← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 46 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 46 Ch. 731-732

အပိုင်း (၇၃၁)

လီချင်းချိုးနှင့် ရှမ့်လန်တို့က ဤကီလိုမီတာ ထောင်ပေါင်းများစွာသော ခရီးကို ၇ ရက်အောက်သာ အချိန်ယူခဲ့၏။ အစပိုင်းတွင် ရှမ့်လန်က မြင်းသုံးကောင် ဆွဲသည့် ရထားလုံးကိုစီးပြီး အလွန် လျင်မြန်သည့် အရှိန်နှင့် မောင်းနှင်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်၏ နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က ကြိမ်ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး လီချင်းချိုးက သူ့ကို ထမ်းကာ သွား၏။ ဤကဲ့သို့ သွားသည့်တိုင် ပင်ပန်းလွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်က ပြိုလဲလုမတတ်ပင်။

နိုင်ငံတော်၏ အကြံပေး ရှားရင်၏ ရှေ့မှောက်သို့ ရောက်ချိန်မှာတော့ တစ်ဖက်လူက အံ့အားသင့်သွား၏။

“ဆရာတော်.... ဒီပစ္စည်းကို သိပါသလား။” ရှမ့်လန်က လက်ထဲရှိ ကျောက်မျက်ရတနာကို ကမ်းပေး၏။ ရင်ထဲတွင်လည်း မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

ဆရာတော်ကြီး ရှားရင်က သေချာစွာ ကြည့်ရှုပြီးနောက် ခေါင်းခါယမ်းလိုက်၏။ “ကျုပ် မမှတ်မိဘူး။”

ဆရာတော် ရှားရင်ကလည်း မသိပေဘူးလား။ “မင်းသားကျင်းရော ရှိလား။”

ရှမ့်လန်က မြို့တော်သို့ ထွက်ခွာလာစဉ်က နင်ကျန်းက တောင်ဘက်နိုင်ငံတော်သို့ သံတမန် တစ်ဦးကို ချက်ချင်း လွှတ်လိုက်ခဲ့ပြီး မင်းသားကျင်းနှင့် တွေ့ဆုံကာ အခြေအနေကို အသိပေးစေခဲ့၏။

“အရှင်မင်းကြီး မရှိဘူး။”

ဆရာတော်ကြီး နိုင်ငံတော် အကြံပေး ရှားရင်က ပြောသည်။ “သူက နန်အိုနိုင်ငံမှာ တခြား အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကိုင်တွယ် ဖြေရှင်းနေတယ်။ ဒါပေမယ့် သူက ကျုပ်ဆီ စာတစ်စောင် ပေးပို့ခဲ့ပြီးပြီ။ ခင်ဗျားနဲ့ ဘာကန့်သတ်ချက်မှ မရှိဘဲ ပူးပေါင်းဆောင်ရွက်ဖို့ မှာထားပါတယ်။”

“ရွှဲ့ပြည်နယ်ဘုရင် နင်ယွမ်ရှန်းက နင်ကျန်းကို အိမ်ရှေ့စံအဖြစ် အပ်နှင်းချင်တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က ဒီပစ္စည်းကို သုံးပြီးတော့ ဘုရင်မင်းမြတ်ကို လုပ်ကြံခဲ့တယ်။ ဒါက ထူးဆန်းတဲ့ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ပြီး ရွှဲ့ဘုရင်ရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကို ဖျက်စီးပစ်လိုက်တာပဲ။ ဒီအချိန်မှာ ရွှဲ့ဘုရင်က လူသေတစ်ယောက်လို ဖြစ်နေပြီ။ သူ့မှာ ပင်ကိုယ် အသိစိတ်ဆိုတာ မရှိတော့ဘူး။ အာရုံကြောတွေကလည်း တုံ့ပြန်မှု မရှိတော့ဘူး။” ရှမ့်လန်က ရှင်းပြလိုက်၏။

အကြံပေး ရှားရင်က ထိုပစ္စည်းကို သေချာစွာ ထပ်မံ စစ်ဆေး၏။ ထို့နောက် သူက မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ချေ။

“အခုချိန်မှာ နည်းလမ်း နှစ်ခုပဲ ရှိတော့တယ်။”

အကြံပေး ရှားရင်က ပြောသည်။ “ပထမနည်းလမ်းက ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်ရှုဖို့။ ဒုတိယ နည်းလမ်းကတော့ သဘာဝလွန် အင်အားစုတွေကို အကူအညီ တောင်းဖို့ပဲ။”

ဒုတိယနည်းလမ်းက မဖြစ်နိုင်ချေ။ စေတီတောင်က နင်ယွမ်ရှန်းကို ကယ်တင်မည် မဟုတ်သလို ကျောက်စိမ်းဖြူမြို့တော်ကလည်း ကယ်တင်မည် မဟုတ်ချေ။ ဤနေရာက နှင်းမကျသလို ကျောက်စိမ်းဖြူမြို့တော်၏ ဩဇာလွှမ်းမိုးမှု နယ်မြေထဲတွင်လည်း မရှိသောကြောင့်ပင်။

ရှမ့်လန်က ပြော၏။ “အင်ပါယာ ကျန်းလီက မြွေတစ်သောင်းဂူရဲ့ မှတ်တမ်းတွေ အများအပြားကို ဖော်ထုတ်ခဲ့ပြီးပြီ မဟုတ်လား။”

အကြံပေး ရှားရင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

“ဒါဆိုရင် သူ ဖော်ထုတ်ခဲ့တဲ့ မှတ်တမ်းတွေမှာ ဒီလို အကြောင်းအရာတွေ ပါသေးလား။”

အကြံပေးရှားရင်က ခဏမျှ စဉ်းစား၏။ ပြီးနောက် ခေါင်းခါယမ်းလိုက်၏။ “မရှိဘူး။”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “အင်ပါယာကျန်းလီရဲ့ ရှေးဟောင်း မှတ်တမ်းတွေကို ဘယ်လောက် ရာခိုင်နှုန်းလောက်ထိ ဖော်ထုတ်ပြီးပြီလဲ။ ရှေးဟောင်းအပျက်အစီး မှတ်တမ်းတွေ အားလုံးလား။”

“ငါးရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။” အကြံပေး ရှားရင်က ပြန်ဖြေ၏။

“ဒါဆိုရင် ကျန်တဲ့ ရှေးဟောင်း မှတ်တမ်းတွေ ရှိသေးလား။”

“ရှိပါတယ်။”

ရှမ့်လန်က မေးသည်။ “အပျက်အစီးတွေရဲ့ အတွင်းမှာလား၊ အပြင်မှာလား။”

အကြံပေး ရှားရင်က ခဏမျှ တိတ်ဆိတ်နေ၏။ “အပျက်အစီးတွေရဲ့ အပြင်ဘက်မှာ။ မှတ်တမ်းတွေက ယူဆောင်ရ လွယ်ကူတာမို့ အင်ပါယာကျန်းလီက အကုန်လုံးကို အပြင်ကို ထုတ်ယူလာခဲ့တယ်။ ဒါပေမယ့် အပျက်အစီးတွေ ကြားထဲမှာ အရေးကြီးတဲ့ ပစ္စည်းတွေ အများကြီး ရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ အဲဒီထဲမှာ စူးစမ်းရှာဖွေရခြင်း မရှိသေးတဲ့ အရာတွေ ရှိနေလို့ပဲ။”

ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် အဲဒီ မှတ်တမ်းတွေကို ခဏ ငှားဖတ်လို့ ရလား။”

ရှေးဟောင်းမှတ်တမ်းက တကယ့်ကို ထူးခြားသည့် နည်းစနစ်ကို အသုံးပြု၍ ကျောက်စိမ်းပေါ်တွင် ထွင်းထုထားခဲ့ခြင်း ဖြစ်၏။ အလွှာလိုက်၊ အလွှာလိုက် ထပ်ထားခြင်းမျိုးလည်း ဖြစ်၏။ ဖဲချပ်တစ်ချပ် အရွယ်အစား ရှိသည့် ရှေးဟောင်းမှတ်တမ်း သေတ္တာ တစ်ခုတွင် စာလုံးပေါင်း သိန်းနှင့်ချီ၊ ပုံပေါင်း ရာနှင့်ချီ ပါဝင်၏။

သာမန်လူတစ်ယောက် အနေနှင့် ရှေးဟောင်း မှတ်တမ်း တစ်ခုကို အဖြေထုတ်ဖို့ ဆိုသည်က နှစ်ပေါင်း ဒါဇင်နှင့်ချီကာ ကြာမြင့်နိုင်၏။ သဘာဝလွန် အင်အားစုကြီး ၆ ခုက မရေတွက်နိုင်သည့် ရှေးဟောင်း မှတ်တမ်းများကို အဖြေထုတ်နိုင်ရန် နှစ်ပေါင်း တစ်ထောင်ကျော် အချိန်ယူခဲ့၏။ ဤသည်က သူတို့၏ စွမ်းအင် အရင်းအမြစ်ပင်။

အကြံပေး ရှားရင်က ပြောသည်။ “သခင်လေး ရှမ့်လန်... ခင်ဗျားမှာ အချိန် ဘယ်လောက်ရှိလဲ။”

ရှမ့်လန်က ဖြေ၏။ “ဒါတွေကို ဖော်ထုတ်ဖို့အတွက် ၁၅ ရက်လောက် အချိန်ရမယ်။”

အကြံပေးရှားရင်က ပြောလိုက်သည်။ “အများဆုံး လဝက်ပဲလား။ ရှေးဟောင်းမှတ်တမ်း ထက်ဝက်လောက်ကို ဖော်ထုတ်ဖို့တောင် ခက်ခဲလိမ့်မယ်။ ရှေးဟောင်း မှတ်တမ်းတွေက ပြိုင်ဘက်ကင်းအောင် တန်ဖိုးရှိသလို အမျိုးအစားတွေက များတယ်။ ပင်လယ်ပြင်ကြီးလိုပဲ ကျယ်ပြန့်တယ်။ လဝက်အတွင်း ဒီကျောက်မျက်အကြောင်း ပါဝင်တဲ့ မှတ်တမ်းကို ရှာချင်တယ်ဆိုရင် ကောက်ရိုးပုံထဲ အပ်ရှာတာထက်တောင် ပိုပြီး ခက်ခဲလိမ့်မယ်။”

မှန်ပေ၏။ သို့သော်ငြား ရှမ့်လန်၌ ဓာတ်ပုံရိုက်နိုင်သည့် X-Ray မျက်လုံးနှင့် AI ရှိနေ၏။ သူက အဖြေရှာရန် မလိုအပ်ချေ။ မနားတမ်း ဖတ်နေရုံသာ လုပ်၏။ သက်ဆိုင်ရာ အချက်အလက်ကို တွေ့ရှိသည်နှင့် ချက်ချင်း မှတ်တမ်း တင်ထားပေလိမ့်မည်။

“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။”

အကြံပေးရှားရင်က ပြော၏။ “ဒီ ရှေးဟောင်း မှတ်တမ်းတွေ ဘယ်မှာရှိလဲဆိုတာ အရှင်မင်းကြီး တစ်ယောက်တည်း သိတယ်။ သူ ဘယ်မှာ ဝှက်ထားလဲ ကျုပ် မသိဘူး။”

ဤအရာက ပုံမှန်ပင် ဖြစ်လေ၏။ ရှေးဟောင်းအပျက်အစီးများက ပြိုင်ဘက်ကင်းလောက်အောင် တန်ဖိုး ကြီးမားသောကြောင့် မင်းသားကျင်းက သူသာ ပိုင်ဆိုင်လိုသည်မှာ သေချာပင်။ သူတစ်ပါးကို မည်မျှ ယုံကြည်သည် ဖြစ်စေ အတိုင်းအတာ တစ်ခုတော့ ရှိစမြဲပင်။

“ကျုပ် အရှင်မင်းကြီးဆီကို ချက်ချင်း စာပို့ပြီး ဒီကို လာခိုင်းလိုက်မယ်။”

အကြံပေး ရှားရင်က ပြောလိုက်သည်။ “ဒါပေမယ့် အသွားအပြန်ခရီးက အနည်းဆုံး ၁၀ ရက်လောက် ကြာမယ်။”

ရှမ့်လန်၏ နှလုံးသားထဲတွင် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားခဲ့၏။ ၁၀ ရက် ပေလား။ သူ့အတွက် ဖြုန်းရန် ၁၀ ရက် ဆိုသည့်အချိန် မည်သို့ ရှိမည်နည်း။

“ကျုပ် အရှင်မင်းကြီးဆီ ချက်ချင်း စာရေးလိုက်မယ်။” တစ်နာရီခန့် ကြာပြီးနောက် အကြံပေး ရှားရင်က စာပို့၏။ မကြာခင်မှာပင် မင်းသားကျင်း ရောက်ရှိလာ၏။ တကယ်ပဲ ဤမျှ မြန်ဆန်၏။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက နင်ကျန်းရဲ့ သံတမန်နဲ့တွေ့ပြီးတဲ့နောက်မှာ ကျုပ် ဆရာတော်ဆီကို စာပို့တာနဲ့ မလုံလောက်မှန်းသိတယ်။ ဒါကြောင့် ကျုပ်ကိုယ်တိုင်လည်း အမြန်ဆုံး ဒီကို လာခဲ့တာပဲ။ ညီတော်က ကျုပ်ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ တချို့ကိစ္စတွေကို ဆရာတော် အနေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချလို့ မရနိုင်ဘူး။”

မင်းသားကျင်းက ပြောလိုက်သည်။ “ဒီတော့ ညီတော်.. ကျုပ်ကို ဘာလုပ်စေချင်လဲ။”

ရှမ့်လန်က ပြော၏။ “ကျုပ် ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်ဖို့ လိုတယ်။”

“ကောင်းပြီ။” မင်းသားကျင်းက ပြောလိုက်သည်။

................

နောက်ထပ် နှစ်နာရီ ကြာမြင့်ပြီးနောက် ရှေးဟောင်းမှတ်တမ်း ၁၀၀၀ ကျော်က ရှမ့်လန်၏ ရှေ့တွင် ပုံပေါက်လာခဲ့၏။ ထိုအရာက စာလိပ်များ မဟုတ်ဘဲ အတုံးအခဲများ ဖြစ်၏။ ရှေးဟောင်းမှတ်တမ်း တစ်ခုချင်းစီတိုင်းက ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အုတ်ခဲတစ်ချပ်နှင့် ဆင်တူ၏။ ထိုအရာပေါ်တွင် သိပ်သည်းစွာဖြင့် ထွင်းထုထားသည့် အချက်အလက် အလွှာပေါင်းများစွာ ရှိ၏။

မင်းသားကျင်းက နောက်ကို ဆုတ်ခွာသွား၏။ သူက နေရာတစ်ခုလုံးကို ရှမ့်လန်အား ပေးလိုက်ခြင်းပင်။ ပြီးနောက် ရှမ့်လန်က ရူးသွပ်မတတ်ပင် စာဖတ်ခြင်းကို စတင်ပြုလုပ်တော့၏။ သူက X-Ray အမြင်ကို အသုံးပြု၍ ဤရှေးဟောင်းမှတ်တမ်းများကို တစ်စောင်ပြီးတစ်စောင် scan ဖတ် (အနှံ့ကြည့်ရှု) ၏။ သူက တစ်ခုချင်းစီ သေချာ ဖတ်ရှုစရာ မလိုဘဲ စကန် ဖတ်နေခြင်းပင်။ ပြီးနောက် သူ၏ ဦးနှောက်ထဲရှိ AI မှတ်ဉာဏ်တုထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်ရုံသာ ဖြစ်၏။ အဓိက သော့ချက်များ ပေါ်လာသည်နှင့် AI က ရှမ့်လန်ကို ချက်ချင်း သတိပေးပေလိမ့်မည်။

ဤအရာက ကြီးမားလွန်းသည့် အလုပ်တာဝန်ကြီး ဖြစ်၏။ ဤနေရာတွင် ရှေးဟောင်းစာအုပ်ပေါင်း ၁၉၀၀ ရှိပြီး တစ်အုပ်စီက အကြောင်းအရာ စာမျက်နှာ နှစ်ထောင်နီးပါးခန့် ရှိ၏။ စုစုပေါင်း စာမျက်နှာ ၂ သန်း နီးပါးခန့် ရှိ၏။ ရှမ့်လန် အနေနှင့် တစ်စက္ကန့်လျှင် စာမျက်နှာ တစ်မျက်နှာ စကန်ဖတ်လျှင်ပင် ၅၅၅ နာရီ ကြာမြင့်မှာ ဖြစ်ပြီး စုစုပေါင်း ၂၃ ရက် ကြာမြင့်ပေမည်။

နာရီ အနည်းငယ် ကြာပြီးနောက် ရှမ့်လန်က သူ၏ မျက်လုံးများ ပေါက်ထွက်လုမတတ်၊ ဦးနှောက်များ ပေါက်ထွက်လုမတတ် ခံစားလာရ၏။ သို့ပေမည့် သူ့၌ ဆက်လုပ်ရန်မှလွဲ၍ အခြားသော နည်းလမ်း မရှိချေ။ ရှမ့်လန်က ရှေးဟောင်းမှတ်တမ်းများကို အသည်းအသန် စကန်ဖတ်နေစဉ်မှာပဲ မြို့တော်၏ အခြေအနေက တနေ့တခြား ပိုမိုကာ ဆိုးဝါးလာခဲ့၏။

ထျန်းရွှဲ့မြို့၏ အတွင်းတွင် နင်ကျန်း၏ လက်အောက်တွင် တပ်သား ၂ သောင်း ရှိ၏။ နင်ချီ၏ လက်အောက်တွင် တပ်သား ၁ သောင်း ရှိ၏။ မြောက်ဘက်ပိုင်းရှိ ကျုံးယောင်၏ ၁ သိန်း ၆ သောင်းက မလှုပ်ရှားသေးချေ။ တောင်ဘက်ပိုင်းရှိ ကျန်းကျိရှု၏ တပ်သား ၁ သောင်းကလည်း မလှုပ်ရှားသေးပေ။ ကျန်းချုံးက ထျန်းဖေးအုပ်ချုပ်ရေးမှူးအဖြစ် တရားဝင် တာဝန်ယူခဲ့ပြီးနောက် သူက ထျန်းဖေးစီရင်စု တစ်ခုလုံးကို အချိန်တိုအတွင်း ထိန်းချုပ်လိုက်၏။ ပျံ့ရှောင်း၏ တပ်သား ၇ သောင်းကလည်း အသင့် အနေအထားနှင့် ရှိသည်။

ရွှဲ့ဘုရင် နင်ယွမ်ရှန်းက လူသေတစ်ယောက်ကဲသို့ မလှုပ်မယှက် ဖြစ်နေဆဲပင်။ အလုံးစုံ သတိလစ် မေ့မြောလျက် ရှိနေ၏။ ၁၃ ရက် အကြာတွင် နောက်ထပ် သတင်းဆိုးတစ်ခု ရောက်ရှိလာ၏။ မယ်တော်ကြီးက လဲကျသွားခဲ့၏။ မယ်တော်ကြီး၌ အချိန် သိပ်မကျန်တော့ချေ။ သူမက အသက် ၈၀ နီးပါး ရှိ၏။

ကျန်းမာရေး ကောင်းမွန်ခဲ့သော်လည်း အိမ်ရှေ့စံ ဖမ်းဆီးခံရပြီးတည်းက သူမ၏ ကျန်းမာရေးက ယိုယွင်းလာခဲ့၏။ နင်ယီက သူမ အချစ်ဆုံးမြေး ဖြစ်၏။ မတော်တဆမှု ဖြစ်ပြီးနောက် မယ်တော်ကြီးက သတိလစ်သွားခဲ့၏။ နိုးထလာချိန်တွင် ခန္ဓာကိုယ်၌ ပြင်းထန်သည့် နာမကျန်းမှု ဖြစ်၏။ သူမ၏ စိတ်အာရုံက ပိုမိုကာ ဝေဝါးလာခဲ့၏။ တစ်နေ့လုံးနီးပါး အိပ်ရာထဲတွင် လဲလျောင်းနေပြီး သတိကောင်းသည့် အချိန်ဟူ၍ ရှားပါးသည်။

အရှင်မင်းကြီး မတော်တဆ ဖြစ်ပြီးနောက် နင်ကျန်းနှင့် လီစွမ်းတို့က မယ်တော်ကြီးကို ကာကွယ်ရန် လူများကို စေလွှတ်ခဲ့၏။ တစ်နေ့ နင်ကျန်း ဘုရင်ဖြစ်လိုပါက ဘွဲ့တံဆိပ် အပ်နှင်းမည့် ပုဂ္ဂိုလ် တစ်ဦးကို လိုအပ်၏။ အရှင်မင်းကြီးသာ နိုးထမလာလျှင် မယ်တော်ကြီးက ထိုအလုပ်ကို လုပ်ရပေမည်။ သို့သော်ငြား ယခု မယ်တော်ကြီးပါ လဲကျသွားခဲ့ပြီ ဖြစ်၏။

မယ်တော်ကြီးက သတိမလစ်ခင်တည်းက သိပ်ပြီး သတိမကောင်းခဲ့ကြောင်း သူမကို လုပ်ကျွေးပြုစုသူများက ဆို၏။ သူမက “အာဝူ၊ အာယီ၊ အာဟန်” ဟူ၍သာ တီးတိုးရေရွတ်နေလေ့ ရှိသည်။

ဆိုလိုသည်က မယ်တော်ကြီး၏ အချစ်ဆုံးသားတော်က နင်ယွမ်ရှန်း မဟုတ်ဘဲ နင်ယွမ်ဝူ ဖြစ်နေခြင်းပင်။ သူမ၏ အချစ်ဆုံး မြေးတော်က နင်ယီနှင့် နင်ဟန်တို့ပင်။ မယ်တော်ကြီး လဲကျသွားပြီးနောက် အခြေအနေက ပိုမိုကာ အန္တရာယ် များလာ၏။

...............

နင်ကျန်း၏ လက်အောက်ခံများက သူ့ကို အမြန်ဆုံး လှုပ်ရှားရန် ဆက်လက် တိုက်တွန်း၏။ အခုချိန်တွင် စစ်အင်အား အသာစီးရနေခြင်းဖြစ်ရာ နင်ချီကို အမြစ်ပြတ် မချေမှုန်းနိုင်လျှင်တောင်မှ အနည်းဆုံး နန်းမြို့တော်မှ မောင်းထုတ်ပြီး မိမိကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာနိုင်သည်။

သို့သော်ငြား နင်ကျန်းက သဘောမတူသေးချေ။ အခုချိန်တွင် ထီးနန်းသိမ်းလိုက်ပါက သူက သစ္စာဖောက် တစ်ဦး ဖြစ်သွားမည်မှန်း သိ၏။ အင်ပါယာ၏ တပ်တော်က ရွှဲ့ပြည်နယ်ထဲသို့ ဝင်လာပေလိမ့်မည်။ တကယ်တမ်း နန်းမြို့တော်ထဲရှိ ပြည်သူနှင့် အရာရှိ အများအပြားက သူ့ဘက်တွင် ရှိနေ၏။

ဘုရင်ကို လုပ်ကြံခြင်းက တကယ့်ကို ယုတ်မာသည့်ကိစ္စ ဖြစ်ခဲ့၏။ နင်ချီကို ထောက်ခံခဲ့သည့် အရာရှိများပင်လျှင် ကြောက်ရွံ့ခြင်းနှင့် ရွံရှာခြင်းကို ခံစားနေရ၏။ နင်ချီက ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် တကယ်ပဲ စည်းကမ်းမဲ့လွန်း၏။ မိမိ၏ ညီအစ်ကိုရင်းကို လုပ်ကြံသတ်ဖြတ်ခြင်းက ထားပါတော့၊ ယခု ဖခင် အရင်းကို လုပ်ကြံခဲ့သည်။

ကျုံး၊ ကျူးနှင့် ရွှယ်မိသားစုတို့၏ အမာခံထောက်ခံသူများမှလွဲလျှင် အခြားသော အရာရှိများစွာက နှုတ်ဆိတ်နေ၏။ ဤအချိန် နှုတ်ဆိတ်နေခြင်းဆိုသည်က ဆန့်ကျင်ခြင်းပင်။ မြို့တော်၌ ယခုအချိန်တွင် စစ်မက်ဖြစ်ပွားမည့် အခြေအနေဆီသို့ပင် ရောက်ရှိနေ၏။

ညမထွက်ရ အမိန့်က ဆက်လက်တည်ရှိနေသော်လည်း နေ့ခင်းဘက် ကန့်သတ်ချက်များက လျော့ရဲလာ၏။ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် သက်ဆိုင်သည့် ဆန်ဆိုင်၊ ဆေးဆိုင်နှင့် အခြားသောဆိုင်များမှလွဲ၍ ကျန်သည့်ဆိုင်အားလုံးက ပိတ်ထားဆဲပင်။ ဆန်ဆိုင်များနှင့် ဆေးဆိုင်များပင်လျှင် တစ်နေ့ လေးနာရီသာ ဖွင့်ခွင့်ရှိသည်။

အတိတ်ကာလကဆိုလျှင် နန်းမြို့တော်ရှိ ပြည်သူများက အလွန်ပင် ဒေါသထွက်ကြပေလိမ့်မည်။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ အားလုံးက တိတ်တဆိတ်ဖြင့် သည်းခံနေကြ၏။ နင်ယွမ်ရှန်းက နာမည်ကောင်း ရှိသည့် ဘုရင်တစ်ပါး မဟုတ်သော်လည်း ဘုရင် ဖြစ်၏။ လူပေါင်းများစွာတို့က သူ့ကို ရိုသေခဲ့ကြ၏။ နင်ယွမ်ရှန်း၏ ဂုဏ်သတင်းက နောက်ဆုံးသော ဘုရင်များထက် များစွာ သာလွန်ခဲ့ သောကြောင့်ပင်။

သူက အရာရှိများအပေါ်တွင် ကြမ်းတမ်းသော်လည်း ပြည်သူလူထုများအပေါ်တွင် တကယ်ကို ကောင်းမွန်၏။ တောင်ပိုင်းနိုင်ငံ၏ စစ်ပွဲတွင် သူက ပြည်သူများကို အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမရှိဘဲ အစားအစာနှင့် ငွေကြေးများပင် ပေးကာ ဝယ်ယူခဲ့သည်။

ယခုအချိန်တွင် သူတို့၏ ရွှဲ့ဘုရင်က နန်းတော်ထဲတွင် လဲကျသွားခဲ့၏။ အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုတို့ နှစ်ခုလုံးက အများပြည်သူထံ သတင်း ထုတ်ပြန်ခြင်း မရှိချေ။ ဘုရင်မင်းမြတ် အနည်းငယ် နာမကျန်း ဖြစ်သည်ဟုသာ ကောလာဟလ သတင်းအနည်းငယ် လွှင့်ထား၏။ ထို့အပြင် ဘုရင်မင်းမြတ် လေဖြတ်သွား ပြန်ပြီဟူသော ကောလာဟလများကလည်း ထွက်ပေါ်လာ၏။ တစ်ကြိမ်လေဖြတ်ပြီးနောက် နောက်တစ်ကြိမ် လေဖြတ်နိုင်ခြင်း ဆိုသည်မှာ ဖြစ်နိုင်ချေများသည့် ကိစ္စပင်။ သို့သော်များ ဘယ်သူမှ မယုံကြည်ကြပေ။

သို့သော်ငြား လေဖြတ်သည် ဟုတ်လား။ မည်သူက ယုံကြည်မည်နည်း။ အိမ်ရှေ့စံအဖြစ် အပ်နှင်းတော့မည့် အချိန်ကျမှ လေထဖြတ်ရသည်လား။ တစ်စုံတစ်ယောက်က အရှင်မင်းကြီးကို လုပ်ကြံခဲ့သည်မှာ သေချာ၏။ မည်သူလုပ်ကြံသနည်း။ အကျိုးအမြတ် ရရှိမည့်လူက လူသတ်တရားခံပင် ဖြစ်ပေလိမ့်မည်။

ဤအချက်က ချောင်ဘုရင်အသတ်ခံရမှုကို ပြန်လည်ကာ သတိရစေ၏။ ပြည်သူများ၏ စိတ်နှလုံးထဲတွင် ချောင်ဘုရင်ကို နင်ချီက လုပ်ကြံခဲ့ခြင်းဖြစ်ပြီး သူတို့က သူရဲကောင်းအဖြစ် မြင်ခဲ့၏။ သို့သော်ငြား ယခုအချိန် နင်ယွမ်ရှန်း၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။ ရွှဲ့ပြည်နယ် ပြည်သူများတွင် လုံးဝ ကွာခြားနားသော အမြင်များရှိ၏။

“သစ္စာဖောက် အရာရှိတွေ... သစ္စာဖောက် အရာရှိတွေ... အဖေကိုသတ်တဲ့လူက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။”

……………..

“မရေတွက်နိုင်တဲ့ လူတွေရဲ့ မျက်လုံးထဲမှာ ကျုပ်က ဘုရင်ကို သတ်တဲ့ လူသတ်သမားလိုတောင် ဖြစ်နေပြီ။” နင်ချီက ကိုယ့်ကိုယ်ကိုယ်ပင် လှောင်ပြောင်လိုက်မိသည်။

ကျူးဟုန်ကျူးက ပြော၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက သမိုင်းမှာ ကိုယ့်အဖေကိုယ် သတ်ခဲ့တဲ့ ဘုရင်တွေ အများကြီးရှိတယ်။ သူတို့က ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်သရွေ့ ထာဝရဘုရင် တစ်ပါး ဖြစ်လာခဲ့တာပဲ။”

နင်ချီက မဲ့ပြုံး ပြုံးလိုက်သည်။ “ထာဝရဘုရင် ဟုတ်လား။”

တော်ဝင်အင်ပါယာက သူ့ကို ဤကဲ့သို့ အခွင့်အရေး ပေးမယ်ဟု ထင်မှတ်နေလေသည်လား။

ကျူးဟုန်ကျူးပြောသည့် ဥပမာတစ်ခုတော့ ရှိ၏။ လီရှင်မင်းက မိမိ၏ ညီအစ်ကိုရင်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖခင်ဖြစ်သူကို ဖမ်းဆီးအကျဉ်းချ၏။ နောက်ဆုံးမှာတော့ သူက သမိုင်းတလျှောက်တွင် အကြီးမြတ်ဆုံးသော ဧကရာဇ် ဖြစ်လာခဲ့၏။

စွန်းတိုင်ကျုံးသည် နိုင်ငံတည်ထောင်သူ ဧကရာဇ် ကျောက်ကွမ်းရီကို လုပ်ကြံခဲ့၏။ သူ့ကို ပုဆိန်အရိပ် ဟုပင် တင်စားကြ၏။ သို့သော်ငြား သူကလည်း ဘုရင်တစ်ပါး ဖြစ်ခဲ့၏။ ညီအစ်ကိုနှင့် ဖခင်ကိုသတ်သည့် ဘုရင်များစွာက ကောင်းသောဇာတ်သိမ်းတော့ မရရှိကြချေ။

အပိုင်း (၇၃၂)

နင်ချီက မေးလိုက်သည်။ “ကျုပ် လုပ်သမျှအရာအားလုံးက ရွှဲ့ပြည်နယ်အတွက်ပါလို့ ပြည်သူတွေကို ပြောရင် ဘယ်သူက ယုံမှာလဲ။”

ကျူးဟုန်ကျူးက ဖြေလိုက်၏။ “ဒီအမတ်အိုကြီးကတော့ ယုံကြည်ပါတယ်။”

သူတို့နှစ်ဦးသားက ကြည့်၏။ တစ်ဖက်လူ၏ ရင်ထဲတွင် ရှိနေသည့် လှောင်ပြောင်သရော်မှုများကို တစ်ယောက်က ခံစားမိ၏။ ကြီးကျယ်သည့် ခြေလှမ်းများကို လှမ်းလျှောက်မည့် လူနှစ်ဦးကြားတွင် ယုံကြည်မှုအကြောင်း ပြောဖို့ဆိုသည်က ရယ်စရာကောင်းသည်။

နင်ချီက ပြောလိုက်၏။ “ခင်ဗျားတို့ ကျူးမိသားစုက ကျုပ်အဖေကို လုပ်ကြံဖို့ ၁၀ နှစ်လောက် ကြံစည် နေခဲ့မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။”

ကျူးဟုန်ကျူးက ငြင်းလိုက်သည်။ “ဒီကိစ္စက ကျူးမိသားစုနဲ့ မဆိုင်ဘူး။ ကျုပ် မသိဘူး။”

ရွှယ်ချီက ပြော၏။ “အခု ဒါတွေကို ပြောနေလို့ ဘာအဓိပ္ပာယ်မှမရှိဘူး။ အဓိကမေးခွန်းက နင်ကျန်း လှုပ်ရှားမှာလား ဆိုတာပဲ။ သူ စစ်ပွဲကို စတင်မှာလား”

လျှို့ဝှက်အခန်းအတွင်း၌ လူအနည်းငယ် ထိုင်လို့နေသည်။ အားလုံးက အဓိကပုဂ္ဂိုလ်ကြီးများပင်။ ကျူးဟုန်ကျူး၊ နင်ချီ၊ ကျုံးအီ၊ ရွှယ်ချီနှင့် ရှုပိုတောက်တို့ပင်။ သူတို့က အကြီးဆုံးမင်းသမီး နင်ကျဲ့ကို ဖိတ်ကြားခဲ့သော်လည်း နင်ကျဲ့က မလာခဲ့ချေ။ ရေတပ်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ရန်အီကို ဖိတ်ကြား ခဲ့သော်လည်း သူကလည်း မလာခဲ့ချေ။ သို့သော်ငြား ဤနှစ်ယောက်လုံးက နင်ချီဘက်၌ ရှိနေသည်။

“အင်း… ပဉ္စမညီက စစ်ပွဲကို စတင်မှာမဟုတ်ဘူး။ အဖေ့ရဲ့အမိန့်တော် မပါဘဲနဲ့ ပဉ္စမညီကသာ ကျုပ်နဲ့ စစ်ခင်းမယ်ဆိုရင် အင်ပါယာရဲ့ တပ်တော်က ထျန်းရွှဲ့မြို့တော်ကို ဝင်ပြီး ထိန်းချုပ်လိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရွှဲ့ပြည်နယ်ကို အင်ပါယာလက်ထဲကို ကျရောက်သွားမယ့်အစား ကျုပ်လက်ထဲ ကျရောက်သွားတာကို သူက ပိုပြီး လိုလားလိမ့်မယ်။” နင်ချီက သုံးသပ်လိုက်၏။

ထိုစကားကို ကြားချိန်မှာတော့ အားလုံး၏ မျက်နှာအမူအရာများက အနည်းငယ် အဆင်မပြေ ဖြစ်လာ၏။ ကျူးဟုန်ကျူးက အင်ပါယာဘက်မှ ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းမှ ရှုပိုတောက်ကလည်း အင်ပါယာကပင်။ ရွှယ်ချီကလည်း အင်ပါယာနှင့် ရှင်းပြ၍ မရနိုင်သည့် ဆက်ဆံရေးမျိုး ရှိသည်။

ရွှယ်ချီက မေးလိုက်၏။ “နင်ကျန်းအပေါ် အရှင်မင်းသားရဲ့ နားလည်မှုအရဆိုရင် သူ ဘာဆက်လုပ်မယ် ထင်လဲ။”

“ကျုပ် မသိဘူး။”

နင်ချီက ပြောသည်။ “ကျုပ်က သူ မဟုတ်ဘူး။”

နင်ချီရဲ့ ရင်ထဲတွင် ရှင်းလင်းသော အဖြေတစ်ခု ရှိ၏။ သို့သော်လည်း ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ချေ။

ပြီးနောက် နင်ချီက မေးလိုက်၏။ “အင်ပါယာရဲ့ သံတမန် ဘယ်တော့ရောက်မှာလဲ။”

နင်ယွမ်ရှန်း လဲကျသွားခဲ့ပြီးနောက် အင်ပါယာက အခြေအနေကို ထိန်းချုပ်ရန် သံတမန်တစ်ဦးကို ချက်ချင်း စေလွှတ်နိုင်၏။ သို့သော်ငြား အချိန်ကြာသည်အထိ ထိုသို့ မလုပ်ဆောင်ခဲ့ချေ။ သူတို့က နင်ကျန်းနှင့် နင်ချီ စစ်ပွဲပွားမည်ကို စောင့်ဆိုင်းနေသည်မှာ ထင်ရှား၏။ ထိုအခါမှသာလျှင် အင်ပါယာက ရွှဲ့ပြည်နယ်ထဲသို့ ဝင်ရောက်ပြီး စွက်ဖက်နိုင်မည် မဟုတ်ပါလား။

သူတို့က ငြိမ်းချမ်းရေးကို လိုလားသည် မဟုတ်ပေ။ စစ်ပွဲကို လိုလားခြင်းသာ ဖြစ်၏။ သို့သော်ငြား ကြားဝင် စေ့စပ်သူက ရုတ်တရက် ပျောက်ဆုံးသွားခဲ့၏။ လောကတွင် ဤကဲ့သို့သော အဖြစ်အပျက်များက ပထမဦးဆုံးအကြိမ် မဟုတ်ချေ။

“မကြာခင် ရောက်လာမှာပါ။”

………….

နောက်ဆုံးတော့ ရောက်လာခဲ့၏။ နင်ယွမ်ရှန်း လဲကျပြီး ၁၉ ရက်မြောက်မှာတော့ တော်ဝင်အင်ပါယာ၏ သံတမန်က ရွှဲ့ပြည်နယ်မြို့တော်သို့ ရောက်ရှိလာခဲ့၏။ မိတ်ဟောင်းဆွေဟောင်းဖြစ်သည့် အင်ပါယာ၏ မင်းသားလျန်ပင်။ အင်ပါယာ၏ကိုယ်စား သူက နင်ယွမ်ရှန်းကို လာရောက်ကြည့်ရှုခဲ့ပြီး နှစ်သိမ့်စကား ဆို၏။ ပြီးနောက် သူက ကုသရန် နန်းတွင်းသမားတော်များကို စေလွှတ်၏။

အမှန်တော့ ထိုကဲ့သို့ ကုသမှုက အဓိပ္ပာယ် မရှိချေ။ ပြီးနောက် မင်းသားလျန်က ရွှဲ့ပြည်နယ် မယ်တော်ကြီး အဆောင်သို့ သွားရောက်၏။ သေဆုံးသွားခဲ့ပြီဖြစ်သော မယ်တော်ကြီးအတွက် ဈာပနအခမ်းအနားကို အမြန်ဆုံး စီစဉ်ရန်နှင့် တော်ဝင်သင်္ချိုင်းတော်သို့ ဂူသွင်းရန်၊ ငြိမ်းချမ်းစွာ မြှုပ်နှံရန် ပြော၏။ ခေါင်းတလားကို အဘယ်ကြောင့် ခန်းမထဲတွင် အမြဲတမ်း ထားရှိနေရသနည်း။

ယခုအချိန်မှာတော့ နင်ယွမ်ရှန်းက လဲကျသွားပြီး ဘုရင်သစ်နေရာကလည်း မဆုံးဖြတ်ရသေးသောကြောင့် မည်သူမှ မယ်တော်ကြီး၏ ဈာပနကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခွင့် မရှိချေ။ မင်းသားလျန်က ဘုရင်သစ်၏ ကိစ္စကို အမြန်ဆုံးဖြေရှင်းရန် ရွှဲ့ပြည်နယ်ကို တိုက်တွန်းနေခြင်းပင်။

“ဝမ်းနည်းကြောင်းပါ မယ်တော်ကြီး” မင်းသားလျန်က နင်ယွမ်ရှန်း၏မိန်းမ မိဖုရားကြီးကျူးထံသို့ ဝမ်းနည်းကြောင်း ပြော၏။ လက်ရှိအချိန်မှာတော့ နေအိမ်အကျယ်ချုပ်ကျနေသည့် မိဖုရားကြီးကျူးက နောက်ဆုံးတွင် လွတ်လပ်ခွင့် ပြန်လည်ရရှိခဲ့၏။ ဤအရာက နိမိတ်ဆိုး တစ်ခုပင်။ နင်ယွမ်ရှန်း လဲကျပြီး မယ်တော်ကြီးက နတ်ရွာစံသွားသောကြောင့် မိဖုရားကြီးကျူးက တော်ဝင်မိသားစုတစ်ခုလုံးတွင် အဆင့်အတန်း အမြင့်ဆုံး ဖြစ်လာ၏။ သူမက အိမ်ရှေ့စံ ကိစ္စနှင့် ပတ်သက်၍ ပြောဆိုခွင့် ရှိလာ၏။

မင်းသားလျန်က ပြောသည်။ “တိုင်းပြည်တစ်ပြည်မှာ တစ်ရက်မှ မင်းမဲ့နေလို့ မဖြစ်ဘူး။ ထျန်းရွှဲ့မြို့ကို နှစ်ကုန်ထိ ပိတ်ထားတော့မှာလား။ ရွှဲ့ပြည်နယ်ရဲ့ အရာရှိတွေက လုံးဝ အလုပ်မလုပ်ဘဲ ရပ်တန့်သွား ရတော့မှာလား။ ကျုပ် တောင်ဘက်ပိုင်းကို ဆင်းမလာခင် အင်ပါယာက ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံကိစ္စကို အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ မိန့်ကြားခဲ့တယ်။ ပြီးရင် မယ်တော်ကြီးရဲ့ ဈာပနကိုလည်း မဆိုင်းမတွ ကျင်းပသင့်တယ်။ မိဘကို ရိုသေခြင်းကလည်း သီလတွေထဲမှာ အရေးကြီးဆုံးသော သီလ မဟုတ်လား။”

“ကောင်းပါပြီ အရှင်မင်းသား။” မိဖုရားကြီးကျူးက ရိုသေစွာဖြင့် ပြန်လည်ကာ ဖြေကြား၏။

မင်းသားလျန်က ပြောသည်။ “နင်ကျန်း၊ နင်ချီ.. မင်းတို့နှစ်ယောက်လုံး ဒီမှာ ရှိနေတာပဲ။ ရွှဲ့ပြည်နယ်ရဲ့ အရာရှိတွေနဲ့ အတွင်းဝန်ရုံးက လူတွေလည်း ရှိနေတယ်။ ကျုပ် ဒီမှာ ကြေညာချက်တစ်ခု ထုတ်မယ်။ ခင်ဗျားတို့ သင့်သလို လုပ်ကြတော့။”

“အရှင်မင်းသား အမိန့်အတိုင်းပါ။”

မင်းသားလျန်က မေးမြန်းလိုက်၏။ “မနက်ဖြန် ညီလာခံကို မိဖုရားကြီးက ဦးစီးပြီး ကျင်းပလိမ့်မယ်။ ကျုပ်က ဘေးကနေ ထိုင်ကြည့်နေမယ်။ ဒါပေမယ့် စိတ်မပူနဲ့ ကျုပ်က မျက်စိနဲ့ နားကိုပဲ ယူလာမယ်။ ပါးစပ် ယူမလာဘူး။ ဘယ်လိုလဲ။”

နင်ချီက ဖြေသည်။ “ကောင်းပါပြီ။”

နင်ကျန်းကလည်း ဖြေ၏။ “ကောင်းပါပြီ။”

……………..

နောက်တစ်နေ့မှာတော့ ရွှဲ့ပြည်နယ် ညီလာခံကို ပြန်လည်ကာ စတင်၏။ မိဖုရားကြီးကျူးက လိုက်ကာချပြီး ထိုင်၏။ မင်းသားလျန်က ဘေးတစ်ဖက်မှ ကြီးကြပ်သည်။

“ဘုရင်မင်းမြတ် လေဖြတ်သွားပြီး အခုထိ သတိမရသေးဘူး။ ဒါပေမဲ့ တိုင်းပြည်က တစ်ရက်မှ မင်းမဲ့တိုင်းပြည်အဖြစ် နေလို့မဖြစ်ဘူး။”

ကျူးဟုန်ကျူးက ပြော၏။ “အိမ်ရှေ့စံရဲ့ကိစ္စက အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ ကျုပ်တို့ အရာရှိတွေက အကြံပြုချက်ပဲ ပေးလို့ရပြီး ဆုံးဖြတ်လို့ မရဘူး။ အခု မယ်တော်ကြီးကလည်း နတ်ရွာစံခဲ့ပြီ ဆိုတော့ တော်ဝင်မိသားစုမှာ မိဖုရားကြီးတစ်ပါးပဲ ကျန်တော့တယ်။”

ကျူးဟုန်ကျူးက မေးလိုက်သည်။ “မိဖုရားကြီး ဘယ်လိုသဘောရလဲ။ ဘယ်မင်းသားကို ရွေးချယ်သင့်လဲ။”

မိဖုရားကြီးကျူးက ကျူးဟုန်ကျူး၏သမီးဖြစ်သော်လည်း သူက သူမကို စေ့စပ်သေချာစွာ ဦးညွှတ်အရိုအသေ ပြု၏။

မိဖုရားကြီးကျူးက ပြော၏။ “ကျွန်မ စိတ်တွေ ရှုပ်ထွေးနေတယ်။ ဘာရွေးရမှန်း မသိဘူး။ ပြီးတော့ မိဖုရားတွေက နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ ကျွန်မမှာ ကိုယ်ပိုင်အမြင်ဆိုတာ ဘယ်တုန်းကမှ မရှိဘူး။ ဒါကြောင့် အရာရှိတွေ ပြောတာကိုပဲ နားထောင်ပါမယ်။”

ကျူးဟုန်ကျူးက မနေနိုင်ဘဲနှင့် ဝင်ရောက်ကာ မေးမြန်းလိုက်၏။ “အတွင်းဝန်ရုံးနဲ့ စစ်ရေးဗျူရိုက အရာရှိတွေ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ။”

သူတို့က အိမ်ရှေ့စံကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်မပြောနိုင်ကြောင်း ပြသသည့်အနေနှင့် ခေါင်းခါယမ်း ပြလိုက်ကြ၏။ တကယ်ပင် ဟန်ဆောင်ကောင်းလွန်းကြ၏။ ယခင်တုန်းက ရွှဲ့ဘုရင် နင်ယွမ်ရှန်း မေးမြန်းစဉ်က အားလုံး နင်ချီကို ထောက်ခံပါသည်ဟု ပြောခဲ့၏။ ယခု ပြောပြရန် ခက်ခဲနေသည်လား။ နောက်ဆုံး တစ်နာရီကျော် ဆွေးနွေးပြီးနောက် မည်သည့်ရလဒ်မှ ထွက်မလာခဲ့ချေ။

မင်းသားလျန်က ဒေါသထွက်လာ၏။ “ဒီလိုဆက်ပြီး ဆွေးနွေးနေရင် နောက်နှစ်အထိတောင် အဖြေထွက်မှာ မဟုတ်ဘူး။”

ကျူးဟုန်ကျူးက တောင်းဆိုလိုက်သည်။ “ကျေးဇူးပြုပြီး အင်ပါယာရဲ့ သံတမန်... ညွှန်ကြားပေးပါအုံး။”

မင်းသားလျန်က ပြော၏။ “နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းမှာ ဒီလိုမျိုး မဖြစ်ဖူးတာမှ မဟုတ်တာ။ ဘုရင် မရှိတော့တဲ့အခါမှာ အိမ်ရှေ့စံကို ရွေးချယ်ဖို့ တခြားနည်းလမ်းလည်း မရှိဘူး။ အရာရှိတွေကလည်း လုပ်ပိုင်ခွင့် မရှိဘူးဆိုရင်တောင် ကျုပ်တို့ ဘုရင်ကို ရွေးချယ်ရမယ်။ လွန်ခဲ့တဲ့ သက္ကရာဇ် ၃၇၅ နှစ်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရင် ဘယ်လိုလဲ။”

ဘုရင် ရွေးချယ်မှု စနစ်။ ဤလောကကြီးတွင် ဤကဲ့သို့သော အရာမျိုး ရှိသေးလား။

အဓိကကမ္ဘာမြေပေါ်တွင် ဖြစ်ပျက်ခဲ့ဖူး၏။ ၁၅၇၂ ခုနှစ်တွင် ပိုလန်နိုင်ငံဘုရင် ကွယ်လွန်ပြီး ထီးနန်း လစ်လပ်နေ၏။ တိုင်းပြည်ရှိ မှူးမတ်များက အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး မှူးမတ်များက ဘုရင့်ရွေးချယ်သည့် စနစ်ကို ဖော်ထုတ်ခဲ့၏။ နောက်ဆုံး ရွေးချယ်ခံရသူက ပထမဦးဆုံး ဘုရင်ဖြစ်သည့် ပြင်သစ်ဘုရင်၏ ညီတော် ဟင်နရီ ဖြစ်နေ၏။

ဘုရင်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ဤထူးဆန်းသည့် မှူးမတ်များက နိုင်ငံခြားသား တစ်ဦးကို သူတို့၏ ဘုရင်အဖြစ် ရွေးချယ်ရန် လိုလားခဲ့ကြခြင်းပင်။ ဤသည်က ဧကရာဇ်ကွမ်ရှုက အီတိုဟီရိုဘူမီကို မန်ချူးမင်းဆက်၏ ဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ရန် ကြိုးပမ်းခဲ့ခြင်းနှင့် ဆင်တူသည်။

“ဒါပေမယ့် ရွှဲ့ဘုရင်ရဲ့ သားအရင်းတွေကပဲ ဒီဘုရင် ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ရှိလိမ့်မယ်။ ရွှဲ့ဘုရင်ရဲ့ သားတော် ဘယ်နှစ်ယောက် ညီလာခံထဲမှာ ရှိလဲ။ နင်ချီ၊ နင်ကျန့်၊ နင်ကျန်း၊ နင်ကျင်း မင်းတို့ လေးယောက်ကပဲ အရွယ်ရောက်ပြီးသား မင်းသားတွေဖြစ်တယ်။”

မင်းသားလျန်က ပြော၏။ “ပြောကြ။ ဘယ်သူက ဘုရင် ရွေးချယ်ပွဲမှာ ပါဝင်ချင်လဲ။”

နင်ချီက ရှေ့သို့ ထွက်လာသည်။ “ကျုပ် ပါဝင်လိုပါတယ်။”

နင်ကျန်းက ရှေ့ကို ထွက်လာ၏။ “ကျုပ်လည်း ပါဝင်လိုပါတယ်။”

နင်ကျန့်ကတော့ မည်သည့်စကားကိုမှ မဆိုချေ။ သူက သူ၏ ဖိနပ်ကိုသာ ငုံ့ကြည့်နေ၏။ သူက ယခင်က အိမ်ရှေ့စံနင်ယီ၏ နောက်လိုက် ဖြစ်ခဲ့ဖူးပြီး တကယ်ပဲ တက်ကြွလွန်းသူအဖြစ် သတ်မှတ်ခံရ၏။ ကျူးမိသားစု နှင့် အလွန်ရင်းနှီး၏။ ယခုအချိန်မှာတော့ သူက မြေပြိုခဲ့ပြီး အသားတုံးဘဝသို့ ရောက်ရှိသွားခဲ့လေ၏။ သူက အမှန်တကယ်ပင် စိုးရွံ့နေသည်။

ဆဋ္ဌမမင်းသား နင်ကျင်းကတော့ စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ယင်နေ၏။ သူရော ပါဝင်ခွင့် ရှိနေသည်လား။ သူ ပါဝင်ချင်သော်လည်း သူ့၌ သတ္တိမရှိချေ။ “ကျုပ် ... ကျုပ်”

မင်းသားလျန်၏ မျက်လုံးများက အေးစက်သွား၏။ “နင်ကျင်း... မင်းကလည်း ပါဝင်ချင်နေတာလား။”

နင်ကျင်းက ထိုစကားကြောင့် အမြန်ပင် စကားကို ပြန်ရုတ်လိုက်သည်။

“မပါပါဘူး။ ကျုပ်က ဘယ်လို အရည်အချင်းမျိုးနဲ့ စွမ်းရည်မျိုး ရှိမှာလဲ။” နင်ကျင်းက အဆင်မပြေစွာဖြင့် ပြုံး၍ ပြန်ဖြေ၏။ ကိုယ့်အခြေအနေ ကိုယ်သိတာ ကောင်း၏။ ယနေ့ ထွက်လာရဲလျှင် နောက်ရက် အနည်းငယ်တွင် အဆုံးသတ် သွားပေလိမ့်မည်။

မင်းသားလျန်ကလည်း ပြော၏။ “ဒါဆိုရင် နင်ချီနဲ့ နင်ကျန်းက ဘုရင့်ရွေးချယ်ပွဲမှာ ပါဝင်ရလိမ့်မယ်။”

နင်ကျန်းက ရှေ့ကို ထွက်လာသည်။ “တကယ်လို့ အဖေ သတိရလာပြီး ဘုရင့်ရွေးချယ်ပွဲ ရလဒ်ကို သဘောမတူရင် ဘယ်လိုလုပ်မလဲ။”

မင်းသားလျန်က မျက်မှောင်ကုတ်လိုက်၏။ “မင်းဘာလိုချင်တာလဲ။”

နင်ကျန်းက ပြောသည်။ “ဒါပေါ့ အဖေ့ရဲ့ ဆန္ဒကို လိုက်နာရမှာပေါ့။”

မင်းသားလျန်က မေး၏။ “ရွှဲ့ဘုရင် မနိုးလာသရွေ့ အိမ်ရှေ့စံနေရာကို မဆုံးဖြတ်ရဘူးလို့ ဆိုလိုတာလား။”

နင်ကျန်းက ပြောသည်။ “ပထမဦးဆုံး ညီလာခံကို ဦးစီးမယ့်သူ တစ်ယောက်ပဲ ရွေးချယ်မယ်။ ကြားကာလက တစ်လ။ အဲဒီအချိန်အတွင်း အဖေနိုးလာရင်တော့ အဖေ့ရဲ့အမိန့်တိုင်း လိုက်နာကြမယ်။ အဖေ နိုးမလာရင်တော့ တစ်မျိုးပေါ့။”

မင်းသားလျန်က ခဏမျှ စဉ်းစားလိုက်၏။ “ဘယ်လို သဘောရလဲ။ ကျူးဟုန်ကျူး၊ ကျုံးအီ၊ နင်ချီ မင်းတို့ ဘယ်လိုသဘောရလဲ။”

“သဘောတူပါတယ်။” ကျူးဟုန်ကျူး၊ နင်ချီနှင့် အခြားသောသူများ၏ စိတ်ထဲတွင် ရွှဲ့ဘုရင် နိုးထလာဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။

မင်းသားလျန်က ပြောသည်။ “ဒါဆိုရင် ဆုံးဖြတ်ပြီးပြီ။ ပထမဦးဆုံး ဘုရင် ရွေးချယ်မယ့်ကာလအတွင်း ညီလာခံကို ဦးစီးမယ့် မင်းသားတစ်ပါးကို ရွေးချယ်မယ်။ ရွှဲ့ဘုရင်ကသာ တစ်လအတွင်း နိုးလာခဲ့ရင် သူက အိမ်ရှေ့စံကို ပြန်ခန့်အပ်မယ်။ တကယ်လို့ နိုးမလာခဲ့ရင်တော့ အဲဒီမင်းသားက ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံအဖြစ် အလိုအလျောက် ဖြစ်လာလိမ့်မယ်။ မိဖုရားကြီးနဲ့ ရွှဲ့ပြည်နယ် ဝန်ကြီးတွေ ကန့်ကွက်လား။”

“မကန့်ကွက်ပါဘူး။”

မင်းသားလျန်က ကြေညာလိုက်၏။ “ကောင်းပြီ။ ဒီနေ့ ညီလာခံမှာရှိတဲ့ အရာရှိတွေ အားလုံး မဲပေးခွင့် ရှိတယ်။ သင့်တော်မယ်လို့ထင်တဲ့ အိမ်ရှေ့စံကို ရွေးချယ်ကြ။ လူတိုင်း မဲတစ်မဲစီ ပေးရမယ်။ ပြီးတော့ အမည်မဖော်တဲ့ မဲအဖြစ်ပဲ ကြေညာမယ်။”

ခဏကြာချိန်မှာတော့ အရာရှိတိုင်းက ကလောင်တံတစ်ချောင်းနှင့် အထူးစက္ကူတစ်ရွက်ကို ပေးဝေ၏။ ဤစက္ကူက ထူးခြားသည့် ပုံစံမျိုး ပါဝင်ပြီး အချိန်တိုအတွင်း အတုပြုလုပ်၍ မရနိုင်ပေ။

“ရွှဲ့ပြည်နယ်ရဲ့ ဝန်ကြီးတို့ ... ခင်ဗျားတို့ ရွေးချယ်ရမယ့်သူက အနာဂတ်မှာ ထီးနန်းဆက်ခံမယ့်သူပဲ။ ကြီးမားတဲ့ပုံရိပ်ကို ထည့်သွင်းစဉ်းစားပြီး သတိထားကြ။ ပိုပြီး သတိထားဖို့ မျှော်လင့်တယ်။ ကွက်လပ်ဖြည့်တာကို စတင်ရအောင်။ စက္ကူပေါ်မှာ နာမည်ရေးလိုက်ရုံပဲ။ နင်ကျန်း ဒါမှမဟုတ် နင်ချီပေါ့။ ဘာမှမရေးဘဲ ၊ မဲမပေးဘဲ နေလို့လည်း ရတယ်။”

အမိန့်ပေးလိုက်၏။ ရာပေါင်းများစွာသော ရွှဲ့ပြည်နယ်ဝန်ကြီးတို့က စက္ကူပေါ်တွင် နာမည်များကို စတင်ရေး၏။ သူတို့က အိမ်ရှေ့စံ ဖြစ်သင့်သည်ဟု ထင်မြင်သူ၏ နာမည်ကို ရေး၏။ ရေးပြီးနောက် မည်သူမှ မမြင်နိုင်စေရန် အသာပင် ခေါက်လိုက်ကြ၏။

နာရီဝက် ကြာပြီးနောက် အားလုံး ရေးပြီးသွား၏။ မိန်းမစိုးအနည်းငယ်က ရွှေဇလုံများကို သယ်ဆောင် လာခဲ့ပြီး မဲများကို လိုက်လံကာ ကောက်ခံ၏။ ၁၅ မိနစ် ကြာပြီးနောက် မဲအားလုံးက ကောက်ခံပြီးစီးသွား၏။ ပြီးနောက် လူတိုင်း၏ ရှေ့မှောက်တွင် မဲရေတွက်ခြင်းက စတင်၏။

မင်းသားလျန်၊ ကျူးဟုန်ကျူး၊ ကျုံးအီနှင့် အခြားသောသူများက စိတ်သက်သာရာ ရသွား၏။ အဘယ်ကြောင့် ဆိုသော် ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်၏။ ညီလာခံထဲရှိ အရပ်ဖက်နှင့် စစ်ဖက်အရာရှိ ၈၀ ရာခိုင်နှုန်းကျော်က နင်ချီကို ထောက်ခံခဲ့ပြီးသားပင်။ နင်ကျန်းက အမြဲစေ တစ်ယောက်တည်းဖြစ်ပြီး အားနည်းသူပင်။

ဤကဲ့သို့ ဘုရင် ရွေးချယ်ခွင့်က တရားမျှတပုံ ပေါက်သော်လည်း တကယ်တမ်းမှာတော့ မတရားဆုံးလည်း ဖြစ်၏။ နင်ချီနိုင်မှာ သေချာ၏။ သို့သော်ငြား မဲရေတွက်မှုကို ဆက်လက် ပြုလုပ်နေစဉ်မှာပင် လူတိုင်း၏ အမူအရာများက ပြောင်းလဲလျက် ရှိနေလေ၏။

“နင်ကျန်း၊ နင်ကျန်း၊ နင်ချီ၊ နင်ကျန်း”

အစပိုင်း ၁၅ မဲတွင် နင်ကျန်းက ၁၀ မဲရပြီး နင်ချီက ၅ မဲသာ ရ၏။ အဘယ့်ကြောင့် ဤသို့ အပြတ်အသတ် ဖြစ်နေရသနည်း။ ဘာတွေဖြစ်ကုန်သနည်း။

…………

တာ့နန်နိုင်ငံ၏ မြို့တော်တွင် ၇ ရက် ၇ ည ကုန်ဆုံးပြီးနောက် ရှမ့်လန်က အမှန်တကယ် အိပ်စက်နားယူရခြင်း မရှိခဲ့ချေ။ သူက မနားတမ်း စကန်ဖတ်လို့နေ၏။ သူက ပင်ပန်းနွမ်းနယ်ပြီး လဲကျလုမတတ် ဖြစ်၏။ သူသည် ယခင်က ဤကဲ့သို့ တစ်ခါမှ ဒုက္ခမခံခဲ့ဖူးပေ။ သို့သော်ငြား ယခုအချိန်မှာတော့ တစ်စက္ကန့်လောက်မှ အချိန်ကို မဖြုန်းတီးရဲတော့ပေ။ အနည်းငယ် နောက်ကျလျှင် ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်၏။

သူက ရှေးဟောင်းစာမျက်နှာ သိန်းချီကို စကန်ဖတ်ခဲ့သော်လည်း အထူးကျောက်မျက်အကြောင်း မှတ်တမ်း ရှာမတွေ့ခဲ့ချေ။ ကောက်ရိုးပုံထဲ အပ်ရှာနေရသကဲ့သို့ပင်။ စာအုပ်စာရင်း မရှိသည့် စာကြည့်တိုက်ထဲတွင် စာမျက်နှာ တစ်မျက်နှာတည်း၏ အချက်အလက်ကို ရှာဖွေနေရသလိုပင်။

သို့သော်ငြား ရုတ်တရက် ရှမ့်လန်၏ မျက်နှာတစ်ခုလုံးက ဝင်းလက် သွားသည်။

“တွေ့ပြီ။”

သူ ရှာတွေ့ပြီ။ အရှင်မင်းကြီးကို ကယ်တင်နိုင်ပြီ။ သူ အရှင်မင်းကြီးကို ကယ်တင်နိုင်ပြီ။

All Chapters