← Chapters

အခန်း (၇၃၃-၇၃၄)

Vol. 46 Ch. 733-734

အခန်း (၇၃၃-၇၃၄)

Vol. 46 Ch. 733-734

အပိုင်း (၇၃၃)

ထိုအချိန်မှာတော့ မူလက ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည့် ရှမ့်လန်က ရုတ်တရက် အဆမတန် ဆိုသလို စိတ်အားတက်ကြွ လန်းဆန်းလာခဲ့၏။ သူက လျင်လျင်မြန်မြန်ဖြင့် စကန်ဖတ်ရင်း တစ်ဖက်မှာလည်း လျင်လျင်မြန်မြန် ဖတ်ရှုကာ အဓိပ္ပာယ်ကို ကောက်ယူ၏။

ဤကျောက်မျက်ရတနာကား အမှန်တကယ်ပင် ရှေးဟောင်းခေတ်မှ ပစ္စည်းတစ်ခုဖြစ်ပြီး ထူးဆန်းသည်က အကျိုးပြုသည့် ပစ္စည်းတစ်ခု ဖြစ်နေခြင်းပင်။ ရှေးဟောင်း မျိုးနွယ်စုများက ဤပစ္စည်းများကို ဝတ်ဆင်လေ့ ရှိကြပြီး တချို့က ရင်ထိုးအဖြစ်၊ တချို့ကတော့ ဆံထိုးအဖြစ် အသုံးပြုကြခဲ့၏။

ဤအရာ၏ အသုံးဝင်မှုက အဘယ်နည်း။ အာရုံကြောများကို အားဖြည့်ခြင်းနှင့် ဦးနှောက်ကို စွမ်းအင် မြှင့်တင်ပေးခြင်းပင်။ ဤကျောက်မျက်ရတနာ၏ အတွင်းမှ အလွန်ထူးခြားသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်ပြီး လူ၏အာရုံကြောများကို ပြင်းထန်စွာ လှုံ့ဆော်ပေး၏။ ကြာရှည်စွာ လှုံ့ဆော်ခဲ့ပြီးနောက် ရှေးဟောင်းလူသားတို့၏ အာရုံကြောတုံ့ပြန်မှုများက ပိုမိုကာ မြန်ဆန်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များက ပိုမိုကာ ထက်မြက်လာပေမည်။

ဤအချက်က အနည်းငယ် ထူးဆန်းနေ၏။ ခေတ်သစ်လောကကြီးတွင် လျှပ်စစ်ဖြင့် ကုသထုံးနည်းများ ရှိသော်လည်း အများစုက စိတ်ရောဂါ ကုသမှုများအတွက်သာ ဖြစ်၏။ ဤသဘောတရားအရ ကြွက်သား လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အနည်းငယ် တူညီမှုရှိ၏။ အားကစားရုံသို့ သွား၍ ပြင်းထန်သည့် လေ့ကျင့်မှုများကို ပြုလုပ်ခြင်းဖြင့် မူလက တည်ရှိနေသည့် ကြွက်သားအဟောင်းများကို စုတ်ပြဲစေခဲ့ပြီး ကြွက်သားသစ်များ ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ပိုမို သန်မာလာစေခြင်း သဘောပင်။

ကောင်းကင်ပင်လယ်နန်းဆောင်က အိမ်ရှေ့စံနင်ယီမှတဆင့် ထူးခြားသည့် ကျောက်မျက်ရတနာကို နင်ယွမ်ရှန်းအား ပေးခဲ့ခြင်းမှာ သူ၏ အာရုံကြောနှင့် တွေးခေါ်မှုများကို ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်သည်မှာတော့ သေချာ၏။

ရှေးဟောင်းလူသားတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဤလောကရှိ လူသားတို့ထက် များစွာ သန်မာ၏။ မူလန်ကို ကြည့်လျှင် သိရှိနိုင်၏။ ထို့ကြောင့် ဤပစ္စည်းက ရှေးဟောင်းလူသားတို့၏ ဦးနှောက်နှင့် အာရုံကြောများ အတွက် အားဖြည့်ပေးသည့် အာနိသင် ရှိသော်လည်း နင်ယွမ်ရှန်းအတွက်မူ ပျက်စီးခြင်းသို့ ဦးတည်စေနိုင်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ သူ၏ အာရုံကြော စနစ်တစ်ခုလုံးအား ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။

လျှပ်စီးဗို့အားများ ဝင်သောကြောင့် ကွန်ပျူတာ စက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားသကဲ့သို့ပင်။ သေချာသည်က ကွန်ပျူတာဆိုလျှင် တိုက်ရိုက် လောင်ကျွမ်းသွားစေနိုင်၏။ သို့သော်ငြား နင်ယွမ်ရှန်း၏ ဦးနှောက်ကို ရှမ့်လန်က စစ်ဆေးကြည့်ရှုရာ သိသာထင်ရှားသည့် ပြင်ပဒဏ်ရာ ဟူ၍ မရှိပေ။ ဤကျောက်မျက်ရတနာမှ ထုတ်လွှင့်လိုက်သည့် စွမ်းအင်က ခဏတာမျှ ဖြစ်ကောင်းဖြစ်နိုင်ပြီး အကယ်၍ ကြာရှည်ပါက နင်ယွမ်ရှန်း၏ ဦးနှောက်တစ်ခုလုံး လုံးဝ ပျက်စီးသွားပေမည်။

ရှေးဟောင်းကျမ်းစာများတွင် ဤကျောက်မျက်ရတနာ၏ အမည်က အိမ်မက်ဆိုး ကျောက်တုံးဟု ခေါ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူသားများစွာတို့က ထိုအရာကို အသုံးပြု၍ အာရုံကြောနှင့် ဦးနှောက်ကို လှုံ့ဆော်ကြရာ ထိုအရာ၏ ဘေးထွက်ဆိုးကျိုး တစ်ခုက အိမ်မက်ဆိုးများ မကြာခဏ မက်တတ်ခြင်းပင်။ ထို့ကြောင့် ကြာလာသည့် အချိန်တွင် သူ၏ မူလအမည်နာမကို မသုံးစွဲလိုတော့ဘဲ အိမ်မက်ဆိုး ကျောက်တုံး ဟုသာ အမည်ပေးလိုက်ကြ၏။

ဤအိမ်မက်ဆိုးကျောက်တုံးနှင့် ပတ်သက်၍ ရှေးဟောင်းကျမ်းစာများတွင် စာလုံးရေ လေးငါးသောင်းခန့် အထိ မှတ်တမ်းတင်ထားပြီး ပုံသဏ္ဍာန်များကလည်း ရာနှင့်ချီရှိ၏။ သို့သော်ငြား ရှမ့်လန် ရှာဖွေလိုသည်က ကယ်တင်ရန် နည်းလမ်းသာ ဖြစ်၏။ စာလုံးရေ သောင်းနှင့်ချီသည့် အချက်အလက်များကို ထပ်မံကာ ဖတ်ရှုသည်။

နောက်ဆုံးမှာတော့ ရှမ့်လန်က နည်းလမ်းနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ပထမနည်းလမ်းက နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်းဖြစ်ပြီး ထိုမှသာလျှင် သူက မိမိ၏ ကိုယ်ပိုင်အားအင်ဖြင့် ပြန်လည် နိုးထလာပေမည်။ ဥပမာအားဖြင့် ဤအိမ်မက်ဆိုး ကျောက်တုံးကို မူလန်အား ပေးလိုက်မည်ဆိုလျှင် ဆိုးကျိုးဖြစ်လာမည် မဟုတ်ဘဲ သူမကို ပိုမိုကာ သန်မာလာစေမည်။

သို့သော်ငြား ရှမ့်လန်က နင်ယွမ်ရှန်း ပိုမို သန်မာလာအောင် မလုပ်ဆောင်ပေးနိုင်ချေ။ ပထမအချက်အားဖြင့် သူက ဒုတိယမြောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးရည်ကို ရှာမတွေ့နိုင်သောကြောင့်ပင်။ ဒုတိယ အချက်အားဖြင့် ရှာတွေ့နိုင်လျှင်ပင် နင်ယွမ်ရှန်းက သွေးမျိုးဆက် ပြောင်းလဲသွားသူတစ်ဦး မဟုတ်ပေ။

သွေးမျိုးဆက် ပြောင်းလဲသူဟူသည်ကား အဘယ်နည်း။ ဘိုးဘေးတို့၏ မျိုးရိုးဗီဇ ပြန်လည် ပေါ်ပေါက် လာခြင်းမျိုး ဖြစ်ပြီး ဤလောကရှိ လူသားအချို့၏ ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းလူသားတို့၏ သွေးမျိုးဆက် လက္ခဏာများ ပေါ်ပေါက်လာခဲ့ခြင်းပင်။ ဝူတူကျိက ထိုကဲ့သို့သော လူဖြစ်ပြီး မူလန်ကလည်း ထိုနည်းလည်းကောင်းပင်။

သို့သော်ငြား နင်ယွမ်ရှန်းကတော့ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးရည်က နင်ယွမ်ရှန်း အပေါ် လုံးဝ အာနိသင် သက်ရောက်လိမ့်မည် မဟုတ်ချေ။

ဒုတိယနည်းလမ်းအားဖြင့် ဤအိမ်မက်ဆိုးကျောက်တုံးပေါ်တွင် မူတည်ပြီး ကြံဖန်ရပေလိမ့်မည်။ ပထမဦးဆုံး အနေဖြင့် ဤပစ္စည်းက ပစ္စည်းကောင်းတစ်ခုဖြစ်၏။ ရှေးဟောင်းလောကကြီးတွင် ထိုအရာကို တီထွင်ခဲ့ခြင်းက တွေးခေါ်မှုနှင့် အာရုံကြောများကို အားဖြည့်ရန်အတွက် ဖြစ်၏။ ထို့အပြင် ထိုအရာကို တခြားအရာများဖြင့် ပြောင်းလဲ အသုံးပြုခဲ့ကြ၏။

ဥပမာအားဖြင့် မှတ်ဉာဏ်များကို ဖျက်ဆီးခြင်း သို့မဟုတ် ဦးနှောက်ပိုင်းဆိုင်ရာ ကုသခြင်းပင်။ လူပေါင်း များစွာတို့က ပြင်းထန်သည့် ပြင်ပဒဏ်ရာများ ရရှိခြင်း သို့မဟုတ် ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်လပ်ခြင်းတို့ကြောင့် ဦးနှောက်၏ အစိတ်အပိုင်း ပျက်စီးသွားခြင်းမျိုး ဖြစ်သွားတတ်၏။ ဤအရာက ကိုမာ (အသိစိတ်မရှိတော့ဘဲ အိပ်ရာထဲလှဲနေရခြင်း) ဝင်ခြင်း သဘောမျိုးပင်။

ဤသည်က ခေတ်သစ်ဆေးပညာတွင် အလွန်ခက်ခဲသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်ပြီး ရုပ်မြင်သံကြားနှင့် သတင်းစာများတွင်ပင်လျှင် ထိုကဲ့သို့သော လူများ ပြန်လည်နိုးထနိုင်သည့် ဖြစ်ရပ်များကို အံ့ဖွယ်ရာအဖြစ် မကြာခဏ ဖော်ပြလေ့ရှိသည်။ အလွန်ရှားပါးသောကြောင့်ပင်။

လက်တွေ့တွင် ထိုကဲ့သို့သောလူများက ပြန်လည် နိုးထနိုင်ခြင်း မရှိသလို ခေတ်သစ်ဆေးပညာ၌လည်း ထိုကဲ့သို့သော လူမျိုးကို ကုသရန် နည်းလမ်းက ဗလာနတ္ထိပင်။ သို့သော်ငြား ရှေးဟောင်းလူသားများက ဤအိမ်မက်ဆိုး ကျောက်တုံးကို အသုံးပြုပြီး ထိုလူသားများကို ကုသခဲ့ကြ၏။ များစွာလည်း အလွန် ထိရောက်ခဲ့၏၊

ဆိုလိုသည်က ဤအိမ်မက်ဆိုး ကျောက်တုံးက ပြုပြင် ပြောင်းလဲထားသော ထိန်းညှိနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်ပြီး ပြင်းထန်သည့် လှုံ့ဆော်မှု စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ လူတို့၏ အာရုံကြောနှင့် ဦးနှောက်ကို ချက်ချင်း လေဖြတ်သွားစေနိုင်၏။ သို့မဟုတ် တခြား စွမ်းအင်လှိုင်း တစ်မျိုးကို ထုတ်လွှတ်ပြီး လူတို့၏ အာရုံကြောများကို အားဖြည့်ပေးနိုင်သည်။

ထို့အပြင် အလွန် စူးရှပြီး သေးငယ်သည့် အတိုင်းအတာဖြင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ဦးနှောက်၏ နေရာတစ်ခုတွင် မှတ်ဉာဏ် ဖြတ်တောက်ခြင်းကိုလည်း ပြုလုပ်နိုင်၏။ ထို့အတူ ကိုမာကဲ့သို့ ဖြစ်ပေါ်လျက် ရှိနေသည့် လူတို့အား လှုံ့ဆော်ရာ၌ ထိုစွမ်းအင်လှိုင်းများကို အသုံးပြု၏။

အတိုချုပ်အရ ပြောရမည် ဆိုလျှင် ရှေးဟောင်းစာအုပ်ထဲတွေ မတူညီသည့် ဂုဏ်သတ္တိ ၁၅ မျိုးကျော်ကို မှတ်တမ်းတင်ထား၏။ ဤအရာက အီလက်ထရောနစ် ကိရိယာ ပစ္စည်းတစ်ခုနှင့် တူလို့နေ၏။ သို့ပေမည့် လုံးဝ မဟုတ်ချေ။ အထဲတွင် မည်သည့် သိပ္ပံပစ္စည်း သို့မဟုတ် အာနိသင် အရာမျိုးမှ မပါဝင်ခဲ့ချေ။

ဤအိမ်မက်ဆိုး ကျောက်တုံး ကိရိယာကို ဖွဲ့စည်းထားပုံက ပုံသဏ္ဍာန် အမျိုးမျိုး ရှိသည့် ကျောက်မျက် ရတနာများနှင့် ရွှေပြား၊ ရာပေါင်းများစွာ ထည့်ထားသည့် အထူးသတ္တုပြားများသာ ဖြစ်၏။ ဤသည်က ဆန်းကြယ်လွန်းသည့် အရှိန်အဝါမျိုးဖြင့် ပြည့်နှက်နေသည့် အရာဝတ္ထုပင်။

ဆိုလိုသည်က ရှမ့်လန်က နင်ယွမ်ရှန်းကို ကယ်တင်လိုသည် ဆိုပါက ဤအိမ်မက်ဆိုး ကျောက်တုံးကို ပထမဦးဆုံး ပြုပြင် ပြောင်းလဲရမည်။ ရှမ့်လန်က အကြမ်းနည်းနှင့် ဖွင့်ရန် ကြိုးစားခဲ့ဖူး၏။ ရလဒ်အားဖြင့် အကြိမ်တိုင်း ထိုအရာက ကိုယ်ဘာသာ ပျက်ဆီးသွားစေနိုင်သည့် အခြေအနေမျိုးဆီသို့ ရောက်ရှိသွား၏။

ဤရှေးဟောင်းကျမ်းစာထဲတွင် ရှင်းလင်းစွာ ရေးသားထား၏။ ပထမဦးဆုံး အနေဖြင့် ဤအိမ်မက်ဆိုး ကျောက်တုံးကို ဖွင့်လှစ်ရန် အထူးပတ်ဝန်းကျင်တစ်ခု လိုအပ်၏။ အထူးပတ်ဝန်းကျင် ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ထူးခြားသည့် သံလိုက်စက်ကွင်းမျိုးပင်။

လူတိုင်း သိရှိသည့်အတိုင်း ကမ္ဘာမြေတွင် ဖြစ်စေ၊ ဤလောကတွင် ဖြစ်စေ သံလိုက်စက်ကွင်း ရှိကြ၏။ သို့သော်ငြား အရာအားလုံးက ဤအိမ်မက်ဆိုး ကျောက်တုံးကို ဖွင့်နိုင်သည့် ပတ်ဝန်းကျင်မျိုး မဟုတ်ချေ။ ရှေးဟောင်းကျမ်းစာ၏ မှတ်တမ်းများအရဆိုလျှင် ထိုအရာကို ဖွင့်နိုင်သည့် နေရာဟူ၍ တစ်ခုတည်းသာ ရှိ၏။ ထိုအရာက ရှေးဟောင်းအမွေအနှစ် အပျက်အစီး တည်နေရာများ ဖြစ်ပြီး ထိုနေရာရှိ သံလိုက်စက်ကွင်းနှင့် ပြင်ပလောကမှ သံလိုက်စက်ကွင်းတို့က မတူညီကြပေ။

ထို့ကြောင့် အတင်းအဓမ္မ ဖွင့်၍ မရနိုင်ပေ။ ထိုသို့ ပြုလုပ်ပါက မိမိဘာသာ ဖျက်ဆီးခြင်းလုပ်ဆောင်မှုက အသက်ဝင် သွားမှာ ဖြစ်၏။ အထူးနည်းလမ်းကို အသုံးပြု၍ ဖွင့်ရပေမည်။ ဥပမာအားဖြင့် အထူး လျှပ်စီးကြောင်း လှုံ့ဆော်မှုမျိုးပင်။ ထိုအရာ၏ အစိတ်အပိုင်းကို ဖွင့်နိုင်လျှင် ကျောက်တုံးက အလိုအလျောက် ပွင့်သွားပေလိမ့်မည်။

သို့သော်ငြား ဤလောကကြီးတွင် ရှမ့်လန်က လျှပ်စီးကြောင်းကို မည်သည့်နေရာမှာ သွားရှာရမည်နည်း။ ပွတ်တိုက်ခြင်းဖြင့် လျှပ်စစ်ကို ထုတ်ဖော်ရမည်လား။ ထိုကဲ့သို့သော တည်ငြိမ်လျှပ်စစ်မျိုးက မလုံလောက်ချေ။ မိုးကြိုးလျှပ်စီးကို ဆွဲယူရမည်လား။ ထိုလျှပ်စီးကြောင်းကလည်း အလွန် များပြားလွန်း၏။

သို့သော်ငြား ဤကိစ္စက ရှမ့်လန်အတွက် လုံးဝ ပြဿနာ မဟုတ်သလို လွယ်ကူလွန်းသော ကိစ္စတစ်ခုပင် ဖြစ်၏။ ကြေးပြား၊ သွပ်ပြား၊ ကြေးနန်းကြိုးနှင့် ပြုတ်ထားသည့် အာလူးတို့ကို အသုံးပြု၍ အာလူးဓာတ်ခဲကို တီထွင်နိုင်၏။ သေချာသည်က အာလူး မရှိလျှင်လည်း ကန်စွန်းဥကို အသုံးပြုနိုင်သည်။

ကျင်းကျွင်းက ရှမ့်လန်ကို နောက်တစ်ကြိမ် မြင်တွေ့ချိန်မှာတော့ မည်သို့မျှ မနေနိုင်ဘဲ အံ့အားသင့် သွားမိ၏။ ဤကဲ့သို့သော ရှမ့်လန်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများနှင့် ရှုပ်ပွနေပြီး ဆံပင်များကလည်း ဖရိုဖရဲနှင့် ဖြစ်သည်။ မျက်ကွင်းများကလည်း မဲနက်နေ၏။

ယခင်ကဆို ရှမ့်လန်က အချိန်တိုင်း အလွန် သေသပ်သပ်ရပ်စွာ နေတတ်သူ တစ်ယောက် ဖြစ်၏။ နန်အိုနိုင်ငံကို သွားပြီး ကျင်းကျွင်းနှင့် ဆွေးနွေးစဉ်ကဆိုလျှင် ဖုံမှုန့် တစ်စက်မျှပင် မကပ်ရုံသာမက နေကာထီးကိုပင် ဆောင်းလာခဲ့၏။ ကိုယ်တိုင် ပြုလုပ်ထားသည့် နေကာခရင်မ်ကိုလည်း လိမ်းခဲ့ကြောင်း သူ မှတ်မိသေး၏။ ယခု ရှမ့်လန်၏ ပုံစံကို ကြည့်ရသည်မှာ သူတောင်းစားကပင် အဖေခေါ်လိုက်သည်။

“ကျုပ် ပြုတ်ထားတဲ့ ကန်စွန်းဥ အနည်းငယ် လိုချင်တယ်။”

ရှမ့်လန်က ပြော၏။ “ပြီးတော့ မြွေတစ်သောင်းဂူအောက်က ရှေးဟောင်းအပျက်အစီး တည်နေရာကို သွားကြမယ်။”

ကျင်းကျွင်းက ပြောလိုက်သည်။ “ကျုပ် သော့သွားယူလိုက်အုံးမယ်။”

“မလိုပါဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “တံခါးဝ အပြင်ဘက် ဆိုရင် ရပြီ။ အထဲကို ဝင်စရာ မလိုဘူး။ ကျုပ် လိုအပ်တာက ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်း ပတ်ဝန်းကျင်ပဲ။”

“ကောင်းပြီ။”

ကျင်းကျွင်းက ပြောသည်။ “ခင်ဗျား အထဲမဝင်ဘူး ဆိုတာ သေချာလား။ ကျုပ် ခင်ဗျားကို အထဲဝင်ကြည့်စေချင်တယ်။”

ရှမ့်လန်က ပြော၏။ “နောက်တစ်ခေါက်မှပေါ့။ ဒီတစ်ခါတော့ အချိန် မရှိတော့လို့ပါ။”

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်နှင့် ကျင်းကျွင်းတို့က မြွေတစ်သောင်းဂူ၏အောက်ရှိ ရှေးဟောင်း အပျက်အစီး တံခါးမကြီး ရှေ့သို့ ပြန်လည် ရောက်ရှိလာ၏။ ယခင်က ရှမ့်လန် သတိမထားမိသော်လည်း ယခုအချိန်တွင် ဤနေရာရှိ လေထုနှင့် သံလိုက်စက်ကွင်းက တကယ်ကို ထူးခြားပြီး စိတ်နှလုံးကို ရေကဲ့သို့ ငြိမ်သက်စေသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်ကြောင်း ခံစားမိသည်။

“ကျုပ် တံခါးရဲ့ ဟိုဘက်ထိပ်ကနေ စောင့်နေမယ်။” ကျင်းကျွင်းက ပြောလိုက်၏။

ရှမ့်လန်က ပြော၏။ “မလိုပါဘူး။ ဒီဖြစ်စဉ်ကို အစ်ကိုကျင်း ဒီကနေ ကြည့်လို့ရတယ်။ ဒါမှ ရှေးဟောင်း ယဉ်ကျေးမှုတွေ အကြောင်း ပိုပြီး လေးလေးနက်နက် နားလည်လာမှာပေါ့။”

“ကောင်းပြီလေ။”

ပြီးနောက် ရှမ့်လန်က မျက်လှည့်ပြလိုက်သကဲ့သို့ပင် စတင် လုပ်ဆောင်၏။ သူက အမြန်ဆုံးသော နှုန်းဖြင့် ကန်စွန်းဥ ဓာတ်ခဲကို ပြုလုပ်ခြင်းပင်။ ပြီးနောက် သတ္တုအပ်ကလေးများကို အသုံးပြု၍ အိမ်မက်ဆိုး ကျောက်တုံး၏ နေရာတချို့ကို လှုံ့ဆော်သည်။

ဤနေရာများကို လှုံ့ဆော်သည့် အစီအစဉ်က လုံးဝ မှား၍ မဖြစ်ချေ။ အနည်းငယ်မျှ မှားယွင်းပါက ထိုအရာက ပွင့်လာမည် မဟုတ်ဘဲ မိမိဘာသာ ဖျက်ဆီးခြင်း အခြေအနေဆီသို့ အသက်ဝင်သွားပေလိမ့်မည်။ ဤသည်က အိမ်မက်ဆိုး ကျောက်တုံးကို ဖွင့်လှစ်ရန် စကားဝှက်တစ်ခုနှင့် တူ၏။

ရှေးဟောင်းကျမ်းစာများတွင် အိမ်မက်ဆိုး ကျောက်တုံး၏ အမျိုးအစား ရာပေါင်းများစွာကို မိတ်ဆက် ဖော်ပြထားပြီး အမျိုးအစား တစ်ခုချင်းစီတိုင်းက ဖွင့်လှစ်ရန် စကားဝှက် မတူညီကြချေ။ ယခုအချိန်မှာတော့ ရှမ့်လန် ဆုတောင်းနေရသည်က သူ၏ မျက်စိရှေ့မှောက်တွင် ရှိသည့် ဤအိမ်မက်ဆိုး ကျောက်တုံး၏ စကားဝှက်ကို တစ်စုံတစ်ယောက်က ပြောင်းလဲထားခြင်း မရှိစေရန်ပင်။ အများသုံး စကားဝှက်မျိုး ဖြစ်ပါစေ ဟူ၍သာ ဆုတောင်းရပေလိမ့်မည်။ မဟုတ်ပါက လုပ်ခဲ့သမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားပေမည်။

ရှမ့်လန်၏ ဆုတောင်းက ပြည့်ဝခဲ့၏။ တိုးညင်းသည့် အသံတစ်ချက် ထွက်ပေါ်လာ၏။ အိမ်မက်ဆိုး ကျောက်တုံးက အလိုလျောက် ပွင့်သွားခဲ့ပြီး အတွင်းပိုင်း ဖွဲ့စည်းပုံများ ပေါ်ထွက်လာ၏။ သိပ်လည်း ရှုပ်ထွေးပြီး တကယ်လည်း လှပဆန်းကြယ်၏။

ကျင်းကျွင်းက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ မည်သို့မျှ မနေနိုင်ဘဲ အံ့အားသင့်သွားမိ၏။ ဤကျောက်မျက် ရတနာက အချင်း တစ်လက်မပင် မပြည့်သေးသော်လည်း အတွင်းပိုင်းတွင် ဤမျှလောက် သပ်သပ်ရပ်ရပ်နှင့် ပြုလုပ်ထားသည်လား။

ရှမ့်လန်ကလည်း အံ့အားသင့် ချီးမွမ်းမိ၏။ အဘယ်ကြောင့်ဆိုသော် သူက ယခင်က X-Ray မျက်လုံးနှင့် ကြည့်ရှုခဲ့သော်လည်း ဤအိမ်မက်ဆိုး ကျောက်တုံး၏ အတွင်းပိုင်းကို လုံးဝ ထွင်းဖောက် မမြင်နိုင်ဘဲ သာမန် ပတ္တမြား တစ်လုံးကဲ့သို့သာ မြင်တွေ့ခဲ့ရသောကြောင့်ပင်။ ထိုသို့မဟုတ်ပါက ဤပစ္စည်းတွင် လျှို့ဝှက်ချက်များ ရှိနေကြောင်း ရှမ့်လန်က စောစောစီးစီးကပင် ရိပ်မိပေလိမ့်မည်။

ဤအိမ်မက်ဆိုးကျောက်တုံး၏ အတွင်းပိုင်းတွင် ပုံသဏ္ဍာန် အမျိုးမျိုးနှင့် ကျောက်မျက်ရတနာ အလုံးရေ တစ်ရာကျော်ကို သိပ်သည်းစွာ ထည့်သွင်းထား၏။ သတ္တုပြားအမျိုးမျိုးနှင့်လည်း ချိတ်ဆက်ထား၏။ အများဆုံးက ရွှေနှင့် ပလက်တီနမ်ပြားများပင်။

ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူပြီး သေတ္တာကို ဖွင့်၏။ သူက သေတ္တာတွင်းမှ ကိုယ်တိုင် ပြုလုပ်ထားသည့် အနုကြည့်မှန်ပြောင်း တစ်ခုကို ထုတ်ယူ၏။ အဆမတန် ချဲ့နိုင်သည့် စွမ်းအားက ခေတ်သစ်လောကရှိ အနုကြည့်မှန်ပြောင်းလောက် မကောင်းသော်လည်း လက်ရှိ အခြေအနေအတွက် လုံလောက်၏။

လက်အိတ်ကို စွပ်၍ အထူးဇာဂနာ တစ်ခုကို အသုံးပြုကာဖြင့် အိမ်မက်ဆိုး ကျောက်တုံးကို စတင်ကာ ပြုပြင် ပြောင်းလဲတော့၏။ အိမ်မက်ဆိုး ကျောက်တုံးက ရှေးလူသားတို့၏ အာရုံကြောနှင့် တွေးခေါ်မှုကို အားဖြည့်ရန် အသုံးပြုခဲ့ခြင်းပင်။ ရှမ့်လန်က ထိုအရာကို ကိုမာဝင်ရောက်လျက် ရှိနေသူများအား ကယ်တင်နိုင်စွမ်း ရှိသည့် ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည့် ကုသရေးပုံစံ အိမ်မက်ဆိုးကျောက်တုံးအဖြစ် ပြုပြင် ပြောင်းလဲရပေလိမ့်မည်။

လုပ်ငန်းစဉ် တစ်ခုလုံးက မခက်ခဲချေ။ ခန့်မှန်းချေအားဖြင့် လုပ်ဆောင်ချက် အဆင့်ပေါင်း ၇၈၉ ခုကို လုပ်ဆောင်ရ၏။ အဆင့်တိုင်းက အမှားယွင်း ရှိ၍ မဖြစ်ပေ။ အထဲတွင် သတ္တုပြားနှင့် ကျောက်မျက်ရတနာ အများစုက မီလီမီတာ အရွယ်အစားခန့်သာ ရှိ၏။

ကံကောင်းသည်က ရှမ့်လန်က ထူးချွန်သည့် သမားတော်တစ်ဦးဖြစ်ပြီး သူ ပြုလုပ်ခဲ့ဖူးသည့် ခွဲစိတ်မှု အများဆုံးက ထိုအရာထက်ပင် ပိုမိုကာ သိမ်မွေ့ကာ နက်ရှိုင်း၏။ ဤအိမ်မက်ဆိုး ကျောက်တုံးကို ပြုပြင် ရခြင်းက အာရုံကြောများကို ပြန်လည် ချုပ်လုပ်ရခြင်းထက်တော့ အများကြီး ပိုမိုကာ လွယ်ကူသည်။

ကျင်းကျွင်းက အသက်ရှူပင် အောင့်ထားမိ၏။ သူက ရှမ့်လန်၏ လုပ်ဆောင်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို ကြည့်ရှုနေ၏။ အမှန်တကယ်လည်း အံ့အားသင့် ချီးကျူးနေမိ၏။ ဤသည်က ခရုခွံလေးထဲသို့ ဝင်ရောက်ပြီး တရားဟောနေသကဲ့သို့ပင်။ ဆိုလိုသည့် အဓိပ္ပာယ်က အလွန်ကျဉ်းမြောင်းသည့် နေရာလေးတွင် ကြီးကျယ်ခမ်းနားသည့် အလုပ်တစ်ခုကို လုပ်နေသကဲ့သို့ပင်။

အပိုင်း (၇၃၄)

ရက်ပေါင်းများစွာ ည မအိပ်ထားသည့် ရှမ့်လန်၏ လက်များက လုံးဝ တုန်ခါခြင်း မရှိပေ။ သုံးနာရီ ကြာမြင့် ပြီးနောက် ရှမ့်လန်၏ ဤအိမ်မက်ဆိုး ကျောက်တုံး ပြုပြင်ပြောင်းလဲမှုက ပြီးဆုံးသွား၏။

“အစ်ကိုကျင်း ခင်ဗျားဆီက ရှေးဟောင်းကျမ်းစာတွေ အကုန်လုံးက အဓိပ္ပာယ်ဖော်လို့ မပြီးသေးဘူး မဟုတ်လား။” ရှမ့်လန်က မေးသည်။

ကျင်းကျွင်းက ပြောလိုက်၏။ “အင်ပါယာကျန်းလီက အုတ်ရေ တစ်ရာလောက်ပဲ အဓိပ္ပာယ် ဖော်ခဲ့တာ။ ကျန်တဲ့အပိုင်း အများစုက အဓိပ္ပာယ် မဖော်ရသေးဘူး။ ကျုပ်ရဲ့ တောင်ပိုင်းနိုင်ငံက လောလောဆယ်မှာ အင်ပါယာကျန်းလီ အဓိပ္ပာယ်ဖော်ပြီးတဲ့ ရှေးဟောင်းကျမ်းစာတွေကိုပဲ အရင် ကျေညက်အောင်လို့ ကြိုးစားရအုံးမှာ။”

ရှမ့်လန်က ပြောသည်။ “ကျုပ် တော်တော်များများကို အဓိပ္ပာယ် ဖော်ပြီးသွားပြီ။ အားတဲ့အချိန်ကျရင် စာတွေ၊ ပုံတွေကို မှတ်တမ်းတင်ပြီး ခင်ဗျားဆီ ပို့ပေးမယ်။”

ကျင်းကျွင်းက ပြော၏။ “ကျေးဇူးတင်ပါတယ်။”

ပြုပြင်ပြောင်းလဲပြီးနောက် ရှမ့်လန်က ကုသရေးပုံစံ အိမ်မက်ဆိုး ကျောက်တုံးကို ပြန်လည် တပ်ဆင်၏။ ထိုအရာက နောက်တစ်ဖန် ပြီးပြည့်စုံသည့် ကျောက်မျက်ရတနာ တစ်ခုအဖြစ် ပြန်လည် ရောက်ရှိသွားသည်။

ကျင်းကျွင်းက လက်ထဲတွင် ထိုအရာကို ကိုင်ကြည့်ပြီး သေချာ စစ်ဆေး၏။ အရာတစ်စက်မျှပင် မတွေ့ရချေ။ “အင်ပါယာကျန်းလီရဲ့ ရည်မှန်းချက်က လောကသူ၊ လောကသားတွေရဲ့ ဉာဏ်ပညာကို လွတ်မြောက်စေဖို့၊ ရှေးဟောင်း ယဉ်ကျေးမှုကို ထုတ်ဖော်ပြီး ပြည်သူတွေ အားလုံးကို ပိုမို ကောင်းမွန်တဲ့ ဘဝကို ရရှိစေဖို့ပဲ။”

ကျင်းကျွင်းက ပြော၏။ “ဒါပေမယ့် တချို့လူတွေကတော့ ဒါတွေ အကုန်လုံးကို ပိတ်ဆို့ထားတယ်။ ပြည်သူတွေကို ရူးသွပ်အောင် လုပ်ထားကြတယ်။ အားလုံးကို နုံအအောင် လုပ်ထားကြတယ်။ ကမ္ဘာဦးလူသားတွေလိုမျိုး ဆက်ပြီး နေထိုင်စေချင်ကြတယ်။”

တောင်ပိုင်းနိုင်ငံမြို့တော်သို့ ရောက်ချိန်မှာတော့ ရှမ့်လန်က ပြောသည်။ “အစ်ကိုကျင်း.. ခင်ဗျားဆီမှာ ဒီလိုလူနာမျိုး ရှိလား။ အသက်တော့ ရှင်နေသေးတယ်။ နှလုံးက ခုန်ပြီး အသက်ရှူနေတယ် ဆိုပေမယ့် ဘယ်တော့မှ နိုးမလာဘဲ နေ့တိုင်း နေ့တိုင်း အိပ်မောကျနေတဲ့ လူမျိုး။”

ကျင်းကျွင်းက ခေါင်းညိတ်လိုက်၏။ “ရှိတာပေါ့။”

ခဏကြာမှတော့ လူတစ်ယောက်က ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ ရှမ့်လန်က အံ့အားမသင့်ဘဲ မနေနိုင်ချေ။ ဤမျှ ခန္ဓာကိုယ် ကြီးမားထွားကြိုင်းသည်လား။ မှန်ပေ၏။ သူက ယခုအချိန်တွင် အလွန် ပိန်လှီပြီး အရိုးပေါ် အရေတင် ဖြစ်နေ၏။ ဘာကြောင့်ဆိုသော် အိပ်မောကျနေသည်က ကြာလွန်းသောကြောင့် ကြွက်သားများ ကျုံ့သွားခြင်း ဖြစ်သည်။ သို့သော်ငြား ထိုသူ၏ အရိုးများက တကယ်ကို ကြီးမားလွန်းသည်။ အရပ်အမောင်းကလည်း အရူးကြီးနှင့် မတိမ်းမယိမ်းလောက် ရှိ၏။ နောက်ထပ် ဧရာမ လူသားကြီး တစ်ဦးပင်။

“သူ့နာမည်ကို ရှားဒွန် လို့ ခေါ်တယ်။ အနောက်ပိုင်းဒေသရဲ့ နံပါတ်တစ် သူရဲကောင်း ဖြစ်ခဲ့ဖူးတယ်။ ကျွန်တွေကြားမှာတော့ ဘုရားတစ်ဆူပဲ။ တိုက်ခိုက်ရေးကွင်းပြင်မှာ ကျားတွေ၊ ကျားသစ်တွေ၊ မြေခွေးတွေ၊ ဝံပုလွေတွေ မရေတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးတယ်။

အရင်က အရမ်းကို အင်အားကြီးခဲ့တယ် ဆိုပေမဲ့ တစ်နေ့မှာတော့ ရုတ်တရက် သူ့ရဲ့ ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။ ကြွက်သားနဲ့ သွေးကြောတွေက လိမ်တွန့်ကုန်တယ်။ လုံးဝ တိုက်ခိုက်လို့ မရဘဲ သရဲတစ္ဆေလို အရုပ်ဆိုး အကျည်းတန်သွားတယ်။”

ဤမြင်ကွင်းကို အနည်းငယ် ရင်းနှီးနေသည် မဟုတ်ပါလား။ ဟုတ်ပေ၏။ နာကျည်းမှုနှင့် ဆင်တူ၏။

“ပြီးတော့ သူက မောင်းထုတ်ခံလိုက်ရပြီး သူတောင်းစားဘဝ ရောက်သွားတယ်။ အရမ်းကို ဆင်းရဲ ဒုက္ခရောက်တယ် ဆိုပေမယ့် မသေခဲ့ဘူး။ နောက်တော့ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ရှားရင်က သူ့ကို ရှာဖွေ တွေ့ရှိခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ထူးဆန်းတဲ့ ရောဂါကို ကုသပေးခဲ့တယ်။ ပြီးတော့ ကျုပ်ရဲ့ လက်အောက်က နံပါတ်တစ် စစ်သူကြီး ဖြစ်ခဲ့တယ်။”

ကျင်းကျွင်းက ပြောသည်။ “သူက ခင်ဗျားရဲ့ညီ အရူးကြီးလောက် မသန်မာဘူး ဆိုပေမဲ့ စစ်မြေပြင်မှာတော့ သိပ်ပြီး မကွာခြားလောက်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရန်သူတွေ စိမ့်ဝင်ထိုးဖောက်မှုကို တားဆီးဖို့အတွက် မဟာပညာရှင် ဒါဇင်ပေါင်းများစွာနဲ့ တိုက်ခိုက်ပြီး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်။ နိုင်ငံတော် အကြံပေး ဆရာက သူ့ကို နောက်တစ်ကြိမ် ကယ်တင်နိုင်ခဲ့ပေမယ့် ဘယ်တော့မှ ပြန်ပြီး နိုးမထတော့ဘူး။”

“အင်း... ဒီလူလား။” ရှမ့်လန်က ပြောလိုက်၏။

ကျင်းကျွင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီလူ မှန်တယ်။”

ရှမ့်လန်က ပြော၏။ “ဒါဆိုရင် အထဲကို ဝင်ပြီး တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ လူတွေက ဘယ်သူတွေလဲ။”

ကျင်းကျွင်းက ပြောသည်။ “ဒါက ရေနက်တပ်ဖွဲ့က လူတွေနဲ့ တောင်ပင်လယ်ဓားဂိုဏ်းက လူတွေပဲ။”

ဤအရာက အနေခက်စရာ ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က နင်ယွမ်ရှန်းက နည်းလမ်း ပေါင်းစုံကို အသုံးပြုပြီး ကျင်းကျွင်းကို လုပ်ကြံရန် ကြံစည်ခဲ့၏။ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာကို စေလွှတ်ခဲ့၏။ ရလဒ်အားဖြင့် တပ်ဖွဲ့တစ်ခုလုံး နီးပါး သေဆုံးခဲ့၏။ ဤသည်က ရှားဒွန် တစ်ယောက် ဤကဲ့သို့သောလူမျိုး ဖြစ်သွားရခြင်း၏ အကြောင်းရင်းပင်။ တနည်းအားဖြင့် နင်ယွမ်ရှန်း၏ အပြစ်ကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီလူက အင်ပါယာကျန်းလီရဲ့ ထူးခြားတဲ့ သွေးမျိုးဆက် ပိုင်ရှင် တစ်ယောက်ပဲ။ လန်ပေါင်၊ နာကျည်းမှု၊ တုတ၊ တုအာ တို့လိုမျိုးပေါ့။”

ကျင်းကျွင်းက ခေါင်းညိတ်လိုက်သည်။ “အင်း... အင်ပါယာကျန်းလီ မရှိတော့ဘူး ဆိုပေမယ့် သူက ကြယ်တစ်ပွင့်လိုပဲ ကြွေကျပျက်စီးခဲ့ပြီ အစိတ်အပိုင်းအားလုံးက အဖိုးတန် ရတနာတွေချည်းပဲ ဖြစ်ခဲ့တာပေါ့။”

ရှမ့်လန်က ပြောလိုက်၏။ “အခု ကျုပ် ပြုပြင်ထားတဲ့ အိမ်မက်ဆိုးကျောက်တုံးကို သုံးပြီး ရှားဒွန်ကို ကယ်တင် နိုးထနိုင်မယ်။”

အကယ်၍ အောင်မြင်ခဲ့လျှင် နင်ယွမ်ရှန်းကို ကယ်တင်နိုင်လိမ့်မည်ဟု ဆိုလိုရာ ရောက်၏။ အကယ်၍ မအောင်မြင်ခဲ့ပါက...။

ရှမ့်လန်က ပြောသည်။ “အစ်ကိုကျင်း... ဒီငွေအပ်ကလေးကို သူ့ရဲ့ နောက်စေ့ထဲကို ထိုးစိုက်ပေးဖို့ ကူညီ တောင်းပါရစေ။”

ကျင်းကျွင်း၏ သိုင်းပညာက အလွန်မြင့်မားသောကြောင့် လွယ်လွယ်ကူကူပင် တိုက်ရိုက် ထိုးစိုက်နိုင်၏။ ရှမ့်လန်က မကြည့်ဘဲ မနေနိုင်တော့ချေ။

“ခင်ဗျားရဲ့ သိုင်းပညာက ဒီလောက်တောင် အစွမ်းထက်တာလား။ မထင်ထားခဲ့ဘူး။”

“သွေးမျိုးဆက် ပြောင်းလဲထားတဲ့သူလေ။” ကျင်းကျွင်းက ပြော၏။

ထင်မှတ်ထားသည့် အတိုင်းပင်။ ငွေအပ်တစ်ချို့ကို ရှားဒွန်၏ နောက်စေ့တွင် ထိုးစိုက်ပြီးနောက် ရှမ့်လန်က ပြုပြင်ထားသည့် အိမ်မက်ဆိုး ကျောက်တုံးကို ငွေအပ်ပေါ် တင်၏။ လျှပ်စီးကြောင်းများ ဖြစ်ပေါ်စေရန် လှုံ့ဆော်သည်။

ချက်ချင်းပဲ အိမ်မက်ဆိုး ကျောက်တုံးက လင်းလက်လာသည်။ ကျင်းကျွင်းက အလိုအလျောက်ပင် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏အာရုံခံစားမှုက အလွန်ထက်မြက် သောကြောင့်ပင်။ ဤမျှ ဝေးကွာသည့် အကွာအဝေးတွင် သူ၏ ချွေးပေါက်များက မီးနှင့် ကျွမ်းလောင်ခံရသကဲ့သို့ ခံစားနေရသောကြောင့်ပင်။

ပြုပြင်ထားသည့် အိပ်မက်ဆိုးကျောက်တုံးက ထူးခြားသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပြီး ရှားဒွန်၏ ဦးနှောက်တွင်းသို့ တိုးဝင်၏။ ဧရာမ လူသားကြီးဖြစ်သည့် ရှားဒွန်၏ မျက်ခွံများက ရုတ်တရက် တုန်ခါသွား၏။ ပြီးနောက် မည်သည့်တုံ့ပြန်မှုမှ ထပ်မံ မရှိတော့ချေ။ မအောင်မြင်ဘူးလား၊ သို့မဟုတ် အာနိသင် မရှိပေဘူးလား။

သို့သော်ငြား စက္ကန့် ၃၀ အကြာတွင်တော့ ထိုဧရာမ လူသားကြီးက ရုတ်တရက် ထထိုင်လာ၏။

“ဘာဖြစ်တာလဲ။” ရှမ့်လန်နှင့် ကျင်းကျွင်းတို့က အဆမတန်ပင် အံ့အားသင့်သွားခဲ့သည်။ ဤမျှလောက် ထိရောက်မှု ရှိသည်လား။ အချိန်ပင် မယူတော့ချေ။ ဤအတိုင်းကြီး နိုးထလာသည်လား။ ဤအရာက အံ့ဖွယ်ရာကို ဖန်တီးလိုက်ခြင်းလား။ ရှေးဟောင်းအိပ်မက်ဆိုးကျောက်တုံးက တကယ်ကို အစွမ်းထက်နေ သည်။

“ဦးရီးတော် ဓားဘုရင် သွားကြရအောင်။”

ဤလူသားကြီးကို ကယ်တင်ခဲ့ပြီးနောက် ရှမ့်လန်က နိုင်ငံတော် အကြံပေးဆရာကြီး ရှားရင်နှင့် ပျော်စရာကို ဝေမျှရန် အချိန်မရှိချေ။ သူက အမြန်ဆုံး ထွက်ခွာသွားခဲ့၏။ အချိန်ကလည်း အလွန်ကို ကပ်နေပြီ ဖြစ်၏။

ရှမ့်လန် ထွက်ခွာလာခဲ့သည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်ပြီး ရွှဲ့ပြည်နယ်၏ မြို့တော်ဘက်တွင်လည်း ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေနိုင်သည်။ ရှမ့်လန်က ကြိမ်ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ပြီး ဓားဘုရင် လီချင်းချိုးက ရှမ့်လန်ကို ကျောပိုး၍ ပြေးရန် ပြင်သည်။

ထိုစဉ်မှာပဲ သန်မာထွားကျိုင်းသည့် သဲကန္တာရ လူရိုင်းမျိုးနွယ် အမျိုးသား တစ်ဦးက ပြေးလာ၏။ စကားတစ်ခွန်းမှ မပြောဘဲ ရှမ့်လန်၏ ကြိမ်ကုလားထိုင်ကို ကျောပိုးပြီး မြောက်ဘက်သို့ အပြင်းအထန် ပြေးသွားတော့၏။ ရှမ့်လန်က ကြိမ်ကုလားထိုင်ပေါ်တွင် ဟောက်ပင် ဟောက်လို့နေ၏။ သူက အိပ်ပျော်သွားခဲ့လေပြီ။

သဲကန္တာရ လူရိုင်းမျိုးနွယ်က မိုင် ၃၀ ခန့် အပြင်းအထန် ပြေးသွားပြီးနောက် ရပ်တန့်လိုက်၏။ ဤနေရာတွင် နောက်ထပ် သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ဦးက စောင့်ဆိုင်းနေပြီး ရှမ့်လန်၏ ကြိမ်ကုလားထိုင်ကို လက်လွှဲယူကာဖြင့် မြောက်ဘက်သို့ ဆက်လက်က သယ်ဆောင်၏။ ဤသို့ပင် လုံးဝ ရပ်နားခြင်းမရှိဘဲ နှစ်ရက်လုံးလုံး တောင်ပိုင်းနိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ကာဖြင့် ချင်နိုင်ငံသို့ ဝင်ရောက်လာ၏။

ဖြစ်စဉ်တစ်ခုလုံးတွင် ရှမ့်လန်က တရေးမှပင် မနိုးခဲ့ချေ။ သူ နောက်တစ်ဖန် နိုးထလာသည့် အချိန်မှာတော့ မြင်းလှည်းကြီး တစ်စီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ခန္ဓာကိုယ်က ရေချိုးသန့်စင်ထားပြီး မုတ်ဆိတ်မွေး များကို ရိတ်ထား၏။ ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ပြီး ဖြစ်နေသည်။

ဘေးတစ်ဖက်ရှိ ဝူလဲ့က ပြော၏။ “သခင်လေး.. ထမင်းရနေပြီ။ ထစားလိုက်အုံး။”

အပြင်ဘက်မှာတော့ ချင်နိုင်ငံ၏ သံချပ်ကာ မြင်းစီးတပ်သား ထောင်ပေါင်းများစွာတို့က ရှမ့်လန်၏ မြင်းလှည်းကို အလယ်တွင်ထား၍ ကာကွယ်၏။ ရွှဲ့ပြည်နယ်ဘက်ဆီသို့ အလျင်အမြန်ဖြင့် ဒုန်းဆိုင်းမောင်းနှင် နေကြပြီဖြစ်သည်။

………….

နန်းတော်အတွင်းမှာတော့ ဘုရင့်ရွေးချယ်ပွဲက ရယ်စရာ အခြေအနေ တစ်ခုဆီသို့ပင် ရောက်ရှိနေ၏။

“နင်ကျန်း၊ နင်ကျန်း၊ နင်ချီ၊ နင်ချီ၊ နင်ကျန်း..” ကွင်းပြင်တစ်ခုလုံးရှိ လူတိုင်းက အသက်ပင် မရှူရဲချေ။ ဤကဲ့သို့ ရလဒ် ထွက်လာသည်လား။ နင်ကျန်းက ကြိုတင်ပြီး လူတွေကို စည်းရုံးထားသည်လား။ လုံးဝ မဟုတ်ချေ။

ထိုသို့ဆိုလျှင် မည်သို့ ဖြစ်ရသနည်း။ အရင်တုန်းက အရပ်ဖက်နှင့် စစ်ဖက်အရာရှိအားလုံးက နင်ချီကို ထောက်ခံခဲ့ကြသည် မဟုတ်ပါလား။ ပြီးခဲ့သည့်တစ်ခေါက် နင်ယွမ်ရှန်းက ရွှဲ့ပြည်နယ်၏ အရာရှိများကို နင်ကျန်းနှင့် နင်ချီ မည်သူ့ကို ထောက်ခံသနည်းဟု လူသိရှင်ကြာ မေးခဲ့တုန်းက အရာရှိ ၈၀ ရာခိုင်နှုန်းက နင်ချီကို ထောက်ခံခဲ့ကြသည် မဟုတ်ပါလား။

အကြောင်းပြချက်ကတော့ ရိုးရှင်း၏။ နှုတ်ဆိတ်နေသည့် လူအများစုကြောင့်ပင်။ နန်းတော် တစ်ခုလုံးတွင် အရာရှိပေါင်း ရာနှင့်ချီ ရှိသော်လည်း ရှေ့ထွက်ပြီး အသံပြုရဲသူက ဆယ်ပုံတစ်ပုံခန့်သာ ရှိ၏။ ကျုံးမျိုးနွယ်နှင့် ကျူးမျိုးနွယ်တို့၏ အရာရှိများက နန်းတော်တွင် ကောင်းကင်ကို ဖုံးအုပ်ထားနိုင်သလို စွမ်းအား ကြီးမားသည်က အမှန်ပင်။ သို့သော်ငြား ထိုမျိုးနွယ်စုမှလူများက ရာထူးကြီးသည့် အရာရှိများသာ ဖြစ်၏။

ကျန်သည့် အရာရှိများက ကျုံ၊ ကျူး မျိုးနွယ်များကို မှီခိုနေရသည် ဆိုသော်လည်း သူတို့၏ သွေးရင်း၊ သားရင်းများ မဟုတ်ကြချေ။ ယခင်ကဆိုလျှင် သူတို့က နင်ချီကို ဆက်လက် ထောက်ခံကြပေလိမ့်မည်။ သို့ပေမည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက သူတို့၏စိတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ပထမဦးဆုံး အချက်အနေနှင့် နင်ကျန်း၏ အံ့အားသင့်ဖွယ်ရာ စစ်ပွဲအောင်မြင်မှုပင် ဖြစ်၏။ အဓိကအကျဆုံး အချက်ကတော့ ဘုရင်နင်ယွမ်ရှန်း ရုတ်တရက် လုပ်ကြံခံရခြင်းပင်။ သေချာသည်က ဤအရာရှိများ၏ စိတ်ထဲတွင် ဘုရင်အပေါ်တွင် အမြင်မကြည်ကြပေ။ အမုန်းတရားများပင် ရှိကောင်းရှိနိုင်၏။

ဘုရင်နင်ယွမ်ရှန်းက အရာရှိများအပေါ်တွင် အမှန်တကယ်ပင် ရက်စက်ပြီး ကျေးဇူးကန်း၏။ သို့သော်ငြား သူက ဘုရင်တစ်ပါးတော့ ဖြစ်နေသေး၏။ မင်းသတ်၊ ဖခင်သတ် ဆိုသည့် ကိစ္စရပ်များက အလွန်ပင် ကြောက်စရာ ကောင်း၏။ အရာရှိများက ခံစားချက်အရ ဤကိစ္စကို လက်မခံနိုင်ကြချေ။ ထို့ကြောင့် အမည်ဖော်ပြပေးရန် မလိုသည့် ဘုရင့်ရွေးချယ်ပွဲမှာတော့ နှုတ်ဆိတ်နေသည့် လူအများစုက နင်ကျန်းကို ရွေးချယ်လိုက်ကြသည်။

မဲရေတွက်မှုကို ပြုလုပ်နေစဉ်မှာပဲ အင်ပါယာ၏ မင်းသားလျန်၊ မိဖုရားကြီးကျူး၊ ကျူးဟုန်ကျူး၊ ကျုံးအီ၊ ရွှယ်ချီ စသော သူတို့၏ မျက်နှာများက ရုပ်ဆိုးအကျည်းတန်လာခဲ့၏။ သူတို့ ပေါ့ဆသွားခဲ့၏။ ဘုရင့်ရွေးချယ်ပွဲက သေချာပေါက် နိုင်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ရလဒ်အားဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာ၏။ နင်ယွမ်ရှန်းကို လုပ်ကြံခြင်း၏ အကျိုးဆက်က ထင်မှတ်ထားသည်ထက် ပိုမိုကာ ပြင်းထန်ခဲ့ပုံပင်။

နောက်ပိုင်း အခြေအနေများက အနည်းငယ် ပြန်ကောင်းလာ၏။ ရာထူးကြီးလာလေ နင်ချီကို ရွေးချယ်သူ များလေပင်။ အကြောင်းရင်းက နှစ်ဖက်၏ အကျိုးစီးပွားက လုံးဝ ချိတ်ဆက်နေသောကြောင့်ပင်။ နင်ချီ၏ မျက်နှာထားက နှင်းတောင်ကြီးတစ်ခုကဲ့သို့ အေးစက် တည်ငြိမ်နေဆဲဖြစ်၏။

အင်ပါယာ၏ မင်းသားလျန်၏ မျက်နှာကမူ မဲမှောင် အုံ့မှိုင်းလို့ နေ၏။ ဤပုံစံနှင့် မဖြစ်တော့ချေ။ ယခု နင်ကျန်း ဦးဆောင်နေသည့် မဲအရေအတွက်က များလွန်းနေ၏။ ရာထူးကြီးလေ နင်ချီ၏ မဲများက များလေဖြစ်သော်လည်း သူတို့ စွန်စား၍ မရချေ။ နောက်ဆုံး ရလဒ် ထွက်ပေါ်သည့်အချိန် နင်ကျန်း၏ မဲက ပိုများနေရင် မည်သို့ လုပ်မည်နည်း။

သူက ထိုအတွေးကို ပြန်လည်ကာတွေးမိပြီးနောက် ရလဒ်ကို ပယ်ဖျက်ရတော့မည်လား။ ချက်ချင်းပဲ မင်းသားလျန်က ကုလားထိုင်ကို ငြင်သာစွာ ပုတ်၏။ ဤသည်က အချက်ပြလိုက်ခြင်းပင်။ လုံးဝ တရားမျှတမှု ရှိစေရန်အတွက် မဲရေတွက်သူက နင်ချီဘက်တော်သား မဟုတ်သလို နင်ကျန်း ဘက်တော်သားလည်း မဟုတ်ဘဲ အင်ပါယာမှ စေလွှတ်လိုက်သော အရာရှိ ဖြစ်၏။

မင်းသားလျန်၏ အချက်ပြမှုကို ရရှိပြီးနောက် သူ၏ အင်္ကျီစထဲမှ ပစ္စည်းတစ်ခု လျှောကျလာ၏။ မဲပြားကို ကိုင်ပြီးနောက် နင်ချီ၏ အမည် ရေးထားလျှင် မူလအတိုင်း ထား၏။ ပြီးနောက် နင်ကျန်း၏ အမည် ရေးထားသည်နှင့်တပြိုင်နက် သူ၏ လက်ထဲမှ ထိုပစ္စည်းက စာလုံးပေါ်သို့ ခပ်ဖွဖွ ရွေ့လျားသွားခဲ့၏။ စာရွက်ပေါ်မှ အမည်က ပျောက်ကွယ်သွားကာဖြင့် မဲမပေးသည့် ဗလာမဲ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“နင်ချီ၊ မဲမပေး၊ မဲမပေး၊ နင်ချီ” အခြေအနေက ထူးဆန်းလာခဲ့၏။ မဲမပေးသည့် ဗလာမဲများက များသထက် များလာ၏။ ရွှဲ့ပြည်နယ် နန်းတော်ရှိ အရာရှိများက တီးတိုး ရေရွတ်သံများ ပေါ်လာ၏။ ဘာဖြစ်သနည်း။ စောစောတုန်းက ဤမျှ များပြားသည့် ဗလာမဲများ မရှိခဲ့ချေ။ အဘယ်ကြောင့် ရုတ်တရက်ကြီး များပြား လာရသနည်း။

ကျန်းချုံး၏သား ကျန်းချွင်က လူအုပ်ထဲမှ ထွက်လာ၏။ “ဘာလို့ ရုတ်တရက် ဗလာမဲတွေ အများကြီး ထွက်လာရတာလဲ။ ဒါက ပုံမှန် မဟုတ်ဘူး။”

ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နန်းတော်ထဲရှိ ရာထူးနိမ့် အရာရှိအားလုံးက အံ့အားသင့် သွား၏။ သေချာပေါက် မရိုးမသားမှု ရှိနေ၏။ စောစောက ဗလာမဲက မရှိသလောက်ပင်။ ယခုမှ အဘယ်ကြောင့် ဤမျှ ဗလာမဲများ အများကြီး ထွက်လာရသနည်း။ ဟာသ လုပ်နေသည်လား။

ကျန်းချွင်က ပြောလိုက်၏။ “ဦးရီးတော် နင်ချီ ကျုပ်ထင်ထားတာက မဲရေတဲ့ လုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ ဝန်ကြီး နှစ်ယောက်လောက် စေလွှတ်သင့်တယ်လို့ မြင်တယ်။”

ထိုအင်ပါယာအရာရှိက အေးစက်စက် အသံဖြင့် လှမ်းပြောသည်။ “မင်းက ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာကို မယုံကြည်တာလား။”

ကျန်းချွင်က ပြော၏။ “အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာအတွက်၊ အင်ပါယာရဲ့ ဂုဏ်သိက္ခာ အတွက်မို့လို့ ဒီနေရာမှာ ကြီးကြပ်မှုကို ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဆိုလိုချင်တာပါ။”

ဦးရီးတော် နင်ချီက ဝင်ပြော၏။ “မင်းသားလျန်... ဒီကိစ္စက အကျိုးသင့် အကြောင်းသင့်တယ်လို့ ကျုပ် ထင်တယ်။”

All Chapters