← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 46 Ch. 734-736

အခန်း (၇၃၅-၇၃၆)

Vol. 46 Ch. 734-736

အပိုင်း (၇၃၅)

မင်းသားလျန်က ရုတ်တရက် မတ်တပ်ထရပ်၏။ ပြီးနောက် အေးစက်သည့် အသံဖြင့် ပြောလိုက်၏။ “ရွှဲ့ပြည်နယ်ကအရာရှိအပေါင်းတို့.. ခင်ဗျားတို့က ဘာသဘောလဲ။ ဘုရင့်ရွေးချယ်ပွဲက ဘယ်လောက် မွန်မြတ်လိုက်လဲ။ ခင်ဗျားတို့က ဘာကြောင့် မဲမပေးဘဲ နေကြတာလဲ။ ဒါက ကျုပ်ကို မလေးမစား လုပ်တာလား။ အင်ပါယာကို မကျေနပ်လို့လား။

ဘုရင့်ရွေးချယ်ပွဲ ဆိုတာ အစောကြီးတည်းက အရပ်ဖက်အရာရှိတွေ ဘုရင်အသစ်ကို ရွေးချယ်တင်မြှောက်တဲ့ ကိစ္စရပ်ပဲ။ ခင်ဗျားတို့က ဒီလိုမဲပေးဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်ကြတယ်ပေါ့။ ဒီလိုဆိုရင် ဘုရင့်ရွေးချယ်ပွဲက ဘာအဓိပ္ပါယ် ရှိအုံးမှာလဲ။ ဒီလောက်များတဲ့ ဗလာမဲတွေနဲ့ အိမ်ရှေ့စံအသစ်ကို ရွေးချယ်လိုက်ရင် တရားမျှတတယ်လို့ မခေါ်နိုင်ဘူး။

ကျုပ် ကြေညာမယ် ဒီတစ်ကြိမ် ဘုရင့်ရွေးချယ်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်မယ်။ ၃ ရက် ကြာရင် ဘုရင့်ရွေးချယ်ပွဲ ပြန်စမယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ မဲမပေးဘဲ နေလို့မရဘူး။ လူတိုင်း ကိုယ့်ရဲ့ ရွေးချယ်မှုအတွက် တာဝန်ယူရမယ်။ ဒါကြောင့် အမည်မဖော်ဘဲ မဲပေးတာမျိုး မဟုတ်တော့ဘူး။ ၃ ရက် ကြာရင် မဲပြားပေါ်မှာ အရာရှိတွေရဲ့နာမည်နဲ့ ရာထူးတွေကို သေချာ ရေးရမယ်။ ပြီးရင် တစ်ယောက် တစ်မဲ ပေးရမယ်။”

ထိုစကားထွက်ပေါ်လာချိန်မှာတော့ ကွင်းပြင်တစ်ခုလုံးက တုန်လှုပ်သွား၏။ ဤအရာက မျက်နှာပြောင် တိုက်ခြင်းပင်။ လုံးဝ ခြိမ်းခြောက်ခြင်းလည်း ဖြစ်၏။ နင်ကျန်း နိုင်တော့မည့်ဆဲဆဲတွင် ရလဒ်ကို ပယ်ဖျက်လိုက်၏။

ထို့အပြင် ဘုရင့်ရွေးချယ်ပွဲ စည်းမျဉ်းစည်းကမ်းများကို ပြင်ချင်တိုင်း ပြင်၍ ရသည်လား။ အမည်ဖော်ပြီး မဲပေးရမည် ဆိုလျှင် မည်သူက နင်ကျန်းကို မဲပေးရဲမည်နည်း။ လက်တုံ့ပြန် တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ကြမည် မဟုတ်ပါလား။ ဤအရာက လုံးဝ စည်းကမ်းဖောက်ဖျက်ခြင်းပင်။

မင်းသားလျန်က မိဖုရားကြီးကျူး ဘက်သို့ လှည့်ကြည့်၏။ မိဖုရားကြီးကျူးက ပြောသည်။ “ကျွန်မက မိန်းမသား ဆိုတော့ ကိုယ်ပိုင်အမြင် မရှိပါဘူး။ ကျန်တဲ့လူတွေက ဘယ်လို မြင်လဲ။”

ကျူးဟုန်ကျူးက ပြော၏။ “အရာရှိတစ်ယောက်အနေနဲ့ မြင်တာကတော့ ဘုရင့်ရွေးချယ်ပွဲ ဖြစ်တဲ့အတွက် အရာရှိတွေအနေနဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်မှာ တာဝန်ယူသင့်ပါတယ်။”

ကျုံးအီကလည်းပြောသည်။ “ကျုပ်ကလည်း ဒီလိုပဲ မြင်ပါတယ်။”

ဝန်ကြီးတချို့နှင့် ဒုတိယအမတ်တချို့က မင်းသားလျန်၏ အစီအစဉ်ကို တစ်ဖက်သတ် ထောက်ခံလိုက်ကြ၏။ နင်ကျန်း တစ်ယောက်တည်းနှင့် မိုးကို မလှန်နိုင်ပေ။ ထို့ကြောင့် နန်းတွင်းညီလာခံ၌ ဆုံးဖြတ် လိုက်သည်က ဤတစ်ကြိမ် ဘုရင့်ရွေးချယ်ပွဲ မဲကို ပယ်ဖျက်လိုက်ခြင်းပင်။ ၃ ရက် ကြာပြီးနောက် ပြန်လည်ကာ စတင်မည်။

..........

နောက်ထပ် ၃ ရက် အတောအတွင်း ဘာဖြစ်မည် ဆိုသည်ကို မည်သူမှ မသိနိုင်ချေ။ သို့သော်ငြား ရွှဲ့ပြည်နယ်၏ အရာရှိတိုင်းနီးပါး၏ အိမ်သို့ ဧည့်သည်များရောက်ရှိလာသည်။ ရေနက်တပ်ဖွဲ့မှ လူများက သီးသန့် လာရောက်ခြင်း ဖြစ်ပြီး အလုပ်အကြောင်း ဆွေးနွေး၏။ မိသားစုအကြောင်း ဆွေးနွေး၏။ ဆွေမျိုးများ အကြောင်း ဆွေးနွေး၏။ စကားလုံးများက ရင်းနှီးဖော်ရွေသော်လည်း နားထောင်ရသူများဖို့ ကြက်သီးမွေးညင်းများပင်ထပြီး ချွေးစေးများ ပြန်စေ၏။

ဆက်လက်ပြီး အထူးတရားရုံးနှင့် ရေနက်တပ်ဖွဲ့တို့က အကြိမ်ကြိမ် အစည်းအဝေး ခေါ်ယူ၏။ ဘုရင့် ရွေးချယ်ပွဲ၏ မွန်မြတ်သန့်စင်မှုကို အကြီးအကျယ် ချီးကျူး ပြောဆို၏။ နောက်ဆုံးမှာတော့ မင်းသားလျန်၏ သံတမန်အဖွဲ့ကလည်း ရွှဲ့ပြည်နယ်၏ အရာရှိများနှင့် တွေ့ဆုံ၏။ အထူးသဖြင့် ယခင်က နင်ကျန်းကို ရွေးချယ်ခဲ့သည့် ခေါင်းမာသူများနှင့်ပင်။

မင်းသားလျန်က အင်ပါယာ၏မွန်မြတ်ပုံ၊ ရွှဲ့ပြည်နယ်အပေါ်ဂရုစိုက်ပုံများကို အကြီးအကျယ် ချဲ့ကား ပြောဆို၏။ အင်ပါယာနှင့် ရွှဲ့ပြည်နယ်တို့၏ ဆက်ဆံရေးက ခိုင်မြဲလွန်းကြောင်းလည်း ပြောဆို၏။ ခြိမ်းခြောက်စကားဟူ၍ တစ်ခွန်းမှ မပါသသော်လည်း အရာရှိများကို အိပ်မက်ထဲမှ လန့်နိုးစေရန်တော့ လုံလောက်၏။ ဆိုလိုရင်းကလည်း တကယ့်ကို ရိုးရှင်းလွန်းလှချေ၏။ နောက်တစ်ခါ ဘုရင့်ရွေးချယ်ပွဲတွင် ပေါက်ပန်းလေးဆယ် လျှောက်ရေးမည်ဆိုလျှင် မိသားစုလိုက် သေရမည် ဆိုသည့် သဘောပင်။

၃ ရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ တကယ်ကို မွန်မြတ်လွန်းသည့် ဘုရင့်ရွေးချယ်ပွဲကြီးက ပြန်လည်ကာ စတင်သည်။ ထင်မှတ်ထားသည့်အတိုင်းပင် အရာရှိတိုင်းက မိမိတို့၏ သီးသန့် မဲပြားများကို ရရှိခဲ့ပြီး အပေါ်တွင် သူတို့၏ အမည်၊ ရာထူး၊ ဇာတိ နေရပ်လိပ်စာများကိုပါ ရှင်းလင်းစွာ ရေးသားရ၏။

ပြောရမည် ဆိုလျှင် နင်ချီ၏ နာမည်ကို ရေးပေးရန်သာ လိုတော့၏။ ဤတစ်ကြိမ်တွင်တော့ နင်ကျန်း၏ အမည်ကို မည်သူက ရေးဦးမည်နည်း။ ရေးသည်နှင့် တစ်ခါတည်း ဓားစက်ပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။

မင်းသားလျန်က ပြောသည်။ “စကားအများကြီး မပြောတော့ဘူး။ ဒီတစ်ခါ ဘုရင့်ရွေးချယ်ပွဲက ဘယ်လောက် မွန်မြတ်တယ် ဆိုတာ ခင်ဗျားတို့ သိပြီးသားပဲ။ ဒီလူတွေက ရွှဲ့ပြည်နယ်ရဲ့ စည်ပင်ဝပြောမှု၊ ငြိမ်းချမ်းမှု၊ အင်အားကြီးမားမှုဆီကို ဦးဆောင်သွားမယ့် လူတွေပဲ။ ခင်ဗျားတို့ရဲ့ မဲတစ်ပြားချင်းစီတိုင်းက ပိဿာချိန် တစ်ထောင်လောက် လေးလံတယ်။ ကဲ စလိုက်ရအောင်။”

မင်းသားလျန်၏ အမိန့်ပေးသံနှင့်အတူ ရွှဲ့ပြည်နယ်ရှိ နန်းတော်ရှိ အရပ်ဖက်နှင့် စစ်ဖက်အရာရှိတို့က နှလုံးသားထဲတွင် အရှက်တရားများ ပြည့်နှက်စွာဖြင့် မဲပြားပေါ်တွင် နာမည်တစ်ခုတည်းကိုသာ ရေးသား လိုက်ကြ၏။

“နင်ချီ”

မှန်ပေသည်။ နင်ချီမှ တပါး အခြားမရှိချေ။

…………

“မြန်မြန်... မြန်မြန်၊ မြန်မြန်” မြင်းခွာသံများက မိုးချုန်းသံကဲ့သို့ပင် မြင်းစီးတပ်ဖွဲ့တစ်ခု၏ ကာကွယ်မှု အောက်မှာတော့ ရှမ့်လန်၏ မြင်းလှည်းက ဗာမေလီယန် ဂိတ်တံခါးဆီမှ နန်းတော်ထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာ၏။ လမ်းတစ်လျှောက် မောင်းနှင်လာခဲ့ပြီးနောက် သူက နန်းတော်ထဲသို့ တိုက်ရိုက် ဝင်၏။

“ဖယ်ကြစမ်း... ဖယ်ကြ”

နန်းတော်သို့ဝင်လာချိန်မှာတော့ ရှမ့်လန် ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ လူအားလုံးက နောက်ဆုတ်ပေးသည်။

မိန်းမစိုးကြီး လီစွမ်းက အပြေးအလွှားနှင့် လာကာ ကြို၏။ ရှမ့်လန်က သူ့ကို အချိန်တစ်လ ပေးရမည်ဟု ပြောခဲ့သော်လည်း ယခု ၂၃ ရက်သာ ရှိသည့်အချိန်တွင် ပြန်ရောက်လာ၏။ လီစွမ်းက တကယ်ပင် ဝမ်းသာ၏။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သောကြောင့်သာ ရှမ့်လန်က စောစောစီးစီး ပြန်ရောက်လာခြင်း ဖြစ်ပေမည်။

“ရှမ့်သခင်လေး ညီလာခံဘက်မှာ တကယ့် ပြဇာတ်ကြီး ကနေတယ်။”

“ခင်ဗျား .. လီစွမ်း... ကျုပ်ကို သခင်လေးလို့ လာခေါ်နေတာလား။ ကပါစေ။ ကပါစေ။ အခု လွတ်လွတ်ကျွတ်ကျွတ် ကလေ ကောင်းလေပဲ။ ခဏနေ ပါးရိုက်တဲ့အချိန်ကျ ပိုပြီး အသံကျယ်တာပေါ့။” ရှမ့်လန်က ရယ်မောကာပြောလိုက်၏။

သူ ကြားပြီးပြီ ဖြစ်၏။ ဘုရင့်ရွေးချယ်ပွဲပင်။ အလွန်လည်း ခေတ်မီလွန်းလှ၏။ တကယ်လည်း ထူးဆန်းလွန်းလှ၏။ နင်ချီကို မရွေးမချင်း ဘုရင့်ရွေးချယ်ပွဲက မပြီးဟူ၍ပင်။ ဤအရာက တကယ့်ကို ပြည့်တန်ဆာမက ဂုဏ်သိက္ခာရှိသည့် မုဆိုးမဆိုင်းဘုတ်ကို အိမ်ရှေ့၌ ထောင်ထားသကဲ့သို့ပင်။

ဤကိစ္စသာ ပြီးသွားလျှင် အင်ပါယာက ရွှဲ့ပြည်နယ် အရာရှိတို့၏ စိတ်နှလုံးကို ဆုံးရှုံးပေတော့မည်။ နင်ချီ၊ ကျူးဟုန်ကျူးတို့၏ ဂုဏ်သိက္ခာတွေကလည်း ကုန်ဆုံးသွားပေလိမ့်မည်။ ဤအရာက ရွှဲ့ပြည်နယ်၏ အရပ်ဖက်၊ စစ်ဖက် အရာရှိများ၏ လည်ပင်းကို ကိုင်ပြီး မစင်ခွက်ထဲသို့ နှစ်လိုက်သကဲ့သို့ပင်။ ပြီးနောက် အော်ပြောနေသေး၏။ “မြန်မြန်စား”

သို့ပေမည့် အထဲတွင် ရှိနေသည့် အရာများက မစင်များ ဖြစ်၍ မည်သို့ စားရမည်နည်း။

ဘုရင်နင်ယွမ်ရှန်း နိုးလာပါက မည်မျှလောက် အရသာရှိရှိ ပါးပိတ်ရိုက်မည်နည်း ဆိုသည်ကို ရှမ့်လန်က တွေးတောနေမိ၏။ နင်ချီကို အိမ်ရှေ့စံအဖြစ် တကယ်တမ်း ရွေးချယ်တင်မြှောက်လိုက်လျှင် အကောင်းဆုံးပင်။ ပြီးမှ ဘုရင်နင်ယွမ်ရှန်းက တစ်ခွန်းတည်းနှင့် ပယ်ချလိုက်မည်။ ဤအရာက ကောင်းကင်ပေါ်သို့ ပျံတက်သွားလောက်သည်အထိ အရသာရှိမည့် အရာမျိုးပင်။

ရှမ့်လန်က နင်ယွမ်ရှန်း၏ လူနာဆောင်ထဲသို့ ပြေးဝင်၏။ သူက လှုပ်ရှားမှုမရှိ ငြိမ်သက်နေဆဲ ဖြစ်၏။ အသက်ရှူသံက ဖျော့တော့နေ၏။ နှလုံးခုန်သံကလည်း ဖျော့တော့နေ၏။ သို့သော်ငြား အသက်ဓာတ်များ ကုန်ဆုံးနေသည့် လက္ခဏာ မရှိချေ။

“မိန်းမစိုးကြီး လီမူ.. ငွေအပ်ကို အရှင်မင်းကြီးရဲ့ နောက်စေ့ကို ထိုးစိုက်လိုက်။” ရှမ့်လန်က ထိုးစိုက်ရမည့် နေရာ၏ပုံကို လီမူ၏ ရှေ့တွင် ချပေး၏။ လီမူက ငွေအပ် ၅ ချောင်းကို ထုတ်ယူပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ဘုရင်နင်ယွမ်ရှန်း၏ နောက်စေ့ထဲသို့ ထိုးစိုက်၏။ ရှမ့်လန်က ပြုပြင်ပြောင်းလဲထားပြီးသော ကုသရေး အိပ်မက်ဆိုးကျောက်တုံးကို ထုတ်ယူသည်။

လီစွမ်း၊ လီမူ၊ ပျံ့ဖေး၊ အားလုံးက အံ့အားသင့်သွား၏။ ဤအရာက ဟိုပတ္တမြားများပင် မဟုတ်ပါလား။ ဤပစ္စည်းကြောင့်ပင် အရှင်မင်းကြီးက သေမလို ရှင်မလို ဖြစ်ခဲ့၏။ ယခု သို့သော်ငြား မည်သူကမှ ပါးစပ်ဟ မပြောရဲချေ။ အံ့ဖွယ်ရာများကို ဖန်တီးသည့် ကိစ္စတွင် ရှမ့်လန်က လုံးဝ အခွင့်အာဏာ ရှိ၏။

ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူ၏။ သေချာပေါက် ထိရောက်မှု ရှိရပေလိမ့်မည်။ တောင်ပိုင်းနိုင်ငံ မြို့တော်တွင်တော့ အောင်မြင်ခဲ့၏။ ဤအချိန်လည်း သေချာပေါက် အောင်မြင်ရပေလိမ့်မည်။

“ကဲ ထတော့..”

ရှမ့်လန်က ပြုပြင်ထားသည့် အိပ်မက်ဆိုးကျောက်တုံးကို အသက်သွင်း၏။ ချက်ချင်းပဲ အိပ်မက်ဆိုး ကျောက်တုံးက နောက်တစ်ကြိမ် လင်းလက်လာပြီး ရုတ်တရက် ထူးခြားသည့် စွမ်းအင်လှိုင်း တစ်ခုက ထွက်ပေါ်လာပြီး ဘုရင်နင်ယွမ်ရှန်း၏ နောက်စေ့ထဲသို့ တိုးဝင်၏။

နင်ယွမ်ရှန်း၏ မျက်ခွံများက ရုတ်တရက် တုန်ခါ၏။ ခန္ဓာကိုယ်က တုန်ခါ၏။ ပြီးနောက် သူ၏ မျက်လုံးများက ပွင့်လာသည်။

“ကျုပ်က နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်တယ်။”

နိုးနိုးလာချင်းမှာပဲ ပထမဦးဆုံးအကြိမ်အဖြစ် နင်ယွမ်ရှန်းက ဤစကားကို အော်ဟစ် ပြောဆိုလိုက်၏။

.........

“ကျုပ် နင်ကျန်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်မယ်။”

ဤစကားက နင်ယွမ်ရှန်းအနေနှင့် မိမိ၏ခွန်အား အားလုံးကို အသုံးပြု၍ ပြောဆိုလိုသော စကားလုံးများ ဖြစ်ပေလိမ့်မည်။ လူတစ်ဦးအနေနှင့် သက်တမ်းတစ်လျှောက် စကားနည်းသူတစ်ယောက် ဖြစ်လျှင်တောင်မှ စကားပြောဆိုရာ၌ လွယ်ကူရမည်မှာ သဘာဝပင်။ သို့သော်ငြား ယခုကဲ့သို့ အသက်နှင့်လဲကာ ပြောဆိုရမည့် စကားလုံးမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

လက်ရှိအချိန်မှာတော့ နင်ယွမ်ရှန်းက စကားကို ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်း မရှိသေးချေ။ ဤကုသရေး အိမ်မက်ဆိုးကျောက်က သူ့ကို နိုးထလာစေခဲ့သော်လည်း တစ်ကိုယ်လုံးရှိ အာရုံကြောများက ကြီးမားစွာ ထိခိုက်ထားသောကြောင့် ယခင်အတိုင်း ပြန်လည်ကောင်းမွန်ရန် ခက်ခဲနေသေး၏။ စကားပြောနိုင် သော်လည်း အသံက ဝူးဝူးဝါးဝါးနှင့်ပင်။ နင်ယွမ်ရှန်း၏ မျက်နှာပြင်ရှိ အစိတ်အပိုင်းတချို့က လေဖြတ်နေသည့် အတွက် မည်သည့် မျက်နှာအမူအရာမျိုးမဆို ပြုလုပ်ရန် ခက်ခဲ၏။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး စိတ်မပူနဲ့။ တဖြည်းဖြည်းနဲ့ ပြန်ပြီး ကောင်းမွန်လာလိမ့်မယ်။”

ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ထိုစကားကို ပြောဆိုခဲ့ပြီးနောက် ခဏတာ တွေဝေသွားမိ၏။ ပြီးနောက် မျက်ရည်များ ထပ်မံ စိုစွတ်လာခဲ့၏။ သူ၏ သမီးရင်း နင်ဟန်က သူ့ကို လုပ်ကြံခဲ့ခြင်း ဖြစ်၏။ ဤအရာက ကြီးမားလွန်းသည့် ထိုးနှက်ချက်တစ်ခုပင်။

သူက စကားဖြင့် မည်မျှ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သော်လည်း ရင်ထဲ၊ နှလုံးသားထဲတွင် ချစ်ခင် အနှစ်သက်ရဆုံးသူက သူ၏သမီး နင်ဟန်ပင် ဖြစ်၏။ သူက တကယ့်ကို မျက်နှာလိုက်တတ်သူတစ်ဦး ဖြစ်၏။ တခြားသောသမီးများဖြစ်သော နင်လော့ သို့မဟုတ် နင်ယန်ကို အနည်းငယ်သာ ဂရုစိုက်ခဲ့၏။ သူ၏ သားသမီး တချို့အပေါ်တွင် ထားရှိသည့် ချစ်ခင်မှုသည် ရှမ့်လန်အပေါ် ထားရှိသည့် ချစ်ခင်မှုထက်ပင် မသာခဲ့ချေ။

သို့သော်ငြား နင်ဟန်ကတော့ သူ့အတွက် နောင်တတရားနှင့် ဂုဏ်ယူမှု နှစ်မျိုးလုံးပင် ဖြစ်၏။ ဤသမီးက သူ့ကို လုပ်ကြံခဲ့၏။ ဤအခြေအနေသို့ ရောက်ရှိလာပြီးနောက် လူတစ်ယောက်၏ ဘဝက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

“ကျန်းအာ ဘယ်မှာလဲ။” နင်ယွမ်ရှန်းက မေး၏။ နိုးလာချိန်တွင် နင်ကျန်းကို မတွေ့ရသောကြောင့် တစ်ခုခု မကောင်းနိုင်ဟု ချက်ချင်း ခံစားရ၏။

မိန်းမစိုးကြီး လီစွမ်းက ပြောသည်။ “နန်းတွင်းညီလာခံထဲမှာပါ။ အင်ပါယာရဲ့ မင်းသားလျန် ရောက်နေပါတယ်။”

နင်ယွမ်ရှန်းက မေး၏။ “ငါ ဘယ်လောက်ကြာကြာ မေ့မြောနေခဲ့တာလဲ။”

“၂၇ ရက်ပါ။” လီစွမ်းက လျှောက်တင်သည်။

နင်ယွမ်ရှန်းက မေးလိုက်၏။ “ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။”

နင်ယွမ်ရှန်းက သူ့ကို လုပ်ကြံခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ စိတ်မချမ်းမသာ ဖြစ်နေသော်လည်း လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့၏။ သူက လျှို့ဝှက်အမိန့်တော်ကို ချန်ထားခဲ့၏။ သူ လဲကျခဲ့သော်လည်း နင်ကန်က လျှို့ဝှက်အမိန့်တော်ကို ဖတ်ကြားကာ နင်ကျန်းကို အိမ်ရှေ့မင်းအဖြစ် တင်မြှောက် ပေလိမ့်မည်။ သို့သော်ငြား ယခု နင်ကျန်းက သူ၏အနားတွင် မရှိချေ။ အင်ပါယာ၏ မင်းသားလျန် က ရောက်ရှိနေခဲ့သည်ဖြစ်သောကြောင့် အခြေအနေ မကောင်းနိုင်ကြောင်း ထင်ရှားသည်။

မိန်းမစိုးကြီး လီစွမ်းက အဖြစ်အပျက်အားလုံးကို အသေးစိတ် လျှောက်တင်၏။ လျှို့ဝှက်အမိန့်တော်ကို အစားထိုးခဲ့ခြင်းနှင့် အဓိပ္ပာယ် မရှိသည့် ဘုရင့်ရွေးချယ်ပွဲ မဲခွဲစနစ်ဟူ၍ အပါအဝင်ပင်ဖြစ်၏။

နင်ယွမ်ရှန်း၏ စိတ်ဓာတ်က ကြီးကြီးမားမားပင် ထိခိုက်သွားခဲ့ရ၏။ မင်းသမီးနင်ကျဲ့က အဘယ်ကြောင့် သစ္စာဖောက်ရသနည်း။ သူမက သူ၏ယုံကြည်ရဆုံးသော ညီမအရင်း ဖြစ်၏။ အရေးကြီးဆုံးက သူမက အင်ပါယာကျန်းလီကို အလွန်လေးစားသူပင်။ နင်ယွမ်ရှန်းနှင့် တူညီသည့် ဘက်တော်သားလည်း ဖြစ်သည်။

နင်ယွမ်ရှန်း၏ သူမအပေါ်ထားရှိသည့် ယုံကြည်မှုက လီစွမ်းအပေါ် ထားရှိသည့် ယုံကြည်ထက်ပင် မနိမ့်ကျခြင်း မရှိချေ။ ဟန်အာက အရေးပါသောအချိန်၌ ရပ်တည်ချက်မှားယွင်းခဲ့သည်ဟု နင်ယွမ်ရှန်းက နားလည်နိုင်သေး၏။ သို့သော်ငြား နင်ကျဲ့ကိုပင် မယုံရပါက ဤလောကကြီးတွင် မည်သူ့ကို သွားရောက်ကာ ယုံကြည်ရတော့မည်နည်း။

“သွား နင်ကျဲ့ကို သွားခေါ်ခဲ့။ ဘာကြောင့်လဲဆိုတာ သိချင်တယ်။ သူက တစ်သက်လုံး ဘယ်လောဘမှ ရှိခဲ့တဲ့လူတစ်ယောက် မဟုတ်ဘူး။ ဘယ်လိုကိစ္စမျိုးရှိလို့ ငါ့ကို သစ္စာဖောက်ရတာလဲ။ မယုံဘူး။ ငါ လုံးဝ မယုံဘူး။” ထိုအချိန်မှာတော့ လီအန်းက နန်းတော်ဆီမှ အလျှင်အမြန်နှင့် ပြေးထွက်သွားခဲ့၏။

မိဖုရားကြီးပျံ့က သူ၏ရင်ဘတ်ကို အတင်းအကျပ် ပွတ်သပ်ရင်း တိုးလျသည့် အသံဖြင့် နှစ်သိမ့်နေ၏။ “အရှင်မင်းကြီး သောကမရောက်ပါနဲ့။ စိတ်ထိန်းပါအုံး။ အရှင်မင်းကြီးကို ဂရုစိုက်နေတဲ့လူတွေ၊ ချစ်ခင်တဲ့လူတွေ၊ အသက်နဲ့လဲပြီးတော့ အလုပ်အကျွေးပြုချင်တဲ့လူတွေက အများကြီး ရှိပါသေးတယ်။”

ခဏကြာမှာတော့ နင်ယွမ်ရှန်းက တဖြည်းဖြည်းနှင့် စိတ်အေးလာခဲ့၏။ မိဖုရားကြီးပျံ့၏ စကားများက နင်ယွမ်ရှန်းကို ချက်ချင်းပဲ နှစ်သိမ့်ပေးလိုက်သကဲ့သို့ပင်။ ဟုတ်ပေ၏။ သူ့ကို သစ္စာဖောက်သူများ ရှိခဲ့၏။ သို့ပေမည့် သူ့ကို ချစ်ခင်သူများလည်း ရှိ၏။ သူ့အတွက် အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိသူများလည်း ရှိခဲ့သည်။

ဥပမာအားဖြင့် နင်ကျန်းက ဖခင် နိုးထလာသည်ဟု ယုံကြည်ပြီး အခြေအနေ ပျက်စီးမသွားစေရန် အင်အားနှင့် အခွင့်အရေးသာသော စစ်တပ်ကို ပိုင်ဆိုင်ခဲ့သော်လည်း ထီးနန်းကို အတင်းအကျပ် လုမယူဘဲ သည်းခံခဲ့၏။ နင်ချီနှင့် စစ်မတိုက်ခဲ့ဘဲ နယ်စပ်စည်းမျဉ်းများကို ကျော်လွန်သည့် အပြုအမူမျိုးကိုလည်း မပြုလုပ်ခဲ့ချေ။

နင်ယွမ်ရှန်းက နင်ကျန်းအကြောင်းကို တွေးရင်းက မိန့်တော်မူ၏။

“မင်းက အရမ်းကို ရိုးသားလွန်းတယ်။ အဲဒီနေရာရဲ့ ဘုရင့်ရွေးကောက်ပွဲ အခြေအနေက ဘယ်လိုရှိလဲ။” နင်ယွမ်ရှန်းက လှောင်ပြောင်လိုသည့်ပုံစံဖြင့် မေးမြန်းလိုက်ခြင်းပင်။

မမျှော်လင့်ဘဲ သူ၏ဘဝသေဆုံးခြင်း၊ မသေချာမရေရာသည့် အခြေအနေဆီ၌ တစ်လနီးပါး ရှိခဲ့သည့် အချိန်အတွင်း နန်းမြို့တော်တွင် ဤမျှရယ်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

“ရလဒ်တွေကို မကြာခင်မှာ ထုတ်ပြန်ပါလိမ့်မယ်။” လီစွမ်းက ပြောကြား၏။

“အလျင်မလိုနဲ့။”

နင်ယွမ်ရှန်းက အေးစက်စက် ပြောလိုက်သည်။ “တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ရင် လုံးဝ သတ်သေသွားတဲ့အထိ ရှက်သင့်တယ်။ ရလဒ်တွေ ထွက်ပေါ်လာပြီးမှ ငါတို့ ဆွေးနွေးကြမယ်။ နင်ချီ အိမ်ရှေ့စံရာထူးကို ရယူပြီးမှ ငါတို့ အဲဒီကို သွားကြမယ်။”

အပိုင်း (၇၃၆)

မိဖုရားကြီးပျံ့က အားရပါးရ ငိုကြွေးလျက်ရှိနေ၏။ သူမက ဝမ်းသာလွန်းသောကြောင့်ပင်။ နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ နှိပ်နယ်ပေးပြီး နင်ယွမ်ရှန်း၏ သွေးကြောဆုံမှတ်များ ကောင်းမွန်စေရန် ပြုစုလျက်ရှိ၏။

“ငါ့မိန်းမ... ငါ နည်းနည်း ဗိုက်ဆာနေပြီ။ စားစရာတစ်ခုခု သွားယူခဲ့အုံး။” နင်ယွမ်ရှန်းက ငြင်သာစွာ ပြောလိုက်သည်။

“အင်း...” မိဖုရားကြီးပျံ့၏ ခြေလှမ်းများက ပေါ့ပါးသွား၏။ ပြီးနောက် လျင်မြန်စွာပင် ထွက်ခွာသွားခဲ့၏။

ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့သာလျှင် အခန်းထဲ၌ ကျန်ရှိခဲ့သည်။

“လူက ဆုံးပါးသွားပေမယ့် အသက်ရှင်တဲ့ လူတွေက ကျန်ရှိနေသေးတာကိုး။” နင်ယွမ်ရှန်းက သူ၏လက်ထဲတွင် ရှိနေသည့် အိမ်မက်ဆိုးကျောက်တုံးကို ဆော့ကစားလျက်ရှိနေပြီး သူ၏ပထမဇနီးနှင့် အတိတ်ကအကြောင်းအရာများကို စိတ်ကူးယဉ်နေမိ၏။

“ငါ ရှေ့မှာရှိနေတဲ့လူကို တန်ဖိုးထားသင့်တယ်။ အတိတ်ကို တွေးတောနေတာကို ရပ်လိုက်သင့်ပြီ။”

နင်ယွမ်ရှန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ရဲ့ ပထမဦးဆုံး မိန်းမကို ဘယ်လောက်ထိ အောက်မေ့ သတိရတယ်ဆိုတဲ့စိတ်၊ ငါ့ရဲ့ အပြစ်ရှိတဲ့စိတ်၊ မသက်မသာစိတ်တွေကြောင့် ဒါကို မင်းကို ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်တော့။”

နင်ယွမ်ရှန်းက အိမ်မက်ဆိုးကျောက်တုံးကို ရှမ့်လန်၏ လက်ထဲသို့ ထည့်ပေး၏။

“မင်းရဲ့ နောက်ထပ် အစီအစဉ်တွေက ဘာတွေလဲ။” နင်ယွမ်ရှန်းက မေးလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားဖို့ သေချာတယ်။ ဒါပေမဲ့ မြို့တော်ထဲမှာ တိုက်ခိုက်မလား။ အပြင်မှာ တိုက်ခိုက်မလား ဆိုတာကို ကျုပ်တို့ ရွေးချယ်နိုင်တယ်။”

နင်ယွမ်ရှန်းက ခဏလောက် စဉ်းစားလိုက်သည်။ “ဒါဆိုရင် အပြင်မှာ တိုက်ခိုက်တာ ပိုကောင်းမယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်လည်း အဲလိုပဲ ထင်ပါတယ်။”

နင်ယွမ်ရှန်းက မေးသည်။ “ဒါနဲ့ မင်း ဒီလို ထွက်သွားတော့မှာလား။ ပထမနဲ့ ဒုတိယ နိဗ္ဗာန တပ်တော် ကကော။”

ရှမ့်လန်က ပြောလိုက်၏။ “ထျန်းရှစ်ပြည်နယ်က ကျုံးမိသားစုကို စောင့်ကြည့်နေပါတယ်။”

နင်ယွမ်ရှန်းက မေးလိုက်သည်။ “မူလန်ကို အဲဒီမှာ တစ်ယောက်တည်းထားခဲ့တာ တကယ်ရော အဆင်ပြေရဲ့လား။”

ရှမ့်လန်က ပြော၏။ “မူလန်က ထူးချွန်ထက်မြက်တဲ့ တပ်မှူးတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ သူက ပထမတန်းစား တပ်မှူးတစ်ယောက် ဖြစ်တယ်ဆိုတာတော့ သေချာပါတယ်။”

မူလန်၌ ထူးခြားသည့် စွမ်းဆောင်ရည်နှင့် စစ်မြေပြင် အသိပညာများ အပြည့်အဝ ရှိသည်။

နင်ယွမ်ရှန်းက ပြော၏။ “လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်တုန်းက မင်းက ရွှယ်မျိုးနွယ်တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်ချင်တယ်လို့ ပြောခဲ့တယ်။ အခုတော့ အဲဒါ စတင်နေပြီ။ မင်းအတွက် တကယ့်ကို ခက်ခဲလိမ့်မယ်။ မင်းက တိုင်းပြည်အတွက် ကြံ့ကြံ့ခံ ရပ်တည်ပေးနေပေမဲ့ မင်းအပေါ်ထားရှိနေတဲ့ ရန်ငြိုးရန်စတွေက ပိုပြီး များလာလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း အငြိုးအတေး အဟောင်းတွေကို မဖြေရှင်းနိုင်ဘဲနဲ့ အငြိုးအတေးသစ်တွေ ထပ်ပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုရင်တောင် နောက်ဆုံးမှာတော့ အငြိုးအတေးမရှိတဲ့ လောကကြီးတစ်ခုကို ကျုပ်တို့ ရနိုင်ပါသေးတယ်။”

နင်ယွမ်ရှန်းက ပြော၏။ “ကောင်လေး.. ဂရုစိုက်။”

ဤစကားက ရုတ်တရက် ပြောလိုက်သလိုပင်။ နင်ယွမ်ရှန်းက ရှမ့်လန်၏လက်ကို လှမ်းပုတ်ချင်သော်လည်း ပုတ်၍မရချေ။ ရှမ့်လန်က သူ၏လက်ဖဝါးကို နင်ယွမ်ရှန်း၏လက်အောက်သို့ နောက်တစ်ကြိမ် ထပ်ထားလိုက်၏။ နင်ယွမ်ရှန်းက သူ့၏အစွမ်းအစ အားလုံးကို အသုံးပြုသော်လည်း ရှမ့်လန်၏ လက်ဖမိုးကို အသာညှစ်ရုံသာ တတ်နိုင်သည်။

…………

အဓိကအခန်းမအတွင်းမှာတော့ ထိုလူများက ဘုရင်နင်ယွမ်ရှန်း တစ်ယောက် နိုးထလာကြောင်း မသိကြသေးချေ။ ဘုရင့်အတွက် ရွေးကောက်ပွဲကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်၏။

“မဲတွေ အကုန်လုံး စုဆောင်းကြ။”

အင်ပါယာ၏ မင်းသားလျန် အမိန့်အရ အင်ပါယာ၏ မိန်းမစိုး တစ်ဒါဇင်ကျော်တို့က ရွှေခွက်များဖြင့် မဲများကို ကောက်ယူရန် ဆင်းသွား၏။ နာရီဝက်အကြာမှာတော့ ဘုရင့်ရွေးချယ်တင်မြှောက်ရေး မဲရာပေါင်းများစွာကို စုဆောင်းပြီး ဖြစ်သည်။

အင်ပါယာ၏ မင်းသားလျန်က ပြော၏။ “နင်ချီ၊ ကျူးဟုန်ကျူး.. ဒီကို လာခဲ့ကြ။ ခင်ဗျားတို့တွေထဲက တစ်ယောက်က ဝန်ထမ်းရေးရာဝန်ကြီးဌာနကို ကိုယ်စားပြုပြီး၊ နောက်တစ်ယောက်က တော်ဝင်ကောင်စီကို ကိုယ်စားပြုတယ်။ မဲရေတွက်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ပြီး မဲလိမ်လည်မှု မရှိကြောင်း၊ လုံးဝ တရားမျှတကြောင်းကို သေချာစေရမယ်။”

ရှိနေသူအားလုံးက စိတ်ထဲတွင် လှောင်ပြောင်လိုက်မိကြ၏။ ဤအချိန်တွင် လိမ်လည်မှုကို ကာကွယ်ဖို့လား။ ဤအချိန်၌ တရားမျှတမှုအကြောင်းကို မည်သို့ ပြောဆိုနေရသနည်း။ တကယ့်ကို ရယ်စရာကောင်းသည့် ပြက်လုံးတစ်ခုကဲ့သို့ပင်။

“မလိုပါဘူး။” ဦးရီးတော် နင်ချီက ပြောသည်။

အင်ပါယာ၏ မင်းသားလျန်က မျက်နှာတစ်ခုလုံး ပျက်ယွင်းသွား၏။ သူက ဤကဲ့သို့ ကျေးဇူးတရား မသိတတ်သူကို အမုန်းဆုံးပင်။ “ကျုံးအီ.. မင်းက အတိုင်ပင်ခံကောင်စီကို ကိုယ်စားပြုပြီး ကြီးကြပ်သင့်တာပေါ့။”

“ကောင်းပါပြီ။”

အတိုင်ပင်ခံကောင်စီ၏ ဝန်ကြီးကျုံးအီက ရောက်ရှိလာပြီး ကျူးဟုန်ကျူးနှင့်အတူ မဲရေတွက်ခြင်း လုပ်ငန်းစဉ်ကို ဘယ်ညာ ကြီးကြပ်၏။

“နင်ကျန်း” နာမည်ကို ခေါ်လိုက်ချိန်မှာတော့ လူတိုင်းက အနည်းငယ် အားတက်သွား၏။ ဤလူက မည်သူနည်း။ ဤမျှလောက် ခေါင်းမာသည်လား။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင်လျှင် နင်ကျန်းကို ရွေးချယ်ရဲသည်လား။

အင်ပါယာ၏ မင်းသားလျန်၏ မျက်နှာပေါ်တွင် အပြုံးများ တည်ရှိနေပြီး မဲရေတွက်ခြင်းလုပ်ငန်းကို ဆက်လက်ကာ နားထောင်၏။ မှန်ပေ၏။ အကောင်းဆုံးသော အခြေအနေများက မမျှော်လင့်ထားသည့် အကြောင်းအရာမျိုးနှင့် စတင်တတ်၏။ စုစုပေါင်း မဲရာပေါင်းများစွာ ရှိနေပြီး ရေတွက်ရန်ကလည်း အချိန် အတော်ကြာပေလိမ့်မည်။

ညီလာခံ အစည်းအဝေးတွင် ကြီးမားသည့် ညီလာခံအစည်းအဝေးနှင့် သေးငယ်သော အစည်းအဝေးဟူ၍ ခွဲခြားထားခဲ့၏။ သေးငယ်သောပွဲတွင် အရာရှိ ၅၀ ထက် မပိုသော်လည်း ကြီးမားသည့်ပွဲမျိုးတွင် ရာပေါင်းများစွာ ရှိ၏။

ဘုရင်ကို ရွေးချယ်တင်မြှောက်ခြင်းက အဓိက ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပြီး ကြီးကျယ်ခမ်းနားသည့် ညီလာခံ အစည်းအဝေးကြီး တစ်ခုပင်။ ခန်းမထဲ၌ ရာထူးအဆင့်အားလုံးမှ အရာရှိ ၅၃၇ ဦး ရှိ၏။ တစ်နာရီ ပြည့်ပြီးနောက် စာရင်းများအားလုံး ပြီးစီးပြီး မဲရေတွက်ခြင်းက ပြီးဆုံးသွားသည်။

ဤရွေးကောက်ပွဲ အစည်းအဝေးတွင် စုစုပေါင်း လူဦးရေ ၅၃၇ ဦး ပါဝင်ခဲ့၏။ လူပေါင်း ၄၈၅ ဦးတို့က နင်ချီကို ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံအဖြစ် အကြံပြု၏။ စုစုပေါင်း လူဦးရေ ၅၂ ယောက်က နင်ကျန်းကို ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံအဖြစ် အကြံပြုခဲ့၏။

ယခုအချိန်မှာတော့ ရွှဲ့န်းတော်က သစ္စာဖောက်အရာရှိများနှင့် ပြည့်နှက်နေကြောင်း ထင်ရှားလာ၏။ ယခင်က အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက ရှမ့်လန်နှင့် အချိန်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဘုရင် နင်ယွမ်ရှန်းနှင့်ပင် ပဋိပက္ခဖြစ်ပွားခဲ့သေး၏။ နောက်ဆုံးမှာတော့ သူတို့က ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့ကို စိတ်ထဲမှ မကြိုက်ခြင်းကြောင့်သာဖြစ်ပြီး ထိုသူတို့၏ စရိုက်လက္ခဏာကြောင့် မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင်လျှင် သေရမှာကို မကြောက်ဘဲ နင်ကျန်းကို ထောက်ခံသူ ၅၀ ကျော် ရှိနေသေး၏။ ထူးဆန်းစွာပင် ဤလူ ၅၀ ကျော်တို့က နင်ကျန်းကို ထီးနန်းဆက်ခံရန် မသင့်တော်ဟု အမှန်တကယ် ခံစားရသောကြောင့် အပြင်းထန်ဆုံး ဆန့်ကျင်သူများလည်း ဖြစ်နေ၏။ ထိုစဉ်က နင်ယွမ်ရှန်းကို ဆန့်ကျင်ခဲ့ပြီး ယခုအချိန်တွင် အင်ပါယာကို ဆန့်ကျင်ခြင်းအားဖြင့် သူတို့၏ဆန္ဒကို မပျက်မကွက် ထုတ်ဖော်ရဲနေကြသည်။

ရှိနေသည့် ရာထူးမြင့် ပုဂ္ဂိုလ်အားလုံးတို့တွင် နင်ကျန်းကို ထောက်ခံသည့်သူ နှစ်ဦးရှိ၏။ အတိုင်ပင်ခံ ကောင်စီ၏ ဒုတိယဝန်ကြီး ဦးရီးတော်နင်ချီနှင့် အမတ်ကြီး ဝမ်ချန်ချောင်ပင် ဖြစ်၏။ ဤအဖွဲ့က အစကနေ အဆုံးထိ ရှမ့်လန်အား နှစ်ပေါင်းများစွာ ဝေဖန်ပြောဆို ရန်ဖြစ်ခဲ့ဖူးသူပင်။

ကျင်းမိသားစု ပုန်ကန်မှု ကြံစည်နေသည်ဟု ထပ်ထပ်ပြောဆိုခဲ့သူကလည်း ဤဝန်ကြီး ဝမ်ချန်ချောင်ပင်။ ယခု အင်ပါယာ၏ ဆန္ဒကို ခေါင်းမာစွာ ဆန့်ကျင်ခဲ့ပြီး နင်ကျန်းကို ရွေးချယ်ခဲ့သေး၏။ ဤအဖွဲ့က အရေးကြီးသည့်အချိန်တွင် သူတို့၏သမာဓိကို ထိန်းသိမ်းထားနိုင်သည်မှာ ထင်ရှား၏။

အင်ပါယာ၏ မင်းသားလျန်က ဝမ်ချန်ချောင်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်၏။ အိမ်သာထဲမှ ကျောက်တုံးက ကျော်ကြားမှုကို ရှာသည့် အခွင့်အရေးသမားတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ဝန်ကြီးများရုံးတွင် အချိန် အတော်ကြာနေခဲ့ပြီးနောက် မိမိကိုယ်ကိုယ် တရားမျှတမှု၏ ပြယုဂ်အဖြစ် အမှန်တကယ် မြင်ခဲ့သလိုပင်။ သို့ပေမည့် ဘာမှ အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

“ဒီနေ့ရလဒ်က အရမ်းကို ကောင်းတယ်။”

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “ဒါက အရမ်းကို မြင့်မြတ်တဲ့ တော်ဝင်ရွေးကောက်ပွဲ အစည်းအဝေးပဲ။ ဘယ်လိုလုပ် မဲမပေးဘဲ နေနိုင်မှာလဲ။ ဒီတစ်ခါတော့ အရမ်းကောင်းတယ်။ လူတိုင်းက ကိုယ့်ရဲ့ ရွေးချယ်မှုကို ကိုယ်လုပ်ခဲ့ကြတယ်။”

အခန်းတစ်ခုလုံးက တိတ်ဆိတ်နေ၏။

‘ဟင်း... ကိုယ်ပိုင်ရွေးချယ်မှုလား၊ ခင်ဗျားရဲ့ ရွေးချယ်မှုလား။ ခင်ဗျားက ကျုပ်တို့ရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး နင်ချီရဲ့နာမည်ကို ရေးခိုင်းခဲ့တာပဲ။’

မင်းသားလျန်က ဆက်ပြောသည်။ “ကျုပ်က ရွေးကောက်ပွဲတစ်ခုလုံးကို ကြီးကြပ်ဖို့ အင်ပါယာကို ကိုယ်စားပြုရုံ သက်သက် လာခဲ့တာ။ အရာအားလုံးက ခင်ဗျားတို့ ရွှဲ့ပြည်နယ်ရဲ့ဆန္ဒနဲ့အညီဖြစ်ပြီး အင်ပါယာက ခင်ဗျားတို့ရဲ့ ပြည်တွင်းရေးကို ဝင်ပြီးစွက်ဖက်မှာ မဟုတ်ဘူး။ အင်ပါယာရဲ့ ကိုယ်စား ဒီရွေးကောက်ပွဲ က တရားမျှတပြီး တရားဝင်တယ်လို့ ကျုပ် ကြေညာတယ်။”

ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

မင်းသားလျန်က ပြောသည်။ “မိဖုရားကြီး.. ကျန်တာတွေကို ခင်ဗျားတို့ကိစ္စ ထားခဲ့တော့မယ်။”

မိဖုရားကြီးကျူးက ပြော၏။ “ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်ဖို့အတွက် မသင့်တော်ဘူးလို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ အိမ်ရှေ့စံက နိုင်ငံတော်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီကိစ္စက ပတ်သက်ဖို့ ပိုတောင် မသင့်တော်ပါဘူး။

ဒါကြောင့် ကျွန်မက အရာအားလုံးကို ဝန်ကြီးတွေ လက်ထဲကို အပ်လိုက်ပါတယ်။ ဝန်ကြီးတွေပဲ ကြည့်ကျက်လုပ်ကြပါ”

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “မယ်တော်ကြီးကလည်း ကွယ်လွန်သွားခဲ့ပြီ။ တော်ဝင် မိသားစုထဲမှာ မိဖုရားကြီးက အရေးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်နေပါပြီ။ လောလောဆယ် ကန့်လန့်ကာနောက်ကွယ်က အုပ်ချုပ်တာက အရမ်းကို သင့်တော်ပါတယ်။”

မိဖုရားကြီးကျူးက ပြော၏။ “ကျွန်မက ကန့်လန့်ကာ နောက်ကွယ်ကနေ အုပ်ချုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျွန်မရဲ့မိခင်ကလည်း ကွယ်လွန်သွားခဲ့ပြီ။ အရှင်မင်းကြီးကလည်း မနိုးထလာသေးတဲ့အတွက် ကျွန်မ အုပ်ချုပ်ရမယ်။ ကျွန်မလို အမျိုးသမီးတစ်ယောက်အတွက် ဒီလိုအုပ်ချုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။”

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “မိဖုရားကြီး... ဒီကိစ္စက အာဏာမဟုတ်ဘဲ တာဝန်ဝတ္တရား အရပါ။”

မိဖုရားကြီးကျူးက ပြော၏။ “ကောင်းပြီ။ ဒီကိစ္စကို ကျွန်မ ကြေညာပေးမယ်။”

ပြီးနောက် မိဖုရားကြီးကျူးက ဖြည်းဖြည်းချင်း ထရပ်သည်။ “နင်ချီ.. လူတိုင်းက မင်းကို ရွေးချယ်လိုက်ကြပြီ။ အခုကစပြီး မင်းက ရေခဲပြင်ထဲမှာ လျှောက်လှမ်းရမယ်။ သတိထားပြီးတော့နေထိုင်ရမှာ ဖြစ်သလို သတ္တိလည်း အပြည့်ရှိရမယ်။ ဝန်ကြီးတွေရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး။ ငါတို့ ဘိုးဘေးတွေရဲ့ အောင်မြင်မှုအကြောင်းကို သေသေချာချာ တွေးတောပြီး အရှက်မရအောင် ကြိုးစားရမယ်။”

တတိယမင်းသား နင်ချီက ရှေ့သို့ တိုးလာခဲ့၏။ “မယ်တော်ဘုရားရဲ့ အမိန့်တော်ကို နာခံပါ့မယ်။”

မိဖုရားကြီးကျူးက ပြောသည်။ “တတိယမင်းသားနင်ချီကို ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံအဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာတယ်။ နိုင်ငံတော်ရေးရာ ဦးစီးဆောင်ရွက်ရန်ဖြစ်ပြီး ဒီအကြောင်းကို လောကတစ်ခုလုံးကို ကြေညာမယ်။”

သူတို့က လက်တလော အိမ်ရှေ့စံမင်းသားကို ရည်ရွယ်ခဲ့ခြင်းပင် ဖြစ်၏။ အစောပိုင်းက ပြောခဲ့သည့် အတိုင်းပင် နင်ယွမ်ရှန်း နိုးထလာပါက နင်ယွမ်ရှန်း၏ အမိန့်တော်အတိုင်း ဆက်လက်ဆောင်ရွက် ရပေလိမ့်မည်။ သို့သော်ငြား နင်ယွမ်ရှန်း တစ်လအတွင်း မနိုးထလာပါက ဤမင်းသားနင်ချီက အိမ်ရှေ့စံအဖြစ် အတည်ဖြစ်သွားပေလိမ့်မည်။

အများဆုံး တစ်လ သို့မဟုတ် နှစ်လကြာပြီးနောက် ဝန်ကြီးများက သူတို့၏အသက်များကို စွန့်ကာဖြင့် အင်ပါယာထံ တောင်းပန်ကြပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံက အုပ်စိုးသူ တစ်ရက်မရှိဘဲ မနေသင့်ကြောင်းနှင့် အိမ်ရှေ့စံမင်းသားအား ထီးနန်းဆက်ခံခွင့် ပေးပါရန် တောင်းဆိုကြပေလိမ့်မည်။

ပြီးနောက် နင်ချီက အကြိမ်ကြိမ် ငြင်းဆန်မှာဖြစ်ပြီး ဝန်ကြီးများကလည်း ထိုကဲ့သို့သော ထီးနန်းတက်ခြင်းကို မပြုလုပ်ပါက ဝမ်းနည်းရမှာ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုကာ တိုင်တည်ကြပေလိမ့်မည်။ အဆုံးမှာတော့ တော်ဝင်ရန်အင်ပါယာ၏ အမိန့်အရ တစ်ဖက်သက်လုပ်ဆောင်ခြင်းဖြင့် နင်ချီအား ရွှဲ့ဘုရင်ဘွဲ့ကို ပေးအပ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဇာတ်ညွှန်းပြီးပြီ ဖြစ်၏။

မိဖုရားကြီးကျူးက သူမ၏ ကြေညာချက် ပြီးဆုံးသည်နှင့်နောက် ရုတ်တရက် ထရပ်သည်။ “အားလုံးပြီးပြီ။ ဒီနေ့ကစပြီး ရွှဲ့ပြည်နယ်ရဲ့ ကိစ္စတွေကို ရှင်တို့ဆီ လွှဲပြောင်းပေးလိုက်ပြီ။”

ပြီးနောက် သူမက မည်သည့် ရည်မှန်းချက်မှ မရှိကြောင်း ပြသသည့်အနေဖြင့် ရိုးရိုးရှင်းရှင်းပင် ထွက်ခွာသွားခဲ့၏။

တတိယမင်းသား နင်ချီက လှေကားထစ်များပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်တက်လာ၏။ အဓိက ခန်းမဆောင်၏ ပလ္လင်အထက်တွင် နိုင်ငံကို တာဝန်ယူထားသည့် အိမ်ရှေ့စံ၏ ထိုင်ခုံတစ်ခု ရှိ၏။ နင်ယွမ်ရှန်း မရှိသည့်အချိန်တွင် အိမ်ရှေ့စံနင်ယီက ထိုနေရာတွင် ထိုင်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်ရပေလိမ့်မည်။

ရုပ်ဆိုးသည့် လုပ်ငန်းစဉ်များ ရှိခဲ့သော်လည်း တတိယမင်းသား နင်ချီက လှေကားပေါ်သို့ ခြေလှမ်းလိုက် သည်နှင့် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ ယနေ့ကဲ့သို့သောနေ့ကို ရောက်ရှိခဲ့ပြီ။ သူက ထီးနန်းကို တက်လှမ်းခဲ့ရ၏။ သူက ကြီးမားသည့် တန်ဖိုးကိုလည်း ပေးဆပ်ခဲ့ရ၏။

သူ ... နင်ချီက လောကကြီး၏ ဂုဏ်သိက္ခာနှင့် အရှက်သိက္ခာတရားတို့ကို သိရှိခဲ့၏။ အနိုင်ရရှိသူက ဘုရင်၊ ရှုံးနိမ့်သူက ဓားပြပင်။

သူ နင်ချီက နင်ကျန်းထက် ပိုပြီး တော်၏။ ဤနန်းပလ္လင်ကလည်း သူ၏အပိုင်ဖြစ်၏။ သူ တစ်ယောက်တည်းကသာလျှင် ရွှဲ့ပြည်နယ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပေလိမ့်မည်။

မရေမတွက် နိုင်သည့် လူများက သူ့ကို နှလုံးသားထဲတွင် ကျိန်ဆဲနေကြ၏။ သို့ပေမည့် မနက်ဖြန်၊ သဘက်ခါတွင် သူ့အနေနှင့် ကြီးကျယ်ခမ်းနားသည့် လုပ်ရပ်များကို အောင်မြင်အောင်ပြုလုပ်ပြီးပါက အတိတ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများကို မည်သူက မှတ်မိနေဦးမည်နည်း။ လူများက မေ့လျော့တတ်ပြီး တစ်ကိုယ်ကောင်းလည်း ဆန်၏။

သမိုင်းတစ်လျှောက်တွင် ဩဇာအာဏာကြီးမားသည့် အာဏာရှင် ဘယ်နှစ်ယောက်က သူတို့၏ညီအစ်ကို၊ ဖခင်တွေကို သတ်ပြီး အာဏာသိမ်းခဲ့ကြသနည်း။ လောကကြီးကို အုပ်ချုပ်ပြီး ကောင်းကင်အောက်တွင် ရှိသည့် အရာအားလုံးကိုပင် ထိန်းချုပ်ခဲ့သေးသည်။ ထိုအရာကို မည်သူက အပြစ်တင် ရှုံ့ချခဲ့သနည်း။ တခြားသူများကို မဆိုနှင့်။ သူ၏အဖေ နင်ယွမ်ရှန်းတောင်မှ အစ်ကိုဖြစ်သူ နင်ယွမ်ဝူကို သတ်ပြီး အာဏာသိမ်းခဲ့သည် မဟုတ်ပါလား။

တတိယမင်းသား နင်ချီက ပလ္လင်ငယ်ဆီသို့ ချဉ်းကပ်သွားပြီး ဖြည်းဖြည်းချင်း ထိုင်၏။

“ဂါရဝပြုပါတယ်။”

“ဂါရဝပြုပါတယ်။” ကျူးဟုန်ကျူး၊ ကျုံးအီ၊ ရွှယ်ချီ၊ ကျန်ကျောင်းနှင့် တခြားသောသူများက ဦးညွှတ်၏။ အောက်ဘက်ရှိ ဝန်ကြီးများက ခဏလောက် ရပ်တန့်ပြီးနောက် သူတို့ကလည်း ဦးညွှတ်လိုက်ကြသည်။

All Chapters