အခန်း (၇၂၉-၇၃၀)
Vol. 46 Ch. 729-730
အပိုင်း (၇၂၉)
ခဏကြာမှာတော့ နင်ကန်၏ သွားများ ကျိုးကုန်၏။ သူက မေးရိုးကို ဆွဲဖွင့်ခြင်း ခံရ၏။ ပါးစပ်ထဲမှ ပိုးစကို ဆွဲထုတ်၏။ သို့ပေမည့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ နင်ကန်က ထိုအရာကို အစိတ်စိတ် ဆွဲဖြဲရုံသာမက ပိုးစကို ရွံ့လို့ပဲ ဝါးစားခဲ့၏။ အင်အားအလွန်အကျွံ သုံးခဲ့သောကြောင့် ပါးစပ်ထဲမှ သွေးများပဲ ထွက်ပေါ်နေ၏။
“သစ္စာဖောက် အရာရှိပဲ။ သစ္စာဖောက် အရာရှိ” နင်ကန်က မေးရိုးဖြုတ်ခံလိုက်ရသည် ဆိုသော်လည်း လည်ချောင်းဝနှင့် ဆက်လက်ကာ အော်နေတုန်းပဲ။
ထိုအချိန်မှာပဲ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ထွက်လာ၏။ “နင်ကန်.. ခင်ဗျားက ဘုရင်မင်းမြတ်ရဲ့ တော်ဝင် အမိန့်တော်ကို ခွင့်ပြုချက် မရှိဘဲ ဖျက်ဆီးရဲတယ်။ ဒါ ပုန်ကန်မှုပဲ။ သူ့ကို ချက်ချင်း ရေနက်အကျဉ်းထောင် ထဲကို ထည့်လိုက်၊ အပေါင်းအပါတွေ ရှိမရှိ စုံစမ်း။ တစ်စုံတစ်ယောက်က ပုန်ကန်ဖို့ ကြံစည်နေတယ်။”
နန်းတွင်းအစောင့်တပ်မှူးက တုန်လှုပ်သွား၏။ ဤအခြေအနေက ဘာလုပ်သင့်သနည်း။ ဘုရင်မင်းမြတ်က လဲကျသွား၏။ သူက မည်သူ့စကားကို နားထောင်ရမည်နည်း။ ဦးရီးတော် နင်ကန်က ဘုရင်မင်းမြတ်၏ လျှို့ဝှက် အမိန့်တော်ကို ဖျက်ဆီးခဲ့သည်မှာတော့ သေချာ၏။ ထိုအရာက ပုန်ကန်မှုပင်။
“ဘုန်း ဘုန်း...”
နန်းတော်တံခါး ပွင့်လာ၏။ ရေနက်တပ်ဖွဲ့၏ စစ်သည်ဒါဇင်ပေါင်းများစွာတို့ ဝင်ရောက်လာပြီး နင်ကန်ကို ဖမ်းရန် လုပ်၏။
“နေအုံး။”
ရုတ်တရက် နင်ကျန်းက အသံပြုလိုက်သည်။ “ကျုပ်က အိမ်ရှေ့စံ မဟုတ်ပေမယ့် ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးပဲ။”
နင်ကျန်းက ပြော၏။ “ဒီနေရာမှာ ကျုပ်က အမြင့်ဆုံး ရာထူးရှိတဲ့ လူပဲ။ ရေနက်တပ်ဖွဲ့က လူတွေ မလှုပ်နဲ့။”
ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင်က ဦးညွတ်သည်။ “အရှင့်သား နင်ကျန်း... ဒီနင်ကန်က ဘုရင်မင်းမြတ်ရဲ့ လျှို့ဝှက် အမိန့်တော်ကို ဖျက်ဆီးခဲ့တယ်။ ဒါက ပုန်ကန်မှုပါပဲ။ သက်သေ အထောက်အထား ခိုင်လုံပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေအရ သူ့ကို ရေနက်တပ်ဖွဲ့ဆီ လွှဲပြောင်းပေးရမှာပါ။”
“ရန်အီ ဘယ်မှာလဲ။” နင်ကျန်းက မေး၏။
ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင်က ပြောလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် မရှိဘဲ ရန်အီက နန်းတော်ထဲကို ဝင်လို့ မရပါဘူး။”
နင်ကျန်းက ပြောလိုက်၏။ “လီစွမ်း... ဦးရီးတော်နင်ကန်ကို နန်းတော်မြေအောက်ထောင်ထဲမှာ သော့ခတ်ပြီး ဖမ်းထားလိုက်။ ဘယ်သူမှ သူနဲ့ တွေ့ဆုံခွင့် မရှိဘူး။”
ရေနက်တပ်ဖွဲ့ စစ်သည်တစ်ဦးက ရှေ့သို့ ထွက်လာသည်။ “မင်းကြီး... ဒါက ကျုပ်တို့ရေနက်တပ်ဖွဲ့ရဲ့ တာဝန်ပါ။ ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးတစ်ယောက်အနေနဲ့ ခင်ဗျားက ကိုယ့်ရဲ့တာဝန်ထက် ကျော်လွန်ပြီး ပြုလုပ်ဖို့ အခွင့်အာဏာ မရှိပါဘူး။”
နင်ကျန်းက မင်းသမီးနင်ကျဲ့ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာ မေးလိုက်၏။ “မင်းသမီးကြီး... ခင်ဗျားက ရေနက်တပ်ဖွဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ။ ခင်ဗျား ဘယ်လိုထင်လဲ။”
မင်းသမီး နင်ကျဲ့က သူမ၏ မျက်လုံးကို မှိတ်ကာဖြင့် ဖြည်းညင်းစွာ ပြောသည်။ “ဦးရီးတော် နင်ကန်က လျှို့ဝှက် အမိန့်တော်ကို ဖျက်ဆီးခဲ့တာ အမှန်ပဲ။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့ ရေနက်တပ်ဖွဲ့ကို လွှဲပြောင်းသင့်တယ်။”
ထိုစကားထွက်လာချိန်မှာတော့ နင်ကျန်း၊ လီစွမ်း၊ လီအန်းနှင့် အခြားသောသူများက နင်ကျဲ့ကို လှမ်းကာ ကြည့်၏။ ‘မင်းပဲ ... လျှို့ဝှက် အမိန့်တော်ကို အစားထိုးလိုက်တာ မင်းပဲ။ ဘုရင်မင်းမြတ်က မင်းကို အရမ်း ယုံကြည်ခဲ့တယ်။ မင်းကို သူ့ရဲ့ လုံးဝယုံကြည်ရတဲ့ လူတစ်ယောက်အဖြစ် ဘုရင်မင်းမြတ်က သဘောထားတယ်။ ဘာလို့ သစ္စာဖောက်ရတာလဲ။’
မင်းသမီးနင်ကျဲ့က မျက်နှာထား မပြောင်းလဲချေ။ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့ မင်းတို့ အလုပ်လုပ်ကြ။”
ရေနက်တပ်ဖွဲ့ စစ်သည်ပေါင်းများစွာက နင်ကန်ကို ဖမ်းဆီးရန် ရှေ့တိုးလာ၏။
“မလှုပ်နဲ့။”
နင်ကျန်းက ပြော၏။ “မင်းတို့ ဘာလုပ်ချင်လဲ ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းတို့ အခုလှုပ်ရင် ပြည်တွင်းစစ် ဖြစ်သွားလိမ့်မယ်။”
“ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ချီ”
နင်ကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေသည် ဆိုသော်လည်း သူ၏ အသံကတော့ အေးစက်နေသည်။ “ခင်ဗျားတို့ ဘာပဲလုပ်ချင်လုပ်ချင် ရပ်လိုက်။ မဟုတ်ရင် ကျုပ် ချက်ချင်း စစ်ကြေညာခိုင်းမယ်။ မြို့စောင့်တပ်သားတွေကို တံခါးဖွင့်ခိုင်းပြီး ချင်ဘုရင်ရဲ့ စစ်သည်တစ်သောင်းကို မြို့ထဲဝင်ပြီး သတ်ခိုင်းမယ်။ ကျုပ်ကို အတင်းအကျပ် မလုပ်နဲ့။”
နင်ကျန်းက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို ဖက်ထား၏။ “ကျူးဟုန်ကျူး၊ နင်ချီ၊ ကျုံးအီ၊ နင်ချီ၊ တခြားအမတ်တွေ... ကျုပ်မှာ အမြင်တစ်ခုရှိတယ်။ အဖေက လဲကျသွားပြီ။ သူ့ရဲ့ အသက်ရှင်နှုန်းက မသေချာတော့ဘူး။ အိမ်ရှေ့စံနေရာအတွက် တိုက်ပွဲကို ခဏဘေးဖယ်ပြီး အဖေ့ကို အရင် ကယ်တင်ရမယ်။ နင်ချီ ဘယ်လိုလဲ။”
တတိယမင်းသား နင်ချီက ပြောသည်။ “ပဉ္စမညီလေး ပြောတဲ့အတိုင်း လုပ်ရအောင်။”
နင်ကျန်းက ပြော၏။ “ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ချီ ဘယ်လိုလဲ။”
“ရွှဲ့ပြည်နယ်မင်းကြီးပြောတာ မှန်ပါတယ်။”
နင်ကျန်းက ပြောသည်။ “နန်းတွင်း ညီလာခံ ပြီးပြီ။ အားလုံး နန်းတော်ထဲက ထွက်သွားကြ။ ဘယ်သူမှ ဒီမှာ နေခွင့်မရှိဘူး။ မင်းသမီး နင်ကျဲ့.. ရေနက်တပ်ဖွဲ့က လူတွေကို ခေါ်ပြီး ထွက်သွားပါ။”
မင်းသမီး နင်ကျဲ့က ဘာမှမပြောဘဲ ချက်ချင်း ထွက်ခွာသွားခဲ့၏။
“ရှမ့်လန်ကို နန်းမြို့တော်ထဲခေါ်ပြီး ဘုရင်မင်းမြတ်ကို ကယ်တင်ခိုင်းလိုက်။”
အမတ်အားလုံးက နန်းတော်ထဲမှ ထွက်ခွာသွားခဲ့၏။ နန်းတွင်းတံခါးအားလုံးကို ပိတ်လိုက်၏။ မြို့စောင့်တပ်သားများက အသင့်အနေအထား ရှိ၏။ မြို့ပြင်ရှိ မြင်းစီးစစ်သည် တစ်သောင်းလုံးက အသင့်အနေအထားဖြင့် ရှိ၏။ ရေနက်တပ်ဖွဲ့မှ စစ်သည်အားလုံးကလည်း အသင့်အနေအထားပင်။
နန်းမြို့တော်တွင် ညမထွက်ရ အမိန့်များ တည်ရှိနေ၏။ ဘယ်သူမှ အပြင်ထွက်ခွင့် မပြုချေ။ မည်သည့်ဆိုင် မှလည်း ဖွင့်ခွင့်မရှိချေ။ နိုင်ငံတော်၏ဝန်ကြီးနှင့် အတွင်းရေးကောင်စီ၏ အမိန့်မရှိဘဲ လမ်းမထက်တွင် မည်သူမှ လမ်းလျှောက်ခွင့် မရှိတော့ချေ။ မဟုတ်ပါက ပုန်ကန်မှုအဖြစ် မှတ်ယူပြီး သတ်ဖြတ်ရပေလိမ့်မည်။
မရေမတွက်နိုင်သည့် အမတ်များက အိမ်သို့ပြန် တံခါးပိတ်ပြီး စောင်အောက်တွင် ပုန်းနေကြ၏။ သူတို့က တုန်ယင်နေကြ၏။ ယနေ့ မြင်ကွင်းက တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ မူလက နင်ချီကို ထောက်ခံသည့် အမတ်တွေပင်လျှင် နှလုံးသားတစ်ခုလုံး အေးစက်သလို ခံစားရ၏။ တကယ်ကို ရူးသွပ်လွန်း၏။ အောက်ခြေစည်းမျဉ်းလည်း မရှိချေ။
ဘုရင်မင်းမြတ် ရုတ်တရက် လုံးဝ လဲကျသွားသည့်ပုံစံက လူတိုင်း၏ နှလုံးသားထဲတွင် မှန်တစ်ချပ်ကဲ့သို့ပင် ကြည်လင်စွာ ပုံရိပ်ယောင် ထင်ဟပ်နေ၏။ ကျူး၊ ကျုံးနှင့် ရွှယ်မိသားစုတို့တွင် အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ ထို့အပြင် နင်ချီက ကိုယ့်အဖေကိုယ်သတ်ရဲသည်လား။
ထို့အပြင် မင်းသမီး နင်ကျဲ့က ဘာဖြစ်သနည်း။ သူမက မည်သည့် လောဘစိတ်မှ ရှိသည့်လူတစ်ယောက် မဟုတ်ပေ။ မည်သည့်အရာကို အသုံးပြုပြီး သူမကို ဘက်ပြောင်းအောင် ကြိုးစားခဲ့သနည်း။ ဘုရင်မင်းမြတ် အပေါ် မည်မျှ သစ္စာရှိလိုက်သည့်လူနည်း။ သို့ပေမည့် ဤကဲ့သို့ သစ္စာဖောက်ခဲ့၏။
ဘုရင်မင်းမြတ်က နင်ကျဲ့အပေါ် ယုံကြည်မှုက လီစွမ်းနှင့် အခြားသောသူများထက် မနည်းချေ။ သို့ပေမည့် သူမက ဘာကြောင့် သစ္စာဖောက်ခဲ့ရသနည်း။ ဘာတွေဖြစ်ပျက်ခဲ့သနည်း။ ဘုရင်မင်းမြတ် နင်ကျဲ့ကို ယုံကြည်ခဲ့သည်က တကယ်ပဲ မျက်စိကန်းခဲ့ခြင်းလား။
ဦးရီးတော် နင်ကန်က တကယ်ပဲ သစ္စာရှိပြီး စိတ်မထိန်းနိုင်ခဲ့ချေ။ အရေးကြီးသည့်အချိန်တွင် လျှို့ဝှက် အမိန့်ကို တစ်ခါတည်း ဆွဲဖြဲကာ ဝါးစားခဲ့၏။ မဟုတ်ပါက အရှင့်သား နင်ချီက အိမ်ရှေ့စံ ဖြစ်သွားပေလောက်ပြီ။
............
နန်းတော်၏အတွင်းမှာတော့ နန်းတွင်းသမားတော် ဒါဇင်ပေါင်းများစွာတို့က တတ်နိုင်သမျှ ကြိုးစား ကုသသော်လည်း အချည်းအနှီးပင်။ နင်ယွမ်ရှန်း၌ နှလုံးခုန်သံနှင့် အသက်ရှုသံ လုံးဝ မရှိတော့ပေ။ လုံးဝ သေသွားသကဲ့သို့ပင် ဖြစ်၏။ အပေါ်ယံတွင် ဤလက္ခဏာက ယခင်က သွေးကြောပိတ်ဆို့မှုနှင့် ဆင်တူသော်လည်း တကယ်တမ်းမှာတော့ လုံးဝ ကွာခြား၏။
လီမူ၊ လီချင်းချိုး၊ ကျုံးချူးကဲ့နှင့် အခြားသောသူများက နန်းတော်ထဲသို့ ဝင်လာ၏။ သူတို့က တတ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း နင်ယွမ်ရှန်း ဘာဖြစ်သည် ဆိုသည်ကို မသိရှိခဲ့ချေ။ သေပြီလား၊ မသေပြီလား ဟုတောင် မဆုံးဖြတ်နိုင်ခဲ့ချေ။
“ဘယ်သူလဲ။ ဘယ်သူလဲ။ ဘုရင်မင်းမြတ်က ဒီအတောအတွင်း သံသယ ဖြစ်ဖွယ်ရာ လူတွေနဲ့ မချဉ်းကပ်ခဲ့ဘူး။ သူ့ရဲ့အစားအသောက်နဲ့ ရေတွေကိုလည်း ကျုပ်တို့ပဲ ကိုင်တွယ် စစ်ဆေးခဲ့တာ။ စေတီတောင်မှာ နတ်ဘုရားတွေရဲ့နည်းလမ်းတွေ ရှိနေရင်တောင်မှ ဘုရင်မင်းမြတ်ကို သတ်နိုင်မှာ မဟုတ်ဘူး။
“ဘာကြောင့်လဲ။ ဘုရင်မင်းမြတ်က ရုတ်တရက် လဲကျသွားခဲ့တယ်။ ပြီးတော့ အရေးကြီးဆုံး အခြေအနေမှာ”
ရုတ်တရက် မိန်းမစိုးကြီး လီမူက ပြော၏။ “ဒါ မင်းသမီး နင်ဟန်ပဲ။ မနေ့ညတုန်းက ရုတ်တရက် ပေါ်လာပြီး ဘုရင်မင်းမြတ်နဲ့ တွေ့တယ်။ သူက တိကျတဲ့ လှုပ်ရှားမှုတွေ မလုပ်ခဲ့ဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျုပ်ကို တို့လိုက်သလို ခံစားရတယ်။”
“တို့လိုက်တာလား။” လီချင်းချိုးက မေးသည်။
လီမူက ပြောလိုက်၏။ “ဒါက ဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခုပဲ။ အဲဒီအချိန်တုန်းက ကျုပ်ရဲ့ခေါင်းက ပေါက်ကွဲတော့မလိုပဲ ခံစားရတယ်။ ခန္ဓာကိုယ်က အမွေးတွေအားလုံး မီးရှို့ခံလိုက်ရသလို ခံစားရတယ်။ ဟုတ်တယ်။ အဲဒီ ခံစားချက်ပဲ။ ဒါပေမယ့် ကျုပ်ရဲ့ခန္ဓာကိုယ်က ဘာမှမဖြစ်ခဲ့ဘူး။”
“နင်ဟန်... နင်ဟန်...”
မိဖုရားကြီးပျံ့က နာမည်ကို ရွတ်၏။ သူမ၏ စိတ်ဝိညာဉ် တစ်ခုလုံးက ပျက်စီး သွားခဲ့၏။ သူမက ငိုပင် မငိုနိုင်တော့ချေ။ “ဘာလို့လဲ။ သူက အဖေကို ဒီလောက်တောင် မုန်းနေတာလား။ ပြီးတော့ ဒါက မွေးဖခင်ပဲ။ ဘာလို့ ကိုယ့်အဖေကို သတ်ဖို့ လုပ်ရတာလဲ။”
မိဖုရားကြီးပျံ့က တုန်ယင်နေ၏။ “တိရစ္ဆာန်တောင်မှ ကိုယ့်ရဲ့အဖေနဲ့အမေကို မစားဘူး။ သူက သားရဲထက်တောင် ပိုပြီး ဆိုးနေတာပဲ။”
လီချင်းချိုးက ပြောသည်။ “ကောင်းကင်ပဲလယ် နန်းဆောင်က ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်။ သူတို့က အရမ်းကို နက်နဲပြီး အစွမ်းထက်တယ်။ ရှေးဟောင်းအစွမ်းတွေကို အသုံးပြုပြီး အရှင်မင်းကြီးကို လုပ်ကြံခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်။ ကောင်းကင်ပင်လယ် နန်းဆောင်မှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်။”
လီစွမ်းက အံကို ကြိတ်လိုက်၏။ “ဒါက ခွေးသူတောင်းစား အုပ်စုပဲ။ ရှေးဟောင်းပစ္စည်းတွေကို တူးဖော်ပြီးတဲ့နောက်မှာ သူတို့က ကိုယ့်အတွက်ပဲ သိမ်းဆည်းထားရုံသာမကဘူး။ သူတို့ရဲ့ ထူးကဲတဲ့ အခြေအနေကို ထိန်းသိမ်းထားဖို့ လောကကြီးရဲ့ ယဉ်ကျေးမှုကို ပိတ်ဆို့ထားတာ။ အရာအားလုံးကို သူတို့ပဲ သိမ်းဆည်းထားခဲ့တာ။
အင်ပါယာကျန်းလီသာ ရှိခဲ့မယ်ဆိုရင် ဒီသားရဲထက်တောင်ဆိုးတဲ့လူတွေ အကုန်လုံး သေလောက်ပြီ။ ဒီလူတွေက သေသင့်တဲ့လူတွေချည်းပဲ။ အခု ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးက မသေချာတော့ဘူး။ အင်ပါယာက မကြာခင် ဝင်စွက်ဖက်လိမ့်မယ်။”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “အရှင့်သား နင်ကျန်း... ခင်ဗျား စစ်ပွဲကို စတင်ချင်လား။ နင်ချီ၊ နင်ကျန်းနဲ့ ကျူးဟုန်ကျူးတို့ မျိုးနွယ်စုတွေကို သတ်ပစ်မလား။”
နင်ကျန်းက ခေါင်းကို ခါယမ်းလိုက်၏။ “အခွင့်အလမ်း မရှိဘူး။ ရေနက်တပ်ဖွဲ့ တစ်ခုလုံးက ပုန်ကန်သွားပြီ။ တခြားတစ်ဖက်မှာ ယင်ယွမ်အဖွဲ့အစည်းနဲ့ အင်ပါယာရဲ့ထောက်ခံမှုတွေလည်း ရှိသေးတယ်။ သူတို့မှာ အဆင့်မြင့် ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ သူတို့ ကျုပ်တို့ကို မသတ်နိုင်သလို ကျုပ်ကလည်း နင်ချီကို မသတ်နိုင်ဘူး။ ပြီးတော့ ကျုပ်တို့ မြို့တော်မှာ စစ်ပွဲဖြစ်မယ်ဆိုရင် တော်ဝင်ရန်အင်ပါယာက ဝင်ပြီး စွက်ဖက်ဖို့ အကြောင်းပြချက် ဖြစ်သွားလိမ့်မယ်။ အဲအချိန်ကျရင် အင်ပါယာက အမိန့်ထုတ်ပြန်ပြီး ရွှဲ့ပြည်နယ်ထဲကို တည့်တည့် ဝင်လာလိမ့်မယ်။”
ထိုအရာက သေချာ၏။ သူသာ စစ်ပွဲစချင်သည် ဆိုပါက နင်ယွမ်ရှန်း နိုးထလာပြီး ကျုံးနှင့် ရွှယ်မျိုးနွယ်ကို သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်ချရန် အမိန့်ထုတ်ပြန်ရမည်။ ပြီးနောက် ရှမ့်လန်နှင့် နင်ကျန်းတို့အား ပုန်ကန်သူများကို နိုင်နင်းရန် အမိန့်ပေးရမည်။ ထိုသို့ဆိုလျှင် တော်ဝင်ရန် အင်ပါယာ၌ ဝင်ရောက် စွက်ဖက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
ယခု နင်ယွမ်ရှန်း၏ ကံကြမ္မာက မသေချာသောကြောင့် နင်ချီနှင့် နင်ကျန်းတို့ မြို့တော်၌ စစ်ပွဲစသည် ဆိုပါက တော်ဝင်ရန်အင်ပါယာက ကြားဝင်ဖြန်ဖြေရန်နှင့် မြေရှင်ပဒေသရာဇ်၏ ဗဟိုချုပ်ကိုင်မှု စနစ်ကို အသက်သွင်းရန် တစ်ခါတည်း စစ်သည်များကို စေလွှတ်ကာဖြင့် ဤနေရာ၌ ခြေကုတ်ယူလိမ့်မည်။
နင်ကျန်းက ပြော၏။ “အခု အရေးကြီးဆုံးက အဖေ့ကို ကယ်တင်ဖို့ပဲ။”
“အင်း.. ခက်ခဲမယ်လို့ ထင်တယ်။”
မိန်းမစိုးကြီး လီမူက ပြောလိုက်၏။ “ရှမ့်လန်ရဲ့ ဆေးပညာက ပြိုင်ဘက်ကင်းတယ် ဆိုပေမယ့် ဘုရင်မင်းမြတ်ရဲ့ရောဂါက သာမန်ရောဂါ တစ်ခု မဟုတ်ဘူး။ ဒါက ရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပတ်သက်နေတယ်။ သူ ဒီကိစ္စမှာ မကျွမ်းကျင်လောက်ဘူး။”
ရှေးဟောင်းယဉ်ကျေးမှုက သဘာဝလွန် အင်အားစုများ၏ နယ်ပယ် ဖြစ်၏။ ယခုလည်း မဟာပညာရှင်ပေါင်း များစွာနှင့် နန်းတွင်းသမားတော် ဒါဇင်ပေါင်းများစွာတို့က နင်ယွမ်ရှန်း၏ ရောဂါဇစ်မြစ်ကိုပင် ရှာမတွေ့နိုင်ခဲ့ကြချေ။ ကုသဖို့ဆိုရင် ပိုပြီး ဝေး၏။ တကယ်တော့ နင်ယွမ်ရှန်းက လုံးဝ ဖျားနာခြင်းလည်း မရှိချေ။
ရုတ်တရက် လီစွမ်းက ပြောသည်။ “ရှမ့်လန်က ဘုရင်မင်းမြတ်ကို မကယ်နိုင်ရင် အင်ပါယာက အခြေအနေကို ထိန်းချုပ်ဖို့ လူတစ်ယောက် စေလွှတ်လာလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ ဘာလုပ်သင့်လဲ။”
ယခု ဘုရင်မင်းမြတ်က လဲကျသွား၏။ သူ၏ ကံကြမ္မာကိုပင် သူ မသေချာတော့ချေ။ လောကကို အုပ်စိုးနေသည့် လူအနေဖြင့် အင်ပါယာ၌ သူ၏ လက်အောက်ခံ နိုင်ငံငယ်များကို ထိန်းချုပ်ရန် အကြွင်းမဲ့ အခွင့်အရေး ရှိ၏။ နောက်ဆက်တွဲ ဘာဖြစ်နိုင်မည် ဆိုသည်က ရှင်းလင်း၏။
အင်ပါယာက နန်းမြို့တော်ထဲသို့ တော်ဝင်သံတမန် တစ်ဦးကို စေလွှတ်မည်။ နောက်ဆုံးမှာတော့ နန်းတွင်းအမတ်တွေက နင်ချီကို ရွေးကောက်တင်မြှောက်ပေလိမ့်မည်။ အင်ပါယာက ပြည်သူ့ဆန္ဒအတိုင်း နင်ချီကို ခန့်အပ်ပေးလိမ့်မည်။ ထိုတင်သာ မကသေးချေ။ ယခု နင်ယွမ်ရှန်း၏ ကံကြမ္မာက မသေချာသောကြောင့် နိုင်ငံက အုပ်စိုးသူ မရှိဘဲ မနေနိုင်ချေ။ ထို့ကြောင့် နင်ချီက အိမ်ရှေ့စံဖြစ်ပြီးနောက် မကြာခင်မှာပဲ ထီးနန်းကို ဆက်ခံပေလိမ့်မည်။ နင်ယွမ်ရှန်း သေခြင်း၊ မသေခြင်းက ကိစ္စ မရှိတော့ချေ။
………….
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာပါက နင်ကျန်းအတွက် အခြေအနေ ပြောင်းလဲရန် အခွင့်အရေးက နည်းပါး၏။ ထီးနန်းကို ဆုံးဖြတ်ပြီးသည်နှင့့် ပြန်လည်ရယူဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
မိန်းမစိုးကြီး လီစွမ်းက ပြော၏။ “ဒါကြောင့် မင်းကြီးနင်ကျန်း ခင်ဗျား ကြိုပြီး စီစဉ်ရပါလိမ့်မယ်။ လိုအပ်ရင် နန်းတော်ထဲကို အတင်းဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာရလိမ့်မယ်။”
လီစွမ်း၊ လီမူနှင့် အခြားသောသူများ အားလုံးက နင်ယွမ်ရှန်း၏ ကျန်းမာရေးအပေါ်တွင် အဆိုးမြင်စိတ် ရှိ၏။ ကောင်းကင်ပင်လယ် နန်းဆောင်က ရှေးဟောင်းယဉ်ကျေးမှုများကို အသုံးပြုပြီး နင်ယွမ်ရှန်းကို လုပ်ကြံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ရှမ့်လန်အတွက် ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့ ဆိုသည်က အလွန်ပင် ခက်ခဲမှာ သေချာ၏။ ထို့ကြောင့် ယခု မလုပ်ဆောင်လျှင် နောက်ကျသွားပေလိမ့်မည်။
လီစွမ်းက ပြော၏။ “မင်းကြီး.... မြို့စောင့်တပ်သားတွေက အနည်းဆုံး ခင်ဗျားရဲ့စကားကို နားထောင်လိမ့်မယ်။ ကျုပ်တို့မှာ ချင်နိုင်ငံရဲ့ မြင်းစီးစစ်သည် တစ်သောင်း ရှိသေးတယ်။ ကျုပ်တို့က ရွှယ်၊ ကျုံးနဲ့ ကျူးမျိုးနွယ်စုကို ဖျက်ဆီးလို့ မရပေမယ့် မြို့တော်ကိုတော့ ထိန်းချုပ်ထားနိုင်တယ်။ အနည်းဆုံး ကျုပ်တို့ ထီးနန်းကို ဆုံးဖြတ်နိုင်တယ်။”
နင်ကျန်းက ပြောသည်။ “ဘယ်သူက ဆုံးဖြတ်မှာလဲ။ ဦးရီးတော် နင်ကန်က ကျုပ်ကို ကာကွယ်ဖို့ တော်ဝင် အမိန့်တော်ကို ဆွဲဖြဲခဲ့လို့ အကျဉ်းချခံနေရတယ်။ အခု နန်းတော်ထဲမှာ အခွင့်အာဏာ အရှိဆုံးက မယ်တော်ကြီးပဲ။ ဒါပေမယ့် မယ်တော်ကြီးက စိတ် မကြည်လင်ဘူး။ အခြေအနေကို မထိန်းချုပ်နိုင်ဘူး။ ကျုပ် အခု အတင်းအကြပ်နဲ့ ထီးနန်းတက်မယ်ဆိုရင် ပုန်ကန်တာနဲ့ တူတူပဲ။”
“ဒါဆိုရင် ကျုပ်တို့ ဘာလုပ်ရမှာလဲ။”
လီစွမ်း အော်ဟစ်လိုက်၏။ “ရှမ့်လန်က ဘုရင်မင်းမြတ်ကို မကယ်နိုင်ရင် ကျုပ်တို့က နင်ချီ ထီးနန်းတက်တာကို ထိုင်ကြည့်နေရုံပဲ ရှိတော့မယ်။”
နင်ကျန်းက ပြောလိုက်သည်။ “ပြင်ဆင်မှု နှစ်ခုကို လုပ်ရမယ်။ ရှမ့်လန် နန်းမြို့တော်ကို ပြန်လာရင် အဖေ့ကို အရင်ဆုံး ကယ်တင်ဖို့ စောင့်ရမယ်။ သူသာ ကယ်တင်နိုင်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင် မယ်တော်ကြီးကို စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြန်ဖြစ်အောင် ကုသပေးရမယ်။ ကျုပ်သာ ထီးနန်းတက်ချင်ရင် မယ်တော်ကြီး ပြန်သတိရလာဖို့ လိုလိမ့်မယ်။”
“ကောင်းပါပြီ။”
“မယ်တော်ကြီးကို ထိန်းသိမ်းထားလိုက်။ သူ့ကို နန်းတော်ထဲကနေ ထွက်ခွင့်မပေးနဲ့။ စကားပြောခွင့်လည်း မပေးနဲ့။”
“ကောင်းပါပြီ။”
အပိုင်း (၇၃၀)
သူက မလိုအပ်မချင်း မိမိကိုယ်ကို ဘုရင်အဖြစ် လုံးဝ မကြေညာချင်ပေ။ အကြောင်းပြချက် မည်မျှပင် ကောင်းကောင်း မိမိကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာခြင်းက သစ္စာဖောက်မှုအဖြစ် သူ ရှုမြင်၏။
“လီချင်းချိုး၊ ကျုံးချူးကဲ့... ခင်ဗျားတို့ နှစ်ယောက်က ချက်ချင်းသွားပြီး ရှမ့်လန်ကို နန်းမြို့တော်ဆီ ခေါ်လာခဲ့။”
“ကောင်းပါပြီ။” မဟာပညာရှင် နှစ်ယောက်တို့က ပြေးထွက်သွားခဲ့၏။ သူတို့က မတွန့်မဆုတ်ဘဲ ထျန်းရှစ်စီရင်စုဆီသို့ ပြေးသွား၏။ ၁၀ နာရီ ကြာမြင့်ပြီးနောက် လီချင်းချိုးနှင့် ကျုံးချူးကဲ့တို့က ရှမ့်လန်၏ စခန်းဆီသို့ ရောက်ရှိလာ၏။
“ဘုရင်မင်းမြတ် လုပ်ကြံခံရပြီး သူ့ရဲ့အခြေအနေက မသေချာဘူး။ ချက်ချင်း နန်းမြို့တော်ကို ဝင်ပြီး ကယ်တင်ရလိမ့်မယ်။”
ပြီးနောက် သူတို့နှစ်ဦးက ရှမ့်လန်နှင့် အတူ ပြန်လည် ထွက်ခွာလာခဲ့သည်။
“ယောက်ျား.. ကျွန်မ လိုက်သင့်လား။” မူလန်က လှမ်းကာ မေးမြန်း၏။
ရှမ့်လန်က ပြန်ကာ ဖြေဆိုလိုက်သည်။ “မဟုတ်သေးဘူး။ မိန်းမ... မင်း ဒီမှာနေပြီး စစ်ပွဲအတွက် ပြင်ဆင်ရလိမ့်မယ်။ မမှားဘူးဆိုရင် ကျုံးမျိုးနွယ်ရဲ့စစ်သည်တွေက တစ်လအတွင်း မင်းကို တိုက်ခိုက်လိမ့်မယ်။ ပထမနဲ့ ဒုတိယ နိဗ္ဗာန စစ်သည်တွေကို မင်းအတွက် ချန်ထားခဲ့မယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ကျုံးမျိုးနွယ်ကို အသာ တစ်ခါတည်း သတ်ပစ်လိုက်တော့။”
ဤသို့ ပြောပြီးနောက် ရှမ့်လန်က မြင်းပေါ်သို့ တက်ကာဖြင့် နန်းမြို့တော်ဆီသို့ အလျင်အမြန် သွား၏။
“ကောင်းပါပြီ။” ကျင်းမူလန်ရဲ့ ပြန်ဖြေ၏။ သူမ၏ အသံက တုန်ယင်နေ၏။ သူမ၏ ပခုံးထက်သို့ လေးလံသည့် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျဆင်းလာသလို ခံစားရ၏။ သူမသည် ယခင်က ဒုတိယ နိဗ္ဗာန တပ်တော်ကို ဦးဆောင်ပြီး နန်အိုနိုင်ငံ၏ မြို့တော်ကို စစ်ချီခဲ့၏။ သို့ပေမည့် မအောင်မြင်ဘဲ ခြေမှုန်းခံရလုနီးပါး ဖြစ်ခဲ့၏။
ထို့နောက် သူမက တာ့နန်နိုင်ငံ၏ မြို့တော်သို့ ရုတ်တရက် တိုက်ခိုက်ခဲ့၏။ သို့ပေမည့် ငိုရမလား၊ ရယ်ရမလားပင် မသိချေ။ အရာအားလုံးက အဆင်ပြေ ချောမွေ့သွားခဲ့၏။ ယခု အချိန်မှာတော့ မူလန်က သူ့ကိုယ်သူပင် သံသယ ဝင်နေမိ၏။ သူမ၏ ယောက်ျား ဘေးနားတွင် မရှိဘဲ စစ်ပွဲကို မည်သို့ တိုက်ရမည် ဆိုသည်ကိုပင် သူမ မသိတော့ချေ။ တာဝန်ယူဖို့ဆိုသည်က တကယ့်ကို ခက်ခဲလိမ့်မည် ဟုလည်း ခံစားရသည်။
“မူလန်... ယောက်ျားက မင်းကို ချန်ထားခဲ့တယ်ဆိုတာ သူ့မှာ လျှို့ဝှက်လက်နက် ရှိလို့ပဲ။ သူ မင်းကို လုပ်နိုင်တယ်လို့ ထင်လို့ သေချာပေါက် တာဝန်ပေးခဲ့တာပဲ။ သေချာပေါက် လုပ်နိုင်ရမယ်။ ငါ ယောက်ျားကို စိတ်ပျက်စေလို့ မဖြစ်ဘူး။”
မူလန်က သူမ၏စွမ်းအင်အားလုံးကို စုစည်းပြီး စစ်သည်လေးထောင်ကို ဦးဆောင်ကာဖြင့် ဤရဲတိုက်ငယ်လေးကို စောင့်ကြပ်၏။ သူက ကျုံးမိသားစု၏ စစ်တပ်ကြီး တိုက်ခိုက်လာမည့် အချိန်ကို စောင့်၏။
..........
ဆယ်နာရီ ခုနစ်မိနစ်ခန့် ကြာပြီးနောက် ရှမ့်လန်က နန်းတော်ထဲသို့ အလျင်အမြန်နှင့် ပြေးဝင်၏။ သူတို့က နေ့မနား ညမနား ခရီးနှင်လာရခြင်းပင်။
“ရှမ့်လန် ရောက်လာပြီ။ သခင်လေးရှမ့် ရောက်လာပြီ။” လူတိုင်းက နောက်ဆုတ်ပေး၏။ ရှမ့်လန်အတွက် လမ်းဖွင့်ပေးသည်။
ရှမ့်လန်က ခရီးပန်းမှုနှင့်အတူ နင်ယွမ်ရှန်း၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။
“ရှမ့်... ငါတို့ ဘုရင်မင်းမြတ်ရောဂါရဲ့ အကြောင်းရင်းကို ဘယ်လိုမှ ရှာမတွေ့ဘူး။ လွန်ခဲ့တဲ့ သုံးရက် နန်းတွင်းအစည်းအဝေးမှာ သူ ရုတ်တရက် လဲကျပြီး သတိလစ်သွားတယ်။ လေဖြတ်သွားသလိုပဲ။ ဒါက အသေးစိတ်တော့ မဟုတ်ဘူး။ နှလုံးခုန်သံ လုံးဝ မရှိသလောက် ဖြစ်တာ။ အသက်ရှုသံကိုလည်း မကြားရဘူး။ သေဆုံးသွားသလိုပဲ။ ငါတို့ နည်းလမ်းတွေ အကုန်လုံးကို သုံးပြီး ကြိုးစားခဲ့တယ် ဆိုပေမယ့် တုံ့ပြန်မှု မရှိဘူး။ ဘုရင်မင်းမြတ် သတိရလာဖို့ဆိုရင် ဝေးလာဝေးပဲ။”
ရှမ့်လန်က ရှေ့ကို တိုး၏။ ပိန်လှီနေသည့် နင်ယွမ်ရှန်းကို ကြည့်၏။ ခဏတာ မမြင်ခဲ့ရသော်လည်း ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဤမျှလောက် အိုစာသွားခဲ့၏။ ယခင်က မည်မျှ နူးညံ့ပြီး နုပျိုခဲ့သနည်း။
သူက နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို X-Ray အမြင်နှင့် ကြည့်ရှု၏။ အဆိပ်မရှိချေ။ လေဖြတ်ခြင်းလည်း မဟုတ်ချေ။ ဦးနှောက်သွေးကြော ပိတ်ဆို့မှုလည်း မဟုတ်ချေ။ ဦးနှောက်တွင် သွေးခဲခြင်းလည်း မရှိချေ။ ဤအရာက ထူးဆန်းလွန်း၏။
ရှမ့်လန်က တစ်ဖက်လူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ သွေးစစ်ဆေးမှု ပြုလုပ်၏။ စစ်ဆေးမှု အားလုံးကို လုပ်ဆောင်သော်လည်း နောက်ဆုံး ဘာမှမရှိချေ။ သူက စိတ်ပိုင်းဆိုင်ရာဖြင့် ပြင်ဆင်ထားခဲ့သော်လည်း အံ့အားသင့်နေတုန်းပင်။
ဤအရာက ဆေးပညာ၏ နယ်ပယ်ကို ကျော်လွန်သွားခဲ့၏။ မည်သည့်အကြောင်းရင်းမှ ရှာမတွေ့ချေ။ ရုတ်တရက် လဲကျပြီး သတိလစ်သွားခြင်းပင်။ ထို့အပြင် တစ်စုံတစ်ယောက်က သေသေချာချာနှင့် ပြုလုပ်ခဲ့သလိုပင်။ နင်ယွမ်ရှန်းက နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ကြေညာကာနီး လဲကျသွားခဲ့၏။ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသကဲ့သို့ပင်။
လောကတွင် ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုး မရှိချေ။ အသေးစိတ် အချက်အလက်တချို့ လွဲချော်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ရဲရင့်ပြီး စိတ်ကူးစိတ်သန်း အားလုံးကို သေသေချာချာနှင့် ပြန်လည်ကာ ရှာဖွေပြီး စုံစမ်း စစ်ဆေးရပေမည်။
ရှမ့်လန်က နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို သေသေချာချာနှင့် ပြန်လည်ကာ ထပ်မံ စစ်ဆေးကြည့်ရှုလိုက်၏။ နှလုံးသားနေရာတွင် မှိန်ဖျော့ဖျော့ အမှတ်အသား တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက သာမန်အတိုင်းဟု ထင်ရ၏။ တစ်စုံတစ်ခုနှင့် ဖိထားလို့ ပေါ်ပေါက်လာခဲ့သည့် အမှတ်အသားကဲ့သို့ပဲ။
သို့ပေမည့် ရှမ့်လန်က သူ၏ X-Ray အမြင်နှင့် သေသေချာချာ စူးစိုက်ကာ ကြည့်ရှု၏။ ထိုအရာက မီးလောင်ထားသည့် အမှတ်သား တစ်ခုကဲ့သို့ပင်။
“ဒါ ဘာဖြစ်တာလဲ။” ပြီးနောက် ရှမ့်လန်၏မျက်စိက နင်ယွမ်ရှန်း၏ အတွင်းခံအင်္ကျီပေါ်ရှိ ကြယ်သီးတစ်ခုဆီသို့ ရောက်ရှိသွား၏။
ဤကြယ်သီးက အချင်း တစ်လက်မခန့် ရှိပြီး ရွှေနှင့် ပြုလုပ်ထား၏။ ထိုကြယ်သီးပေါ်တွင် ကျောက်မျက်ရတနာ တစ်ခုကို မြှုပ်ထား၏။ နင်ယွမ်ရှန်း၏ ဖြုန်းတီးလွန်းသည့် အကျင့်စရိုက်နှင့်ပင် ဤကြယ်သီးက ခမ်းနားလွန်းနေ၏။ ထို့အပြင် အခြားသော ကြယ်သီးများနှင့် လုံးဝ မတူဘဲ နှလုံးသား နေရာနှင့် အနီးဆုံး ရှိနေ၏။ ဤကြယ်သီးက မရိုးရှင်းချေ။ အနည်းငယ် ထူးဆန်းလို့နေသည်။
ရှမ့်လန်က ကြယ်သီးကို အသာယူပြီး အနီးကပ်ကြည့်၏။ ဤအရာက သာမန် ပတ္တမြား တစ်ခုကဲ့သို့ပင်။ သန့်စင်မှုက မြင့်မားပြီး သွေးနီရောင်ကဲ့သို့ နီရဲနေ၏။ ပြီးနောက် သူက X-Ray အမြင်ဖြင့် သေသေချာချာ စစ်ဆေး၏။
“ကောင်းကင်ဘုံ...” X-Ray အမြင်က ဤကြယ်သီး၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို စစ်ဆေး၍ မရနိုင်ခဲ့ချေ။ ထိုအရာက လုံးဝ ပုံမှန် မဟုတ်တော့ပေ။ ပြီးနောက် ရှမ့်လန်က အထူးကိရိယာ တစ်ခုကို ထုတ်ယူပြီး ထိုကျောက်မျက်ရတနာကို ဆွဲဖွင့်ရန် ကြိုးစား၏။ ဖွင့်နေတုန်းမှာပဲ X-Ray အမြင်နှင့် ဆက်တိုက် စစ်ဆေးသည်။
ရုတ်တရက် ရှမ့်လန်က သူ၏ ခေါင်းထဲအထိ နာကျင်သည့် ခံစားမှုကို ခံစားလိုက်ရ၏။ သူ့ဦးနှောက်က သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
“အန္တရာယ်... အန္တရာယ်ပဲ။”
သေစေနိုင်သည့် ဓာတ်ရောင်ခြည် တစ်ခုကို သူက ရှာဖွေတွေ့ရှိခဲ့သည်။
မူလရင်းမြစ်တစ်ခုဆီမှ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်စွမ်းအင် အစိတ်အပိုင်းများက ထိုနေရာဆီမှ အဝေးသို့ ပျံ့နှံ့ထွက်ခွာခဲ့ပြီးနောက် မူလနေရာသို့ ပြန်လည်ရောက်ရှိလာနိုင်ခြင်း မရှိသည်ကို ရောင်စဉ် ဖြာထွက်ခြင်းဟု ခေါ်၏။ အဓိကအားဖြင့် လျှပ်စစ်သံလိုက်လှိုင်းများသည် အမှုန်အမွှားပုံစံ ပျံ့နှံ့သွားခြင်း မျိုး ဖြစ်၏။
အကြွင်းမဲ့ သုည အပူချိန်တွင် မဟုတ်သရွေ့ အရာအားလုံးက ရောင်ခြည်ဖြာထွက်မှု ရှိနေစမြဲပင်။ လက်ကိုင်ဖုန်း လိုင်းဆွဲအားများ၊ မိုက်ခရိုဝေ့ဖ် မီးဖိုများ အစရှိသဖြင့် အားလုံးတွင် ရောင်ခြည်ဖြာထွက်မှု ဟူ၍ ရှိ၏။ တစ်ခုတည်းသော ကွာခြားမှုက ရောင်ခြည်ဖြာထွက်မှု ပမာဏ အနည်းနှင့် အများပင်။ ထို့ကြောင့် ဓာတ်ရောင်ခြည်သင့်ခြင်း ခံလိုက်ရသည်နှင့် နျူကလီးယားဗုံးများကိုသာ ပြေးမြင်ရန် မလိုအပ်ချေ။
ရှမ့်လန်က ကျောက်မျက်ရတနာကို ဖွင့်လှစ်ရန် ပြင်ဆင်လိုက်သည့် အချိန်တွင် ပြင်းထန်လွန်းသည့် ရောင်ခြည်စွမ်းအားတစ်ခုကို ချက်ချင်း အာရုံခံမိ၏။ သူက ထိုလုပ်ရပ်ကို ချက်ချင်းပဲ ရပ်တန့်လိုက်၏။ ပြီးနောက် သူက နင်ယွမ်ရှန်း၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို တစ်ဖန်ပြန်လည် စစ်ဆေးကြည့်၏။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက အရေးကြီးသော အခိုက်အတန့်မျိုးတွင် နင်ယွမ်ရှန်းကို သေစေနိုင်ခဲ့သည့် ဒဏ်ရာတစ်ချက် ပေးခဲ့သည်က ဤကျောက်မျက်ရတနာ ကြယ်သီးပင် ဖြစ်သည်။
လက်ရှိအချိန်တွင်တော့ နင်ယွမ်ရှန်းက ဦးနှောက်သေသွားသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ အခြေအနေက ထိုထက်ပင် ပိုမိုကာ ဆိုးဝါးသေး၏။ ဦးနှောက်သေသွားသူတစ်ဦး၏ အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်းတို့က ပုံမှန်အတိုင်း ရှိနေနိုင်ပြီး တုံ့ပြန်မှု တချို့ပင် ရှိတတ်၏။ ဥပမာအားဖြင့် သမ်းဝေခြင်း၊ မသိစိတ်ဖြင့် တစ်စုံတစ်ခုကို ဝါးခြင်းမျိုး ပြုလုပ်နိုင်၏။
သို့သော်ငြား နင်ယွမ်ရှန်းမှာတော့ တကယ့်ကို သေဆုံးသွားသူ တစ်ဦးကဲ့သို့ပင် မလှုပ်မယှက်နှင့် ငြိမ်သက်နေ၏။ သိသာထင်ရှားသည်က ဤကျောက်မျက်ရတနာက နင်ယွမ်ရှန်း၏ ဦးနှောက်နှင့် အာရုံကြော များကို အချိန်တိုအတွင်း ကြီးမားသည့် ပျက်စီးမှု ဖြစ်စေခဲ့၏။ ထို့ကြောင့် အလိုအလျောက် တုံ့ပြန်မှု မရှိတော့သည့် အခြေအနေဆီသို့ ရောက်ရှိသွားစေခဲ့သည်။
ပြီးနောက် ရှမ့်လန်က နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ရှိ အာရုံကြော တုံ့ပြန်မှု လမ်းကြောင်းများကို စမ်းသပ် စစ်ဆေးကြည့်၏။ မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။ ဤအရာက ဤလောကရှိ ပစ္စည်းတစ်ခု မဟုတ်နိုင်ချေ။ ဤအရာက ရှေးဟောင်းအပျက်အစီးများဆီမှ ရရှိလာခဲ့သည့် အရာသာ ဖြစ်ရပေလိမ့်မည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သဘာဝလွန်အင်အားစုများက ရှေးဟောင်းအပျက်အစီးများထဲမှ အရာဝတ္ထုများကို မည်မျှတူးဖော် ရယူထားကြောင်း တွေ့မြင်နိုင်၏။
“ဒီကြယ်သီးက ဘယ်က ရတာလဲ။” ရှမ့်လန်က မေးလိုက်သည်။
မိဖုရားကြီးပျံ့က ပြောလိုက်၏။ “ဒါ အရင်တုန်းက အရှင်မင်းကြီးနဲ့ ပထမမိဖုရားခေါင်ကြီးတို့ရဲ့ အချစ် သက်သေပါပဲ။ အရင်တုန်းက ဆံထိုးတစ်ချောင်းပေါ်မှာ ရှိနေတဲ့ ကျောက်မျက်ရတနာ တစ်ခုပါ။ အင်ပါယာ ကျန်းလီ သေဆုံးခဲ့ပြီးတဲ့နောက်မှာ အရှင်မင်းကြီးက ပထမ မိဖုရားခေါင်ကြီးကို နန်းချခဲ့ရတယ်။ ပြီးတော့ သူက သူနဲ့အတူ ဆံထိုးကို ယူဆောင်သွားပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဒီဆံထိုးက ပြန်ပေါ်လာခဲ့တာပါ။”
ရှမ့်လန်က မေးသည်။ “ဘယ်သူက အရှင်မင်းကြီးကို ပေးခဲ့တာလဲ။”
မိဖုရားကြီးပျံ့က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားပါ။ သူက အိမ်မှာ မတော်တဆ တွေ့ရှိခဲ့တယ်လို့ ပြောတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မိဖုရားကြီးပျံ့ ဆက်ပြောပါအုံး။”
မိဖုရားကြီးပျံ့က ဆက်လက်ကာ ပြော၏။ “အဲဒီအချိန်တုန်းက ဒီဆံထိုးက ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းနေခဲ့တာ။ ငွေဆံထိုး ဖြစ်လုနီးပါးပါပဲ။ နှစ်တွေကြာတော့ မဲနက်ပြီး ပုံသဏ္ဍာန် ပျက်နေပြီ။ ဒါကြောင့် အရှင်မင်းကြီးက ု ကြယ်သီးအဖြစ် ပြုလုပ်ဖို့ အမိန့်ပေးခဲ့တယ်။ ပြီးတော့ ဝတ်ရုံမှာ ချုပ်ခိုင်းခဲ့တာပဲ။”
ဤနည်းအားဖြင့် ဤကျောက်မျက်က နင်ယွမ်ရှန်း၏ နှလုံးသား နေရာနှင့် ပိုမိုကာ နီးကပ်သွားခဲ့၏။ ဤအရာက နင်ယွမ်ရှန်း၏ မိန်းမပေါ် ထားရှိသည့် အပြစ်ရှိစိတ်နှင့် လွမ်းဆွတ်မှုကို ကိုယ်စားပြုသည်။
ရှမ့်လန်က ကျောက်မျက်ကို နေရောင်အောက်တွင် သေချာစွာ ထောင်ကြည့်၏။ တကယ်ပင် မည်သည့် အပြစ်အနာအဆာမှ မရှိချေ။ အံ့အားသင့်ဖွယ်ရာပင် ဖြစ်၏။ သဘာဝလွန် အင်အားစုများ၏ သူတစ်ပါးကို ဒုက္ခပေးတတ်သည့် နည်းလမ်းများက လုံးဝ ကာကွယ်၍ မရနိုင်လောက်အောင်ပင်။
အချက်အလက်များအရ ကျောက်မျက်ရတနာက အနည်းငယ် ပြုပြင်ခံထားရပြီဖြစ်ကြောင်း ရှမ့်လန်က သေချာသလောက် ရှိသွား၏။ ပထမ မိဖုရားက နင်ယွမ်ရှန်းကို ချစ်သက်သေအဖြစ် ပေးခဲ့သည်က သာမန် ကျောက်မျက်ရတနာ တစ်ခုသာ ဖြစ်သော်လည်း အိမ်ရှေ့စံမင်းသား နင်ယွမ်ရှန်းကို ပေးခဲ့သည်ကတော့ ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ အထူး ကျောက်မျက်ရတနာပင် ဖြစ်ပေမည်။
ဤကိစ္စကို စီမံခန့်ခွဲသူက ကျူးမိသားစုပင် ဖြစ်ရမည်။ အံ့အားသင့်စရာ ကောင်းလှချေ၏။ သူတို့က လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ရွဲ့ဘုရင် နင်ယွမ်ရှန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့၏။ မလှုပ်ရှားဘဲ ဤအချိန်ထိ သည်းခံစောင့်စားနေရသည်က လွယ်ကူလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ဤဆုံးဖြတ်ချက်ကို ချခဲ့သူက ကျူးမျိုးနွယ် မဟုတ်ဘဲ ကောင်းကင်ပင်လယ်နန်းဆောင်သာ ဖြစ်ပေမည်။
ယခင်က ရှမ့်လန်သည် အမြဲတစေ သိချင်ခဲ့၏။ စေတီတောင်က ကူပိုးကောင်များ ရှိသော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်တွင် ဘာရှိသနည်း။ အဘယ်ကြောင့် ဘာမှမရှိဘဲ ဤမျှ အစွမ်းထက် နေရသနည်း။ ယခုအခါမှာတော့ သူက မျက်ဝါးထင်ထင် မြင်လိုက်ရ၏။ တကယ့်ကို အစွမ်းထက်လှချေ၏။
ဤအထူး ကျောက်မျက်ရတနာက ရှမ့်လန်အား ကောင်းကင်ပင်လယ်နန်းဆောင်၏ အင်အားကြီးမားမှု ရေခဲတောင် ထိပ်ဖျားကို လှစ်ဟ ဖွင့်ပြလိုက်ခြင်းပင်။ သို့သော်ငြား ဤကျောက်မျက်ရတနာက ကောင်းကင်ပင်လယ် နန်းဆောင်မှ ပြုလုပ်သည်ဟု ရှမ့်လန်က မယုံကြည်ပေ။ ရှေးဟောင်းအပျက်အစီးများမှ တိုက်ရိုက် တူးဖော် ရရှိထားခြင်းသာ ဖြစ်နိုင်သည်။
“ကယ်လို့ ရသေးလား။” နင်ကျန်းက မေး၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ နည်းလမ်းတစ်ခုပဲ။ သာမန် ဆေးပညာ နည်းလမ်းတွေနဲ့ ကုဖို့ မဖြစ်နိုင်ဘူး။ ကျုပ်ကို ၁၂ နာရီလောက် အချိန်ပေး။ စမ်းသပ်ချက် တချို့ လုပ်ရမယ်။”
ရှမ့်လန်က ဆက်ပြော၏။ “ဒါပေမယ့် သိပ်ပြီးတော့ မျှော်လင့်ချက် မထားနဲ့။ ဒီ ၁၂ နာရီ အတွင်းမှာ ကျုပ် စမ်းကြည့်ရအုံးမယ်။”
..........................
နောက်ထပ် ၁၂ နာရီ အတွင်း ရှမ့်လန်က ဆက်တိုက် စမ်းသပ်မှုများကို ပြုလုပ်၏။ သူက ကြွက်များကို အသုံးပြုကာ စမ်းသပ်၏။ ပထမဦးဆုံး သူက ကျောက်မျက်ကို ဖျက်ဆီးရန် အကြမ်းဖက်သည့် နည်းလမ်းကို သုံးကြည့်၏။ သို့ပေမည့် အတွင်းဆီမှ တိုက်ခိုက်မှု တစ်ခု ထွက်ပေါ်လာခဲ့၏။ တိုက်ခိုက်မှုက လျှပ်စီး မဟုတ်သော်လည်း လျှပ်စီး ကဲ့သို့ပင် ဆင်တူသည်။
မျက်စိတစ်မှိတ်အတွင်း ကြွက်က သေလုမျောပါး အခြေအနေဆီသို့ ရောက်ရှိသွား၏။ ပထမဆုံး ခန္ဓာကိုယ်ရှိ အကြောအားလုံးက သေဆုံးသွားခဲ့၏။ ဦးနှောက်ကလည်း ငြိမ်သက်သွား၏။ နင်ယွမ်ရှန်း ဖြစ်ပျက်သည့် ပုံစံနှင့် ဆင်တူလှ၏။
နောက်ဆက်တွဲအနေနှင့် ရှမ့်လန်က ကုသမှု နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်လိုက်၏။ ဆေးဝါး အမျိုးမျိုးကို အသုံးပြု ကြည့်၏။ အားလုံး ကျရှုံးခဲ့၏။ ရှေးဟောင်းအပျက်အစီးများမှ ယူဆောင်လာခဲ့သည့် တခြား ဆေးလုံး နှစ်ခုကလည်း လုံးဝ အာနိသင် မပြသချေ။
ပြီးခဲ့သည့်အကြိမ်၌ ရှမ့်လန်က စေတီတောင်ကို ကူညီ၍ ကျောက်မဲကျွန်း ရှေးဟောင်း အမွေအနှစ် တည်နေရာကို ဖွင့်ပေးခဲ့၏။ ပြီးနောက် သူက ဤရှေးဟောင်းဆေးဝါးကို ရရှိခဲ့ခြင်းပင်။ ထိုထဲမှ တစ်ခုက မူလန် အသုံးပြုခဲ့သည့် ရိုးတွင်းခြင်ဆီ သန့်စင်ဆေး ဖြစ်ပြီး အမည်မသိရသည့် ဆေးလုံး နှစ်လုံး ကျန်သေး၏။ ရှမ့်လန်က ထိုဆေးလုံးများကို အကြိမ်ကြိမ် လေ့လာခဲ့သော်လည်း ဘာအတွက် အသုံးပြုရမှန်း မသိချေ။
ငွေအပ်ကို အသုံးပြု၍ ဆေးလုံးနှစ်လုံး၏ အရည်ကို ထုတ်ယူပြီး ကြွက်ဖြူလေးကို ကယ်တင်ရန် ကြိုးစားကြည့်၏။ လုံးဝ အရာမထင်ချေ။ ၁၂ နာရီ အတွင်း ရှမ့်လန်က ဒါဇင်နှင့်ချီ စမ်းသပ်ခဲ့၏။ အားလုံး ကျရှုံးခဲ့သည်။
…………..
“ကျုပ်ရဲ့ စမ်းသပ်မှုတွေ အကုန်လုံးက ကျရှုံးခဲ့တယ်။ ဒီကျောက်မျက်က ရှေးဟောင်း အပျက်အစီးတွေကနေ ရတာဖြစ်ပြီး ကျုပ် မသိတဲ့ အရာပဲ။ အရှင်မင်းကြီးကို ကယ်တင်ချင်တယ် ဆိုရင်တော့ မူလနေရာကို သိအောင် လုပ်ရလိမ့်မယ်။ ရှေးဟောင်း ယဉ်ကျေးမှုရဲ့ နည်းလမ်းတွေနဲ့သာ အရှင်မင်းကြီးကို ကယ်တင်နိုင်လိမ့်မယ်။ ကျုပ် တာ့နန်နိုင်ငံကို သွားပြီး မင်းသားကျင်းနဲ့ သွားတွေ့မယ်။ ဒါကြောင့် ကျုပ်ကို အချိန် တစ်လပေး။” ရှမ့်လန်က အလျင်အမြန် ပြောလိုက်၏။
“ကျုပ် မင်းနဲ့ လိုက်ခဲ့မယ်။” လီချင်းချိုးနှင့် ကျုံးချူးကဲ့တို့က ပြိုင်တူပြောသည်။
“ဦးရီးတော် လီချင်းချိုး တစ်ယောက်ပဲ လိုက်ရင် ရပါပြီ။”
ရှမ့်လန်က ပြောလိုက်၏။ “နောက်လ အနည်းငယ်အတွင်း ဘယ်သူမှ ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ဘယ်သူမှလည်း မလုပ်ရဲပါဘူး။”
ဤအရာက ရှမ့်လန်အနေနှင့် ဤသို့သော အဓိပ္ပာယ်ဖြင့် စကားမျိုး ဒုတိယအကြိမ် ပြောခဲ့ခြင်းဖြစ်ပြီး လူတိုင်းက နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။ အဘယ့်ကြောင့် ဤမျှ ယုံကြည်ချက် ရှိနေရသနည်း။
“တစ်လ ဟုတ်လား။”
“ကျုပ်ကို အချိန် တစ်လပဲပေး။”
ရှမ့်လန်က အချိန်မဆွဲတော့ဘဲ လီချင်းချိုးနှင့်အတူ နန်းတော်မှ ထွက်ခွာသွား ခဲ့၏။ သူတို့က ခြေရာဖျောက်ကာဖြင့် ညအမှောင်ကို အကာအကွယ်ယူပြီး နန်းတော်ထဲမှ ထွက်ခွာသွား၏။ သူတို့က ထျန်းရှစ် စီရင်စုဆီသို့ တဖန် ရောက်သွားခဲ့ကြ၏။
ပြီးနောက်ထျန်းရှစ်စီရင်စု၏ တောင်ပတ်ပိုင်းကို ဖြတ်ကျော်ပြီး ချင်နိုင်ငံထဲသို့ ဝင်ရောက်၏။ ချင်နိုင်ငံမှတဆင့် သစ်တောပေါင်းများစွာကို ဖြတ်ကျော်ပြီး သဲကန္တာရလူရိုင်းမျိုးနွယ်စု၏ နန်းမြို့တော်သို့ ရောက်ရှိသည်။