← Chapters

အခန်း (၇၂၇-၇၂၈)

Vol. 46 Ch. 727-728

အခန်း (၇၂၇-၇၂၈)

Vol. 46 Ch. 727-728

အပိုင်း (၇၂၇)

“အင်း..”

နင်ယွမ်ရှန်းက ပြုံးလိုက်၏။ “မင်းရဲ့ စိတ်ထဲမှာ ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာလောက် အရေးမကြီးဘူး ထင်တယ်။ ငါ့ရဲ့ လက်အောက်ခံတွေကလည်း တော်ဝင်ရန်အင်ပါယာဆီမှာ ရာထူးတက်ဖို့ ကြိုးစားနေတယ်။ ငါ့ရဲ့ သမီးကလည်း ခြွင်းချက် မဟုတ်ဘူး။ မင်းက အင်ပါယာကို တကယ် သစ္စာခံထားတာပဲ။ နင်ကျန်း ထီးနန်းရပြီးရင် အင်ပါယာရဲ့ ဆန္ဒကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး ဆိုတာ မင်းသိတယ်။ မင်းက ရွှဲ့ပြည်နယ်ကို သိမ်းပိုက်ခံစေချင်တာလား။ နင်မျိုးနွယ်ရဲ့ တော်ဝင်မိသားစုအဖြစ် ရှိနေသေးတယ် ဆိုတာကို မမေ့နဲ့အုံး။”

နင်ဟန်က ရှင်းပြခြင်း မပြုသလို နင်ယွမ်ရှန်းကို လှောင်ပြောင်ခြင်းလည်း မရှိချေ။ အချိန်ခဏ ကြာပြီးသည့်နောက် သူမက ပြော၏။ “အဖေ.... ဆန့်ကျင်ဘက်ပါပဲ။ ကျွန်မ ဒီကို ရွှဲ့ပြည်နယ်အတွက် လာတာ။ နင်ကျန်း ထီးနန်းဆက်ခံတာနဲ့ နင်မျိုးနွယ်ရဲ့ ရာစုနှစ်များစွာ ကြာရှိခဲ့တဲ့ အခြေခံအုတ်မြစ်တွေ အကုန်လုံးက ပျက်စီးသွားလိမ့်မယ်။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း... ဘာလို့လဲ။ သူက ဒူးမထောက်တတ်လို့လား။ သူက အင်ပါယာကို တိုက်ခိုက်ချင်နေလို့လား။”

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အဲဒါက အကြောင်းရင်းတွေထဲက တစ်ခုပဲ။ နောက်ထပ် အကြောင်းရင်း တစ်ခု ရှိသေးတယ်။”

နင်ယွမ်ရှန်းက မေးသည်။ “ဘာလဲ။”

နင်ဟန်က ဖြေ၏။ “ရှမ့်လန်ပဲ။”

နင်ယွမ်ရှန်းက ပြောသည်။ “နင်ကျန်း ထီးနန်းဆက်ခံဖို့အတွက် ငါ ရှမ့်လန်ကို သတ်ရမယ်လို့ မင်း ပြောချင်တာလား။”

မင်းသမီး နင်ဟန်က ပြော၏။ “ကျွန်မ အဲလို မပြောပါဘူး။”

နင်ယွမ်ရှန်းက ပြောသည်။ “ငါ ဆုံးဖြတ်ပြီးပြီ။ မင်းက ကိုယ့်ကိုယ်ကိုယ် ငါ့ရဲ့ သမီးအဖြစ် ဘယ်တုန်းကမှ သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အခု ငါ့ရဲ့ ကိစ္စမှာလည်း ဝင်မပါနဲ့။ မင်း ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ အမွေဆက်ခံသူ ဖြစ်တယ် ဆိုပေမဲ့ အင်ပါယာရဲ့ အမိန့်တော်က သဘာဝလွန် အင်အားစုတွေအနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရဘူးလို့ ဖော်ပြထားတယ်။”

ပြီးနောက် နင်ယွမ်ရှန်းက ပြော၏။ “ငါ အိပ်ချင်လာပြီ။ အခု အနားယူတော့မယ်။”

သူက နင်ဟန်အား ထွက်သွားရန် ပြောဆိုခဲ့ခြင်းပင်။ သူက သူ၏သမီးအပေါ် အလွန်အမင်း စိတ်ပျက် ခဲ့၏။ နင်ဟန် နင်ယီကို ထောက်ခံရခြင်းက မိခင်တစ်ဦးတည်းက မွေးဖွားလာခြင်းကြောင့် ဖြစ်ကြောင်း သူ လုံးဝ နားလည်၏။ သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်က နင်ကျန်းကို လုပ်ကြံရန် တစ်စုံတစ်ခုကို အဘယ်ကြောင့် စေလွှတ်ခဲ့ရသနည်း။ အကြောင်းရင်းက ဘာဖြစ်သနည်း။

“မင်းနဲ့ နင်ချီက အဖေတူ မအေကွဲတွေ ဖြစ်သလို၊ မင်းနဲ့ နင်ကျန်းကလည်း အဖေတူ၊ အမေကွဲ မောင်နှမတွေပဲ။”

ထို့ကြောင့် နင်ယွမ်ရှန်း၏ မြင်ကွင်းတွင် နင်ဟန်လုပ်ဆောင်သမျှက အင်ပါယာပေါ် သစ္စာခံခဲ့ခြင်းပင်။

နင်ဟန်က ရုတ်တရက် ပြော၏။ “အဖေ... ကျွန်မကို ယုံကြည်ပါ။ ကျွန်မလည်း ရွှဲ့ပြည်နယ်ကို ချစ်ပါတယ်။ ကျွန်မ လုပ်ဆောင်ခဲ့သမျှအရာအားလုံးက နင်မျိုးနွယ် ရာစုနှစ်ပေါင်းများစွာ တည်တံ့စေဖို့ အခြေခံ အုတ်မြစ်တွေ အတွက်ပါပဲ။ နှုတ်ဆက်ပါတယ်။”

ပြီးနောက် နင်ဟန်က ရုတ်တရက် လှည့်ထွက်သွား၏။ သူမ စကားများက ရုတ်တရက် ဆန်နေသည်။

...........

နောက်တစ်နေ့ နံနက်ပိုင်း ညီလာခံမှာတော့ လူတိုင်းက အသက်ရှူကြပ်သည့် လေထုတစ်ခုကို ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် မိုးမလင်းမီ မြို့ပြင်၌ ချင်နိုင်ငံ၏ မြင်းစီးစစ်သည်များက အဖွဲ့နှစ်ဖွဲ့ခွဲပြီး ထျန်းရွှဲ့၏ အနောက်ဘက်နှင့် တောင်ဘက်ခြမ်းကို ကာကွယ်နေကြ၏။

ပြီးနောက် မြို့စောင့်တပ်သား တစ်သောင်းကျော်တို့က နန်းမြို့ရိုးပေါ်သို့ တက်လာပြီး မြို့တော်၏ ဂိတ်တံခါး လေးခုကို တင်းကျပ်စွာ ပိတ်ထား၏။ ပြီးနောက် သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသည့် နန်းတွင်း အစောင့်တပ်သား ငါးထောင်တို့က နန်းတော်ထဲသို့ ဝင်ရောက်လာသည်။

လေထုတစ်ခုလုံးက အလွန်တင်းမာနေ၏။ ဘုရင်မင်းမြတ်က ဘာလုပ်တော့မည်နည်း။ ဤနန်းတွင်း ညီလာခံက ကြီးမားသော တရားရုံးကဲ့သို့ပင် ဖြစ်လာခဲ့၏။ ဘုရင်မင်းမြတ်က အရာရှိပေါင်းများစွာတို့ကို အင်အားသုံးကာ ဖိနှိပ်တော့မည်လား။ နင်ကျန်းကို အင်အားသုံးပြီး အိမ်ရှေ့စံအဖြစ် ခန့်အပ်တော့မည်လား။ အမိန့်ကို နာမခံသည့် လူတိုင်းကို သတ်ပစ်တော့မည်လား။

မြို့တော်ရှိ အရပ်ဖက်နှင့် စစ်ဖက် အရာရှိများက ကြောက်ရွံ့ တုန်လှုပ်နေကြ၏။ သူတို့က နန်းတော်ကို မသွားဘဲ အိမ်တွင်နေ၍ မရပေဘူးလား။ မဟုတ်ပါက ဘုရင်မင်းမြတ်က အစည်းအဝေးတွင် လူတိုင်းကို ဘက်တစ်ဘက်တည်းတွင် ရပ်တည်ရန် အတင်းအကြပ် တွန်းအားပေးနေ၏။ ငြင်းမည်ဆိုပါက မည်သို့ ဖြစ်မည်နည်း။

ကျူးဟုန်ကျူး၊ ကျုံးအီ၊ ရွှယ်ချီနှင့် တခြားသောသူများ အမိန့်တော်ကို မနာခံပါက ဘာဖြစ်သွားမည်နည်း။ အရာရှိများက ဘာလုပ်ရမည်နည်း။ ဘုရင်မင်းမြတ်ဘက်တွင် ရပ်တည်ရမည်လား။ တော်ဝင်ရန်အင်ပါယာက အနာဂတ်တွင် သူတို့ကို ကိုင်တွယ် ဖြေရှင်းပေလိမ့်မည်။

နင်ချီဘက်တွင် ရပ်တည်ရမည်လား။ ဘုရင်မင်းမြတ်၏ ဓားက ကျရောက်တော့မည်။ လူတိုင်း၏ ခေါင်းက မာကျောခြင်း မရှိချေ။ တတိယမင်းသားအတွက် ရပ်တည်ပြီး အားပေးသည်က ကောင်းသည် ဆိုသော်လည်း သူတို့အသက်ကို စွန့်လွှတ်ရန် ဆိုသည်ကတော့ မထိုက်တန်ပေ။

အရာရှိများက မင်းသားနင်ကျန်းကလည်း မဆိုးသည့် ရွေးချယ်မှုဖြစ်သည်ဟု ခံစားလာကြ၏။ ထီးနန်းတက်ပြီး နောက်ပိုင်း အလွန်တင်းကျပ်လိမ့်မည်ဖြစ်၍ လူတိုင်းက လာဘ်စားချေခြင်း သို့မဟုတ် ပျင်းရိခြင်းကို ပြုလုပ်၍ မရနိုင်တော့သော်ငြား ရွှဲ့ပြည်နယ်အတွက်တော့ ကောင်းသည့်အရာ ဖြစ်၏။

သို့သော်ငြား သူတို့က မည်သို့ပင် ကြောက်ရွံ့စေကာမူ နန်းတော်သို့တော့ သွားရောက်ရပေလိမ့်မည်။

.............

နန်းတော်၏ အပြင်ဘက်တွင်တော့ နန်းတွင်းအစောင့်တပ်သားများက ထူထဲစွာ ရှိနေ၏။ သံချပ်ကာ အပြည့်အစုံနှင့် မည်သည့်အချိန်မဆို ဝင်ရောက်လှုပ်ရှားရန် အဆင်သင့် စောင့်ဆိုင်းလျက် ရှိနေ၏။ ဤအရာက တိုက်ရိုက် ခြိမ်းခြောက်မှုပင်။

နန်းတော်တွင်းရှိ အရာရှိများက တိတ်ဆိတ်နေ၏။ သူတို့က နှလုံးခုန်နှုန်းများ မြန်ဆန်နေ၏။ အသက်ကိုပင် ရဲရဲမရှူရဲကြချေ။ သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့၏။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နောက်ဆုံး၌ ပေါ်ပေါက်လာခဲ့၏။ သူက နန်းပလ္လင်ပေါ်တွင် တက်ထိုင်သည်။

“ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်။” အရာရှိများက ဒူးထောက်ကာ အရိုအသေပြု၏။

နင်ယွမ်ရှန်းက တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အတွင်းရှိ သံချပ်ကာကို မြင်နေရ၏။ ပေါ့ဆ နေသည်လား။ မဟုတ်ပေ။ သူက အရာရှိပေါင်းများစွာတို့ကို သတိပေးထားခြင်း ဖြစ်၏။ သူ ဒီနေ့ အစီအစဉ် အားလုံးကို လုပ်တော့မည်။ အမိန့်တော်ကို မည်သူဖီဆန်ရဲသနည်းဆိုသည့် ဟန်ပန်မျိုးပင်။ သူ၏ ဓားက အလွန်ထက်မြက်သည်ကို အားလုံး သိရှိသင့်သည်။

“အားလုံး ထကြ။”

ပြီးနောက် နင်ယွမ်ရှန်းက ပြောလိုက်၏။ “နိုင်ငံတော်ရဲ့ ကံကြမ္မာစစ်ပွဲက တစ်နှစ်ကျော်ကြာခဲ့ပြီ။ နောက်ဆုံး ကျုပ်တို့ အနိုင်ရခဲ့တယ်။ ဒါက မလွယ်ဘူး။ ရွှဲ့ပြည်နယ်က မြေတစ်လက်မကိုတောင် မဆုံးရှုံးခဲ့ဘူး။ ဒါက ကောင်းကင်ဘုံနဲ့ ဘိုးဘေးတွေရဲ့ ကောင်းချီးကြောင့်ပဲ။”

အရာရှိပေါင်းများစွာတို့က ဦးညွှတ်ကာ ပြောသည်။ “ဂုဏ်ယူပါတယ် အရှင်မင်းမြတ်။”

နင်ယွမ်ရှန်းက ပြော၏။ “နင်ချီက ဒီစစ်ပွဲမှာ ကြီးမားတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်။ မဆိုးဘူး။ သစ္စာဖောက် နန်းကုန်းအိုက လက်နက်ချခဲ့ပြီ။ စစ်ရေးဗျူရိုမှာ နောက်ထပ် ရာထူးတစ်ခု လစ်လပ်သွားခဲ့ပြီ။ ဒါကြောင့် အရာရှိတို့... လောကမှာ စစ်ရေးကောင်စီထဲကို ဝင်နိုင်တဲ့ မင်းသား ရှိသေးလား။”

“ဘုရင်မင်းမြတ်.. ရှိပါတယ်။”

“ဟုတ်တယ်။ ကောင်းတယ်။ မရှိရင် ရွှဲ့ပြည်နယ်က စံနမူနာပြုစရာ မရှိဘူးဖြစ်မယ်။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “နင်ချီက ကြီးမားတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ်။ ဒီတော့ ဆုချရမယ်။ နင်ချီကို မြောက်ပိုင်းစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးရာထူးကနေ ဖယ်ရှားပြီး စစ်ရေးဗျူရိုရဲ့ တတိယမြောက် ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက တုန်လှုပ်သွား၏။ အရှင့်သား နင်ချီကို ဖိနှိပ်ခြင်းက ဤမျှလောက် ထင်ရှားနေသည်လား။ မြောက်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူး ရာထူးကို တိုက်ရိုက် ဖယ်ရှားလိုက်သည်လား။ စစ်ရေးဗျူရိုသို့ ဝင်ရောက်ခြင်းက ရာထူးတိုးခြင်း ဖြစ်သော်လည်း နောက်လိုက်ဦးရေ မရှိတော့ပေ။

နင်ချီက ရှေ့ကို တိုးလိုက်၏။ “ကျေးဇူးတင်ပါတယ် အဖေ။”

နင်ယွမ်ရှန်းက ပြောသည်။ “ဒီလိုဆိုရင် ထျန်းဖေးစီရင်စုရဲ့ အုပ်ချုပ်ရေးမှူး ရာထူးက လစ်လပ်သွားပြီ။ ဒါနဲ့ ကျန်းချုံးက ယန်ကျိုးပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဘယ်လောက်ကြာခဲ့ပြီလဲ။”

“နှစ်နှစ်ခွဲပါ။”

“နှစ်နှစ်ခွဲ... အဲလောက်ကြာပြီလား။”

နင်ယွမ်ရှန်းက ပြော၏။ “ကျန်းချုံးက ယန်ကျိုးပြည်နယ်မှာ နှစ်နှစ်ကျော် ကောင်းကောင်းမွန်မွန် လုပ်ခဲ့တယ်။ အရမ်းလည်း တော်တယ်။ အရမ်းလည်း ကောင်းတယ်။ ဒါကြောင့် ကျန်းချုံးကို ထျန်းဖေးစီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်လိုက်တယ်။”

ဤအချိန်မှာတော့ နင်ယွမ်ရှန်းက ကျန်းချုံးအား တိုက်ရိုက်ဆိုသလိုပင် ခန့်အပ်ခဲ့၏။ ပြီးနောက် နင်ယွမ်ရှန်းက ကျူးဟုန်ကျူးနှင့် တခြားသော သူများကို ကြည့်သည်။

“ခင်ဗျားတို့ ကန့်ကွက်အုံးမှာ မဟုတ်လား။”

ကျူးဟုန်ကျူးက ခေါင်းငုံ့ထားပြီး ဘာမှ မပြောချေ။ သူက ဘာမှ မကြားသလို ကန့်ကွက်ရန် ရည်ရွယ်ချက်လည်း မရှိပုံပင်။

အချိန်အတော်ကြာသည်အထိ နင်ယွမ်ရှန်းသည် တခြားသောသူများ ကန့်ကွက်ရန် ထွက်လာမည်လားဟု စောင့်ကြည့်၏။ သို့သော် မည်သူမှ မကန့်ကွက်ကြချေ။

နင်ယွမ်ရှန်းက ဆက်လက်ကာ ပြော၏။ “နိုင်ငံတော် ကံကြမ္မာနဲ့ ပတ်သက်တဲ့ စစ်ပွဲကြီးမှာ နင်ကျန်းက အများဆုံး ပံ့ပိုးပေးခဲ့တယ်။ သူက မင်းသားကျင်းရဲ့ ပင်မစစ်တပ်ကြီးကို တွန်းလှန်နိုင်ခဲ့ပြီး တောင်ပိုင်း စီရင်စုကို ကာကွယ်နိုင်ခဲ့တယ်။ ချောင်ပြည်နယ်ရဲ့နန်းမြို့တော်ကို တိုက်ခိုက်ခဲ့ပြီး ချောင်စစ်သည်တွေကို ဆုတ်ခွာစေခဲ့တယ်။ နောက်ဆုံး သူက ချောင်ဘုရင်နဲ့ ငြိမ်းချမ်းရေး စာချုပ်သစ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့တယ်။

ဒါကြောင့် ရွှဲ့ပြည်နယ်က မြေတစ်လက်မကိုမှ မဆုံးရှုံးခဲ့ဘူး။ နင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာနဲ့ ရွှဲ့ပြည်နယ်ရဲ့ တည်တံ့ ခိုင်မြဲမှုကိုလည်း သူက ဖန်တီးတည်ဆောက်ပေးနိုင်ခဲ့တယ်။ ဒီလိုပံ့ပိုးမှုအတွက် ဆုချရမယ်။ နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ကို ပေးအပ်ဖို့ အမိန့်ထုတ်ပြန်လိုက်တယ်။”

ထိုစကားကိုကြားချိန်မှာတော့ အရာရှိအားလုံးက တုန်ယင်သွားခဲ့ကြ၏။ နောက်ဆုံးတော့ ရောက်လာခဲ့၏။ ရွှဲ့ပြည်နယ်၏ မင်းကြီးဘွဲ့ဆိုသည်က အိမ်ရှေ့စံနှင့် တစ်ဝက်တစ်ပျက်သာ ဝေးကွာတော့သည့် အရာပင်။ အဓိကအားဖြင့် ဘုရင်မင်းမြတ်က ကြားခံကာလကို စောင့်ဆိုင်းရန် ရည်ရွယ်ချက်ဟူ၍ မရှိတော့သည့်ပုံပင်။

ယုတ္တိဗေဒအရ သူတို့က ရွှဲ့ပြည်နယ်၏ မင်းကြီးဘွဲ့ကို အရင်ခန့်အပ်ခဲ့ပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး အခြေခံ တစ်နှစ်ခွဲလောက် လေ့ကျင့်ပေးပြီးနောက်မှ အိမ်ရှေ့စံအဖြစ် ခန့်အပ်သင့်၏။ သို့သော်ငြား နင်ယွမ်ရှန်းက ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် မရှိတော့သည်မှာ ထင်ရှား၏။ သူက နင်ကျန်းကို တစ်ခါတည်း အိမ်ရှေ့စံဘွဲ့ဆီသို့ တွန်းပို့လို၏။

အဘယ်ကြောင့်ဆိုသော် ချင်နိုင်ငံ၏ မြင်းစီးစစ်သည်များက နောက်ဆုံးတွင် ထွက်ခွာရပေတော့မည်။ နောက်ထပ် တစ်နှစ်ခွဲကြာလျှင် အခြေအနေ မည်သို့ ပြောင်းလဲသွားမည်နည်း။ ပြဿနာများကို ရှောင်ရှားနိုင်ရန် တစ်ကြိမ်တည်း ပြုလုပ်ဆောင်ရွက်ခြင်းက အကောင်းဆုံး ဖြစ်မည်။

နင်ယွမ်ရှန်းက မေးလိုက်သည်။ “နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ပေးအပ်တာ ဘယ်သူ သဘောတူလဲ။ ဘယ်သူ ကန့်ကွက်လဲ။”

လူတိုင်းက တိတ်ဆိတ်နေ၏။

နင်ယွမ်ရှန်း၏ မျက်လုံးများက သိမ်းငှက်ကဲ့သို့ပင် စူးရှထက်မြက်နေ၏။ ဤအချိန်တွင် ထပြီး ကန့်ကွက်ရဲသူ တိုင်းက ခေါင်းဖြတ်ခံရမည်မှာ အခြေခံအားဖြင့် သေချာ၏။ သူတို့က ထိုမျှ ခေါင်းမာခြင်း မရှိချေ။ ဘုရင်မင်းမြတ် ရန်လိုလာပြီဆိုလျှင် အရာရှိများ အနေနှင့် ခုခံဖို့ ခက်ခဲ၏။ အပြင်ဘက်တွင်လည်း နန်းတွင်းအစောင့်တပ်သား ထောင်ပေါင်းများစွာတို့က ဓားရိုးများကို အဆင်သင့် ဆုပ်ကိုင်ထားခဲ့ကြပြီး အချိန်မရွေး ဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေပြီးသားဖြစ်သည်။

နင်ယွမ်ရှန်းက အသာပြုံး၏။ ပြီးနောက် ကျူးဟုန်ကျူးကို လှမ်းကာ မေး၏။

“ဝန်ကြီးချုပ်...ကျုပ် နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ကို ပေးအပ်တာကို ခင်ဗျား သဘောတူလား။ ဒါမှမဟုတ် ကန့်ကွက်လား။”

ဝန်ကြီးချုပ်ဆိုသည့် စကားကို ပြောဆိုချိန်မှာတော့ နင်ယွမ်ရှန်း၏ အသံက လှောင်ပြောင်သည့် သရော်သံ အနည်းငယ် ပါဝင်၏။

အိုမင်းနေသည့် ကျူးဟုန်ကျူးက အိပ်ပျော်တော့မလို ဖြစ်နေပြီး မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ချေ။

နင်ယွမ်ရှန်းက အေးစက်သည့် အကြည့်ဖြင့် ပြော၏။ “ကျူးဟုန်ကျူး.. ကျုပ် ခင်ဗျားကို မေးနေတယ်လေ။”

ကျူးဟုန်ကျူးက ရုတ်တရက် တုန်ယင်သွား၏။ သူက အိပ်ရာမှ နိုးထလာသကဲ့သို့ပင် နားများကို အသာစွင့်ကာ မေးလိုက်သည်။ “အင်း... ဘုရင်မင်းမြတ် ဒီအဘိုးကြီးကို ဘာမေးချင်တာလဲ။”

နင်ကျန်းက ပြော၏။ “ကျုပ် နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ကို ပေးအပ်တော့မယ်။ ခင်ဗျား သဘောတူလား၊ မတူဘူးလား။”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဒီအဘိုးကြီးက ကိုယ့်ရဲ့ သဘောထားကို စိတ်ထဲမှာပဲ ထားပါတယ်။”

စိတ်ထဲမှာပဲ ထားသည်ဆိုခြင်းက ဘာအဓိပ္ပာယ် ဖြစ်သနည်း။ သဘောတူလျှင် တူသည်။ မတူလျှင် မတူဘူးပေါ့။

နင်ယွမ်ရှန်းက စိတ်ထဲတွင် ကြိတ်ကာ လှောင်ပြောင်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးအဖြစ် တရားဝင်ပေးဖို့ အမိန့်တော် မူကြမ်းကို ရေး။”

“အမိန့်တော်တိုင်းပါပဲ။” လီစွမ်းက လူအများကြီး ရှေ့မှာပင် အမိန့်တော် မူကြမ်းကို ရေးဆွဲ၏။ နင်ယွမ်ရှန်းက သူ၏ တံဆိပ်နှင့် လက်မှတ်ကို ရေးထိုး၏။ ဤသို့ဖြင့် နင်ကျန်းက ရွှဲ့ပြည်နယ်၏ မင်းကြီးဘွဲ့ထူးကို အတည် ရရှိသွားခဲ့သည်။

နင်ယွမ်ရှန်းက ဆက်ပြော၏။ “ဒီနေ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ အိမ်ရှေ့စံ နင်ယီက မင်းသားကျင်းကို လက်နက်ချလိုက်ပြီဆိုတာ အတည်ပြုပြီးပြီလား။”

တကယ်ပင် လာပေတော့မည်။

“ဟုတ်ပါတယ် အရှင်မင်းကြီး.... မင်းသားကျင်းက ကျုပ်ကို အိမ်ရှေ့စံကို ပြန်ရွေးချင်သလားဆိုတဲ့ တရားဝင် စာတစ်စောင် ပို့လာပါတယ်။”

နင်ယွမ်ရှန်းက ဒေါသတကြီးဖြင့် ပြော၏။ “အရည်အချင်း မရှိတဲ့ စစ်သူကြီး တစ်ယောက်က စစ်တပ် တစ်ခုလုံးကို ပင်ပန်းစေခဲ့တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့ အိမ်ရှေ့စံက စစ်တပ်ကို စွန့်ခွာပြီး တစ်ယောက်တည်း ထွက်ပြေးသွားခဲ့တယ်။ ပြီးတော့ တခြားနိုင်ငံကိုသွားပြီး လက်နက်ချတယ်။ ဒါတင်မကသေးဘူး။ မင်းသားကျင်းကို အကူအညီပေးခဲ့သေးတယ်။ ဘယ်လောက် ရှက်စရာကောင်းလဲ။ ငါ ဒီလို သားမျိုးကို ဘယ်လိုလုပ် မွေးလိုက်မိတာလဲ။”

ဤအကြောင်းအရာကို အစောကြီးတည်းက ကြိုတင် သိနှင့်ပြီးသားဖြစ်၏။ အဘယ်ကြောင့် ယခုမှ လာရောက်ကာ ဒေါသထွက်ပြနေရသနည်း။

နင်ယွမ်ရှန်းက ပြောသည်။ “ဒီလို ကိုယ်ကျင့်တရားကလည်း မရှိ၊ အရည်အချင်းကလည်း မရှိတဲ့သူက ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံ ဖြစ်နိုင်ပါ့မလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ် ဘိုးဘေးတွေကို ဒီအကြောင်း ပြောခဲ့တယ်။

ကွယ်လွန်သွားတဲ့ ဘုရင်ဟောင်းက ငါ့ကို အိပ်မက်ထဲမှာ ပြောတယ်။ ဒီလိုလူမျိုးက ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံ ဖြစ်ဖို့ မသင့်တော်ဘူး။ သူက ရွှဲ့ပြည်နယ်ရဲ့ တရားဝင်မိသားစု ဖြစ်ဖို့တောင် မသင့်တော်ဘူး အမိန့်တော် ထုတ်ပြန်လိုက်မယ်။ နင်ယီရဲ့ အိမ်ရှေ့စံရာထူးကို ဖယ်ရှားလိုက်ပြီ။ တစ်လောကလုံးကို ကြေညာလိုက်တော့။”

ချက်ချင်းပဲ အရာရှိများက ဒူးထောက်လိုက်ကြ၏။ “အမိန့်တော်တိုင်းပါပဲ။”

နန်းတွင်းအမတ်တစ်ဦးက နောက်ထပ် အမိန့်တော်ကို မူကြမ်း ရေးဆွဲ၏။ နင်ယီကို အိမ်ရှေ့စံ ရာထူးမှ တရားဝင် ဖယ်ရှားလိုက်သည့် အမိန့်ပင်။ ထိုအရာက အကြာကြီးထဲက ပယ်ဖျက်သင့်သည့်အရာပင်။ သို့ပေမည့် ဘုရင်မင်းမြတ်က အကြာကြီး ဆွဲဆန့်ထားခဲ့သည်။ နင်ချီ၏ ဂုဏ်သတင်းက နင်ကျန်းထက် အများကြီး သာလွန်နေသောကြောင့် အိမ်ရှေ့စံကို ဖယ်ရှားပြီးလျှင် နင်ချီကို နန်းတက်ဖို့ အခွင့်အရေး ပိုပေးရလိမ့်မည်။ ထို့ကြောင့်ပင် ဆွဲဆန့်ထားခြင်း ဖြစ်သည်။

အပိုင်း (၇၂၈)

ယခု နင်ကျန်းက စစ်ပွဲနှစ်ခု သို့မဟုတ် သုံးခုကို ဆက်တိုက် အနိုင်ရရှိခဲ့၏။ ရွှဲ့ပြည်နယ်တွင် သူ၏ ဂုဏ်သတင်းက နင်ချီထက် သာလွန်နေ၏။ ထို့ကြောင့် အိမ်ရှေ့စံ နင်ယီကို ဖယ်ရှားရပေမည်။ သို့သော်ငြား ဘုရင်မင်းမြတ်က အလျင်လိုနေသည်။ သူက ခြေလှမ်းနှစ်လှမ်းကို တပြိုင်နက်တည်း လှမ်း၏။ တစ်နှစ်ခွဲကို မဆိုနှင့် သူက တစ်လတောင် မစောင့်နိုင်တော့ချေ။

ပြီးနောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သက်ပြင်းကို ချ၏။ “အင်း... ချစ်ခင်ရတဲ့ အမတ်တွေ၊ ကျုပ်ရဲ့ ကျန်းမာရေးက မကောင်းဘူး။ နိုင်ငံတစ်နိုင်ငံက အိမ်ရှေ့စံ မရှိဘဲ တစ်ရက်တောင် မနေနိုင်ဘူး။ ဒီတော့ အိမ်ရှေ့စံ ရာထူးကို ဆုံးဖြတ်လိုက်ကြရအောင်။”

အရာရှိတွေက အသက်အောင့်ထား၏။ တရားဝင် စတင်တော့မည်လား။ လေထုထဲတွင် လူသတ်ချင်သည့် အငွေ့အသက်များက ရှိနေ၏။ နင်ကျန်းက မေးမြန်းလိုက်သည်။

“ဦးရီးတော် နင်ကန်... ခင်ဗျားက အတွေ့အကြုံ ရှိပြီးတော့ ဗဟုသုတလည်း ကြွယ်ဝတယ် ပြောပါအုံး။ ဘယ်သူက အိမ်ရှေ့စံ ဖြစ်ဖို့ သင့်တော်လဲ။”

ဟုတ်ပေ၏။ ဘုရင်မင်းမြတ်က သူ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ နင်ကျန်း အိမ်ရှေ့စံ ဖြစ်သင့်သည်ဟု တစ်ခါတည်း ပြောလိုက်သင့်သည်။ သို့ပေမည့် သူက သရုပ်ဆောင်ရန် လိုအပ်နေသေး၏။

နင်ကန်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူက နင်ချီကို တကယ်ပဲ အလေးထားခဲ့၏။ ကံမကောင်းစွာဖြင့် အရေးကြီး အချိန်မျိုးတွင် သူက ဘုရင်မင်းမြတ်၏ ဆန္ဒကို ဆန့်ကျင်၍ မရခဲ့ချေ။ အရေးကြီးဆုံးကတော့ နင်ကျန်း ကလည်း ကောင်းသည့် အိမ်ရှေ့စံ တစ်ယောက် ဖြစ်ပေ၏။ နင်ကန်က ရှေ့ကို ထွက်သည်။ “ကျုပ် အရှင့်သား နင်ကျန်းကို အိမ်ရှေ့စံအဖြစ် အကြံပြုချင်ပါတယ်။”

ဘုရင်မင်းမြတ်က ထပ်မေးလိုက်၏။ “ဦးရီးတော် နင်ချီ... ခင်ဗျားရော ဘယ်သူက ပိုသင့်တော်တယ်လို့ ထင်လဲ။”

ဦးရီးတော် နင်ချီက ခဏလောက် တိတ်ဆိတ်နေ၏။ သူက တကယ်ပင် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ သူက တကယ်ပဲ နင်ချီဘက်ကို ပိုယိမ်းသည်။ “ကျုပ် အရှင့်သား နင်ကျန်းကို အကြံပြုပါတယ်”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ရှေ့ကို ထွက်လာကာ ပြော၏။ “ကျုပ် အရှင့်သား နင်ချီကို အကြံပြုပါတယ်။”

“ကျုပ်က အရှင့်သား နင်ချီကို အကြံပြုပါတယ်။” ကျုံးအီက ရှေ့ကို ထွက်လာသည်။

“ကျုပ်က အရှင့်သား နင်ချီကို အကြံပြုပါတယ်။”

“အရှင့်သား နင်ချီကို အကြံပြုပါတယ်။” နန်းတွင်းရှိ အရာရှိများက တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ ထွက်လာ၏။

“ကျုပ်က အရှင့်သား နင်ကျန်းကို အကြံပြုပါတယ်။”

လောကရှိ နိုင်ငံအားလုံးတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးက ရှား၏။ အိမ်ရှေ့စံကို ရွေးချယ်ခြင်းက နိုင်ငံတော်၏ကိစ္စ ဖြစ်သလို မိသားစု ကိစ္စလည်း ဖြစ်နိုင်၏။ နန်းတွင်းတွင် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေဖို့ မလိုအပ်ချေ။

အများဆုံးအားဖြင့် ဘုရင်မင်းမြတ်နှင့် သူ၏ အရာရှိတို့က သီးသန့် ဆုံးဖြတ်ပြီးမှ နန်းတွင်းတွင် အတည်ပြုလေ့ ရှိ၏။

ယခုစကားပြောသူများထဲတွင် ၈၀ ရာခိုင်နှုန်းက နင်ချီကို ထောက်ခံပြီး ၂၀ ရာခိုင်နှုန်းကသာလျှင် နင်ကျန်းကို ထောက်ခံခဲ့၏။ ရလဒ်က အနည်းငယ် အံ့အားသင့်စရာ ကောင်း၏။ နင်ကျန်းကို ထောက်ခံသူ ၂၀ ရာခိုင်နှုန်း ရှိနေသည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက လုံးဝ ဂရုမစိုက်ချေ။ လူအားလုံးက ထင်မြင်ချက်ကို ဖော်ပြခွင့် ရှိ၏။ သို့ပေမည့် အိမ်ရှေ့စံကို ရွေးချယ်ခြင်းက သူ၏ အလုပ်ပင်။ အိမ်ရှေ့စံကို ရွေးချယ်ခန့်ထားပြီးပြီ ဆိုလျှင် အကြီးအကျယ် အမှားအယွင်း မလုပ်မချင်း ရာထူးကနေ ဖယ်ရှားဖို့ ခက်ခဲပေလိမ့်မည်။ အင်ပါယာတောင် လာရောက် ပြုလုပ်ရန် ခက်ခဲ၏။

အိမ်ရှေ့စံဆိုသည့် ရာထူးက တောင်ကဲ့သို့ပင် မရွေ့လျားနိုင်သည့် အရာမျိုး ဖြစ်၏။ ဤတစ်ကြိမ် နင်ယီက ကိုယ့်သေတွင်း ကိုယ်တူးခဲ့သည်။ သူ့ကို ရာထူးမှ ဖယ်ရှားခြင်းက ပြည်သူအားလုံးတို့၏ဆန္ဒ ဖြစ်ခဲ့၏။ နင်ယီ ပြီးနောက် နင်ယီ၏ သွေးရင်းတစ်ယောက်ကို ထပ်မံရွေးချယ်၍မဖြစ်နိုင်ပေ။ နင်ယွမ်ရှန်း၏ ဒုတိယ သားက နှစ်ပေါင်းများစွာ ဘုန်းကြီးဝတ် နေခဲ့၏။ သူ့ကို အဘယ်သို့ ခန့်အပ်နိုင်မည်နည်း။

ရာထူးအနေနှင့် ပြောရမည် ဆိုလျှင် နင်ကျန်းနှင့် နင်ချီတို့က အတူတူလောက်ပင်။ တစ်ယောက်က မိဖုရားကြီးကျုံးမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိဖုရားကြီးစုဆီမှ မွေးဖွားလာခဲ့၏။

နင်ယွမ်ရှန်းက သူ့၏ လက်ကို မြှောက်လိုက်၏။ အရာရှိများ အားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

“ခင်ဗျားတို့ကို စကားပြောဖို့ အချိန်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ကျုပ် ဆုံးဖြတ်ချက်ချပြီးတာနဲ့ ခင်ဗျားတို့ ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ။

မဟုတ်ရင် ခင်ဗျားတို့က အမိန့်တော်ကို ဖီဆန်တာ ဖြစ်လိမ့်မယ် အဲဒီအချိန်ကျရင် ကျုပ်ရဲ့ ဓားက အရမ်းကို ထက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့။ ဒါက လုပ်ထုံးလုပ်နည်းပဲ။ ကျုပ် တကယ်ပဲ ဆုံးဖြတ်ချက် ချမယ်။”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ထရပ်သည်။ “အမိန့်တော် မူကြမ်းကို ရေးဆွဲလိုက်၊ တရားဝင် မှတ်ပုံတင်...”

လူတိုင်းက အသက်ကို အောင့်ထား၏။ နင်ယွမ်ရှန်းက နင်ကျန်း၏ နာမည်ကို ပြောဖို့ စောင့်ဆိုင်းနေ၏။ သို့ပေမည့် နင်ယွမ်ရှန်းက အချိန် အကြာကြီး မပြောနိုင်ချေ။ သူ၏ ပါးစပ်ကို ဟလိုက်သည်နှင့် အသံ မထွက်လာခဲ့ချေ။ ခန္ဓာကိုယ်က လုံးဝ တောင့်တင်းသွားခဲ့၏။

နင်ယွမ်ရှန်း၏ မျက်လုံးများက ပြူးထွက်သွားခဲ့၏။ စကားပြောရန် သူ ကြိုးစား၏။ သို့ပေမည့် စကား တစ်ခွန်းမှ မပြောနိုင်ခဲ့ချေ။ သူ၏ဦးနှောက် တစ်ခုလုံးက တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ပင်။

‘ဒီလောက် ရက်စက်တယ်။ တကယ်ပဲ ကိုယ့်အဖေကို သတ်ချင်တာလား။’

နင်ယွမ်ရှန်းက စကားမပြောနိုင်တော့ချိန်မှာတော့ စိတ်ထဲတွင် ကြေကွဲနေခဲ့၏။ သူက သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ခွန်အားအားလုံးကို အသုံးပြုပြီး နင်ကန်နှင့်နင်ချီကို လက်ညိုးထိုးပြ၏။ သူ၏နောက်ဆုံး ခွန်အားကို အသုံးပြုပြီးနောက် ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်က အောက်သို့ လဲကျသွား၏။

“အဖေ”

“အဖေ”

နင်ကျန်းနှင့် နင်ချီတို့က အော်ဟစ်ပြီး နင်ယွမ်ရှန်းကို ဖေးမရန် ပြေးထွက်သွားခဲ့သည်။

“ဘုရင်မင်းမြတ်” မိန်းမစိုးကြီး လီမူနှင့် လီစွမ်း တို့ကလည်း အလျင်အမြန် ပြေးလာ၏။

တည်ရှိနေကြသော အရာရှိအားလုံးတို့က တုန်လှုပ်သွားခဲ့ကြ၏။ ဘာဖြစ်သနည်း။ ဘုရင်မင်းမြတ်က အဘယ်ကြောင့် အရေးကြီးဆုံးအချိန်တွင် လဲကျသွားရသနည်း။ လေဖြတ်ပြန်ပြီလား။ ဘုရင်မင်းမြတ် လေဖြတ်တုန်းက ရုတ်တရက် လှုပ်ရှားလို့ မရဘူးဟု ပြောကြ၏။ သို့ပေမည့် ထိုအရာက တိုက်ဆိုင်လွန်းနေသည်။

အိမ်ရှေ့စံ မင်းသား၏ နာမည်ကို ကြေညာခါနီး လေဖြတ်သွားခဲ့၏။ အရာရှိအားလုံး၏ အတွေးစိတ်ထဲတွင် တုန်လှုပ်နေ၏။ သူတို့၏ တစ်ကိုယ်လုံးကလည်း အေးစက်နေ၏။ ထို့အပြင် အဘယ်ကြောင့် ဘုရင်မင်းမြတ်က နင်ကန်နှင့် နင်ချီကို လက်ညိုးထိုးပြခဲ့ရသနည်း။

ဤအချိန်မှာတော့ ဒုတိယဝန်ကြီး နင်ကန်၏ ဦးရေပြားများက ထုံကျင်သလို ခံစားရ၏။ သူက ပေါက်ကွဲတော့ မတတ် ခံစားရ၏။ လုံးဝလည်း ဒေါသထွက်နေ၏။ တချို့သောသူတွေက လုံးဝ စိတ်လွတ်သွားကြပြီ ဖြစ်၏။ ဘုရင်မင်းမြတ်ကို သတ်ဖြတ်ရန်ပင် ပြုလုပ်ခဲ့၏။ သူ ယခင်တုန်းက နင်ချီကို အလေးအနက် ထားခဲ့သော်လည်း ယခုတော့ စိတ်ပျက်မှုနှင့် ဒေါသတရားသာ ရှိတော့၏။

ဘုရင်မင်းမြတ်ကို အလွန်အကျွံ ပြုလုပ်ခဲ့ခြင်းပင်။ တော်ဝင်ရန် အင်ပါယာက အလွန်အကျွံ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သူတို့က ဗဟိုချုပ်ကိုင်မှုကို ကျိန်းသေပေါက် ဦးစားပေး လုပ်ဆောင်လာပြီဖြစ်သည်။ သူက နင်မျိုးနွယ်၏ တော်ဝင်မိသားစု အကြီးအကဲ ဖြစ်၏။ သူက ဘုရင်မင်းမြတ်၏ ဦးရီးတော်ပင်။ လက်ရှိ အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်ရပေလိမ့်မည်။ ရွှဲ့ပြည်နယ်ကို မတည်မငြိမ် ဖြစ်စေ၍ မရချေ။

ချက်ချင်းပဲ နင်ကန်က ထကာ အော်ဟစ်လိုက်သည်။ “ဘယ်သူမှ မလှုပ်နဲ့။ နန်းတွင်း အစောင့်တပ်မှူးတွေ နားထောင်ကြ။ နန်းတော်တံခါးကို ပိတ်လိုက်။ ဒီနေရာကနေ ထွက်ခွာဖို့ ကြိုးစားတဲ့သူတိုင်းကို သတ်ပစ်မယ်။”

ထို့အပြင် ဦးရီးတော် နင်ကန်က အရာရှိများကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။ “ဘယ်သူမှ မလှုပ်နဲ့။ အားလုံး ဒူးထောက်ကြ။ လှုပ်တဲ့လူကို သတ်မယ်။

နန်းတွင်းအစောင့်တပ်သားတွေ ဓားကို ဆွဲပြီးတော့ ခြေလှမ်း ဆယ်လှမ်းတိုး” နန်းတွင်း အစောင့်တပ်မှူးက ချက်ချင်း အမိန့်ပေးလိုက်သည်။

နန်းတွင်း အစောင့်တပ်သားများက ဓားကို ဆွဲထုတ်ကာဖြင့် ရှေ့သို့ ခြေလှမ်း ဆယ်လှမ်း တိုးလိုက်၏။

“ချွင်..”

နန်းတွင်း အစောင့်တပ်သား သုံးထောင်တို့က သူတို့၏ ဓားများကို ဆွဲထုတ်သည်။ “ဝင်.. ဝင်”

အကုန်လုံးက ရှေ့ဆယ်လှမ်းတိုးပြီး ခန်းမတံခါးကို ပိတ်ကြ၏။

“အားလုံး ဒူးထောက်ကြ။ ဘယ်သူမှ မလှုပ်ကြနဲ့။” နင်ကန်က အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ကျူးဟုန်ကျူးက ရှေ့သို့ တစ်လှမ်းတိုး၏။

“ကျူးဟုန်ကျူး... မလှုပ်နဲ့။ ခင်ဗျား ထပ်လှုပ်ရင် ခင်ဗျားကို သတ်မယ်။” နင်ကန်က ကျူးဟုန်ကျူးကို လက်ညိုးထိုးကာ အော်ဟစ်သည်။

ကျူးဟုန်ကျူးက တုန်ယင်သွား၏။ “ကျုပ်က ဆေးပညာမှာ ကျွမ်းကျင်ပါတယ်။ ကျုပ် ဘုရင်မင်းမြတ်ကို ကြည့်ရုံပါပဲ။”

“မလိုဘူး။”

နင်ကန်က ပြောသည်။ “အားလုံး ဒူးထောက်ကြ။”

ချက်ချင်းပဲ အရာရှိအားလုံးက ဒူးထောက်ပြီး မလှုပ်မယှက်နှင့့် နေ၏။

နင်ကန်က နင်ချီကို လှမ်းကြည့်ပြီးနောက် လှေကားထစ်ပေါ်သို့ တက်ကာ အရာရှိများကို ရင်ဆိုင်သည်။

“ရာထူးအရ နင်ချီနဲ့ ကျုပ်က ကျူးဟုန်ကျူးနဲ့ ကျုံးအီတို့ထက် နိမ့်ကျတယ်။”

နင်ကန်က ပြော၏။ “ဒါပေမဲ့ ဘုရင်မင်းမြတ်က တစ်ချိန်တုန်းက ကျုပ်တို့ကို လျှို့ဝှက် ခေါ်ယူခဲ့ဖူးတယ်။ သူ့ရဲ့ ကျန်းမာရေး အပြောင်းအလဲရှိလာရင် ကျုပ်၊ နင်ချီ၊ ပျံ့ရှောင်းနဲ့ ကျင်းကျိုးတို့ကို ဝန်ကြီး လေးဦးအဖြစ် ခန့်အပ်တယ်လို့ ပြောခဲ့တယ်။ အခု ပျံ့ရှောင်းနဲ့ ကျင်းကျိုးတို့က မြို့တော်မှာ မရှိဘူး။ ကျုပ်တို့ နှစ်ယောက်ပဲ ရှိတယ်။”

ဤစကားကို ကြားချိန်မှာတော့ လူတိုင်း အံ့အားသင့်သွား၏။ ဘုရင်မင်းမြတ်က ယနေ့ဖြစ်မည့် အဖြစ်အပျက်ကို တကယ်ပဲ ကြိုမြင်ခဲ့သည်လား။

နင်ကန်က ပြောသည်။ “ခဏက ဘုရင်မင်းမြတ် လဲကျတုန်း သူက ကျုပ်နဲ့ နင်ချီကို လက်ညိုးထိုးပြတယ်။ ဘာလို့လဲဆိုတော့ ဘုရင်မင်းမြတ်ဆီမှာ လျှို့ဝှက်အမိန့်တော် ရှိလို့ပဲ။ ဒီလို လဲကျသွားတာနဲ့ ကျုပ်တို့ နှစ်ယောက်က လျှို့ဝှက်အမိန့်တော်ကို ဖွင့်ရမယ်။ လျှို့ဝှက်အမိန့်တော်က ဒီခန်းမရဲ့ ကမ္ပည်းပြား နောက်ကွယ်မှာ ရှိနေတယ်။ လှေကားကို ယူပြီး ခန်းမရဲ့ ကမ္ပည်းပြား နောက်ကွယ်က လျှို့ဝှက် အမိန့်တော်ကို ထုတ်။”

နင်ကန်က ကိုယ်တိုင် လှေကားပေါ်သို့ တက်ပြီး ကမ္ပည်းပြား၏ နောက်ကွယ်ရှိ သေတ္တာကို ထုတ်ယူ၏။ ပြီးနောက် လှေကားအတိုင်း မြေပြင်ပေါ်သို့ ဆင်းလာ၏။

“အားလုံးပဲ ဒီသေတ္တာကို ကြည့်။ အပြင်ဘက် တံဆိပ်က မပျက်မစီး ရှိသေးတယ်။ ဖယောင်း တံဆိပ်ကလည်း မပျက်စီးဘူး။ ဘာပျက်စီးမှုမှ မရှိဘူး။”

“အကြီးဆုံး မင်းသမီး နင်ကျဲ့၊ လီစွမ်း၊ လီအန်း... ခင်ဗျားတို့ သက်သေခံကြ။ ဒီလျှို့ဝှက် အမိန့်တော်ကို ဘုရင်မင်းမြတ် ကိုယ်တိုင် ရေးသားခဲ့တာ၊ တံဆိပ်ခတ်ခဲ့တာ၊ ဖယောင်းတံဆိပ်နဲ့ တံဆိပ်တုံး ရိုက်နှိပ်ခဲ့တာ၊ ဒါတွေက အကြီးဆုံး မင်းသမီးကြီး နင်ကျဲ့ကိုယ်တိုင် ကမ္ပည်းပြားရဲ့ အနောက်ဘက်မှာ သိမ်းခဲ့တာ ဟုတ်လား။”

“ဟုတ်ပါတယ် ကျွန်မ သက်သေခံပါတယ်။”

“ကျုပ် သက်သေခံပါတယ်။”

“ကျုပ်လည်း သက်သေခံပါတယ်။” လီစွမ်း၊ လီအန်းနှင့် အကြီးဆုံး မင်းသမီး နင်ကျဲ့တို့က ရှေ့ထွက်လာ၏။ ဤအချိန်မှာတော့ အကြီးဆုံး မင်းသမီး နင်ကျဲ့က သံချပ်ကာကို ဝတ်ဆင်ထား၏။ ဤအရေးကြီးဆုံး အချိန်တွင် နင်ယွမ်ရှန်းက သူ၏လူများကို ယုံကြည်ခဲ့သည်။

အကြီးဆုံး မင်းသမီး နင်ကျဲ့က နင်ယွမ်ရှန်း၏ အဖေတူ၊ အမေတူ ညီမ ဖြစ်၏။ သူနှင့်အတူ ကြီးပြင်းလာခဲ့ခြင်းပင်။ သူမက ကျန်းလီကို အထင်ကြီးသောကြောင့် အိမ်ထောင်မပြုခဲ့ချေ။ ပြီးနောက် နင်ယွမ်ရှန်းအတွက် သူမက ရေနက်တပ်ဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး အရေးကြီးသည့် ရာထူးကို ယူဆောင်ကာဖြင့် ရွှယ်ချီနှင့် အတူ အာဏာကို ဟန်ချက်ညီစေခဲ့၏။ သူမက ဘဝတစ်လျှောက်လုံး သစ္စာရှိခဲ့၏။

ထို့ကြောင့် စုနန် ပုန်ကန်မှု ကြုံခဲ့တုန်းက နင်ယွမ်ရှန်းက နင်ကျဲ့ကို ကျန်းချုံးနှင့်အတူ ပိုင်ရီမြို့ကို စေလွှတ်ခဲ့၏။ နင်ကျဲ့အပေါ် သူ၏ယုံကြည်မှုက လီမူထက် မနည်းချေ။ ထို့အပြင် အကြီးဆုံး မင်းသမီး နင်ကျဲ့က တခြားသော လောဘဆန္ဒလည်း မရှိချေ။ တစ်စုံတစ်ယောက်က သူမကို လာဘ်ထိုးချင်လျှင်တောင် မဖြစ်နိုင်ပေ။ သူမက အလုံးစုံ ယုံကြည်ရ၏။

လူတိုင်းက တော်ဝင်သေတ္တာပေါ်မှ တံဆိပ်ကို ကြည့်၏။ အလုံးစုံ ပြည့်စုံ၏။ ဖယောင်းတံဆိပ်ကပင် ပြည့်စုံ၏။ နင်ကန်က သက်ပြင်းကိုရှိုက်၏။ ပြီးနောက် တံဆိပ်ကို ဖယ်ရှားလိုက်၏။ ဖယောင်းတံဆိပ်ကို စုတ်ဖြဲပြီးနောက် သေတ္တာကို ဖွင့်သည်။

ဘုရင်မင်းမြတ်က သူ့ကို လျှို့ဝှက်ခေါ်ယူစဉ်တုန်းက လျှို့ဝှက် အမိန့်တော် ပြင်ဆင်ချင်သည်ဟု ပြောဆို ခဲ့သော်လည်း နင်ကန်က မလိုအပ်ဘူး ခံစားရ၏။ မည်သူမှ ဘုရင်မင်းမြတ်ကို တိုက်ခိုက်သည့် အရူးကဲ့သို့သော အလုပ်မျိုးကို လုပ်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။ သားရဲထက်ပင် ဆိုး၏။ ခွေးတိရစ္ဆာန် ထက်ပင် ဆိုး၏။

ကံကောင်းစွာနှင့် ဘုရင်မင်းမြတ်၌ အရံအစီအစဉ် ရှိနေခဲ့၏။ မဟုတ်ပါက ရန်သူ၏ ထောင်ချောက်ထဲသို့ ကျသွားပေမည်။ အိမ်ရှေ့စံဘွဲ့ကို ပေးအပ်မည့် ဤလျှို့ဝှက်အမိန့်တော်က တကယ်ပဲ အလုပ်ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

ပရိသတ် အားလုံးက တိတ်ဆိတ်နေ၏။ နင်ကန်၏ လက်တွေကို စိုက်ကြည့်နေ၏။ ဘုရင်မင်းမြတ် ရုတ်တရက် လဲကျသွားခြင်းက အံ့အားသင့်စရာ ကောင်းနေ၏။ ဘုရင်မင်းမြတ်သည် ဤအချက်ကို ခန့်မှန်းထားပြီး လျှို့ဝှက် အမိန့်တော်ကိုပင် ပြင်ဆင်ထားလိမ့်မည်ဟု အားလုံးက မထင်မှတ်ခဲ့ချေ။

နင်ကန်က အသက်ကို ပြင်းပြင်းရှူပြီး သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သို့ပေမည့် လျှို့ဝှက် အမိန့်တော်ကို ဖွင့်လိုက်ချိန်မှာတော့ အလုံးစုံ တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက် အမိန့်တော်ပေါ်ရှိ နာမည်က ပြောင်းလဲသွားခဲ့သောကြောင့်ပင်။ မူလက ပဉ္စမမင်းသား နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ပေးအပ်ဖို့ ဖြစ်လာပေမယ့် တတိယမင်းသားကို အိမ်ရှေ့စံအဖြစ် ပေးအပ်ဖို့ ပြောင်းလဲသွား ခဲ့သည်လား။

နင်ကန်က မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ခံစားရ၏။ သူ၏ မျက်လုံးများကို မယုံကြည်နိုင်ချေ။ ဘုရင်မင်းမြတ် ရေးသားထားသည့် လျှို့ဝှက် အမိန့်တော်ကို သူ မျက်လုံးနှင့် သေချာ မြင်ခဲ့၏။ အကြီးဆုံး မင်းသမီး နင်ကျဲ့က ကမ္ပည်းပြား၏ နောက်ကွယ်၌ ထည့်ထားသည်ကိုလည်း မြင်၏။

ပြီးနောက် လီစွမ်းနှင့် လီအန်းတို့က နန်းတော်ကို စောင့်ကြည့်နေ၏။ ကျွမ်းကျင်သူ ရာပေါင်းများစွာတို့က ပင်မခန်းမကို စောင့်ကြည့်ပြီး မည်သူမှ ဝင်ထွက်ခွင့် မရှိခဲ့ချေ။ ဤလျှို့ဝှက် အမိန့်တော်ပေါ်ရှိ နာမည်က အဘယ်သို့ ပြောင်းလဲသွားရသလဲ။

“ဘယ်သူလဲ။ ဒီလောက်ကြီး စွမ်းအားကြီးတာ ဘယ်သူလဲ။ မဖြစ်နိုင်ဘူး။”

နင်ကန်က ချွေးစေးများ စီးကျလာခဲ့၏။ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။ “အရှင်မင်းကြီး.. ကျုပ်တို့ ဘာလုပ်သင့်လဲ။ ဘာလုပ်သင့်လဲ။”

ဤအချိန်မှာတော့ လူတိုင်းက နင်ကန်ကို မော့ကြည့်၏။ နင်ကန်က အမိန့်တော်ကို ရွတ်ဖတ်ရန် ပြင်ဆင်နေ၏။ ဘာလုပ်သင့်သနည်း။ သူ နင်ကန်က နင်မျိုးနွယ်၏ တော်ဝင်မိသားစုဖြစ်ပြီး ရွှဲ့ပြည်နယ်ကို ရန်သူ့လက်ထဲသို့ လုံးဝ မရောက်စေချင်ပေ။

ရုတ်တရက် နင်ကန်က တော်ဝင်အမိန့်တော်ကို တစ်စစီ ဆွဲဖြဲလိုက်၏။ ပြီးနောက် သူက တတိယ မင်းသား နင်ချီ ဆိုသည့် စာလုံးကို လုံးဝ ဆွဲဖြဲပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ လူတိုင်းက တုန်လှုပ်သွားခဲ့သည်။

“သူ့ကို တားကြစမ်း။” ဝန်ကြီးချုပ် ကျူးဟုန်ကျူးက အော်ဟစ်၏။

နင်ချီက ရုတ်တရက် ခုန်ထွက်ပြီး နင်ကန်ကို မြေပေါ်သို့ တွန်းချ၏။ ရုတ်တရက် မေးရိုးကို ဆွဲဟပြီး ပါးစပ်ထဲမှ ပိုးစကို ဆွဲထုတ်ရန် လုပ်သည်။

“သက်သေဖောက်ကောင်။”

နင်ကန်က ရူးသွပ်စွာ အော်ဟစ်နေ၏။ “ဘုရင်မင်းမြတ်က အိမ်ရှေ့စံဘွဲ့ကို နင်ကျန်းကို ပေးအပ်ဖို့ အမိန့်ပေးခဲ့တယ်။ မင်းတို့ သစ္စာဖောက်တွေ ဆိုးဆိုးဝါးဝါး သေလိမ့်မယ်။”

All Chapters