘူး။ ဒါကြောင့် နင်ချီက အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ ကျွန်မအတွက် ရွှဲ့ပြည်နယ်မှာ ဘယ်သူပဲ ထီးနန်းဆက်ခံ၊ ဆက်ခံ ကိစ္စမရှိဘူး။ ဒါပေမဲ့ နင်ကျန်းတော့ မဖြစ်ရဘူး။”